← Chapters

အပိုင်း ၃၆၉

Vol. 27 Ch. 369

အပိုင်း ၃၆၉

Vol. 27 Ch. 369

လီဖူချန်းက ထွက်ပြေးခြင်း မရှိတဲ့အပြင်  ရှိန်လန်ဘက်ကိုတောင် လှည့််ပြီး ပြုံးပြ နေပါသေးတယ်။

" ထွက်မပြေးဘူးလား "

သူ့ကို ပြုံးပြနေတဲ့ လီဖူချန်းကိုကြည့်ပြီး ရှိန်လန်တောင်မှ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါပြီ။

လီဖူချန်းက ဘာဖြစ်လို့ သည်လောက်အထိ သူ့ကိုယ်သူ ယုံကြည်မှု အားကောင်းနေသလဲ ဆိုတာကိုတော့  ရှိန်လန် မသိပါဘူး။ ဒါပေမဲ့ သူသေချာသိတာ တစ်ခုကတော့ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင် မဟုတ်သေးဘူး ဆိုတာပါပဲ။

လီဖူချန်းက ပြန်လည်ဝင်စားခြင်းနယ်ပယ်အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရှင် ဖြစ်နိုင်ပေမယ့်လည်း ဒါက ဖြစ်နိုင်ချေ အတော်လေးကို နည်းပါတယ်။  ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လိုက်စားတဲ့ သူတွေဟာ ချီကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်စားတဲ့ သူတွေထက် အဆင့်တက်ရတာ ခက်ပါတယ်။

ပြီးတော့ တောင်ပိုင်းတောအုပ် နယ်မြေဒေသမှာဆိုရင် အသက် ၃၀အောက် ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင် တစ်ယောက်မှ မရှိပါဘူး။  ခရမ်းရောင်ပန်း နိုင်ငံတော်ထဲမှာတောင်မှ အသက်၃၀အောက်  ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေဟာ တစ်ယောက်စ၊ နှစ်ယောက်စသာ ရှိပါတယ်။

" မင်းက ထွက်မပြေးဘူး ဆိုမှတော့ သေဖို့သာ ပြင်ထားပေတော့"

ရှိန်လန်ရဲ့ လက်နက်ကတော့ သံမဏိလက်သည်း တစ်စုံပါပဲ။  သည်သံမဏိ လက်သည်းမှာ ပါဝင်နေတဲ့ အရှိန်အဝါတွေက သူ့ရဲ့လမ်းမှာ ရှိနေတဲ့ အရာဝတ္ထု မှန်သမျှကို ကုတ်ဖြဲသွားမယ့်ဟန် ရှိပါတယ်။

" ဒါက မြေကမ္ဘာအဆင့် လက်နက်ပဲ "

လီဖူချန်းက မျက်လုံးပြူး သွားခဲ့ပါတယ်။

မြေကမ္ဘာအဆင့် လက်နက်တွေကို သွန်းလုပ်တဲ့ ပန်းပဲပညာဟာ အရှေ့ယူနီကွန်း တိုက်မှာဆိုရင် မှေးမှိန် ပျောက်ကွယ် သွားခဲ့ပါပြီ။  ဒါပေမဲ့ သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ သူများပစ္စည်းကို လုယက် သတ်ဖြတ်တတ်တဲ့ ဂျလုန်းပလုန်းဓားပြ တစ်ယောက်တောင်မှ မြေကမ္ဘာအဆင့် လက်နက်ကို ပိုင်ဆိုင်ထားနိုင်ပါတယ်။

သည်ရောင်စဉ် ခုနစ်ဖြာတိုက်ကြီးကို ရောက်လာတာ ရက်ပေါင်းအနည်းငယ် ကြာအပြီးမှာတော့  သည်တိုက်ကြီးရဲ့ ပစ္စည်းတွေ တန်ဖိုးကို လီဖူချန်းတစ်ယောက် ကောင်းကောင်းကြီး သိလာခဲ့ပါပြီ။

အရှေ့ယူနီကွန်း တိုက်ကြီးမှာ ဆန်းကြယ် အထွတ်အထိပ် လက်နက်တစ်ခုကို ရွှေဒင်္ဂါးခြောက်သန်း ဒါမှမဟုတ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်တုံးနဲ့ ရောင်းပေမယ့်လည်း သည်ရောင်စဉ် ခုနစ်ဖြာ တိုက်ကြီးမှာတော့ ဆန်းကြယ် အထွတ်အထိပ်အဆင့် လက်နက်တစ်ခုကို အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ဆယ်တုံးနဲ့ ရောင်းပါတယ်။ တိုက်ကြီးနှစ်ခု ကြားမှာရှိတဲ့  ဈေးကွာဟချက်က ဆယ်ဆ  ဖြစ်ပါတယ်။

ဒါက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာရှိတဲ့   များပြားလှတဲ့ ပညာရှင်တွေကြောင့် ဆိုရင်လည်း မမှားပါဘူး။  ရောင်းလိုအားထက် ဝယ်လိုအားက အဆမတန် များနေရင်  ပစ္စည်းတန်ဖိုးတက်တာက ထုံးစံပါပဲ။

ဒါပေမဲ့ မြေကမ္ဆာအဆင့် လက်နက်တွေကျရင်တော့ အခြေအနေက ကွဲပြားခြားနား သွားပါပြီ။

အရှေ့ယူနီကွန်း တိုက်မှာတော့ မြေကမ္ဘာအဆင့် လက်နက်တွေဟာ တန်ဖိုးဖြတ်လို့ မရတဲ့ လက်နက်တွေပါ။  ဝိညာဉ် ကျောက်တုံးတွေ အများကြီးကို ပိုင်ဆိုင်ထားရင်တောင်မှ ဝယ်လို့မရပါဘူး။

သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်သောင်းကျော်လောက် ရှိရင်  မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေကို ဝယ်လို့ ရပါပြီ။  ပြီးတော့ အဲသည် လက်နက်တွေဟာ ကိုယ်နဲ့ မကိုက်မှာကိုလည်း ပူနေစရာ မလိုပါဘူး။

တစ်ဖက်လူက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ ဖြစ်နေတဲ့အပြင် မြေကမ္ဘာအဆင့် လက်နက်ကိုပါ ပိုင်ဆိုင်ထားတာ သိလိုက်ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ယုံကြည်မှုတွေဟာ အနည်းငယ် လျော့ကျ သွားခဲ့ပါပြီ။

"သေစမ်း"

ရှိန်လန်ရဲ့ ကိုယ်က လေပွေတစ်ခုလို လည်သွားပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။ သူ့ရဲ့ လက်သည်းချက် တွေကတော့ လီဖူချန်းကိုယ်ပေါ်ကို ပိုက်ကွန်တစ်ခု ဖြန့်ချလိုက်သလိုပါပဲ။

ဖန်း……ဖန်း……ဖန်း……

ဖောင်း…… ဖောင်း……

လီဖူချန်းရဲ့ ခြေထောက်အောက်က မြေပြင်ကတော့ မွစာကျဲ သွားခဲ့ပါပြီ။

ရပ်တန်လို့ ရပုံ မပေါ်တဲ့ လက်သည်းဆန္ဒဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လီဖူချန်းဆီကို တိုးဝင် လာနေဆဲပါပဲ။

" သည်စွမ်းအား……"

လီဖူချန်းရဲ့ အမူအရာတွေက အတော်လေး ပျက်နေခဲ့ပါပြီ။

" ပျက်စီးစမ်းကွာ "

သူက ဆင်နဂါးခွန်အားတွေကို အသက်သွင်းလိုက်ပြီး  သတ္တုရိုး လက်သီးနဲ့ သူ့ဆီ တိုးဝင်လာတဲ့ လက်သည်း ပိုက်ကွန်ကို ထိုးချလိုက်ပါတယ်။

ဝုန်း……

ဘန်း…… ဘန်း………ဘန်း………

လက်သည်းပိုက်ကွန်ကြီးနဲ့ နက်ရွှေရောင်လက်သီးတို့ ထိပ်တိုက် အတွေ့မှာတော့  ပေါက်ကွဲသံတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပါပြီ။

ဖတ်……ဖတ်……ဖတ်……

လီဖူချန်းက အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါတယ်။

ဒါက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို သူရောက်ကတည်းက ပထမဦးဆုံးအကြိမ် နောက်ဆုတ် ရတာပါပဲ။

" လခွီးပဲ။  မြေကမ္ဘာအဆင့် လက်နက်က တကယ်ပဲ အစွမ်းထက်လွန်းတယ် "

လီဖူချန်းက သူ့ကိုယ်သူ အရမ်း အထင်ကြီး ခဲ့မိတယ်ဆိုတာကို သတိပြုမိလိုက်ပါတယ်။

သူက သူ့ကိုယ်သူ  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄ ပညာရှင်နဲ့တောင် ယှဉ်နိုင် လောက်တယ်လို့ မှတ်ယူထားခဲ့တာပါ။  ဒါပေမဲ့ လက်တွေ့မှာတော့ မြေကမ္ဘာအဆင့် လက်နက်တစ်ခု ကိုင်ထားတဲ့  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်ကိုတောင်မှ အနိုင်နိုင် ဖြစ်နေပါပြီ။

တော်သေးတာ တစ်ခုကတော့ တစ်ဖက်လူက  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃သာ ရှိနေသေးလို့ပါပဲ။ တကယ်လို့ တစ်ဖက်လူကသာ  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄ ဆိုရင်တော့ လီဖူချန်းဟာ သေချာပေါက်  ထွက်ပြေး ရတော့မှာပါ။

" ဟင်……မင်းက ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင်လား "

ရှိန်လန်ကလည်း လီဖူချန်းကို မယုံနိုင်သလို ကြည့်နေပါတယ်။

" မဟုတ်ဘူး……မဖြစ်နိုင်ဘူး။  သည်ကောင်က ရုပ်ပျိုကိုယ်နုတဲ့ ကျင့်စဉ်တစ်ခု ကျင့်ထားတာ ဖြစ်ရမယ်။   သည်ကောင့်ရဲ့ အသက်က အနည်းဆုံး အသက်၄၀လောက် ရှိနေလောက်ပြီ "

ရှိန်လန်က လီဖူချန်းကို အသက်၃၀အောက်လို့ လုံးဝ မယုံပါဘူး။

အသက်၃၀အောက်  ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင်ဆိုတာက မရှိသလောက်ကို ရှားတာပါ။ ပြီးတော့သူက ခရမ်းပန်း နိုင်ငံတော်မှာ ရှိတဲ့ အသက်၃၀အောက် ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေကို သိထားပါတယ်။

" မင်းက  ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင် ဆိုရင်တောင်မှ သည်နေ့မှာ သေရမှာပဲကွ "

ရှိန်လန်က အတွေ့အကြုံရင့်ကျက်တဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေရဲ့ အားနည်းချက်ကို ကောင်းကောင်းကြီး သိပါတယ်။ သည်ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေက သူ့တို့ရဲ့ အပြင်အားချီတွေကို အချိန်အကြာကြီး မသုံးနိုင်ပါဘူူး။

ထို့နောက်မှာတော့ ရှိန်လန်ဟာ လီဖူချန်းကို အရမ်းကာရော မတိုက်တော့ဘဲ အချိန်ဆွဲပြီး  တိုက်ခိုက် ပါတော့တယ်။

" ငါ့ရဲ့ ချီအတွင်းအားတွေကိုသာ သုံးနိုင်လို့ကတော့ သည်လိုကောင်မျိုးကို ကြောက်စရာကို  မလိုဘူးကွာ "

လီဖူချန်းက သူ့ကိုယ်သူ အတော်လေး မချင့်မရဲ ဖြစ်နေခ့ပါပြီ။

တကယ်လို့ သူသာ သူ့ရဲ့ ဝှက်ဖဲတွေ ဖြစ်တဲ့ ကြေးဝါးဓား အဆီအနှစ်၊ ကောင်းကင် ပျက်သုဉ်းခြင်း ဓားသိုင်းနဲ့ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားတို့ကို သုံးနိုင်ခဲ့မယ် ဆိုရင်တော့ သည်လို ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်ကို ကြောက်နေစရာ  မလိုပါဘူး။  " ဝိညာဉ်ခွဲဖြာ သတ္တုရိုးလက်သီး "

အခြေအနေ မဟန်တော့တာကို သိတဲ့ လီဖူချန်းက လက်သီးတစ်လုံး  ဟန်ပြ ထိုးလိုက်ပြီး ချာခနဲ့လှည့်ကာ ထွက်ပြေးပါတော့တယ်။

သူ့ရဲ့ ဆင်နဂါးစွမ်းအင်တွေက ကန့်သတ်ချက်ရှိတဲ့ အတွက် တစ်ဖက်ရန်သူနဲ့ အချိန်ကြာကြာ တိုက်ခိုက်တာဟာ မကောင်းပါဘူး။

သူ့အနေနဲ့  ယွင်ရှင်းတောင်တန်းထဲကို ထွက်ပြေးတာက ပိုကောင်းပါလိမ့်မယ်။

ဟူး……ဟူး……ဟူး……

လီဖူချန်းကတော့ သူ့ရဲ့ ဆင်နဂါးစွမ်းအင်တွေကို ပြေးတဲ့နေရာမှာ ကောင်းကောင်းကြီး အသုံးချနေပါပြီ။  သူက တစ်ချက်ခုန်လိုက်တိုင်းမှာ  မီတာရာနဲ့ချီပြီး ရောက်သွားပါတယ်။

" မင်းက ဘယ်ကို ထွက်ပြေးချင်တာလဲ "

ရှိန်လန်ကလည်း မိုးပေါ်ကနေ ပံျသန်းပြီး လီဖူချန်းနောက်ကိ ထပ်ချပ်မကွာ လိုက်နေဆဲပါပဲ။ သူ့ရဲ့ ပျံသန်းနှုန်းကတော့ လီဖူချန်းရဲ့ ပြေးနှုန်းထက် မဆိုစလောက်လေး သာနေပါတယ်။

တစ်ယောက်က ပြေး ၊ တစ်ယောက်က လိုက် နဲ့ သူတို့နှစ်ယောက်ဟာ  ယွင်ရှင်းတောင်တန်း နယ်နိမိတ် အတွင်းကိုတောင် ရောက်လာခဲ့ပါပြီ။

" သွေးဝံပုလွေရဲ့ ဒေါသ "

ရှိန်လန်က   နောက်ကနေ လိုက်ဖမ်းရတာကို စိတ်မရှည်တော့တဲ့ ပုံပါပဲ။  သူက လက်သည်း သိုင်းကွက် တစ်ကွက် ထုတ်လိုက်ပါတော့တယ်။

" ဝေါင်း "

လေထုထဲမှာတော့ ဝံပုလွေ လက်သည်းတစ်ခု ဖြစ်တည်လာခဲ့ပြီး လီဖူချန်းကို ကုတ်ဆွဲ ပစ်လိုက်ပါပြီ။

ဘန်း……

ဒါပေမဲ့ ဝံပုလွေလက်သည်းက လီဖူချန်းကို မမိလိုက်ဘဲ  အနီးနားက တောင်ပူစာလေး တစ်လုံးကိုသာ ကုတ်ဆွဲမိလိုက်ပါတယ်။

လီဖူချန်းကတော့ အနောက်ကို လုံးဝ လှည့်မကြည့်ဘဲ သေပြေး ၊ ရှင်ပြေး ပြေးနေဆဲပါပဲ။

ရှိန်လန်ကလည်း လုံးဝ လက်မလျော့ပါဘူး။

" ဝိညာဉ်ရှာဖွေ သွေးဝံပုလွေ "

သူက အသက်ကို တဝကြီး ရှူလိုက်ပြီး နောက်ထပ် တစ်ကြိမ် တိုက်ခိုက် လိုက်ပြန်ပါတယ်။ ဒါက သူ့ရဲ့ ပွဲသိမ်း တိုက်ကွက်ပါပဲ။

လေထုထဲမှာတော့ ကြီးမားလှတဲ့ ဝံပုလွေလက်သည်းတစ်ခု ဖြစ်တည်လာပြီး လီဖူချန်းကို ဖုံးအုပ် သွားခဲ့ပါပြီ။

လီဖူချန်းက  အတတ်နိုင်ဆုံး ရှောင်တိမ်း ပေမယ့်လည်း ဝံပုလွေ လက်သည်းကြီးဟာ သူရှောင်တိမ်းလိုက်တဲ့ နေရာတိုင်းကို လိုက်လာခဲ့ပါတယ်။

" ငါမရှောင်နိုင်တော့လား……"

လီဖူချန်းက လုံးဝကို အခက်တွေ့နေခဲ့ပါပြီ။

" ဟမ့်… မင်းက ငါ့ရဲ့ လက်သည်းကို ရှောင်ချင်တာလား။  နောက်ဘဝမှ ရှောင်နေလိုက်တော့ "

လီဖူချန်းရဲ့ အဖြစ်ကို ကြည့်ပြီး ရှိန်လန်က လှောင်ပြောင် လိုက်ပါတယ်။ သူ့ရဲ့ သွေးဝံပုလွေ လက်သည်းသိုင်းက မြေကမ္ဘာအဆင့် သိုင်းပညာတော့ မဟုတ်ပါဘူး။  ဒါပေမဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာတွေထဲက အစွမ်းအထက်ဆုံး သိုင်းပညာတစ်ခုလို့  သတ်မှတ် နိုင်ပါတယ်။ သူက သည်လက်သည်းဆန္ဒကို သူ့ရဲ့ အသိစိတ်အာရုံနဲ့ ထိန်းချုပ်ပြီးတောင် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

ဝုန်း……

လက်သည်းကုတ်ချက်ကို ထိမှန်သွားတဲ့ လီဖူချန်းကတော့ အရုပ်ကျိုးပြတ် လွင့်ထွက် သွားခဲ့ပါပြီ။

အံ့သြစရာပါပဲ။  လက်သည်းကုတ်ချက်ကို ထိထိမိမိ ခံစားလိုက်ရတဲ့ လီဖူချန်းဟာ  လဲကျနေရာကနေ လူးလဲထလာပြီး ဆက်ပြေး သွားပြန်ပါတယ်။

သူ့ကိုကြည့်ရတာက ဘာမှ မခံစားရတဲ့ ပုံပါပဲ။

"ထွီ…… မြေကမ္ဘာအဆင့်  လက်နက်က တကယ် စွမ်းတာပဲ "

လီဖူချန်းက ပြေးနေရင်းနဲ့ သွေးတစ်လုတ်ကို ထွေးထုတ် လိုက်ပါတယ်။

အရင်တုန်းကတော့  လီဖူချန်းဟာ မြေကမ္ဘာအလယ်အလတ် အဆင့်ဖြစ်တဲ့  ငွေအကြေးခွံ ချပ်ဝတ်တန်ဆာနဲ့ ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄ ပညာရှင်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် ရှိလိမ့်မယ်လို့ တွက်ထားခဲ့တာပါ။

ဒါပေမဲ့ အခုတော့ သူဟာ  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအနည်းငယ် ရသွားခဲ့ပါပြီ။

ဒါပေမဲ့ လီဖူချန်းက သည်ငွေအကြေးခွံ ချပ်ဝတ်တန်ဆာကို အသက်မသွင်း ရသေးတာနဲ့ ဆိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သည်ချပ်ဝတ်တန်ဆာက ချီအတွင်းအားတွေ ဖြည့်ပေးပြီးမှသာ သူ့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်တဲ့ အမျိုးအစား ဖြစ်နေလို့ပါပဲ။

" အဲသည် ချပ်ဝတ်တန်ဆာ "

လီဖူချန်းရဲ့ ပေါက်ပြဲနေတဲ့ အင်္ကျီအောက်က တစွန်းတစ်စ ထွက်နေတဲ့ ချပ်ဝတ်တန်ဆာ အစိတ်အပိုင်းကို  ရှိန်လန်တစ်ယောက် သတိပြုမိ သွားခဲ့ပါတယ်။

" အဲဒါက သေချာပေါက် မြေကမ္ဘာအဆင့် ချပ်ဝတ်တန်ဆာပဲ "

ရှိန်လန်ကတော့ လီဖူချန်းကို သတ်ဖို့အတွက် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသွားပြန်ပါပြီ။

အစောပိုင်းတုန်းက ဝိညာဉ်ကျောက်တုံးတွေ။  အခုတော့ မြေကမ္ဘာအဆင့် ချပ်ဝတ်တန်ဆာ……။

သည်လီဖူချန်းက သေကိုသေမှ ဖြစ်ပါတော့မယ်။

"ဝိညာဉ်ရှာဖွေ သွေးဝံပုလွေ "

ရှိန်လန်က သူရဲ့ ပွဲသိမ်းတိုက်ကွက်ကို နောက်ထပ် တစ်ကြိမ် ထုတ်လိုက်ပြန်ပါပြီ။

သည်တစ်ကြိမ်  ရှိန်လန်ရဲ့ တိုက်ကွက်ဟာ ပထမအကြိမ်ကထက် နှစ်ဆနီးပါး ပိုအားကောင်း ပါတယ်။

"ဝိညာဉ်ခွဲဖြာ သတ္တုရိုးလက်သီး "

လီဖူချန်းက အံကိုတင်းတင်းစေ့ထားပြီး သူ့အပေါ်ကို ကျရောက်လာတဲ့ ဝံပုလွေ လက်သည်းကြီးကို ပြန်ထိုးလိုက်ပါတယ်။

ဝုန်း……

မြေပြင်တစ်ခုလုံး စုတ်ပြတ်သတ်သွားသလို လီဖူချန်းဟာလည်း ရေကန်ငယ်လေး တစ်ခုအနားကို လွင့်ထွက်သွားခဲ့ပါပြီ။

" အဟွတ်……အဟွတ်…… "

" ဝေါ့ "

သွေးစိမ်းရှင်ရှင်တွေကို အန်ထုတ်နေရတဲ့ အတွက် လီဖူချန်းရဲ့ မျက်နှာဟာ သွေးမရှိတော့တဲ့ အလား ဖြူဖပ်ဖြူရော် ဖြစ်နေပါတယ်။

" သွေးဝံပုလွေ ကကြိုး "

ရှိန်လန်ဟာ အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။  သူက ကောင်းကင်ပေါ်ကနေ ခုန်ဆင်းလာပြီး လီဖူချန်းကို  အသေသတ်ဖို့ ကြိုးစားလိုက်ပါတယ်။

အဲသည်အချိန်မှာပဲ ……

ဗွမ်း……

ဂါး……ဂရား……

ကန်ရေပြင်ဟာ ရုတ်တရက် မြှင့်တက်လာပြီး အဲသည်အထဲကနေ  ငါးပုံသဏ္ဍာန် မိစ္ဆာသားရဲကြီးတစ်ကောင် ခုန်ထွက်လာခဲ့ပါတယ်။

သည်မိစ္ဆာသားရဲကြီးက အဆင့်၅ အဆင့်နိမ့် မိစ္ဆာသားရဲ ဖြစ်တဲ့ ကျောင်ယုဇောင်ရွှန်း သားရဲကြီးပါပဲ။

သည်သားရဲကြီးက ငါးအနွယ်ဝင် မိစ္ဆာသားရဲ ဖြစ်ပေမယ့်လည်း ခြေသည်းလေးခုနဲ့  ဦးချိုတစ်ခု ပါဝင်ပါတယ်။

ကျောင်ယုဇောင်ရွှန်းသားရဲတွေက အရမ်းကို ရက်စက်တဲ့ သားရဲတွေထဲမှာ ပါဝင်ပါတယ်။  ပုံမှန်ဆိုရင်တော့ သူတို့ဟာ သူတို့ ပိုင်နက်ထဲမှာသာ အိပ်နေလေ့ ရှိတတ်တာပါ။  ဒါပေမဲ့ လူသားတစ်ယောက် သူတို့ပိုင်နက်ထဲကို ရောက်လာပြီ ဆိုရင်တော့ သူတို့ဟာ အိပ်နေရာကနေ နိုးလာပြီး  အဲသည် လူသားကို စားသောက်ပစ်လေ့ ရှိပါတယ်။

ရေကန်ထဲကနေ ခုန်ထွက်လာတဲ့ ကျောင်ယုဇောင်ရွှန်း သားရဲကြီးဟာ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ ရှိန်လန်ကို မြင်လိုက်တဲ့ အခါမှာတော့ အခြေအနေ မကောင်းဘူး ဆိုတာကို ရိပ်မိသွားခဲ့ပါပြီ။

သူက သည်လူသားရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။

ဒါပေမဲ့ သူက ရေကန်ထဲကို ပြန်ဆင်းမပြေးခင်မှာ သည်လူသားကို သင်ခန်းစာ တစ်ခုလောက် ပေးသွား ချင်ပါသေးတယ်။

ဂျိန်း……ဒလိန်း……

ကျောင်ယုဇောင်ရွှန်း သားရဲကြီးရဲ့ ခေါင်းမှာရှိတဲ့ ဦးချိုက အရောင်တစ်ချက် တောက်ပသွားပြီး အဆုံးမရှိတဲ့ မိုးကြိုးလျှပ်စီးတွေ ဖြစ်တည်လာခဲ့ပါပြီ။ သည်မိုးကြိုး လျှပ်စီးတွေရဲ့ ပစ်မှတ်ကတော့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ ရှိန်လန်ပါပဲ။

အစောပိုင်းတုန်းကတော့ ရှိန်လန်ဟာ တစ်ချက် လန့်သွားခဲ့ပေမယ့် ရေကန်ထဲက ခုန်ထွက် လာတာဟာ ကျောင်ယုဇောင်ရွှန်း သားရဲဆိုတာ သိပြီးတဲ့ နောက်မှာတော့ ဂရုကို မစိုက်တော့ပါဘူး။

အဲသည်အတွက် သူဟာ လီဖူချန်းကို သတ်ဖို့အတွက်ပဲ အာရုံစိုက်လိုက် ပါတော့တယ်။

သည်ကျောင်ယုဇောင်ရွှန်း သားရဲက သူ့ကို အခုလို တိုက်ခိုက် လာလိမ့်မယ်လို့  ရှိန်လန်ဟာ လုံးဝကို မမျှော်လင့်ထားခဲ့တာ အမှန်ပါပဲ။  အဲသည်အတွက် သူက ခုခံကာကွယ်ဖို့ကိုလည်း လုံးဝ မပြင်ထားခဲ့ မိပါဘူး။

ဂျိမ်း……ဒလိန်းလိန်း……

မိုးကြိုးလျှပ်စီးတွေ သူ့ထံ  တိုးဝင်လာပြီ ဆိုမှသာ ရှိန်လန်တစ်ယောက် ကသောကမျောနဲ့ ခုခံရပါတယ်။

သည်မိုးကြိုးလျှပ်စီးတွေက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး ဆိုပေမယ့် ထိတဲ့ အကြိမ်အရေအတွက် များလာတဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ထုံကျဉ်လာပြီး လှုပ်ရှားမှုတွေ နှေးကွေးလာခဲ့ပါပြီ။

" အိုး…… ဒါက ငါ့အတွက် အခွင့်အရေးပဲ "

ကျောင်ယုဇောင်ရွှန်း သားရဲကြီးရဲ့ မျက်လုံးတွေက အရောင် တောက်လာပြီး  နောက်ထပ်မိုးကြိုးလျှပ်စီး တစ်အုပ်ကို ရှိန်လန်ဆီသို့ ပစ်လွှတ်လိုက်ပြန်ပါတယ်။

မိုးကြိုးလျှပ်စီးတွေနဲ့ သုံးကြိမ်တိတိ အတိုက်ခံရပြီး နောက်မှာတော့  ရှိန်လန်ဟာ အရေးကြီးတဲ့  အတွင်းဒဏ်ရာ အချို့ ရသွားခဲ့ပါပြီ။

သူ့ရဲ့ ဒေါသတွေကလည်း ထိန်းလို့ မရတော့ပါဘူး။

" သွေးဝံပုလွေ လက်သည်း "

ရှိန်လန်က  ထုံကျဉ်နေတာတွေကို  အံကျိတ် သည်းခံလိုက်ပြီး  ကျောင်ယုဇောင်ရွှန်း သားရဲကြီးကို လက်သည်းနဲ့ ကုတ်ဆွဲ ပစ်လိုက်ပါတယ်။ သည်လက်သည်း ကုတ်ချက်မှာတော့ အားအင် အပြည့်အဝ မပါတော့ပါဘူး။

ရွှမ်း……

ဒါပေမဲ့ သည်လက်သည်း ကုတ်ချက်က  ကျောင်ယုဇောင်ရွှန်း သားရဲကြီးကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်း ရှိနေဆဲပါပဲ။

" ပြေးမှ "

အခြေအနေ မဟန်တော့တာကို သိလိုက်တဲ့  ကျောင်ယုဇောင်ရွှန်း သားရဲကြီးကတော့ ရေကန်ထဲကို ငုပ်လျှိုးသွားခဲ့ပါပြီ။

" ခွေးမသား…… နောက်တစ်ခါဆို ……အသေပဲ "

ရှိန်လန်က ကောင်းကင်ထက်ကနေပြီး ဆဲဆိုကြိမ်းမောင်း လိုက်ပါတယ်။

" နေစမ်းပါဦး ……ဟိုကောင်ကော "

ရှိန်လန်က သတိရလို့  လီဖူချန်းကို ကြည့်လိုက်တဲ့ အခါမှာတော့  လီဖူချန်းဟာ ပျောက်ချင်းမလှ ပျောက်နေခဲ့ပါပြီ။

လီဖူချန်း ရှိနေတဲ့ နေရာနားက  ကန်ရေပြင်ပေါ်မှာတော့ လှိုင်းတွန့်လေးတွေ ဖြစ်နေပါတယိ။

ကြည့်ရတာတော့ လီဖူချန်းကို ရေကန်ထဲကို ဆင်းသွားတဲ့ ပုံပါပဲ။

" အား……။ ခွေးမသားနှစ်ကောင် …… အခုချက်ချင်း ရေကန်ထဲက ထွက်ခဲ့စမ်း "

ရှိန်လန်က သွေးရူးသွေးတန်းနဲ့ ရေကန်အစပ်က မြေကြီးတွေကို မြောင်းကြီးတွေ ဖြစ်အောင် တူးထုတ် ပစ်လိုက်ပါတယ်။ သူ့ရဲ့ အကြံကတော့ ရေကန်ထဲက ရေတွေကို  အမြန်ဆုံး ဖယ်ထုတ်ပစ်ဖို့ပါပဲ။

ဘန်း…… ဘန်း…… ဘန်း……

မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှိန်လန်ဟာ မြောင်းတွေ အများကြီး တူးပစ် လိုက်ပါတယ်။

သူ့ရဲ့ လုပ်ရပ်ကြောင့် ရေကန်ထဲက ရေတစ်ဝက် နီးပါးဟာလည်း လျော့ပါးသွားခဲ့ပါပြီ။

ရှိန်လန်ဟာ နောက်ကျိနေတဲ့ ရေကန်ပေါ်မှာ အခေါက်ခေါက် အခါခါ ပျံသန်းပြီး သူ့ရဲ့ အသိစိတ်အာရုံနဲ့ ရှာဖွေလိုက်ပါတယ်။

" သည်ခွေးမသားနှစ်ကောင် ဘယ်ရောက်သွားတာလဲ "

ရေကန်ထဲမှာတော့ လီဖူချန်းကော  ကျောင်ယုဇောင်ရွှန်း သားရဲကြီးပါ မရှိတော့ပါဘူး။

ရေကန်ထဲက ရေတွေ ရင်ဘတ်လောက် အထိ လျော့သွားပြီ ဆိုမှသာ ရှိန်လန်ဟာ  ရေကန် အောက်ခြေမှာ ရှိတဲ့ အပေါက်တစ်ပေါက်ကို ရှာဖွေတွေ့ရှိ သွားခဲ့ပါတယ်။

ကြည့်ရတာတော့ သည်ရေကန်ဟာ ယွင်ရှင်းတောင်တန်း ထဲမှာရှိတဲ့ အခြားသော ရေကန်ကြီး တစ်ကန်နဲ့ ဆက်စပ်နေပုံပါပဲ။

အစောပိုင်းတုန်းက  ကျောင်ယုဇောင်ရွှန်း သားရဲကြီးဟာ အဲသည် ရေကန်ကြီးထဲမှာ အနိုင်ကျင့်ခံရ လွန်းတဲ့အတွက် သည်ရေကန်ကို ပြောင်းရွှေ့လာပုံ ရပါတယ်။

***

All Chapters