အမှောင်ထု အရိုးတည်ဆောက်ပုံ
Vol. 28 Ch. 375
သည်လိုနဲ့ပဲ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားသစ် လက်ခံမယ့်နေ့ကို ရောက်ရှိလာခဲ့ပါတယ်။
သည်နှစ်အတွက် ကျောင်းသားသစ်အဖြစ် လျှောက်ထားမယ့် လူငယ်တွေဟာလည်း တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်သို့ ဦးတည်ပြီး သွားနေကြပါပြီ။
နှစ်စဉ်နှစ်တိုင်း တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ တက်ရောက်ခွင့် ရဖို့အတွက် လျှောက်ထား ကြသူတွေဟာ အရေအတွက်အားဖြင့် တစ်ထောင်ကျော်ကို ရှိပါတယ်။
ဒါပေမဲ့လည်း အဲသည်အရေအတွက် တစ်ထောင်ကျော်ထဲမှာ ကြယ်၆ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက တစ်ယောက်စ၊ နှစ်ယောက်စလောက်သာ ပါတာပါ။ ယေဘုယျအားဖြင့်တော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို ဝင်ခွင့် လျှောက်သူတွေထဲမှာ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အများဆုံးပါပဲ။ ဒါပေမဲ့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေလည်း ဆယ်နဲ့ချီပြီး ပါပါသေးတယ်။
တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ သတ်မှတ်ချက်တွေထဲမှာ ကျောင်းတော်ကို ဝင်ခွင့် လျှောက်သူတွေဟာ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ရှိရမယ်လို့ သတ်မှတ်စံနှုန်း ထားရှိခဲ့ ပေးမယ့်လည်း ရှားပါးတဲ့ ပါရမီရှင်တွေကို လက်လွှတ်လိုက်ရမှာ စိုးတဲ့အတွက် ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် အချို့ကိုလည်း ကျောင်းသားသစ် အဖြစ် လက်ခံလေ့ ရှိပါတယ်။ ဒါပေမဲ့ ကောင်းကင်မျှော်စင်ရဲ့ ဒုတိယထပ်ကို ကျော်ဖြတ်နိုင်တဲ့ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုသာ ကျောင်းသားသစ် အဖြစ် လက်ခံတာပါ။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ဟာ နန်လင်းမြို့နဲ့ မိုင်ရာချီသာ ကွာဝေးပါတယ်။ ဒါက သိပ်ဝေးလှတဲ့ အကွာအဝေး တစ်ခုတော့ မဟုတ်ပါဘူး။
အချိန်တို အတွင်းမှာပဲ ကြီးမားလှတဲ့ လူအုပ်စုကြီးဟာ ကွင်းပြင်ကျယ်ကြီး တစ်ခုဆီကို ရောက်ရှိလာခဲ့ပါပြီ။ သူတို့ရဲ့ အရှေ့မှာတော့ ကြီးကျယ် ခမ်းနားလှတဲ့ မဟာ အဆောက်အဦကြီးတစ်ခု ရှိနေပါတယ်။
သည်အဆောက်အဦကြီးကိုတော့ အောက်ပိုင်းကျယ်ကာ အပေါ်ကို ရှူးသွားတဲ့ ပုံစံမျိုး ဆောက်လုပ်ထားတာပါ။ အဆောက်အဦကြီးရဲ့ ထိပ်ဆုံးမှာတော့ မျှော်စင်အမြင့်ကြီး တစ်ခု ရှိနေပါတယ်။ လူတွေ ပြောကျတာကတော့ အဲသည်မျှော်စင်ဟာ အတွင်းစည်း တက္ကသိုလ် တည်ရှိရာ လျှို့ဝှက်နယ်မြေနဲ့ ဆက်သွယ် ပေးထားတာပါတဲ့။ အဲသည်စကားက မှန်လား၊ မမှန်ဘူးလား ဆိုတာကတော့ ကိုယ်တိုင်ကိုယ်ကျ ကြုံမှပဲ သိရမှာပါ။
ကျောင်းသားသစ် လက်ခံမယ့်အချိန် ရောက်ဖို့အတွက် အချိန်အနည်းငယ် လိုနေသေးတဲ့ အတွက် လူငယ်တွေ အားလုံးဟာ ကွင်းပြင်ကျယ်ကြီးထဲမှာပဲ စောင့်နေရပါတယ်။
" လျိုယန် မိန်းမပျက်မ။ နင်သည်တစ်ခါကော မာနထောင်လွှား နိုင်ဦးမလား ဆိုတာ ကြည့်ကျတာပေါ့ '"
ဇိုလင်းဟွာက ရန်ပြောင်းနဲ့ နောက်ထပ် လူတစ်ယောက်ကို ခေါ်လာပြီး လျိုယန်ကို အထက်စီးကနေ ပြောလိုက်ပါတယ်။
လျိုယန်ကလည်း ငြိမ်ခံမနေပါဘူး။
သူက ဆိုးဝါးလှတဲ့ အနံ့တစ်ခုကို ရလိုက်တဲ့ဟန်ဖြင့် နှာခေါင်းကို အုပ်လိုက်ပြီး ပြန်ချေပ လိုက်ပါတယ်။
'" ဇိုလင်းဟွာ ...။ နင့်ပါးစပ်က အရမ်း ပုပ်စော်နံတယ်။ နင့်ပါးစပ်ကို အရင် သန့်ရှင်း လိုက်ပါလား "
ဇိုလင်းဟွာက ဒေါသတကြီးဖြင့်
" နင်က အရမ်း လျှာစောင်း ထက်နေတယ် ဟုတ်လား။ အေးဟုတ်ပြီ ...။ နင့်ရဲ့ စစ်ကူ မရှိတဲ့ အခါကျရင်ကော အခုလို လျှာစောင်းထက် နိုင်ဦးမလား ဆိုတာကို ကြည့်ကျသေးတာပေါ့ "
" ရန်ပြောင်း ...။ နင့်ကို ပါးရိုက်သွားတဲ့ ကောင်ကို ပြန်ပြီး လက်တုံ့ပြန်ရမယ့် အချိန် ရောက်ပြီ။ နင့်အစွမ်းကို ပြလိုက်စမ်း "
ဝုန်း ...
ပြင်းထန်လှတဲ့ ချီအရှိန်အဝါ တစ်ခုက လေထုမှာ ဖြစ်တည် လာခဲ့ပါပြီ။ ထိုချီအရှိန်အဝါရဲ့ ပိုင်ရှင်ကတော့ ရန်ပြောင်းပါပဲ။ ရန်ပြောင်းက လီဖူချန်းကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။
" မျိုးမစစ်တဲ့ ခွေးမသားလေး ...။ အခုချက်ချင်း ဒူးထောက်ပြီး ကိုယ့်ပါးကိုယ် ဆယ်ကြိမ်တိတိ ရိုက်စမ်း။ အဲဒါဆိုရင် မင်းကို ခွင့်လွှတ်ပေးလိုက်မယ် "
လီဖူချန်းကတော့ ရန်ပြောင်းရဲ့ စကားကို ဂရုစိုက်ပုံ မရပါဘူး။ သူက လေသံ လေးအေးအေးလေးဖြင့်
" အင်း ...။ ငါရိုက်လိုက်တဲ့ လက်ဝါး ရိုက်ချက်က အားနည်းသွားလို့ ထင်တယ်။ မင်းက အခုထိ မမှတ်သေးဘူးဘဲ "
" ခွေးမသား "
လီဖူချန်းရဲ့ စကားက ရန်ပြောင်းရဲ့ ဒေါသတွေကို အမြင့်ဆုံး အခြေအနေ တစ်ခုအထိ ရောက်ရှိ သွားစေခဲ့ပါပြီ။
" သေစမ်းကွာ "
ဒေါသထွက်နေတဲ့ ရန်ပြောင်းဟာ သူ့ရဲ့ လက်စွဲတော်ဖြစ်တဲ့ တူကြီးတစ်လက်ကို ထုတ်ယူလိုက်ပြီး လီဖူချန်းကို ထုချလိုက်ပါတယ်။
" သွားပြီ။ သည်ကလေးတော့ ဇာတ်သိမ်းပြီ။ ရန်ပြောင်းက အပြင်စည်း တက္ကသိုလ်ရဲ့ လက်ရွေးစင် ကျောင်းသား။ ပြီးတော့ ကောင်းကင်မျှော်စင်ရဲ့ တတိယထပ်ကိုလည်း ဖြတ်ကျော် ထားနိုင်သေးတယ်။ ဝင်ခွင့်လာလျှောက်တဲ့ ကျောင်းသားသစ် တစ်ယောက်က ဘယ်လိုလုပ်ပြီး ရန်ပြောင်းကို ယှဉ်နိုင်မှာလဲ ... "
" မင်းပြောတာမှန်တယ်။ လီချန်းဖန်လို ပါရမီရှင်ကမှ ရန်ပြောင်းကို ယှဉ်နိုင်မှာကွ။ သည်ကလေးကတော့ မျှော်လင့်ချက် မရှိဘူး ... "
ကွင်းပြင်ကျယ်ကြီးထဲမှာ ရှိနေတဲ့ လူတွေအားလုံးဟာ လီဖူချန်းကို ကြည့်ပြီး မှတ်ချက် ပေးနေကြပါတယ်။
ရန်ပြောင်းက နှယ်နှယ်ရရ လူတစ်ယောက် မဟုတ်ပါဘူး။ သူက ကောင်းကင်နယ်ပယ် အဆင့်၇ ပညာရှင်ပါ။ ပြီးတော့ သူ့ရဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် တူသိုင်းကလည်း အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်နေပါပြီ။ လီဖူချန်းလို ဝင်ခွင့်လာလျှောက်တဲ့ ကျောင်းသားသစ် တစ်ယောက် အနေနဲ့ကတော့ ရန်ပြောင်းကို ယှဉ်နိုင်စရာ အကြောင်းကို မရှိတာပါ။
ရန်ပြောင်းရဲ့ တူက လီဖူချန်းကို ထိခါနီး ဆဲဆဲမှာပဲ ...
" သွားစမ်း "
ဘန်း ...
အသံနဲ့ အတူ ရန်ပြောင်းဟာ လူရော၊တူပါ လွင့်ထွက် သွားခဲ့ပါတယ်။
လက်သီးတစ်ချက် ...
သည်လက်သီးချက်က မိစ္ဆာနတ်ဘုရား တစ်ပါးရဲ့ ခွန်အားတွေ ခိုဝင်ကိန်းအောင်း နေသလိုပါပဲ။
"အဟွတ် ... အဟွတ် ... ဝေါ့ "
ရန်ပြောင်းကတော့ သွေးတွေ အန်နေခဲ့ပါပြီ။
" မင်း ... မင်း ... "
ရန်ပြောင်းက ဘာစကားမှကို ဆက်ပြီး မပြောရဲတော့ပါဘူး။ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ ကြောက်ရွံ့မှုတွေကို အတိုင်းသား မြင်နေရပါတယ်။ တစ်ဖက်လူက သူ့ရဲ့ တူသိုင်းကွက်ကို လက်ဗလာနဲ့ပင် အနိုင်ယူလိုက်တာ မဟုတ်ပါလား။
ကွင်းပြင်ကျယ်တစ်ခုလုံးကလည်း တိတ်ဆိတ်သွားပြီး လူငယ်အားလုံးဟာ လီဖူချန်းကို အကြောင်သား စိုက်ကြည့်နေကြပါတယ်။
လက်သီးတစ်ချက်နဲ့ အပြင်စည်းတက္ကသိုလ်ရဲ့ လက်ရွေးစင် ကျောင်းသားကို အနိုင်ယူ လိုက်တဲ့ကောင် ...။ သည်ကောင်က အစောကြီးကတည်းက ဝင်ခွင့်မလျှောက်ဘဲ ဘယ်မှာ ပုန်းနေတာလဲ ...။
ဇိုလင်းဟွာရဲ့ ဘေးနားမှာ ရှိနေတဲ့ လူငယ်ရဲ့ မျက်နှာကလည်း လေးနက် တည်ကြည် သွားခဲ့ပါပြီ။ ကြည့်ရတာတော့ သူတို့က လီဖူချန်းကို လျော့တွက်လိုက်မိတဲ့ ပုံပါပဲ။ သည်ကောင်က သာမန် မဟုတ်ပါဘူး။
" ထွီ ... အသုံးမကျလိုက်တာ။ စုလင်း ... နင်ငါ့အစား သူ့ကို ဆုံးမလိုက် " ဇိုလင်းဟွာက သူ့ဘေးမှာ ရပ်နေတဲ့ လူငယ်ကို အမိန့်ပေးလိုက်ပါတယ်။
သူမက လျိုယန်တစ်ယောက် အရမ်းတော်တဲ့ စစ်ကူတစ်ယောက် ရှာလာနိုင်တာကို လုံးဝ မကျေနပ်ပါဘူး။
လျိုယန်ကတော့ အေးအေးဆေးဆေးပဲ ရပ်နေပါတယ်။ သူမ အနေနဲ့ လီဖူချန်းအတွက် စိုးရိမ်နေစရာ အကြောင်းကို မရှိတာပါ။
လီဖူချန်းက ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် လုပ်ကြံ သတ်ဖြတ်သူကိုတောင်မှ လက်သီး တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တာလေ။ သည်လို ပမွှား အပြင်စည်း တက္ကသိုလ် ကျောင်းသားတွေလောက်ကိုတော့ စကားထဲတောင် ထည့်ပြောနေစရာ မလိုပါဘူး။
" ခန္ဓာကိုယ်အပြင်အား ပညာရှင်လား "
လီချန်းဖန်ကတော့ လီဖူချန်းကို သေသေချာချာ အကဲခတ်နေပါတယ်။ ဘာကြောင့်မှန်းတော့ မသိပါဘူး။ သူက လီဖူချန်းထံကနေ ကြောက်စရာ ကောင်းတဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရပါတယ်။
" စုလင်း ... နင်ဘာလုပ်နေတာလဲ။ သူ့ကိုသွားပြီး ဆုံးမလိုက်လေ "
စုလင်းက မလှုပ်ရှားဘဲ ငြိမ်နေတာကို တွေ့လိုက်ရတဲ့အတွက် ဇိုလင်းဟွာက ဒေါသတကြီးနဲ့ စုလင်းကို ဖိအားပေး လိုက်ပါတယ်။
သည်တစ်ခါမှာတော့ စုလင်းက အရှေ့ထွက်လာပြီး
" မင်းက ရန်မစသင့်တဲ့ လူကို ရန်စလိုက်တာပဲ။ တောင်းပန်ပါတယ်။ ငါမင်းကို ဆုံးမရတော့မယ် "
" လောကပေါ်မှာ ငါရန်မစသင့်တဲ့လူတွေ အများကြီး ရှိတယ်ဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အဲသည်လူတွေက မင်းတို့ မဟုတ်ဘူး "
လီဖူချန်းက အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ်။
" ငါက ရန်ပြောင်း မဟုတ်ဘူး။ သတိထား "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် စုလင်းဟာ သူ့ရဲ့ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်း လိုက်ပါပြီ။
စုလင်းက ရန်ပြောင်းထက်ကို ပိုအစွမ်းထက်တဲ့ လက်ရွေးစင် ကျောင်းသား တစ်ယောက်ပါ။ ပြီးတော့ သူက ကောင်းကင် မျှော်စင်ရဲ့ စတုတ္ထအထပ်ကိုတောင်မှ ဖြတ်ကျော်နိုင်ခဲ့ ပါသေးတယ်။
ကျင့်ကြံခြင်းမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သိုင်းပညာမှာပဲ ဖြစ်ဖြစ်ပါလေ။ သူက ရန်ပြောင်းထက် အသာကြီးပါပဲ။ သူက ကောင်းကင်နယ်ပယ် အဆင့်၈ကို ရောက်နေပြီ ဖြစ်တဲ့အပြင် သူ့ရဲ့ ဆန်းကြယ် အထွတ်အထိပ် သိုင်းပညာ ဆန္ဒကိုလည်း နားလည်အသုံးပြုနိုင်စွမ်း ရှိနေပါပြီ။ စုလင်းက အတွင်းအား ပညာရပ်ရဲ့ အမြင့်ဆုံးအဆင့်အထိ ရောက်ဖို့ပဲ လိုတော့တာပါ။
စုလင်းရဲ့ လက်နက်ကတော့ ဆေဘာတစ်လက် ဖြစ်ပါတယ်။
ရွှမ်း ... ရွှမ်း ... ရွှမ်း
ပတ်ဝန်းကျင် တစ်ခုလုံးကိုတော့ ဆေဘာဓားရိပ်တွေက ဖုံးအုပ် သွားခဲ့ပါပြီ။ မြေပြင်ပေါ်မှာလည်း ဖုန်တထောင်းထောင်းနဲ့ပါပဲ။
" သွားစမ်း "
အဲသည်အချိန်မှာပဲ လက်သီးတစ်ချက် ထွက်ပေါ်လာပြီး စုလင်းကို ထိုးချ လိုက်ပါတယ်။
ဘန်း ...
ဆေဘာဓားရိပ်တွေ ပျောက်ကွယ်သွားခဲ့သလို စုလင်းတစ်ယောက် လွင့်ထွက် သွားခဲ့ပါပြီ။
စုလင်းရဲ့ ရလဒ်ကလည်း ရန်ပြောင်းနဲ့ ထူးမခြားနားပါပဲ။ စုလင်းလည်း ရန်ပြောင်းလိုပဲ မြေပြင်ပေါ်မှာ ကုန်းပြီး သွေးအန် နေရတာပါ။
" အားယား ... ငါဘာဖြစ်လို့ သည်လိုငပေါတွေနဲ့ တိုက်ခိုက်နေရတာလဲ "
လီဖူချန်းကတော့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ပုံနဲ့ ခေါင်းကို ခါယမ်း နေပါတယ်။
ကွင်းပြင်ကျယ်ကြီးထဲမှာ ရှိနေတဲ့ လူတွေ အားလုံးကတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြပါပြီ။ သူတို့က လီဖူချန်း နဲ့ပတ်သက်ပြီး ဘာမှတ်ချက်ပေးလို့ ပေးရမှန်းတောင် မသိတော့ပါဘူး။
လက်သီးတစ်ချက် ...။
ရန်ပြောင်းထက် အများကြီး အစွမ်းထက်တယ်ဆိုတဲ့ စုလင်းကိုလည်း လက်သီးတစ်ချက်က အနိုင်ယူ သွားခဲ့ပြန်ပါပြီ။
သည်လိုစွမ်းအားမျိုးက ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ်ကို ကျော်ဖြတ်ဖို့ အတွက်တောင် ကောင်းကောင်းကြီး လုံလောက်ပါတယ်။
သူ့အခြေအနေကို သူသိတဲ့ ဇိုလင်းဟွာကတော့ အသာလေး လစ်ထွက်သွားဖို့ ခြေလှမ်း ပြင်နေပါပြီ။
ဒါပေမဲ့လည်း လျိူယန်က သူ့ကို အလွတ်မပေးပါဘူး။
"ဇိုလင်းဟွာ ...။ နင်ဘယ်ကို သွားမလို့လဲ ...။ နင်ငါ့ကို ဆုံးမဖို့ လာခဲ့တာ မဟုတ်ဘူးလား ... "
လျိုယန်က အားရပါးရ လှောင်ပြောင် လိုက်ပါတယ်။
" နင် ... နင် ...။ လျိုယန် ... နင် တက္ကသိုလ်ထဲရောက်မှ တွေ့မယ် "
ဇိုလင်းဟွာက ကြိမ်းဝါးပြီး ထွက်သွားခဲ့ပါပြီ။
" စိတ်ဝင်စားစရာပဲ။ ထိပ်တန်းစာရင်းဝင် ကျောင်းသားတွေကလွဲပြီး ငါ့ရဲ့ အာရုံကို ဆွဲဆောင်နိုင်မယ့်သူ မရှိဘူးလို့ ထင်ထားခဲ့တာ။ သည်ကောင်က ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ ထိုက်တန်တယ်"
လူအုပ်ကြားထဲမှာရှိနေတဲ့ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး တစ်ယောက်က ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
အဲသည်အချိန်မှာပဲ သိုင်းတက္ကသိုလ်ရဲ့ တံခါးမကြီးဟာ ပွင့်လာခဲ့ပါပြီ။ မျက်နှာသေကြီးနဲ့ လူကြီးတစ်ယောက်ဟာ သိုင်းတက္ကသိုလ်ထဲကနေ ထွက်လာခဲ့ပြီး အေးစက်စက် လေသံဖြင့် ကြော်ငြာ လိုက်ပါတယ်။
" အသက်၃၀အောက် လူတွေပဲ ဝင်ခွင့် စမ်းသပ်ချက်ကို အစမ်းသပ်ခံဖို့ အတွက် ဝင်ခွင့်ရမယ်။ အသက်၃၀ အထက်က လူတွေကို ဝင်ခွင့်မပြုဘူး "
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားလက်ခံမှုက သတ်မှတ်ထားတဲ့ စံနှုန်း တစ်ခုရှိပါတယ်။ သိုင်းတက္ကသိုလ်က အသက်၃၀အောက် ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုသာ ကျောင်းသားတွေ အဖြစ် လက်ခံတာပါ။
ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို မပိုင်ဆိုင်ထားတဲ့ သူတွေကတော့ ကောင်းကင်မျှော်စင်ကို တက်ရောက် ရပါမယ်။ ကောင်းကင်မျှော်စင်ရဲ့ ဒုတိယထပ်ကို ကျော်ဖြတ်နိုင်တဲ့ သူတွေမှသာ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားဖြစ်ခွင့် ရှိမှာပါ။
လီဖူချန်းက တစ်ချက်ကြည့်လိုက်တာနဲ့ သည်လူကြီးဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တစ်ယောက် ဆိုတာကို တန်းသိလိုက်ပါတယ်။ သည်လူကြီးရဲ့ ချီအရှိန်အဝါအရ ဆိုရင်တော့ သူဟာ အရှေ့ယူနီကွန်း တိုက်ရဲ့ ထိပ်သီး ပညာရှင်တွေထက် အားနည်းစရာ အကြောင်းမရှိပါဘူး။
အဲသည်အချိန်မှာပဲ မျက်နှာသေနဲ့ လူကြီးဟာ လူတစ်ရပ်စာကျော်တဲ့ မှန်ဘောင်တစ်ခုကို သူ့ရဲ့ သိုလှောင်အိတ်ထဲကနေ ထုတ်လိုက်ပါတယ်။
သည်မှန်ဘောင်ကို မြေပြင်ပေါ်မှာ စိုက်လိုက်တဲ့ အခါမှာတော့ မြစိမ်းရောင် အလင်းတန်းတွေ ဖြစ်တည်လာခဲ့ပါပြီ။
" အသက်၃၀အောက် လူတွေပဲ သည်မှန်ဘောင်ကို ဖြတ်ကျော်လို့ရမယ်။ သည်မှန်ဘောင်ကို မဖြတ်ကျော်နိုင်တဲ့ လူတွေ ထွက်သွားကြ "
မျက်နှာသေနဲ့ လူကြီးက အေးစက်စက် ပြောလိုက်ပါတယ်။
" ကျွန်တော် စမ်းကြည့်မယ် "
လူငယ်တစ်ယောက်က ထွက်လာပြီး မြစိမ်းရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ မှန်ဘောင်ကို ကျော်ဖြတ်ဖို့ ကြိုးစား လိုက်ပါတယ်။
မျက်နှာသေနဲ့ လူကြီးကတော့ အေးအေးဆေးဆေးပါပဲ။ သည်မှန်ဘောင်က အသက်ကို ကောင်းကောင်းကြီး ပိုင်းခြားပေးနိုင်တဲ့ ရတနာတစ်ခု ဖြစ်ပါတယ်။
တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေတောင်မှ သည်မှန်ဘောင်ရဲ့ရှေ့မှာ သူတို့ရဲ့ အသက်ကို မဖုံးထားနိုင်ပါဘူး။ အဲသည်အတွက် အသက်၃၀ ကျော်နေတဲ့ လူငယ်တွေဟာ သည်မှန်ဘောင်ကို လိမ်လည်ပြီး ကျော်ဖြတ်နိုင်စရာ အကြောင်းမရှိပါဘူး။
လူငယ်တွေ အများစုဟာ မြစိမ်းရောင် မှန်ဘောင်ကို ကျော်ဖြတ် သွားကြပါပြီ။ ဒါပေမဲ့လည်း မြစိမ်းရောင် မှန်ဘောင်ကို မကျော်ဖြတ်နိုင်တဲ့ လူတွေလည်း ရှိနေပါဆဲပါပဲ။
" မဖြစ်နိုင်ဘူး ...။ ငါက အခုမှ အသက်၃၀ ပြည့်ထားတာလေ။ ငါက ဘယ်လိုလုပ်ပြီး သည်မှန်ဘောင်ကို မကျော်ဖြတ်နိုင်တာလဲ "
လူငယ်တစ်ယောက်က သူ့ရဲ့ ရလဒ်ကို လက်မခံနိုင်စွာဖြင့် အော်ဟစ်နေပါတယ်။
မျက်နှာသေနဲ့ လူကြီးကတော့ စကားနှစ်လုံးပဲ ပြောလိုက်ပါတယ်။
" သွားစမ်း "
အသက် စစ်ဆေးမှု ပြီးတဲ့အခါမှာ ထပ်လာတဲ့ စစ်ဆေးမှုကတော့ အရိုးတည်ဆောက်ပုံ စစ်ဆေးမှုပါပဲ။
သိုင်းတက္ကသိုလ်ရဲ့ အတွင်းပိုင်းမှာတော့ စင်မြင့်တစ်ခု ရှိနေပြီး ထိုစင်မြင့် ပေါ်မှာတော့ ကျောက်တုံးကြီး တစ်တုံး ရှိနေပါတယ်။ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ ဒါက အရိုးတည်ဆောက်ပုံကို စစ်ဆေးပေးတဲ့ ရတနာ ကျောက်တုံးပါပဲ။
" သည်စစ်ဆေးမှုကို မြန်မြန် ခံယူကြ။ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံနဲ့ အထက် ရှိတဲ့သူတွေက သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေ အဖြစ် တန်းဖြစ်ခွင့် ရမယ်။ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ တတိယ စမ်းသပ်မှုကို စမ်းသပ်ခံရမယ် "
စင်မြင့်ပေါ်မှာတော့ ကျောက်တုံးကြီးအပြင် နာမည်စာရင်း ကောက်ခံ နေပုံရတဲ့ ဆရာတစ်ယောက် ရှိနေပါတယ်။
" အမှတ်စဉ်၁။ မင်းရဲ့ နာမည်နဲ့ အသက် "
" ဖူကျင်း။ ၂၈နှစ် "
" ရပြီ ...။ ကျောက်တုံးပေါ်ကို လက်တင်လိုက် "
" ဟုတ်ကဲ့ "
ကျောက်တုံးကြီးက အဖြူရောင် အလင်းတန်းတွေ ဖြာထွက်လာခဲ့ပါပြီ။
" ဖူကျင်း၊ အသက်၂၈နှစ် ၊ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် "
" နောက်တစ်ယောက် "
အရိုးတည်ဆောက်ပုံ စမ်းသပ် စစ်ဆေးမှုက အတော်လေး လျင်မြန်လှပါတယ်။ အချိန်တိုလေး အတွင်းမှာပဲ ဝတ်စုံနက်လူငယ်ရဲ့ အလှည့်ကို ရောက်လာခဲ့ပါပြီ။
ဝတ်စုံနက် လူငယ်ရဲ့လက် ကျောက်တုံးပေါ်မှ တင်လိုက်တဲ့ အခါမှာတော့ ကျောက်တုံးဟာ အနက်ရောင် အလင်းတန်းတွေကို ဖြာထွက်စေခဲ့ပါတယ်။
" ဒါက ဘယ်လို အမျိုးအစား အရိုးတည်ဆောက်ပုံလဲဟ ...။ ကျောက်တုံးက အနက်ရောင် အလင်းတန်းတွေ ထုတ်ပေးတာလား"
" မင်းသူ့ကိုတောင် မသိဘူးလား။ သူက မဟူရာအရိုးမြို့ရဲ့ သခင်လေးလေ "
ထိုလူငယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက လူအုပ်ထဲမှာ ပျံ့နှံ့လာခဲ့ပါတယ်။
နာမည်စာရင်း သွင်းနေတဲ့ လူကြီးက ထိုလူငယ်ကို အံ့သြစွာဖြင့် ကြည့်လိုက်ပြီး ကျောင်းသား စာရင်းထဲမှာ ရေးချလိုက်ပါတယ်။
" ဝမ်ဟိုင်လုံ၊ အသက်၂၇နှစ် ၊ ကြယ်၆ပွင့် အမှောင်ထု အရိုးတည်ဆောက်ပုံ ပိုင်ရှင် "
" ဝမ်ဟိုင်လုံအကြောင်းကို ငါကြားဖူးတယ်။ သူက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လို့ နာမည်ကြီးနေတာ ကြာပြီ။ ဒါပေမဲ့ ကြယ်၆ပွင့် အမှောင်ထု အရိုးတည်ဆောက်ပုံ ပိုင်ရှင်လို့တော့ ငါမထင်ထားမိဘူး "
လျိုယန်က လီဖူချန်းကို ခပ်တိုးတိုးလေး ပြောလိုက်ပါတယ်။
" အမှောင်ထု အရိုးတည်ဆောက်ပုံလား "
လီဖူချန်းက သည်လို အရိုးတည်ဆောက်ပုံ အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပါဘူး။
လျိုယန်က လီဖူချန်းကို သေသေချာချာ ရှင်းပြလိုက်ပါတယ်။
" အထူးအရိုး တည်ဆောက်ပုံတွေကို နင်သိတယ် မဟုတ်လား။ အေး ... အဲသည် အထူးအရိုး တည်ဆောက် ပုံတွေကို နှစ်မျိုးနှစ်စား ခွဲထားတယ်။ ပထမ အမျိုးအစားကတော့ သာမန် အထူးအရိုး တည်ဆောင်ပုံတွေပဲ။ အဲသည် သာမန် အထူးအရိုး တည်ဆောက်ပုံတွေက ရေဓာတ်၊ မီးဓာတ် တွေကို ကျင့်ကြံရာမှာ လျင်မြန်စေတယ်။ဒုတိယ အမျိုးအစားကတော့ ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံတွေပဲ။ အမှောင်ထု အရိုးတည်ဆောက်ပုံ ဒါမှမဟုတ် ဓားတာအို အရိုး တည်ဆောက်ပုံတွေက ဒုတိယ အမျိုးအစားထဲမှာ ပါတယ် "
" အိုး ... ဒါဆိုရင် နဂါးဓားသခင်လေး ချူးယီရဲ့ အရိုးတည်ဆောက်ပုံကို ဓားသွေးကြောတွေလို့ မခေါ်ဘဲ ဓားတာအို အရိုး တည်ဆောက်ပုံလို့ ခေါ်ရမှာပေါ့ "
လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ်။
သူက စိတ်ထဲမှာ မတင်မကျ ဖြစ်နေတဲ့ အချက်တစ်ချက်ကို ထပ်မေးလိုက်ပါတယ်။
"ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံတွေ အားလုံးက သူတို့ရဲ့ အထူးပြု စွမ်းရည်တွေကို နိုးထ စေနိုင်တာလား "
လျိုယန်က
" အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ အထူးအရိုး တည်ဆောက်ပုံတိုင်းက သူတို့ရဲ့ အထူးပြု စွမ်းရည်တွေ နိုးထစေနိုင်ဖို့ အခွင့်အရေး ရှိတယ်။ ဒါပေမဲ့ ခက်ခဲမှုတွေကတော့ မတူဘူး။ ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံတွေက အထူးပြု စွမ်းရည်တွေကို အလွယ်တကူ နိုးထနိုင်တယ်။ သာမန် အထူးအရိုး တည်ဆောက်ပုံတွေရဲ့ အထူးပြု စွမ်းရည် နိုးထဖို့တော့ အင်မတန် ကံကောင်းမှပဲ ရမယ် "
" အော် ... အဲလိုလား "
လျိုယန်ရဲ့ ရှင်းပြမှု အပြီးမှာတော့ လီဖူချန်းတစ်ယောက် အထူးအရိုး တည်ဆောက်ပုံတွေနဲ့ ပတ်သက်ပြီး အတော်လေး နားလည်သွားခဲ့ပါပြီ။
ထို့နောက်မှာတော့ လီချန်းဖန်နဲ့ ကျောင်းယုဟု အမည်ရတဲ့ မိန်းမပျိုလေး တစ်ယောက်ရဲ့ အလှည့်ကို ရောက်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်ရဲ့ အရိုး တည်ဆောက်ပုံတွေကလည်း မရိုးရှင်းလှပါဘူး။
လီချန်းဖန်က ကြယ်၆ပွင့် ငှက်တောင်ပံ အရိုးတည်တောက်ပုံကို ပိုင်ဆိုင်ထားပြီး ကျောင်းယု ကတော့ ကြယ်၆ပွင့် ရေဓာတ်အထူးပြု အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားပါတယ်။
" မဆိုးဘူး ... မဆိုးဘူး။ သည်နှစ်ရဲ့ ကျောင်းသားသစ်တွေက အရင်တွေကထက် ပိုအလားအလာ ကောင်းတာပဲ။ ကြည့်ရတာတော့ ငါတို့ တောင်ပိုင်းတောအုပ် တက္ကသိုလ်ရဲ့ ရွှေခေတ်ကို ရောက်ပြီ ထင်တယ် "
မျှော်စင်ကြီးရဲ့ ထိပ်မှာတော့ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဘိုးတစ်ယောက် ရှိနေပြီး ထိုအဘိုးအိုက အရိုးတည်ဆောက်ပုံ စမ်းသပ်မှုကို ကောင်းကောင်းကြီး အကဲခတ် နေပါတယ်။ သူ့ရဲ့ မျက်နှာကတော့ ပြုံးလို့၊ရွှင်လို့ ပါပဲ။
သိပ်မကြာခင်မှာပဲ လီဖူချန်းရဲ့ အလှည့်ကို ရောက်လာခဲ့ပါပြီ။
" အိုး ... သည်ကလေးရဲ့ အရှိန်အဝါက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်လို အားကောင်း နေပါလား။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက သာမန်ထဲကတော့ မဖြစ်နိုင်ဘူး "
မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုက လီဖူချန်းကို သေသေချာချာ အကဲခတ် နေပါတယ်။ သူ့ပုံစံက လီထူချန်းကို အတော်လေး မျှော်လင့်ထားတဲ့ ပုံပါပဲ။
လီဖူချန်းကတော့ မချိပြုံးပြုံးပြီး စင်မြင့်ပေါ်ကို တက်လာခဲ့ပါတယ်။ သူက သူ့ရဲ့ အရိုး တည်ဆောက်ပုံကို ကောင်းကောင်းကြီး သိထားပြီးသားပင် မဟုတ်ပါလား။
***