အပြင်အားတွေ ချိတ်ပိတ်ခံရခြင်း
Vol. 28 Ch. 376
လီဖူချန်းက အရိုးတည်ဆောက်ပုံကို စမ်းသပ်တဲ့ ကျောက်တုံးပေါ်ကို လက်တင် လိုက်ပါတယ်။
ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ...။
ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ လူတွေအားလုံးကို အံ့သြ သွားစေခဲ့ပါပြီ။
" ကြယ်၃ပွင့် ... ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံလား "
သူ့ရဲ့ လက်သီးချက်ကို မြင်ဖူးတဲ့ လူငယ်တွေအားလုံးက မျက်လုံး အပြူးသားဖြင့် လီဖူချန်းကို စိုက်ကြည့် နေကြပါတယ်။
လက်ရွေးစင်ကျောင်းသားဖြစ်တဲ့ စုလင်းကို လက်သီးတစ်ချက်နဲ့ အနိုင်ယူသွားတဲ့ လူငယ်က ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တဲ့လား ...။ ဒါက ဘယ်လိုမှ ယုံချင်စရာ မရှိပါဘူး။
လျိုယန်ကလည်း လီဖူချန်းကို မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပါပြီ။ သူက လီဖူချန်းကို ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် မဟုတ်ရင်တောင်မှ အနည်းဆုံးတော့ ကြယ်၅ပွင့် အထူးအရိုး တည်ဆောက်ပုံပိုင်ရှင် ဖြစ်ရမယ်လို့ ယူဆထားခဲ့တာပါ။
" ဟားဟား ...။ သာမန် ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က ဝင်ခွင့် စမ်းသပ်ချက်ကို လာစမ်းသပ်ခံတာလား ...။ အရှက်မရှိတဲ့ကောင် ... စင်ပေါ်က ဆင်းစမ်း "
ဇိုလင်းဟွာက လီဖူချန်ကို အားရပါးရ ဟားတိုက် ရယ်မောလိုက်ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ လီဖူချန်းကို လှောင်ပြောင်ဖို့အတွက် အခွင့်အရေး ရသွားခဲ့ပါပြီ။
" ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က သည်စင်ပေါ်တက်ပြီး ဘာလာလုပ်တာတာလဲ။ ငါတို့ သိုင်းတက္ကသိုလ်က အနိမ့်ဆုံး ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ရှိမှ လက်ခံတယ်ဆိုတာ မသိဘူးလား။ ထွက်သွားစမ်း "
နာမည်စာရင်း သွင်းနေတဲ့ ဆရာတစ်ယောက်က လီဖူချန်းကို ဒေါသတကြီးနဲ့ မောင်းထုတ် လိုက်ပါတယ်။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ကို လက်ခံတယ်ဆိုတာ ရာဇဝင် မရှိပါဘူး။
"ခဏနေဦး "
အဲသည်အချိန်မှာပဲ မီးခိုးရောင် ဝတ်စုံနဲ့ အဘိုးအိုဟာ ကောင်းကင်ပေါ်ကနေ စင်မြင့်ပေါ်ကို ဆင်းသက် လာပါတယ်။
" လက်ထောက် ကျောင်းအုပ် "
နာမည်စာရင်း သွင်းနေတဲ့ ဆရာက မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုကို အလျင်အမြန် အရိုအသေ ပေးလိုက်ပါတယ်။
သည်မီးခိုးရောင် ဝတ်စုံနဲ့ အဘိုးအိုက သာမန်လူ မဟုတ်ပါဘူး။ သည်အဘိုးအိုက လက်ထောက် ကျောင်းအုပ်တွေထဲက တစ်ယောက်ပါ။
"လူငယ်လေး ငါမင်းကို အခွင့်အရေး တစ်ခုပေးလိုက်မယ်။ တကယ်လို့ ကောင်းကင် မျှော်စင်ရဲ့ ပဉ္စမအထပ်ကို ကျော်ဖြတ်နိုင်ရင် ငါတို့ သိုင်းတက္ကသိုလ်က မင်းကို ကျောင်းသားသစ် အဖြစ် လက်ခံမယ် "
မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုက လီဖူချန်းကို ပြောလိုက်ပါတယ်။
လူတွေအားလုံးက တိတ်ဆိတ် သွားခဲ့ပါပြီ။ ဇိုလင်းဟွာကလည်း မရယ်နိုင်တော့ပါဘူး။ လီဖူချန်းရဲ့ အစွမ်းနဲ့ ဆိုရင်တော့ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စအထပ်ကို ကျော်ဖြတ်ဖို့ ဆိုတာက လွယ်လွယ်လေးပါပဲ။
" လက်ထောက်ကျောင်းအုပ် ...။ ဒါပေမဲ့ သူက ကြယ်၃ပွင့် အရိုး တည်ဆောက်ပုံပဲ ရှိတာလေ"
အမည်စာရင်း ကောက်ခံရတဲ့ ဆရာကတော့ အတော်လေး ဘေးကျပ်နံကျပ် ဖြစ်နေပါပြီ။ တောင်ပိုင်း တောအုပ် တက္ကသိုလ်က သည်လိုချွင်းချက်မျိုးကို တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။
မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုက လက်ကာပြ လိုက်ပြီး
" ဒါပေမဲ့တွေ၊ ဒါပေမမဲ့တွေ လုပ်မနေနဲ့။ သူက ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုပေမဲ့ အခြားကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ မတူဘူးကွ။ အသက်၂၅နှစ်မှာ ကောင်းကင်နယ်ပယ် အဆင့်၈ကို ရောက်နေတဲ့လူ ဘယ်နှစ်ယောက်ကို မင်းမြင်ဖူးလို့လဲ "
မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုက ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ပိုင်းက ပညာရှင် တစ်ယောက် ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို ကောင်းကောင်းကြီး ကြည့်မြင်နိုင်ပါတယ်။
" သူက ကောင်းကင် နယ်ပယ်အဆင့်၈ ပညာရှင်လား "
လူတွေ အားလုံးကတော့ နောက်ထပ်တစ်ကြိမ် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြန်ပါပြီ။ သူတို့အားလုံးက လီဖူချန်ကို ခန္ဓာကိုယ်အပြင်အား ပညာရှင်လို့ပဲ မှတ်ယူထားခဲ့ကြတာပါ။
" လူငယ်လေး ... မင်းငါနဲ့တွေ့တာ ကံကောင်းတယ်လို့ မှတ်လိုက်။ ငါက မင်းရဲ့ကိုယ်ထဲက အမျိုးမတူတဲ့ ချီအတွင်းအားကို ဖယ်ရှာပေးမယ် "
ပြောပြီးတာနဲ့တစ်ပြိုင်နက် မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုဟာ လီဖူချန်းရဲ့ ငယ်ထိပ်ပေါ်ကို သူ့ရဲ့ လက်ဖဝါး တင်လိုက်ပါတယ်။
ဟူး ... ဟူး ... ဟူး ...
လီဖူချန်းရဲ့ ကိုယ်ထဲက မီးလျှံချီတွေဟာ မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုရဲ့ လက်ဝါးထဲကို စီးဝင်သွားခဲ့ပါပြီ။ မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုရဲ့ လက်ဝါးကို မီးလျှံချီတွေကို သံလိုက်တစ်ခုပမာ စုပ်ယူ သွားခဲ့တာပါ။
" အိုး ... ငါ့ရဲ့ ချီအတွင်းအားတွေ "
လီဖူချန်းကတော့ အပျော်ကြီးကို ပျော်သွားခဲ့ပါတယ်။ သူ့ရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲမှာ ရှိနေတဲ့ မီးလျှံချီတွေဟာ တစ်မုဟုတ်ချင်းကို ပျောက်ကွယ်သွားခဲ့ပြီ မဟုတ်ပါလား။
တစ်ချိန်တည်းလိုလိုမှာပဲ သူ့ရဲ့ ပူပြင်းလှတဲ့ အစစ်အမှန် ငရဲမီးတောက် ချီအရှိန်အဝါနဲ့ ကောင်းကင်နယ်ပယ် အဆင့်၈ ချီအရှိန်အဝါတို့ဟာလည်း ပြန်လည် ထွက်ပေါ်လာခဲ့ပါပြီ။
" အိုး ... သူက တကယ်ကြီး ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်ပဲ "
လူတွေအားလုံးက လီဖူချန်းရဲ့ အရိုး တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး ဘာမှတ်ချက် ပေးလို့ ပေးရမှန်းကို မသိတော့ပါဘူး။
အသက်၂၅နှစ်အရွယ်မှာ ကောင်းကင်နယ်ပယ် အဆင့်၈ကို ရောက်နေတဲ့ လူငယ်ဆိုတာက ရှားပါးလှတဲ့ ပါရမီရှင်ဆိုတဲ့ အဓိပါ္ပယ်နဲ့ အတူတူပါပဲ။ သာမန်ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် ကတော့ အသက်၂၅နှစ် အရွယ်မှာ ကောင်းကင်နယ်ပယ် အဆင့်၈ကို ရောက်နေစရာ အကြောင်း မရှိပါဘူး။ သည်လူငယ်လေးရဲ့ အရိုး တည်ဆောက်ပုံက စမ်းသပ် ကျောက်တုံးနဲ့ စမ်းသပ်လို့ မရတဲ့ အထူးအရိုး တည်ဆောက်ပုံ တစ်ခုပဲ ဖြစ်ရပါမယ်။
" လူငယ်လေး ...။ မင်းအရမ်း ပျော်မနေနဲ့ဦး။ ငါက မင်းကို မင်းရဲ့ ချီကျင့်ကြံမှုနဲ့ပဲ ကောင်းကင် မျှော်စင်ကို တက်ခွင့်ပြုမှာ။ အခုချိန်ကစပြီး ငါက မင်းရဲ့ ခန္ဓာကိုယ် အပြင်အားကို ချိပ်ပိတ် ထားလိုက်မယ်။ဒါပေမဲ့ အရမ်းတော့ စိတ်မပူနဲ့။ မင်းရဲ့ ချီကျင့်ကြံမှု ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို ရောက်သွားတာနဲ့ ငါချိပ်ပိတ်ထားတာက အလိုအလျောက် ပျက်ပြယ် သွားလိမ့်မယ် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုက လီဖူလျန်းကို လက်ညှိုးနဲ့ ထိလိုက်ပါတယ်။
" ချိပ်ပိတ်လိုက်စမ်း "
ရှဲ ...
ငွေမင်ရောင် ချီစွမ်းအင်တစ်ခုက လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင် သွားခဲ့ပါပြီ။
အဲသည်ချီစွမ်းအင်က လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဆင်နဂါး စွမ်းအင်တွေနဲ့ အပြင်အားချီတွေကို သံလိုက်တစ်ခုပမာ ဆွဲငင်လိုက်ပြီး ထိန်းသိမ်း ထားလိုက်ပါတယ်။
လီဖူချန်းက သူ့ရဲ့ အပြင်အားနဲ့ ဆင်နဂါးစွမ်းအင်တွေ အသက်သွင်းဖို့ ကြိုးစား လိုက်ပေမယ့်လည်း တုံ့ပြန်မှု တစ်စုံတရာကိုမှ မခံစားရတော့ပါဘူး။
" ကြောက်ဖို့ ကောင်းလိုက်တဲ့ ပညာ "
လီဖူချန်းက စိတ်ထဲကနေ ပြောနေမိပါတယ်။
လက်ထောက် ကျောင်းအုပ်ကြီး ကိုယ်တိုင်က အခွင့်အရေး ပေးလိုက်ပြီ ဆိုမှတော့ နာမည်စာရင်း သွင်းနေတဲ့ ဆရာကလည်း ဘာမှဆက်ပြီး မပြောတော့ပါဘူး။ သူက လီဖူချန်းရဲ့ ရလဒ်ကို စောင့်ကြည့်နေရုံပဲ ရှိပါတော့တယ်။
သူ့ရဲ့ စိတ်ထဲမှာတော့ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။
ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမအထပ်မှာ ရှိနေတဲ့ ပြိုင်ဘက်က ဝင်္ကပါ အစီအရင်ကနေ ဖြစ်တည်လာတဲ့ အဆင့်၄ မိစ္ဆာတစ်ကောင်ပါ။ အဲသည် အဆင့်၄မိစ္ဆာက သာမန်အဆင့်၄ မိစ္ဆာထက်ကို အများကြီး ပိုကြောက်စရာ ကောင်းပါတယ်။ ကျောင်းသား တစ်ယောက်က ပညာရပ်ပေါင်းစုံမှာ မထူးချွန်ဘဲနဲ့ အဲသည်အဆင့်၄ မိစ္ဆာကို ဘယ်လိုမှ အနိုင်ယူနိုင်စရာ အကြောင်း မရှိပါဘူး။
"ချီအတွင်းအား ကျင့်ကြံမှု အဆင်နဲ့ပဲ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမအထက်ကို ကျော်ဖြတ်ရမယ်။ ဒါက မလွန်လွန်းဘူးလား ... "
လျိုယန်ကတော့ လီဖူချန်းအစား အတော်လေး မခံမရပ်နိုင် ဖြစ်နေပါတယ်။
" သည်ကောင် ... မလုပ်နိုင်ပါစေနဲ့။ မကျော်ဖြတ်နိုင်ပါစေနဲ့ ... "
ဇိုလင်းဟွာကလည်း အကြီးအကျယ် ဆုတောင်းနေပါပြီ။
ဝမ်ဟိုင်လုံ၊ လီချန်းဖန်နဲ့ အခြားလူတွေကလည်း ခေါင်းတခါခါနဲ့ပါပဲ။ သတို့အားလုံးဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား အစွမ်းအကြောင်းကို ကောင်းကောင်းကြီး မြင်ဖူးထားပါတယ်။ တကယ်လို့ လီဖူချန်းအနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားကိုသာ အသုံးပြုနိုင်မယ် ဆိုရင်တော့ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမအထပ်ကို ကျော်ဖြတ်ဖို့ ဆိုတာဟာ ဘာမှ ခက်ခဲလှတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ လက်ထောက် ကျောင်းအုပ်က လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားတွေကို ချိပ်ပိတ်ပစ်လိုက်ပါပြီ။ ချီအတွင်းအား ကျင့်ကြံမှု တစ်ခုတည်းနဲ့တော့ လီဖူချန်းဟာ ကောင်းကင်မျှော်စင် ပဉ္စမအထပ်ကို ဘယ်လိုမှ ကျော်ဖြတ်နိုင်စရာ အကြောင်း မရှိပါဘူး။
သည်လိုနဲ့ပဲ အရိုးတည်ဆောက်ပုံ စမ်းသပ်မှုဟာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
နာမည်စာရင်းမှတ်ရတဲ့ ဆရာက စမ်းသပ်ချက်ရဲ့ ရလဒ်ကို ကြော်ငြာလိုက်ပါတယ်။
"သည်နှစ်အတွက် လက်ရှိလက်ခံထားတဲ့ ကျောင်းသားသစ်တွေကတော့ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ၃ယောက်နဲ့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ၃၈ယောက်ပဲ။ ငါတို့ သိုင်းတက္ကသိုလ်က တစ်နှစ်မှာ ကျောင်းသားသစ် ၁၀၀ ပဲ လက်ခံတာ။ အခုဆိုရင် ကျောင်းသားသစ် ၄၁ယောက် လက်ခံပြီးသွားပြီ။ ကျန်တဲ့ ကျောင်းသားသစ် ၅၉ယောက် အဖြစ် ဘယ်သူတွေ ရွေးခံရမလဲတော့ ငါလည်းမသိဘူး။ ကောင်းကောင်း ကြိုးစားကြ။ ဒါက မင်းတို့အတွက် အခွင့်အရေးပဲ။ ငါတို့ သိုင်းတက္ကသိုလ်က ကောင်းကင်မျှော်စင်ရဲ့ ဒုတိယထပ်ကို အမြန်ဆုံး ဖြတ်ကျော်နိုင်တဲ့ လူငယ် ၅၉ယောက်ကို ကျောင်းသားသစ် အဖြစ် လက်ခံမယ်။ ကောင်းကင် မျှော်စင်ရဲ့ ဒုတိယထပ်ကို မကျော်ဖြတ်နိုင်တဲ့ သူတွေကတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားဖြစ်ဖို့ စိတ်ကူး ယဉ်မနေနဲ့တော့ "
ကောင်းကင်မျှော်စင်က တောင်ခါးပန်း တစ်ခုမှာ တည်ဆောက်ထားတဲ့ မျှော်စင်ကြီး တစ်ခုပါပဲ။ သည်မျှော်စင်က အထပ်ငါးထပ် ရှိတဲ့ အစိမ်းရောင် မျှော်စင်တစ်ခုလည်း ဖြစ်ပါတယ်။
" လူငယ်လေး ...။ သည်မျှော်စင်ကို မင်းအရင် တက်လိုက်။ ငါမင်းကို ပြောဖို့ တစ်ခု မေ့သွားတယ်။ တကယ်လို့ မင်းက ကောင်းကင်မျှော်စင် ရဲ့ ပဉ္စမအထပ်ကို ဖြတ်ကျော်နိုင်မယ် ဆိုရင် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသား ဖြစ်လာမယ့်အပြင် လျှို့ဝှက် သိုင်းကျမ်းဆောင် ကနေလည်း မြေကမ္ဘာအဆင့်နိမ့် သိုင်းကျမ်း တစ်ခုကိုလည်း ယူခွင့်ရဦးမယ်။ အကောင်းဆုံး လုပ်ခဲ့ "
မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုက လီဖူချန်းကို အတော်လေး နှစ်သက်နေပုံပါပဲ။ သူက လီဖူချန်းကို မြေကမ္ဘာအဆင့် သိုင်းကျမ်းနဲ့တောင် မြှူဆွယ်လိုက်ပါသေးတယ်။
" ဖူချန်းက လက်ထောက်ကျောင်းအုပ်ကို စိတ်မပျက်စေရပါဘူး "
လီဖူချန်းက မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုကို ပြုံးပြလိုက်ပြီး ကောင်းကင်မျှော်စင်ထဲကို ဝင်သွားခဲ့ပါပြီ။
လီဖူချန်းတစ်ယောက် ကောင်းကင်မျှော်စင်ရဲ့ ပထမထပ်ထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် အထဲမှာရှိနေတဲ့ ဝင်္ကပါဟာ အသက်ဝင်လာပြီး မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပေါ် လာခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲသည် မိစ္ဆာသားရဲက လီဖူချန်းကို တိုက်ခိုက်ဖို့ အချိန်တောင် မရလိုက်ပါဘူး။
ရွှမ်း ...
လီဖူချန်းက မိစ္ဆာသားရဲကို ဓားနဲ့ ခုတ်ပိုင်းပြီး ဒုတိယထပ်ကို တက်သွားခဲ့ပါပြီ။
" အိုး ... မြန်လိုက်တာ "
ကောင်းကင်မျှော်စင်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ လူတိုင်းကတော့ မျက်စိတစ်မှိတ် အတွင်းမှာပဲ ကောင်းကင်မျှော်စင်ရဲ့ ဒုတိယအထပ် မီးလင်းသွားတာကို မြင်လိုက်ရပါတယ်။
အဲဒါက လီဖူချန်းဟာ ပထမထပ်မှာ ရှိနေတဲ့ ပြိုင်ဘက်ကို တစ်ချက်တည်းနဲ့ အနိုင် ယူသွားပြီဆိုတဲ့ အဓိပ္ပယ်ပါပဲ။
" ပထမထပ်က ပြိုင်ဘက်ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တာက ဘာမှမဟုတ်သေးဘူး။ နောက်ပိုင်း အထပ်က ပြိုင်ဘက်တွေက ပိုအရေးကြီးတယ် "
လီဖူချန်းရဲ့ အစွမ်းထက်မှုကို မနာလိုတဲ့ လူအချို့လည်း ရှိနေပါသေးတယ်။
ဒုတိယထပ်ရဲ့ မိစ္ဆာသားရဲကလည်း ပထမထပ်က မိစ္ဆာသားရဲနဲ့ ထူးမခြားနားပါပဲ။ လီဖူချန်းက အဲသည် မိစ္ဆာသားရဲကိုလည်း တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်နိုင်ပါတယ်။
တတိယထပ် ... စတုတ္တထပ် ...။
" သည်ကောင်က မမြန်လွန်းဘူးလား "
ကောင်းကင်မျှော်စင်ရဲ့ စတုတ္ထထပ် မီးလင်းလာတဲ့ အခါမှာတော့ အပြင်ဘက်မှာ ရှိနေတဲ့ လူတွေဟာ မအံ့သြဘဲ မနေနိုင်တော့ပါဘူး။
အပြင်စည်း တက္ကသိုလ် ကျောင်းသားတွေထဲမှာတောင်မှ လက်ရွေးစင် ကျောင်းသားတွေသာ ကောင်းကင်မျှော်စင်ရဲ့ တတိထပ်ကို ဖြတ်ကျော် နိုင်တာပါ။ ဒါပေမဲ့ လီဖူချန်းဆိုတဲ့ သကောင့်သားကတော့ မျက်စိတစ်မှိတ် အတွင်းမှာပဲ ကောင်းကင်မျှော်စင်ရဲ့ စတုတ္ထထပ်ကို ရောက်သွားပါပြီ။
အဲသည်အချိန်မှာပဲ ကောင်းကင်မျှော်စင်ရဲ့ စတုတ္ထထပ်မှာ လင်းနေတဲ့ မီးက မှိတ်သွားပြီး ပဉ္စထပ်ဟာ မီးလင်း လာခဲ့ပါတယ်။
" ဝါး "
"ဝိုး"
"သည်ကောင် "
"သည်ကောင်က လူကော ဟုတ်သေးရဲ့လား "
ကောင်းကင်မျှော်စင်ရဲ့ အပြင်ဘက်မှာတော့ များပြားလှတဲ့ အာမေဍိတ်သံတွေ ထွက်ပေါ်လာခဲ့ပါပြီ။
သူတို့အားလုံးဟာ အသက်ကိုတောင် ပြင်းပြင်း မရှူရဲတော့ဘဲ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမအထပ်ကို စိုက်ကြည့်နေကြပါတယ်။
ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ် ထဲမှာတော့ အဆင့်၄ မိစ္ဆာတစ်ကောင် ဖြစ်တည်လာခဲ့ပါပြီ။
အဆင့်၄ မိစ္ဆာဆိုတာက သူ့ရဲ့ အဆင့်အတန်းမှာတော့ ပြိုင်ဘက်ကင်း တည်ရှိမှု တစ်ခုပါပဲ။ အဆင့်၄ မိစ္ဆာက အဆင့် အထွတ်အထိပ်အဆင့် မိစ္ဆာတွေထက်ကို အများကြီး ပိုအစွမ်းထက်ပါတယ်။ အထူးသဖြင့် သည်ကောင်းကင် မျှော်စင်ရဲ့ ပဉ္စမထပ် ဝင်္ကအစီအရင်ကနေ ဖြစ်တည်လာတဲ့ အဆင့်၄ မိစ္ဆာက သာမန်အဆင့်၄ မိစ္ဆာထက် ပိုလို့တောင် အစွမ်းထက်တယ်လို့ သတ်မှတ်ရမှာပါ။
ဒါပေမဲ့ လီဖူချန်း အတွက်ကတော့ သည်အဆင့် ၄မိစ္ဆာဟာ စကားထဲတောင် ထည့်ပြောနေစရာ မလိုတော့ပါဘူး။
လီဖူချန်းဟာ အစစ်အမှန် ငရဲမီး အတွင်းအားကျင့်စဉ်၊ လောင်မီးဓားသိုင်း၊ လျှို့ဝှက်ကောင်းကင်ဘုံ ဓားသိုင်း၊ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်တွေ အစရှိတဲ့ ပညာရပ်တွေ အားလုံးကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့် ဒါမှမဟုတ် တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်အထိ လေ့ကျင့်ပြီး သွားခဲ့ပါပြီ။
သူ့အနေနဲ့ သည်အဆင့်၄ မိစ္ဆာကို အနိုင်မယူနိုင်ဘူးဆိုရင် တကယ့်ဟာသတစ်ခု ဖြစ်သွားမှာ အသေအချာပါပဲ။
" ဝေါင်း "
အဆင့်၄ မိစ္ဆာက တစ်ချက် ဟိန်းဟောက်လိုက်ပြီး လီဖူချန်းဆီကို ပြေးဝင်လာခဲ့ပါပြီ။။ ဝင်္ကပါ အစီအရင်ကနေ ထောက်ပံ့ ပေးထားတဲ့ မိစ္ဆာချီတွေကလည်း သူ့ကို ပိုပြီး အားကောင်း လာစေပါတယ်။
"သည်အထဲမှာတော့ ငါ့ရဲ့ အစွမ်းတွေကို လျိုထားစရာ မလိုတော့ဘူး "
တကယ်လို့ လီဖူချန်းအနေနဲ့ လျှို့ဝှက်နည်းစနစ်တွေ ထုတ်မသုံးဘဲ အဆင့်၄မိစ္ဆာကို အနိုင်ယူမယ်ဆိုရင် အတော်လေး အားစိုက်ထုတ်ရပါမယ်။ သူက အဲသည်လို အဖြစ်မျိုးကို မလိုချင်ပါဘူး။
" သွေးအရိပ် လာခဲ့စမ်း "
သူ့ရဲ့ ကြယ်၅ပွင့် လျို့ဝှက်နည်းစနစ်ဖြစ်တဲ့ သွေးအရိပ်ကို ထုတ်သုံးလိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ ကြက်သွေးရောင် သွေးအရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ လက်ထဲက ဓားနက်ကြီးဟာ လျှပ်ပြက်သည့် အလား လှုပ်ရှား သွားပါတော့တယ်။
ရွှမ်း ...
ဘုတ် ...
အဆင့်၄ မိစ္ဆာဟာ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားခဲ့ပါပြီ။
ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ်မှာ လင်းနေတဲ့မီးလုံး မှိတ်သွားတဲ့ အချိန်မှာတော့ အပြင်ဘက်မှာ ရှိနေတဲ့ လူတွေအားလုံးဟာ ပြောစရာစကားလုံး ကင်းမဲ့သွားပါတော့တယ်။
ဘာဖြစ်သွားတာလဲ ဆိုတာကို မသိတဲ့ လူငယ်အချို့ကတော့ ဘေးက လူငယ်တွေကို မေးမြန်းနေကြပါပြီ။
"ဘာဖြစ်သွားတာလဲ ...။ သူက ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ်ကို ကျော်ဖြတ် သွားတာလား ဒါမှမဟုတ် ကျရှုံးသွားတာလား "
"ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ်မှာ ရှိတဲ့မီး မှိတ်သွားတာ မတွေ့ဘူးလား။ အဲဒါသူ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ်ကို ကျော်ဖြတ်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့ကွ။ အဲလောက် မတုံးကြစမ်းနဲ့ "
လူငယ်တစ်ယောက်က စိတ်မရှည်တဲ့ လေသံနဲ့ အဖြေပေးလိုက်ပါတယ်။
" အားယား ...။ သည်ကောင်က အရမ်းကို အစွမ်းထက်လွန်းတယ်။ သူ့ရဲ့ အပြင်အားက အစွမ်းထက်သလို ချီအတွင်းအားကလည်း လုံးဝ လျော့တွက်လို့ မရဘူး။ သည်ကောင်က ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကော ချီအတွင်းအား ကျင့်ကြံခြင်း လမ်းစဉ်မှာပါ အစွမ်းထက်နေတယ်။ သည်လိုကောင်မျိုးက ဘယ်ကနေ ဘယ်လို ပေါ်လာရတာလဲ "
လူငယ်တစ်ယောက်ကလည်း လီဖူချန်းကို စိတ်လိုလက်ရ ချီးကျူးလိုက်ပါတယ်။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးတစ်ခုလုံးမှာတောင်မှ ခန္ဓာကိုယ်အပြင်အားနဲ့ ချီအတွင်းအား နှစ်ခုစလုံးကို လေ့ကျင့်တဲ့သူက အတော်လေး ရှားပါတယ်။ ကျင့်ကြံသူအများစုဟာ ချီအတွင်းအား ကျင့်ကြံမှုကိုပဲ အဓိကထားပြီး လေ့ကျင့်ကြတာပါ။
" တော်တယ်ကောင်လေး ...။ ငါက မင်းကို လျော့တွက် လိုက်မိတာပဲ "
မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုရဲ့ မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု ဖြစ်တည်နေခဲ့ပါပြီ။
" စိတ်ဝင်စားစရာပဲ ... တကယ် စိတ်ဝင်စားဖို့ ကောင်းတယ် "
ဝမ်ဟိုင်လုံက သူ့ရဲ့ မေးစေ့ကို လက်နဲ့ပွတ်ပြီး ခပ်တိုးတိုး ရေရွတ်နေပါတယ်။
လီချန်းဖန်နဲ့ ကျောင်းယုတို့ရဲ့ မျက်နှာကလည်း လေးနက်တည်ကြည် နေခဲ့ပါပြီ။
" ဒါမှ လီဖူချန်း "
လျိုယန်ကတော့ အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။
သိပ်မကြာမှာပဲ လီဖူချန်းဟာ ကောင်းကင် မျှော်စင်ထဲကနေ ပြန်ထွက်လာခဲ့ပါပြီ။ သူ့ရဲ့ ဝတ်စုံပေါ်မှာတော့ ကုတ်ရာ၊ ခြစ်ရာလေးတစ်ခုတောင် မရှိပါဘူး။ မသိရင်တော့ သူဟာ ပျော်ပွဲစား ထွက်ရာကနေ ပြန်လာနေသလိုပါပဲ။
ထို့နောက်မှာတော့ တတိယစမ်းသပ်မှုကို အစစ်ဆေးခံဖို့ ရှိနေတဲ့ လူငယ်တွေဟာ ကောင်းကင် မျှော်စင်ထဲကို တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ ဝင်သွားပါတော့တယ်။
တက္ကသိုလ်ရဲ့ အပြင်စည်းကျောင်းသားတွေကိုလည်း အဆင့်တွေ ခွဲထားပါတယ်။ ကောင်းကင်မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ်နိုင်တဲ့ သူတွေဟာ လက်ရွေးစင် ကျောင်းသားအဖြစ် သတ်မှတ်ခြင်း ခံရမှာပါ။ လက်ရွေးစင် ကျောင်းသားတွေဟာ သာမန် ကျောင်းသားတွေထက် ပိုတဲ့ အခွင့်ထူးကို ခံစားခွင့် ရပါတယ်။ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ်ကို ဖြတ်ကျော်နိုင်တဲ့ သူတွေကတော့ ကြိုက်တဲ့ မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာတစ်ခုကို ရွေးယူခွင့် ရဦးမှာပါ။ ဒါကတော့ အပြင်စည်း ကျောင်းသားတိုင်းရဲ့ အိပ်မက်ပါပဲ။
ဒါပေမဲ့လည်း သည်နှစ်မှာ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ်ကို ဖြတ်ကျော်နိုင်တဲ့ သူတွေကတော့ လေးယောက်သာ ရှိခဲ့ပါတယ်။ သူတို့တွေကတော့ လီဖူချန်း၊ ဝမ်ဟိုင်လုံ၊ လီချန်းဖန်နဲ့ ကျောင်းယု တို့ပါပဲ။
ပဉ္စမထပ်ကို မပြောပါနဲ့။ ကောင်းကင်မျှော်စင်ရဲ့ စတုတ္ထထပ်ကို ကျော်ဖြတ်နိုင်တဲ့ လူတောင် မရှိပါဘူး။
ကောင်းကင်မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ် နိုင်သူတွေကတော့ အနည်းငယ် ရှိပြီး ကောင်းကင် မျှော်စင်ရဲ့ ဒုတိယထပ်ကို ကျော်ဖြတ်နိုင်တွေကတော့ တော်တော်လေး များပြားပါတယ်။
တိတိကျကျ ပြောရမယ် ဆိုရင်တော့ ကောင်းကင်မျှော်စင်ရဲ့ ဒုတိယထပ်ကို ကျော်ဖြတ်နိုင်သူတွေက ၆၂ ယောက်တောင် ရှိနေတာပါ။
တောင်ပိုင်းတောအုပ် တက္ကသိုလ်ရဲ့ တာဝန်ခံဆရာက လီဖူချန်းအပါအဝင် ကျောင်းသား ၅၉ယောက်ကို ကျောင်းသားသစ်တွေ အဖြစ် ရွေးချယ်လိုက်ပါတယ်။ သည်၅၉ယောက်ကတော့ ကောင်းကင် မျှော်စင်ရဲ့ ဒုတိယထပ်ကို အမြန်ဆုံး ဖြတ်ကျော်နိုင်ခဲ့တဲ့ သူတွေဆိုရင်လည်း မမှားပါဘူး။
ကျောင်းသားသစ်တွေအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ သူတွေကိုတော့ သိုင်းတက္ကသိုလ်က ကျောင်းသား တံဆိပ်တွေကို ပေးအပ်ခဲ့ပါပြီ။
သာမန်ကျောင်းသားတွေကတော့ သာမန်ကျောင်းသား တံဆိပ်တွေကို ရရှိကြပြီး လက်ရွေးစင် ကျောင်းသားတွေကတော့ လက်ရွေးစင်ကျောင်းသား တံဆိပ်တွေကို ရရှိကြပါတယ်။
သည်သိုင်းတက္ကသိုလ်မှာ တက်ရောက်ခွင့် ရတဲ့ ကျောင်းသားတွေရဲ့ တစ်နှစ်စာ စရိတ်ကလည်း မစားသာလှပါဘူး။ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် သုံးယောက်ကလွဲပြီး ကျန်တဲ့ ကျောင်းသားတွေ အားလုံးဟာ ကျောင်းစရိတ်ကို ပေးကြရမှာပါ။ သည်သိုင်းတက္ကသိုလ်မှာ တက်ရောက်မယ့် ကျောင်းသားတွေဟာ တစ်နှစ်လုံးစာအတွက် ကျောင်းစရိတ် အဖြစ် အဆင်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးရမှာ ဖြစ်ပါတယ်။
***