အင်မော်တယ် အဆာပြေမုန့်များ
Vol. 20 Ch. 286
လေလံပွဲ ပြီးဆုံးသွားပါပြီ။
အင်မော်တယ်များ၏ ပုံရိပ်များလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။
စိုက်ပျိုးရေးခြံ နောက်ဆုံးတော့ တိတ်ဆိတ်သွားခဲ့ပါပြီ။
သို့သော် လေလံနေရာ၏ ကြမ်းပြင်တွင် ဖရုံစေ့များ၊ သကြားလုံး အခွံများ၊ တခြားအမှိုက်သရိုက်များဖြင့် ပြည့်နှက်နေခဲ့ပါသည်။
လျန်ယူကျူးနှင့် တခြားသူများက ရှင်းလင်းရသည်။
ယဲ့ရှောင်ချန်းက သူ့အကောင့်ထဲ ဝင်လာသော အင်မော်တယ်ယွမ် သိန်းချီပ မာဏကို ကြည့်နေသည်။ ယဲ့ရှောင်ချန်းသည် သူဘာဝယ်ရမလဲဟု စဥ်းစားနေ၏။
"ဘော့စ် ကျွန်တော့်မှာ အကြံကောင်းတစ်ခု ရှိတယ်။"
ရုတ်တရက်ကြီး ထုပိုင်ယွမ်က စိတ်အားထက်သန်စွာ ပြေးလာခဲ့သည်။
"ဘာအကြံကောင်းလဲ။"
ယဲ့ရှောင်ချန်းက ထုပိုင်ယွမ်ကို ကြည့်လိုက်၏။
"ဘော့စ် ဒီအင်မော်တယ်တွေက မော်တယ် ကမ္ဘာက အစားအသောက်တွေကို ကြိုက်ကြတယ် မဟုတ်လား။"
ထုပိုင်ယွမ်က ပြောလိုက်သည်။
"ဟုတ်တယ်လေ။ အဲ့တာ ဘာဖြစ်လို့လဲ။"
ယဲ့ရှောင်ချန်းက မေးလိုက်၏။
"အဲ့တာ အဓိကအချက်ပဲ။ သူတို့ ဘာဖြစ်လို့ ကြိုက်ကြတာလဲ။ သူတို့က အင်မော်တယ် လောကက ကုန်ကြမ်းတွေနဲ့ ယှဥ်ရင် မော်တယ်လောကရဲ့ ကုန်ကြမ်းပစ္စည်းတွေက အများကြီး ပိုနိမ့်ကျလို့ မော်တယ်ကမ္ဘာက အစားအသောက်တွေကို သူတို့ မစားကြဘူးလေ။ သူတို့စားကြတာက မော်တယ် လောကမှာ မတွေ့နိုင်တဲ့ ထူးထူးခြားခြား အရသာရှိတဲ့ အစားအသောက်တွေပဲ။"
ထုပိုင်ယွမ်က စကားအရှည်ကြီး စပြောလိုက်ပါသည်။
"ဒိမှာကြည့် အာလူးချောင်း အစပ်ကြော်ဆိုတာ သေမျိုးလောကက လူတွေအတွက် သွားရေစာ တစ်ခုသာသာပဲ။ အများကြီး စားရင် ကျန်းမာရေးအတွက် မကောင်းဘူး။ ဒါပေမယ့် တချို့လူတွေက စားရတာကို သဘောကျကြတယ်။ ဘာလို့လဲ။ အရသာက ထူးခြားလို့ပေါ့။ အဲ့တာကြောင့် စားကြည့်ပြီးတော့ အင်မော်တယ်တွေက သဘောကျသွားကြတာ။ သူတို့က အင်မော်တယ်တွေပဲကို။ အဆိပ်ရှိတဲ့ အစားအစာဆိုရင်တောင် သူတို့အတွက် ဘာမှ မဖြစ်ဘူး။ အဲ့တာကြောင့် ဘော့စ်။ အင်မော်တယ်ပဲစေ့တွေနဲ့ အစပ်ချောင်းကြော်တွေ လုပ်လိုက်ရင် ကုန်ကြမ်းပစ္စည်းတွေကို ပိုသုံးတာနဲ့ ညီမျှတယ်။ တန်ဖိုးကလည်း လုံးဝ ခြားနားတယ်။ အင်မော်တယ်ပဲစေ့နဲ့ လုပ်ထားတဲ့ အစပ်ချောင်းကြော်တွေက သေမျိုးလောကရဲ့ အစပ်ချောင်းကြော်တွေထက် အများကြီး ပိုကောင်းမယ်လို့ ထင်တယ်။ အရသာကော၊ အနေအထားကော၊ တန်ဖိုးကော၊ အာဟာရတွေကိုကော ထည့်တွက်ရမယ်..."
ထုပိုင်ယွမ် ပိုပြီး ပြောလေလေ သူ ပိုပြီး ဆွံ့အ လာရလေလေ ဖြစ်သည်။
ယဲ့ရှောင်ချန်း ဒါကို ကြားသောအခါ ကြက်သေ သေသွားရ၏။ ဉာဏ်ကောင်းလိုက်တဲ့ကောင်ပါလား။
သူ့ကို စိုက်ပျိုးရေး လုပ်ခိုင်းတာတောင် မှားသွားပြီ။ သူက စီးပွားရေး လုပ်သင့်သည်။
"ကောင်းသားပဲ။ ဆက်ပြောပါဦး။"
ယဲ့ရှောင်ချန်းက သူ့ကို ပခုံးပုတ်ကာ အားပေးလိုက်ပါသည်။
ထုပိုင်ယွမ်က ပိုပိုပြီး တက်ကြွလာခဲ့ပါသည်။ ချက်ချင်းပဲ မရပ်မနား စကားဆက်ပြောခဲ့သည်။ သူ့ထံမှ အကြံကောင်းမျိုးစုံက ယဲ့ရှောင်ချန်းကို ရှက်ရွံ့သွားစေပါသည်။
သူက အင်မော်တယ်လောကမှ လူဖြစ်ပြီး ထုပိုင်ယွမ်က သေမျိုးလောကတွင် နေထိုင်သင့်သူဟု ခံစားမိပါသည်။
ပါရမီရှိသည့်လူက ဘယ်ပဲရောက်နေပါစေ တောက်ပနိုင်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်။
ထုပိုင်ယွမ်က အချိန်အကြာကြီး သူ့အကြံအားလုံးကို ပြောပြခဲ့ပါသည်။
စဥ်းစားချင့်ချိန်ပြီးနောက် ထုပိုင်ယွမ် ပြောသလိုပဲ လုပ်ဖို့ ယဲ့ရှောင်ချန်းဆုံးဖြတ်ခဲ့သည်။
အမှန်ပင်။ ကုန်ကြမ်းစိမ်းများကို တိုက်ရိုက် ဝယ်ယူခြင်းက အရှုံးများလွန်းနိုင်၏။
စိုက်ပျိုးရေးသမားတွေက အရှုံးပေါ်ဆုံးဆိုတာ မမြင်နိုင်ဘူးလား။ အမြတ်ကို ထုတ်လုပ်သည့် လူများကသာ အများဆုံး ရရှိသည်။
ခေတ်မှီလူငယ်တစ်ယောက်ဖြစ်ပြီး သူ ဘာကြောင့် ဒါကို မတွေးမိသနည်း။
ဟူး။ လူတွေကြားထဲ ဒီလိုကွာဟမှုကြီးလည်း ရှိတတ်တာပဲလား။
ငါက စိုက်ပျိုးရေးအတွက်ပဲ တော်ပြီး စီးပွားရေးအပိုင်းမှာတော့ ဘာမှ မသိတဲ့ လူပါလား။
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ နောက်ပိုင်း မင်းရဲ့ လစာကို နှစ်ဆတိုးပေးမယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
ထုပိုင်ယွမ် အံ့အားသင့်ပျော်ရွှင်သွားရ၏။
ထို့နောက် ယဲ့ရှောင်ချန်းက အင်မော်တယ်အပင်များကို စတင်ထုတ်လုပ်သည်။
အများကြီး ချင့်ချိန်စဥ်းစားပြီး အင်မော်တယ်များထံမှ ဝေဖန်မှုများအရ အခွင့်အလမ်းတချို့ကို သူရွေးချယ်ခဲ့ပါသည်။
ထို့အပြင် အပင်များကို သေချာရွေးချယ်ဖို့ ဆုံးဖြတ်လိုက်၏။
ဥပမာ အစပ်ချောင်းကြော် ပြုလုပ်ဖို့ ဖြစ်သည်။
ဒါကို အင်မော်တယ်ပဲစေ့များ အသုံးပြုပြီး ဖန်တီးရ၏။ ထို့အပြင် အင်မော်တယ် ငရုတ်ပင်များလည်း စိုက်ပျိုးထားသည်။ တခြား ပါဝင်ပစ္စည်းများအဖြစ်တော့ သာမန် အပင်များကိုသာ အသုံးပြုခဲ့ပါသည်။
ထို့အပြင် ရေခဲမုန့်၊ သစ်သီးယို စသည်တို့ကိုလည်း ပြုလုပ်ခဲ့ပါသည်။
ထို့အတွက် ယဲ့ရှောင်ချန်းက ထုတ်လုပ်ရေး ကိရိယာတစ်ချို့ကို ဝယ်ယူခဲ့ပြီး ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံထဲတွင် နေရာချထားခဲ့သည်။
လျှပ်စစ်မီးကော မလိုအပ်နိုင်ဘူးလား။
အဆင်ပြေပါသည်။ ဒီဇယ် မီးစက်တစ်လုံးလောက်တော့ သူ ဝယ်နိုင်၏။
ခေတ္တလောက်တော့ ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတွင် အလွန် ဆူညံနေခဲ့ပါသည်။
သို့သော် ငွေရဖို့အတွက် သူ ဂရုမစိုက်ခဲ့ပါ။ ငွေရဖို့ဆို အားလုံးကို စတေးရနိုင်သည် ဟူသည့် ဆိုရိုးစကား မရှိဘူးလား။
မျက်စိတစ်မှိတ်အချိန်အတွင်း နောက်ထပ် တစ်လ ကုန်ဆုံးသွားခဲ့ပြန်သည်။
ဒီအချိန်တောအတွင်း ဝမ်ရှင်းယီ၏ ဂီတလမ်းကြောင်းကလည်း အတော်လေး တည်မြဲလာပြီ ဖြစ်သည်။ နည်းပြ ပြိုင်ပွဲ၏ တတိယ အဆင့်အထိ အောင်မြင်စွာ ရောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိပ်ဆုံး ၄ ယောက်ထဲ ပါဝင်နိုင်ပါက နှစ်စဥ်ပွဲတော်ထဲတွင် ပါဝင်နိုင်သည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ယဲ့ရှောင်ချန်း သူမကို မနှောင့်ယှက်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူမ၏ အားအင်အကုန်လုံးကို သုံးစွဲဖို့ လိုအပ်သည်။
နှစ်စဥ်ပွဲတော်တွင် ပွဲဝင်နိုင်ပြီး သူမ၏ လက်နက်အဖြစ် အဆင့်ကောင်းကောင်း ရနိုင်ပါက သူမ၏ အနာဂတ် ဂီတလမ်းကြောင်းက ချောမွေ့သွားနိုင်ပါသည်။
ထိုအချိန်တွင် သုတေသနကာလတစ်ခု ပြီးသွားသည့်အခါ ဖော်မြူလာ ပြုပြင်ပြောင်းလဲရေးများ၊ စမ်းသပ်ချက်များ၊ အစရှိသည်တို့နှင့် အင်မော်တယ် မုန့်မျိုးစုံကလည်း မီးဖိုထဲမှ ထွက်လာခဲ့ပြီ ဖြစ်ပါသည်။
ပြောစရာ မလိုအောင် မဆိုးရွားခဲ့ပါ။
ထိုမုန့်များနှင့် ယှဥ်လျှင် မော်တယ်လောကမှ မုန့်ပဲသွားရေစာများက အဆင့်နိမ့်ကျပါသည်။
နောက်ထပ် လေလံပွဲတစ်ခုတွင် ယဲ့ရှောင်ချန်းက ချက်ချင်းပဲ ထိုမုန့်များကို ပွဲထုတ်ခဲ့ပါသည်။
စျေးနှုန်းများကို အလွန် မြင့်မားစွာ သတ်မှတ်ထားပါသည်။
ဘာပဲဖြစ်ဖြစ် အင်မော်တယ်အပင်များအား ကုန်ကြမ်းအဖြစ် အသုံးပြုထားသောကြောင့် အနည်းဆုံးတော့ တန်ဖိုးကို နှစ်ဆ တိုးရပါမည်။
အင်မော်တယ်များ စားကြည့်လိုက်ကြသောအခါ သူတို့ ရူးသွပ်သွားကြ၏။
အမှန်ပင်။ ဘေးကင်းစိတ်ချရဖို့အတွက် ဒီတစ်ခေါက် အင်မော်တယ်မုန့် အများကြီးတော့ မလုပ်ခဲ့ပါ။
သို့သော် အင်မော်တယ်များ အလွန်ကြိုက်နှစ်သက်သည်ကို တွေ့လိုက်ရသောအခါ ယဲ့ရှောင်ချန်း ပျော်ရွှင်သွားခဲ့ပါသည်။ နောက်တစ်ခေါက် ဒီ့ထက် ပိုလုပ်ရမည်။
တွက်ချက်ပြီးနောက် အင်မော်တယ် မုန့်များမှ ရရှိလိုက်သော အင်မော်တယ်ယွမ်နဲ့တင် ၁၀၀,၀၀၀ ကျော် သွားပါပြီ။ တကယ်တော့ ကုန်ကျစရိတ်က ၂၀,၀၀၀ မှ ၃၀,၀၀၀ အင်မော်တယ်ယွမ်သာ ရှိခဲ့သည်။
ဒီအတွေ့အကြုံဖြင့် ယဲ့ရှောင်ချန်း၏ အင်မော်တယ် မုန့်များက အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ကျော် တန်ခဲ့ပါသည်။
ဒီတစ်ခေါက် အောင်မြင်မှု ကြီးကြီးမားမား ရခဲ့ပြန်ပါသည်။
ယဲ့ရှောင်ချန်း၏ ဝင်ငွေက အင်မော်တယ်ယွမ် ၈၀၀,၀၀၀ ကျော် သွား၏။
ထို့ကြောင့် ယဲ့ရှောင်ချန်းက လျန်ယူကျူးနှင့် တခြားသူများကို ဆုချခဲ့သည်။ အထူးသဖြင့် ထုပိုင်ယွမ်က ဆုကြေး နှစ်ဆ ရခဲ့သဖြင့် လျန်ယူကျူးနှင့် လုတုန်ချမ်းတို့ အလွန် မနာလို ဖြစ်ရပါသည်။
နောက်ထပ် လေလံပွဲတချို့တွင် ယဲ့ရှောင်ချန်း၏ ဝင်ငွေက ပိုပိုပြီး မြင့်မားလာခဲ့၏။ နောက်ဆုံးတွင်တော့ အင်မော်တယ်ယွမ် ၁,၀၀၀,၀၀၀ ကျော် သွားခဲ့ပါသည်။
ယဲ့ရှောင်ချန်းက ထိုအင်မော်တယ်ယွမ်များကို အသုံးချပြီး အဆင့် ၃ အင်မော်တယ် မြက်ကွက်တစ်ကွက်ကို ဝယ်ကာ အင်မော်တယ်အပင်များ ထပ်စိုက်ပျိုးဖို့ ပြင်ဆင်၏။ တစ်ချိန်တည်းမှာပင် ရှန်းနုန်မျိုးဆက် ကျင့်စဥ် စာမျက်နှာများစွာကိုလည်း ဝယ်ယူခဲ့ပါသည်။
ထိုအဆင့်မြင့် စိုက်ပျိုးရေးအသိပညာနှင့် ကျင့်စဥ်များ၏ အကူအညီဖြင့် ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေး စွမ်းရည်များမှာ မှင်သက်စရာ နှုန်းဖြင့် တိုးတက်လာခဲ့သည်။
လျန်ယူကျူးနှင့် တခြားသူများ၏ စိုက်ပျိုးရေး စွမ်းရည်များလည်း တိုးတက်လာခဲ့ပါသည်။
အမှန်ပင်။ ကျင့်ကြံခြင်းများက ပို၍ပင် တိုးတက်ပါသေးသည်။
ထိုအချိန်တွင် အပြင်လောက၌ စပါးစိုက်ပျိုးရေး လုပ်ငန်းတွင် စူပါစပါးမျိုး၏ လွှမ်းမိုးမှုက တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။
ကျယ်ပြန့်သော စိုက်ပျိုးရေးခြံများစွာတွင် စူပါစပါးမျိုး၏ ကြီးမားသော အောင်မြင်မှုကြောင့် အထွက်နှုန်းက အလွန်အမင်းထိတ်လန့်ဖို့ ကောင်းပါသည်။ အစိုးရ၏ ပရိုမိုးရှင်းအောက်တွင် ပြည်နယ်များတစ်လျှောက် ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လာခဲ့ကြ၏။
တခြား စူပါအပင်များကလည်း ၎င်းတို့၏ အစွမ်းကို ထုတ်ပြနေကြပါပြီ။
ဥပမာအားဖြင့် စူပါမိုးခေါင်ပင်က အံ့အားသင့်ဖို့ကောင်းသော အစိမ်းရောင် အာနိသင်တချို့ကို ပြသခဲ့သည်။ လပိုင်းအတွင်းမှာပင် စတုရန်းကီလိုမီတာ ထောင်ချီရှိသော ကန္တာရ ပတ်ဝန်းကျင်၏ အခြေအနေကို တိုးတက်လာစေခဲ့ပြီး အစိမ်းရောင် မြက်ခင်းပြင်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ထိုစူပါမိုးခေါင်ပင်၏ မျိုးပွားနှုန်းက အလွန် ထိတ်လန့်ဖို့ ကောင်းသည်။ နေ့တိုင်း မတူညီသည့်ပုံစံပေါက်ပြီး ကန္တာရထဲ ပျံ့နှံ့သွား၏။
အမှန်ပင်။ စူပါမိုးခေါင်ပင်များက ပတ်ဝန်းကျင် သစ်ပင်များကို ထိခိုက်မှုတချို့ရှိစေသော်လည်းအထူးနည်းလမ်းများဖြင့် စူပါမိုးခေါင်ပင်၏ ဖွံ့ဖြိုးနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပါသည်။
ထို့အပြင် စူပါ ဖုန်စုပ်ပင်များကိုလည်း မီးခိုးဖုန်မှုန့်များ အပြင်းထန်ဆုံးဆိုသော နေရာများတွင် စတင်စိုက်ပျိုးလာကြပြီဖြစ်သည်။
စူပါဖုန်စုပ်ပင်များတွင် ထူးခြားသော ဂုဏ်သတ္တိတစ်မျိုး ရှိ၏။ အလွန်လျှင်မြန်စွာ ကြီးထွားခြင်းပင်။ ၂ လ ၃ လအတွင်း အပြည့်အဝ ကြီးထွားနိုင်ကြပါသည်။
အာနိသင်ကလည်း ကောင်းမွန်လှ၏။
စူပါ ရေမှော်ပင်များကတော့ အလွန်အမင်း ညစ်ညမ်းနေသော ရေတွေထဲတွင် အထူး အာနိသင် ရှိပါသည်။
ဒီအချိန်တောအတွင်း ယဲ့ရှောင်ချန်းက တခြား စူပါအပင်အမျိုးအစား အသစ်များကို ဆက်တိုက် ပြုစုပျိုးထောင်နေခဲ့ပါသည်။