အသံ အရည်အသွေးကို မြှင့်တင်ပေးနိုင်သော ဆေးဝါး
Vol. 20 Ch. 287
မြောက်ပိုင်းဒေသ။
ရှန်းနုန်ကျား သစ်တောနယ်မြေ။ လျှို့ဝှက် ခံတပ်တစ်ခုတွင်။
ဒီနေရာကြီးက စစ်တပ်ခံတပ်တစ်ခု ဖြစ်ခဲ့ဖူး၏။ သို့သော် သစ်တောနယ်မြေ၏ သဘာဝ ပတ်ဝန်းကျင်အခြေအနေကို လေ့လာသော သုတေသနအဖွဲ့အစည်းအဖြစ် နောက်ပိုင်း ပြောင်းလဲခဲ့သည်။
မကြာသေးခင်က ထိုသုတေသနအဖွဲ့အစည်းလည်း ပြောင်းရွှေ့သွားခဲ့ပြီး ဒီနေရာကြီးက နိုင်ငံတော်၏ အသစ်စက်စက် တည်ထောင်ထားသော သဘာဝလွန်နှင့် လူသားကျင့်ကြံမှု သုနေသ စင်တာ အခြေစိုက်စခန်းတစ်ခု ဖြစ်လာခဲ့ပါသည်။
ဒီဌာနအား မကြာသေးခင်ကမှ တည်ထောင်ထားသည် ဆိုသော်လည်း အထက်လူကြီးများက အလွန် အရေးပေးထားပြီး အာဏာလည်း ကြီးမား၏။ ဒီဌာနအတွက် စစ်တပ်အုပ်စု တစ်စုကိုပင် တာဝန်ပေးထားပြီးပါပြီ။
"ဒါရိုက်တာချန်း။ ဒီအင်မော်တယ်စမ်းရေစားသောက်ဆိုင်ထဲမှာ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေထဲမှာ အင်မော်တယ်ချီစွမ်းအင်တွေ ပါဝင်နေမှန်း အတည်ပြုပြီးပါပြီ။"
ဓာတ်ခွဲခန်းတစ်ခုတွင် အဖြူရောင် ဓာတ်ခွဲခန်း ကုတ်အဖြူကို ဝတ်ဆင်ထားသည့် အဘိုးကြီး တစ်ယောက်က ချန်းအိုကို ပြောလိုက်ပါသည်။
"ဟားဟား ထင်တဲ့အတိုင်းပဲ။ ဒီအင်မော်တယ် စမ်းရေ စားသောက်ဆိုင်ရဲ့ နောက်ကွယ်မှာ ကျင့်ကြံသူတစ်ယောက်တော့ ရှိရမယ်။ ကျုပ်တို့ ဘာကို စောင့်နေကြဦးမှာလဲ။ ဒါရိုက်တာလျောင်။ ဒီစားသောက်ဆိုင်ရဲ့ နောက်ကွယ်က ကျင့်ကြံသူကို အခုပဲ ဖမ်းကြရအောင်လေဗျ။"
ချန်းအိုက အလွန် ပျော်ရွှင်နေပါသည်။
"ဒါရိုက်တာချန်း အဲ့လိုဖြစ်နိုင်မှာ မဟုတ်လောက်ဘူး။"
ဒါရိုက်တာ လျောင်က သတ်လက်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်ပါသည်။
"ဘာဖြစ်လို့လဲ။"
ချန်းအိုက မေးလိုက်၏။
"အင်မော်တယ်စမ်းရေစားသောက်ဆိုင်က ထင်သလောက် မရိုးရှင်းဘူး။ တရုတ်သိပ္ပံကျောင်းတော်ရဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး အပင်အသိစိတ် ဘာသာရပ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့ ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ယောက် ဖြစ်တဲ့ ယဲ့ရှောင်ချန်းက တည်ထောင်ထားတာပဲ။ အဲ့ဒီ ပါဝင်ပစ္စည်းတွေမှာ တကယ်ပဲ ဝိညာဥ်စွမ်းအင် ပါဝင်နေရင် ပရော်ဖက်ဆာယဲ့နဲ့ တစ်ခုခု သက်ဆိုင်နေမှာ စိုးရိမ်ရတယ်။ ဒါပေမယ့် ပြဿနာက ပရော်ဖက်ဆာ ယဲ့က သေချာပေါက် အင်မော်တယ် ကျင့်ကြံခြင်းလောကက မဟုတ်နိုင်ဘူး။ အချိန်အရပြောရရင် မင်းတို့တွေ အင်မော်တယ် ကျင့်ကြံခြင်းလောကထဲကနေ ထွက်လာတဲ့ အချိန်မှာ ပရော်ဖက်ဆာ ယဲ့က နာမည်ကြီးပြီးသား ဖြစ်နေပြီ။ နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်တဲ့ သန့်စင်မြက်ပင်တစ်မျိုးကိုတောင် တီထွင်နိုင်ခဲ့တယ်။ အဲ့တာကြောင့် ပရော်ဖက်ဆာ ယဲ့က အင်မော်တယ် ကျင့်ကြံသူတွေနဲ့ သက်ဆိုင်လိမ့်မယ်လို့ ငါတော့ မထင်ဘူး။"
ဒါရိုက်တာ လျောင်က ခေါင်းခါလိုက်ပါသည်။
သူက သိပ္ပံသုတေသနအဖွဲ့အစည်းဝင် တစ်ယောက် မဟုတ်သော်လည်း ကမ္ဘာကြီး၏ ဖန်ဆင်းရှင်များဖြစ်ကြသော ထိုသိပ္ပံပညာရှင်များကို သူ လေးစားအားကျပါသည်။
ဥပမာအားဖြင့် ယဲ့ရှောင်ချန်း၏ သန့်စင်မြက်ပင်က နျူးကလီးယား ဓာတ်ရောင်ခြည် ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည်။ အလွန် ကောင်းမွန်ကြီးမားသော အောင်မြင်မှုကြီး တစ်ခု ဖြစ်သည်။
ထို့အပြင် သူ့လေ့လာစုံစမ်းချက်များအရ ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းက ကန္တာရ ပတ်ဝန်းကျင်ကို အသွင်ပြောင်းလဲနိုင်သော စူပါမိုးခေါင်ပင်၊ ညစ်ညမ်းနေသော ရေများကို သန့်စင်နိုင်သည့် စူပါရေမှော်ပင်၊ မီးခိုးဖုန်မှုန့်များကို စုပ်ယူနိုင်သော စူပါဖုန်စုပ်ပင် စသည်တိုကိုလည်း ပျိုးထောင်ခဲ့ကြောင်း သိခဲ့ရ၏။ အထူးစူပါစပါးမျိုး၊ စူပါ ပဲပင်နှင့် စူပါ မုန်ညင်းပင်များကလည်း ကြီးမြတ်သော အောင်မြင်မှုများ ဖြစ်ကြပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ ဘဝကို အလွန်အကျိုးကျေးဇူး ပြုပေးနိုင်ခဲ့ပါသည်။
ဒီလို ကြီးမြတ်သည့် ရုက္ခဗေဒ ပညာရှင် တစ်ယောက်ကို နိုင်ငံတော် ရတနာဟုပင် ပြောနိုင်၏။
ဒါမျိုးက သဘာဝလွန် အဖွဲ့အစည်း ထိရဲသည့် အရာမျိုးမဟုတ်ပါ။ မြို့တော် ဗဟိုအစိုးရတောင် ယဲ့ရှောင်ချန်းကို ထိချင်ပါက အကျိုးဆက်မျိုးကို တွေးထားရလိမ့်မည်။
ချန်းအို မျက်မှောင်ကြုတ်သွား၏။ တကယ်တော့ သူလည်း ယဲ့ရှောင်ချန်း၏ အချက်အလက်များကို မြင်ပြီးသား ဖြစ်ပါသည်။
သို့သော်လည်း တစ်ခုခုတော့ လွဲနေသည်ဟု ခံစားရ၏။
သို့သော်လည်း ဌာနချုပ်ခေါင်းဆောင် လျောင် ပြောတာ မှန်ပါသည်။ ဒီလိုကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ဦးကို သူတို့ အလောတကြီး တိုက်ခိုက်လို့မရပါ။ ဖြည်းဖြည်းချင်း လှုပ်ရှားကြရပါမည်။
မော်တယ် လောကတွင် သူ ရှင်သန်ချင်ပါက ရာထူးအမြင့် တစ်နေရာသို့ တက်ရမည်ဖြစ်ကြောင်း သူသိထားသည်။ ထို့နောက် သူ့သူ့ပန်းတိုင်များကို ရရှိနိုင်၏။ ဒီမော်တယ် လောကထဲက ပြဿနာများကို ဖြေရှင်းဖို့ စဥ်းစားပုံစဥ်းစားနည်းများကို သူ ပြောင်းလဲသင့်သည်။
"ဌာနချုပ်ခေါင်းဆောင် လျောင်။ ဒီလိုဆိုရင်ကော။ လောလောဆယ်တော့ ဘာမှ မလုပ်သေးဘဲ စုံစမ်းစစ်ဆေးရေးကိုပဲ လျှို့ဝှက် စောင့်ကြည့်ကြတာပေါ့။ အဲ့ဒီပရော်ဖက်ဆာယဲ့ဆိုတဲ့ကောင်သာ တကယ်ပဲ ဝိညာဥ်ချီကို ရှာဖွေတွေ့ရှိခဲ့တာဆို သဘာဝလွန် အဖွဲ့အစည်းအတွက် သတင်းကောင်း ဖြစ်မှာပဲ။"
ချန်းအိုက ပြောလိုက်သည်။
"အင်း ဒီလိုလည်း အဆင်ပြေပါတယ်"
ဌာနချုပ်ခေါင်းဆောင် လျောင်က စဥ်းစားကြည့်လိုက်ပြီး အဓိပ္ပာယ်ရှိသည်စု ခံစားလိုက်ရပါသည်။
...
ကျဲကျန်ပြည်နယ် ရုပ်သံဌာန အဆိုပြိုင်ပွဲ ဖိုင်နယ်ပွဲ စပါတော့မည်။
ဝမ်ရှင်းယီက ယခင် နည်းပြတိုက်ပွဲတွင် ထိပ်ဆုံး ၄ ယောက်အထိ တက်နိုင်ခဲ့၏။
ယခင် ပြိုင်ပွဲများနှင့် ယှဥ်လျှင် ဒီနှစ်၏ ဖိုင်နယ်ပွဲများက ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲများဖြစ်ကြသးည်။ ဝမ်ရှင်းယီ စင်မြင့်ကြီး တစ်ခုပေါ်တွင် ပထမဆုံး စိန်ခေါ်ရခြင်းလည်း ဖြစ်သည်။
သူမ၏ ဂီတပါရမီကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးဖြစ်သည်။
ယဲ့ရှောင်ချန်းလည်း လေယာဥ်ဖြင့် ရောက်လာခဲ့ပါသည်။
အဆင့်မြင့် ဟိုတယ် တစ်ခု၏ အခန်းတစ်ခုထဲတွင်။
ဝမ်ရှင်းယီက လီမန်ရောင်နှင့် သီချင်းရွေးချယ်မှုအကြောင်း ဆွေးနွေးနေ၏။
ဒါက အရေးကြီးပါသည်။
အကြာကြီး ဆွေးနွေးပြီးနောက် နောက်ဆုံးတော့ သီချင်းရွေးချယ်မှုကို ဆုံးဖြတ်လိုက်သည်။
နောက်တစ်ခုက ဝမ်ရှင်းယီ သူမ၏ အခြေအနေကို အကောင်းဆုံး ထိန်းညှိဖို့ ကြိုးစားမည်။ ဒါမှ အကောင်းဆုံး အခြေအနေဖြင့် ဖိုင်နယ်တွင် ပါဝင်နိုင်လိမ့်မည်ဖြစ်ပါသည်။
လီမန်ရောင်ကတော့ ပြန်သွား၏။ ဘာပဲဖြစ်ဖြစ် သူမ လမ်းညွှန်စရာ တခြား တပည့်များလည်း ရှိပါသေးသည်။
ဝမ်ရှင်းယီက သီချင်းအကြောင်းကို စဥ်းစားနေသည်။
ယဲ့ရှောင်ချန်းက အချိန်အတော်ကြာ တိုးတိုးတိတ်တိတ် စောင့်နေပါသည်။ ထို့နောက် ဝမ်ရှင်းယီက ခဏနားကာ လက်ဖက်ရည် သောက်လိုက်သည်။
ထိုအခါမှ ယဲ့ရှောင်ချန်း ရောက်နေမှန်း သတိထားလိုက်မိပါသည်။
"ဘယ်လိုနေလဲ။”
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
"မဆိုးပါဘူး။"
ဝမ်ရှင်းယီက ချိုမြိန်စွာ ပြုံးလိုက်သည်။
"ဖိအားတွေ ရှိသေးလား။"
ယဲ့ရှောင်ချန်းက မေးလိုက်၏။
"ရှိတာပေါ့။ အားလုံးက အရမ်းတော်ကြတယ်လေ။"
ဝမ်ရှင်းယီက ပြောလိုက်ပါသည်။
"သေချာတာပေါ့။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
ဒီအဆင့်ထိ ရောက်နိုင်သူများက အလွန် တော်ကြပြီး အခက်အခဲများစွာကို ကျော်လွန်နိုင်ခဲ့ကြသူများသာ ဖြစ်သည်။
ဖိုင်နယ်အထိ တက်လှမ်လာနိုင်သူများက အနာဂတ်ကောင်းကောင်း ရှိသွားကြပြီဟု ပြောနိုင်ပါသည်။
ဥပမာအားဖြင့် ဝမ်ရှင်းယီနှင့် စာချုပ်ချုပ်လိုသော ဂီတ ကုမ္ပဏီများစွာ ရှိပါသည်။
သို့သော်လည်း ဝမ်ရှင်းယီက အားလုံးကို ငြင်းခဲ့၏။ လီမန်ရောင်၏ ပြောစကားအရဆို အားလုံးက ကုမ္ပဏီ အသေးစားလေးများသာ ဖြစ်ကြသည်။
တကယ့် ကုမ္ပဏီ အကြီးစားကြီးများက မလှုပ်ရှားကြသေးပါ။ ဖိုင်နယ်တွင် ဝင်ရောက် ဖျော်ဖြေသည့်အခါမှသာာ ထိုကုမ္ပဏီကြီးများ၏ သဘောကျမှုကို ရရှိနိုင်မည်ဖြစ်သည်။
ဝမ်ရှင်းယီ အနည်းငယ် တည်တံ့နေသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်း အကြံရသွားပြီး ချက်ချင်း ပြောလိုက်၏။ "ရှင်းယီ မကြာသေးခင်ကမှ ကိုယ် ဖော်စပ်ထားတဲ့ ဆေးတစ်မျိုး ရှိတယ်။ အသံကို ထိန်းညှိပေးနိုင်တဲ့ ဆေးလေ။ မင်း သောက်ကြည့်ချင်လား။"
"အင်း"
ဝမ်ရှင်းယီက ဘာမှမစဥ်းစားပဲပြောလိုက်သည်။
"ကိုယ့်ကို အရမ်းယုံတာပဲနော်။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။
"ရှင့်ကိုမယုံရင် ဘယ်သူ့ကို ယုံရမလဲ။”
ဝမ်ရှင်းယီက ယဲ့ရှောင်ချန်းကို မျက်စောင်းရွယ်လိုက်သည်။
"ကိုယ် မင်းစကားကို သဘောကျတယ်။"
ယဲ့ရှောင်ချန်းက ကြွေပုလင်းလေး တစ်ပုလင်းကို ထုတ်လိုက်သည်။ အထဲတွင် အနီရောင်တောက်တောက် အရည်ဖြင့် ပြည့်နှက်နေသည်ကို မြင်နိုင်ပါသည်။
အဖုံးကို ဖွင့်လိုက်သောအခါ မွှေးရနံ့သင်းသင်းလေးတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"အင်း အနံ့ကလေးကတော့ မွှေးနေတာပဲ။"
ဝမ်ရှင်းယီက ပုလင်းကို ယူလိုက်ပြီး ပါးစပ်ထဲ မော့ချလိုက်ပါသည်။
ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို စိုက်ကြည့်နေ၏။
"ဘယ်လိုနေလဲ။"
သူ အမြန် မေးလိုက်၏။
"အင်း ကျွန်မ လည်ချောင်းထဲမှာ နည်းနည်း ယားနေတယ်။ အေးလည်း အေးနေတယ်..."
ဝမ်ရှင်းယီက ပြောလိုက်သည်။
"အရမ်း နေလို့ကောင်းတာပဲ။ ဒီနေ့ ကျွန်မ အသံကို အများကြီး သုံးခဲ့ရတာ။ အခု အရမ်း နေလို့ကောင်းသွားပြီ။ လုံးဝ ပြန်ကောင်းသွားသလိုပဲ။"
ဝမ်ရှင်းယီသည် ရုတ်တရက်ဆိုသလိုပင် အံ့အားသင့်သော မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။
ယဲ့ရှောင်ချန်းလည်း ကြီးကြီးမားမား ပြောင်းလဲမှု တစ်ခုကို သတိထားမိလိုက်၏။ ဝမ်ရှင်းယီ၏ အသံက ပိုမို ရှင်းလင်းပြီး သန့်စင်လာသလိုပင်။ ရေဒီယို တစ်လုံးလိုဖြစ်ပြီး မည်သည့်ဆူညံသံမှ မရှိပါ။ အသံက အလွန် အေးချမ်းလှ၏။
နောက်ဆုံးတော့ သူ ပြုံးလိုက်မိပါသည်။
ဒါက အသံအရည်အသွေး ပြဿနာ ဖြစ်၏။
ဒီလို အသံ အရည်အသွေးမျိုးနှင့်ဆို မြင့်မားသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပါလိမ့်မည်။
လူတစ်ယောက် စကားပြောနေသလိုမျိုးပဲ ဖြစ်သည်။ ပီပီသသ ပြောခြင်းနှင့် ဟိုမရောက် ဒီမရောက် ပြောဆိုခြင်းက လုံးဝ ခြားနားပါသည်။
"ရှင်းယီ အခု သီချင်းတစ်ပုဒ်လောက် စမ်းဆိုကြည့်ပါလား။”
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
ဝမ်ရှင်းယီက ခေါင်းငြိမ့်လိုက်သည်။ သူမလည်း သူမ၏ အသံတွင် ပြောင်းလဲမှုရှိလာသည်ကို သတိထားမိပါသည်။
မကြာမီ သူမ သီချင်း စဆိုလိုက်သည်။
ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။ အမှန်ပင်။ သူမ အများကြီး တိုးတက်လာခဲ့ပါသည်။
ထိုအချိန်တွင် လီမန်ရောင်က ရုတ်တရက် တံခါးကို တွန်းဖွင့်လိုက်သည်။ ဝမ်ရှင်းယီ၏ အသံကို ကြားသောအခါ သူမ အနည်းငယ် ကြောင်သွားပြီး အံ့အားသင့်သွားခဲ့ရပါသည်။