ထင်မှတ်မထားသည့် ကပ်ဘေး
Vol. 27 Ch. 391
လျန်ရူရွှယ် တစ်ချက် စဉ်းစားကြည့်လိုက်၏။
ဒါတော့ မဖြစ်နိုင်လောက်ဘူး...
တကယ်လို့ တစ်ကမ္ဘာလုံးက ယောက်ျားလေးတွေ ဂေးသွားရင်တောင် အဲ့ကောင်ကတော့ ပါမယ့်အမျိုးအစားထဲမှာ မရှိဘူး...
ယမန်နေ့တုန်းက လင်းရီ သူမကို ဖက်ခဲ့စဉ်အခါက တင်းကြပ်စွာဖြင့် အခွင့်အရေးအပြည့်အ၀ ယူခဲ့လေသည်။
လျန်ရူရွှယ် သူမ ခေါင်းကို ခါရမ်းလိုက်၏။ သူမ ထိုအကြောင်းကို ဆက်မစဉ်းစားတော့ပဲ ခွဲစိတ်မှုတွင် ကူညီပေးနိုင်သရွေ့တော့ ဘာကိုမျှ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
လင်းရီ ဆရာ၀န်ဖြစ်လာသည့် လျှို့ဝှက်ချက်ကိုတော့ သူမနောက်မှ မေးကြည့်လိုက်တော့မည်။
တစ်ချိန်တည်းတွင် လီချူးဟန် မြောင်ကော်ဖုန်းနှင့် သွမ့်ရုန်ချွမ်းတို့ အခြားဒေါက်တာများနှင့်အတူ အခန်းထဲသို့ ၀င်ရောက်လာကြ၏။ သို့သော်လည်း မျက်နှာ အမူအရာမှာတော့ တစ်ယောက်တစ်မျိုးစီနှင့်ပင်။
လီချူးဟန်ကတော့ ထုံးစံအတိုင်း အမူအရာကင်းမဲ့လျက်ရှိ၏။
မြောင်ကော်ဖုန်းကတော့ လင်းရီကို ကြည့်ပြီး စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိမ့်နေသည်။
တစ်ဖက်ရှိ သွမ့်ရုန်ချွမ်းကတော့ အေးစက်သည့် အကြည့်တို့ဖြင့် လင်းရီကို စူးစိုက်ကြည့်နေလေသည်။
"သွားစို့...အားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ ခွဲစိတ်မှု စလို့ရပြီ..."
လင်းရီ ခေါင်းညိမ့်လိုက်သည်။ သူခွဲစိတ်ခန်းထဲ ၀င်တော့မည့်အချိန်တွင် လျန်ရူရွှယ်မှ သူ့လက်ကို တစ်ချက် လှမ်းဆွဲလိုက်ပြီး တောင်းဆိုသည့် မျက်၀န်းတို့ဖြင့် "လင်းရီ...."
"မပူနဲ့... ကျုပ် လူ့အသက်ကိုတော့ ဟာသမလုပ်တတ်ဘူး..."
ပြောပြီးနောက် လင်းရီ ခွဲစိတ်ခန်းထဲသို့ ၀င်သွားသည်။ အခန်းထဲတွင်တော့ အရာရာတိုင်းမှာ သူ့အတွက် စိမ်းသက်နေလေသည်။
သို့သော်လည်း ပညာရှိဉာဏ်ပညာ၏ အကူအညီဖြင့် ဤနေရာရှိ ပစ္စည်းကိရိယာတိုင်း၏ အသုံးပြုပုံကို လင်းရီ နားလည်နေသည်။
လက်ဆေးပြီးနောက် သူခွဲစိတ်ခန်းသုံး၀တ်စုံကို ၀တ်ဆင်လိုက်သည်။ ထို့နောက် ခွဲစိတ်မှုစတင်ရန် အသင့်စောင့်ဆိုင်းနေ၏။
လီချူးဟန်မှ လင်းရီဘက်သို့လှည့်၍ "ငါနင့်ကို လက်ထောက်အနေနဲ့ ခေါ်လာခဲ့တယ်ဆိုပေမယ့် နင်က ကြည့်ပဲကြည့်ရမှာ...ဒီကနေ သေချာလေး သင်ယူထား...နောင်ကျရင် နင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ဖြစ်လာလိမ့်မယ်...."
"ဟမ်...ကျွန်တော်က ဘာမှမလုပ်ပဲနဲ့ ဒီတိုင်း ရပ်ကြည့်နေရမှာပေါ့...."လင်းရီ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
လေထုမှာ တဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ကျီးအာသံများ ဖြတ်ပြေးသွားခဲ့သည်။
"ငါချွေးထွက်ရင်တော့ နင် ချွေးသုတ်ပေးလို့ရတယ်...."
"အိုကေလေ.."
သွမ့်ရုန်ချွမ်းမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
"ရှော့ခ်ရပြီးလည်း ပျော့ခွေမနေနဲ့ဦး..."
လင်းရီ လီချူးဟန်၏ နားအနား တိုးကပ်သွားပြီး "ဒေါက်တာလီ...ကျွန်တော်တို့ မနေ့က တွေ့ခဲ့တဲ့ သွမ့်ဖန့်က သူ့တူလေးလား..."
"အင်း ဟုတ်တယ်...."
လင်းရီအကြီးကြီး ပြုံးလိုက်ပြီး "ထင်တဲ့အတိုင်းပဲ..."
မကြာမီ ခွဲစိတ်ခန်း ကုတင်ပေါ်သို့ လူနာကို ခေါ်ဆောင်လာခဲ့၏။ လူနာကတော့ အဘိုးကြီးတစ်ဦးပင်။ သူ၏ ဆံပင်တို့မှာ ဇရာကြောင့် ဖြူဖွေးနေပြီး သူ၏ မျက်နှာသွင်ပြင် ကြန်အင်လက္ခဏာအရတော့ ကြင်နာတတ်သည့် လူတစ်ယောက် ဖြစ်ပုံပင်။
ဖော်ပြထားသည့် အတိုင်း လူနာ၏ ကိုယ်အလေးချိန်ကတော့ပေါင် ၁၈၀ လောက် ရှိ၏။ လူမှုပတ်၀န်းကျင်တွင် ထိုဝိတ်အလေးချိန်မှာ သာမန်မျှ ဖြစ်သော်လည်း ဆေးပညာမျက်စိဖြင့် ကြည့်မည်ဆိုပါက အ၀လွန်နေသေးသည်။
၀င်လာသည့်အချိန်တွင်တော့ အဘိုးကြီးမှာ အသိစိတ်ကပ်နေသေးသော်လည်း မိန်းမောတွေဝေနေလေသည်။
သိူ့သော်လည်း လင်းရီကို မြင်သည့် အချိန်တွင်တော့
အဆိုပါအဘိုးကြီး၏ မျက်လုံးထဲတွင် ထူးဆန်းသည့်အငွေ့အသက်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း မေ့ဆေး၏ အကျိုးသက်ရောက်မှုကြောင့် မကြာမီအချိန်အတွင်း သူ၏ အမြင်များ မှောင်မိုက်သွားရလေသည်။
"စပြီး ခွဲစိတ်ကြစို့ .."မြောင်ကော်ဖုန်း လူတိုင်းကြားနိုင်သည့် လေသံဖြင့် ပြောလိုက်၏။
၎င်း၏ ညွှန်ကြားချက်နှင့်အတူ ဆရာ၀န်များအားလုံး တက်ညီလက်ညီဖြင့် ခွဲစိတ်မှုကို စတင်လုပ်ဆောင်ကြတော့သည်။
လင်းရီကတော့ ခွဲစိတ်မှုနှင့် အလှမ်းသိပ်မကွာဝေးသည့်နေရာမှ ရပ်ကြည့်နေခဲ့၏။ မြောင်ကော်ဖုန်းကတော့ စက်ဖြင့် တစ်ခုခုကို စုပ်နေလေသည်။ သို့သော်လည်း သူ စက်နှင့် စုပ်ယူလိုက်သည်မှာတော့ သွေးများမဟုတ်။ အဆီများပင်။
၀လွန်းတယ်
အဆီတွေချည်းပဲ...
သူ၏ စိတ်ထဲတွင် ခွဲစိတ်မှုနှင့် ပတ်သက်သည့် အသိပညာတစ်ချို့ ရှိသော်လည်း တိုက်ရိုက်လေ့လာကြည့်ရသည်နှင့်တော့ အကျိုးသက်ရောက်မှုမှာ ခြားနားလှ၏။
ခွဲစိတ်နေစဉ်အတွင်း သူ၏ ဦးနှောက်ထဲရှိ အသိပညာတို့မှာ ပေါင်းစပ်သွားပြီး ရှေ့ဘာဆက်လုပ်ရမလဲဆိုတာကို အလိုအလျောက် သိရှိနေတော့သည်။
လင်းရီ၏ တာ၀န်ကတော့ လီချူးဟန်ကို ချွေးသုတ်ပေးရုံလေးတင်။
မပြောပလောက်သည့် လုပ်ဆောင်မှုတစ်ခု ဖြစ်သော်လည်း လင်းရီမှ အချိန်ကိုက်စွာဖြင့် သူမကို ချွေးသိပ်ပေးနေကြောင်း လီချူးဟန် ခံစားမိနေသည်။
သူမ အနည်းငယ် အားလပ်သည့် အချိန်မှသာ လင်းရီ ရောက်ရောက်လာခဲ့၏။
ရိုးရှင်းသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သော်လည်း အတွေ့ကြုံရင့်ကျက်မှုတို့ လိုအပ်နေသေး၏။ မဟုတ်ပါက အရေးကြီးသည့်အခိုက်အတန့်တွင် နှောင့်ယှက်မိသလို ဖြစ်သွားနိုင်သည်။
"သွေးကြော အစားထိုးမယ်..."မြောင်ကော်ဖုန်း ပြောလိုက်၏။
လီချူးဟန်နှင့် မြောင်ကော်ဖုန်းတို့အပိုင်းကတော့ ယာယီ ပြီးမြောက်သွားချေပြီ။
ကျန်သည်ကတော့ သွမ့်ရုန်ချွမ်း၏ ကဏ္ဍပင်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ......"
သွမ့်ရုန်ချွမ်း သွေးကြောအတူကို အစားထိုးတော့မည့် အချိန်တွင် သွေးကြောမှာ အခြားဖူးရောင်နေသည့် အင်္ဂါအစိတ်ပိုင်းတို့နှင့် လုံးထွေးနေကြောင်း မြင်တွေ့လိုက်ရ၏။
"မရဘူး....သွေးကြောနံရံတွေက ပါးလျလွန်းတယ်...လုံး၀ချုပ်လို့မရဘူး..."သွမ့်ရုန်ချွမ်း မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
"ဘာကြီး...မင်းရဲ့စကေးနဲ့တောင် ချုပ်လို့ မရဘူးတဲ့လား...."မြောင်ကော်ဖုန်း အထိတ်တလန့်ဖြစ်သွားခဲ့သည်။
"ဘယ်သူမှ မလုပ်နိုင်ဘူး ..."သွမ့်ရုန်ချွမ်းပြောလိုက်ပြီး "အတွင်းဘက်ခြမ်းက သွေးကြောတွေအကုန်လုံးက axillaryသွေးလွှတ်ကြောနဲ့ ကပ်နေပြီ...သူ့ကို ဖုံးထားတဲ့ အလွှာဆိုတာကလည်း ပါးပါးလေးပဲ ကျန်တော့တယ်...အဲ့ဒီအချိန်မှာသာ အပ်နဲ့ သွားထိုးလိုက်လို့ကတော့ ချက်ချင်း သွေးလွန်ပြီး လူနာက တစ်မိနစ်တောင်မကြာလိုက်ပဲ အသက်ဆုံးရှုံးသွားတော့မှာ..."
"တကယ်ကြီး တစ်ခြားနည်းလမ်း မရှိတော့ဘူးလား...."မြောင်ကော်ဖုန်း လက်မလျာ့ချင်သေးပဲ နောက်တစ်ကြိမ် ထပ်မံမေးမြန်းလိုက်၏။
"တကယ်ကြီးကို မရှိတော့တာ..."သွမ့်ရုန်ချွမ်း ဖျော့တော့စွာ ပြောလိုက်ပြီး "ကျုပ် ဒီလို လူနာတွေနဲ့ ကြုံခဲ့တာ ထောင်သောင်းမကတော့ဘူး....အပ်ထိလိုက်တာနဲ့ သွေးကြောတွေက ချက်ချင်းပေါက်ကွဲထွက်ကုန်မှာ....ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..."
"ချုပ်ဖို့ နည်းလမ်း မရှိတော့ဘူးပေါ့..."
"အမှန်ပဲ... ဟွာရှတစ်ပြည်လုံးမှာ ဘယ်သူကမှ လုပ်နိုင်မှာမဟုတ်ဘူး...."
လက်ရှိ ရောက်နေကြသည့်သူတိုင်း ခွဲစိတ်ကျွမ်းကျင်သူများ ဖြစ်ကြ၏။ အခြေအနေများစွာကို ရင်ဆိုင်တွေ့ကြုံခဲ့ဖူးပြီး လက်ရှိအခြေအနေမှာ ပြင်းထန်နေလင့်ကစား မည်သူကမျှ တုန်လှုပ်မနေချေ။
သို့သော်လည်း လေထုမှာတော့ သုဿန်တစပြင်အလား ခြောက်ခြားတိတ်ဆိတ်နေလေသည်။
အကယ်၍ ခွဲစိတ်မှုကို လက်လျှော့လိုက်ပါက လူနာမှာ နောက်လေးငါးရက်ခန့် အသက်ဆက်ရှင်နိုင်သေးသည်။ သိူ့သော်လည်း သူတိူ့ ဆက်လက်လုပ်ဆောင်မည်ဆိုလျှင်တော့ လူနာမှာ ချက်ချင်း တမလွန်ကြွသွားနိုင်သည်။
ရွေးချယ်စရာ အဖြေ နှစ်ခုရှိ၏။
နောက်ထပ်လေးငါးရက် အသက်ဆက်ရှင်မလား...သို့မဟုတ် အခုချက်ချင်း သေမလား...
မေးခွန်းမှာ ရိုးရိုးရှင်းရှင်းလေးပင်။ သို့သော်လည်း ယခုလိုအခြေအနေမျိုးတွင်တော့ ထင်မှတ်မထားလောက်အောင် ခက်ခဲနေလေသည်။
မြောင်ကော်ဖုန်း၏ အကြည့်များက လူတိုင်းအပေါ် ဖြတ်ပြေးသွားသည်။
"ခွဲစိတ်တာကို ခုချက်ချင်း ရပ်လိုက်....မစ္စတာရန် သူ့ကံရှိသလောက် အသက်ဆက်ရှင်ပါစေ....ကျန်တာကိုတော့ လူနာရဲ့ မိသားစုကိုပဲ အဆင်ပြေသလို ရှင်းပြလိုက်တော့မယ်... ငါတို့ ဘက်က ဒါပဲ လုပ်နိုင်တော့မှာ...."
မြောင်ကော်ဖုန်းနှင့် သွမ့်ရုန်ချွမ်းတို့ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ထို့နောက် လီချူးဟန်ကို ကြည့်၍ "ဒဏ်ရာကို ပြန်ပိတ်လိုက်တော့...ကျန်တာကိုတော့ ဒေါက်တာ့လက်ထဲ ထားခဲ့ပြီ..."
"နားလည်ပါပြီ..."လီချူးဟန် အမူအရာကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်၏။
သူမဘက်မှ အကောင်းဆုံး ကြိုးစားချင်ခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ယင်းမှာ လဲနေသည့် လူနာ၏အဆင့်အတန်းကြောင့်တော့ မဟုတ်ဘဲ ဆရာ၀န်တစ်ဦး၏ လူနာအပေါ်ထားသည့် စိတ်စေတနာပင်။
သို့သော်လည်း သူမဘက်မှ အရည်အချင်းမပြည့်မှီ၍ လက်လျော့လိုက်ရလေသည်။ထို့ကြောင့် မချိတင်ကဲ ခံစားချက်တို့ကို ဖုံးကွယ်လျက် သူမ အပ်ကို ကိုင်လိုက်၏။
မြောင်ကော်ဖုန်းနှင့် သွမ့်ရုန်ချွမ်းတို့ကတော့ သူတိူ့၏ mask ကိုချွတ်ကာ အပြင်သိူ့ ထွက်လာခဲ့ကြ၏။ နှစ်ယောက်ထွက်လာသည်ကို မြင်တော့ လျန်ရူရွှယ်နှင့် ကောင်းချုံတို့ အလျင်အမြန် ပြေးလာခဲ့ကြပြီး
"ဒေါက်တာမြောင် ရလဒ်က ဘယ်လိုရှိလဲ..."လျန်ရူရွှယ် မျှော်လင့်နေသည့် မျက်၀န်းတို့ဖြင့် မေးမြန်းလိုက်သည်။ သူမ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း စိတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်ထားလေသည်။
"လူနာရဲ့ အခြေအနေက နောက်ဆုံးအဆင့်ကို ရောက်နေပြီ...သွေးကြောတွေက ချုပ်လို့မရအောင်ကို ရောင်ရမ်းနေတယ်...တကယ်လို့ အတင်းအကြပ်ခွဲစိတ်လိုက်မယ်ဆိုရင် လူနာက ခွဲစိတ်ခန်းထဲကနေ ထွက်လာနိုင်မှာတောင် မဟုတ်တော့ဘူး...ခု ဒေါက်တာလီက ခွဲထားတာကို ပြန်ချုပ်ပေးနေတယ်...အဲ့ဒီလိုလုပ်မှပဲ မစ္စတာရန်ရဲ့ အသက်က နောက်လေးငါးရက်လောက်အထိ ဆက်လို့ရမှာ..."
"ခင်များ ဘာစကားပြောတာလဲ..."ကောင်းချုံ ကေသရာဇာ ခြင်္သေ့ ဒေါသထွက်စွာ ဟိန်းသံပြုသကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး "ခင်များ ဆွေးနွေးခန်းထဲမှာတုန်းက ကုသလို့ရသေးတယ်လို့ ပြောခဲ့တယ်....ဒါကြောင့်ကျုပ် အကြီးစားကြီး မျှော်လင့်ထားတာ.... ခုကျတော့မှ အရမ်းဆိုးဝါးနေပြီ ဆိုတာက ဘာအဓိပ္ပာယ်တုန်းကွ.... ခင်များစကားကို ပလောင်းပလဲ လုပ်နေတာလား...."
"ကျုပ် စိတ်မကောင်းပါဘူး မစ္စတာကောင်း...ကျုပ်တို့ဘက်က အတတ်နိုင်ဆုံးတော့ ကြိုးစားပေးခဲ့ပြီးပါပြီ..."မြောင်ကော်ဖုန်း ဖျော့တော့စွာဖြင့် တောင်းပန်စကား ဆိုလိုက်သည်။
"လက်ရှိဟွာရှရဲ့ ဆေးပညာ စံနှုန်းတွေအရဆိုရင် ဘယ်သူကမှ ဒီရဲ့ ခွဲစိတ်မှုကို အောင်မြင်နိုင်မှာ မဟုတ်ဘူး...ကျုပ်တို့ဘက်ကလည်း ဒီလို ဖြစ်ချင်နေတာမှမဟုတ်တာ... ဒါပေမယ့်လည်း ရွေးချယ်စရာက မရှိပြန်ဘူး...မစ္စတာရန်ရဲ့ အခြေအနေက ကျုပ်တို့မျှော်မှန်းထားတာထက်ကို ကျော်လွန်နေတာဆိုတော့ စိတ်မကောင်းပါဘူးဗျာ...."
"ငါ-ီးလိုမှပဲ...."
ကောင်းချုံ ကျိန်ဆဲပြီးနောက် ဆရာ၀န်နှစ်ယောက်ကို အလယ်မှ တွန်းဖယ်ကာ ခွဲစိတ်ခန်းထဲသို့ ကမူးကရူး ပြေး၀င်သွားတော့သည်။
"အစ်ကို နင်စိတ်ငြိမ်ငြိမ်ထားစမ်း...."လျန်ရူရွှယ် သူမအစ်ကိုနောက်မှ ပြေးလိုက်ရင်း ရပ်တန့်ရန် ကြိုးပမ်းလိုက်၏။
သို့သော်လည်း။
ကောင်းချုံ ခွဲစိတ်ခန်းတံခါးကို ဖွင့်လိုက်သည့် အချိန်တွင် ထင်မှတ်မထားစွာဖြင့် အေးစက်စက်အမိန့်ပေးသံတစ်သံကို ကြားလိုက်ရသည်။
"ထွက်သွား...တစ်ကောင်မှ၀င်မလာနဲ့ လူနာက ကယ်လို့ရသေးတယ်..."
လျန်ရူရွှယ် တုန့်ခနဲ ဖြစ်သွားခဲ့သည်။
"အဲ့တာ လင်းရီ အသံမဟုတ်လား…”