← Chapters

မဟာဆင်ဝိညာဉ်

Vol. 28 Ch. 373

မဟာဆင်ဝိညာဉ်

Vol. 28 Ch. 373

အသက်၃၀အောက်  ပြန်လည် ဝင်စားခြင်းနယ်ပယ် ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေဟာ အသက်၃၀အောက်  ပြန်လည် ဝင်စားခြင်းနယ်ပယ် ကျင့်ကြံခြင်း ပညာရှင်တွေထက်ကို ဆယ်ဆ   ရှားပါတယ်။

ဒါက ပင်ကို အထုံပါရမီနဲ့ လုံးဝကြီး သက်ဆိုင်နေတာကြောင့်တော့ မဟုတ်ပါဘူး။

အဓိက အချက်ကတော့ ပညာရှင်တွေ တော်တော်များများဟာ ကျင့်ကြံခြင်းကိုသာ အဓိကထား ကျင့်ကြံလေ့ရှိပြီး ခန္ဓာကိုယ်သန့်စင်ခြင်းကို အရန်အနေနဲ့သာ လေ့ကျင့်လို့  ဖြစ်ပါတယ်။

ပညာရှင် တစ်ယောက်အနေနဲ့ အသက်၃၀ မတိုင်မီမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ခန္ဓာကိုယ် အပြင်အားပညာရှင် ဖြစ်ချင်ရင်တော့ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ် တစ်ခုတည်းကိုသာ  အာရုံစိုက်ပြီး တစိုက်မတ်မတ် လေ့ကျင့်သွားရမှာပါ။

ဒါပေမဲ့လည်း ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လိုက်စားရတာက လွယ်တော့ မလွယ်ပါဘူး။ ဒါက အတော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ လမ်းစဉ်တစ်ခုပါ။ သည်လမ်းစဉ်ကို လိုက်စားသူတွေဟာ ပင်ကိုပါရမီ စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ များပြားလွန်းလှတဲ့ အရင်းအမြစ်တွေ လိုအပ်ပါနယ်။

ပြီးတော့ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေအတွက်  ခန္ဓာကိုယ် အပြင်အား သိုင်းပညာရှင်တွေဟာ အလွန်အမင်းကို ရှားပါး လွန်းလှပါတယ်။ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေ အတွက် လက်နက်ဆိုရင်လည်း လုံးဝကို မရှိသလောက်ပါဘဲ။  သည်လမ်းစဉ်ကို လေ့လာလိုက်စား သူတွေဟာ ကိုယ့်ကိုယ်ကိုယ် မှတစ်ပါး  အခြားအားကိုးရာ မရှိပါဘူး။

" သူရဲကောင်းလေးလီရဲ့ ပင်ကိုပါရမီက အရမ်းကောင်းနေတယ်ဆိုတာ ဦးလေးသိပါပြီ။ ဒါပေမဲ့ ဘာဖြစ်လို့ သူရဲကောင်းလေးလီက ချီအတွင်းအား ကျင့်ကြံခြင်းလမ်းစဉ်ကို မလျှောက်လှမ်းတာလဲ "

လျိုကျန်းက လီဖူချန်းကို မေးလိုက်ပါတယ်။ သူ့အနေနဲ့ သည်လောက် ပါရမီကောင်းတဲ့ လီဖူချန်းဟာ ဘာဖြစ်လို့ ချီအတွင်းအား ကျင်ကြံခြင်း လမ်းစဉ်ကို မလျှောက်လမ်းတာလဲ ဆိုတဲ့ အချက်ကို လုံးဝ နားမလည်ပါဘူး။

လီဖူချန်းက မချိပြုံး ပြုံးလိုက်ပြီး

"အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်က ချီအတွင်းအား ကျင့်ကြံခြင်းကိုလည်း လေ့ကျင့်ပါတယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အဆင့်က ကောင်းကင်နယ်ပယ် အဆင့်၈ကိုတောင် ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော့် ဆရာရဲ့ ရန်သူလက်ချက်ကြောင့် ကျွန်တော့်ရဲ့ ချီအတွင်းအားတွေဟာ ထုတ်သုံးလို့ မရတဲ့ အခြေအနေ တစ်ခုကို ရောက်နေတာပါ။ ကျွန်တော့် အနေနဲ့ မြေကမ္ဘာအဆင့် အတွင်းအား ပညာရပ် တစ်ခုကို လေ့ကျင့်နိုင်မှသာ သည်ပြသနာကို ဖြေရှင်းလို့ ရမှာပါ "

" မြေကမ္ဘာအဆင့် အတွင်းအား ပညာရပ်လား "

လျိုကျန်းက ခပ်တိုးတိုးလေး ရေရွတ် လိုက်ပါတယ်။

သူက လီဖူချန်းကို ကူညီချင်ပေမယ့်လည်း လျိုကလန်တောင်မှ မြေကမ္ဘာအဆင့် အတွင်းအား ပညာရပ်ကို မပိုင်ဆိုင်နိုင်ပါဘူး။  တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်လို အင်အားကြီး အဖွဲ့အစည်းတွေသာ မြေကမ္ဘာအဆင့် အတွင်းအား ပညာရပ်တွေကို ပိုင်ဆိုင်ထားကြတာပါ။

"ပြန်လည် ဝင်စားခြင်းနယ်ပယ် ခန္ဓာကိုယ် အပြင်အား ပညာရှင်  ...။ ပြီးတော့ ကောင်းကင်နယ်ပယ် အဆင့်၈ ချီအတွင်းအား ပညာရှင် ... "

ဘေးမှာရှိနေတဲ့  လျိုယန်ကတော့ လီဖူချန်းကို အံ့သြတကြီးနဲ့ ငေးကြည့်နေပါတယ်။

လီဖူချန်းဟာ   ပြန်လည် ဝင်စားခြင်းနယ်ပယ် ခန္ဓာကိုယ်အပြင်အား ပညာရှင် ဖြစ်တယ်ဆိုတဲ့ အချက်ကို အသာထားပါဦး။ ကောင်းကယ်နယ်ပယ် အဆင့်၈ ချီအတွင်းအား ပညာရှင်ဆိုတဲ့ အချက်နဲ့တင် တောင်ပိုင်းတောအုပ် တက္ကသိုလ်ရဲ့ ထိပ်တန်း ကျောင်းသားတွေထဲမှာ ပါဝင်နိုင်ပါတယ်။ သိုင်းတက္ကသိုလ်ရဲ့ ထိပ်ပိုင်းက ပါရမီရှင်တွေသာ လီဖူချန်းကို ယှဉ်နိုင် လောက်မှာပါ။

" ဟင့် ...   လီဖူချန်းနဲ့ ဆိုရင်တော့ တောင်ပိုင်းတောအုပ် တက္ကသိုလ်မှာ ငါ့ကို အနိုင်ကျင့်ရဲမယ့်သူ ရှိတော့မှာ မဟုတ်ဘူး။ အဲသည် ဇိုလင်းဟွာဆိုတဲ့ ကောင်မက သူ့ရဲ့ ဝမ်းကွဲ ဇိုဖန်းဟွာ အားကိုးနဲ့ ငါ့ကို အနိုင်ကျင့်နေတာ များနေပြီ။ သည်တစ်ကြိမ်တော့ ငါ့အလှည့်ပဲ "

လျိုယန်က စိတ်ထဲကနေ တွေးနေမိပါတယ်။

လျိုယန်ရဲ့ ပါရမီက ကြယ်၅ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ကျောင်းသားတွေ ထဲမှာတော့ ထိပ်တန်းအဆင့်မှာ ရှိပေမယ့်လည်း  ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့တော့ ယှဉ်လို့ မရပါဘူး။ လျိုယန်ရဲ့ ရန်ဘက်ဖြစ်တဲ့ ဇိုလင်းဟွာဟာ  သူ့ရဲ့ ဝမ်းကွဲမောင်ဖြစ်သူ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဇိုဖန်းဟွာအားကိုးနဲ့ လျိုယန်ကို အနိုင်ကျင့်နေတာ တော်တော် များနေပါပြီ။

သည်တစ်ကြိမ်မှာတော့ လျိုယန်အနေနဲ့ ဇိုလင်းဟွာ အနိုင်ကျင့်မှာကို ကြောက်စရာ မလိုတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာလည်း  လီဖူချန်း ရှိနေလို့ပါပဲ။ လျိုယန်ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ပါတယ်။

လီဖူချန်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် အပြင်အား ပညာရှင် ဖြစ်တယ်ဆိုတာကို သိပြီးတဲ့ နောက်မှာတော့ လျိုကျန်းက ဘာမှ ဆက်မပြောတော့ပါဘူး။ သူက သူ့ရဲ့သမီးဖြစ်သူ လျိုယန်ကို ယုံကြည် စိတ်ချစွာနဲ့ လီဖူချန်းထံ အပ်နှံလိုက်ပါတယ်။

***

နောက်တစ်နေ့မှာတော့ လီဖူချန်းနဲ့ လျိုယန်ဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ခရီးကို စတင်ခဲ့ပါပြီ။

" တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်၊ လက်ထောက် ကျောင်းအုပ်နဲ့ အတွင်းစည်း တက္ကသိုလ် အကြီးအကဲတွေ အားလုံးဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်နေကြပြီ။ အပြင်စည်း တက္ကသိုလ် အကြီးအကဲတွေကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ပိုင်းက ပညာရှင်တွေပဲ။  ပြီးတော့ ...  ...  "

လမ်းခရီးမှာ လျိုယန်က တောင်ပိုင်း တောအုပ်  သိုင်းတက္ကသိုလ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြည့်ပြည့်စုံစုံ ရှင်းပြပါတယ်။ လျိုယန်ရဲ့ ရှင်းပြမှုကြောင့် လီဖူချန်းဟာ တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်နဲ့ ပက်သတ်တဲ့ အကြောင်းအရာ တော်တော် များများကို သိလာခဲ့ပါပြီ။

လျိုယန်ရဲ့ ရှင်းပြမှုအရ ဆိုရင်တော့  တောင်ပိုင်းတောအုပ်  သိုင်းတက္ကသိုလ်ဟာ အပြင်စည်း တက္ကသိုလ်နဲ့ အတွင်းစည်း တက္ကသိုလ်ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ အပြင်စည်း တက္ကသိုလ်ကို တက်ရောက်ခွင့် ရဖို့အတွက် ကောင်းကင်နယ်ပယ် ပညာရှင် ဖြစ်ဖို့ လိုအပ်ပြီး အတွင်းစည်း တက္ကသိုလ်ကို တက်ရောက်ခွင့် ရဖို့အတွက် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ဖြစ်ဖို့ လိုအပ်ပါတယ်။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ ရှိတဲ့ ဆရာတွေ အားလုံးကတော့   ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေပါပဲ။

" အတွင်းစည်း သိုင်းတက္ကသိုလ်က လျှို့ဝှက်နယ်မြေ တစ်ခုထဲမှာ တည်ရှိတယ်"

လျိုယန်က အတွင်းစည်း တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို လီဖူချန်း သိလာအောင် ဆက်ပြီး ရှင်းပြနေပါတယ်။

" ဘာ ...။ အတွင်းစည်း တက္ကသိုလ်က လျှို့ဝှက်နယ်မြေ တစ်ခုထဲမှာ ရှိတာလား ... "

သည်အကြောင်းကို ကြားပြီးတဲ့ နောက်မှာတော့ လီဖူချန်ူဟာ မအံ့သြဘဲ မနေနိုင်တော့ပါဘူး။

လျိုယန်က သေသေချာချာ ရှင်းပြလိုက်ပါတယ်။

" ငါကြားတာကတော့ အတွင်းစည်း တက္ကသိုလ်ထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတယ်တဲ့။ အဲသည် အတွင်းစည်း တက္ကသိုလ်ထဲမှာ ကျင့်ကြံခွင့် ရသူတွေတွေက အဆင့်တက်တာ အရမ်းမြန်တယ်။ ဒါပေမဲ့ အတွင်းစည်း တက္ကသိုလ်ရဲ့ ကျောင်းသားဖြစ်ဖို့က လွယ်တော့ မလွယ်ဘူး။ အသက်၃၅နှစ် မတိုင်ခင်မှာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်တဲ့ သူတွေမှသာ အတွင်းစည်း တက္ကသိုလ်ရဲ့ ကျောင်းသား ဖြစ်ခွင့် ရှိတာ "

လျိုယန်က အသက်၂၇နှစ် ရှိနေပေမယ့်လည်း ကောင်းကင်နယ်ပယ် အဆင့်၅မှာသာ ရှိနေပါသေးတယ်။ သူ့အနေနဲ့ အသက်၃၅နှစ် မတိုင်ခင်မှာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်မလားဆိုတာဟာ မသေချာလှပါဘူး။ သူမထက် ပါရမီကောင်းတဲ့ အပြင်စည်း တက္ကသိုလ် ကျောင်းသားတွေတောင်မှ  ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်မှာ ၅နှစ်လောက်နီးပါး နေခဲ့ရတာပါ။

လျိုယန်ရဲ့ စကားအဆုံးမှာတော့ လီဖူချန်းဟာ ခေါင်းညိတ် လိုက်ပါတယ်။ တောင်ပိုင်းတောအုပ် တက္ကသိုလ်က သည်အတိုင်းတော့ အလကားနေရင်း နာမည်ကျော်နေစရာ အကြောင်း မရှိပါဘူး။ သည်လို လျှို့ဝှက်နယ်မြေထဲမှာ တည်ရှိနေတဲ့ အတွင်းပိုင်း တက္ကသိုလ်က တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် နာမည် ကျော်နေရခြင်းရဲ့ အကြောင်းအရင်းတွေထဲက တစ်ချက် ဖြစ်လောက်မှာပါ။

လျိုယန်က သူမရဲ့ ရှင်းပြမှုကို ထပ်ဆက်ပါတယ်။

" ငါက အတွင်းစည်း ကျောင်းသားတွေ အကြောင်းတော့ သိပ်မသိဘူး။ ဒါပေမဲ့ အပြင်စည်း ကျောင်းသားတွေကိုတော့ သာမန်ကျောင်းသား၊ လက်ရွေးစင် ကျောင်းသားနဲ့ ထိပ်တန်းစာရင်းဝင် ကျောင်းသား ဆိုပြီး သုံးမျိုး ခွဲထားတယ်။လီဖူချန်း နင်က မြေကမ္ဘာအဆင့် အတွင်းအားပညာရပ်ကို လိုချင်ရင်တော့ ထိပ်တန်းစာရင်းဝင် ကျောင်းသား အရင်ဖြစ်မှ ရမယ် "

" ထိပ်တန်းစာရင်းဝင် ကျောင်းသား ဖြစ်ဖို့ ဘာတွေလိုအပ်လဲ '"

လီဖူချန်းက မေးလိုက်ပါတယ်။

လျိုယန်က ပြုံးလိုက်ပြီး

" ဘာမှတော့ သိပ်မလိုအပ်ပါဘူး။ နင့်အနေနဲ့ ထိပ်တန်းကျောင်းသားစာရင်း ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ပဲ လိုတယ်။ ပြိုင်ပွဲရဲ့ ထိပ်ဆုံးကျောင်းသား ၁၀ယောက်က  ထိပ်တန်း စာရင်းဝင် ကျောင်းသားတွေပဲ "

" အဲလိုလား ...။ ငါသိပြီ "

လီဖူချန်းက ထိပ်တန်း ကျောင်းသားတွေရဲ့ အစွမ်းကို မသိတဲ့အတွက် ထပ်ပြီးတော့ မမေးတော့ပါဘူး။

ယူနီကွန်းမြင်းတွေရဲ့ ပြေးနှုန်းကလည်း တကယ့်ကို လျင်မြန် လွန်းလှပါတယ်။ နေ့တစ်ဝက်လောက် အကြာမှာပဲ လီဖူချန်းတို့ နှစ်ယောက်ဟာ  ရေစီးကြောင်းမြို့နဲ့ မိုင်ပေါင်း ထောင်ချီ ကွာဝေးတဲ့ အရပ်ကို ရောက်ရှိသွားခဲ့ပါပြီ။

မွန်းလွဲပိုင်းလောက်မှာတော့ သူတို့နှစ်ယောက်က တောင်ကြားဒေသ တစ်ခုကို ရောက်လာခဲ့ပါတယ်။

အဲသည် အချိန်မှာပဲ တိတ်ဆိတ်ပြီး ညင်သာတဲ့ လှုပ်ရှားပုံကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ဟာ ရုတ်တရက် ပေါ်လာပြီး  လျိုယန်ကို တိုက်ခိုက် လိုက်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ တိုက်ခိုက်မှုက မအောင်မြင်ခဲ့ပါဘူး။

" သေချင်နေတာလား  "

ရွှေဝါရောင် လက်သီးတစ်လုံးက လုပ်ကြံ သတ်ဖြတ်သူကို ထိုးထည့်လိုက်ပါတယ်။ ထိုလက်သီးရဲ့ ပိုင်ရှင်ကတော့ လီဖူချန်းပါပဲ။

လီဖူချန်းက သည်နေရာမှာ အခုလို လုပ်ကြံသတ်ဖြတ်သူ ရှိနေလိမ့်မယ်လို့ လုံးဝကို ထင်မထားခဲ့တာပါ။ အဲသည်အတွက် သူက သူ့ရဲ့ အသိစိတ် အာရုံကို ဖြန့်ကျက်ထားခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း လုပ်ကြံသတ်ဖြတ်သူ လှုပ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ အသိစိတ်အာရုံက ထိုလှုပ်ရှားမှုကို အာရုံ ခံလိုက်နိုင်ပါတယ်။ ဒါကြောင့်သာ လီဖူချန်းက လျိုယန်ကို ကာကွယ် လိုက်နိုင်တာပါ။

ဝှီး ...

လုပ်ကြံသတ်ဖြတ်သူက လီဖူချန်းရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး လျိုယန်ဆီသို့ ပြေးဝင် သွားပြန်ပါတယ်။

" သည်ကောင်က ငါ့ကို အရေးမစိုက်တာလား ... "

လီဖူချန်းက ဒေါသ ထွက်သွားခဲ့ပါပြီ။ တစ်ဖက်လူက သူ့ကို အဖက်မလုပ်ဘဲ လျိုယန်ကို သတ်ဖို့သာ ကြိုးစားနေတာ မဟုတ်ပါလား။

" သေစမ်းကွာ "

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဆင်နဂါးခွန်အားတွေကို ထုတ်သုံးလိုက်ပါပြီ။

ကျွီ ...

ကြီးမားလှတဲ့ ဆင်ရိပ်ကြီး တစ်ခုက လုပ်ကြံ သတ်ဖြတ်သူကို ဖိနှိပ် ပစ်လိုက်ပါတယ်။

လုပ်ကြံ သတ်ဖြတ်သူက မြေကြီးထဲကို ဝင်ပြီး ရှောင်တိမ်းဖို့ ကြိုးစားပေမယ့်လည်း နောက်ကျ သွားခဲ့ပါပြီ။

ဖောင်း ...

လီဖူချန်းရဲ့ လက်သီးက လုပ်ကြံသတ်ဖြတ်သူကို ပေါက်ကွဲ ထွက်သွားစေခဲ့ပါတယ်။ သွေးတွေကတော့ မြေပြင်အနှံ့မှာ ပြန့်ကျဲနေတာပါပဲ။

လျိုယန်ကတော့ လုပ်ကြံသတ်ဖြတ်သူ သေသွားတော့မှပဲ သတိဝင်လာခဲ့ပါတယ်။ သူမရဲ့ မျက်နှာကတော့ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေခဲ့ပါပြီ။

" သည်လူက ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် လုပ်ကြံသတ်ဖြတ်သူပဲ "

လီဖူချန်းက သွေးအိုင်ထဲမှာ ရှိနေတဲ့ သိုလှောင်အိတ်ကို ကောက်ယူရင်းနဲ့ ပြောလိုက်ပါတယ်။ သိုလှောင်အိတ်ထဲမှာတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး အနည်းငယ်ကလွဲပြီး အခြားတန်ဖိုးရှိတာ မပါပါဘူး။

" ပြန်လည်ဝင်စားခြင်းနယ်ပယ် လုပ်ကြံသတ်ဖြတ်သူက ငါ့ကို သတ်ဖြတ်ဖို့ ကြိုးစားတာလား ... "

လျိူယန်ရဲ့ မျက်နှာက ပိုပြီး ဖြူဖွေး သွားခဲ့ပါပြီ။ သူက အခုမှ ကောင်းကင်နယ်ပယ် ပညာရှင်ပဲ ရှိသေးတာပါ။ ဒါပေမဲ့လည်း တစ်ဖက်လူတွေက သူမကို သတ်ဖြတ်ဖို့ အတွက် ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် လုပ်ကြံသတ်ဖြတ်သူကိုတောင် စေလွှတ်ခဲ့ပါသေးတယ်။  လီဖူချန်းသာ မရှိလို့ကတော့ သူ့ရဲ့ အဖြစ်က မတွေးဝံ့စရာပါပဲ။

" လျိုယန် ...  အရမ်း ကြောက်မနေနဲ့။ သူတို့က အရမ်းအစွမ်းထက်တဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက် မလွှတ်သေးသရွေ့ ငါမင်းကို ကာကွယ်နိုင်ပါတယ် "

ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် လုပ်ကြံ သတ်ဖြတ်သူဟာ အရမ်း အစွမ်းမထက်သေး သရွေ့တော့ လီဖူချန်းရဲ့ အသိစိတ်အာရုံ ထောက်လှမ်းမှုကို ကျော်နိုင်စရာ အကြောင်း မရှိပါဘူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သည်လုပ်ကြံ သတ်ဖြတ်သူရဲ့   ကိုယ်ဖော့ပညာက အတော်လေး ထူးဆန်းလှပါတယ်။  သူက လီဖူချန်းရဲ့ ပထမ လက်သီးချက်ကိုတောင်  ဘာမှ မဟုတ်သလို ရှောင်တိမ်း သွားခဲ့တာပါ။ သူ့အတွက် ကံဆိုးသွားတာကတော့ ဆင်နဂါး စွမ်းအင်အမျှင် အရေအတွက် ၃၀၀၀ကို ရောက်ပြီးကတည်းက လီဖူချန်းဟာ မဟာဆင်ဝိညာဉ်ကို ထုတ်သုံး လာနိုင်ခဲ့တာပါပဲ။ သည်မဟာဆင်ဝိညာဉ်ရဲ့ ဖိအားကြောင့်သာ လုပ်ကြံသတ်ဖြတ်သူဟာ လီဖူချန်းရဲ့ လက်သီးကို မရှောင်နိုင်ဘဲ သေဆုံးသွားခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

အချူပ်အားဖြင့် ဆိုရရင်တော့ လီဖူချန်းနေရာမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅ ပညာရှင် ဆိုရင်တောင်မှပဲ လျိုယန်ဟာ အလောင်း ဖြစ်နေလောက်ပါပြီ။

ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ နောက်ထပ် လမ်းခရီးမှာတော့ လီဖူချန်းတို့ဟာ လုပ်ကြံ သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့ရခြင်း မရှိတော့ပါဘူး။

နှစ်ပတ်မျှ အကြာမှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် တည်ရှိရာနဲ့ သိပ်မဝေးတဲ့ နန်လင်းမြို့ကို ရောက်လာခဲ့ပါပြီ။

နန်းလင်းမြို့ဟာ တောင်ပိုင်းတောအုပ် နယ်မြေဒေသရဲ့ မြို့တော်ဖြစ်ပြီး လူဦးရေ သန်း၂၀ကျော် နေထိုင်ကြပါတယ်။

မြို့တော်တစ်ခုဖြစ်တဲ့ အတွက် ထိပ်သီးပညာရှင်တွေ စုဝေးရာ အရပ်တစ်ခု ဆိုရင်လည်း မမှားပါဘူး။ သည်မြို့မှာ အခြေချနေထိုင်နေကြတဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ ငရဲမီးမြို့ထက်ကို အဆပေါင်းများစွာ များပါတယ်။  သာမန် ကလန်တစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်တောင်မှ သည်မြို့မှာဆိုရင် သာမန် လူတစ်ယောက်ပါပဲ။ အကယ်၍သူတို့သာ သည်မြို့မှာ ပလွှားပြီး နေမယ်ဆိုရင် အသတ်တောင် ခံရနိုင်ပါတယ်။  ပြီးတော့ နန်လင်းနယ်စားရဲ့ စံအိမ်ကလည်း သည်မြို့ထဲမှာ ရှိနေပါသေးတယ်။

နန်လင်းနယ်စား စံအိမ်ဆိုတာက  တောင်ပိုင်းတောအုပ် နယ်မြေဒေသ တစ်ခုလုံးကို အုပ်ချုပ်တဲ့သူတွေ ရှိနေတဲ့ နေရာပါ။  လက်ရှိ နန်လင်းစံအိမ်ရဲ့ အရှင်သခင်ကတော့ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက် ဖြစ်ပါတယ်။

နန်လင်းမြို့ထဲကို အရောက်မှာတော့ လျိုယန်က အဆိုပြုလိုက်ပါတယ်။

" တောင်ပိုင်းတောအုပ် တက္ကသိုလ်ရဲ့ ကျောင်းသားသစ် လက်ခံပွဲက နှစ်ပတ်လောက် လိုနေသေးတယ်။ လောလောဆယ်မှာတော့ ငါတို့နှစ်ယောက် မြို့ထဲက တည်းခိုခန်း တစ်ခုမှာပဲ တည်းကြရအောင် "

" အင်း "

လီဖူချန်းက နန်လင်းမြို့တော်နဲ့ ပတ်သက်ပြီး ဘာမှ မသိတဲ့အတွက် လျိူယန်ရဲ့ အဆိုပြုမှုကို မငြင်းပါဘူး။

တည်းခိုခန်းတစ်ခုမှာ အခန်းငှားပြီးတဲ့ အခါမှာတော့ လျိုယန်က

" လီဖူချန်း ...။ နင်က နန်လင်းမြို့ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတာပဲ။ အဲသည်အတွက် ငါကနင့်ကို  အစားအသောက် ကောင်းကောင်း လိုက်ကျွေးမယ် "

" အစားအသောက် ကောင်းကောင်း ... ဟုတ်လား ... "

လီဖူချန်းက လျိုယန်ပြောတဲ့ အစားအသောက် ကောင်းကောင်း ဆိုတာကို နားမလည်ပါဘူး။ သူ့တို့လို ကျင့်ကြံခြင်း လမ်းစဉ်က လူတွေက အစားအသောက် အပေါ်မှာ သိပ်ပြီး အာရုံ ထားကြတော့တာမှ မဟုတ်တာ။

သည်လို့နဲ့ပဲ သူတို့နှစ်ယောက်ဟာ ခမ်းနားထည်ဝါလှတဲ့ စားသောက်ဆိုင်ကြီး တစ်ခုဆီသို့ ရောက်လာခဲ့ ကြပါပြီ။

သည်စားသောက်ဆိုင်ရဲ့ နာမည်ကတော့  သင်းရနံ့ စားသောက်ဆိုင် ဖြစ်ပါတယ်။

လျိုယန်က  လီဖူချန်းကို သည်စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

" လီဖူချန်း ...။ သည်စားသောက်ဆိုင်ရဲ့ ဟင်းလျာတိုင်းက မိစ္ဆာသားရဲတွေကို ချက်ပြုတ် ထားတာပဲ။ ဒါပေမဲ့ သည်မိစ္ဆာသားရဲ အသားတွေကို မိစ္ဆာချီ သန့်စင် ဆေးရည်တွေနဲ့ အကြိမ်ကြိမ် ဆေးကြော ထားပြီးပြီ။ သည်မိစ္ဆာသားရဲ အသားတွေထဲမှာ  မိစ္ဆာချီဓာတ်တွေ လုံးဝ မရှိတော့ဘူး။ သည်က ဟင်းလျာတွေက နင့်ရဲ့ အသွေးအသားနဲ့ သွေးလည်ပတ်မှုတွေကို ပိုပြီး အားကောင်း လာစေတယ် "

" အဲလိုလား ... "

လီဖူချန်းက အခုချိန်အထိ  မိစ္ဆာသားရဲ အသားကို  မစားဖူးသေးပါဘူး။ လျိုယန်ရဲ့ စကားကြောင့် သူဟာ မိစ္ဆာသားရဲဟင်းလျာကို မြည်းစမ်းကြည့်ဖို့ အတွက် အတော်လေး စိတ်ဝင်စား သွားခဲ့ပါပြီ။

သင်းရနံ့ စားသောက်ဆိုင်က အထပ်၅ထပ်ရှိတဲ့ စားသောက်ဆိုင်ကြီး တစ်ခုပါပဲ။ လျိုယန်က လီဖူချန်းကို ပဉ္စမထပ်အထိ ခေါ်ဆောင် သွားခဲ့ပါတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လျိုယန်တောင်မှ သင်းရနံ့ စားသောက်ဆိုင်ရဲ့ ပဉ္စမထပ်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ သူက လီဖူချန်း ပါလာလို့သာ ပဉ္စမထပ်ကို တက်လာခဲ့တာပါ။

"အိုး ...။ အဲဒါက လျိုယန် မဟုတ်ဘူးလား ...။ နင်က နင့်ကိုယ်နင် ချမ်းသာကြွယ်ဝတဲ့ လူလို ဟန်ဆောင်ပြီး ပဉ္စမထပ်ကို တက်လာတာလား ... "

လျိုယန်က ပဉ္စမထပ်ကိုတောင် ကောင်းကောင်း မတက်ရသေးပါဘူး။ ပဉ္စမထပ်ရဲ့ ပြတင်းပေါက် တစ်ခုအနားက စားပွဲမှာ ထိုင်နေတဲ့ မိန်းမပျိုလေး တစ်ယောက်က သူ့ကို လှောင်ပြောင် လိုက်ပါတယ်။ အဲသည်မိန်းမပျိုကတော့ လူငယ်နှစ်ယောက်နဲ့ အတူ ထိုင်နေတာပါ။

လျိုယန်က ဒေါသတကြီးဖြင့် လီဖူချန်းကို လှမ်းတိုင်လိုက်ပါတယ်။

" လီဖူချန်း ...။ အဲသည်ခွေးမက ငါ့ရဲ့ ကမ္ဘာရန် ဇိုလင်းဟွာပဲ။ အဲကောင်မက သူ့ရဲ့ ဝမ်းကွဲမောင် ဇိုဖန်းဟွာ အားကိုးနဲ့ ငါ့ကို အနိုင်ကျင့် နေတာကြာပြီ။ သူ့ရဲ့ ဝမ်းကွဲမောင် ဇိုဖန်းဟွာက ထိပ်တန်းစာရင်းဝင် ကျောင်းသားတစ်ယောက်ပဲ "

" ဂရုစိုက်မနေနဲ့  ...။ သည်လို လူမျိုးတွေနဲ့ ရန်ဖြစ်ရမှာ မတန်ပါဘူး"

လီဖူချန်းက လေသံအေးအေးလေးနဲ့ လျိုယန်ကို ဖြောင့်ဖျလိုက်ပါတယ်။

လီဖူချန်းရဲ့ အသံက သိပ်လည်း မကျယ်လှပါဘူး။ ဒါပေမဲ့လည်း ဇိုလင်းဟွာက ကြားဖြစ်အောင် ကြားသွား ပါသေးတယ်။

ဇိုလင်းဟွာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမနဲ့ တစ်ဝိုင်းတည်းမှာ ထိုင်နေတဲ့ လူငယ် တစ်ယောက်ကို ပြောလိုက်ပါတယ်။

"ရန်ပြောင်း ...။ အဲသည်ကောင်က ငါ့ကို  မတူသလို၊ မတန်သလို ပြောနေတယ်။ နင်သွားပြီး အဲသည်ကောင်ကို ပါးတစ်ချက်ရိုက်ခဲ့ "

ဇိုလင်းဟွာရဲ့ စကားအဆုံးမှာတော့ လူငယ်တစ်ယောက်ဟာ မတ်တတ် ထလာခဲ့ပါပြီ။ သူက လီဖူချန်းကို ကြည့်လိုက်ပြီး အေးစက်စက် လေသံနဲ့ ခြိမ်းခြောက် လိုက်ပါတယ်။

" အခုချက်ချင်း ဒူးထောက်ပြီး ဇိုလင်းဟွာကို တောင်းပန်လိုက်။ မဟုတ်ရင်တော့ လူကြားထဲမှာ မင်း အရှက်ကွဲလိမ့်မယ် "

" ဒူးထောက်ပြီး တောင်းပန်တာကတော့ အရှက်ကွဲတာပဲ မဟုတ်ဘူးလား။ မင်းခေါင်းထဲမှာ ဦးနှောက်ကော ရှိသေးရဲ့လား ... "

လီဖူချန်းက ထိုလူငယ်ရဲ့ ခြိမ်းခြောက်စကားကို  ဂရုစိုက်ပုံ မရပါဘူး။ သူက စားပွဲလွတ် တစ်ခုကို ရှာပြီး အေးအေး ဆေးဆေးတောင် ထိုင်နေလိုက်ပါသေးတယ်။

" ရန်ပြောင်း  ... နင်ဘာကို အချိန်ဆွဲနေတာလဲ ...။ အဲသည်ကောင်ကို  အမြန် ပါးသွားရိုက်လိုက်လေ "

ဇိုလင်းဟွာက ဒေါသတကြီးဖြင့် ထပ်ပြောလိုက်ပါတယ်။

" ကောင်လေး ...  ငါ့အဆိုး မဆိုနဲ့တော့ "

ရန်ပြောင်းက စားလက်စ တူကို ချလိုက်ပြီး လီဖူချန်းဆီသို့ ထွက်လာခဲ့ပါပြီ။

သူက  လီဖူချန်းကို ပါးရိုက်ဖို့ လက်မြှောက် နေစဉ်မှာပဲ ...

ဖြောင်း ...

ကျယ်လောင်လှတဲ့ အသံကြီးတစ်ခုက ထွက်ပေါ် လာခဲ့ပါတယ်။ ပါးအရိုက် ခံလိုက် ရသူကတော့ ရန်ပြောင်းပါပဲ။ လီဖူချန်းက ဘယ်လို လုပ်လိုက်တယ်တော့ မသိပါဘူး။ ရန်ပြောင်းရဲ့ ပါးပြင်ပေါ်မှာတော့ လက်ငါးချောင်းရာကြီးက  အထင်အရှား ကျန်ရစ်နေခဲ့ပါပြီ။ ပြီးတော့သူက အနောက်ကို လွင့်ထွက် သွားပါသေးတယ်။

သူနဲ့အတူ စားသောက်နေတဲ့ လူငယ်ကသာ မထိန်းထားပေးခဲ့ရင် ရန်ပြောင်း တစ်ယောက် ဘယ်အထိ လွင့်ထွက်သွားမလဲ မသိပါဘူး။

" မင်း ...  မင်း ... "

ရန်ပြောင်းက သူ့ရဲ့ ပါးပြင်ကို အုပ်ကိုင်ထားရင်းနဲ့ လီဖူချန်းကို ဒေါသတကြီး စိုက်ကြည့် နေခဲ့ပါတယ်။ သူက လီဖူချန်းရဲ့ လက်ချက်ကြောင့် လူကြားထဲမှာ လုံးဝ အရှက်ကွဲ သွားခဲ့ပါပြီ။

" ခွေးမသား ...  မင်းက သေချင်နေတာပဲ "

ရန်ပြောင်းက သူ့ရဲ့ ချီအတွင်းအားတွေ အကုန်လုံးကို စုစည်းလိုက်ပါတယ်။  သူက လီဖူချန်းကို အသေသတ်ဖို့ စဉ်းစားထားပုံပါပဲ။

အဲသည်အချိန်မှာမှာပဲ သြဇာအရှိန်အဝါ ကောင်းလှတဲ့ အသံတစ်ခုဟာ   ပဉ္စမထပ်ကို ရောက်လာခဲ့ပါတယ်။

" သင်းရနံ့ စားသောက်ဆိုင်မှာ ခိုက်ရန် ဖြစ်ပွားခြင်းကို လုံးဝ ခွင့်မပြုဘူး။ မင်းတို့ ရန်ဖြစ်ချင်ရင် ဆိုင်အပြင်မှာ သွားဖြစ်ကြ "

ထိုအသံကို ကြားပြီးတဲ့ အခါမှာတော့ ရန်ပြောင်းဟာ သူ့ရဲ့ ချီအတွင်းအားတွေကို အလျင်အမြန် ပြန်ရုတ်သိမ်းပြီး သူ့ရဲ့ စားပွဲဆီကို ပြန်သွားလိုက်ပါတယ်။

သူ့အနေနဲ့ သူ့ရဲ့ ချီအတွင်းအားတွေကို မရုတ်သိမ်းလို့လည်း မရပါဘူး။ ဒါက သင်းရနံ့ စားသောက်ဆိုင် ပိုင်ရှင်ရဲ့ အသံပါ။ သင်းရနံ့ စားသောက်ဆိုင် ပိုင်ရှင်က နန်လင်းမြို့ရဲ့ ထိပ်သီး ပညာရှင်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။

ဇိုလင်းဟွာကတော့  မကျေနပ်တဲ့ ပုံပါပဲ။ သူမက တိတ်တိတ်လေး ကြိမ်းဝါး လိုက်ပါတယ်။

" ဟမ့် ...  သည်ကောင်မက အစွမ်းထက်တဲ့ စစ်ကူတစ်ယောက် ခေါ်လာတာကိုး  ...။  နန်လင်းမြို့ပြင် ရောက်မှ တွေ့ကြသေးတာပေါ့ "

***

All Chapters