နေဝန်းစိမ်းဓားဆန္ဒရဲ့ အစကနဦးပိုင်း အဆင့်
Vol. 28 Ch. 378
လီဖူချန်းက နလပိန်းတုံး တစ်ယောက်ရဲ့ အမူအရာဖြင့်
" ကျွန်တော် မပြင်တော့ပါဘူး "
လီဖူချန်းက နေဝန်းစိမ်းဓားသိုင်းရဲ့ မိတ်ဆက် အကြောင်းအရာကို ကောင်းကောင်းကြီး ဖတ်ခဲ့ပြီးပါပြီ။ သည်ဓားသိုင်းက သူ့ရဲ့ သဘာဝနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ပြီးတော့ သူ့ရဲ့ စိတ်ဝိညာဉ်က အပြာရောင်စိတ်ဝိညာဉ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်တဲ့အတွက် သည်ဓားသိုင်းဟာ သူ့အတွက်တော့ သိပ်ပြီး ခက်ခဲလှမှာ မဟုတ်ပါဘူး။
"ဟုတ်ပြီလေ။ မင်းက မြည်းတစ်ကောင်လို ထုံအနေမှတော့ ငါလည်း မတားတော့ပါဘူး "
တာဝန်ကျ အကြီးအကဲ လီဖူချန်းကို တားမရတဲ့ အဆုံးမှာတော့ နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းရဲ့ မိတ္တူသိုင်းကျမ်းကို ထုတ်ယူပြီး လီဖူချန်းကို ပေးလိုက်ပါတယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ နောက်ထပ် လအနည်းငယ်ကြာရင် ဓားသိုင်း အကျင့်လွန်ပြီး ရူးသွားတဲ့ ကျောင်းသား တစ်ယောက်ကို မြင်ယောင် နေမိပါပြီ။
နေဝန်းစိမ်း ဓားဆန္ဒ မိတ္တူကို လက်ခံရယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ လျှို့ဝှက်သိုင်း မျှော်စင်ထဲကနေ ကော့တော့ ကော့တော့ဖြင့် ထွက်သွားပါတော့တယ်။ သူရဲ့ ပုံစံကို ကြည့်ရတာက တိုက်ပွဲတစ်ရာကို အောင်မြင်ခဲ့တဲ့ စစ်သူကြီး တစ်ယောက်လိုပါပဲ။
" အင်း ... သည်ဘက်ခေတ် လူငယ်တွေက အတော်လေး ထုံတာပဲ "
တာဝန်ကျ အကြီးအကဲကတော့ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်ရင်း ခေါင်းတခါခါဖြင့် ကျန်နေခဲ့ပါပြီ။
သူ့ရဲ့ ခြံဝင်းသို့အပြန် လမ်းတစ်ဝက်မှာတော့ လီဖူချန်းဟာ လျိုယန်နဲ့ ဆုံမိပါတယ်။
လျိူယန်က လီဖူချန်းကို တွေ့တာနဲ့ အပြေးအလွှား လာခဲ့ပြီး
" လီဖူချန်း ... နင် ဘယ်ဓားသိုင်းကို ရွေးခဲ့တာလဲ။ ခံစားချက်မဲ့ ဓားသိုင်းလား "
လျိုယန်က လီဖူချန်းတစ်ယောက် လျှို့ဝှက် သိုင်းမျှော်စင်ထဲမှာ ဓားသိုင်းသွားရွေးမယ် ဆိုတာကို ခန့်မှန်းပြီးသားပါပဲ။
လီဖူချန်းက ခေါင်းခါလိုက်ပြီး သူ့ရဲ့ လက်ထဲက သိုင်းကျမ်း မိတ္တူကို မြှောက်ပြ လိုက်ပါတယ်။
" ဟင့်အင်း။ နေဝန်းစိမ်း ဓားဆန္ဒ "
" နေဝန်းစိမ်း ဓားဆန္ဒလား "
လျိုယန်က မျက်လုံးအပြူးသားဖြင့် လီဖူချန်းကို ကြည့်လိုက်ပြီး
" လီဖူချန်း ...။ နင်ဘာဖြစ်လို့ အဲသည်သိုင်းကျမ်းကို ရွေးလိုက်တာလဲ။ ငါသိသလောက် ဆိုရင် အဲသည်ဓားသိုင်းကို ဘယ်သူမှ မရွေးတော့တာ နှစ်ပေါင်း၂၀ ကျော်ပြီ "
" အိုး ... အဲဒါဆိုရင် ပိုကောင်းတာပေါ့။ လူတိုင်းလျှောက်တဲ့ လမ်းကို လျှောက်ရတာက ဘာစိတ်ဝင်စားစရာ ကောင်းလို့လဲ။ ဘယ်သူမှ မလျှောက်ရဲတဲ့ လမ်းကို လျှောက်ရတာမှ စိတ်ဝင်စားဖို့ ကောင်းတာ "
လျိုယန်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လှုပ်လိုက်ပြီး လီဖူချန်းရဲ့ စကားကို ပြန်စဉ်းစား လိုက်ပါတယ်။ လီဖူချန်း ပြောတာကလည်း ဟုတ်သလိုလိုပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းဟာ လျိုယန်နဲ့ လမ်းခွဲပြီး သူ့ရဲ့ ကိုယ်ပိုင် ခြံဝင်းထဲကို ပြန်လာခဲ့ပါတယ်။
" တိုက်ပွဲဝိညာဉ်နယ်ပယ်ကို မရောက်သေးဘဲနဲ့ ဘယ်သူမှ သည်နေဝန်းစိမ်း ဓားဆန္ဒရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်အောင် မလေ့ကျင့်နိုင်ဘူး ဟုတ်လား ...။ သည်ဓားသိုင်း ဘယ်လောက်ခက်လဲ ဆိုတာကို ကြည့်ရသေးတာပေါ့ကွာ "
သူ့ရဲ့ ခြံဝင်းထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ အချိန်ဆိုင်း မနေတော့ဘဲ နေဝန်းစိမ်း ဓားသိုင်းကျမ်း မိတ္တူကို ဖွင့်ဖတ်လိုက်ပါတယ်။
သူက သည်ဓားသိုင်းကို လေ့ကျင့်ဖို့အတွက် အရမ်းကို စိတ်ဆန္ဒ ပြင်းပြနေပါပြီ။
သိုင်းကျမ်းရဲ့ ပထမဆုံး စာမျက်နှာမှာတော့ စာကြောင်းလေး တစ်ခု ရှိနေပါတယ်။ စာကြောင်း ကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။
" နေတစ်စင်းဟာ သြကာသ လောက တစ်ခုလုံးကို အလင်းရောင်နဲ့ အပူဓာတ်ကို ပေးစွမ်း နိုင်တယ်။ နေတစ်စင်းရဲ့ အလင်းရောင်ဟာ ကောင်းကင်နဲ့ မြေကြီးကိုပါ လွှမ်းခြုံထားနိုင်စွမ်း ရှိရမယ်။ ဒါက လောကကြီးရဲ့ အမှန်တရားပဲ။ အဲသည်လိုပဲ ဓားတစ်လက် ထွက်လာရင်လည်း သြကာသာ လောက တစ်ခုလုံးကို လွှမ်းမိုးသွားရမယ်။ ဒါက ဓားတရားပဲ "
ဒုတိယ စာမျက်နှာမှာတော့ ပုံကြမ်းလေးခု ရှိနေပါတယ်။
ပထမ ပုံကတော့ အစိမ်းရောင် အစက်အပြောက်လေး တစ်ခုပါပဲ။ သည်အစက်အပြောက်က အလွန်အမင်း သေးရင် သေးနေပါတယ်။ ဒါပေမဲ့ သည်အစက်အပြောက်လေးကနေ ထွက်နေတဲ့ အလင်းရောင်ကတော့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ ကြယ်တွေထက်တောင် ထွန်းလင်းတောက်ပ နေပါသေးတယ်။
ဒုတိယ ပုံကတော့ ပထမပုံက အစက်အပြောက်လေးထက် ကြီးသွားပါပြီ။ ဒါက မနက်ခင်း ဝေလီဝေလင်းမှာ ထွက်စပြုနေတဲ့ နေဝန်းငယ်လေး တစ်ခုလိုပါပဲ။ ပြီးတော့ ယင်နဲ့ယန် အားပြိုင် နေတာနဲ့လည်း ဆင်တူနေပါတယ်။
( note - အမှောင် နဲ့ အလင်း အားပြိုင်နေတာကို ဆိုလိုဟန် တူပါတယ်။ )
တတိယပုံကတော့ အစိမ်းရောင် နေတစ်စင်းပါ။ အစိမ်းရောင်နေရဲ့ ပတ်ပတ်လည်မှာတော့ မြစိမ်းရောင် စက်ဝိုင်း အလင်းတန်းတွေ ဖြစ်တည်နေပါပြီ။
စတုတ္ထပုံကလည်း အစိမ်းရောင် နေတစ်စင်းပါပဲ။ ဒါပေမဲ့ သည်နေက ပိုကြီး၊ပိုတောက်ပပြီး အရပ်၁၈ မျက်နှာလုံးကို ထွန်းလင်း တောက်ပနေပါတယ်။ ကောင်းကင်နဲ့ မြေပြင်ပေါ်မှာလည်း အမှောင်ထုဟာ တစ်စိုးတစ်စိမျှ ရှိမနေတော့ပါဘူး။
သည်ပုံကြမ်းလေးခုစလုံးဟာ နေထွက်တဲ့ ဖြစ်စဉ်ကို ဖော်ပြထားတယ် ဆိုတာ အသိသာကြီးပါပဲ။ ဒါပေမဲ့လည်း လေ့ကျင့်ဖို့ ညွှန်ပြ ထားတာကတော့ တစ်ခုမှ မပါပါဘူး။ အရာအားလုံးကို ကိုယ့်ရဲ့ နားလည် သဘောပေါက်မှုနဲ့ပဲ လေ့ကျင့်ရမှာပါ။ သည်ပုံကြမ်းတွေ အပေါ်မှာ ဘယ်လောက်အထိ နားလည်မလည်း ဆိုတာကတော့ ကိုယ့်ရဲ့ ထိုးထွင်း သိမြင်မှုနဲ့ပဲ သက်ဆိုင် နေခဲ့ပါပြီ။
ပုံကြမ်းလေးခုကို အချိန်အတော်ကြာ ကြည့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ပထမ စာမျက်နှာကို ပြန်လှန်လိုက်ပါတယ်။
" နေတစ်စင်းဟာ သြကာသ လောက တစ်ခုလုံးကို အလင်းရောင်နဲ့ အပူဓာတ်ကို ပေးစွမ်းနိုင်တယ်။ နေတစ်စင်းရဲ့ အလင်းရောင်ဟာ ကောင်းကင်နဲ့ မြေကြီးကိုပါ လွှမ်းခြုံ ထားနိုင်စွမ်း ရှိရမယ်။ဒါက လောကကြီးရဲ့ အမှန်တရားပဲ။ အဲသည်လိုပဲ ဓားတစ်လက် ထွက်လာရင်လည်း သြကာသာ လောက တစ်ခုလုံးကို လွှမ်းမိုးသွားရမယ်။ ဒါက ဓားတရားပဲ "
"သည်စာသားထဲမှာ လျှို့ဝှက်ချက်တွေ ရှိရမယ်။ ဘယ်သူမှတော့ လက်အညောင်းခံပြီး အရေးမပါတာတွေကို ရေးထားမှာ မဟုတ်ဘူး "
ဒါက သာမန် စာကြောင်းလေး တစ်ခုပါပဲ။ ဒါပေမဲ့လည်း သည်စာကြောင်းထဲကနေပြီး အရမ်းကို သြဇာအရှိန်အဝါ ကြီးလွန်းတဲ့ အငွေ့အသက် တစ်ခုကို လီဖူချန်း တစ်ယောက် ခံစား မိနေပါတယ်။
သိုင်းပညာဆိုတာက လောကရဲ့ နိယာမတွေ၊ သဘာဝတရားတွေနဲ့ သက်ရှိတွေ အပေါ်မှာ အခြေခံထားတာပင် မဟုတ်ပါလား။
သိုင်းပညာတစ်ခုက အစွမ်းထက် လာလေလေ သည်နိယာမ သဘောတရားတွေရဲ့ ပါဝင် ပတ်သက်နှုန်းက ပိုများ လာလေလေပါပဲ။
နေဝန်းစိမ်းဓားသိုင်းက လေကျင့်ဖို့အတွက် နည်းလမ်းတွေ မပါရှိပါဘူး။ ဒါပေမဲ့လည်း သဘာဝတရားရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ နေထွက်ပုံ အကြောင်းကိုတော့ ပုံကြမ်းတွေနဲ့ ဖော်ပြထားပါတယ်။ တကယ်လို့ လီဖူချန်းကသာ သည်ပုံကြမ်းတွေထဲက နေထွက်ပုံရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သဘောပေါက် သွားရင်တော့ သည်ဓားသိုင်းရဲ့ သဘော သဘာဝကို အနည်းငယ် ရိပ်စားမိနိုင်ဖို့အတွက် မျှော်လင့်ချက် ရှိပါတယ်။
" အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ငါတော့ သည်နေဝန်းစိမ်း ဓားဆန္ဒရဲ့ အဓိက အနှစ်သာရကို အရမ်း သိချင်နေမိပြီကွာ "
ဓားသိုင်းတွေ အကုန်လုံးမှာတော့ သူတို့ရဲ့ အဓိက အနှစ်သာရတွေ ရှိတာပါပဲ။ အဲသည် အတွက် သည်နေဝန်းစိမ်း ဓားဆန္ဒမှာလည်း သေချာပေါက် အဓိက အနှစ်သာရ ရှိနေရပါမယ်။ နေထွက်တာနဲ့ သဘာဝ တရားတွေကို နားလည်ရုံလောက်တော့ သည်ဓားသိုင်းကို တတ်ကျွမ်း သွားစရာ အကြောင်းတော့ မရှိပါဘူး။
ပြီးတော့ အဲလောက် လွယ်နေရင်လည်း သည်ဓားသိုင်းကို နေဝန်းစိမ်း ဓားဆန္ဒလို့ နာမည် မပေးဘဲ နေထွက်ဓားဆန္ဒ ဒါမှမဟုတ် နေရောင်ခြည်ဓားဆန္ဒလို့ နာမည် ပေးထားတော့မှာပါ။
လီဖူချန်းဟာ သုံးရက်တိတိ ထိုင်ရာကနေ မထဘဲ နေဝန်းစိမ်း ဓားဆန္ဒကို နားလည် သဘောပေါက်ဖို့ အတွက် ကြိုးစားခဲ့ပါတယ်။
လီဖူချန်းက သူ့ကိုယ်သူ အမွှန်းတင်ပြီး ပြောတာတော့ မဟုတ်ပါဘူး။ တကယ်လို့သာ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းတစ်ခုဆိုရင် သူက သုံးရက်အတွင်းမှာ ပြီးပြည့်စုံခြင်း အဆင့် မဟုတ်တောင်မှ ပြီးပြည့်စုံခြင်း အဆင့်နီးပါး ရောက်အာင် လေ့ကျင့်နိုင်ပါတယ်။
ဒါပေမဲ့လည်း သည်နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းနဲ့ အတွေ့မှာတော့ သူဟာ အစကနဦး အဆင့်ကို မပြောနဲ့။ နေဝန်းစိမ်း ဓားဆန္ဒရဲ့ အရိပ်အမြွက်လေးကို နားလည် သဘော ပေါက်အောင်တောင် မနည်း ကြိုးစားနေရပါပြီ။
သည်သုံးရက် အတွင်းမှာတော့ လီဖူချန်းဟာ နေထွက်တာကို စောင့်ကြည့်ဖို့ အတွက် လုံးဝ မစဉ်းစားထားခဲ့ပါဘူး။ သူက သည်လို အစောပိုင်းအဆင့်မှာ နေထွက်တာကို စောင့်ကြည့်ဖို့ အတွက် မလိုသေးဘူးလို့ ယူဆ ထားပါတယ်။
ခြံဝင်းကျယ်ကြီး တစ်ခုရဲ့ လေ့ကျင့်ရေး ကွင်းပြင်မှာတော့ လီဖူချန်းဟာ ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး မျက်လုံးမှိတ်ကာ ရပ်နေပါတယ်။ သူ့ကို ကြည့်ရတာက ကျောက်ရုပ် တစ်ခုလိုပါပဲ။
လီဖူချန်းဟာ သူ့ရဲ့ဓားက နေရောင်ခြည် အလင်းတန်း သူကိုယ်တိုင်က နေမင်းဆိုပြီး မှတ်ယူထားခဲ့ပြီး သဘာဝ တရားကြီးရဲ့ လွတ်လပ်တဲ့ သဘော သဘာဝတွေကို ခံစားနေပါတယ်။
တစ်ပတ်မျှ အကြာမှာတော့ လီဖူချန်းဟာ သဘာဝတရားကြီးကို အနည်းငယ် ခံစားမိလာပါပြီ။
သည်ခံစားချက်က အရမ်းနက်နဲလွန်းတဲ့ အတွက် သူဟာ အဲသည် ခံစားချက်ကို သေသေချာချာ နားမလည် နိုင်သေးပါဘူး။
အဲသည်အတွက် သူဟာ နေဝန်းစိမ်းဓားဆန္ဒရဲ့ အစကနဦးပိုင်းအဆင့်နဲ့ ဝေးနေဆဲပါပဲ။
လီဖူချန်း အတွက်ကလည်း အဲသည်အစကနဦးပိုင်းလေးကို နားလည်ဖို့ပဲ လိုနေတာပါ။ သူ့အနေနဲ့ နေဝန်းစိမ်း ဓားဆန္ဒရဲ့ အစကနဦးပိုင်းအဆင့်ကို ရောက်သွားပြီ ဆိုရင် ကျန်တာတွေက သိပ်မခက်တော့ပါဘူး။
' ဘယ်အရာမဆို အစပိုင်းက အခက်ဆုံး 'ဆိုတဲ့ စကားပင် ရှိနေသေးတာ မဟုတ်ပါလား။
" နေထွက်တာကို စောင့်ကြည့်ဖို့အတွက် အချိန်ကျပြီ "
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ နေထွက်တာကို တစ်ခါမှ စောင့်မကြည့်ခဲ့ ဖူးပါဘူး။ နေ့တိုင်း မြင်နေရတဲ့နေကို သူက အထူးအဆန်းလို့ကို မထင်ထားခဲ့တာပါ။
ဒါပေမဲ့လည်း အခုတော့ သူဟာ နေထွက်တာကို စောင့်ကြည့်ရပါတော့မယ်။
မနက်ခင်း ဝေလီဝေလင်း တစ်ခုမှာတော့ နေထွက်တာကို စောင့်ကြည့်ဖို့ အတွက် လီဖူချန်းဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကောင်းကင်မျှော်စင် ခေါင်မိုးပေါ်ကို ရောက်ရှိနေခဲ့ပါပြီ။
လက်ရှိအချိန်မှာတော့ ကောင်းကင်ဟာ အရမ်းကြီး မမှောင်တော့သလို အရမ်းကြီးလည်း မလင်းသေးပါဘူး။
လီဖူချန်းက ကောင်းကင်မျှော်စင် ခေါင်မိုးပေါ်မှာ တိတ်ဆိတ်စွာ ထိုင်နေပြီး ဟိုးအဝေးက မိုးကုပ်စက်ဝိုင်းကို ရီဝေစွာနဲ့ ငေးကြည့်နေပါတယ်။
၁၅မိနစ်မျှ အကြာမှာတော့ အရှေ့အရပ်မှာ ရောင်နီလေးတွေ စတင် ယှက်သန်း လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ အနီရောင် နေလုံးကြီးဟာ မိုးကုက်စက်ဝိုင်းကနေ တဖြည်းဖြည်း ထွက်ပေါ် လာပါတော့တယ်။
အရုဏ်တက်စ နေအလင်းရောင်ခြည်ဟာ အမှောင်ထုကို တဖြည်းဖြည်း တိုက်စားစ ပြုလာခဲ့ပါပြီ။
ဒါက အရမ်းကို လှပတဲ့ အဖြစ်အပျက်လေး တစ်ခုပါပဲ။
အဲသည်အချိန်မှာပဲ လီဖူချန်းရဲ့ အတွေးထဲကို နိယာမ သဘောတရား တစ်ခုဟာ အတားအဆီးမရှိ စီးဝင် လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လီဖူချန်းဟာ သူနားလည်ဖို့ ခက်ခဲနေတဲ့ အရာတစ်ခုကို သဘောပေါက် သွားခဲ့ပါပြီ။
" ဒါပဲ ...။ သည်ခံစားချက် ...။ ငါလိုအပ်နေတာ သည်ခံစားချက် "
လီဖူချန်းက အချိန်ဆိုင်းမနေဘဲ ထိုင်နေရာကနေ ခုန်ထလိုက်ကာ ဓားကို ဆွဲကိုင်ပြီး စိတ်တိုင်းကျ ဝှေ့ယမ်း လိုက်ပါတော့တယ်။
သူ့ရဲ့ ဓားကွက်တွေကတော့ ဘာတွေမှန်းကို မသိတော့ပါဘူး။ သည်သိုင်းကွက်တွေက ပဲပင်ပေါက် အထွေးကြီးလို ရှုပ်ယှက်ခတ် နေတာပါပဲ။
ရွှမ်း ... ရွှမ်း ... ရွှမ်း ...
ဝှစ် ... ဝှစ် ...
လီဖူချန်းက သူ့ရဲ့ ဓားကွက်ကို ချုပ်တည်းမထားဘဲနဲ့ သူခံစားနေရတဲ့ အတိုင်း လွှတ်ထား ပေးလိုက်ပါတယ်။
တစ်ချိန်တည်းလိုလိုမှာပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲက အစစ်အမှန် ငရဲမီးတောက် ချီအတွင်းတွေဟာ အစက်အပြောက်လေး တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့ပါပြီ။
အဲသည် အစက်အပြောက်လေးထဲကနေ ထုတ်လွှတ်ပေးနေတဲ့ ချီအတွင်းအားတွေဟာ လီဖူချန်းရဲ့ ဓားကွက်တွေ အတွက် လုံလောက်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
ဝှီး ... ဝှစ် ... ဝှစ် ...
ရွှမ်း ... ရွှမ်း ...
ရွှပ် ... ...
မနက်ခင်းစောစော ထလာတဲ့ ကျောင်းသားတွေကတော့ ကောင်းကင် မျှော်စင် ခေါင်မိုးပေါ်မှာ ဓားသိုင်း ကစားနေတဲ့ လီဖူချန်းကို ကြည့်ပြီး ပါးစပ် အဟောင်းသား ဖြစ်နေကြပါပြီ။
လက်ရှိအချိန်မှာတော့ လီဖူချန်းဟာ ဓားနတ်ဘုရား တစ်ပါး အလားပါပဲ။ သူ့ရဲ့ လက်တစ်ချက် ဝှေ့ယမ်း လိုက်တိုင်းမှာ စူးရှတဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာနေပါတယ်။
လီဖူချန်းရဲ့ ဓားကွက်တွေက ဓားသိုင်းဟု သတ်မှတ်ဖို့တောင် ခက်ခဲနေပြီ ဖြစ်ပေမယ့်လည်း သေချာတာတစ်ခုကတော့ ဓားတာအို လမ်းစဉ်ကနေ သွေဖည်သွားခြင်း မရှိသေးပါဘူး။
" ဟား ... ဟား ... ဟား ...။ နောက်ဆုံးမှာတော့ ငါနားလည်သွားပြီကွ "
လီဖူချန်းကတော့ အကျေနပ်ကြီး ကျေနပ်နေခဲ့ပါပြီ။ သူ့ဘဝမှာ တစ်ခါမှ အခုလို ဉာဏ်အလင်း ပွင့်ခဲ့တာမျိူး မရှိဖူးသေးပါဘူး။
မိုးကုပ်စက်ဝိုင်းမှာရှိတဲ့ နေလုံးကြီးကတော့ တစ်ဝက်မျှ ထွက်စပြုလာခဲ့ပြီ ဖြစ်သလို ပူနွေးလှတဲ့ နေရောင်ခြည်တွေကလည်း အမိကမ္ဘာမြေပေါ်သို့ စတင် ကျရောက် လာခဲ့ပါပြီ။
အလင်း အားကောင်းလာပြီဖြစ်တဲ့အတွက် အမှောင်ကလည်း မှေးမှိန် ပျောက်ကွယ်သွားရ ပါတော့မယ်။
လီဖူချန်းရဲ့ နှလုံးသားထဲမှာတော့ နေထွက်တာနဲ့ ဆက်နွှယ်နေတဲ့ ဓားဆန္ဒ အရိပ်အမြွက်လေး တစ်ခု စတင် မွေးဖွားလာခဲ့ပါပြီ။
ဒါက နေဝန်းစိမ်းဓားဆန္ဒရဲ့ အစကနဦး အဆင့်ပါပဲ။
ယခုအချိန်မှာတော့ သည်ဓားဆန္ဒက အားနည်းရင် အားနည်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဒါက လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒပဲ ဖြစ်ပါတယ်။
နောက်ရက်တွေမှာလည်း လီဖူချန်းဟာ အချိန်မှန်ဆိုသလို နေထွက်တာကို ကြည့်ပြီး ဓားသိုင်း ကျင့်နေဆဲပါပဲ။
နေ့ရက်တွေကြာလာတာနဲ့အမျှ လီဖူချန်းရဲ့ နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းအပေါ်မှာ နားလည် သဘောပေါက်မှုက ပိုပိုနက်ရှိုင်းလာသလို သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒကလည်း တစ်စထက်တစ်ထ ပိုကြီးထွား လာခဲ့ပါပြီ။
ဒါပေမဲ့ လီဖူချန်း သေသေချာချာ သိထားတာ တစ်ခုကတော့ သူဟာ နေဝန်းစိမ်းဓားဆန္ဒရဲ့ အဓိက အနှစ်သာရနဲ့ ဝေးကွာနေဆဲ ဆိုတာပါပဲ။
***