ထူးဆန်းသော အိမ်မက်
Vol. 20 Ch. 289
ထိုနေ့က ယဲ့ရှောင်ချန်း ဝမ်ရွှေရှန့်အား ဂီတ ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ တိုင်ပင်ခဲ့၏။ ဝမ်ရွှေရှန့်ကလည်း ချက်ချင်း သဘောတူလိုက်ပါသည်။
ဝမ်ရွှေရှန့်က ဖျော်ဖြေရေး လောက ဘယ်လို ဘယ်ဝါဆိုတာ သေချာပေါက် သိသည်။
သူ့ညီမက ရိုးသားလွန်းတာလည်း သိ၏။
အကောင်းဆုံးနည်းလမ်းကတော့ ဂီတ ကုမ္ပဏီတစ်ခု တည််ထောင်ပြီး သူ့ညီမကို ကာကွယ်ပေးဖို့ ဖြစ်ပါသည်။
ချက်ချင်းပဲ ယဲ့ရှောင်ချန်းနှင့် ဝမ်ရွှေရှန့်တို့ ဆွေးနွေးကာ ကုမ္ပဏီကို စတင်တည်ထောင်ဖို့ သန်း ၁၀၀ကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။
လက်ရှိ ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေး ကုမ္ပဏီ၏ အမြတ်ငွေမှာ အလွန် ထိတ်လန့်ဖို့ ကောင်းပါသည်။ အထူးသဖြင့် စူပါအပင်များအား ပျိုးထောင်ရာတွင် ဖြစ်သည်။ ကြီးမားသော စျေးကွက်ရှယ်ယာ ရှိ၏။
ထို့ကြောင့် ဂီတ ကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့ သန်း ၁၀၀ လောက် သုံးလိုက်ရတာက ပြဿနာ မရှိပါ။
အဆိုပါ ပြဿနာကို ဖြေရှင်းပြီးနောက် ယဲ့ရှောင်ချန်းက အပင်များ ပျိုးထောင်မှုကိုသာ အာရုံပြန်စိုက်ထားခဲ့သည်။
သုတေသန အဖွဲ့အစည်းတွင်။
ယဲ့ရှောင်ချန်းက လက်ထဲမှ ဘောပင်ကို ချပြီး ဖုန်းကို ကိုင်လိုက်သည်။
တရုတ်သိပ္ပံကျောင်းတော်မှ ပညာရှင်ကြီး ယန် ခေါ်ဆိုနေခြင်းဖြစ်ပါသည်။
"ရှောင်ချန်း မင်းတစ်ယောက်ယောက်ကိုများ တိုက်ခိုက်ခဲ့သလား။"
ပညာရှင်ကြီးယန်က အရင်မေးလိုက်သည်။
"ဟင် တိုက်ခိုက်တယ်ဟုတ်လား။ မတိုက်ခိုက်ပါဘူး။"
ယဲ့ရှောင်ချန်း ရင်တုန်သွား၏။ ပညာရှင်ကြီးယန်က ဘာမှမစဥ်းစားဘဲ ပြောလိမ့်မည် မဟုတ်ကြောင်း သူသိပါသည်။
"မင်းရဲ့ အခြေအနေကို တစ်ယောက်ယောက်က တိုးတိုးတိတ်တိတ် စောင့်ကြည့်နေတယ် ဆိုတဲ့အကြောင်း ဒါရိုက်တာကြီး ပြောခိုင်းလိုက်တယ်။"
ပညာရှင်ကြီး ယန်က ခေတ္တ တိတ်ဆိတ်သွားပြီး ပြောလိုက်ပါသည်။
"ဘယ်သူကလဲ။"
ယဲ့ရှောင်ချန်း မေးလိုက်၏။
"သဘာဝလွန်အဖွဲ့အစည်းလို့ ခေါ်တဲ့ အသစ် ဖွဲ့စည်းထားတဲ့ ဌာနတစ်ခုလို့ ကြားတာပဲ။ သူတို့ ဘာတွေလုပ်ကြတာလဲဆိုတာ ငါလည်း သေချာ မသိဘူး။"
ပညာရှင်ကြီး ယန်က ပြောလိုက်သည်။
"သြော် ပညာရှင်ကြီးယန် အသိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒါရိုက်တာကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးပါ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသည် တစ်ခုခုကို မသဲမကွဲ ခန့်မှန်းမိပါသည်။ အရင်တစ်ခေါက်က မတော်တဆမှုမှ ပုန်းကွယ်နေသော အန္တရာယ်တစ်ခု ဖြစ်လောက်သည်။
သဘာဝလွန်အဖွဲ့အစည်းက အသစ်ဖွဲ့စည်းထားသော ဌာနတစ်ခုဖြစ်ပြီး ချန်းအိုနှင့် သက်ဆိုင်နေတာ ဖြစ်နိုင်သည်။
ယခု သူ့ကို စောင့်ကြည့်နေကြပြီဆိုတော့ သူတို့ တစ်ခုခုကို သိသွားကြတာဖြစ်နိုင်သည်။
ပြောရရင် လျန်ယူကျူးနဲ့ တခြားသူတွေက အပြင်မထွက်သလောက် ရှားသဖြင့် သူတို့ကို တွေ့သွားနိုင်ချေက အလွန်နည်းပါးသည်။
ထို့ကြောင့် အကြီးမားဆုံး ဖြစ်နိုင်ချေက အင်မော်တယ် စမ်းရေ စားသောက်ဆိုင်ကြောင့် ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ဝိညာဥ်ဖြတ်တောက်ထားသော အင်မော်တယ် အပင်ပစ္စည်းများကို စားသောက်ဆိုင်တွင် အသုံးပြုခဲ့သည်။ သို့သော်လည်း ဝိညာဥ်စွမ်းအင်ကို အပြည့်အဝ မဖယ်ရှားနိုင်သဖြင့် ခပ်ပါးပါး အင်မော်တယ် ရောင်ဝါတော့ သေချာပေါက် ရှိနေနိုင်ပါသေးသည်။ ချန်းအိုလို အင်မော်တယ် ကျင့်ကြံသူ တစ်ယောက်သာဆိုရင် သေချာပေါက် တွေ့ရှိနိုင်ပါသည်။
"ဟား သဘာဝလွန် အဖွဲ့အစည်းက ငါ့ကို စုံစမ်းနေတယ် ဆိုရင်တောင် ငါ့ကို ထိချင်ရင် အစွမ်းအစ ရှိမလား ကြည့်ကြသေးတာပေါ့။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။
သူ့လက်ရှိ အဆက်အသွယ်များနှင့် ရင်းနှီးမြှုပ်နှံမှု အုပ်စုများက ကြီးမားလွန်းနေပါပြီ။ ဧရာမ တောင်ပိုင်းဒေသကြီးသာမက နိုင်ငံတော်ထဲက သူ့လွှမ်းမိုးနိုင်မှုမှာ အလွန် ထိတ်လန့်စရာ ကောင်းပါသည်။
သူက ဒီအဖြစ်အပျက်အားလုံး၏ အချက်အချာကျသော လူတစ်ယောက်ဟု ပြောနိုင်သည်။ ဗဟိုအစိုးရများကတောင် သူ့ကို ထိတွေ့ချင်ပါက ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားတော့ ရှိရပါမည်။
ဘာပဲဖြစ်ဖြစ် သူ့အဆက်အသွယ်များက ကျယ်ပြန့်လွန်းနေပါသည်။
အသစ်ဖွဲ့စည်းထားသော ဌာနတစ်ခုလောက်ကိုတော့ ယဲ့ရှောင်ချန်း လုံးဝ မကြောက်ပါ။
ထို့အပြင် သူကလည်း သာမန်လူ မဟုတ်ပါ။ ချီစွမ်းအင် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်၏။
တကယ်တမ်း သူ ချောင်ပိတ်ခံရပါက သူ့မိသားစုကို ခေါ်ကာ ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ပုန်းအောင်းနိုင်ပါသည်။ ဒါဆို သူတို့ ဘာလုပ်နိုင်ဦးမည်နည်း။
ထို့အပြင် မကြာသေးခင်က စစ်တပ်နှင့်ပါ ယဲ့ရှောင်ချန်းအဆက်အဆံလုပ်နေခဲ့သည်။ ထို့ကြောင့် သူ့မှာ ဝှက်ဖဲများစွာ ရှိပါသည်။
ပညာရှင်ကြီးယန်နှင့် ခေတ္တ စကားပြောပြီးသွားသောအခါ ယဲ့ရှောင်ချန်းက ဖုန်းချလိုက်၏။ ထို့နောက် အထူးစမ်းသပ်နယ်မြေတစ်ခုအတွင်းသို့ ဝင်လာခဲ့ပါသည်။
ဒီနေရာအား လုံခြုံရေးတင်းကြပ်စွာ ကာကွယ်ထား၏။ လက်နက်ကိုင် ရဲတပ်သားများပင် ရှိပါသည်။
သုတေသန အဖွဲ့အစည်းအား အခြေစခန်းထဲသို့ ပြောင်းရွှေ့ပြီးပြီဖြစ်သည်။ နယ်မြေက အလွန်ကြီးမား၏။ ဒီအထူးစမ်းသပ်နယ်မြေမှာ စစ်တပ်နှင့် အတူတူ အလုပ်တွဲလုပ်သော ပရောဂျက်နယ်မြေတစ်ခု ဖြစ်၏။
စစ်တပ်ဖြင့် အလုပ်တွဲ လုပ်နေတာ ဆိုသောကြောင့် စစ်တပ်နှင့်တော့ သက်ဆိုင်ရမည်။
သို့သော် စိုက်ပျိုးရေးက ဘယ်လိုလုပ်ပြီး စစ်တပ်နှင့် သက်ဆိုင်မည်နည်း။
ယဲ့ရှောင်ချန်း မကြာသေးခင်က သုတေသန ပြုလုပ်ခဲ့သည့် စူပါ အပင်တစ်မျိုးနှင့် သက်ဆိုင်နေပါလိမ့်မည်။
တကယ်တော့ သစ်သီးပင်တစ်ပင်၏ သန္ဓေပြောင်းလဲထားသော စူပါအပင်တစ်မျိုး ဖြစ်သည်။ ဒီအပင်မှ ထုတ်လုပ်သော သစ်သီးများသည် စားသောက်နိုင်သော အခြေအနေမှ ကော်လိုမျိုး ဂုဏ်သတ္တိမျိုး ရှိသွားကာ လုံးဝ စားသောက်လို့ မရတော့ပါ။
ဒီလောက်ပဲဆို ဘာမှ မဖြစ်သော်လည်း အဆိုပါ ကော်ဂုဏ်သတ္တိများကို ခဲအောင် ပြုလုပ်လိုက်ပါက အလွန်အမင်း ကာကွယ်နိုင်စွမ်းရှိသော ပစ္စည်းတစ်မျိုး ဖြစ်သွားပါသည်။
၁ မီလီမီတာသာ ထူသည့် ကော်စာရွက်လေး တစ်ရွက်လောက်ကတောင် အရွေ့စွမ်းအင် မြင့်မားသော ကျည်တစ်တောင့်ကို ခံနိုင်ရည်ရှိသည်။ အံ့အားသင့်ဖို့ အကောင်းဆုံးက ထိုကော်စက္ကူမျိုးမှာ ကျည်ဆံကို တောင့်ခံနိုင်ရုံသာမကဘဲ ကျည်ဆံ၏ လုပ်ဆောင်ချက် ပမာဏများကို ပျော်ဝင်သွားစေနိုင်ပြီး အရွေ့စွမ်းအင်ကို စုပ်ယူနိုင်၏။
အလွန်အဓိပ္ပာယ်ရှိပါသည်။
အဆိုပါ သစ်ပင်မှ ထုတ်ယူထားသည့် ကော်များကိုသာ ကျည်ကာ ဝတ်စုံများ လုပ်လိုက်ပါက ဝတ်ဆင်ထားသူကို ကျည်ထိမှန်ရင်တောင် လုံးဝ ဒဏ်ရာရမည် မဟုတ်ပေ။ စွမ်းအားကြီးသည့် အရွေ့စွမ်းအင်ကြီး တစ်ခုကတောင် လူတွေကို ထိခိုက်စေတော့မည် မဟုတ်ပါ။
လက်ရှိ ကျည်ကာ ဝတ်စုံများက ဒီလိုအဆင့်နှင့် အများကြီး ကွာခြား၏။
စစ်တပ်က ဒီစူပါအပင်အကြောင်း ကြားသောအခါ ချက်ချင်းဆိုသလို စိတ်ဝင်စားမှု များပြားလာခဲ့ကြသည်။ ထို့နောက် သူတို့ အလုပ်အတူတူ ပူးပေါင်းတွဲလုပ်ခဲ့ကြ၏။
စဥ်းစားကြည့်ရလျှင် ဒီစူပါ အပင်ကိုသာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးပြီး စစ်တပ်တွင် တပ်ဆင်ဖို့ အမြောက်အများ ထုတ်လုပ်နိုင်ပါက အသေအပျောက် ဘယ်လောက်တောင် လျှော့ချနိုင်မလဲ မပြောနိုင်ပါ။
အခုအချိန်ထိ အသေးစာား ပျိုးထောင်ခြင်းများကို စမ်းသပ်ခြင်း အခြေအနေများအောက်တွင် ဆောင်ရွက်နိုင်နေပါပြီ။
နောက်ဆုံး အတည်ပြု စမ်းသပ်ချက်အား အောင်မြင်ပြီးပြီ ဆိုတာနဲ့ ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။
စစ်တပ်၏ အထပ်လူကြီးများက ဒီစူပါအပင်ကိုသာ အောင်မြင်စွ ပျိုးထောင်နိုင်ပြီး အမြောက်အများ ထုတ်လုပ်နိုင်ပါက ယဲ့ရှောင်ချန်းကို စစ်တပ်တွင် ရာထူးနေရာတစ်ခုဖြင့် ဆုချ ခံရမည်ဟု ကတိပင်ပေးခဲ့ပါသည်။
တကယ်တော့ ဒီလိုအအခြေအနေမျိုးက အလွန် အဖြစ်များပါသည်။ စစ်တပ် သုတေသနနှင့် ဖွံ့ဖြိုးရေးနှင့် ပတ်သတ်သော တချို့ ပရောဂျက်များနှင့် အဖွဲ့အစည်းများတွင် စစ်တပ်ရာထူးများ ချီးမြှင့်ခံရလေ့ ရှိပါသည်။
အခွင့်အာဏာ အစစ်အမှန်ကိုတော့ မရရှိသော်လည်း ကာကွယ်ရေး အလွှာတစ်ခုနှင့် နောက်ခံ တစ်ခု ရရှိလိုက်ခြင်းနှင့် ညီမျှပါသည်။
ညနေပိုင်းကျမှ ယဲ့ရှောင်ချန်း အိမ်ပြန်လာခဲ့သည်။
အဖေနဲ့ အမေတို့က တီဗီကြည့်နေကြ၏။ ယဲ့ရှောင်ချန်း ပြန်လာတာကို မြင်သောအခါ အမေက မေးလိုက်သည်။ "စားပြီးပြီလား။"
"စားပြီးပါပြီ။ အမေတို့ တီဗီဆက်ကြည့်ကြလေ။ ကျွန်တော် အခန်းထဲမှာ ခဏလောက် သွားနားလိုက်ဦးမယ်။”
ဒီနေ့ ယဲ့ရှောင်ချန်း အနည်းငယ် ပင်ပန်းနေပါသည်။ ဘာပဲဖြစ်ဖြစ် စူပါအပင်များ၏ ဖွံ့ဖြိုးမှုအတွက် အစွမ်းမျိုးစုံကို ဆက်တိုက်အသုံးပြုရခြင်းကြောင့် သူ့ဝိညာဥ်စွမ်းအင်နှင့် အင်မော်တယ် အာရုံတို့ကို ဝန်ပိစေပါသည်။
အခန်းထဲ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းက ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ အရင်ဝင်လိုက်၏။ ထို့နောက် ပြန်ထွက်လာပြီး ရေချိုးကာ လှဲအိပ်လိုက်ပါသည်။
ညည့်နက်အချိန်။
ယဲ့ရှောင်ချန်း ရုတ်တရက်မျက်လုံးများ ဖွင့်ကြည့်လိုက်မိသည်။ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်နေသော မျက်နှာထားမျိုး ပေါ်လာသည်။ သူက အခန်းထဲမှာ မဟုတ်တော့ဘဲ ထူးဆန်းသည့် တောင်ကြားတစ်ခုထဲ ရောက်နေပါသည်။
ထူးဆန်းတယ်။ သူ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ။
သြော် အိပ်မက်များလား။
ရုတ်တရက် ဖြစ်နိုင်ခြေ တစ်ခုကို စဥ်းစားလိုက်မိသည်။
ကံမကောင်းစွာဖြင့် အိပ်မက်က စစ်မှန်လွန်းနေသည်။ နိုးထချင်ရင်တောင် နိုးထလို့ မရပါ။
အစကတော့ သူ့အဆင့်နဲ့ဆို အိပ်မက်မက်ဖို့ မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အိပ်မက်ဆိုတာ လူသားကိုယ်ထဲက ဝိညာဥ်က ဝိညာဥ်အသိစိတ်၏ လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်သောအခါ ဖြစ်ပေါ်လာတတ်သော အဖြစ်အပျက်များ ဖြစ်သောကြောင့်ပင်။
ပြောရမည်ဆိုလျှင် ဒီလိုဝိညာဥ်အသိစိတ်မျိုးကို အင်မော်တယ် အာရုံများကို ဖွံ့ဖြိုးရင်း ထိန်းချုပ်နိုင်သည်။
တစ်နည်းအားဖြင့် အိပ်မက်ကို ထိန်းချုပ်နိုင်၏။
သို့သော်လည်း အခုတော့ သူ အိပ်မက် မက်နေပြီး ရပ်တန့်လို့လည်း မရပါ။
ထူးဆန်းလိုက်တာ။
ယဲ့ရှောင်ချန်း တောင်ကြားထဲတွင် လျှောက်ကြည့်လိုက်ပြီး အမည်မဲ့ အုတ်ဂူ ၅ ခုကို ရှာတွေ့ခဲ့သည်။ အုတ်ဂူများပေါ်တွင် ဘာမှ ရေးသားမထားပါ။
ထူးဆန်းလိုက်တာ။
ရုတ်တရက် အုတ်ဂူ ၅ လုံးဘေးတွင် ကျင်းတစ်ခု ရှိနေသည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရသည်။
"လခွမ်း မဟုတ်မှလွဲရော ဒါက ၆ ခုမြောက် အုတ်ဂူအတွက် မြေတွင်းလား။"
ယဲ့ရှောင်ချန်း ဆွံ့အသွားရသည်။
ဘာလို့ ဒီလို ထူးဆန်းတဲ့ အိပ်မက်မျိုး မက်ရတာလဲ။
တောင်ကြားပတ်လည်ကို သူ ကြည့်လိုက်သည်။ အမည်မဲ့ အုတ်ဂူ ၅ လုံးနှင့် မြေတွင်းအပြင် တခြား ဘာမှ ထူးထူးခြားခြား မရှိပါ။
ထို့အပြင် သင်္ချိုင်းထဲမှ သူ ထွက်လာချင်သော်လည်း ထွက်လာလို့ မရပါ။
အလွန်နေရခက်သည့် ခံစားချက်မျိုးကြီး ဖြစ်သည်။
ဘယ်လောက်ကြာသွားမှန်းမသိလိုက်ဘဲ ယဲ့ရှောင်ချန်း အလွန်ပင်ပန်းလာခဲ့၏။ မသိစိတ်ဖြင့် မြေတွင်းကြီးထဲ လှဲလျောင်းကာ အိပ်ပျော်သွားခဲ့ပါသည်။
ရုတ်တရက် သူ့မျက်လုံး ပြန်ပွင့်လာပြီး အိပ်ယာထဲတွင် လှဲနေလျက်သားဖြစ်နေသည်ကို မြင်လိုက်ရပါသည်။ သူနိုးလာပါပြီ။ အပြင်ဘက်မှာ အရုဏ်ပင် တက်နေလေပြီ။
"ခေါင်းကိုက်လိုက်တာကွာ။"
ယဲ့ရှောင်ချန်း မျက်ခုံးပွတ်လိုက်သည်။ သူ တစ်ညလုံး မအိပ်ရသေးသလို ခံစားနေရ၏။ မနေ့ကထက်ပင် ပိုပင်ပန်းနေပါသေးသည်။
သူ စတင်ကျင့်ကြံကတည်းက တစ်ခါမှ မဖြစ်ဖူးသော အရာမျိုး ဖြစ်သည်။
ထို့အပြင် သူ့အိပ်မက်ထဲက မြင်ကွင်းများက ဝေဝါးလာခဲ့သည်။ တောင်ကြားတစ်ခု... တောင်ကြားထဲမှာ ဘာတွေ့ခဲ့တာလဲ။
ယဲ့ရှောင်ချန်း မမှတ်မိတော့ပေ။