← Chapters

ကြယ်၃ပွင့် အရိုးတည်ဆာက်ပုံ

Vol. 28 Ch. 372

ကြယ်၃ပွင့် အရိုးတည်ဆာက်ပုံ

Vol. 28 Ch. 372

သည်လိုနဲ့ပဲ အချိန်၅ရက်ဟာ လျင်မြန်စွာနဲ့ ကုန်ဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့ ဆင်နဂါး စွမ်းအမျှင်တွေဟာ အရေအတွက်၂၀၀၀ ပြည့်သွားပြီ ဖြစ်တဲ့အပြင် လျှို့ဆန်းကြယ် သခင်ယန် ပြောထားတဲ့ ရက်ချိန်း၅ရက်ဟာလည်း ပြည့်သွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ  လျှို့ဝှက်ဆန်းကြယ် သခင်ယန်ရဲ့ စံအိမ်ဆီသို့ ထွက်လာခဲ့ပါတယ်။

- သခင်ယန်ရဲ့  ဆေးဥယျာဉ် -

လျှို့ဝှက်ဆန်းကြယ် သခင်ယန်ကလည်း လီဖူချန်းအလာကို စောင့်မျှော်နေပုံပါပဲ။

လီဖူချန်းကို မြင်တာနဲ့ တစ်ပြိုင်နက် သခင်ယန်ဟာ  အားရပါးရ ရယ်မောလိုက်ပြီး  မေးလိုက်ပါတယ်။

" ကောင်လေး ...။ မင်းက တကယ်ကို ကံကောင်းတာပဲကွ။ သည်တစ်ခေါက် ငါဖော်စပ် လိုက်တဲ့  လိပ်ပြာ သန့်စင်ဆေးက  ဘယ်အဆင့် ဖြစ်မလည်း ဆိုတာကို မင်းခန့်မှန်း ကြည့်စမ်း "

လီဖူချန်းက တစ်ချက် စဉ်းစားဟန် ပြုလိုက်ပြီး

" ဆရာကြီး သည်လောက် ပျော်နေပုံ ထောက်ရင်တော့ အထွတ်အထိပ် အဆင့်များလား "

လီဖူချန်းက ငတုံး တစ်ယောက် မဟုတ်ပါဘူး။ သူက လျှို့ဝှက်ဆန်းကြယ် သခင်ယန်ရဲ့ မျက်နှာ အနေအထားကို ကြည့်လိုက်တာနဲ့  ဆေးလုံး အဆင့်အတန်းကို  ခန့်မှန်း လိုက်နိုင်ပါတယ်။ သည်ဆေးက လုံးဝသေချာပေါက် အထွတ်အထိပ် အဆင့်ပါပဲ။

" အေး ...  မင်းခန့်မှန်းတာ မှန်တယ်။ သည်တစ်ကြိမ်က  အထွတ်အထိပ်အဆင့် ဆေးကို ငါ့ဘဝမှာ  ဒုတိယ အကြိမ်မြောက် ဖော်စပ်နိုင်တာပဲ။ မင်းကတော့ လုံးဝ တန်သွားပြီ "

" ရော့ "

လျှို့ဝှက်ဆန်းကြယ် သခင်ယန်က လီဖူချန်းကို ဆေးပုလင်းတစ်လုံး ပစ်ပေးလိုက်ပါတယ်။

လီဖူချန်းကလည်း တုံ့ဆိုင်းနေခြင်း အလျင်း မရှိပါဘူး။ သူက ဆေးပုလင်းအဖုံးကို အလျင်အမြန် ဖွင့်လိုက်ပြီး စစ်ဆေးလိုက်ပါတယ်။

" ဟား ...  မွှေးလိုက်တာကွာ "

နွေးထွေးပြီး နှစ်လိုဖွယ် ကောင်းတဲ့ ဆေးနံ့လေးတစ်ခုဟာ သူ့ရဲ့ နှာခေါင်းထဲသို့ တိုးဝင် လာခဲ့ပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ထဲက ဆင်နဂါး စွမ်းအင်တွေတောင်မှ ပိုပြီး တိုးပွားလာသလိုပါပဲ။

" ဒါက အထွတ်အထိပ် အဆင့် ဆေးပဲ "

လီဖူချန်းက ဝမ်းသာအားရ ရေရွတ်လိုက်ပါတယ်။

ခန္ဓာကိုယ်ထဲက မိစ္ဆာဓာတ်တွေကို ဖယ်ရှားပေးပြီး  အရိုး တည်ဆောက်ပုံကို မြှင့်တင်ပေးတဲ့ ဆေး။ သည်ဆေးနဲ့ ဆိုရင်တော့ အနာဂတ် သူ့ရဲ့ကျင့်ကြံမှုနှုန်းဟာ ပိုပြီး မြန်ဆန်လာတော့မှာပါ။

" ကောင်လေး  ...။ အချိန်တွေ ဆွဲမနေနဲ့။ ငါ့ကိုပေးရမယ့် ဝိညာဉ် ကျောက်တုံးတွေ မြန်မြန်ပေး "

လျှို့ဝှက်ဆန်းကြယ် သခင်ယန်က စိတ်မရှည်တော့တဲ့ ပုံပါပဲ။

" ဟုတ်ကဲ့ ...။ သည်မှာပါ ဆရာကြီး "

လီဖူချန်းက သူ့ရဲ့သိုလှောင်အိတ်ထဲက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး၅၀၀ကို အလျင်အမြန် ထုတ်ယူပြီး လျှို့ဝှက်ဆန်းကြယ် သခင်ယန်ကို ပေးလိုက်ပါတယ်။

" သွားတော့  ...။ ငါ့မှာ အလုပ်တွေ အများကြီး ရှိသေးတယ် '

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ကို ရပြီးတဲ့နောက်မှာတော့ လျှို့ဝှက်ဆန်းကြယ် သခင်ယန်ဟာ လီဖူချန်းကို သူ့စံအိမ်ထဲကနေ မောင်းထုတ်လိုက်ပါတော့တယ်။

လျှို့ဝှက်ဆန်းကြယ် သခင်ယန်ဟာ ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှု မရှိတဲ့ လူတစ်ယောက် ပါပဲ။  အဲသည်အချက်ကိုတော့ လီဖူချန်းဟာ ကောင်းကောင်းကြီး ရိပ်မိပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ဆန်းကြယ်အထွတ်အထိပ် လိပ်ပြာသန့်စင်ဆေးဟာ ဈေးကွက် ထဲမှာဆိုရင် အနည်းဆုံးအနေနဲ့  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ကျော် ပေးရမှာပါ။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ် သခင်ယန်ကတော့  အဲသည်ဈေးနှုန်းကို ဂရုစိုက်ပုံ ဂရုစိုက်ပုံ မရပါဘူး။  သူက လိပ်ပြာ သန့်စင်ဆေးကို အကောင်းဆုံး ဖော်စပ်ပေးခဲ့တဲ့ အပြင် ဈေးနှုန်းကိုလည်း သူပြောထားတဲ့ အတိုင်းပဲ ယူပေးခဲ့ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူတည်းခိုရာ မိတ်သဟာ တည်းခိုခန်းသို့  အလျင်အမြန် ပြန်လာခဲ့ပါတယ်။

သူက အထွတ်အထိပ် အဆင့် ဖြစ်တဲ့ သည်လိပ်ပြာသန့်စင်ဆေးကို သောက်သုံးဖို့ အတွက် လုံးဝ မစောင့်နိုင်တော့ပါဘူး။

သူတည်းခိုရာ အခန်းသို့ ပြန်ရောက်လာပြီး နောက်မှာတော့ လီဖူချန်းဟာ တံခါးကို သေသေချာချာ ပိတ်လိုက်ပြီး လိပ်ပြာ သန့်စင်ဆေးကို သောက်သုံးဖို့ အတွက် ပြင်ဆင်ပါတော့တယ်။

" အင်း ...  သည်ဆေးက ငါမျှော်လင့်ထားတဲ့အတိုင်း အစွမ်းပြနိုင်ပါစေကွာ "

" ဂလု "

ထို့နောက်မှာတော့ လီဖူချန်းဟာ လိပ်ပြာသန့်စင်ဆေးကို တစ်ကျိုက်တည်း သောက်ချ ပစ်လိုက်ပါပြီ။

လိပ်ပြာ သန့်စင်ဆေးရဲ့ ဆေးစွမ်းကတော့ သိပ်ပြီး  မပြင်းထန်လှပါဘူး။ သည်ဆေးရဲ့ ဆေးစွမ်းပြပုံက ညင်သာ လွန်းလှပါတယ်။

ရှဲရှဲရှဲ ...

ကလစ်  ...  ကရိ ကရိ  ...  ကျွိ

ဆေးသောက်ပြီး အချိန်အနည်းငယ် အကြာမှာပဲ လီဖူချန်းရဲ့ အရိုးအဆစ်တွေဟာ အသံပေါင်းစုံ မြည်လာခဲ့ပါပြီ။ ကြည့်ရတာတော့ လိပ်ပြာသန့်စင်ဆေးက  လီဖူချန်းရဲ့ အရိုးတွေထဲမှာ စိမ့်ဝင်နေတဲ့ မိစ္ဆာဓာတ်တွေကို သန့်စင်ပေးနေတဲ့ ပုံပါပဲ။

တစ်စက္ကန့် ...   နှစ်စက္ကန့် ...  သုံးစက္ကန့် ...

လိပ်ပြာသန့်စင်ဆေးရဲ့ ဆေးစွမ်းကတော့ လုံးဝ အံ့မခန်းပါပဲ။ ဆယ်စက္ကန့်အတွင်းမှာတင် လီဖူချန်းရဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ မိစ္ဆာဓာတ်အားလုံးဟာ ပျက်ပြယ် သွားခဲ့ပါပြီ။

" ကောင်းလိုက်တဲ့ ဆေးကွာ "

လီဖူချန်းက လိပ်ပြာ သန့်စင်ဆေးကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။ သူက သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ မိစ္ဆာဓာတ် အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ်။ ရွှယ်ရှီး ဆေးလုံးကနေ ဖြစ်တည်လာတဲ့ မိစ္ဆာဓာတ်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ နက်ရှိုင်းစွာ စိမ့်ဝင်နေတာပင်  မဟုတ်ပါလား။

ရွှယ်ရှီးဆေးလုံးကိုလည်း အထင်သေးလို့ မရပါဘူး။ လီဖူချန်းရဲ့ ဆင်နဂါး စွမ်းအား အမျှင်တွေဟာ သည်ရွှယ်ရှီးဆေးလုံးကြောင့်သာ  အရေအတွက်  အနည်းငယ်ကနေ အရေအတွက် ၁၅၀၀ အထိ ရောက်သွားခဲ့တာပါ။ သည်ဆေးလုံးဟာ မြေကမ္ဘာ အဆင့်နိမ့်ဆေးလုံး မဟုတ်ပေမယ့်လည်း အကြိုမြေ ကမ္ဘာအဆင့် ဆေးလုံးလို့  သတ်မှတ်နေနိုင်ပါပြီ။

အဲသည်အချက်နဲ့တင် ဆေးလုံးကနေ ဖြစ်တည် လာတဲ့ မိစ္ဆာဓာတ်တွေကို ခန့်မှန်း သိရှိ နိုင်ပါတယ်။ ဒါပေမဲ့လည်း အခုတော့ အဲသည် မိစ္ဆာဓာတ်တွေဟာ လိပ်ပြာသန့်စင်ဆေး တန်ခိုးနဲ့ ပျက်ပြယ် သွားခဲ့ပါပြီ။

အဲဒါနဲ့တင် လိပ်ပြာသန့်စင်ဆေးရဲ့ အစွမ်းက မပြီးသေးပါဘူး။ လိပ်ပြာသန့်စင်ဆေးက လီဖူချန်းရဲ့ ဆင်နဂါး စွမ်းအားတွေကိုလည်း တိုးတက်လာစေ ပါသေးတယ်။

ဆင်နဂါး စွမ်းအင်အမျှင် ၂၁၀၀ ... ၊ စွမ်းအင်အမျှင် ၂၂၀၀ ...၊ စွမ်းအမျှင် ၂၅၀၀ ...။

လိပ်ပြာသန့်စင်ဆေးရဲ့ အစွမ်းကတော့ တကယ့်ကို လက်ဖျားခါစရာပါပဲ။ အချိန်တိုလေး အတွင်းမှာတင် လီဖူချန်းရဲ့ ဆင်နဂါးစွမ်းအင် အမျှင်ဟာ အရေအတွက် ၂၅၀၀ အထိကို ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့   ဆင်နဂါးစွမ်းအင်တွေဟာ အရေအတွက် ၂၅၀၀မှာတင် ရပ်တန့်မနေဘဲ  ဆက်လက်ပြီး တိုးပွား နေပါသေးတယ်။

တစ်ချိန်တည်းလိုလိုမှာပဲ သူ့ရဲ့ အသွေးအသားတွေကလည်း ပြောင်းလဲနေခဲ့ပါပြီ။

" အား  ...  နာလိုက်တာ "

လီဖူချန်းက ညည်းတွား လိုက်ပါတယ်။ လီဖူချန်းဟာ သူ့ရဲ့ အရိုးတွေကို ပုရွက်ဆိတ် ထောင်ပေါင်းများစွာ ကိုက်ခဲနေသလို နာကျင်ခံစား ရလာပြီ။

သည်နာကျင်မှုက သူ ခုနစ်ရောင်ခြယ် စပျစ်သီးကို စားတုန်းကနဲ့ အတူတူပါပဲ။

" ငါ့ရဲ့ အရိုးတည်ဆောက်ပုံက စတင်ပြောင်းလဲနေပြီ "

လီဖူချန်းက နာကျင်မှုတွေကို ခံစားနေရပေမယ့်လည်း စိတ်ထဲမှာတော့ ပျော်နေပါတယ်။

အရိုး တည်ဆောက်ပုံဆိုတာ ကျင့်ကြံခြင်းအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ အရိုး တည်ဆောက်ပုံ ကောင်းလာလေလေ သူ့ရဲ့ ကျင်ကြံမှုနှုန်းက မြန်လာလေလေပါပဲ။

လီဖူချန်း အတွက်ကတော့ သည်နာကျင်မှုဟာ သိပ်ပြီး မပြောပလောက်ပါဘူး။ သည်နာကျင်မှု လောက်ကိုတော့ သူဟာ အေးအေးဆေးဆေး တောင့်ခံ ထားနိုင်ပါတယ်။ အနာခံမှ အသားစံ ရမည်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိနေသေးတာပင်  မဟုတ်ပါလား။

အချိန်တွေ ဘယ်လောက်တောင် ကြာသွားမှန်း မသိတော့ပါဘူး။ နောက်ဆုံးမှာတော့ လီဖူချန်း ခံစားနေရတဲ့ နာကျင်မှုတွေဟာ တဖြည်းဖြည်း လျော့ပါးလာခဲ့ပါပြီ။ ကြည့်ရတာတော့ အရိုးတည်ဆောက်ပုံ အဆင့်တက်ခြင်း ဖြစ်စဉ်က ပြီးဆုံးခါနီးလာတဲ့ ပုံပါပဲ။

"ဟူး ...  နောက်ဆုံးတော့လည်း င့ါ့ရဲ့ အရိုးတည်ဆောက်ပုံ ပြောင်းလဲခြင်းက ပြီး ...  အား ...   မပြီးသေးဘူးလားဟ "

လီဖူချန်းက သူ့ရဲ့ အတွေးတွေကိုတောင် ကောင်းကောင်း မတွေးလိုက်ရပါဘူး။ သူ့ရဲ့ အရိုးထဲက နာကျင်မှုတွေဟာ နောက်ထပ် တစ်ကြိမ် ပြန်ဖြစ်လာခဲ့ပါတယ်။ သည်တစ်ကြိမ်ကတော့ အရင်အကြိမ်တွေ ထက်ကို ပိုနာနေတာ အမှန်ပါပဲ။

" ငါ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ဖြစ်လာတော့မှာပဲ "

လီဖူချန်းက နာကျင်မှုတွေကို အံကျိတ် ခံနေရင်းနဲ့ ခပ်ယဲ့ယဲ့လေး ပြုံးလိုက် မိပါသေးတယ်။

လိပ်ပြာသန့်စင်ဆေးက လူတစ်ယောက်ရဲ့ အရိုး တည်ဆောက်ပုံကို တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်တိတိ မြှင့်ပေးနိုင်ရင် နိုင်ပေးပါမယ်။ ဒါပေမဲ့ အရိုးတည်ဆောက်ပုံကို နှစ်ဆင့်တိတိ မြှင့်တင် ပေးတယ်ဆိုတာ သဘောတရား အရပါပဲ။ သည်လို ဖြစ်လာတဲ့သူက လူပေါင်း တစ်သောင်းမှာတောင် တစ်ယောက် မရှိပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ ကံကောင်းထောက်မပြီး အရိုးတည်ဆောက်ပုံ နှစ်ဆင့်တိတိကို မြှင့်တက် သွားခဲ့ပါပြီ။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်း ခံစားနေရတဲ့ နာကျင်မှုတွေဟာ လျော့ပါး လာခဲ့ပါတယ်။

" ဟူး ...။ နောက်ဆုံးတော့ ငါ့ရဲ့ အရိုး တည်ဆောက်ပုံက ကြယ်၃ပွင့် အဆင့် ဖြစ်သွားပြီပဲ "

အခုမှပဲ လီဖူချန်းတစ်ယောက် သက်ပြင်း ချနိုင်ပါတော့တယ်။ ကြယ်၃ပွင့် အရိုး တည်ဆောက်ပုံ ကို ရောက်သွားပြီးတဲ့ နောက်မှာတော့ လိပ်ပြာသန့်စင်ဆေးရဲ့ အစွမ်းတွေဟာ ဆက်ပြီး မပြတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သည်ဆေးဟာ  ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ အောက်က လူတွေအပေါ်မှာသာ အကျိူးသက်ရောက်မှု ရှိနေလို့ပါပဲ။

နာကျင်မှုတွေ လုံးဝ ပျောက်သွားပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ အသိစိတ် အာရုံနဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဆန်းစစ်လိုက်ပါတယ်။

အံ့သြစရာပါပဲ။ သူ့ရဲ့ ဆင်နဂါးစွမ်းအင် အမျှင်တွေဟာ အရေအတွက် ၃၀၀၀ကို ရောက်နေခဲ့ပါပြီ။

ဆင်နဂါး စွမ်းအင်အမျှင် ၃၀၀၀။

ဆင်နဂါး စွမ်းအင်အမျှင် ၃၀၀၀က လီဖူချန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပိုက်ကွန် တစ်ခုသဖွယ် လွှမ်းခြုံ နေပါတယ်။ သည်စွမ်းအင် အမျှင်တွေဟာ သူ့ရဲ့ အရိုးတွေနဲ့ အသွေးအသားတွေထဲ အထိကိုပါ ယှက်သိုင်းနေတာပါ။

သည်ဆင်နဂါးစွမ်းအင် အမျှင် ၃၀၀၀နဲ့ ဆိုရင်တော့ လီဖူချန်းဟာ အဆင့်၄ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်နဲ့တောင်မှ လင်ရည်တူ ယှဉ်နိုင်နေပါပြီ။ တကယ်လို့ သတ္တုရိုး လက်သီးပါ ထုတ်သုံးလိုက်မယ် ဆိုရင်တော့ သူဟာ အဆင့်၅ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ကိုတောင် ယှဉ်နိုင်လောက်ပါတယ်။

" အဆင့်နိမ့်  ဝိညာဉ်ကျောက်တုံး၅၀၀ သုံးလိုက်ရတာက တကယ် တန်တာပဲ "

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ သုံးလိုက်တာနဲ့ သူ့ရဲ့ အစွမ်း နောက်တစ်ဆင့် တက်သွားတာက တကယ်ကို ကျေနပ်စရာပါပဲ။ သည်အကြောင်းကိုသာ အခြားသူတွေ သိသွားရင်တော့  လီဖူချန်း မနာလိုနေတော့မှာပါ။ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီးတဲ့ ပညာရှင်တွေဟာ နောက်ထပ် အဆင့်တစ်ဆင့် တက်ဖို့အတွက် အလွန်ပင် ခဲယဉ်းလွန်းလှတာ မဟုတ်ပါလား။

" ရေစီးကြောင်းမြို့ကို ပြန်ဖို့ အချိန်တန်ပြီ "

ထို့နောက်မှာတော့ လီဖူချန်းဟာ  ရေစီးကြောင်းမြို့ကို ပြန်ဖို့အတွက် ဆုံးဖြတ် လိုက်ပါတော့တယ်။

ဘာလိုလိုနဲ့ သူ သည်ငရဲမီးမြို့ကို ရောက်နေတာဟာ တစ်လကျော်တောင် ကြာသွားခဲ့ပါပြီ။ တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားသစ် လက်ခံမယ့် အချိန်ဟာလည်း တစ်စထက် တစ်စ နီးကပ်လာပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ လျိုကလန်ကို အမြန်ပြန်မှ ရပါတော့မယ်။ လျိုယန်ကလည်း  သူ့ကို  တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်သို့ အတူတူ သွားဖို့အတွက်  တောင်းဆိုထားတာ မဟုတ်ပါလား။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်သို့ ဝင်ရောက်ရမယ့် ကိစ္စဟာ လီဖူချန်းရဲ့ ဦးစားပေး ကိစ္စ ဆိုရင်လည်း မမှားပါဘူး။

လျိုယန်ရဲ့ ပြောစကားအရ ဆိုရင်တော့ ကျောင်းသား တစ်ယောက်ဟာ အရမ်းထူးချွန်နေရင် သိုင်းတက္ကသိုလ်က မြေကမ္ဘာအဆင့် ပညာရပ်တွေကို လေ့ကျင့်ခွင့် ပေးပါတယ်တဲ့။  လီဖူချန်းက မြေကမ္ဘာ အဆင့် အတွင်းအား ပညာရပ်တစ်ခုကို လေ့ကျင့်ခွင့်ရဖို့ အတွက် သည်သိုင်းတက္ကသိုလ်ကို မဖြစ်မနေ တက်ရောက်ဖို့ လိုအပ်ပါတယ်။ မြေကမ္ဘာအဆင့် အတွင်းအား ပညာရပ်နဲ့မှသာ သူ့ကိုယ်ထဲမှာ ရှိနေတဲ့ မီးလျှံချီတွေကို ဖယ်ရှားနိုင်မှာပါ။

နောက်ထပ် တစ်ရက်အကြာမှာတော့ လီဖူချန်းက ငရဲမီးမြို့ကနေ ထွက်ခွာ သွားခဲ့ပါပြီ။

***

- ရေစီးကြောင်းမြို့၊ လျိုကလန်  ပင်မခန်းဆောင် -

" လီဖူချန်း ...။ နောက်ဆုံးတော့ နင်ပြန်လာပြီပေါ့ ... "

လီဖူချန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လျိုယန်က အပြေးအလွှား နှုတ်ဆက် လိုက်ပါတယ်။ လျိုယန်က လီဖူချန်း   တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသား တစ်ယောက်  ဖြစ်မလာမှာကို အတော်လေး စိတ်ပူနေတာပါ။  တောင်ပိုင်း တောအုပ် သိုင်းက္ကသိုလ်ရဲ့ ကျောင်းသားသစ် လက်ခံမဲ့ အချိန်ကလည်း တစ်လလောက်တောင် မလိုတော့ပါဘူး။ တော်သေး တာက လီဖူချန်းဟာ လျိုကလန်ကို အချိန်မီ ပြန်ရောက်လာတာပါပဲ။

လီဖူချန်းက ပြုံးလိုက်ပြီး လျိုယန်ကို ပြောလိုက်ပါတယ်။

"  ငါပြန်လာမယ်လို့ နင့်ကို ကတိပေးခဲ့တယ်လေ။ ငါက ကတိမတည်တဲ့လူလို့ နင်ထင်နေတာလား ... "

လျိုကျန်းကလည်း    စကားဝိုင်းထဲကို ဝင်လာခဲ့ပါတယ်။ သူက လေးနက် တည်ကြည်စွာဖြင့်

" ယန်အာ ...။ လီဖူချန်းလည်း ပြန်ရောက်လာပြီဆိုတော့   တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို သွားဖို့ ပြင်ဆင်ထားတော့။ အဖေကိုယ်တိုင် မင်းတို့ နှစ်ယောက်ကို လိုက်ပို့မယ် "

" ဖေဖေ ...။ သမီးတို့ရဲ အဘေးက တံခါးပိတ် ကျင့်ကြံနေတုန်းပဲ ရှိသေးတာလေ။  လျိုကလန်က အဖေ့ကို လိုအပ် နေသေးတယ်။ သမီးတို့ကို လိုက်မပို့ပါနဲ့တော့။ သမီးတို့ နှစ်ယောက်တည်း နဲ့လည်း ရပါတယ် "

လျိုယန်က  လျိုကျန်းရဲ့ စကားကို လက်မခံပါဘူး။

လျိုကျန်းကလည်း  ခေါင်းခါလိုက်ပြီး

" မဟုတ်သေးဘူး ယန်အာ ...။ ပြီးခဲ့တဲ့ တစ်ခေါက်က သမီးကို လူတစ်ချို့က ချုံခို တိုက်ခိုက် ခဲ့တယ်လေ။ အဲသည်လူတွေက လက်လျော့ဦးမှာ မဟုတ်ဘူး "

သည်ရာစုနှစ် အတွင်းမှာဆိုရင် လျိုကလန်ဟာ ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ကိုသာ ပိုင်ဆိုင်နိုင်ခဲ့တာပါ။ အဲသည်သူကတော့ လျိုယန်ပါပဲ။ အဲသည် အတွက် လျိုကျန်းဟာ သူ့ရဲ့ သမီးဖြစ်သူရဲ့  လုံခြုံရေးကို အရမ်းစိုးရိမ် နေပါတယ်။

လီဖူလျန်းကလည်း သည်အတိုင်း မနေနိုင်တော့ပါဘူး။ သူက လျိုကျန်းကို ပြုံးပြလိုက်ပြီး သူ့ရဲ့ အမြင်ကို ပြောပြလိုက်ပါတယ်။

" ကလန်ခေါင်းဆောင်လျို ...။ ကလန်ခေါင်းဆောင် လိုက်ပို့လည်း အခြေအနေက သိပ်ပြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်။ လျိုယန်ကို လုပ်ကြံချင်တဲ့ သူတွေက သည်တစ်ကြိမ်မှာ ဆိုရင် ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို လွှတ်လိုက်မှာ အသေအချာပဲ။ ကလန် ခေါင်းဆောင်လျိုက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁မှာပဲ ရှိသေးတာဆိုတော့ လျိုယန်ကို ကာကွယ်နိုင်လောက်မယ် မထင်ဘူး "

လျိုကျန်းက မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်ပါတယ်။

" ငါက သာမန် အဆင့်၁ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် မဟုတ်ဘူးလေ "

လီဖူချန်းရဲ့ စကားကြောင့် လျိုကျန်းက အတော်လေး မခံချိ၊ မခံသာ ဖြစ်သွားပုံပါပဲ။

လီဖူချန်းက ပြုံးပြီး ကတိပေးလိုက်ပါတယ်။

" ကလန်ခေါင်းဆောင်လျို  ...။ စိတ်အေးအေး ထားစမ်းပါ။ လျိုယန်ကို ကျွန်တော် ကာကွယ် စောင့်ရှောက်ပြီး   တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်အရောက် ခေါ်သွားပေးပါ့မယ် "

" မင်းက ... "

လျိုကျန်းက ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။ သူက လီဖူချန်းကို မျက်မှောင်ကြုတ်ပြီးသာ စိုက်ကြည့်နေပါတော့တယ်။

လီဖူချန်းက အစွမ်းထက်တယ် ဆိုတာကိုတော့ သူ့အနေနဲ့ မငြင်းလိုပါဘူး။ ဒါပေမဲ့ အခု ရင်ဆိုင်ရမှာက ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့်   လုပ်ကြံ သတ်ဖြတ်သူပါ။ လီဖူချန်းလို လူငယ်လေး တစ်ယောက်အနေနဲ့  ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် လုပ်ကြံသတ်ဖြတ်သူကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိတာပါ။

" ကလန်ခေါင်းဆောင်လျို ...။ ကျွန်တော့်ရဲ့ လက်သီးကို ခုခံကြည့်ပါဦး "

လီဖူချန်းက စကားနဲ့ မပြောတော့ဘဲ လက်တွေ့သာ ပြလိုက်ပါတယ်။

" ရတယ်လေ "

လျိုကျန်းကလည်း လီဖူချန်းရဲ့ လက်သီးကို ရှောင်တိမ်းခြင်း မရှိပါဘူး။ သူက လက်သီးချင်း ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။

ဘန်း ...

လျိုကျန်း တစ်ယောက်ကတော့ လီဖူချန်းရဲ့ လက်သီးချက်ကြောင့် အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။ ဒါတောင်မှ လီဖူချန်းက ဆင်နဂါးစွမ်းအားကို မသုံးထားသေးပါဘူး။ သူက သည်အတိုင်း ခန္ဓာကိုယ် အပြင်အား သက်သက်နဲ့သာ လျိုကျန်းကို ထိုးလိုက်တာပါ။

" မင်း ...  မင်း ... "

လျိုကျန်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါပြီ။ ဒါက သေချာပေါက်ကို ပြန်လည် ဝင်စားခြင်းနယ်ပယ်  ပညာရှင်တစ်ယောက်ရဲ့ လက်သီးပါပဲ။

သူ့ရဲ့ အထင် မှန်မမှန်ဆိုတာကို သိဖို့အတွက် လျိုကျန်းဟာ အပြာရောင် ရှေးဟောင်း ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပါတယ်။

" သူရဲကောင်းလေးလီ ...။ ကျေးဇူးပြုပြီး ... "

လျိုကျန်းက စကားကိုတောင် ဆုံးအောင် မပြောလိုက်ရပါဘူး။ လီဖူချန်းရဲ့ နောက်ထပ် လက်သီးတစ်လုံးဟာ သူ့ဆီကို တိုးဝင်လာခဲ့ ပြန်ပါတယ်။

သည်တစ်ကြိမ်မှာတော့ လျိုကျန်းဟာ သူ့ရဲ့ ဓားသိုင်းကို ထုတ်သုံးလိုက်ပါပြီ။

"မိုးနဂါး ရေစက်  "

လျိုကျန်းရဲ့ ဓားရိပ်တွေဟာ သည်းထန်စွာ ရွာသန်းနေတဲ့ မိုးသီး၊ မိုးပေါက်တွေသဖွယ် အရှိန်အဟုန် ပြင်းစွာဖြင့် လီဖူချန်းရဲ့ လက်သီးကို ချေဖျပ်ဖို့ ကြိုးစားနေပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ ဓားသိုင်းက  လီဖူချန်းရဲ့ လက်သီးကို မချေဖျက်နိုင်ခဲ့ပါဘူး။

ဘန်း ...

လျိုကျန်းကတော့ နောက်ထပ်တစ်ကြိမ် လွင့်ထွက်သွားခဲ့ ပြန်ပါပြီ။

" သူရဲကောင်းလေးလီ ...။ သူရဲကောင်းလေးက ပြန်လည် ဝင်စားခြင်း နယ်အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရှင်လား ... "

လျိုကျန်းက လီဖူချန်းကို မယုံနိုင်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး မေးလိုက်ပါတယ်။

***

All Chapters