ထျန်းသျှဆေးပင်
Vol. 28 Ch. 370
"ဟိုခွေးသူတောင်စားနဲ့ တိရစ္ဆာန်ကောင်က သည်အပေါက်ထဲ ဝင်သွားတာပဲ ဖြစ်ရမယ် "
ရှိန်လန်က လီဖူချန်းနဲ့ ကျောင်ယုဇောင်ရွှန်းသားရဲကြီးတို့ ထွက်ပြေးသွားတဲ့ နေရာကို သိနေပေမယ့်လည်း ရေကန်အောက်ခြေမှာရှိတဲ့ အပေါက်ထဲသို့ ဆင်းသွားဖို့ အတွက်ကိုတော့ ချီတုံချတုံ ဖြစ်နေဆဲပါပဲ။
အကြိမ်ပေါင်းများစွာ စဉ်းစားပြီးသွားတဲ့ နောက်မှာတော့ သူက ဆုံးဖြတ်ချက်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။
သူက ဘာဖြစ်လို့ မြေကမ္ဘာအဆင့် ချပ်ဝတ်တန်ဆာနဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ အတွက် မစွန့်စားရဲ ရမှာလည်း။ ချမ်းသာကြွယ်ဝမှုဆိုတာက တစ်ခါတစ်ရံမှာ အန္တရာယ်တွေကနေ လာတာပင် မဟုတ်ပါလား။
ဗွမ်း ...
ထို့နောက်မှာတော့ ရှိန်လန်ဟာ မြားတစ်စင်းကဲ့သို့ ရေကန်အောက်ခြေရှိ တွင်းပေါက်ထဲသို့ ထိုးဆင်း သွားခဲ့ပါပြီ။
သူထင်ထား ခဲ့သလိုပါပဲ။ သည်တွင်းပေါက်ထဲမှာ အခြားတစ်နေရာနဲ့ ဆက်သွယ် ထားဟန်ရှိတဲ့ ဥမင် လိုဏ်ခေါင်းတစ်ခု ရှိနေပါတယ်။ ပြီးတော့ သည်လိုဏ်ခေါင်းထဲမှာ ရှိတဲ့ ရေဖိအားကလည်း အတော်လေးကို ပြင်းထန် နေပါသေးတယ်။
လီဖူချန်းနဲ့ ကျောင်ယုဇောင်ရွှန်း သားရဲကြီးက သည်လိုဏ်ခေါင်းထဲက ထွက်ပြေး သွားတယ်ဆိုတာ သေချာလွန်းမက သေချာနေခဲ့ပါပြီ။
ရှိန်လန်ရဲ့ အရှေ့မှာတော့ ကျောင်ယုဇောင်ရွှန်း သားရဲကြီးဟာ ရေထဲမှာ လျင်မြန်စွာ ကူးခတ် နေပါတယ်။ သူ့ရဲ့ ကူးခတ်နှုန်းက လေထဲမှာ ပျံသန်းနှုန်းနဲ့ မကွာလှပါဘူး။ ကြည့်ရတာတော့ သည်ရေဖိအားက သူ့အပေါ်မှာ သက်ရောက်မှု ရှိမနေပုံပါပဲ။
တကယ့်ကို အံ့သြစရာ ကောင်းတာကတော့ လီဖူချန်းပဲ ဖြစ်ပါတယ်။ သူက ရှေ့ဆုံးမှာ ရောက်နေတာပါ။ သူ့ရဲ့ ကူးခတ်မှုနှုန်းက ကျောင်ယုဇောင်ရွှန်း သားရဲကြီးထက်ကို မဆိုစလောက် ကလေး မြန်နေပါသေးတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ ရွှေရောင် အလင်းတန်းတွေကို ဖြာထွက် နေစေခဲ့ပါပြီ။
သူအခုလို ရေထဲမှာ လျင်မြန်စွာ ကူးခတ်နေနိုင်တာက သူ့ရဲ့ ဆင်နဂါးခန္ဓာကိုယ် စွမ်းအားတွေနဲ့ အနည်းငယ် သက်ဆိုင်ကောင်း သက်ဆိုင် နေလောက်ပါမယ်။ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်မှာ နဂါးတစ်ကောင်ရဲ့ အသိဆန္ဒလည်း ပါဝင်နေတာ မဟုတ်ပါလား။
နဂါးတွေဆိုတာက ဒဏ္ဍာရီပုံပြင်တွေထဲက အစွမ်းအထက်ဆုံး ပြယုဂ်တွေပါ။ သူတို့ဟာ ကောင်းကင်ဘုံ ကိုးဆင့်နဲ့ မဟာ သမုဒ္ဒရာကြီးတွေကို စိတ်တိုင်းကျ သွားလာ လှုပ်ရှား နိုင်ပါတယ်။ သူတို့ မသွားနိုင်တဲ့ နေရာဆိုတာ မရှိပါဘူး။
အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာတာနဲ့အမျှ လီဖူချန်းရဲ့ ကူးခတ်မှုနှုန်းဟာ ပိုပိုပြီး မြန်လာခဲ့ပါတယ်။ ဒါက သူဟာ ရေရဲ့ သဘောသဘာဝနဲ့ ပိုပြီး အသားကျလာပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
လိုဏ်ခေါင်းထဲမှာ မိုင်ပေါင်း၁၀၀ကျော် ၂၀၀နီးပါး ကူးခတ်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ ထွက်ပေါက် တစ်ခုကို တွေ့လိုက်ရပါပြီ။
လီဖူချန်းက သူ့ရဲ့ ကူးခတ်နှုန်းကို ပိုမြှင့်လိုက်ပြီး ထွက်ပေါက်ဆီသို့ ဦးတည်လိုက်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ နောက်ထပ် ရေပြင်ကျယ်ကြီး တစ်ခုဆီသို့ ရောက်ရှိ သွားခဲ့ပါပြီ။
" အင်း ... အပေါ်ကို တက်ကြည့်ဦးမှ "
လီဖူချန်းကို လက်နှစ်ဖက်ကို ယက်လိုက်ပြီး ရေမျက်နှာပြင်ပေါ်သို့ တက်သွားခဲ့ပါတယ်။
" အိုး ... ရေကန်နှစ်ခုက ချိတ်ဆက်ထားတာပါလား "
လီဖူချန်းက ရေကန်ကျယ်ကြီး တစ်ခုထဲကို ရောက်ရှိလာခဲ့တာပါ။
သည်ရေကန်ကြီးက အရမ်းကို ကျယ်တယ်ဆိုတာကိုတော့ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လီဖူချန်းရဲ့ အသိစိတ် အာရုံကတောင်မှ ရေကန်ရဲ့ အဆုံးသတ်ကို အာရုံခံလို့ မရတဲ့အတွက်ကြောင့်ပါပဲ။
အပြင်အား ပညာရှင်တွေက ကောင်းကင်ပေါ်မှာ ပျံသန်းလို့ မရပါဘူး။ အဲသည်အတွက် လီဖူချန်းအနေနဲ့ ရေကူး ခရီးဆက်ဖို့က လွဲပြီး အခြားနည်းလမ်း မရှိပါဘူး။
ပြသနာကတော့ သူဟာ ဘယ်ဘက်ကို ဦးတည်ပြီး ကူးရမလည်းဆိုတာပဲ ဖြစ်ပါတယ်။
သူထင်တာ မမှားဘူးဆိုရင်တော့ သည်ရေကန်ဟာ ယွင်ရှင်း တောင်တန်းပေါ်မှာရှိတဲ့ ဆန်းကြယ်ယန် ရေကန်ပါပဲ။ ဆန်းကြယ်ယန်ရေကန်ဟာ အချင်းဝက် မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းတဲ့ ရေကန်တစ်ခု ဖြစ်ပြီး များပြားလှတဲ့ မိစ္ဆာသားရဲတွေ ကျင်လည် ကျက်စားတဲ့ နေရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။
တကယ်လို့ လီဖူချန်းသာ ရွေးချယ်မှု မှားသွားပြီး ရေကန်အလယ်ထဲကို ဦးတည် သွားမိရင်တော့ သေချာပေါက် မိစ္ဆာသားရဲတွေရဲ့ အစာ ဖြစ်ပါပြီ။
" မသိတော့ဘူးကွာ ... သေရှင်မြေကြီး ရှင်ရင် ရွှေထီးပဲ "
အချိန်အတန်ကြာ စဉ်းစားပြီးတဲ့ အခါမှာတော့ ခေါင်းရှုပ်လာပုံရတဲ့ လီဖူချန်းဟာ စိတ်ထင်ရာ ဘက်ကို ဦးတည်ပြီး ကူးခတ် သွားပါတော့တယ်။
လီဖူချန်းတစ်ယောက် ထိုနေရာကနေ ထွက်သွားပြီး သိပ်မကြာခင် မှာတော့ ကျောင်ယုဇောင်ရွှန်း သားရဲကြီးဟာလည်း ထွက်ပေါက်ကို ရောက်လာခဲ့ပါပြီ။
သူပုံစံကို ကြည့်ရတာကတော့ မတတ်သာ လွန်းလို့သာ သည်နေရာကို ပြန်လာခဲ့ရတဲ့ ပုံပါပဲ။
အမှန်အတိုင်း ပြောရမှန်ဆိုရင်တော့ သူဟာ သည်ရေကန်ထဲမှာ ရှိတဲ့ အစွမ်းထက် မိစ္ဆာသားရဲကြီး တစ်ကောင်ကို ရန်စထားမိပါတယ်။ ဒါကြောင့်သူက သည်ရေကန်ကြီးထဲကနေ ထွက်ပြေးလာပြီး ရေကန်ငယ်လေးထဲမှာ ပုန်းခိုနေတာပါ။အခုတော့ သူက သည်ရေကန်ထဲကို ပြန်လာခဲ့ရ ပြန်ပါပြီ။ သိပ်မကြာခင်မှာပဲ သူနဲ့ ရန်စ ရှိထားတဲ့ မိစ္ဆာသားရဲကြီးက သူ့ဆီလာပြီး ကောင်းကောင်း သမတော့မှာပါ။
" ဒါတွေအားလုံးက အဲသည်လူသားကြောင့်ပဲ "
ကျောင်ယုဇောင်ရွှန်း သားရဲကြီးက ရှိန်လန်ကို လုံးဝ အခဲမကျေပါဘူး။
" မင်းက ငါ့ကို သည်ရေကန်ထဲ ပြန်လာရအောင် ဖိအားပေးမှတော့ ငါကလည်းမင်းကို သည်ရေကန်ထဲမှာ မြုပ်ပစ်မယ်ကွ "
ကျောင်ယုဇောင်ရွှန်းသားရဲကြီးက သူ့ရဲ့ဦးချိုက မိုးကြိုးလျှပ်စီးတွေနဲ့ လိုဏ်ခေါင်းထဲကို ပစ်ခတ် လိုက်ပါတယ်။
ဝုန်း ... ဝုန်း ... ဝုန်း ...
လိုဏ်ခေါင်းကြီးကတော့ ပြိုကျ ပျက်စီး သွားခဲ့ပါပြီ။ ဒါက ကျောင်ယုဇောင်ရွှန်းသားရဲကြီးရဲ့ မိုးကြိုး လျှပ်စီးတွေကြောင့် ချည်းပဲတော့ မဟုတ်ပါဘူး။ ဆန်းကြယ်ယန် ရေကန်ရဲ့ ရေဖိအားကြောင့်လည်း သက်ဆိုင်နေပါသေးတယ်။
" ခွေးမသား ... အား ... "
ရှိန်လန်ကတော့ အတော်လေး ကြောက်စရာ ကောင်းတဲ့ အခြေအနေ တစ်ခုနဲ့ ကြုံနေရပါပြီ။ သူက ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း အခုလို ပိန်းတိတ်အောက် မှောင်မိုက်နေတဲ့ မြေအောက် ရေလိုဏ်ဂူထဲမှာတော့ သူ့ရဲ့ အစွမ်းတွေကို အပြည့်အဝ ထုတ်သုံးနိုင်စွမ်း မရှိပါဘူး။ လိုဏ်ဂူပြိုမကျခင်မှာ သူနောက်ဆုံး မြင်လိုက်ရတာကတော့ မိုးကြိုးလျှပ်စီးတွေပါပဲ။
" ခွေးမသား ... တိရစ္ဆာန်ကောင်။ မင်းကိုမိမှ အစိမ်းလိုက် ဝါးစားပစ်မယ်ကွ "
ရှိန်လန်က ပိတ်ဆို့နေတဲ့ ကျောက်တုံး ကျောက်ခဲတွေကို သူ့ရဲ့ သံမဏိ လက်သည်းတွေနဲ့ ကုတ်ဆွဲ ပစ်လိုက်ပြီး သည်ထဲကနေ ထွက်ဖို့အတွက် လမ်းကြောင်း ရှာနေခဲ့ပါပြီ။ သူ့ရဲ့ ပါးစပ်ကနေလည်း ကျောင်ယုဇောင်ရွှန်း သားရဲကြီးကို အမျိုးမျိုး ဆဲဆိုကြိမ်းဝါး နေပါသေးတယ်။
ဝုန်း ...
အချိန်အတော်အတန် ကြာသွားပြီးတဲ့ နောက်မှာတော့ တည်ငြိမ်နေတဲ့ ရေကန် အောက်ခြေဟာ အဆက်မပြန် တုန်ခါလာပြီး ပေါက်ကွဲ ထွက်သွားခဲ့ပါပြီ။ ပေါက်ကွဲသံနဲ့ အတူ လူရိပ် တစ်ရိပ်ကလည်း ရေကန်အောက်ခြေကနေ တိုးထွက် လာခဲ့ပါတယ်။ ထိုသူကတော့ ရှိန်လန်ပါပဲ။
ရှိန်လန်က ရေကန်အောက်ခြေရဲ့ ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာလိုက်တဲ့ အခါမှာတော့ သူ့အခြေအနေကို စောင့်ကြည့်နေပုံရတဲ့ ကျောင်ယုဇောင်ရွှန်း သားရဲကြီးကို တွေ့သွားခဲ့ပါပြီ။
" သေစမ်း "
သူက အချိန်ဆိုင်းမနေဘဲ ကျောင်ယုဇောင်ရွှန်း သားရဲကြီးကို တိုက်ခိုက် ပါတော့တယ်။
" ငါမင်းကို တခြားနေရာတွေမှာ ဆိုရင်တော့ ကြောက်ရင်ကြောက်မယ်။ ဒါပေမဲ့ သည်နေရာမှာတော့ မကြောက်ဘူးကွ "
ကျောင်ယုဇောင်ရွှန်းသားရဲကြီးက ရေမိစ္ဆာသားရဲ အမျိုးအစားပါ။ အဲသည်အတွက် သူက ရေထဲမှာဆိုရင်တော့ ရှိန်လန်ကို ကြောက်ရွံ့နေခြင်း မရှိပါဘူး။
ဂျစ် ... ဂျစ် ... ဂျစ် ...
ကျောင်ယုဇောင်ရွှန်း သားရဲကြီးဟာ သူ့ရဲ့ ဦးချိုက ထွက်တဲ့ မိုးကြိုး၊လျှပ်စီးတွေကို အသုံးပြုပြီး လျှပ်စီး ပတ်လမ်းတစ်ခုကို ဖြစ်တည် စေလိုက်ပါတယ်။ ပြီးတော့ တစ်ချိန်တည်း လိုလိုမှာပဲ ရေပူဖောင်းတွေကို မှုတ်ထုတ် လိုက်ပါသေးတယ်။
ထို့နောက်မှာတော့ အဲသည် ရေပူဖောင်းတွေက လျှပ်စီးပတ်လမ်းကို ဖြတ်ကျော်ကာ ရှိန်လန်ဆီသို့ တိုးဝင်သွားခဲ့ပါပြီ။
ဝုန်း ... ဝုန်း ...
ဒိုင်း ... ဒိုင်း ... ဒိုင်း ...
ကန်ရေပြင် အောက်ခြေမှာတော့ ကမ္ဘာပျက်နေတဲ့ အလားကို ဆူညံနေတော့တာပါပဲ။ မိစ္ဆာသားရဲ တစ်ကောင်နဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် အခုလို ဆူညံနေတာ ဆိုရင်လည်း မမှားပါဘူး။
သူတို့နှစ်ယောက် တိုက်ခိုက်နေတဲ့ နေရာနဲ့ မိုင်ပေါင်းအနည်းငယ် အကွာမှာတော့ ကျောက်ပုစွန်ကြီး တစ်ကောင်နဲ့ ဆင်တူတဲ့ ရေမိစ္ဆာသားရဲကြီးတစ်ကောင်ဟာ တောင်တစ်လုံး ထဲကနေ ထွက်လာခဲ့ပါပြီ။ အဲသည် ရေမိစ္ဆာသားရဲကြီးက ကျားတစ်ကောင်ထက်တောင်မှ အဆပေါင်းများစွာ ကြီးမား နေပါသေးတယ်။ သည်ပေပေါင်းရာချီ ရှိတဲ့ သားရဲကြီးဟာ ရှိန်လန်နဲ့ ကျောင်ယုဇောင်ရွှန်း သားရဲကြီးရဲ့ တိုက်ခိုက်မှုကြောင့် အိပ်မော ကျနေရာကနေ နိုးလာတဲ့ ပုံပါပဲ။
" ဘယ်ကောင်တွေက ငါအိပ်နေတာကို နှောင့်ယှက်ရဲတာလဲ။ သေဖို့သာ ပြင်ထားကြပေတော့"
ကျောက်ပုစွန်နဲ့ ဆင်တူတဲ့ ရေမိစ္ဆာ သားရဲကြီးကတော့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေရာ ဘက်ကို ဒေါသတကြီးနဲ့ ထွက်သွားခဲ့ပါပြီ။
ရှိန်လန်ကတော့ အတော်လေးကို ဒေါသထွက်နေပါတယ်။ သူက သည်ကျောင်ယုဇောင်ရွှန်း သားရဲကြီးကို အလွယ်တကူ သတ်ပစ်နိုင်မယ်လို့ ထင်ထား ခဲ့ပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ သူထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။
သည်ကျောင်ယုဇောင်ရွှန်း သားရဲကြီးက သူ့ကိုတောင် လက်ရည်တူ ယှဉ်နေလိုက် ပါသေးတယ်။ ပြီးတော့ သည်ရေထဲမှာ ရှိနေတဲ့ လျှပ်စီး ပတ်လမ်းကလည်း သူ့ကို ထုံကျင်နေစေ ခဲ့ပါပြီ။
' ငါက သည်တိရစ္ဆာန်ကောင်နဲ့ တိုက်ခိုက်ပြီး ဘာလို့ အချိန်ဖြုန်းနေမှာလဲ။ ဟိုကောင်လေးကို အရင်လိုက် ဖမ်းတာပဲ ပိုကောင်းမယ် '
အတွေးနဲ့အတူ ရှိန်လန်ဟာ သူ့ရဲ့ တိုက်ခိုက်မှုကို လျော့ချလိုက်ပြီး ထွက်သွားဖို့အတွက် ပြင်လိုက်ပါတယ်။
အဲသည်အချိန်မှာပဲ
" မျိူးမစစ်နှစ်ကောင် ... သည်က သခင်ကြီးအိပ်နေတာကို နှောင့်ယှက်တဲ့ အတွက် သေကြစမ်း "
ရွှမ်း ... ရွှမ်း ...
ကြီးမားလှတဲ့ ကတ်ကြေးကြီး နှစ်လက်ဟာ ရှိန်လန်နဲ့ ကျောင်ယုဇောင်ရွှန်း သားရဲကြီးဆီကို တိုးဝင် လာခဲ့ပါပြီ။
သေသေချာချာ ကြည့်လိုက်တဲ့ အခါမှာတော့ အဲဒါတွေက ကတ်ကြေးတွေ မဟုတ်ပါဘူး။ အဲဒါတွေက ကြီးမားလှတဲ့ လက်မကြီးတွေပါ။
အဲသည် လက်မကြီးတွေက လူသားနဲ့ မိစ္ဆာသားရဲဆီကို ရောက်မလာခင်လေးမှာတင် အဖြူရောင် အလင်းတန်းတွေကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ် ထားလိုက်ပါသေးတယ်။
ကျောင်ယုဇောင်ရွှန်း သားရဲကြီးရဲ့ ခန္ဓာကိုယ်ကတော့ တဆတ်ဆတ် တုန်ယင်နေခဲ့ပါပြီ။ သူက သည်လက်မတွေရဲ့ ပိုင်ရှင်ကို ကောင်းကောင်းကြီး သိထားသူ တစ်ယောက်ပင် မဟုတ်ပါလား။
သည်လက်မတွေရဲ့ ပိုင်ရှင်ကတော့ လုံရှား သားရဲကြီးပါပဲ။
ကျောင်ယုဇောင်ရွှန်း သားရဲကြီးကတော့ သည်လက်မရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်ခံနိုင်ခဲ့ခြင်း မရှိပါဘူး။
ရွှပ် ...
သည်လက်မကြီးက သူ့ရဲ့ အမြီးကို ညှပ်ဖြတ် သွားခဲ့ပါပြီ။
ဘန်း ...
ရှိန်လန်ရဲ့ အခြေအနေကလည်း သိပ်မကောင်းလှပါဘူး။ သူက သည်လက်မရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပေမယ့်လည်း သွေးတွေကို အန်ထုတ်ပစ်လိုက် ရပါတယ်။
" အစ်ကိုဟောင် ...။သည်လူသားက အစ်ကို့နယ်မြေထဲကို ကျူးကျော်ဝင်လာပြီး အစ်ကို့ရဲ့ မကောင်းကြောင်းတွေကို ပြောနေတာဗျ။ ဒါကြောင့် ကျွန်တော်က အစ်ကို့အစား မခံမရပ်နိုင် ဖြစ်ပြီး သည်လူသားကို တိုက်ခိုက်နေတာ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ "
ကျောင်ယုဇောင်ရွှန်း သားရဲကြီးက မျက်နှာငယ်လေးနဲ့ လုံရှင်းသားရဲကြီးရဲ့ ခွင့်လွှတ်မှုကို တောင်းခံ လိုက်ပါတယ်။
( note- ဟောင်ဆိုတာက လုံရှင်းမိစ္ဆာသားရဲရဲ့ နာမည်အစ ဖြစ်ပုံပါပဲ။ )
ထိုစကားကို ကြားပြီးတဲ့အခါမှာတော့ လုံရှင်းသားရဲကြီးဟာ ကျောင်ယုဇောင်ရွှန်း သားရဲကြီးကို ဆက်လက် တိုက်ခိုက်ခြင်း မပြုလုပ်တော့ပါဘူး။
သူက ရှိန်လန်ကို သေသေချာချာ စိုက်ကြည့်လိုက်ပါတယ်။
မိစ္ဆာသားရဲတွေနဲ့ လူတွေဆိုတာက ရန်သူတွေပင် မဟုတ်ပါလား။
သူ့အနေနဲ့ သည်ကျောင်ယုဇောင်ရွှန်း သားရဲက လိမ်ပြောနေတယ် ဆိုရင်တောင်မှ ဂရုမစိုက်ပါဘူး။ သူကတော့ သည်နေရာကို ရောက်လာတဲ့ လူသားမှန်သမျှကို သတ်ဖြတ်ပစ်မှာပါ။
" ဒါ ... ဒါက ... အဆင့်၅ အလယ်အလတ် အဆင့်ဖြစ်တဲ့ လုံရှင်း မိစ္ဆာသားရဲကြီးပဲ။ အမြန် ပြေးမှ ... "
တစ်ဖက်ရန်သူက လုံရှင်းမိစ္ဆာသားရဲ ဆိုတာကို သိပြီးတဲ့နောက်မှာတော့ ရှိန်လန်တစ်ယောက် ကြောက်လန့် တကြားနဲ့ ထွက်ပြေးသွားခဲ့ပါင်္ပြီ။
သည်လုံရှင်းမိစ္ဆာသားရဲက အဆင့်၅ အလယ်အလတ်အဆင့် ရေမိစ္ဆာတွေထဲမှာ တောင်မှ အသန်မာဆုံး တွေထဲက တစ်ကောင် ဖြစ်ပါတယ်။ အဆင့်၇ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေတောင်မှ သည်သားရဲကြီးရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။
" မျိုးမစစ်တဲ့ လူသား ... မင်းကို ဘယ်သူက သွားခွင့်ပေးလိုက်လို့လဲ"
အမြီးကို တစ်ချက် လှုပ်လိုက်တဲ့ အခါမှာတော့ လုံရှင်းသားရဲကြီးဟာ ရှိန်လန်ရဲ့ အရှေ့ကို ရောက်သွားခဲ့ပါတယ်။ ဒါက တည်နေရာ ရွှေ့ပြောင်းလိုက်တဲ့ အလားပါပဲ။
" သေလိုက်တော့ လူသား "
ဝေါ ... ဝေါ ... ဝေါ ...
ကြီးမားလှတဲ့ မိစ္ဆာချီတစ်ခုက ရှိန်လန်ကို လွှမ်းခြုံ သွားခဲ့ပါပြီ။
အရမ်းကွာဝေးတဲ့ အရပ်မှာ ရောက်နေပေမယ့်လည်း လီဖူချန်းဟာ သူ့အနောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲကို အာရုံခံမိနေပါတယ်။
" ငါသည်နေရာမှာ အချိန်ကြာကြာ နေလို့တော့ မဖြစ်ဘူး။ တိုက်ပွဲက မိစ္ဆာသားရဲတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပြီ။ သည်နေရာကနေ အမြန်ဆုံး သွားမှ "
ယွင်ရှင်းတောင်တန်းဆိုတာ တောင်ပိုင်းတောအုပ် နယ်မြေဒေသမှာ အန္တရာယ်အများဆုံး နေရာတစ်ခုပါ။ ယွင်ရှင်းတောင်တန်းရဲ့ ဧရိယာ အကျယ်အဝန်း မိုင်ပေါင်း တစ်သောင်းကျော် ရှိတဲ့အနက် တစ်ဝက်လောက်ကို ယွင်ရှင်းရေကန်က နေရာယူထားတာ ဖြစ်ပါတယ်။ အဲသည်အတွက် သည်ရေကန်ထဲမှာ ရှိတဲ့ မိစ္ဆာသားရဲတွေဟာ ဘယ်လောက်အထိ အစွမ်းထက်မလည်း ဆိုတာ မမှန်းဆနိုင်အောင်ပါပဲ။
ပြီးတော့ သည်တောင်တန်းက ငရဲမီးမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေရုံသာမက အခြားသော မြို့တွေနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေပါသေးတယ်။
လီဖူချန်း ထင်ထားခဲ့သလိုပါပဲ။ ကြီးမားလှတဲ့ အနက်ရောင် အရိပ်ကြီး တစ်ခုဟာ သူ့ရဲ့ ညာဘက်မှာ ပေါ်လာခဲ့ပါတယ်။ အဲသည်အရိပ်ကြီးကတော့ လီဖူချန်းကို သတိထားမိပုံ မပေါ်ပါဘူး။ သူက တိုက်ပွဲဖြစ်နေရာ ဆီသို့သာ ဦးတည်ပြီး သွားနေပါတယ်။
လီဖူချန်းဟာ လမ်းတစ်လျှောက်မှာလည်း တိုက်ပွဲဖြစ်ပေါ်ရာနေရာသို့ ဦးတည်သွားနေတဲ့ နောက်ထပ် မိစ္ဆာသားရဲ လေးကောင်လောက်ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ သူတို့ရဲ့ ချီအရှိန်အဝါ အရ ဆိုရင်တော့ သည်ကောင်တွေက အဆင့်၅ အဆင့်မြင့် မိစ္ဆာသားရဲတွေပါပဲ။
" ရေမိစ္ဆာသားရဲတွေက ရေထဲမှာဆိုရင် ပိုပြီး အစွမ်းထက်တယ်။ အဲသည်လူတော့ မသေစရာ အကြောင်းမရှိတော့ဘူး "
လီဖူချန်းက စိတ်ထဲကနေ တွေးနေမိပါတယ်။
နောက်ထပ်နှစ်နာရီမျှ ကူးခတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကန်ရဲ့ အစပ်ကို ရောက်သွားခဲ့ပါပြီ။
"ဟူး ... တော်သေးလို့ဟေ့ "
လီဖူချန်းက ကျယ်ပြောလှတဲ့ ကန်ရေပြင်ကြီးကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက် မိပါတယ်။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ ကုန်းမြေဟာ လူသားမျိုးနွယ်ရဲ့ ပိုင်နက်ဆိုရင် ရေပြင်ဟာ မိစ္ဆာသားရဲတွေရဲ့ ပိုင်နက်ပါပဲ။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ဆိုရင် အဓိက ကုန်းမြေကြီး ခုနစ်ခု ရှိသလို ကုန်းမြေတစ်ခုနဲ့ တစ်ခု ကြားမှာလည်း ကုန်းတွင်းပင်လယ်တွေ ရှိနေပါသေးတယ်။
အဲသည်ကုန်းတွင်း ပင်လယ်တွေကိုတော့ မိစ္ဆာဘုရင်တွေက အပိုင်စား ရထားတာပါ။ အဲသည် မိစ္ဆာဘုရင်တွေကိုတော့ လူသားမျိုးနွယ်ထဲက မဟာပညာရှင်တွေတောင်မှ ထိပ်တိုက် ရင်မဆိုင်လိုကြပါဘူး။
" အာ ... ငါဘာလို့ အဲသည်လောက် အဝေးကြီးအထိ စဉ်းစားနေတာလဲ။ အခုချိန်မှာ အဲဒါတွေက ငါနဲ့ မသက်ဆိုင်သေးဘူး။ အခုလောလောဆယ် ငါလုပ်ရမှာက ထျန်းသျှ ဆေးပင်ကို ရှာဖို့ပဲ "
လီဖူချန်းက သူ့ရဲ့ အတွေးစကို ဖြတ်လိုက်ပြီး ဆန်းကြယ်ယန် ရေကနေ ထွက်ခွာ သွားပါတော့တယ်။
*******
ယွင်ရှင်းတောင်တန်းရဲ့ နယ်နိမိတ်က အတော်လေးကို ရှုပ်ထွေး လွန်းလှပါတယ်။ မှတ်တမ်း၊ မှတ်ရာတွေအရ ဆိုရင်တော့ဖြင့် သည်နယ်မြေတစ်ဝိုက်မှာ ယန်ဓာတ်တွေကို ထုတ်လွှတ်ပေးတဲ့ နေရာ တော်တော်များများ ရှိပါတယ်။ အဲသည်ယန်ဓာတ်တွေ သိပ်သည်းတဲ့ နေရာတွေက ထျန်းသျှ ဆေးပင်တွေ ပေါက်ရောက်တဲ့ နေရာပါပဲ။
လီဖူချန်းအတွက် ထျန်းသျှဆေးပင်တွေ ပေါက်ရောက်ရာ နေရာကို ရှာဖို့အတွက်ဟာ သိပ်ပြီး မခဲယဉ်းလှပါဘူး။ သူ့ရဲ့ အသိစိတ်အာရုံက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေထက်ကို အစွမ်း ထက်နေတဲ့ အတွက် သည်ယန်ဓာတ်တွေ သိပ်သည်းနေတဲ့ နေရာကို အာရုံခံနိုင်စွမ်း ရှိပါတယ်။ ဒါက အများနဲ့ မတူတဲ့ သူ့ရဲ့ အားသာချက်ပါပဲ။
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ ...
"သည်နေရာက အခြားနေရာတွေထက်ကို အတော်လေး နွေးနေတာပဲ။ သည်အတိုင်း ဆိုရင်တော့ ယန်ဓာတ်တွေ ရှိတဲ့နေရာက သိပ်မဝေးလောက်တော့ဘူး "
တောင်ထိပ်တစ်ခုပေါ်မှာ ရှိနေတဲ့ လီဖူချန်းဟာ သူ့ရဲ့ အသိစိတ်အာရုံကို ဖြန့်ကျက်ပြီး ယန်ဓာတ်တွေ သိပ်သည်းရာ အရပ်ကို အာရုံခံနေတာ ဖြစ်ပါတယ်။
တိကျတဲ့ အရပ်မျက်နှာ တစ်ခုကို အာရုံခံမိ ပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ တောင်ပေါ်ကနေ မျောက်တစ်ကောင် အလား ပြန်ဆင်းသွားခဲ့ပါပြီ။
နောက်ထပ် နေ့တစ်ဝက်လောက် အကြာမှာတော့ လီချန်းဟာ တောင်ကြားချိုင့်ဝှမ်း တစ်ခုရဲ့ အဝင်ဝကို ရောက်ရှိ လာခဲ့ပါတယ်။
"သည်နေရာပဲ။ သည်နေရာမှာ ရှိနေတဲ့ ချီတွေက အတော်လေး နွေးထွေးပြီး နေလို့ ကောင်းတယ် "
သည်တောင်ကြားချိုင့်ဝှမ်းဒေသက အတော်လေးကို သာယာလှပတဲ့ နေရာလေး တစ်ခုပါပဲ။ ဘေးဘယ်ညာ တစ်ဖက် တစ်ချက်မှာလည်း စိမ်းလန်းစိုပြည်လှတဲ့ သဘာဝ ပေါက်ပင်တွေ ပေါက်ရောက်လျက် ရှိနေပါသေးတယ်။
လီဖူချန်းကတော့ ထွေထွေထူးထူး စဉ်းစား မနေတော့ပါဘူး။သူက အသိစိတ်အာရုံရဲ့ ဦးဆောင်မှု အတိုင်း တောင်ကြား ချိုင့်ဝှမ်းလေးထဲကို ဝင်သွားပါတော့တယ်။
ရှူး ...
ရုတ်တရက် ဆိုသလို ချုံပုတ်တစ်ခု ကြားထဲကနေ လုံးပတ် လက်မောင်းလုံးလောက် ရှိတဲ့ မြွေကြီး တစ်ကောင် ထွက်ပေါ်လာပြီး လီဖူချန်းကို ပေါက်ထည့်လိုက်ပါတယ်။
သည်မြွေကြီးက ဝါကျင့်ကျင့် အရောင်ရှိတဲ့ မြွေကြီး တစ်ကောင်ပါပဲ။ သူက လီဖူချန်းကို စိတ်ရှည်ရှည်နဲ့ ချောင်းမြောင်း နေတာပါ။ သူ့ရဲ့ ခန္ဓာကိုယ်ကနေလည်း ပူပြင်းလှတဲ့ အငွေ့အသက် တစ်ခုကို ထုတ်လွှတ် ထားပါသေးတယ်။
ဘန်း ...
စိတ်မကောင်းစရာပါပဲ။ မြွေကြီးရဲ့ ချောင်းမြောင်း တိုက်ခိုက်မှုက အလုပ်မဖြစ်ခဲ့ပါဘူး။ လီဖူချန်းက လျှပ်စီးလက်သလို အလျင်နဲ့ မြွေကြီးရဲ့ ဦးခေါင်းကို ထုချေပစ်လိုက်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ မြက်ခင်းစိမ်းလေးတွေ ပေါက်ရောက်နေတဲ့ မြေကွက်လပ် တစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။
မြေကွက်လပ်ရဲ့ ပတ်ပတ်လည်မှာတော့ အဝါရောင် အလင်းတန်းတွေ တောက်ပနေပါတယ်။ အဲဒါကတော့ အဝါရောင် မြွေအုပ်ကြီးပါပဲ။
သည်မြွေအုပ်ထဲက အသေးဆုံး အကောင်ဟာ လက်မောင်းလုံးလောက် ရှိပြီး အကြီးအကောင်ဟာ ခါးလောက် တုတ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အကြေးခွံတွေကလည်း တောက်ပြောင် နေပြီး အတော်လေးကို ပူပြင်းတဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ်နေပါသေးတယ်။
" ထျန်းသျှဆေးပင် "
လုံးဝကို ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ မြက်ခင်းစိမ်းလေးရဲ့ အလယ်မှာ ရှိနေတာကတော့ ထျန်းသျှဆေးပင်ပါပဲ။ ဒါက လီဖူချန်း သိထားတဲ့ ထျန်းသျှဆေးပင်ရဲ့ အသွင်အပြင်၊ လက္ခဏာနဲ့ ချွတ်စွပ်ကို တူနေပါတယ်။
***