← Chapters

အပျိုစင်နံ့

Vol. 27 Ch. 393

အပျိုစင်နံ့

Vol. 27 Ch. 393

"နင့်အခြေအနေကို မေးနေတာမဟုတ်ဘူး ... လူနာရဲ့ အခြေအနေကို ပြောနေတာ..."

"ဪ...."လင်းရီ နှာခေါင်းပွတ်လိုက်ပြီး "မပူနဲ့.. ခွဲစိတ်တာက အောင်မြင်တယ်....နောက် ဆယ်စုနှစ်နှစ်ခုစာလောက်အထိ အေးဆေးနေလို့ရသေးတယ်...ကျုပ်သေရင် ငွေစက္ကူ မီးရှို့ပေးချင်ရင်တောင် ရသေး.... ."

လင်းရီ ဟာသလုပ်နေသည်ကို ကြားတော့မှ လျန်ရူရွှယ်နှင့် ကောင်းချုံတို့ စိတ်သက်သာရာ ရသွားခဲ့ကြသည်။

"ငါနင့်ကို နောက်မှ လာရှာမယ်..."

လင်းရီကတော့ ပြန်မဖြေပဲ ဓာတ်လှေကားဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့လိုက်သည်။

တစ်ချိန်တည်းတွင် ခွဲစိတ်ခန်းတံခါးမှာ ပွင့်လာခဲ့ပြီး လီချူးဟန်နှင့် နာ့စ်တစ်ချို့ လူနာကို တွန်းလျက် ထွက်လာခဲ့၏။

"ကျေးဇူးတင်ပါတယ် ဒေါက်တာလီ..."လျန်ရူရွှယ်မှ ပြောလိုက်သည်။

"ကျေးဇူးတင်ချင်ရှင် ရှင်တို့ ဒေါက်တာလင်းကိုပဲ ကျေးဇူးတင်လိုက်..သူက ဦးဆောင်ပြီးတော့ ခွဲစိတ်တာ... ကျွန်မက ကူညီပေးရုံသပ်သပ်ပဲ...."

"သူက ဦး‌ဆောင် ခွဲစိတ်သူ...."

ထိုသတင်းကိုကြားတော့ အပြင်ဘက်ရှိ လူတိုင်း ရှော့ခ်ရသွားခဲ့ကြသည်။

လင်းရီ ခွဲစိတ်ခန်းထဲသို့ ဒေါက်တာလီ၏ လက်ထောက် အဖြစ် ၀င်သွားသည်ကို လူတိုင်း မှတ်မိနေသေးသည်။

ထိုသိူ့ ၀င်နိုင်သည့် အကြောင်းပြချက်မှာလည်း လင်းရီ၏ ရင်သပ်ရှုမောဖွယ်ရာ ချုပ်ရိုးနည်းစနစ်တို့ကြောင့်ဖြစ်၏။

၎င်းကြောင့် လီချူးဟန်မှ အဓိက ခွဲစိတ်သူဖြစ်ပြီး လင်းရီမှ ကူညီပေးသည့်သူ ဖြစ်လိမ့်မည်လို့ လူတိုင်း တွေးထင်ခဲ့ကြသည်။

သို့သော်လည်း ယခုလို အရေးကြီးလှသည့် ခွဲစိတ်မှုတွင် လင်းရီမှ အဓိကခွဲစိတ်သူ ဖြစ်နေလိမ်မည်လို့တော့ မျှော်လင့်မထားကြချေ။

လျန်ရူရွှယ် သူမခေါင်းကိုမော့၍ လင်းရီ ထွက်ခွာသွားခဲ့သည့် ဓာတ်လှေကားဘက်သို့ လှမ်းမြော်ကြည့်လိုက်သည်။

သူ့မှာ ထုတ်မပြရသေးတဲ့ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ….

လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး “ သွေးကြောနံရံတွေက ပါးလွန်းတော့ ဘယ်လိုမှ ချူပ်ဖို့မဖြစ်နိုင်ဘူး….. အခုကလည်း ဒေါက်တာလင်းရဲ့ အစီအစဉ်ကြောင့်မို့လဲ ခုလိုအောင်မြင်သွားတာ….. ဖြစ်စဉ်တစ်ခုလုံးကိုလည်း သူပဲ ဦးဆောင်သွားတာလေ…..”

“ မဖြစ်နိုင်တာ….. “ သွမ့်ရုန်ချွမ်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး “ သွေးကြောနံရံတွေက ပါးလွန်းလို့ ဘယ်လိုမှ ချုပ်လို့မရတာကို မင်းလည်းအမြင်ပဲလေ…..”

အကယ်၍ လီချူးဟန်သာ ခေါင်းဆောင်ခွဲစိတ်သူဖြစ်မည်ဆိုပါက သူလက်ခံ၍ရသေးသည်။ သူမ၏ အရည်အချင်းတို့မှာ ငြင်းဆိုဖွယ်ရာမရှိပဲ ခွဲစိတ်နေစဉ်အတွင်း သူ၏အရေးပါမှုကို ခိုးယူသွားခဲ့လျင်တောင် သူ့ဘက်က အံကြိတ်၍ လက်ခံနိုင်သေးသည်။

သို့ပေတည်း လင်းရီ ဦးဆောင်သူဖြစ်နေသည်ကိုတော့ သူလုံးဝ လက်သင့်မခံနိုင်ပေ။

ဟွာရှ၏ ထိပ်တန်းခွဲ စိတ်ဆရာဝန်ဖြစ်သည့် သူမှ သွေးကြောများမှာ မည်သို့မျှ ချူပ်ရန် မဖြစ်နိုင်ဟု ပြောကာ ပစ်ထားခဲ့သည်။ သို့သော်လည်း အလုပ်သင်ဆရာဝန်အသစ်မှ သူ ပစ်ထားခဲ့သည်ကို အဆုံးသတ်သွားပေးခဲ့လေသည်။ အကယ်၍ ယခုသတင်းသာ အပြင်သို့ ပျံ့နှံ့သွားမည်ဆိုပါက သူမျက်နှာ မည်သို့ ပြရမည်နည်း။

"ကျွန်မလည်း လူနာရဲ့ အခြေအနေကို မြင်တယ်...ဒါပေမယ့် ရှင်က ခွဲစိတ်ခန်းထဲမှာရှိတဲ့ ဒေါက်တာလင်းကို မမြင်ခဲ့ဘူး..."

လီချူးဟန် အေးစက်တည်ငြိမ်နေပြီး လေးနက်သည့် အသံဖြင့် "ဒေါက်တာလင်းက ရှင်ထင်ထားတာထက် ပိုပြီးတော့ အရည်အချင်းရှိတယ်...."

ထိုသို့ပြောပြီးနောက် လီချူးဟန်နှင့် နာ့စ်တို့ လူနာကို လူနာခန်းထဲသို့ခေါ်ဆောင်သွားလေသည်။

လျန်ရူရွယ်နှင့် ကောင်းချုံတို့ သွမ့်ရုန်ချွမ်းကို စူးစိုက်ကြည့်လိုက်၏။ သူတိူ့၏ အမူအရာမှာ အေးစက်နေပြီး တစ်ချိန်တည်းတွင် ရှုပ်ထွေးမှုတို့လည်း ဖြစ်ပေါ်နေလေသည်။

......

လင်းရီ ခွဲစိတ်ခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လီချူးဟန်၏ နားနေခန်းထဲသို့ လာခဲ့လိုက်သည်။

ခွဲစိတ်ခန်းထဲရှိ စိတ်ပင်ပန်းမှုမှာ သာမန်လူတို့ ခံစားနိုင်မည့်အရာမဟုတ်ပေ။

[အလွန်အမင်း ခက်ခဲသည့် ခွဲစိတ်ကုသမှုကို ပြီးမြောက်သွားပါပြီ...]

[ဆုလဒ် : အတွေ့အကြံမှတ် ၁၅၀,၀၀၀၀...]

[အလုပ်ပြီးမြောက်နှုန်း : ၂၅% ]

[ဆုလဒ် : မဟာဆေးကျမ်း ]

လင်းရီ ဘာမျှ မတုံ့ပြန်နိုင်သေးခင် အသိဉာဏ်ပညာပင်လယ်ကြီးမှာ လင်းရီ၏ စိတ်ထဲသို့ စီးနင်း၀င်ရောက်လာသည်။

များပြားလွန်း၍ သူ၏ခေါင်းပင် နာကျင်လာခဲ့၏။

သို့သော်လည်း စနစ်မှ ဆုချီးမြင့်ထားသည့် မဟာဆေးကျမ်း၏ အာနိသင်မှာ အစွမ်းပြနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

များပြားလှသည့် ဆေးနည်းလမ်းတို့က လင်းရီကို ရှော့ခ်ရသွားစေခဲ့သည်။ သူ ပညာရှိဉာဏ်ပညာနှင့် အာစရိယမှတ်ဉာဏ်ကို လက်ခံစဥ်အခါကတောင် ယခုကဲ့သို့ နာကြင်နေခြင်းမရှိချေ။

ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ ဆေးကျမ်းတွေက တကယ့်ကို သာမန်မဟုတ်တာပဲ...

ဦးနှောက်ကိုက်ခဲမှုမှာ ဆယ်မိနစ်ခန့် ရှည်ကြာသွားပြီး တဖြည်းဖြည်းနှင့် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

ယခုဆိုလျှင် မဟာဆေးကျမ်းထဲရှိ အသိပညာအားလုံးမှာ လင်းရီစိတ်ထဲတွင် ရှိနေချေပြီ။

သိူ့သော်လည်း ထိုအသိပညာများကို လေ့လာစမ်းစစ်ရင်း သူ့ကိုရှော့ခ်အရစေဆုံးကတော့ ရှေးခေတ် ဆေးနည်းလမ်း၏ အငွေ့အသက်တို့ များပြားနေခြင်းကိုပင်။

အတိတ်ကာလရှိ တ-ရုတ်ပရဆေးပင်များနှင့်လက်ရှိ တရုတ်တိုင်းရင်းဆေးပင်များအားလုံးကို လင်းရီ အကြမ်းဖျင်း ဖတ်ရှုကြည့်လိုက်၏။ သို့သော်လည်း ထိုအခိုက်အတန့်၌ လင်းရီ ဉာဏ်မမှီတော့သလို ခံစားလိုက်ရပြီး ဆေးကျမ်း၏ အံ့အားသင့်ဖွယ်ကောင်းပုံကို 'သောက်ကျိုးနည်းကြီး' ဟုသာ ဖော်ပြနိုင်တော့သည်။

[စနစ်မစ်ရှင် : လူနာ ၁၀၀ကို ဆေးကုသပါ... ]

[ဆုလဒ် : အတွေ့အကြုံမှတ် ၁၀၀,၀၀၀ ]

[မစ်ရှင်ပြီးမြောက်မှု [၁၂/၁၀၀]

စနစ်၏ အသိပေးစာ ရောက်ရှိလာသောအခါ လင်းရီ မစ်ရှင်ကို ကြည့်ကြည့်လိုက်သည်။

မစ်ရှင်မှာ မခက်ခဲပေ။ လူနာတစ်ရာကို ဆေးကုသရန်မှာလည်း ဆေးခန်း၌ ထိုင်၍ လူနာများကို ကုသပေးရန်သာလိုအပ်သည်။

ဟွာရှန်းဆေးရုံရှိ လူနာအရေအတွက် နှင့် တွက်ကြည့်မည်ဆိုလျှင်တော့ သူ အဆိုပါမစ်ရှင်ကို နှစ်ရက်အတွင်း ပြီးမြောက်အောင် ‌လုပ်ဆောင်၍ရသည်။

အနှစ်ချုပ်ရလျှင်တော့ မစ်ရှင်မှာ ထမင်းစားရေသောက်ရင်း ပြီးမြောက်နိုင်သည့်မစ်ရှင်ဖြစ်၏။

သို့သော်လည်း လင်းရီ တစ်ခု ထူးဆန်းတာကို ရှာဖွေတွေ့ရှိသွားသည်။ သူမစ်ရှင် ပြီးမြောက်သည့်အကြိမ်တိုင်း စနစ်မှ အတွေ့ကြုံမှတ်များကို ယခုတစ်ခေါက်ကဲ့သို့ ရက်ရောစွာ ချပေးလေ့မရှိပေ။

ယခုတစ်ခေါက်တွင်တော့ ၁၅၀,၀၀၀ ကို ချီးမြင့်လာခဲ့လေသည်။ အလွန်အမင်း ခက်ခဲသည့် မစ်ရှင် ဖြစ်နေသောကြောင့်ဟု လင်းရီမှတ်ယူလိုက်၏။

သို့သော်လည်း သူ ထိုအတွေးကို ဆက်လက် အာရုံစိုက်မနေတော့ချေ။

ခွဲစိတ်ခန်းထဲ၌ ပင်ပန်းမှုဒဏ်နှင့် မဟာဆေးကျမ်းကို လက်ခံလိုက်သည့် ဒဏ်တို့ကြောင့် သူ၏ စိတ်မှာ ချုပ်တည်းမရအောင် ပင်ပန်းနွမ်းနယ်နေချေပြီ။ ထို့ကြောင့် သူ ကုတင်ပေါ်သို့ လဲလိုက်သည်နှင့် ချက်ချင်း အိပ်မောကျသွားတော့၏။

သူနိုးလာသည့် အချိန်တွင်တော့ အပြင်ဘက်တွင် ကောင်းကင်မှာ မှောင်ရိပ်ပျိုးနေပြီးဖြစ်ပြီး သူ့ဖုန်းထဲတွင်တော့ ကျီချင်းရန်ထံမှ စာတိုတစ်စောင် ရောက်ရှိနေသည်။

ပို့ထားသည်မှာတော့ ပုံမှန်အတိုင်း လင်းရီ ဘာလုပ်နေလဲနှင့် စားပြီးပြီဟူ၍ မေးမြန်းထား၏။

ရိုးရှင်းသော်လည်း သတိတရနှင့် ပို့လာသောကြောင့် စာပိုင်ရှင်၏ ဂရုစိုက်သည့် စိတ်အခံကို ခံစားလို့ရစေသည်။

သို့သော်လည်း မာနကြီးသည်ဟု ပြောရမလားတော့မသိ။ ကျီချင်းရန်မှာ သူမစာတစ်စောင်ပို့ပြီးနောက် တစ်ဖက်မှ စာပြန်မလာပါက မည်မျှပင် အရေးကြီးနေစေကာမူ ဆက်ပို့လေ့မရှိချေ။ လင်းရီကတော့ ပြုံးလျက် ခေါင်းသာ ခါရမ်းလိုက်သည်။

တော်တော်မာနကြီးတဲ့ကောင်မလေးပဲ...

လင်းရီ ကျောဆန့်ပြီးနောက် တစ်ခုခုစားရန် အပြင်သို့ ထွက်လာတော့မည့်အချိန်တွင် လျန်ရူရွှယ်မှာ တံခါးဘေး၌ ဆန်ပြုတ်နှင့် လက်ဖက်ကြက်ဥ စားနေကြောင်း မြင်တွေ့လိုက်ရ၏။

လျန်ရူရွှယ်လည်း လင်းရီကို ငေးကြည့်နေပြီး ဆန်ပြုတ်ရှိ အဖြူရောင် အခိုးအငွေ့တို့က သူမရှေ့တွင် ယိမ်းနွဲ့နေလေသည်။

"ကျုပ်ကို စောင့်နေတာလား..."

"ရှင့်ကို စောင့်တယ်..."လျန်ရူရွှယ် သီးတော့မလို ဖြစ်သွားခဲ့ပြီး "နင်က မသာလို အိပ်နေသာဆိုတော့ သူများတွေ မှားပြီး လာခေါ်သွားမှာဆိုးလို့ စောင့်ပေးနေတာ...."

"ပြောမနေစမ်းပါနဲ့..."လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "မိန်းမလှလေး အယောက်တစ်ရာနဲ့ သုံးညလောက် မနားတမ်း တိုက်ပွဲ၀င်လိုက်ရသလိုပဲ သောက်ရမ်းပင်ပန်းတယ်...ပြောခါကမှ ဗိုက်တောင် အတော်လေး ဆာနေပြီ..."

"ကျွန်မရဲ့ ရာထူးကို ထောက်ထားပြီးတော့ ရှင့်ပါးစပ်က ပေါက်တတ်ကရတွေ မပြောလို့မရဘူးလား...."

"ဘာလို့လဲ အချင်းချင်းတွေကိုပဲဟာ..."လင်းရီ ထိုင်ခုံတစ်ခုကို ဆွဲလိုက်ပြီး ထိုင်ချကာ ဆန်ပြုတ်နှင့် လက်ဖက်ကြက်ဥကို အားပါးတရ လွေးလိုက်သည်။

"ဒီမှာ အကြာကြီး လာထိုင်စောင့်နေတယ်ဆိုတော့ ဘာကိစ္စလဲ..."

"အထွေအထူးတော့ မဟုတ်ပါဘူး.. ရှင်က အဘိုးရန်ရဲ့ ခွဲစိတ်မှုမှာ ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ချင်ရုံသပ်သပ်ပါပဲ...."

"ကျေးဇူးတင်ဖို့ လိုလို့လား မိန်းကလေးလျန်ရဲ့...ဆေးရုံက ကျုပ်ကို လစာပေးတယ်...ဒီအတွက် ကျုပ်ကလည်း လူနာတွေကို ဆေးပြန်ကုပေးတယ်.. ဒီလိုပဲလေ..."

လျန်ရူရွှယ် မေးထောက်လိုက်ပြီး " ဒါပေမယ့် ကျွန်မသိချင်တာ ရှင်က ဘာလို့ အဲ့လောက်တောင် တော်နေလဲဆိုတာကိုပဲ.. ဒေါက်တာသွမ့်တောင် လက်လျှော့ထားတဲ့ ခွဲစိတ်မှုကို ရှင်က အောင်မြင်အောင် လုပ်ပြနိုင်ခဲ့တယ်လေ...ပြီးတော့ ‌ဒေါက်တာလီကိုတောင်မှ လက်ထောက်လုပ်ခိုင်းလိုက်သေးတယ်...ဒါတွေက သာမန်လူတွေ လုပ်နိုင်တာမျိုးမှ မဟုတ်တာ..."

"ဘယ်သိမှာက ကျုပ်က အရမ်းချောလို့လည်း ဖြစ်နိုင်တာပဲလေ..."

လင်းရီအပြုံးလေးဖြင့် ပြောလိုက်၏။

လင်းရီသူမကို အမှန်အတိုင်း ပြောပြလိမ့်မည် မ‌ဟုတ်ကြောင်း လျန်ရူရွှယ် သိသောကြောင့် ဆက်မမေးမြန်းတော့ပဲ

"တကယ်လို့ ရှင့်ကို ကျေးဇူးတင်ဖို့ နည်းလမ်းမရှိဘူးဆိုရင်လည်း ရှင်တခြား ၀င်ငွေကောင်းတဲ့ ဌာနတွေ ပြောင်းချင်ရင် ကျွန်မကို ပြောနော်...."

"ဟားဟား...ကျုပ်အဲ့ဒီမှာ တစ်နှစ်လောက် အလုပ်လုပ်တဲ့ငွေက Rolls-Royce တောင် စီးလို့ရပါ့မလား..."

"ဒါ...."

လင်းရီမှာ ပိုက်ဆံမရှားသူဖြစ်ကြောင်း လျန်ရူရွှယ် ရုတ်ချည်း သတိရသွားခဲ့သည်။

သို့သော်လည်း လင်းရီ၏ လုပ်ဆောင်ချက်များမှာ သူမကို ရှုပ်ထွေးသွားစေပြန်သည်။

ဒီလောက် ချမ်းသာပြီး အရည်အချင်းရှိတဲ့သူက ဒီမှာ ဘာလာလုပ်တာပါလိမ့်....

မဟုတ်မှလွဲရော ယူနီဖောင်းနဲ့ နာ့စ်လေးတွေကို လာချောင်းတာများလား...

သာမန် အဖြူရောင် ကုတ်အရှည်နဲ့ကတော့ သူ့ကို ဆွဲဆောင်လို့ ရမှာ မဟုတ်ဘူး...

ဟုတ်လောက်တယ်မလား...။

သူမ၏ ဦးနှောက်မှာ လင်းရီ၏ လျို့ဝှက်ချက်ကို စဉ်းစားရန် ဉာဏ်မမှီဟု လျန်ရူရွှယ် ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

အကယ်၍ လင်းရီသာ သားဖွားမီးယပ်ဆရာ၀န်ဆိုပါက သူမခန့်မှန်းသည်မှာ မှန်ကန်ကြောင်း အတည်ပြုနိုင်လေသည်။ သိူ့သော်လည်း သကောင့်သားက နှလုံးအထူးကုဆရာ၀န်ဖြစ်နေပြန်သည်။

ယင်းက လျန်ရူရွှယ်ကို အကြီးအကျယ် ရှုပ်ထွေးသွားစေ၏။

"ကျုပ်တို့က အချင်းချင်းတွေပါလို့ ပြောမထားဘူးလား...ဘာလို့ အဲ့လောက်ထိ ယဉ်ကျေးနေတာ..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ ကျုပ်ကို ကျေးဇူးတကယ်တင်ချင်တယ် ဆိုရင် လက်မှတ်တစ်ချက်ထိုးပေး..."

"ဟမ် ..ဘယ်ဟာကို လက်မှတ်ထိုးပေးရမှာ..."

"ခဏ... ပရင့်ထုတ်လိုက်ဦးမယ်..."

လီချူးဟန်၏ နားနေခန်းထဲတွင် ကွန်ပျူတာတစ်လုံးမှင့် ပရင်တာတစ်လုံးရှိပြီး လင်းရီ ရှန်းထျန်းကျိုးပို့လာသည့် အကယ်ဒမစ်ရီပို့ကို ကော်ပီပရင့်ထုတ်၍ လျန်ရူရွှယ်ထံ ကမ်းပေးလိုက်သည်။

"ဒါရိုက်တာနေရာအောက်မှာ လက်မှတ်ထိုးလိုက်..."

လျန်ရူရွှယ် ရီပို့စာတမ်းကို ကိုင်ထားရင်း "ဒါက ရှင်တို့ သုတေသနပြုနေတဲ့ ပရောဂျက်ရဲ့ ရလဒ်မလား..."

"ဒီတိုင်း အသေးစား တိုးတက်မှုလေးပါ...ဒါရိုက်တာရှန်းက ရီပို့တစ်ခုဖြစ်အောင် လုပ်လိုက်လို့... ဒီမှာ လက်မှတ်ထိုးလိုက်..."

လျန်ရူရွှယ် ပြုံးလိုက်ပြီး "တကယ်လို့ ကျွန်မလက်မှတ်ထိုးလိုက်မယ်ဆိုရင် ရှင်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အလကား ယူသလို ဖြစ်သွားမှာနော်..."

"မိန်းကလေးလျန်က ချောင်ရန်အုပ်စုကို ပရောဂျက်ရအောင် ကူညီပေးလိုက်တယ်လေ... နှစ်နှစ်အတွင်း ‌ရာထူးတိုးမယ်လို့ ကျုပ်ပြောခဲ့တာ နောက်နေတာ မှမဟုတ်ဘူး..."

လင်းရီ ကြွားဝါနေခြင်း မဟုတ်ပေ။

နှစ်နှစ်အတွင်း လီတိုဂရပ်ဖီစက်နှင့် စပ်လျဉ်းသည့် ပရောဂျက်မှာ အသိမှတ်ပြုလောက်သည့် အောင်မြင်မှုတို့ မရလျှင်တောင် လက်ရှိ အချက်အလက်များဖြင့် သူမ၏ ကိုယ်ရေးအကျဉ်းတွင် အထင်ကြီးဖွယ်ကောင်းလောက်သည့် အချက်ကို ထားရစ်ခဲ့ရန် လုံလောက်လေသည်။

ထို့ကြောင့် ရာထူးတို့ဖို့ မဆိုထားဘိ ကံကောင်းလျှင် ရုံးချုပ်သို့ ရွေ့ပြောင်းခြင်းတောင် ခံရနိုင်လေသည်။

"သေချာလို့လား...နင်ငါ့ကို အလကား ပေးချင်နေတယ်ဆိုတာ သေချာပြီလား.. အဲ့လိုဆို ငါ အားမနာတော့ဘူးနော်..."

"ဒါပေါ့... မိန်းကလေးလျန်ရဲ့ မျက်လုံးထဲမှာ ကျုပ်က စေးနဲတဲ့လူနဲ့ တူနေလို့လား..."

"အဲ့တာဆို အားမနာတော့ဘူး..."

လျန်ရူရွှယ်သူမ အမည်ကို ဆိုင်းထိုးပြီး လင်းရီထံ ကမ်းပေးလိုက်၏။

"ကောင်းပြီ.. နင်စားစရာရှိတာကို ဆက်စားနှင့်...ငါပြန်တော့မယ်..."လျန်ရူရွှယ် ဆံပင်ကို ဖြီးသပ်ရင်း "တစ်ခုခုလိုရင် ကျွန်မဆီ ဖုန်းလှမ်းခေါ်လိုက်...ချောင်ရန် အုပ်စုရဲ့ ပရောဂျက်ကိုတော့ ရှင့်အစား ဂရုစိုက်ထားပေးမယ်..."

"ဟဲဟဲ မိန်းကလေးလျန်က အရမ်းသဘောကောင်းတာပဲ.... ကျုပ်လိုမျိုး ခန့်ညားတဲ့ကောင်မျိုးနဲ့ ညားပါစေဗျာ..."

"ဟမ့်...ပေါက်တတ်ကရတွေ ပြောနေလိုက်..."

လျန်ရုရွှယ် သူမအိတ်ကို ကိုင်၍ အခန်းထဲမှ ထွက်လာခဲ့လိုက်၏။ သို့သော်လည်း သူမ လှည့်ထွက်သွားတော့မည့် အချိန်တွင် လင်းရီဘက်သို့ မျက်နှာမူ၍ "တကယ်တော့ ဆန်ပြုတ်နဲ့ လက်ဖက်ကြက်ဥက ငါစားဖို့၀ယ်ထားတာ.. ငါတစ်လုတ်တောင် စားပြီးသွားပြီ...."

"အမ်..."လင်းရီ တခဏမျှ အေးခဲသွားပြီး "ကျုပ်က ဘာလို့ အပျိုစင်နံ့ရနေလဲဆိုပြီး ထူးဆန်းနေတာ...."

"ဟမ်..."လျန်ရူရွှယ် မျက်မှောင်ကြုတ်သွားပြီး "အ... အပျိုစင် အနံ့လား…”

All Chapters