← Chapters

လျှို့ဝှက်ဆန်းကြယ် ဆရာသခင်ယန်

Vol. 28 Ch. 371

လျှို့ဝှက်ဆန်းကြယ် ဆရာသခင်ယန်

Vol. 28 Ch. 371

" နင့်မေကလွှား ...   သည်လောက်များတဲ့ မြွေအုပ်ကြီးက ဘယ်လိုလုပ်ပြီး သည်နေရာမှာ ရှိနေရတာလဲ ... "

လီဖူချန်းက ထျန်းသျှဆေးပင်ကို နှုတ်ယူဖို့အတွက် မစဉ်းစားနိုင်သေးပါဘူး။ သူ့အနေနဲ့ ပထမဦးဆုံး သည်မြွေအုပ်ကြီးကို ရှင်းပစ်ရပါဦးမယ်။

ရှူး ...  ရှူး ...

မြွေတွေကလည်း လီဖူချန်းကို သတိပြုမိ သွားခဲ့ပါပြီ။  မြွေအုပ်ရဲ့ ခေါင်းဆောင် ဖြစ်ဟန်တူတဲ့ မြွေကြီး တစ်ကောင်ဟာလည်း  ပါးပျဉ်းထောင်ပြီး လီဖူချန်းကို စိုက်ကြည့် နေပါတယ်။ သည်မြွေကြီးကို ကြည့်ရတာကတော့  ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေနဲ့တောင် ယှဉ်နိုင်မယ့် ပုံပါပဲ။

"သည်မြွေအုပ်ကြီးက သူတို့ရဲ့ မိစ္ဆာချီဓာတ်တွေကို ဆန်းကြယ် ယန်ချီတွေနဲ့ သန့်စင် နေတာပါလား "

လီဖူချန်းက သည်မြွေအုပ်ကြီးရဲ့ မူမမှန်တဲ့ အရာတစ်ခုကို သတိပြုမိ လိုက်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်  မိစ္ဆာသားရဲတွေ ဖြစ်တဲ့ သည်မြွေတေတွဟာ မိစ္ဆာချီဓာတ်တွေ ရှိနေရမှာပါ။ ဒါပေမဲ့ အခု သည်မြွေတွေမှာတော့ မိစ္ဆာချီဓာတ်တွေ ရှိမနေတော့ပါဘူး။

ဆန်းကြယ်ယန်ချီတွေဟာ မသန့်စင်တဲ့ ချီဓာတ်တွေကို သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ မိစ္ဆာသားရဲ ချီတွေဆိုတာက မသန့်စင်တဲ့ ချီအမျိုးအစား တစ်ခုပါပဲ။

လီဖူချန်းထင်တာသာ မမှားဘူး ဆိုရင်တော့ သည်မြွေတွေဟာ နဂိုမူလက သည်လောက်အထိ အစွမ်း မထက်လောက်ပါဘူး။ သည်ယန်ချီတွေ သိပ်သည်းနေတဲ့ နေရာကို ရောက်လာပြီးမှသာ အစွမ်းထက် လာပုံ ရပါတယ်။

"  သည်နေရာအထိ ရောက်လာပြီးမှတော့ လက်လျော့လိုက်လို့ မဖြစ်ဘူး။ ငါ့အနေနဲ့ သည်ထျန်းသျှဆေးပင်ကို မရရအောင် ယူရမယ် "

လီဖူချန်းက  သည်မြွေအုပ်ရဲ့ အစွမ်းအစကို စမ်းသပ်ဖို့ အတွက် ရှေ့ကို တက်လှမ်း လိုက်ပါတယ်။

ရှူး ... ရှူး ...  ရှူး ...

ခေါင်းဆောင်မြွေကြီးကလွဲပြီး ကျန်တဲ့ မြွေတွေဟာ လီဖူချန်းဆီကို ဒေါသတကြီးနဲ့ ပြေးဝင်လာခဲ့ပါပြီ။

" သွားစမ်း "

လီဖူချန်းကလည်း တုံ့ဆိုင်းနေခြင်း အလျင်းမရှိပါဘူး။သူက  သူ့ရဲ့ လက်ဝါးကို ဝှေ့ယမ်း လိုက်ပြီး မြွေအုပ်ကြီးကို ဆီးကြို လိုက်ပါတယ်။

ဝုန်း ...  ဘန်း ...  ဘန်း ...

ရှူး ...  ရှူး ...  ရှူး ...

လူသားတစ်ယောက်နဲ့ မြွေအုပ်ကြီးရဲ့ တိုက်ပွဲကတော့ စတင်ခဲ့ပါပြီ။

လီဖူချန်းရဲ့ ပြင်းထန်လှတဲ့ တိုက်ခိုက်မှုတွေကိုတော့ သည်မြွေအုပ်ကြီးဟာ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။

လီဖူချန်းလို ပြန်လည် ဝင်စားခြင်းနယ်ပယ် အပြင်အား ပညာရှင် တစ်ယောက် အတွက်ကတော့ သည်မြွေအုပ်ကြီးဟာ ပုရွက်ဆိတ် လေးတွေ သာသာပါပဲ။

ရှဲ ... ရှဲ ... ရှဲ ...

နောက်ဆုံးမှာတော့  မြွေအုပ်ကြီးရဲ့ ခေါင်းဆောင်ဟာ စတင် လှုပ်ရှားလာခဲ့ပါပြီ။ ရေအင်တုံ အကြီးစားကြီး တစ်ခုလောက်ရှိတဲ့ သူရဲ့ ခန္ဓာကိုယ် တစ်ချက် ရွေ့လျားလိုက်တိုင်းမှာ လီဖူချန်းကို ကြောက်စရာ ကောင်းတဲ့ ဖိအားတစ်ခု ပေးစွမ်း နေပါတယ်။ ဒါက သေချာပေါက် ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃  ဒါမှမဟုတ် အဆင့်၄ ရဲ့ ဖိအားပါပဲ။

မြွေအုပ်ကြီးရဲ့  ခေါင်းဆောင်က အလွန် လျင်မြန်စွာနဲ့ လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။ သည်တိုက်ခိုက်မှုက  သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုမှ မလိုက်ဖက်အောင်ကို လျင်မြန်လွန်း နေတာပါ။

" အား ... မြန်လိုက်တာ  "

လီဖူချန်းက ခေါင်းဆောင်မြွေရဲ့ တိုက်ခိုက်မှုကို သတိပြုမိပေမယ့်လည်း    တန်ပြန်တိုက်စစ် ဆင်ဖို့တော့ အနည်းငယ် နှောင့်နှေးသွားခဲ့ပါတယ်။  သူက သည်တိုက်ခိုက်မှုကို  ပုခုံးနဲ့ ခံရုံကလွဲပြီး အခြား ရွေးစရာနည်းလမ်း မရှိခဲ့ပါဘူး။

ဘန်း ...

လီဖူချန်းတစ်ယောက်ကတော့ မြေပြင်ပေါ်မှာ လျောတိုက်ပြီး အနောက်ကို လွင့်ထွက် သွားခဲ့ပါပြီ။

" ဒါက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင် တစ်ယောက်ရဲ့ ခွန်အားပဲ "

အစောပိုင်းတုန်းက လီဖူချန်းဟာ သတ္တုရိုးလက်သီးကို ထုတ်မသုံးဘဲ ဆင်နဂါး စွမ်းအင်ကို အသက်သွင်းပြီး  ပုခုံးဖြင့် ခံဆောင်လိုက်တာပါ။ အဲဒါကြောင့် သူဟာ ခေါင်းဆောင်မြွေရဲ့ အစွမ်းကို ကောင်းကောင်းကြီး သိလိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ သတ္တုရိုးလက်သီးကို အသက်သွင်း လိုက်ပါတယ်။ သူ့ရဲ့ လက်သီး နှစ်ဖက်စလုံးမှာ ရွှေရောင်ချီတွေ ဖုံးအုပ်လာခဲ့ပါပြီ။

ဘန်း ...  ဘန်း ...  ဘန်း ...

ဝုန်း ...  ဝုန်း ...

ယွင်ရှင်းတောင်တန်းရဲ့ ချိုင့်ဝှမ်းလေးထဲမှာတော့ လူတစ်ယောက်နဲ့ မြွေကြီးတစ်ကောင်ဟာ ဘတစ်ပြန်၊ ကျားတစ်ပြန် တိုက်ခိုက်နေကြပါတယ်။

" သည်အတိုင်း ဆိုရင်တော့  မဖြစ်သေးဘူး "

လီဖူချန်းက မြွေခေါင်းဆောင်ကို အကြိမ်ပေါင်းများစွာ ထိုးခဲ့မိပေမယ့်လည်း မြွေခေါင်းဆောင်က  သူ့ရဲ့ လက်သီးတွေကို ဖြုံတဲ့ဟန် မပြပါဘူး။

ဝိညာဉ်ဖြာ သတ္တုရိုးလက်သီး "

လီဖူချန်းရဲ့ လက်သီးပေါ်က အရေပြားတွေ ကွဲထွက်လာခဲ့ပြီး နက်ရွှေရောင် သတ္တုရည်တွေ   ဖြစ်တည်လာခဲ့ပါပြီ။ ထို့နောက်မှာတော့ လီဖူချန်းဟာ မြွေခေါင်းဆောင်ရဲ့ နဖူး အလယ်တည့်တည့်ကို ထိုးထည့် လိုက်ပါတယ်။

ဖောင်း ...

လီဖူချန်းရဲ့ လက်သီးချက် မိသွားတဲ့ မြွေခေါင်းဆောင်ကတော့ ပါးပျဉ်းထောင် နေရာကနေ  ခွေကျသွားခဲ့ပါပြီ။ လီဖူချန်းရဲ့ လက်သီးက သူ့ကို မူးဝေ သွားစေတဲ့ ပုံပါပဲ။

ဖောင်း ...  ဖောင်း ...  ဖောင်း ...

ဘန်း ...  ဘန်း ...

လီဖူချန်းကလည်း အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူက မြွေခေါင်းဆောင်ကို တရစပ် တိုက်ခိုက်လိုက်ပါတယ်။

လီဖူချန်းရဲ့ လက်သီးက  မြွေခေါင်းဆောင်ကို ဒဏ်ရာ ရသွားစေပေမယ့်လည်း အဆုံးသတ်နိုင်ခြင်း မရှိသေးပါဘူး။

ရှူး ...  ရှူး ...  ရှဲ ...

မြွေခေါင်းဆောင်က သူ့ရဲ့ ပါးပျဉ်းကို ခွက်လိုက်တဲ့ အခါမှာတော့  အဝါရောင် အလင်းတန်းလွှာ တစ်ခု ဖြစ်တည်လာခဲ့ပါပြီ။

"အခြေအနေ မကောင်းတော့ဘူး။ အဲဒါက သူ့ရဲ့ သက်စောင့်အင်အားပဲ ဖြစ်ရမယ် "

လီဖူချန်းက အခြေအနေ မဟန်တော့ဘူးဆိုတာကို ရိပ်မိလိုက်ပါတယ်။

ဝုန်း ...

ပေါက်ကွဲသံကြီးတစ်ခုနဲ့ အတူ လီဖူချန်းဟာ လွှင့်ထွက်သွားခဲ့ပါပြီ။

သက်စောင့်အားတွေ ထုတ်လိုက်တဲ့ မြွေခေါင်းဆောင်ရဲ့ အစွမ်းက အဆင့်၅  ပြန်လည် ဝင်စားခြင်း နယ်ပယ်  ပညာရှင် တစ်ယောက်လိုပါပဲ။ လီဖူချန်းအနေနဲ့ကတော့ သက်စောင့်အား ထုတ်ထားတဲ့ သည်မြွေခေါင်းဆောင်ကို ဘယ်လိုမှ နိုင်တော့မှာ မဟုတ်ပါဘူး။

" ထွီ "

" သည်နေရာအထိ ရောက်လာပြီးမှတော့ လက်ဗလာနဲ့ ပြန်မသွားနိုင်ဘူးကွ "

လီဖူချန်းက ရင်ခေါင်းထဲက ပျို့တက်လာတဲ့ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး ကြုံးဝါး လိုက်ပါတယ်။

အစောပိုင်းတုန်း မြွေခေါင်းဆောင်ရဲ့ တိုက်ခိုက်မှုက တကယ်ပဲ ပြင်းထန် လွန်းလှပါတယ်။ ငွေအကြေးခွံ ချပ်ဝတ်တန်ဆာ ရှိနေလို့သာ လီဖူချန်းအနေနဲ့ အသက်နဲ့ကိုယ် တွဲလျက်သား ကျန်နေခဲ့တာပါ။

" သည်ကောင်ကြီးက သက်စောင့်အားကို စိတ်ကြိုက် သုံးနိုင်မှာတော့ မဟုတ်ဘူး "

လီဖူချန်းက မြွေခေါင်းဆောင်ရဲ့ သက်စောင့်အားဟာ အချိန်အကြာကြီး သုံးလို့ မရဘူးဆိုတာကို တွက်ဆမိ လိုက်ပါတယ်။ သည်မြွေခေါင်းဆောင်အနေနဲ့ သက်စောင့်အားကို စိတ်ကြိုက်သုံးနိုင် နေမှတော့  သေခါနီးအချိန်အထိ စောင့်မနေဘဲ အစောကြီး ကတည်းကနေ ထုတ်သုံး ပြီးလောက်ပါပြီ။

" ကျား "

လီဖူချန်းကတော့ သူ့ရဲ့ ငွေအကြေးခွံ ချပ်ဝတ်တန်ဆာကို မျက်စိမှိတ်ယုံကြည်ပြီး မြွေခေါင်းဆောင်ဆီသို့ ပြေးဝင်သွားပြန်ပါတယ်။

သူ့ကို ကြည့်ရတာက   ကံကိုယုံပြီး ဆူးပုံနင်းနေတဲ့ လူတစ်ယောက်လိုပါပဲ။

ဒါပေမဲ့ လူမိုက်ကံကောင်းဆိုတဲ့ စကားပုံကလည်း အလကား ထားခဲ့ဟန်တော့   မဟုတ်လောက်ပါဘူး။

လီဖူချန်းကို အကြိမ်အနည်းငယ် လွင့်ထွက်စေပြီးတဲ့ နောက်မှာတော့

ခေါင်းဆောင်မြွေကြီးရဲ့ သက်စောင့်အားတွေဟာ လျော့နည်းစ ပြုလာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အဝါရောင် အလင်းတန်းလွှာကလည်း အရင်လို တောက်ပနေခြင်း မရှိတာ့ပါဘူး။

" ဟား ... ဟား ... ဟား ...။ ငါက အဲဒါကို စောင့်နေတာကွ "

လီဖူချန်းကလည်း မြွေခေါင်းဆောင်ရဲ့ သက်စောင့်အင်အား လျော့နည်းလာတဲ့ အချိန်ကို အနာခံပြီး စောင့်နေတာပါ။

" သေစမ်း "

လီဖူချန်းက လေထဲကို အားကုန် ခုန်တက်လိုက်ပြီး ပြန်ကျလာတဲ့ အရှိန်နဲ့ မြွေခေါင်းဆောင်ရဲ့ ဦးခေါင်းကို အားရပါးရ ထိုးချလိုက်ပါတယ်။

ဘန်း ...

အစောပိုင်းတုန်းကတည်းက ဦးခေါင်းမှာ ဒဏ်ရာရထားတဲ့ မြွေခေါင်းဆောင်ဟာ လီဖူချန်းရဲ့ သည်လက်သီးချက်ကိုတော့ ဘယ်လိုမှ တောင့်ခံနိုင်ခြင်းမရှိဘဲ သေဆုံးသွားခဲ့ပါပြီ။

" အားယား ...  နှမြောစရာကောင်းလိုက်တဲ့  သွေးတွေကွာ "

လီဖူချန်းက ခေါင်းဆောင်မြွေကြီးရဲ့ ကိုယ်ကနေ ထွက်နေတဲ့ ဝါကျင့်ကျင့် သွေးရည်တွေကို ကြည့်နေရင်းနဲ့ နှမြောတသသ ဖြစ်နေပါတယ်။

သည်မြွေကြီးဟာ  အဆင့်၅ မိစ္ဆာသားရဲဖြစ်ပြီး  အထူးကောင်းမွန်တဲ့ သက်စောင့် အင်အားကိုလည်း ထုတ်သုံး နိုင်ပါသေးတယ်။  သည်မြွေကြီးရဲ့ သွေးအဆီအနှစ်ဟာ အဆင့်၅ အဆင့်မြင့် သားရဲတွေရဲ့ သွေးအဆီအနှစ်တွေနဲ့တောင် ယှဉ်နိုင်မှာ အသေအချာပါပဲ။ ခက်တာက  ချီအတွင်း မသုံးဘဲနဲ့တော့ လီဖူချန်းဟာ သည်မြွေကြီးရဲ့ သွေးအဆီအနှစ်တွေကို ထုတ်ယူနိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းအဖြစ်က " မြင်သာမြင်ရပြီး မကြင်ရ " ဆိုသလိုကို ဖြစ်နေတာပါ။

လီဖူချန်းတစ်ယောက်  သွေးတွေကို ကြည့်ပြီး နှမြောတသသ  ဖြစ်နေစဉ်မှာပဲ  မြက်ခင်းပြင် အလယ်မှာရှိတဲ့ ထျန်းသျှဆေးပင်ဟာ ရွှေဝါရောင် အလင်းတန်းတွေ တလက်လက် တောက်ပလာပြီး မြွေခေါင်းဆောင်ရဲ့ သွေးတွေကို စုပ်ယူလိုက်ပါတယ်။

" ဟင် သည်ထျန်းသျှ ဆေးပင်က မြွေခေါင်းဆောင်ရဲ့ သွေးအဆီအနှစ်တွေကို စုတ်ယူနေတာလား "

လီဖူချန်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါပြီ။ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ သည်ထျန်းသျှဆေးပင်ဟာ မြွေခေါင်းဆောင်ရဲ့ သွေးတွေကို သန့်စင်ပြီး သွေးအဆီအနှစ် ထုတ်ယူဖို့ လုပ်ဆောင်နေတာပါ။

အသက်ရှုချိန် အနည်းငယ် အကြာမှာတော့ ထျန်းသျှ ဆေးပင်ဟာ မြွေကြီးရဲ့ သွေးတွေကို ကုန်စင်အောင် စုပ်ယူ သွားနိုင်ခဲ့ပါပြီ။ တစ်ချိန်တည်းလိုလိုမှာပဲ  ထိုအဝါရောင် ထျန်းသျှဆေးပင်ဟာ ကျောက်သလင်း တစ်ခုလို ကြည်လင်တောက်ပ လာခဲ့ပါတယ်။

" အိုး ...  သည်ဆေးပင်က အရွယ်ရောက်ဖို့ လုပ်ဆောင်နေတာပဲ "

လီဖူချန်းက အခုမှပဲ အရာအားလုံးကို နားလည်သွားခဲ့ပါပြီ။ အစောပိုင်းက အဝါရောင် မြွေအုပ်စုကြီးဟာ သည်ထျန်းသျှဆေးပင် အရွယ်ရောက်တာကို စောင့်နေတာပါ။

လိပ်ပြာသန့်စင်ဆေးကို ဖော်စပ်ရာမှာ အရွယ်မရောက်သေးတဲ့ ထျန်းသျှဆေးပင်ကို အသုံးပြုနိုင်ပေမယ့်လည်း အရွယ်ရောက်နေတဲ့ ထျန်းသျှဆေးပင်ကို သုံးတာက ပိုဆေးစွမ်း ထက်ပါတယ်။

သည်ခရီးက လီဖူချန်းအတွက်တော့ လုံးဝ တန်သွားခဲ့ပါပြီ။

ထို့နောက်မှာတော့ လီဖူချန်းဟာ မြက်ခင်းပြင် အလယ်ကို လမ်းလျှောက် သွားလိုက်ပြီး ထျန်းသျှဆေးပင်ကို နုတ်ယူကာ ကျောက်စိမ်း သေတ္တာငယ်လေးထဲ သိမ်းဆည်းလိုက်ပါတယ်။

" ဟားဟားဟား။ ငရဲမီးမြို့ကို ပြန်လို့ ရပြီကွ "

မှိုရတဲ့ မျက်နှာကတော့ ဘယ်လိုမှန်း မသိပါဘူး။ ဒါပေမဲ့ ထျန်းသျှဆေးပင် ရလာတဲ့ လီဖူချန်းရဲ့ မျက်နှာကတော့ လုံးဝကို စပ်ဖြဲဖြဲ ဖြစ်နေပါတယ်။

သူ့အနေနဲ့ စပ်ဖြဲဖြဲ ဖြစ်မယ်ဆိုရင်လည်း ဖြစ်ချင်စရာပါပဲ။ သည်ထျန်းသျှ ဆေးပင်နဲ့သာ လိပ်ပြာသန့်စင်ဆေး ဖော်စပ်ပြီးသွားရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မိစ္ဆာချီဓာတ်တွေကို ဖယ်ရှားနိုင်မယ့်အပြင် အရိုးတည်ဆောက်ပုံကလည်း အဆင့်တက်သွားဦးမှာ မဟုတ်ပါလား။

နောက်ထပ်တစ်ရက် အကြာမှာတော့ လီဖူချန်းဟာ ယွင်ရှင်းတောင်တန်းရဲ့ နယ်နိမိတ် ထဲကနေ ထွက်လာနိုင်ခဲ့ပါပြီ။

***

-ငရဲမီး အတွင်းစည်းမြို့၊ လိုတရဆေးဆိုင် -

" သခင်လေးလီ ...။ ထျန်းသျှဆေးပင်ကို ရလာခဲ့ပြီလား"

အကြီးအကဲဟွာ လီဖူချန်းကို အံ့သြကြီးစွာဖြင့် စိုက်ကြည့်နေပါတယ်။

လီဖူချန်းက ထျန်းသျှဆေးပင်ကို ရှာဖို့ ထွက်သွားတာ ရက်ပေါင်း ဘယ်လောက်မှ  မရှိသေးပါဘူး။ ဒါပေမဲ့ အခုတော့ သူက ပြန်ရောက်လာခဲ့ပါပြီ။

ယွင်ရှင်းတောင်တန်းပေါ်မှာ ထျန်းသျှဆေးပင်တွေ တကယ်ပဲ ပေါက်ရောက် နေခဲ့တာလား။

မဖြစ်နိုင်ပါဘူး။ ဒါက လုံးဝကို မဖြစ်နိုင်တာပါ။

ကြည့်ရတာတော့ လီဖူချန်းဟာ လုံးဝကံကောင်းခဲ့တာပဲ ဖြစ်ပါမယ်။

" သခင်လေးလီ  ...။ သခင်လေးက ထျန်းသျှဆေးပင်ကို ရခဲ့ပြီဆိုတော့ လျှို့ဝှက်ဆန်းကြယ် သခင်ယန်ရဲ့ စံအိမ်ကို သွားကြရအောင် "

အကြီးအကဲဟွာက ပြုံးပြီး ပြောလိုက်ပါတယ်။

"  သွားကြတာပေါ့ဗျာ "

******

လျှို့ဝှက်ဆန်းကြယ် သခင်ယန်ရဲ့ စံအိမ်ကတော့  အတွင်းစည်းမြို့ရဲ့ အဓိက လမ်းမကြီးပေါ်မှာ တည်ရှိနေတာပါ။

ငရဲမီးလမ်းမကြီးဟာ  ငရဲမီးမြို့ရဲ့ နံပါတ်တစ် လမ်းမကြီးပဲ ဖြစ်ပါတယ်။ သည်လမ်းမကြီးရဲ့  အတွင်းပိုင်း ထဲမှာတော့  မြေအောက်က မီးလျှံချီတွေကို စုပ်ယူပြီး ဆေးဖော်စပ်နိုင်စေရန် ရည်ရွယ်ချက်နဲ့  အမျိုးမျိုးသော မီးလျှံဝင်္ကပါ အစီအရင်တွေကိုလည်း ခင်းကျင်း ထားပါသေးတယ်။

သည်နေရာမှာ နေထိုင်ကြသူတွေဟာ မြေကမ္ဘာအဆင့် ဆေးဖော်စပ်သူတွေပါပဲ။ လျှို့ဝှက်ဆန်းကြယ် ဆရာသခင်ယန် ဟာလည်း ထိုသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ မြေကမ္ဆာအဆင့် ဆေးဖော်စပ်သူတွေထဲမှာ အကျော်ကြားဆုံး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

အချိန်တိုလေး အတွင်းမှာပဲ လီဖူချန်းတို့ နှစ်ယောက်ဟာ လျှို့ဝှက်ဆန်းကြယ် သခင်ယန်ရဲ့ စံအိမ်ကို ရောက်လာခဲ့ပါတယ်။

ဒါက ဟက်တာ အနည်းငယ် ကျယ်ဝန်းတဲ့ ခြံဝင်းကျယ်ကြီး တစ်ခုပါပဲ။

( note - ၁ ဟက်တာမှာ စတုရန်းမီတာ တစ်သောင်း ရှိပါတယ်။ ဧကနဲ့ ဆိုရင်တော့ ၂.၄၇၁ ဧက ကျယ်ဝန်းပါတယ်။ )

ငရဲမီးမြို့ရဲ့ အတွင်းစည်းမြို့ထဲမှာ သည်လို ခြံဝင်းကျယ်ကြီး တစ်ခု ပိုင်ဆိုင်ထားနိုင်ဖို့ ဆိုတာက လွယ်တော့ မလွယ်ပါဘူး။ သည်အချက်နဲ့တင် လျှို့ဝှက်ဆန်းကြယ် သခင်ယန်တစ်ယောက် ဘယ်လောက်အထိ ချမ်းသာကြွယ်ဝသလဲ ဆိုတာကို ခန့်မှန်းသိရှိ နိုင်ပါတယ်။

ထိုနောက်မှာတော့ သခင်ယန်ရဲ့  အိမ်ထိန်းကြီး ဦးဆောင်မှုနဲ့အတူ လီဖူချန်းနဲ့ အကြီးအကဲ ဟွာတို့ဟာ  ဆေးဥယျာဉ်လေး တစ်ခုဆီသို့  ရောက်လာခဲ့ပါပြီ။

"သခင်ကြီးခင်ဗျား ...။ အကြီးအကဲဟွာ ရောက်လာခဲ့ပါပြီ "

အိမ်ထိန်းကြီးက ဆေးဥယျာဉ် အဝကနေပြီး သခင်ယန်ကို အသိပေးလိုက်ပါတယ်။

" ဝင်လာခဲ့ "

သြဇာအရှိန်အဝါ ကောင်းလှတဲ့ အသံတစ်ခုဟာ ဆေးဥယျာဉ်ထဲကနေ  ထွက်ပေါ်လာတယ်။

" ကျေးဇူးပြုပြီး ကြွပါ "

အိမ်ထိန်းကြီးက လီဖူချန်းတို့ကို အရိုအသေပေးပြီး ဆေးဥယျာဉ်ထဲသို့ ညွှန်ပြလိုက်ပါတယ်။

ဆေးဥယျာဉ်အထဲမှာ ရှိနေသူကတော့ လျှို့ဝှက်ဆန်းကြယ် သခင်ယန်ပါပဲ။ သူက ဆေးတစ်မျိုးကို ဖော်စပ်နေပုံ ရပါတယ်။

သခင်ယန်ဟာ အသက်၄၀ ဝန်းကျင်လို့ ထင်မှတ်ရပေမယ့်လည်း သူ့ရဲ့ မျက်လုံးထဲက ဉာဏ်ပညာကြီးမားတဲ့ အငွေ့အသက်တွေ အရဆိုရင်တော့ အသက်၇၀ မကလောက်တော့ပါဘူး။

ပြီးတော့ လီဖူချန်း ခံစားမိသလောက်ဆိုရင် သခင်ယန်ဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅ကို ရောက်နေပါပြီ။ ဒါက ဆေးဖော်စပ်သူတွေလို ကျင့်ကြံမှုအချိန် နည်းပါးတဲ့ ပညာရှင်တွေ အဖို့ကတော့  တကယ့်ကို မြင့်မားလှတဲ့  အဆင့်တစ်ခုပါပဲ။

" မင်္ဂလာပါ သခင်ယန် "

အကြီးအကဲဟွာနဲ့ လီဖူချန်းတို့ နှစ်ယောက်ဟာ လက်နှစ်ဖက် ဆုပ်လိုက်ပြီး  လျှို့ဝှက်ဆန်းကြယ် သခင်ယန်ကို အရိုအသေ ပေးလိုက်ပါတယ်။

လျှို့ဝှက်ဆန်းကြယ် သခင်ယန်က အကြီးအကဲဟွာကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး လီဖူချန်းဘက် လှည့်လိုက်ကာ

" မင်းက လိပ်ပြာသန့်စင်ဆေး လိုချင်တယ်ဆိုတဲ့ တစ်ယောက်လား "

" ဟုတ်ပါတယ် ခင်ဗျာ "

လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပါတယ်။

" ဒါဆို မင်းက ငါ့ရဲ့တောင်းဆိုမှုတွေကို သိထားပြီးပြီပေါ့။ ကဲ  ... မင်းရလာတဲ့ ထျန်းသျှဆေးပင်ကို ပြကြည့်ပါဦး "

လျှို့ဝှက်ဆန်းကြယ် သခင်ယန်က တည့်တိုး ပြောတတ်သူ တစ်ယောက် ဖြစ်ပုံပါပဲ။ သူက စကားကို ဝေ့ဝိုက်ပြီး ပြောမနေဘဲ လိုရင်းကိုသာ ပြောလိုက်ပါတယ်။

" ဟုတ်ကဲ့ "

လီဖူချန်းက ကျောက်စိမ်း သေတ္တာလေးတစ်ခုကို ထုတ်ယူလိုက်ပြီး အိမ်ထိန်းကြီးကနေ တစ်ဆင့်  လျှို့ဝှက်ဆန်းကြယ် သခင်ယန်ကို အပ်လိုက်ပါတယ်။

ကျောက်စိမ်းသေတ္တာကို ဖွင့်ကြည့်အပြီးမှာတော့ သခင်ယန်ရဲ့ မျက်နှာပေါ်မှာ ကျေနပ်အားရတဲ့ အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပါပြီ။

" မဆိုးဘူး။ ဒါက အရွယ်ရောက်နေတဲ့ ထျန်းသျှဆေးပင်ပဲ။ သည်ဆေးပင်နဲ့ ဆိုရင်တော့ လိပ်ပြာသန့်စင်ဆေးဟာ ပိုပြီး အရည်အသွေး ကောင်းလာနိုင်တယ် "

အမျိုးအစားတူညီတဲ့ ဆေးလုံးတွေမှာလည်း အရည်အသွေးကို လိုက်ပြီး အဆင့်ခွဲထား ပါသေးတယ်။

ဈေးကွက်ထဲမှာ ရှိနေတဲ့ ဆေးတွေဟာ ယေဘုယျအားဖြင့် အဆင့်နိမ့်   ဆေးတွေပါပဲ။ ဒါပေမဲ့ လီဖူချန်းကတော့ အတော်လေး ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အတွက် လိပ်ပြာသန့်စင်ဆေးကို လျှို့ဝှက်ဆန်းကြယ် သခင်ယန်က သီးသန့် ဖော်စပ်ပေးမှာ ဖြစ်နေလို့ပါပဲ။ ပြီးတော့ သူယူလာတဲ့ ထျန်းသျှဆေးပင်ဟာလည်း အရွယ်ရောက်နေပြီ ဖြစ်တဲ့အတွက် အတော်လေး အရည်အသွေး ကောင်းနေပါသေးတယ်။

" နောက်ထပ် ၅ရက်ကြာမှ  မင်းရဲ့ လိပ်ပြာ သန့်စင်ဆေးကို ပြန်လာယူလိုက် "

စကားဆုံးတာနဲ့ တစ်ပြိုင်နက်  သခင်ယန်ဟာ လှည့်ထွက်သွားခဲ့ပါပြီ။

လီဖူချန်းကတော့ သခင်ယန်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စိတ်ဆိုးဒေါသ ထွက်နေခြင်း မရှိပါဘူး။

ဆေးဖော်စပ်တဲ့ ပညာရှင်တွေဟာ စကားများများ ပြောရတာ  မကြိုက်ဘူးဆိုတာကို  လူတိုင်းနီးပါး သိထားပြီးသားပါပဲ။ သည်လောက်အထိ စကားလက်ခံ ပြောသွားတာကိုက ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါ။

ထို့နောက်မှာတော့ အကြီးအကဲဟွာနဲ့ လီဖူချန်းတို့ဟာ လိုတရ ဆေးဆိုင်ကို  ပြန်ရောက် လာခဲ့ပါပြီ။

" အကြီးအကဲဟွာ  ...။ ကျွန်တော့်ကို ခန္ဓာကိုယ် သန့်စင်ဆေး တော်တော်များများ   ပြီးတော့ ကူးစွေချင်းကျင်ဆေး နဲ့ ရွှယ်ရိလင်ဆေး တစ်ပုလင်းစီ ရောင်းပေးပါဦး "

ယွင်ရှင်း တောင်တန်းဆီသို့ သွားတဲ့ ခရီးလမ်းမှာ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက်နဲ့ တိုက်ခိုက်ရတဲ့အပြင် အဝါရောင် မြွေအုပ်ကြီးရဲ့ ခေါင်းဆောင်နဲ့လည်း တိုက်ခိုက်ခဲ့ရ ပါသေးတယ်။ အဲသည်အတွက် သူ့ရဲ့ ဆင်နဂါးစွမ်းအင်အမျှင် ၁၀၀၀ လောက်ဟာ ကုန်ခန်းသွားခဲ့ပါပြီ။ အဲသည်အတွက် သူ့အနေနဲ့ ခန္ဓာကိုယ် သန့်စင်ဆေးတွေကို သုံးပြီး ကုန်ခန်းသွားတဲ့ ဆင်နဂါး စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်း ရပါမယ်။

ခန္ဓာကိုယ် အပြင်အားကိုသာ အသုံးပြုနေရတဲ့ လီဖူချန်းဟာ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ရဲ့ သဘော သဘာဝတွေကို အတော်လေး နားလည်နေခဲ့ပါပြီ။

ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေအတွက် ခန္ဓာကိုယ် သန့်စင်ဆေးတွေ အများကြီး လိုအပ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေဟာ တိုက်ပွဲတစ်ပွဲကို အချိန်အကြာကြီး တိုက်ခိုက်လို့ မရပါဘူး။

ကူးစွေချင်းကျင်ဆေး တစ်ပုလင်း၊ ရွှယ်ရိလင်ဆေး တစ်ပုလင်းနဲ့ ခန္ဓာကိုယ် သန့်စင်ဆေးတွေ အတွက် လီဖူချန်းဟာ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၃၀၀ ပေးလိုက်ရပါတယ်။

လီဖူချန်းဟာ အနာဂတ်မှာ ရင်ဆိုင်ရမယ့် တိုက်ပွဲတွေအတွက်ပါ ကြိုတွေးပြီး ခန္ဓာကိုယ် သန့်စင်ဆေး ဝိညာဉ်ကျောက်တုံး ၂၄၀ဖိုး ဝယ်လိုက်တာ ဆိုရင်လည်း မမှားပါဘူး။

***

All Chapters