ခွဲစိတ်တာက တကယ့်ကို လူလုပ်တဲ့အလုပ်မဟုတ်ဘူး.....
Vol. 27 Ch. 392
အေးစက်စက် အမိန့်ပေးသံက ကောင်းချုံနှင့် လျန်ရူရွှယ်ကို ရုတ်ချည်း ရပ်တန့်သွားစေခဲ့သည်။
ထို့နောက် မောင်နှမနှစ်ယောက်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
"ကယ်....ကယ်လို့ရသေးတာလား..."
လျန်ရူရွှယ်၏ နှလုံးမှာ ကဆုန်စိုင်းနေလေသည်။
မြောင်ကော်ဖုန်းနှင့် သွမ့်ရုန်ချွမ်းတို့၏ အရည်အချင်းကို မေးခွန်းထုတ်နေစရာ မလိုချေ။ သို့တိုင်အောင် ထိုကဲ့သို့ ကျွမ်းကျင်သူများမှ အကြီးအကဲရန်ကို သေပြီဟု ခေါင်းစဉ်တပ်ထားသော်လည်း လင်းရီမှ ကုသရန် မျှော်လင့်ချက် ရှိသေးသည်ဟု ဆိုလာခဲ့၏။
ဒါ...ဒါ တကယ်ကြီးလား....
လျန်ရူရွှယ် သူမအစ်ကို၏ ပခုံးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး စူးစိုက်ကြည့်ကာ လေးနက်သည့် လေသံဖြင့် "ဒီကအရင်ထွက်သွားကြမယ်... ဒီအခြေအနေရောက်မှတော့ ကောက်ရိုးလေးတစ်မျှင်ဆိုရင်တောင်မှ ဖမ်းဆုပ်ထားရမှာပဲ ..."
တံခါးအပြင်၌ ရပ်နေကြသည့် မြောင်ကော်ဖုန်းနှင့် သွမ့်ရုန်ချွမ်းတို့ကတော့ ထိုစကားကိုကြားသည့်အခါ ချော်လဲလုမတတ် ဖြစ်သွားခဲ့သည်။
အထဲမှ ဘာဖြစ်နေလဲဆိုတာကို သူတို့ မသိချေ။ ထို့ကြောင့် လင်းရီအဘယ်ကြောင့် ယခုလို ပြောလိုက်သလဲဆိုတာကိုလည်း သူတို့ နားမလည်ချေ။
တကယ်ကြီး ကယ်လို့ရသေးတာလားဟ....
"အဘိုးကြီးသွမ့်.. အထဲ၀င်ပြီး တစ်ချက် သွားကြည့်ရအောင်..."မြောင်ကော်ဖုန်း လေးနက်စွာဆိုလိုက်သည်။ သူ၏ မျက်၀န်းတို့မှာတော့ စူးရှလေးနက်မှုတို့နှင့် ပြည့်နှက်နေလေသည်။
"ကောင်းပြီ..."
"ခင်များတို့နှစ်ယောက် ဒီမှာပဲ နေရမယ် .. ဘယ်သူမှ အထဲကို ၀င်သွားလို့မရဘူး..."
ကောင်းချုံ လူသတ်ချင်နေသည့် အကြည့်တို့ဖြင့် ကြည့်လျက်ပြောလိုက်သည်။
"ဒါပေမယ့် ငါတို့က ....."
"ခင်များတို့ဘာ ခင်များတို့ ဘာကောင်ကြီးဖြစ်နေဖြစ်နေ ကျုပ်ဂရုမစိုက်ဘူး...ဒေါက်တာလင်း ခွင့်ပြုမှ ၀င်လို့ရမယ်...ဒါပဲ..."
သို့နှင့် နှစ်ကောင်သားမှာ ဘာမျှပြန်မပြောဝံ့တော့ပဲ အပေါက်၀၌ မတ်တပ်ရပ်နေရတော့၏။
သူတိူ့ရှေ့ရှိ စစ်၀တ်အမျိုးသားမှာ မည်သူမှန်း သူတို့မသိသော်လည်း ယခုလိူ အသည်းအသန် ဖြစ်နေပုံထောက်နေလျှင်တော့ ခိုင်မာသည့် ရင်းနှီးပတ်သက်မှုတို့ ရှိနေမည်မှာ မလွဲမသွေပင်။
ထို့ကြောင့် သူတိူ့စကားအသာ နားထောင်၍ ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။
ခွဲစိတ်ခန်းထဲတွင်တော့ လီချူးဟန်၏ ကြောင်မျက်လုံးလေးများမှာ ဟိုဟိုဒီဒီ ရွေ့လျားနေသည်။ အမှန်အတိုင်း၀န်ခံရလျှင် သူမ လူနာကို မည်သို့ ဆက်ကုသရမလဲဆိုတာ အမှန်ပင်နည်းလမ်းမရှိတော့ချေ။
"ကျုပ်ရဲ့ နည်းစနစ်ကလည်း အလုပ်ဖြစ်မလားတော့မသိဘူး..ဒါပေမယ့် ကြိုးတော့ ကြိုးစားကြည့်ရမှာပဲ...."
လင်းရီ ပြောလိုက်သည်။ သူ၏ လေသံမှာတော့ လေးနက်သိပ်သည်းနေလေသည်။
"နင့်ရဲ့ နည်းစနစ်က ဘာလဲ...ငါ့ကိုပြော...ငါအသေးစိတ်ကိုင်တွယ်လိုက်မယ်...."
"မလိုဘူး...ကျုပ်ဘာကျုပ်လုပ်မယ်..."ထိုအခိုက်အတန့်တွင်တော့ လင်းရီမှာ မှီခိုအားထားဖို့ကောင်းစွာ တည်ငြိမ်နေလေသည်။
သူလူ့အသက်တစ်ချောင်းကို တန်ဖိုးထားပြီး ကယ်တင်ရန် ကြိုးစားသည်မှာ ယခုပထမဆုံးအကြိမ်ပင်။
"နင့်ရဲ့ ချုပ်ရိုးနည်းစနစ်က ပြောင်မြောက်တယ်ဆိုပေမယ့် ခွဲစိတ်တဲ့ အပိုင်းမှာကျတော့ ငါ့ကိုမှီဖို့ အလှမ်းဝေးနေတုန်းပဲ..."လီချူးဟန် ပြောလိုက်သည်။
"ဒါပေမယ့် လူနာရဲ့ အထောက်အထားက သာမန်မဟုတ်ဘူးလေ..တစ်ခုခုဖြစ်သွားရင် ခွဲစိတ်တဲ့သူက တာ၀န်အကြီးဆုံးပဲ...ကျုပ်ပဲ လုပ်လိုက်မယ်....."
လီချူးဟန် နှလုံးသားလေး လှုပ်ခါသွားခဲ့သည်။ နှစ်ပေါင်းများစွာ ငြိမ်သက်အိပ်စက်နေခဲ့သည့် သူမ၏ ရေခဲလိုနှလုံးသားလေမှာ ယခုအခါတော့ မီးတောင်ပေါင်ကွဲတော့မလို ပြင်းထန်စွာ လှုပ်ခါနေလေသည်။
"ငါ တာ၀န်ယူရမှာကို မကြောက်ဘူး...ငါ လူနာကို တတ်နိုင်သလောက် အကောင်းဆုံး ကုသပေးချင်တယ်..."
"အဲ့တာဆို ကျုပ်က ခေါင်းဆောင်ခွဲစိတ်သူ လုပ်လိုက်မယ်... "လင်းရီ ပြောလိုက်ပြီး "မတော်လို့ တစ်ခုခုဖြစ်လာခဲ့ရင် အနည်းဆုံးတော့ ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက်တော့ အလုပ်ဖြုတ်ခံရမှာပဲလေ...ကျုပ်ဆိုလိုချင်တာကို ဒေါက်တာလီနားလည်မှာပါ...တကယ်လို့ ကျုပ် ထွက်သွားဖို့ လိုအပ်လာခဲ့ရင် ကျုပ်ထွက်သွားမယ်...ဒါပေမယ့် ဒေါက်တာလီကတော့ မတူဘူး...ခင်များက ဟွာရှန်းဆေးရုံမှာရှိတဲ့ ဆရာ၀န်တွေထဲက အကောင်းဆုံး ဒေါက်တာတစ်လက်ပဲ...ဒေါက်တာလီသာ မရှိရင် လူနာတွေက ခွဲခြားကုသတာကို ခံရလိမ့်မယ်.... ခင်များအဲ့တာတွေကိုကော တွေးဖူးလား....."
လီချူးဟန် လင်းရီကို ခေါင်းမော့၍ ကြည့်လိုက်ပြီး နှစ်ယောက်သား၏ အကြည့်မှာ လေထုအလယ်၌ ဆက်နွယ်နေလေသည်။
ထိုတခဏတွင် လင်းရီ သူမ၏ ဖြူစင်အပြစ်ကင်းပြီး တလက်လက်တောက်ပနေသော မျက်၀န်းများထဲရှိ ခေါင်းမာမှုနှင့် မဆုတ်မနစ်မှုတို့ကို မြင်တွေ့လိုက်ရသည်။
အစွန်းရောက် မျက်ကန်းယုံကြည်မှု ဖြစ်သည့်တိုင်အောင် တောင်တန်းကြီးကဲ့သို့ ကြံ့ခိုင်တည်ငြိမ်လှပေသည်။
"ဒီလူနာနဲ့ ပတ်သက်ပြီးတော့ ငါ့ဘက်က တတ်နိုင်တာ ဘာမှမရှိတော့ဘူး...ဒါပေမယ့် နင့်ဘက်က ကယ်တင်ဖို့ နည်းလမ်းရှိတယ်လို့ ဆိုလာမှတော့ နင့်ရဲ့ လက်ထောက် လုပ်ပေးဖို့ရာက လုံး၀ပြဿနာမရှိဘူး...ဒါပေမယ့် တကယ်လို့ မတော်တဆမှုတွေ ဖြစ်လာခဲ့ပြီး နင်အလုပ်ထုတ်ခံရမယ်ဆိုရင် ငါလည်း နင်နဲ့အတူ လိုက်ထွက်မယ်...."လီချူးဟန် လေးနက်စွာ ပြောလိုက်သည်။ သူမလေသံထဲရှိ အခိုင်အမာ ဆူံးဖြတ်ချက်ချထားမှုကိုတော့ မည်သူမဆို ခံစားသိရှိနိုင်လေသည်။
"ငါ ဆေးပညာသင်ယူလေ့လာခဲ့တယ် ဆိုတာကလည်း လူနာတွေရဲ့ အသက်ကို ကယ်တင်ချင်လို့ပဲ...တခြားဆေးရုံတွေက ဟွာရှန်းဆေးရုံလောက် ကောင်းချင်မှ ကောင်းမယ်...ဒါပေမယ့် အဲ့ဒီမှာ ငါလူနာတွေကို ဆက်ကုသပြီးတော့ ကယ်တင်လို့ရသေးတယ်....အဲ့လောက်ဆို ငါ့အတွက် လုံလောက်ပြီ...."
" ဒေါက်တာလီ...တကယ်လို့ စိတ်မရှိဘူးဆိုရင် ကျုပ်ကို ချွေးသုတ်ပေးလို့ရမလား...."
"ရတာပေါ့...."
သူမ mask တပ်ထားသော်လည်း ထို mask ၏နောက်ကွယ်တွင် ပြုံးနေလိမ့်မည်ဖြစ်ကြောင်း လင်းရီ တပ်အပ်သိနေလေသည်။
"ကောင်းပြီ.... အခုပဲ ခွဲစိတ်ကြမယ်..."
လင်းရီ ခေါင်းဆောင်ခွဲစိတ်သူလုပ်ရန် ခေါင်းမာနေခြင်းက သူလက်ထဲတွင် ဝှက်ဖဲတစ်ချပ် ရှ်နေသောကြောင့်ပင်။
ယင်းဝှက်ဖဲကတော့ စနစ်မှ ချီးမြင့်ထားသည့်ကံကောင်းခြင်းကဒ်ဖြစ်၏။
ကံကောင်းခြင်းကဒ်ကို အသုံပြုနိုင်သည့် အချိန် အကန့်အသတ်မှာ ငါးမိနစ်ဖြစ်ပြီး သူ့အတွက်ူာ အသုံးပြုနိုင်လေသည်။ ခွဲစိတ်နေစဉ်အတွင်း ကံကောင်းကတ်မှာ အသုံး၀င်မ၀င် လင်းရီမသိသော်လည်း သူ အလောင်းအစားပြုရန်သာ တတ်နိုင်လေသည်။
လင်းရီ စိတ်ထဲတွင် စနစ်၏ စာမျက်နှာကို ဆင့်ခေါ်လိုက်သည်။
ထို့နောက် အချိန်အကြာကြီး သိုလှောင်သိမ်းဆည်းထားသည့် ကံကောင်းကဒ်ကို အသုံးပြုလိုက်၏။
"စနစ် ကံကောင်းခြင်းကဒ်ကို အသက်သွင်းမယ်...."
[ကံကောင်းခြင်းကတ်ကို အသက်သွင်းပြီး ပါပြီ
ကြာချိန် : ၅ မိနစ်
၅: ၀၀ ၊ ၄: ၅၉ ၊၄: ၅၈ .... ]
သူကံကောင်းခြင်းကဒ်ကို အသက်သွင်းပြီးနောက် "ECC စက်ကို နှိုးပြီး ပင်မသွေးလွှတ်ကြော လည်ပတ်မှုကို စတင်မယ်..."
"ပြီးပါပြီ ဒေါက်တာလင်း...." သွယ်လျသည့် နာ့စ်တစ်ယောက်မှ ပြန်ဖြေလိုက်၏။
"ဦးနှောက်ထဲ သွေးအောက်ဆီဂျင် ထောက်ပံ့ပေးမှုကို အာရုံစိုက်ထား...."
"နားလည်ပါပြီ....."
ယခုလို ရှုပ်ထွေးပွေလီလှသည့် ခွဲစိတ်မှုကို ငါးမိနစ်အတွင်း ပြီးမြောက်ဖို့ရန်မှာ မည်သိူ့မျှ မဖြစ်နိုင်ချေ။
လင်းရီတွင်လည်း ထိုကဲ့သို့ လက်တွေ့မဆန်သည့် စိတ်ကူးတို့ မရှိပေ။
သို့သော်လည်း သွေးကြောနံရံ၏ သေးငယ်သည့် အပိုင်းအစလေးကို ချုပ်နိုင်သရွေ့တော့ ကျန်သည့်အရာတို့မှာ အေးဆေးကိုင်တွယ်သွား၍ရပေသည်။
လင်းရီ လီချူးဟန်ကို ကြည့်လိုက်ပြီး "လူနာက အ၀လွန်နေတယ်... CPB နှစ်ချက်စုပ်ယူဖို့လိုမယ်.... "
"နားလည်ပြီ...ခုပဲလုပ်လိုက်မယ်..."
"ပြီးတော့ Axillary သွေးကြောနဲ့ လက်မောင်းသွေးကြောကို ခွဲခြားထားဖို့ လိုမယ်..."
"ပြဿနာ မရှိဘူး.... ငါ့တာ၀န်ထားထားလိုက်..."
"လူနာရဲ့ အရေပြားအောက်က အဆီက ထူလွန်းတယ်....ခဏနေကျရင် သွေးကြောတွေကို ကူထိန်းထားပေးဦး..... "
"အိုကေ..."လီချူးဟန် သဘောတူလိုက်သည်။
ထိုဖြစ်စဉ်များအားလုံး နှစ်မိနစ်အတွင်း ပြီးဆုံးသွားခဲ့၏။
နောက်လာမည့် အပိုင်းကတော့ အကျပ်တည်းဆုံး ခြေလှမ်းပင်။
ကံကောင်းခြင်းကဒ်မှာ ငါးမိနစ်သာ အသုံးပြုနိုင်သောကြောင့် လင်းရီလည်း တစ်စက္ကန့်လေးကိုမျှ မဖြုန်းတီးဝံ့ချေ။
သွေးကြောများ ပေါ်လာပြီးနောက် သူချက်ချင်းဖြတ်လိုက်ပြီး သွေးကြောအတုကို စတင်ချုပ်တော့သည်။
လင်းရီ သွေးကြောချုပ်သည်ကိုကြည့်ရင်း လူတိုင်း၏ နှလုံးမှာ လည်ချောင်း၀သို့ ရောက်ရှိနေကြ၏။
ဒါရိုက်တာမြောင် ခွဲစိတ်မှု ရပ်ဆိုင်းလိုက်သည့် အကြောင်းအရင်းမှာလည်း ယခုအဆင့်ကို ပြီးမြောက်ရန် ယုံကြည်ချက် မရှိသောကြောင့်ပင်။
ထိုးအပ်တစ်ချက်ချင်းစီတိုင်းက သွေးကြောများကို ပေါက်ကွဲထွက်စေနိုင်ပြီး ထိုအခါကျ သိကြားမင်းဆင်းကယ်လျှင်တောင် အချိန်မှီတော့လိမ့်မည် မဟုတ်ချေ။
နောက်တစ်မိနစ်ခန့် ကြာသည့်အခ်ျန်တွင်တော့ လီချူးဟန်နှင့် နာ့စ်များအားလုံး သူမတို့ တစ်သက်တာလုံးတွင် မည်သိုမျှ မေ့နိုင်မည်မဟုတ်သည့် မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။
လင်းရီ ထိရှမခံသည့် သွေးကြောများကို စုပေါင်းပြီးနောက် တိကျသေသပ်စွာဖြင့် အပ်ကိုနေရာမှန်မှန် ထိုးဖောက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
သွေးကြောနံရံမှာ မည်သို့မျှ ဖြစ်ပျက်သွားခြင်းမျိုးမရှိပဲ အကောင်းပတိပင်။
ချုပ်လို့ရတယ်....
သူမတို့ ခွဲစိတ်ခန်းထဲ ရောက်နေသည်ဟူသော အသိစိတ်ကြောင့်သာ မဟုတ်ပါက အားလုံး ထိတ်လန့်တကြားနှင့် အဆုတ်ပေါက်ကွဲသည်အထိ အော်ဟစ်မိမှာ အမှန်ပင်။
ဒေါက်တာလင်းရဲ့ လက်တွေက မှော်ဆန်လွန်းတယ်...စိတ်ကူးမယဉ်နိုင်လောက်အောင်ကိုပဲ....
သို့သော်လည်း ထိုအချိန်တွင်တော့ လင်းရီမည်မျှ စိတ်ခြောက်ခြားနေလဲဆိုတာကို လင်းရီတစ်ဦးတည်သာ နားလည်ပေသည်။
ကံကောင်းစွာဖြင့် ကံကောင်းခြင်းကဒ်မှာ ကောင်းမွန်စွာ အစွမ်းပြသွားခဲ့၏။
သို့သော်လည်း သူ ဤသေးငယ်သည့် သွေးကြောနံရံကို သုံးမိနစ်အတွင်း မချုပ်နိုင်ပါက သူ၏ ယခင် ကြိုးစားအားထုတ်ထားမှုတို့မှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့၏။ လင်းရီနှဖူးတွင်လည်း ချွေးအေးတို့ တစက်စက် ယိုစီးကျနေလေသည်။
လီချူးဟန်မှ ချွေးစုပ်သည့် ပဝါကို ယူ၍ လင်းရီနှဖူးပြင်ပေါ်ရှိ ချွေးအေးတို့ကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။
တစ်ချိန်တည်းတွင် သူမ၏ နှလုံးသားမှာလည်း မာရသွန်ပြေးထားသကဲ့သို့ တဒုတ်ဒုတ် ဖြစ်နေ လေသည်။
"အောင်မြင်သွားပြီ..."
နှစ်မိနစ်ခွဲမျှကြာပြီးနောက် လင်းရီ၏ အံ့အားတကြီး အော်ဟစ်သံမှာ ထွက်ပေါ်လာခဲ့သည်။
သွေးကြောနံရံကိုတော့ အောင်မြင်စွာ ချုပ်လို့ပြီးသွားချေပြီ။ ကျန်ရှိသည်ကတော့ ခွဲစိတ်နေကျအတိုင်း ဆက်လုပ်သွားရုံပင်။
သူ၏ စိတ်ထဲရှိ ဆရာအဆင့် ချုပ်ရိုးနည်းစနစ်ကြောင့် ကျန်ရှိသည့် လုပ်ငန်းစဉ်များကိုလည်း လင်းရီ အောင်မြင်စွာ ပြီးဆုံးနိုင်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်လေသည်။
သို့သော် သတိလက်လွတ် ဖြစ်၍တော့ မရပဲ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို အာရုံစိုက်ရပေမည်။
အကယ်၍ အမှားသေးသေးလေး လုပ်မိသွားခဲ့လျှင်တောင် လူနာမှာ ခွဲစိတ်စားပွဲပေါ်မှ ဆင်းနိုင်လိမ့်မည်မဟုတ်သောကြောင့်ပင်။
ခွဲစိတ်မှုမှာ ပြီးဆုံးဖို့ သုံးနာရီ ကြာမြင့်ခဲ့သည်။
သူနောက်ဆုံး ချည်ကြိုးကို ဖြတ်ပြီးသည့် အချိန်တွင်တော့ သူ့တစ်ကိုယ်လုံး ချွေးအေးများမှာ ရေချိုးထားသကဲ့သို့ ဖြစ်နေကြောင်း သတိထားမိသွား၏။
လီချူးဟန် ခေါင်းမော့ပြီး လင်းရီ ကြည့်လိုက်သည်။ သူမ၏ ဖြူစင်ပြီး အပြစ်ကင်းသည့် မျက်၀န်းတို့မှာတော့ တလက်လက်တောက်ပနေလေသည်။
ဂုဏ်ယူမှု
ကျေနပ်အားရမှု
လေးစားမှု အရိပ်အမြွက်တို့တောင် ပါလိုက်သေးသည်။
"နင်အရမ်းတော်တယ်....."
နှစ်ယောက်သား ဟိုက်ဖိုက်လုပ်လိုက်ကြ၏။
"ဒေါက်တာလီနဲ့ အလုပ်တွဲလုပ်ရတာက ဂုဏ်ယူစရာပါပဲ......."
"မဟုတ်တာ....ငါက ဂုဏ်ယူရမှာပါ...."
လီချူးဟန် အပြုံးလေးဖြင့် ပြောလိုက်၏။
လင်းရီ ခွဲစိတ်ခန်းသုံးask ကို ချွန်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။
တံခါးဖွင့်သံ ကြားသည့် အချိန်တွင်တော့ လျန်ရူရွှယ်မှာ လေတိုက်သည့် အလျင်ဖြင့် လင်းရီရှေ့သို့ ရောက်ချလာပြီး "အခြေအနေ ဘယ်လိုရှိလဲ..."
"သောက်ရမ်းပင်ပန်းတယ်... ခွဲစိတ်တဲ့ အလုပ်က လူတွေအတွက် မဟုတ်ဘူး…”