နေဝန်းစိမ်း ဓားဆန္ဒ
Vol. 28 Ch. 377
တောပိုင်းတောအုပ် သိုင်းတက္ကသိုလ်ဟာ အလွန်ကျယ်ဝန်းတဲ့ နယ်မြေကြီးတစ်ခု ဖြစ်ပေမယ့်လည်း တစ်နှစ်မှာ ကျောင်းသားသစ် တစ်ရာသာ လက်ခံတာ ဖြစ်တဲ့အတွက် နေရာလွတ်တွေ အများကြီး ပိုနေပုံပါပဲ။
သိုင်းတက္ကသိုလ်က တရားဝင် ကျောင်းသားဖြစ်သွားတဲ့ အပြင်စည်း ကောင်းသားတိုင်းကို ၁ဟက်တာကျယ်တဲ့ ကိုယ်ပိုင်ခြံဝင်းကြီး တစ်ခုကို ပေးအပ်ခဲ့ပါတယ်။ အဲသည် ခြံဝင်းထဲမှာဆိုရင် သိုင်းလေ့ကျင့်ဖို့ အတွက် ကွင်းပြင်တွေတောင် ပါရှိပါသေးတယ်။
လီဖူချန်းကို အအံ့သြစေဆုံး အရာကတော့ ခြံဝင်း တစ်ခုချင်းစီတိုင်းကို အကာအရံ အစီအရင်တွေ ခင်းကျင်း ပေးထားတာပါပဲ။ အပြင်က လူတွေဟာ ခြံဝင်းအထဲမှာ ဘာဖြစ်နေသလဲ ဆိုတာကို ကြည့်လို့ မရပါဘူး။ ပြီးတော့ သိုင်းလေ့ကျင့်တဲ့ ကွင်းပြင်ကိုလည်း အပျက်အစီး မဖြစ်အောင် တားဆီးပေးတဲ့ အစီအရင်တွေ ခင်းကျင်း ပေးထားပါသေးတယ်။
" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးရတာနဲ့တော့ တန်သားပဲဟ"
သူအပိုင်စားရထားတဲ့ အိမ်ရဲ့ လျို့ဝှက်အခန်းမှာပါ ချီအစုအဝေး အစီအရင်တစ်ခု ခင်းကျင်း ပေးထားတာကို မြင်ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အကျေနပ်ကြီး ကျေနပ်သွားခဲ့ပါပြီ။
လီဖူချန်းရဲ့ အမြင်မှာတော့ သိုင်းတက္ကသိုလ်က ပေးထားတဲ့ ဝန်ဆောင်မှုတွေဟာ လုံးဝကို ပထမတန်းစားတွေပါပဲ။
" ဟုတ်ပြီ။ မဟူရာကောင်းကင်ဂိုဏ်း အပျက်အစီး နယ်မြေကနေ ရခဲ့တဲ့ ပစ္စည်းတွေကို သေသေချာချာ လေ့လာလို့ ရပြီကွ "
မဟူရာ ကောင်းကင်ဂိုဏ်း အပျက်အစီး နယ်မြေ မှာတုန်းက အချိန် မရတဲ့အတွက် လီဖူချန်းဟာ သည်ရတနာတွေကို ကောင်းကောင်း မလေ့လာခဲ့ ရပါဘူး။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ရောက်တဲ့ အချိန်မှာလည်း မီးလျှံချီတွေကြောင့် လီဖူချန်းဟာ ချီအတွင်းအား မသုံးနိုင်တဲ့အတွက် ရတနာတွေကို ထုတ်ကြည့်လို့ မရခဲ့ပြန်ပါဘူး။
အခုတော့ သူ့ရဲ့ ချီအတွင်းတွေဟာ ပြန်လည် အသုံးပြုလို့ ရခဲ့ပါပြီ။ အခုအချိန်က ရတနာ ပစ္စည်းတွေကို လေ့လာဖို့အတွက် အချိန်ကောင်းပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းဟာ မဟူရာ ကောင်းကင်ဂိုဏ်း အပျက်အစီး နယ်မြေကနေ သူရခဲ့တဲ့ ပစ္စည်းတွေကို သိုလှောင်အိတ်ထဲကနေ တစ်ခုမကျန် ထုတ်ယူလိုက်ပါပြီ။
ရတနာ ပစ္စည်းတွေကတော့ ၁၂မျိုးတိတိ ရှိပါတယ်။
အဲဒါတွေကတော့ သန္ဓေတည် မှော်ဆေးရည်တွေ ရှိနေတဲ့ ဘူးသီးခြောက်တစ်လုံး၊ အာရုံစူးစိုက်စေမှု ကောင်းစေတဲ့ ဖျာတစ်ချပ်၊ ဆေးမီးဖို တစ်လုံး၊ မြေကမ္ဘာသိုင်းဆန္ဒ ခိုဝင်ကိန်းအောင်း နေတဲ့ လက်ရေးလှ စာလိပ်တစ်ချပ်၊ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ မှတ်စု၊ အဆင့်၆ မိစ္ဆာသားရဲဦးချိုလို့ ယူဆနိုင်တဲ့ ဦးချိုတစ်ချောင်း၊ ဘာမှန်းမသိတဲ့ ရှေးဟောင်း ပစ္စည်းတစ်ခု၊ တည်နေရာရွေ့ပြောင်း ပေးနိုင်တဲ့ သတ္တုဘုတ်ပြားတစ်ခုနဲ့ အခြား တိုလီမုတ်စ ပစ္စည်းတွေပါပဲ။
သန္ဓေတည် မှော်ဆေးရည်က ပြန်လည်မွေးဖွားခြင်း မှော်ဆေးရည်လောက် အစွမ်းမထက် ပေမယ့်လည်း ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်မှာ နှစ်ပေါင်းများစွာ ရပ်တန့်နေပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ခြင်း မပြုနိုင်တော့တဲ့ ပညာရှင်တွေ အတွက်ကတော့ အကောင်းဆုံး ဆေးမြီးတို တစ်လက်လို့ ဆိုနိုင်ပါတယ်။
ငရဲမီးမြို့မှာတောင်မှ တစ်ခါသောက်စာ သန္ဓေတည်မှော်ဆေးရည် တစ်ပုလင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀နဲ့ ရောင်းချနေတာပါ။ အခုလီဖူချန်းဆီမှာ ရှိနေတဲ့ သန္ဓေတည် မှော်ဆေးရည်က သုံးခါသောက်စာ ရှိနေတဲ့အတွက် ရောင်းချလိုက်ရင် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၁၅၀၀ ရနိုင်ပါတယ်။
အာရုံစူးစိုက်မှု ကောင်းစေတဲ့ ဖျာရဲ့ တန်ဖိုးကိုတော့ သူကိုယ်တိုင်လည်း မသိပါဘူး။ ဒါပေမဲ့ လီဖူချန်းက သည်ဖျာကို မရောင်းဘဲ သူ့အတွင် ချန်ထားဖို့ စဉ်းစားထားပါတယ်။
ဆေးမီးဖို၊ လက်ရေးလှရတနာ စာလိပ်နဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ်ပညာရှင်ရဲ့ မှတ်စုရဲ့ တန်ဖိုးကိုလည်း သူမသိပါဘူး။ အဲသည်အတွက် လီဖူချန်းက သည်ရတနာ သုံးခုကိုလည်း သိမ်းထားဖို့ အတွက် ဆုံးဖြတ်လိုက်ပါတယ်။
" အင်း ... မိစ္ဆာသားရဲဦးချိုကိုလည်း တစ်ချက်လောက် ကြည့်ကြည့်ဦးမှ "
ထို့နောက်မှာတော့ လီဖူချန်းက မိစ္ဆာသားရဲဦးချိုကို လေ့လာဆန်းစစ်ဖို့ အတွက် ကောက်ယူ လိုက်ပါပြီ။
သည်ဦးချိုထဲမှာက အရမ်းကို နိုင်ထက်စီးနင်း ဆန်တဲ့ ချီအရှိန်အဝါ တစ်ခု ခိုဝင်ကိန်းအောင်း နေပါတယ်။ အဲသည် အရှိန်အဝါက ကောင်းကင်ဘုံကို တောင်မှ ထိုးဖောက် သွားတော့မယ့် ပုံပါပဲ။ လီဖူချန်းရဲ့ အမြင်အရ ဆိုရင်တော့ မြေကမ္ဘာအဆင့် လက်နက်တွေရဲ့ အရှိန်အဝါတောင်မှ သည်လောက် အားမကောင်းပါဘူး။
" သေချာတယ်။ ဒါက အဆင့်၆ မိစ္ဆာသားရဲ ဦးချိုပဲ "
အဆင့်၆ မိစ္ဆာသားရဲတွေကိုတော့ မိစ္ဆာစစ်သူကြီးတွေလို့ လူသိများပါတယ်။ မိစ္ဆာစစ်သူကြီး တစ်ယောက်ဟာ ကျင့်ကြံမှုတွေကို လုပ်ဆောင်ထားတဲ့အတွက် မိစ္ဆာဝိညာဉ်ကို ပိုင်ဆိုင်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ပျက်စီး သွားရင်တောင်မှ အဲသည် မိစ္ဆာဝိညာဉ်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ မိစ္ဆာဝိညာဉ်က လောကတစ်ခွင်မှာ လှည့်ပတ် သွားလာနေပြီး သင့်တော်တဲ့ ခန္ဓာကိုယ်ကို ပူးကပ်ကာ ပြန်လည် ရှင်သန်နိုင်ပါတယ်။
သည်လို မိစ္ဆာသားရဲရဲ့ ဦးချိုဟာ တန်ဖိုးကြီးမှာ အသေအချာပါပဲ။ လီဖူချန်းရဲ့ တွက်ချက်မှုအရ ဆိုရင်တော့ သည်ဦးချိုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက်နဲ့ ရောင်းချ နိုင်ပါတယ်။
ဒါပေမဲ့လည်း တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေက လွဲပြီး တခြားသူတွေဟာ သည်အဆင့်၆ မိစ္ဆာ သားရဲဦးချိုကို ဝယ်ဖို့အတွက် တတ်နိုင်မှာ မဟုတ်ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းဟာ မိစ္ဆာသားရဲဦးချိုကို ပြန်ချလိုက်ပြီး ရှေးဟောင်း ပစ္စည်းကို ကောက်ယူ လိုက်ပါတယ်။
ဒါလေးကတော့ လက်ပတ်လေး တစ်ခုပါပဲ။
လက်ပတ်ထဲကို သူ့ရဲ့ ချီတွေ ထည့်သွင်းလိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ အသိစိတ် အာရုံဟာ လက်ပတ်ထဲကို အလိုအလျောက် ဝင်သွားခဲ့ပါပြီ။
အထဲမှာတော့ ဧရာမ နေရာလွတ်ကြီး တစ်ခု ရှိနေပါတယ်။
အပိုပြောတာတော့ မဟုတ်ပါဘူး။ သည်နေရာလွတ်ဟာ စတုရန်းမီတာ ၃၀လောက်ကို ရှိနေတာပါ။
" အိုး ... ဒါက သိုလှောင်ပစ္စည်းပဲ "
လီဖူချန်းက ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
သာမန်အားဖြင့် ဆိုရင်တော့ သိုလှောင်အိတ်တွေဟာ စတုရန်းမီတာ ၁မီတာကနေ ၃မီတာလောက် အထိပဲ ရှိတာပါ။ သည်လက်ပတ်နဲ့ ယှဉ်ရင်တော့ သိုလှောင်အိတ်တွေဟာ အမှိုက်သာသာ ဖြစ်သွားခဲ့ပါပြီ။
အခုချိန်မှာတော့ လီဖူချန်းဟာ သည်လောက်ကျယ်တဲ့ နေရာလွတ်ကို မလိုအပ်သေးပါဘူး။ ဒါပေမဲ့ သူအခုထက် အစွမ်းထက်လာပြီး ပစ္စည်း ပစ္စယတွေကို ပိုပိုင်ဆိုင်လာတဲ့ အချိန်ကျရင်တော့ သည်လက်ပတ်ကို လိုအပ်လာမှာ အသေအချာပါပဲ။
လက်ပတ်ကို စစ်ဆေးပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ မြစိမ်းရောင် သလင်းကျောက် လက်စွပ်ကို ကောက်ယူလိုက်ပါတယ်။
လီဖူချန်းက လက်စွပ်ထဲကို သူ့ရဲ့ ချီတွေ ပို့ဆောင်လိုက်တဲ့ အခါမှာတော့ လက်စွပ်ကနေ မြစိမ်းရောင် ရောင်ခြည်တွေ ထွက်ပေါ်လာပြီး လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။
သည်မြစိမ်းရောင် ရောင်ခြည်တွေရဲ့ လွှမ်းခြုံမှုကို ခံရအပြီးမှာတော့ လီဖူချန်းဟာ သက်တောင့်သက်သာ ရှိတဲ့ ခံစားချက်တစ်မျိုးကို ခံစားလိုက်ရပါတယ်။ တစ်ချိန်တည်း လိုလိုမှာပဲ သည်မြစိမ်းရောင် ရောင်ခြည်တွေက လီဖူချန်းရဲ့ ဒဏ်ရာဟောင်း အချို့ကို အကောင်းပကတိ ပြန်ဖြစ်သွား စေပြန်ပါတယ်။
" အိုး ... ဒါက ကုသရေး လက်စွပ်ပဲ "
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက် သွားခဲ့ပါပြီ။
ကုသရေး ပစ္စည်းတွေဆိုတာက ပညာရှင်တွေအားလုံး လိုချင် တောင့်တနေတဲ့ ရှေးဟောင်း ပစ္စည်း တစ်မျိုးပါပဲ။
သိုင်းတာအို လမ်းစဉ်ဆိုတာက အေးချမ်းတဲ့ လမ်းစဉ် မဟုတ်ပါဘူး။ သည်လမ်းစဉ်ကို လျှောက်လမ်းကြတဲ့ သူတွေဟာ မကြာခဏ ဆိုသလို တိုက်ပွဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရလေ့ရှိပြီး ဒဏ်ရာတွေလည်း ရတတ်လေ့ ရှိပါတယ်။ အချို့ဒဏ်ရာတွေဆိုရင် ပညာရှင် တစ်ယောက်ရဲ့ အစွမ်းတွေကိုတောင် ၅၀ ရာခိုင်နှုန်းလောက် ယုတ်လျော့သွားစေ တတ်တာပါ။ ကံဆိုးတဲ့ ပညာရှင်တွေကတော့ သူတို့ရဲ့ ဒဏ်ရာတွေကို ကုသချိန်တောင် မရလိုက်ဘဲ သေသွားလေ့ ရှိကြပါတယ်။
အဲသည်လို ဒဏ်ရာတွေ ရလာပြီ ဆိုရင် ပညာရှင်တိုင်းဟာ ဒဏ်ရာ သက်သာစေတဲ့ ဆေးတွေနဲ့ ကုသရေး ရှေးဟောင်း ပစ္စည်းတွေကို လိုအပ်လာပါပြီ။
ဆေးတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ကုသရေး ရှေးဟောင်းပစ္စည်းတွေဟာ ပိုပြီး ထိရောက်ပြီး အကျိုးသက်ရောက်မှု ပိုကောင်းပါတယ်။
ဒါပေမဲ့လည်း ကုသရေး ပစ္စည်းတွေသာလျှင် အကျိုးသက်ရောက်မှု အကောင်းဆုံးတော့ မဟုတ်ပါဘူး။
ပြန်လည်ကုသနိုင်စွမ်း ရှိတဲ့ အတွင်းအား ကျင့်စဉ်တွေလည်း ရှိနေဆဲပါပဲ။
အစွမ်းထက်တဲ့ ပြန်လည် ကုသရေး အတွင်းအား ကျင့်စဉ်တွေဆိုရင် ပြတ်သွားတဲ့ ခြေလက်တွေကိုတောင်မှ အသစ်တဖန် ပြန်လည် ပေါက်လာစေနိုင်စွမ်း ရှိတာပါ။ ဒါပေမဲ့လည်း သည်လို ကျင့်စဉ်တွေက အတော်လေး တန်ဖိုးကြီးပြီး အင်မတန် ရှားပါးပါတယ်။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတောင်မှ သည်လို ကျင့်စဉ်မျိုး ရှိမလားဆိုတာကို လီဖူချန်းကိုယ်တိုင်လည်း မသိပါဘူး။
နောက်ထပ် ရတနာပစ္စည်း သုံးမျိုးကတော့ သာမန်ပါပဲ။
နောက်ဆုံးမှာတော့ တည်နေရာရွေ့ပြောင်းတဲ့ သတ္တုဘုတ်ပြားပဲ ကျန်ပါတော့တယ်။
လီဖူချန်းအတွက်ကတော့ သည်ဘုတ်ပြားဟာ တန်ဖိုးအရှိဆုံး ရတနာ တစ်ခုပါပဲ။
သည်တည်နေရာ ရွေ့ပြောင်း ဘုတ်ပြား မရှိဘဲနဲ့တော့ သူဟာ သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အရှေ့ယူနီကွန်း တိုက်ကို ပြန်ဖို့ အတွက်လည်း သည်ဘုတ်ပြားကို လိုအပ်ပါသေးတယ်။
ဒါက သူ့ဘဝရဲ့ ကံကြမ္မာကို ပြောင်းလဲပေးစေတဲ့ ရတနာတစ်ပါး ဆိုရင်လည်း မမှားပါဘူး။
တည်နေရာ ရွေ့ပြောင်း ဘုတ်ပြားထဲကို သူ့ရဲ့ အသိစိတ်အာရုံ ပို့ဆောင်လိုက်တဲ့အခါမှာတော့ စွမ်းအင်ကန်ထဲမှာ ရှိနေတဲ့ စွမ်းအင် အရည်တွေဟာ ၇၀ ရာခိုင်နှုန်းလောက်သာ ကျန်နေတော့တာကို လီဖူချန်း တစ်ယောက် တွေ့လိုက်ရပါတယ်။
"အင်း တိုက်တစ်ခုကနေ နောက်တစ်ခုကို တည်နေရာ ရွေ့ပြောင်းတာက စွမ်းအင် အတော် ကုန်တာပဲ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးက သည်စွမ်းအင်ကန်ကို ဘယ်လောက် ဖြည့်ဆည်း ပေးနိုင်မလဲ ဆိုတာကို စမ်းကြည့်ရမယ်"
အတွေးနဲ့ အတူ လီဖူချန်းဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ခုကို ထုတ်ယူကာ ဘုတ်ပြားပေါ်ကို တင်လိုက်ပါတယ်။
စိတ်ပျက်စရာပါပဲ။ တည်နေရာ ရွေ့ပြောင်းဘုတ်ပြားက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးထဲမှာ ရှိနေတဲ့ စွမ်းအင်တွေကို အကုန်အစင် စုပ်ယူ လိုက်ပေမယ့်လည်း စွမ်းအင်ကန်ထဲမှာတော့ ဘာမှ ပြောင်းလဲသွားခြင်း မရှိပါဘူး။
" လခွီးပဲ ... သည်အတိုင်းဆိုရင် စွမ်းအင်ကန်ကို ပြန်ဖြည့်ဖို့အတွက် အနည်းဆုံးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက် လိုနေပြီ "
လီဖူချန်းက မချိပြုံး ပြုံးလိုက်မိပါတယ်။
ဒါက သူ့ရဲ့ အကြမ်းဖျင်း တွက်ချက်မှုပဲ ရှိပါသေးတယ်။ တကယ်လို့ စွမ်းအင်ကန် ပြန်ပြည့်ဖို့ အတွက် လိုအပ်မှုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း၊ သုံးသောင်း၊ လေးသောင်း ဒါမှမဟုတ် တစ်သိန်း ဆိုရင်တော့ သူ့အနေနဲ့ အရှေ့ယူနီကွန်း တိုက်ကြီးကိုတောင် ပြန်နိုင်ပါဦး မလားဆိုတာ မသိတော့ပါဘူး။
" ထားလိုက်တော့ကွာ ...။ ခေါင်းကိုက်တယ်။ သည်ကိစ္စကို နောက်မှ စဉ်းစားတော့မယ်။ ဒါတွေကို ကြိုစဉ်းစားနေလည်း အလကားပဲ။ ငါနောက်ပိုင်း အရမ်း အစွမ်း ထက်လာတော့မှ သည်ကိစ္စကို ဆက်စဉ်းစားတော့မယ် "
စဉ်းစားရင်းနဲ့ ခေါင်းကိုက်လာတဲ့ အတွက် လီဖူချန်းဟာ တည်နေရာ ရွေ့ပြောင်း ဘုတ်ပြား ကိစ္စကို ဆက်မစဉ်းစားတော့ဘဲ ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းက သိုလှောင် လက်ပတ်ကို ဝတ်လိုက်ပြီး သူပိုင်ဆိုင်ထားတဲ့ တန်ဖိုးကြီး ရတနာတွေ အကုန်လုံးကို သိုလှောင် လက်ပတ်ထဲသို့ ထည့်ကာ သိမ်းဆည်း ထားလိုက်ပါတယ်။
"အင်း ... လျို့ဝှက်သိုင်းကျမ်း မျှော်စင်ကို သွားပြီး မြေကမ္ဘာ အဆင့်နိမ့် ဓားသိုင်း တစ်ခုလောက် သွားရွေးဦးမှ "
သူ့ရဲ့ ရတနာတွေအားလုံးကို သိမ်းဆည်း ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခြံဝင်းထဲကနေ ထွက်သွားခဲ့ပါပြီ။
လျှို့ဝှက်သိုင်းကျမ်း မျှော်စင်ကလည်း အထပ်ငါးထပ်ရှိတဲ့ မျှော်စင်တစ်ခုပါပဲ။
တက္ကသိုလ် အပြင်စည်း ကျောင်းသားတွေရဲ့ လက်စွဲစာအုပ်အရ ဆိုရင်တော့ ပထမထပ်မှာ မြေကမ္ဘာ အဆင့်နိမ့် သိုင်းကျမ်းတွေ၊ ဒုတိယထပ်မှာ မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ်တွေ၊ တတိယထပ်မှာ မြေကမ္ဘာ အလယ်အလတ် အဆင့် သိုင်းကျမ်းတွေ၊ စတုတ္ထထပ်မှာ မြေကမ္ဘာ အလယ်အလတ် အဆင့် အတွင်းအား ကျင့်စဉ်တွေနဲ့ ပဉ္စထပ်မှာ မြေကမ္ဘာ အဆင့်မြင့် သိုင်းကျမ်းတွေ ထားထားပါတယ်တဲ့။
အရှေ့ယူနီကွန်းတိုက်မှာ ဆိုရင်တော့ သည်ကျမ်းစာအုပ်တွေကို လိုချင်ရင်တောင် ရှာလို့ မရပါဘူး။ ဒါပေမဲ့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာတော့ သည်ကျမ်းစာအုပ် တွေဟာ ဖောဖောသီသီကို ရှိနေပါတယ်။
သည်လျှို့ဝှက် သိုင်းမျှော်စင်ကိုတော့ အခွင့်မရှိဘဲနဲ့ ဝင်လို့ မရပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ မီးခိုးရောင်ဝတ်စုံဝတ် လက်ထောက် ကျောင်းအုပ်ကြီးရဲ့ တစ်ခါသုံး တံဆိပ်ပြား အစွမ်းနဲ့ မျှော်စင်ပထမထပ်ကို ဝင်ခွင့် ရခဲ့ပါတယ်။
လီဖူချန်းတစ်ယောက် လျှို့ဝှက်သိုင်းမျှော်စင်ရဲ့ ပထမထပ်ထဲကို ရောက်လာတဲ့ အခါမှာတော့ ဝမ်ဟိုင်လုံ၊ လီချန်းဖန်နဲ့ ကျောင်းယုတို့ဟာ ပထမထပ်ထဲကို ရောက်နှင့်နေကြပါပြီ။
သူတို့သုံးယောက်က သူတို့အလိုရှိတဲ့ သိုင်းကျမ်းတွေကို စိတ်ဝင်တစားနဲ့ ရှာဖွေနေကြတဲ့ အတွက် လီဖူချန်း ဝင်လာတာကိုတောင် သိပုံ မရပါဘူး။
လီဖူချန်းက တစ်ချက် ပြုံးလိုက်မိပါတယ်။ သည်လောက်များတဲ့ မြေကမ္ဘာအဆင့် သိုင်းကျမ်းတွေနဲ့ တွေ့ရင်တော့ သူကိုယ်တိုင်လည်း သိုင်းကျမ်းတွေက လွဲပြီး ဘာကိုမှ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။
ဓားသမားတစ်ယောက်ဖြစ်တဲ့အတွက် လီဖူချန်းဟာ အခြားသော သိုင်းပညာရပ်တွေကို လျှောက်ကြည့် မနေတော့ဘဲ ဓားသိုင်းကျမ်းတွေ ရှိတဲ့ စင်ဆီကိုသာ တန်းပြီး သွားလိုက်ပါတယ်။
သည်စင်ပေါ်မှာတော့ ဓားသိုင်းကျမ်းတွေ ဒါဇင်နဲ့ချီပြီး ရှိနေပါတယ်။
" နင့်မေကလွှား ... များလှချည်လားဟ "
လီဖူချန်းက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ သည်လောက်အထိ များတဲ့ မြေကမ္ဘာ အဆင့်နိမ့် ဓားသိုင်းကျမ်းတွေ ရှိမယ်လို့ လုံးဝကို မထင်ထားခဲ့တာ အမှန်ပါပဲ။
ထို့နောက်မှာတော့ လီဖူချန်း တုန်တုန်ယင်ယင်နဲ့ တွေ့ရာ သိုင်းကျမ်းတစ်ခုကို ယူပြီး ဖတ်ကြည့် လိုက်ပါတယ်။ သည်သိုင်းကျမ်း စာအုပ်ထဲမှာတော့ သိုင်းကွက်တွေ မပါဘဲ မိတ်ဆက် ထားတဲ့ အကြောင်းအရာ တချို့သာ ရှိနေပါတယ်။
သူယူလိုက်တဲ့ ပထမဦးဆုံး ဓားသိုင်းကျမ်းကတော့ ခံစားချက်မဲ့ ဓားသိုင်းပါပဲ။ မိတ်ဆက် အကြောင်းအရာထဲမှာ ပါတဲ့အတိုင်းဆိုရင်တော့ သည်ဓားသိုင်းဟာ အလွန်အမင်း အစွမ်းထက်တဲ့ ဓားသိုင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းက မိတ်ဆက် အကြောင်းအရာကို နှစ်ကြောင်းလောက် ဖတ်ပြီးတာနဲ့ ဆက်မဖတ်တော့ဘဲ သူ့နေရာမှာသူ ပြန်ထားလိုက်ပါတယ်။
သည်ခံစားချက်မဲ့ဓားသိုင်းက အရမ်းအစွမ်းထက်မယ် ဆိုတာကတော့ အသေအချာပါပဲ။ နှမြောစရာ ကောင်းတာက ခံစားချက်မဲ့ ဓားတာအိုက သူ့ရဲ့ ဓားတာအို မဟုတ်ပါဘူး။
ကိုယ်နဲ့ မသင့်လျော်တဲ့ ဓားသိုင်းကို လေ့ကျင့်တာက အချိန်ကုန်ပြီး လူပင်ပန်းပါတယ်။
" ကောင်းကင်ပဲ့တင်သံ ဓားသိုင်း။ မြေကမ္ဘာအဆင့်နိမ့် ဓားသိုင်း ဖြစ်ပြီး သတ်ဖြတ်တာကို အလွန်အမင်း အားပေးတဲ့ ဓားသိုင်းဖြစ်တယ်။ ဓားကွက် ထုတ်လိုက်တာနဲ့ သွေးမြေကျမယ် "
လီဖူချန်း ဒုတိယ ဖတ်မိလိုက်တဲ့ ဓားသိုင်းကျမ်းကတော့ ကောင်းကင်ပဲ့တင်သံ ဓားသိုင်းပါပဲ။ သည်ဓားသိုင်းက အရမ်း ရက်စက်လွန်းတဲ့ အတွက် လီဖူချန်းလို စိတ်နဲ့တော့ မကိုက်လှပါဘူး။
တတိယမြောက် ဓားသိုင်းကျမ်း။
" ရေဆန်ဓားသိုင်း ... သည်ဓားသိုင်းက မြေကမ္ဘာအဆင့်နိမ့် ဓားသိုင်းဖြစ်ပြီး ရန်သူကို နောက်မဆုတ်စတမ်း ခွန်အားအပြည့်နဲ ... "
လီဖူချန်းက သည်ဓားသိုင်းရဲ့ မိတ်ဆက်ကိုလည်း တစ်ကြောင်းတောင် ပြည့်အောင် မဖတ်လိုက်ပါဘူး။
" ပင်လယ်နီဓားသိုင်း ...။ သည်ဓားသိုင်းက အဆုံးအစမဲ့တဲ့ ပင်လယ်ကြီး တစ်ခုလို ရန်သူကို ဖိနှိပ်ပြီး ... "
" မိုးလုံးဟိန်း ဓားသိုင်း ...။ မြေကမ္ဘာအဆင့်နိမ့် ဓားသိုင်းဖြစ်ပြီး လေးလံတဲ့ တိုက်ခိုက်မှုကို ဦးစားပေးတဲ့ ... "
သိုင်ကျမ်း အတော်များများရဲ့ မိတ်ဆက် အကြောင်းအရာတွေကို ဖတ်ပြီးတဲ့ အထိ လီဖူချန်းဟာ သူ့စိတ်ကြိုက် ဓားသိုင်းကို မတွေ့သေးပါဘူး။
သည်ဓားသိုင်းအများစုဟာ သတ်ဖြတ်ဖို့ကိုပဲ ဦးစား ပေးလွန်းနေပါတယ်။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သည်ဓားသိုင်းတွေက တစ်ဖက်စွန်း ရောက်နေသလိုပါပဲ။
လီဖူချန်းရဲ့ ဓားတာအိုက တစ်ဖက်စွန်း ရောက်လွန်းတဲ့ ဓားသိုင်းတွေနဲ့ မကိုက်ညီပါဘူး။
လီဖူချန်း တစ်ယောက်ကတော့ ဓားသိုင်းကျမ်းတစ်အုပ်ကို ယူလိုက် ခေါင်းခါပြီး သူ့နေရာသူ ပြန်ထားလိုက်နဲ့ သံသရာ လည်နေပါတော့တယ်။ သူက ဘယ်သူ့ကိုမှလည်း စိတ်မဝင်စားတော့ဘဲ ဓားသိုင်းကျမ်းတွေကိုသာ တစ်အုပ်ပြီး တစ်အုပ် ယူဖတ်ကာ အလုပ်များနေပါတယ်။
သူသတိ ဝင်လာတဲ့ အချိန်မှာတော့ လျှို့ဝှက် သိုင်းမျှော်စင်ထဲမှာ သူကလွဲပြီး ဘယ်သူမှ ရှိမနေတော့ပါဘူး။ ကြည့်ရတာတော့ ဝမ်ဟိုင်လုံ၊ လီချန်းဖန်နဲ့ ကျောင်းယုတို့ဟာ သူတို့နဲ့ လိုက်ဖက်တဲ့ သိုင်းကျမ်းတွေကို ရှာတွေ့သွားကြပုံပါပဲ။
" ဟားဟား ...။ ဒါမှ ငါရှာနေတဲ့ ဓားသိုင်းကွ "
နောက်ဆုံးမှာတော့ လီဖူချန်းဟာ သူနဲ့လိုက်ဖက်တဲ့ ဓားသိုင်းကျမ်းကို ရှာဖွေ တွေ့ရှိ သွားခဲ့ပါပြီ။ သူက အဲသည် ဓားသိုင်းကျမ်းကို ယူပြီး လျှို့ဝှက်သိုင်းမျှော်စင်ရဲ့ ထွက်ပေါက်ကို ပြန်ထွက် လာခဲ့ပါတယ်။
သည်မျှော်စင်ကို စောင့်ကြပ် နေတာကတော့ အပြင်စည်း တက္ကသိုလ် အကြီးအကဲ တစ်ယောက်ပါပဲ။ သူက တရားထိုင်ခြင်း အလုပ်မှာ မွေ့လျော်နေပြီး လီဖူချန်း ရောက်လာမှသာ မျက်လုံးကို ဖွင့်လိုက်ပါတယ်။
" မင်းသိုင်းကျမ်း ယူလာတာလဲ ...။ ငါ့ကို တစ်ချက် ပြကြည့်ပါဦး "
တာဝန်ကျ အကြီးအကဲက မေးတဲ့အတွက် လီဖူချန်းက သူယူလာတဲ့ သိုင်းကျမ်းကို အကြီးအကဲထံ အပ်လိုက်ပါတယ်။
" နေဝန်းစိမ်း ဓားဆန္ဒ ...။ မင်းက နေဝန်းစိန်း ဓားဆန္ဒကို တကယ်ကြီး ရွေးလာတာလား ...။ မင်း သိုင်းကျမ်းမိတ်ဆက် အကြောင်းအရာကို မဖတ်ခဲ့ဘူးလား။ မင်း စာမတတ်ဘူးလား။ မင်းရူးနေတာလား ...။ မင်းကိုမင်း ဘာထင်နေတာလဲ ...။ မင်းက နှစ်တစ်ထောင်မှာ တစ်ယောက်ပေါ်တဲ့ ပါရမီရှင်လား ... "
လီဖူချန်း ရွေးယူလာတဲ့ သိုင်းကျမ်းအမည်ကို ဖတ်မိလိုက်တာနဲ့ တစ်ပြိုင်နက် တာဝန်ကျ အကြီးအကဲက လီဖူချန်းကို လားပေါင်းများစွာနဲ့ ဒေါသတကြီးဖြင့် တရစပ် ဆဲဆို ကြိမ်းမောင်း ပါတော့တယ်။
လီဖူချန်းက မထုံတက်သေး အမူအယာဖြင့်
" ကျွန်တော် မိတ်ဆက်ကို ဖတ်ပြီးပါပြီ။ ပြီးတော့ တချို့လူတွေက ကျွန်တော့ကို နှစ်ပေါင်း တစ်ထောင်မှ တစ်ယောက်ပေါ်တဲ့ ပါရမီရှင်လို့ ပြောကျတာပဲ။ တကယ် ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိသေးဘူး "
" မင်း ... မင်း ... "
တာဝန်ကျ အကြီးအကဲက ဘာဆက်ပြောလို့ ပြောရမှန်း မသိတော့ပါဘူး။
နေဝန်းစိမ်း ဓားဆန္ဒ။
သည်ဓားသိုင်းဟာ နာမည်ထူးဆန်းသလို ဓားသိုင်းနာမည်မှာကိုက ဓားဆန္ဒဆိုတာ ပါနေပါတယ်။ အဲသည်အချက်ကပဲ လီဖူချန်းကို ဆွဲဆောင်နေခဲ့တာပါ။
သည်ဓားသိုင်းက မြေကမ္ဘာအဆင့် ဓားသိုင်းတွေထဲမှာ လေ့ကျင့်ရတာ အခက်ခဲဆုံး ဖြစ်ပြီး ခံစားချက်မဲ့ ဓားသိုင်းထက်တောင်မှ လေ့ကျင့်ရတာ ခက်ခဲပါတယ်။
ခံစားချက်မဲ့ ဓားသိုင်းက သိုင်းကျမ်းထဲမှာ ညွှန်ပြထားတဲ့ သိုင်းကွက်တွေကို အထပ်ထပ် အခါခါ လေ့ကျင့်ရင် အဆင်ပြေနိုင် ပေမယ့်လည်း သည်နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းကတော့ ဓားဆန္ဒကို အရင်ဆုံး နားလည်ဖို့ လိုအပ်ပါတယ်။ နေဝန်းစိမ်း ဓားဆန္ဒကို နားလည်ပြီးသွားရင်တော့ သာမန်ဖြစ်ကတတ်ဆန်း ထုတ်လိုက်တဲ့ ဓားချက် တစ်ချက်ကတောင်မှ နေဝန်းစိမ်း ဓားကွက် ဖြစ်သွားမှာပါ။
ပြီးတော့ နေဝန်းစိမ်း ဓားဆန္ဒဓားသိုင်းက စွမ်းရည် အတည်တကျ မရှိပါဘူး။ အသုံးပြုသူ အပေါ်မှာ မူတည်ပြီး ဓားသိုင်းရဲ့ စွမ်းရည်က အမျိုးမျိုး ပြောင်းလဲ သွားနိုင်ပါသေးတယ်။
နေဝန်းစိမ်း ဓားဆန္ဒကို အပေါ်ယံလေးသာ နားလည်တဲ့ လူတွေကတော့ ဓားသိုင်းရဲ့ စွမ်းရည်ကို အနည်းအကျဉ်းသာ ထုတ်ပြနိုင်ပြီး နေဝန်းစိမ်း ဓားဆန္ဒကို ထဲထဲဝင်ဝင် နားလည်သွားတဲ့ လူတွေကတော့ ဓားသိုင်းရဲ့ စွမ်းရည်ကို ကြောက်စရာ ကောင်းလောက်အောင် ထုတ်ပြနိုင်ပါတယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်ဓားသိုင်းရဲ့ အဆင့်ကိုတောင် တိတိကျကျ ပြောလို့မရပါဘူး။ သည်ဓားသိုင်းကို အသုံးပြုသူက အရမ်း အစွမ်းထက်နေရင် သည်ဓားသိုင်းက မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်းတောင် ဖြစ်သွားနိုင်ပါတယ်။
လီဖူချန်းက သူ့ရဲ့ ထိုးထွင်း သိမြင်မှုကို ယုံကြည်ချက် အပြည့်ရှိတဲ့အတွက် သည်ဓားသိုင်းကို ရွေးချယ်ခဲ့တာပါ။
အချိန်အတန်ကြာမှ တာဝန်ကျ အကြီးအကဲက စိတ်ထိန်းလိုက်ဟန်ဖြင့် လီဖူချန်းကို သတိပေး လိုက်ပါတယ်။
" လူငယ်လေး ...။ တောင်ပိုင်းတောအုပ် တက္ကသိုလ် စတည်ထောင်ချိန်ကနေ အခုချိန်အထိ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ပညာရှင်တွေကလွဲပြီး ဘယ်သူမှ သည်ဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် မလေ့ကျင့်နိုင်ခဲ့ဘူးနော်။ မင်းရဲ့ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား "
***