← Chapters

သတ္တုရိုးလက်သီးဆန္ဒ

Vol. 28 Ch. 374

သတ္တုရိုးလက်သီးဆန္ဒ

Vol. 28 Ch. 374

လျိုယန်က  ဇိုလင်းဟွာ ကြိမ်းဝါးလိုက်တာကို ကြားဖြစ်အောင် ကြားလိုက်ပါသေးတယ်။ လျိုယန်ကလည်း လုံးဝကို ဆတ်ဆတ်ထိမခံ စွာတေးလန်မလေး ပါပဲ။

" ဇိုလင်းဟွာ ...  နင်က နင့်ရဲ့ မောင်ဝမ်းကွဲ ဇိုဖန်းဟွာအားကိုးနဲ့ ငါ့ကို အနိုင်ကျင့် နေတာများပြီ။ ဒါပေမဲ့ နောင်အနာဂတ်မှာတော့ နင်ငါ့ကို အနိုင်ကျင့်လို့ ရတော့မှာ မဟုတ်ဘူး "

အရင်တုန်းကဆိုရင် ဇိုလင်းဟွာက   ထိပ်တန်းစာရင်းဝင် ကျောင်းသားဖြစ်တဲ့ သူ့ဝမ်းကွဲမောင် အားကိုးနဲ့  သူမကို အနိုင်ကျင့်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ။ အခုဆိုရင် သူမဘက်မှာလည်း လီဖူချန်း ရှိနေပြီ မဟုတ်ပါလား။

လီဖူချန်းရဲ့ လက်သီးတစ်ချက်က ဇိုဖန်းဟွာကိုတောင် လွင့်ထွက် သွားစေမှာ အသေအချာ ပါပဲ။

" ဟား ... ဟား ...။ ဒါက ငါကြားဖူးသမျှ ဟာသတွေထဲမှာ ရယ်စရာ အကောင်းဆုံး ဟာသပဲ။ နင်က စစ်ကူလေး တစ်ယောက် ရလာတာနဲ့  ယုံကြည်မှုတွေ အရမ်းရှိလာတာလား ... ."

ဇိုလင်းဟွာကလည်း လုံးဝကို အလျော့ မပေးပါဘူး။

လျိူယန်က ပြန်ပြောဖို့ ပြင်နေစဉ်မှာပဲ  လီဖူချန်းက ဟန့်တားလိုက်ပါတယ်။

" လျိုယန် ...။ သူတို့ကို အဖက်လုပ်ပြီး စကားသွားပြော မနေနဲ့။ သူတို့က သာမန် အညတရ လေးတွေပဲ "

လီဖူချန်းရဲ့ စကားက မီးလောင်ရာ လေပင့်လိုက်သလို ပါပဲ။ဇိုလင်းဟွာက အကြီးအကျယ် ဒေါသ ထွက်သွားခဲ့ပါပြီ။

" နင်က ငါ့ကို သာမန် အညတရလို့ ပြောရဲတယ်ပေါ့ "

သည်တစ်ကြိမ်က ဇိုလင်းဟွာ ဘဝမှာ ပထမဆုံးအကြိမ် ဒေါသအကြီးအကျယ် ထွက်ဖူးခြင်းပါပဲ။

တကယ်လို့သာ သည်နေရာက သင်းရနံ့ စားသောက်ဆိုင် မဟုတ်ဘူးဆိုရင် သူမဟာ လီဖူချန်းကို  တိုက်ခိုက် ပြီးလောက်ပါပြီ။

" အိုး ...  အဲသည်ကလေးက ဘယ်ကလဲ ...။ သူက အရမ်းကို မောက်မာလွန်းတယ်။ ဇောင်ဖန်းဟွာက သူ့ရဲ့ဝမ်းကွဲအစ်မကို အခုလို နှိမ်ချပြောဆိုနေတာကို လုံးဝ သည်းခံမှာ မဟုတ်ဘူး "

" သည်ကောင်က ဇိုဖန်းဟွာ ဘယ်လောက် ကြောက်စရာကောင်းမှန်း  မသိသေးလို့  အခုလို မောက်မာ နေတာပါကွာ"

" နွားပေါက်လေးကတော့ ကျားကို ဘယ်ကြောက်ပါ့မလဲ။ သူ့ကို ကြည့်ရတာက အပြင်စည်း တက္ကသိုလ်ကျောင်းသား ဟုတ်ပုံမရဘူး။ သည်ကောင်က အခုမှ သိုင်းတက္ကသိုလ်မှာ စာရင်းသွင်းဖို့ လာခဲ့တာ ဖြစ်မယ်ယ "

သင်းရနံ့ စားသောက်ဆိုင်ရဲ့ ပဉ္စမအထပ်မှာတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အပြင်စည်း ကျောင်းသားတွေ တော်တော်များများ ရှိနေပါတယ်။ သူတို့အားလုံးဟာ လီဖူချန်းရဲ့ မောက်မာမှုကို ကြည့်ပြီး ခေါင်းတခါခါ ဖြစ်နေကြပါပြီ။

ထိပ်တန်းစာရင်းဝင် ကျောင်းသား တစ်ယောက်ဆိုတာက ဟာသ မဟုတ်ပါဘူး။ ထိပ်တန်း စာရင်းဝင် ကျောင်းသား တစ်ယောက်က  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ ပညာရှင်ကိုတောင်မှ  လက်ရည်တူ ယှဉ်နိုင်ပါတယ်။

လီဖူချန်းကတော့ သူ့ကို တီးတိုးဝေဖန်နေတဲ့ လူတွေကို ရှိတယ်လို့တောင် သတ်မှတ်ထားပုံ မရပါဘူး။ သူက သူမှာထားတဲ့ ဟင်းလျာကို  မြည်းစမ်းကြည့်ဖို့ အတွက်သာ စိတ်စောနေပါတယ်။

အဆင့်၅ မိစ္ဆာသားရဲ ဟင်းလျာကတော့ တကယ့်ကို အံ့မခန်းပါပဲ။  လီဖူချန်းက အသားတုံးကို တစ်ကိုက် ကိုက်လိုက်တာနဲ့ သည်အသားထဲမှာ  ခိုဝင်ကိန်းအောင်း နေတဲ့ စွမ်းအင်တွေကို ခံစားလိုက်မိ ပါတယ်။

သေချာတာတစ်ခုကတော့ သည်ဟင်းလျာဟာ အဆင့်၅ မိစ္ဆာသားရဲ အသားချည်းနဲ့ပဲ ချက်ထားတာ မဖြစ်နိုင်ပါဘူး။ အခြားသော ဆေးဖက်ဝင် အပင်တွေလည်း ပါပါဦးမယ်။

" သည်ဟင်းတစ်ပွဲက ဘယ်လောက်ကျလဲ "

လီဖူချန်းက လျိုယန်ကို မေးလိုက်ပါတယ်။

လျိုယန်က ပြုံးလိုက်ပြီး

" သည်ဆိုင်က ဟင်းလျာတွေက ရွှေဒင်္ဂါးတွေနဲ့ ရှင်းလို့ မရဘူး။ သည်ဟင်းတစ်ပွဲက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅တုံး နီးပါး ရှိတယ် "

လျိုကလန်ရဲ့ ချမ်းသာကြွယ်ဝမှုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ရှိပေမယ့် လျိုယန်ဟာ အရမ်းကြီး မသုံးနိုင်ပါဘူး။ သူမက တစ်နှစ်ကို  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ နီးပါးသာ အသုံးပြုနိုင်ပါတယ်။  သူမက လီဖူချန်းကို  ကျွေးမွေးချင်လွန်းလို့သာ သည်သင်းရနံ့ စားသောက်ဆိုင်ရဲ့ ပဉ္စမအထပ်ကို ခေါ်လာခဲ့တာပါ။

" ၅တုံးလား ...။ ဈေးကြီးလွန်းတာပဲ "

လီဖူချန်းကတော့ ခေါင်းတခါခါ ဖြစ်နေခဲ့ပါပြီ။ သူက ဘာဖြစ်လို့ သည်လို ဈေးကြီးတဲ့ ဟင်းလျာကို မှာစားခဲ့မိပါလိမ့်။

သည်အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅တုံးကိုသာ လေလံတင် လိုက်လို့ကတော့ သူ့အနေနဲ့  ကုဋေနဲ့ချီတဲ့ ရွှေဒင်္ဂါးတွေကိုတောင် ရနိုင်ပါတယ်။

" ဟား ... ဟား ...။ သူက တကယ့်တောသားပဲ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးလေး ၅တုံးပဲ ပေးရတဲ့ ဟင်းလျာကို ဈေးအရမ်းကြီးတယ်  ဆိုပါလား ...။ လျိုယန်  ...  နင်သည်တောသားကို ဘယ်က ရှာတွေ့ခဲ့တာလဲ "

နောက်ဆုံးမှာတော့  ဇိုလင်းဟွာအတွက် အခွင့်အရေးတစ်ခု ရသွားခဲ့ပါပြီ။ သူမက လီဖူချန်းကို အားရပါးရ လှောင်ပြောင် နေပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ဇိုလင်းဟွာ လှောင်ပြောင်နေတာကို ကြားဟန်တောင် မပြပါဘူး။ သူက လျိုယန်ကို ပြန်ဖို့အတွက် ပြောလိုက်ပါတယ်။

" သွားရအောင်  ...။ သည်နားမှာ ယင်ကောင်တွေ အရမ်းများတယ်။ စားရတာ အရသာ မရှိဘူး ... "

ကျသင့်သလောက်ကို ရှင်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းနဲ့ လျိုယန်ဟာ သင်းရနံ့ စားသောက်ဆိုင်ထဲကနေ ထွက်သွားခဲ့ပါပြီ။

ဇိုလင်းဟွာကတော့ လက်သီး တဆုပ်ဆုပ်နဲ့  ကျန်နေခဲ့ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ နန်လင်း အတွင်းစည်းမြို့ကို လှည့်ပတ် ကြည့်ရှုဖို့အတွက် ဆုံးဖြတ် လိုက်ကြပါတယ်။

နန်လင်း အတွင်းစည်း မြို့ကတော့ တကယ့်ကို ရင်သပ် ရှုမောဖွယ်ရာပါပဲ။ သည်အတွင်းစည်း မြို့က အပြင်စည်းမြို့ထက် ပိုကြီးကျယ် ခမ်းနားတဲ့အပြင်  မှော်ဆေးရည်ဆိုင်တွေ၊ လက်နက် ကိရိယာဆိုင်တွေ၊ ပရဆေးဆိုင်တွေနဲ့ အခြားသော အမျိုးအမည်မသိတဲ့ ဆိုင်တွေ အများကြီး ရှိနေပါတယ်။

လီဖူချန်းနဲ့ လျိုယန်တို့က နာမည်ကြီး လက်နက်ကိရိယာဆိုင် တစ်ဆိုင်ထဲကို ဝင်ဖို့ ပြင်နေစဉ်မှာပဲ  လူတွေအများကြီး ခြံရံထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ  ဆိုင်ထဲကနေ ထွက်လာခဲ့ပါတယ်။

သည်အဖွဲ့ရဲ့ အလယ်မှာ ရှိနေတာကတော့ မိန်းမပျိုလေး တစ်ယောက်ပါပဲ။ အဲသည် မိန်းမပျိုရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ အရှိန်အဝါတွေက တော်ဝင် ဆန်လွန်းလှပါတယ်။

လျိုယန်က လီဖူချန်းကို ဆွဲလိုက်ပြီး  ထိုအုပ်စုအတွက် လမ်းဖယ်ပေး လိုက်ပါတယ်။  လျိုယန်က လေသံခပ်တိုးတိုးဖြင့်

" လီဖူချန်း  ...။ အဲသည်ကောင်မလေးက နန်လင်းနယ်စား စံအိမ်ရဲ့ တတိယ သခင်မလေးပဲ။ နင်သူ့ကို  လုံးဝ ရန်မစ မိစေနဲ့ "

" အင်း "

လီဖူချန်းကလည်း နန်လင်းနယ်စားစံအိမ် အကြောင်းကို အနည်းအကျဉ်းတော့ သိထားပြီးသားပါပဲ။ သည်စံအိမ်က တောင်ပိုင်းတောအုပ် နယ်မြေဒေသရဲ့  အစွမ်းအထက်ဆုံး အဖွဲ့အစည်းပင် မဟုတ်ပါလား။

နန်လင်းနယ်စားစံအိမ်ရဲ့ တတိယ သခင်မလေးတို့အုပ်စု  အဝေးကို ထွက်သွားတော့မှ  လျိုယန်က လီဖူချန်းကို ရှင်းပြပါတယ်။

" နန်လင်းနယ်စား စံအိမ်ရဲ့  ပထမ သခင်မလေးနဲ့ ဒုတိယ သခင်မလေးက ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်မှာ တက်ရောက်ခွင့် ရခဲ့တာ။ သည်တတိယ သခင်မလေးကတော့ သူ့အစ်မ နှစ်ယောက်ထက် နည်းနည်း ညံ့တယ်။ သူမက ငါတို့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသူ တစ်ယောက်ပဲ "

ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ဆိုတာက ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ အဓိက သိုင်းတက္ကသိုလ်ကြီး နှစ်ခုထဲက တစ်ခုပါ။ သည်ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်မှာ  တက်ရောက်ခွင့် ရဖို့ကတော့ လုံးဝ မလွယ်ပါဘူး။ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသား တစ်ယောက်ဟာ ပင်ကိုပါရမီ ကောင်းရမယ့်အပြင် နောက်ခံအင်အားကလည်း တောင့်တင်း ရပါမယ်။ အဲသည်အတွက် ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ကို တော်ဝင်သိုင်း တက္ကသိုလ်လို့ လူသိများကြပါတယ်။

လီဖူချန်းက  ခေါင်းညိတ်ရုံက လွဲပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။

တစ်ရက်လုံးနီးပါး လျှောက်သွားပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ နန်လင်းမြို့နဲ့ ပတ်သက်ပြီး အတော်လေး နားလည်သွားခဲ့ပါပြီ။

တကယ်လို့ သည်နန်လင်းမြို့သာ အရှေ့ယူနီကွန်း တိုက်ကြီးမှာ ပေါ်လာလို့ကတော့ အရှေ့ ယူနီကွန်းတိုက်ကြီးမှာ နေထိုင်ကြတဲ့ လူတွေအားလုံးဟာ ရူးသွပ် သွားလောက်ပါတယ်။

မရေမတွက်နိုင်တဲ့ မြေကမ္ဘာအဆင့် လက်နက်တွေ၊ မှော်ဆေးရည်တွေနဲ့ ပရဆေးပင်တွေ။ အရှေ့ယူနီကွန်း တိုက်ကြီးမှာ ရှားပါးလွန်းလှတဲ့   အဲသည်အရာတွေ  အားလုံးဟာ သည်မြို့ထဲမှာတော့ လွယ်လွယ်ကူကူ ဝယ်လို့ ရနေတာပင် မဟုတ်ပါလား။

ညပိုင်း ရောက်နေတဲ့ အခါမှာတော့ လီဖူချန်းတို့ နှစ်ယောက် သူတို့ငှားထားတဲ့ အခန်းတွေဆီကို  ပြန်လာခဲ့ပါပြီ။

သူ့ရဲ့ အခန်းထဲကို ပြန်အရောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ဲ ဆင်နဂါး စွမ်းအားတွေကို သေသေချာ ဆန်းစစ်လိုက်ပါတယ်။

လီဖူချန်း သတိထားမိသလောက် ဆိုရင်တော့ ရွှယ်ရှီးဆေးလုံးရဲ့ မိစ္ဆာဓာတ်တွေကို ဖယ်ရှားလိုက်နိုင် ကတည်းက သူ့ရဲ့ ဆင်နဂါးစွမ်းအား ထိန်းချုပ်မှုဟာ အတော်လေး ကောင်းမွန်လာခဲ့တာပါ။

ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၂၀၀၀ တုန်းကတောင်မှ  လီဖူချန်းဟာ သူ့ရဲ့ ဆင်နဂါးစွမ်းအင်တွေကို ထိန်းချုပ်ရာမှာ အတော်လေး ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၃၀၀၀ကို ထိန်းချုပ်ရတဲ့ အခါမှာတော့ အဲသည်လို ခက်ခဲနေတာမျိုးတွေ မရှိတော့ပါဘူး။

" ကြည့်ရတာတော့ ...  ရွှယ်ရှီးဆေးလုံးရဲ့ မိစ္ဆာချီဓာတ်တွေက ငါ့ရဲ့ စ်တ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေခဲ့တဲ့ ပုံပဲ "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

" အခုချိန်မှာတော့ ငါ့ရဲ့ ကန့်သတ်ချက်က ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၃၀၀၀ပဲ။ ငါ့အနေနဲ့ ငါ့ရဲ့ ခွန်အားတွေကို နောက်ထပ်တစ်ဆင့် ထပ်တက်ချင်ရင်  အနည်းဆုံးတော့ ဆင်နဂါး စွမ်းအင်အမျှင် အရေအတွက် ၆၀၀၀လောက် လိုလိမ့်မယ် "

အခြားသော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တွေကတော့ ဘယ်လိုမှန်း လီဖူချန်း မသိပါဘူး။ ဒါပေမဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမ အခန်းမှာတော့ အဆင့်၁ ပြန်လည်ဝင်စားခြင်း နယ်ပယ် အတွက်ဆိုရင်  ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၃၅၀၊ အဆင့်၂ ပြန်လည်ဝင်စားခြင်း နယ်ပယ်အတွက် ဆိုရင် ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၇၅၀၊  အဆင့်၃ ပြန်လည်ဝင်စားခြင်း နယ်ပယ်အတွက်ဆိုရင် ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၁၅၀၀နဲ့ အဆင့်၄ ပြန်လည်ဝင်စားခြင်း နယ်ပယ်အတွက်ဆိုရင် ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၃၀၀၀ လိုအပ်ပါတယ်။

အဆင့်တစ်ဆင့် တက်ဖို့အတွက် လိုအပ်တဲ့ ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက်ဟာ နှစ်ဆနီးပါး ရှိနေတာပါ။ သည်ပုံစံ အတိုင်းဆိုရင်တော့ အဆင့်၅ ပြန်လည်ဝင်စားခြင်း နယ်ပယ်အတွက် သူဟာ ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၆၀၀၀ ရှိနေဖို့ လိုအပ်ပါတယ်။

ဆင်နဂါး စွမ်းအင်အမျှင် အရေအတွက် ၃၀၀၀ တိုးလာဖို့ ဆိုတာက လွယ်တော့ မလွယ်လှပါဘူး။ လီဖူချန်းအနေနဲ့ ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၃၀၀၀ တိုးလာဖို့အတွက် များပြားလှတဲ့ အရင်းအမြစ်တွေ လိုအပ်ပါတယ်။ သူ့ဆီမှာ  လက်ရှိကျန်နေတဲ့  ဝိညာဉ် ကျောက်တုံးတွေနဲ့ ဆိုရင်တော့ ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် ၃၀၀၀ တိုးလာဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။

" ထားလိုက်ပါတော့ကွာ။ ငါက ငါ့ရဲ့ ဆင်နဂါးစွမ်းအင်ကို တိုးပွားလာအောင် မလုပ်နိုင် ပေမယ့်လည်း ငါ့ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အပြင်အား သိုင်းပညာကို လေ့ကျင့်လို့ ရနေသေးတာပဲ "

လီဖူချန်းက သူ့ကိုယ်သူ အားပေးလိုက်ပါတယ်။

အခုဆိုရင် သူ့ရဲ့ သတ္တုရိုးလက်သီးသိုင်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေပါပြီ။ သူက သတ္တုရိုး လက်သီးဆန္ဒကို နားလည်အသုံးပြုနိုင်ဖို့အတွက် အဆင့်တစ်ဆင့်သာ လိုနေတော့တာပါ။

လီဖူချန်းက ချီအတွင်းအား သိုင်းပညာဘက်မှာ အခြေခံ ကောင်းခဲ့တဲ့အတွက် သူ့ရဲ့ ချီအတွင်းအား သိုင်းပညာဘက်မှာ နားလည် သဘောပေါက်နိုင်စွမ်းဟာ  အရမ်းကောင်းပါတယ်။

ဒါပေမဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာဘက်မှာတော့ သူ့ရဲ့ အခြေခံဟာ သုည သာသာပါပဲ။ အဲသည်အတွက်သူဟာ အခုချိန်အထိ သတ္တုရိုး လက်သီးဆန္ဒကို နားလည် ၃အသုံးပြုနိုင်ခြင်း မရှိသေးတာပါ။

သည်ရက်ပိုင်းမှာတော့ လီဖူချန်းဟာ သတ္တုရိုး လက်သီးသိုင်းရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်တော့မယ်လို့ ခံစားနေရပါတယ်။

လီဖူချန်းရဲ့ ခံစားချက်က မမှားပါဘူး။ အချိန်တစ်ပတ် ကြာသွားပြီးတဲ့ နောက်မှာတော့ သူရဲ့ သတ္တုရိုး လက်သီးသိုင်းဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်ကို ရောက်သွားခဲ့ပါပြီ။

ဝုန်း ...

အခန်းတစ်ခုထဲမှာ ရှိနေတဲ့ လီဖူချန်းဟာ လေထုထဲကို လက်သီးတစ်လုံး ထိုးလိုက်ပါတယ်။ သူ့ရဲ့ လက်သီးချက်ထဲမှာတော့ အသိဆန္ဒတစ်ခု ခိုဝင်ကိန်းအောင်းနေခဲ့ပါပြီ။

" နောက်ဆုံးတော့လည်း ငါက သတ္တုရိုးလက်သီး ဆန္ဒကို နားလည် အသုံးပြုနိုင်ခဲ့ပြီပဲ "

လီဖူချန်းက ပြုံးလိုက်ပါတယ်။

သတ္တရိုးလက်သီး ဆန္ဒကို နားလည်ပြီးသွားတဲ့ နောက်မှာတော့ သူ့ရဲ့ လက်သီးတွေဟာ ကိုယ်ပိုင် လက်နက်တစ်ခုလို ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ လက်သီးပေါ်မှာ ယှက်သိုင်းနေတဲ့ အပြင်အား ချီတွေကလည်း လုံးဝကို ဖျက်ဆီးလို့ မရတော့တဲ့ အရာတစ်ခုလိုပါပဲ။

***

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားသစ် လက်ခံပွဲကလည်း တစ်စထက် တစ်စ နီးကပ်လာပြီ ဖြစ်တဲ့အတွက် နန်လင်းမြို့ထဲမှာတော့ လူငယ်တွေနဲ့ စည်ကားနေပါတယ်။

သည်လူငယ်တွေထဲက အချို့တွေက သိုသိုသိပ်သိပ် နေထိုင်ကြပေမယ့်လည်း အချို့ကတော့ ထင်ပေါ်လိုကြပုံပါပဲ။

နန်လင်းမြို့ပြင်မှာတော့  နေ့တိုင်းလိုလိုပင် ရန်ပွဲတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း ဘယ်လူငယ်မှတော့ နန်လင်းမြို့ထဲမှာ ရန်မဖြစ်ရဲကြပါဘူး။

" ဟေ့ကောင် ...  မင်းက ငါ့ကို ဘာလို့ ကြည့်တာလဲ "

" ကြည့်ချင်လို့ ကြည့်တာကွာ ...။ ဘာဖြစ်လည်း  "

" ဟေ့ကောင်  ...။ အပိုတွေ ပြောမနေနဲ့။ သတ္တိရှိရင် မြို့ပြင်ထွက်ခဲ့ "

" ရတယ်လေ ...။ မင်းကို ငါက ကြောက်နေရမှလား ... "

သည်နေ့မှာလည်း လူငယ်နှစ်ယောက်က ဘာအကြောင်းမှ မရှိဘဲနဲ့ မြို့ပြင်မှာ ထွက်တိုက်ဖို့ အတွက် တာစူ နေကြပြန်ပါပြီ။

" အင်း ... လူငယ်တွေ ... လူငယ်တွေ  ...။ ဘာဖြစ်လို့  သည်လောက်အထိ တိုက်ခိုက်ချင်နေ ရတာလဲ "

လီဖူချန်းကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး  ခေါင်းတခါခါ ဖြစ်နေပါတယ်။

ဘာအကြောင်းကြောင့်မှန်းတော့ မသိပါဘူး။  လီဖူချန်းက အဲသည်လို အကြောင်းအရင်း မရှိဘဲနဲ့ တိုက်ခိုက်ရတာကို လုံးဝ စိတ်မပါတော့တာပါ။

" ကြည့်ရတာ စွမ်းအားက လူတစ်ယောက်အပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိနေတာလား "

သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင်တွေနဲ့ ယှဉ်နိုင်စွမ်း ရှိလာကတည်းက လီဖူချန်းဟာ လူငယ်မျိုးဆက်တွေနဲ့ တိုက်ခိုက်ရမှာကို စိတ်မဝင်စားတော့ပါဘူး။ တကယ်လို့ မလွဲမရှောင်သာ တိုက်ခိုက်ရမယ် ဆိုရင်တောင်မှ သူဟာ အရမ်းအစွမ်းထက်တဲ့ ထွဋ်ခေါင်ပါရမီရှင် တွေနဲ့သာ တိုက်ခိုက်ချင်ပါတယ်။

" သည်နှစ်ရဲ့ ကျောင်းသားလက်ခံပွဲကတော့ အရင်နှစ်တွေကထက်ကို စိတ်ဝင်စားစရာပဲ။ သည်တစ်ခေါက်  နာမည်စာရင်း လာပေးတဲ့ လူငယ်တွေထဲမှာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် သုံးယောက်တောင် ပါတယ်လို့ သတင်းကြားတယ်။ အဲသည်လူငယ် သုံးယောက် စလုံးကလည်း  ကောင်းကင်နယ်ပယ် အဆင့်၇နဲ့ အထက်ကို ရောက်နေကြပြီ။"

လီဖူချန်းရဲ့ ဘေးနားမှာ ရှိနေတဲ့ လျိုယန်က ခပ်တိုးတိုး ပြောလိုက်ပါတယ်။

လီဖူချန်းက လျိုယန်ဘက်ကို လှည့်လိုက်ပြီး

"သူတို့တွေက ဘာဖြစ်လို့ အခုမှ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ စာရင်း ပေးတာလဲ"

လျိုယန်က

"တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ တက်ရောက်တဲ့  လူအများစုက  အဆင့်မြင့် ပညာရပ်တွေကို လေ့ကျင့်ချင်လို့ ရောက်လာကြတာ။ သူတို့က ဆန်းကြယ် အထွတ်အထိပ်အဆင့် ပညာရပ်တွေရဲ့ အမြင့်ဆုံး အဆင့်အထိရောက်အောင် မလေ့ကျင့်နိုင်သေးဘဲနဲ့ သိုင်းတက္ကသိုလ်မှာ အမည်စာရင်း မပေးသွင်းကြဘူး "

" ဟိုဘက်က လူကို ကြည့်လိုက်  ...။ အဲသည်လူက နတ်ကျက်သရေမြို့ လီကလန်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် လီချန်းဖန်ပဲ။ သူက အသက်၂၆ပဲ ရှိပေမယ့်လည်း ကောင်းကင်နယ်ပယ် အဆင့်၈ကို ရောက်နေပြီ။ ကောလဟာလတွေ အရဆိုရင်တော့ သူက အဆင့်၄ မိစ္ဆာတစ်ကောင်ကို တောင်မှ သိုင်းကွက် အနည်းအတွင်းမှာ သတ်ဖြတ်နိုင်တယ်တဲ့။ ပြီးတေ့ာ သူက ဆန်းကြယ် အထွတ်အထိပ် အဆင့် အတွင်းအားပညာရပ် တစ်ခုကိုလည်း အမြင့်ဆုံး အဆင့်အထိ လေ့ကျင့် ထားပြီးပြီ "

( note - တရုတ်လို ဆိုရင်တော့  လီဖူချန်းရဲ့  မျိုးရိုးဖြစ်တဲ့ လီနဲ့ လီချန်းဖန်ရဲ့ မျိုးရိုးဖြစ်တဲ့ လီဟာ စာလုံးပေါင်းခြင်း မတူပါဘူး။)

လျိုယန်က ရုတ်တရက် ဆိုသလို လမ်းကြားလေး တစ်ခုရဲ့ အဆုံးမှာ ရပ်နေတဲ့ ခပ်ချောချော လူငယ်လေး တစ်ယောက်ကို လက်ညှိုး ထိုးပြလိုက်ပါတယ်။

" အသက်၂၆နှစ် နဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် အတွင်းအား ပညာရပ်ကို အမြင့်ဆုံး အဆင့်အထိ  လေ့ကျင့်ထားနိုင်တဲ့ သူလား "

လီဖူချန်းက လျိုယန်ပြောတဲ့ လူငယ်ကို လှမ်းကြည့်လိုက် မိပါတယ်။

လီချန်းဖန်ကလည်း  လီဖူချန်း လှမ်းကြည့်တာကို အာရုံ ရလိုက်ပုံပါပဲ။ သူကလည်း လီဖူချန်းကို  ပြန်ကြည့် လာခဲ့ပါပြီ။

ဒါပေမဲ့လည်း လီချန်းဖန်က လီဖူချန်းကို တစ်ချက်သာ စိုက်ကြည့်ပြီး သူ့ရဲ့ အကြည့်တွေကို ပြန်သိမ်း သွားခဲ့ပါတယ်။

" သူရဲ့ ကျင့်ကြံမှုက သိပ်ပြီး  အဆင့်မြင့်တဲ့ ပုံလည်း မရှိပါဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ငါက အန္တရာယ် အနံ့တွေ ရလိုက်တာလဲ "

လီချန်းဖန်က မျက်မှောင်ကြုတ်ပြီး  ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

" သူက မဆိုးဘူး "

လီဖူချန်းကလည်း မှတ်ချက်ချလိုက်ပါတယ်။

လီချန်းဖန်က အစွမ်းထက်တဲ့ ပါရမီရှင် တစ်ယောက်ဆိုတာ ယုံမှား သံသယ ဝင်နေစရာ မလိုပါဘူး။ သူက လီဖူချန်းရဲ့ အကြည့်ကိုတောင်  အာရုံခံနိုင်ပါတယ်။

ပါရမီရှင် အချင်းချင်းမှသာ တစ်ဖက်လူရဲ့ တည်ရှိမှုကို အာရုံခံနိုင်တာပါ။ ဒါက မြွေမြွေချင်း ခြေမြင်တယ်ဆိုတဲ့  သဘောတရားနဲ့ အတူတူပါပဲ။

***

All Chapters