အင်မော်တယ်တစ်ပိုင်း မြက်ပင်
Vol. 20 Ch. 291
ကျည်ဆံ တစ်တွဲလုံး ပစ်ခတ်ပြီးသောအခါ စက်သေနတ်သံကြီး နောက်ဆုံးတော့ တိတ်ဆိတ်သွားခဲ့ပါပြီ။
ယဲ့ရှောင်ချန်းနှင့် ကျူးရှောင်းတို့ ရှေ့တက်လာပြီး လူရုပ်ကို စစ်ဆေးကြည့်လိုက်ကြ၏။
အရင် စက်သေနတ်ငယ်များနှင့် ယှဥ်လျှင် ကျည်ကာ ဝတ်စုံက မရွေ့သေးသော်လည်း အရာများက ပိုထင်ရှားလာ၏။
လူရုပ်ထဲက ဆင်ဆာ ဒေတာများကို စစ်ဆေးပြီးနော်က ကျူးရှောင်း ပြုံးလိုက်မိပါသည်။
"ကောင်းလိုက်တာ အားနည်းသွားတဲ့ ကျည်ဆံကြောင့် လူသားအပေါ် ထိခိုက်နိုင်စွမ်းက ဘေးကင်းတဲ့ ပမာဏမှာပဲ ရှိတယ်။"
ဒါက ဘာကို ဆိုလိုသနည်း။
ဆိုလိုသည်က ဒီခန္ဓာကိုယ်အပြည့် ကျည်ကာ ဝတ်စုံကို ဝတ်လိုက်သူတိုင်းက စက်သေနတ် ပစ်ချက်များကို ခံနိုင်ရည်ရှိရုံသာမကဘဲ အထိအခိုက်လည်း ရှိမည်မဟုတ်ပါ။ အများဆုံး နာကျင်မှုသာ ခံစားရနိုင်၏။
"မစ္စတာယဲ့ မင်းပျိုးထောင်တဲ့ စူပါအပင်က တကယ် အဖိုးတန်တာပဲ။ စစ်တပ်ကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်ကွာ။”
ကျူးရှောင်းက စိတ်လှုပ်ရှားစွာဖြင့် ယဲ့ရှောင်ချန်းကို လက်ကမ်းပေးလိုက်ပါသည်။
"ဗိုလ်ချုပ်ကြီး ကျူး။ ဒါက ကျွန်တော့် တာဝန်ပါပဲဗျာ။”
ယဲ့ရှောင်ချန်း ပြုံးလိုက်ပါသည်။
ကိစ္စတချို့ ပြောပြီးနောက် ယဲ့ရှောင်ချန်း စစ်တပ်စခန်းထဲမှ ထွက်လာခဲ့ပါသည်။
ကျူးရှောင်းက အစည်းအဝေးခန်းတစ်ခုထဲသို့ ရောက်လာပြီး အထက်လူကြီးများအား သူ့စမ်းသပ်ချက် ရလဒ်ကို စတင် တင်ပြခဲ့ပါသည်။
ဧရာမ ဖန်သားပြင်ကြီးပေါ်တွင် စစ်တပ် ခေါင်းဆောင်များက မတူညီသော အစည်းအဝေးခန်းတွေထဲ ထိုင်နေကြ၏။
ဒါက ဗီဒီယိုဖြင့် အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါသည်။
နိုင်ငံတော်ထဲက စစ်တပ်နယ်မြေအားလုံး၊ လက်နက်ကိုင် ရဲတပ်သား ဌာနချုပ်၊ အထွေထွေ လက်နက်ကိုင်ဆောင်ရေးနှင့် စစ်ခေါင်းဆောင်းများ အားလုံး ရှိနေကြပါသည်။
ဒီအစည်းအဝေးပွဲ၏ အကြောင်းအရာက အသေးအဖွဲ့ကိစ္စ မဟုတ်သောကြောင့်လည်း ဖြစ်သည်။
ကျူးရှောင်းက အရင်ဆုံး ဒီစမ်းသပ်ချက်၏ အခြေအနေ အစစ်အမှန်ကို အသေးစိတ် ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ ဒေတာများကို ပို့ပေးလိုက်၏။
ထိုအခါ အစည်းအဝေးမှ စစ်ခေါင်းဆောင်များစွာ တုန်လှုပ်သွားရပါသည်။
မကြာမီ ထိုစစ်တပ်ခေါင်းဆောင်များက အနာဂတ်တွင် ပြုပြင်ပြောင်းလဲနိုင်မှုများအတွက် ရှယ်ယာရဖို့ စတင်တိုက်ခိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုကျည်ကာ ဝတ်စုံမျိုးကို ထုတ်လုပ်လျှင် အများကြီးရှိနိုင်မည် မဟုတ်ပါ။ သူတို့အားလုံးက ဒီလိုကျည်ကာမျိုးကို ပထမဆုံး ဝတ်ဆင်ချင်နေကြပါသည်။
ကျူးရှောင်းက ထိုစစ်ခေါင်းဆောင်များ တိုက်ခိုက်နေကြသည်ကို ဘာမျက်နှာထားမှ မရှိဘဲ စောင့်ကြည့်နေခဲ့ပါသည်။ အငြင်းပွားမှုကြီးက စစ်ခေါင်းဆောင်တစ်ယောက် ဝင်ပြောမှ ရပ်တန့်သွားလေသည်။
"ဘာတွေ တိုက်ခိုက်ဖို့ လိုလို့လဲ။ ဒီလို ကျည်ကာ ဝတ်စုံကို ထုတ်လုပ်ပြီးရင် ယူနစ်တစ်ခုစီရဲ့ အထူးတပ်ဖွဲ့တွေကို အရင်ဆုံး ဆင်ပေးလိုက်ကြပေါ့။"
အထူးတပ်ဖွဲ့များတွင် လူအများကြီး မရှိပါ။ ဒီလိုဆို အားလုံး အညီအမျှ ရနိုင်၏။
ထို့အပြင် အထူးတပ်ဖွဲ့များက တိုက်ပွဲတွင် အသုံးအများဆုံး တပ်ဖွဲ့များ ဖြစ်ကြပါသည်။
တကယ်တော့ တိုက်ခိုက်ရေး မစ်ရှင်များတွင် လက်ရှိ သာမန်စစ်တပ် ပါဝင်နှုန်းက အလွန် နည်းပါး၏။ အထူးတပ်ဖွဲ့များကသာ လုပ်ဆောင်သွားလေ့ ရှိသည်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိနိုင်ငံတကာ အခြေအနေမျိုးနဲ့ဆို တိုက်ပွဲ ကြီးကြီးမားမားမျိုး ဖြစ်လာနိုင်ခြေက အလွန်နည်းပါးပြီး ပြည်တွင်း ပဋိပက္ခများကလည်း မရှိသလောက် နည်းသဖြင့် အထူးတပ်ဖွဲ့များကို ပထမဆုံး ရွေးချယ်ရပါမည်။
"အရာရှိတို့။ ဒီစူပါကော်ကို ကျည်ကာ ဝတ်စုံ ထုတ်လုပ်ဖို့အတွက် အသုံးပြုနိုင်တယ်။ ကာကွယ်ရေး ဝတ်စုံ အလွှာတွေကို ထပ်ရာတွင်လည်း အသုံးပြုလို့ရပါတယ်။"
ကျူးရှောင်းက ရုတ်တရက် ပြောလိုက်သည်။
အရာရှိအားလုံး၏ မျက်လုံးများ ဝိုင်းစက်သွားရသည်။
ကျည်ကာ ဝတ်စုံ သက်သက်သာဆို အလွန်ကောင်းမွန်သော်လည်း အဆင့်တော့ နည်းနည်း နိမ့်ကျနေပါသေးသည်။
ကာကွယ်ရေးဝတ်စုံများကတော့ စစ်တပ် လက်နက်အပိုင်းတွင် အရေးအကြီးဆုံး နယ်ပယ် ဖြစ်၏။
ကာကွယ်ရေးဝတ်စုံလေး တစ်ခုတည်းနှင့် ကြီးမားသည့် လုပ်ငန်းစနစ်ကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်သည်။ ထို့အပြင် နိုင်ငံတော် တစ်ခု၏ စစ်တပ်စံနှုန်းများကို သတ်မှတ်ပေးသည်။
"ကျွန်တော် သေသေချာချာ လေ့လာပြီးပါပြီ။ ဒီကော်ရဲ့ တည်ဆောက်ပုံက အရမ်းထူးခြားတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ အရွေ့စွမ်းအင်ကို အရမ်းမြင့်မားတဲ့ ထိရောက်နှုန်းနဲ့ စုပ်ယူနိုင်ပါတယ်။ ၉၉ ရာခိုင်နှုန်းကျော်လောက်ကို စုပ်ယူနိုင်တယ်။ သံချပ်ကာတွေကို အလွှာထပ်ဖို့သာ အသုံးပြုရင် ဒီကော်ရဲ့ စွမ်းရည်က သံချပ်ကာကို ကြီးကြီးမားမား အကာအကွယ်ပေးနိုင်မှာပါ..."
ကျုူးရှောင်းက အာမခံစွာ ပြောလိုက်ပါသည်။
လေတပ်အပိုင်းမှာပင် စူပါကော်အသုံးချမှုကို ပြောခဲ့သည်။
"ကောင်းပြီ ငါတို့ ကာကွယ်ရေး သံချပ်ကာတွေကို အဆင့်တစ်ခုထိ မြှင့်တင်နိုင်ရင် ငါတို့ နိုင်ငံတော်အတွက် သိပ်ကောင်းမှာပဲ။"
စစ်တပ်အရာရှိတစ်ဦးက စိတ်သက်သာရာရာစွာ ပြောလိုက်ပါသည်။.
"ဒါဆို ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းအတွက် ဘယ်လို စစ်တပ်ရာထူးမျိုးက သင့်တော်မလဲ ဆွေးနွေးကြရအောင်လား။”
စစ်တပ်ကော်မရှင်မှ အရာရှိတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်ပါသည်။
အားလုံး၏ မျက်နှာထားများက တည်တံ့သွားကြသည်။ ပရော်ဖက်ရှင်နယ် မဆန်သည့် စစ်သားများကို စစ်တပ်ရာထူး ပေးအပ်ဖို့က ပုံမှန်ဆို အဆင်မပြေပါ။
"ဗိုလ်မှူးဆိုရင်ကော..."
တစ်ယောက်က အကြံပေးလိုက်၏။
"နိမ့်ကျလွန်းတယ်။ အနည်းဆုံးတော့ သူ့ကို ဗိုလ်မှူးကြီးအဆင့်လောက် ပေးသင့်တယ်။ သူ့ရဲ့ အထောက်အကူပြုမှုနဲ့ဆိုရင် ဗိုလ်ချုပ်ကြီး အဆင့်အထိတောင် ရာထူးတိုးပေးလို့ရတယ်။"
စစ်တပ်ထဲမှ အရာရှိတစ်ဦးက ပြောလိုက်ပါသည်။
"ဟုတ်တယ်။ ကျည်ကာဝတ်စုံအတွက်ပဲ ဆိုရင်တော့ ဒုတိယဗိုလ်မှူးအဖြစ် ရာထူးပေးလို့ရတယ်။ ဒါပေမယ့် သံချပ်ကာတွေပါ ပါလာရင်တော့ သူ့ရဲ့ အထောက်အကူပြုမှုက အရမ်းကြီးမားသွားပြီ။ အနည်းဆုံးတော့ ငါတို့စစ်တပ်အတွက် အရေးပါမှုကို ပြသဖို့အတွက် ဗိုလ်မှူးကြီးရာထူး ပေးသင့်တယ်။"
စစ်တပ်ကော်မရှင်မှ အရာရှိက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ငါ့အမြင်မှာတော့ လောလောဆယ် ခဏလောက် မေ့ထားကြလိုက်ရအောင်။ သံချပ်ကာတွေရဲ့ ရလဒ်ထွက်လာမှ ပြောကြတာပေါ့။"
တစ်စုံတစ်ဦးက အကြံပေးလိုက်ပါသည်။
ဒီလိုနဲ့ စစ်တပ်အရာရှိများစွာ ဆွေးနွေးပြီးကြသောအခါ စစ်တပ်ရာထူး ပေးအပ်ဖို့ကို ခေတ္တ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။
...
ယဲ့ရှောင်ချန်းကတော့ စစ်တပ်၏ ဆွေးနွေးမှုကို မသိခဲ့ပါ။ သိရင်လည်း သူက ဒါကို ဂရုစိုက်မည် မဟုတ်ပေ။
နောက်ဆုံးတော့လည်း စစ်တပ်ရာထူးဆိုတာ သူ့အတွက် ဘွဲ့တစ်ခုသက်သက်သာဖြစ်သည်။
သူ့အခြေခံက စိုက်ပျိုးရေးသာ ဖြစ်၏။
ဒီလို အဆင့်အတန်းနဲ့ အာရုံစိုက်မှုမျိုးကို ဘာကြောင့် ရလာခဲ့တာလဲ။ သူ့စိုက်ပျိုးရေး စွမ်းရည်တွေကြောင့်ပဲ မဟုတ်ဘူးလား။
အင်မော်တယ် လောကက အင်မော်တယ်တွေ ဘာကြောင့်သူ့ကို အရမ်းယဥ်ကျေးပြနေကြတာလဲ။ သူ့စိုက်ပျိုးရေးစွမ်းရည်ကြောင့်ပဲ မဟုတ်ဘူးလား။
ထို့ကြောင့် နောက်ဆုံးမှာတော့ သူ့အဆင့်အတန်းကို တိုးမြှင့်ချင်လျှင် သူ လုပ်ဖို့ လိုအပ်တာက သူ့စိုက်ပျိုးရေး စွမ်းရည်များကို အဆင့်မြှင့်တင်ဖို့သာ ဖြစ်ပါသည်။
အချိန်များ ကုန်လွန်သွားသောအခါ ထိုထူးဆန်းသည့် အိပ်မက်၏ လွှမ်းမိုးမှု တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူထိုအကြောင်း မစဥ်းစားမိတော့ပါ။
ယခုအခါ သူ့ရဲ့ ရှန်းနုန်ပါရမီက အများကြီး တိုးတက်သွားပြီ ဖြစ်သဖြင့် သူ့အားအင် အားလုံးကို စိုက်ပျိုးရေးတွင်သာ စုစည်းထားခဲ့ပါသည်။
အထူးသဖြင့် အင်မော်တယ် အပင်များ ပျိုးထောင်ဖို့ဖြစ်၏။
သူ့မှာ ပန်းတိုင်နှစ်ခုရှိပြီးသား ဖြစ်သည်။ အဝါရောင်အဆင့် အင်မော်တယ် အပင်များကို အလယ်အဆင့် အရည်အသွေးအဖြစ် အဆင့်မြှင့်တင်ဖို့နှင့် ဆန်းကြယ်အင်မော်တယ် အပင်များကို အဆင့်နိမ့် အရည်အသွေးအဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ ဖြစ်ပါသည်။
သာမန်အပင်များကို အင်မော်တယ် အပင်များအဖြစ် ပြောင်းလဲဖို့ အကြံအပြည့်အစုံ တစ်ခုရှိထားပြီး နည်းပညာ ထောက်ပံ့မှုလည်း ရထားပြီးပြီ ဖြစ်ပါသည်။
ထိုအိပ်မက်မက်ပြီး အသိပညာများကို ဆက်ခံပြီးနောက် သူ့စိုက်ပျိုးရေး စွမ်းရည်က ခုန်တက်သွားခဲ့သည်ဟု ပြောနိုင်သည်။
အခက်အခဲများစွာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့၏။
ဒီနေ့။
ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်းက ဖွံ့ဖြိုးခြင်း အနုပညာကို သုံးပြီး မြက်ပင်တစ်ပင်ကို ဖွံ့ဖြိုးလိုက်သောအခါ လုံလုံလောက်လောက် ကြီးမားသော အရွယ်အစားအဖြစ် ဖွံ့ဖြိုးလာခဲ့ပါသည်။
မြက်ပင်၏ အရှိန်အဝါက လုံးဝ တည်ငြိမ်သွားခဲ့ပါသည်။
"ဆက်လုပ်မယ်။"
ယဲ့ရှောင်ချန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူ့လက်ချောင်းကလေးများ ကခုန်လိုက်သောအခါ အလင်းရောင်တန်းများ အဆုံးမရှိ စီးဆင်းလာခဲ့၏။
ဖွံ့ဖြိုးခြင်း နည်းလမ်းတစ်ခုသာ ဖြစ်သော်လည်း သူ့ပြောင်းလဲမှုအောက်တွင် အာနိသင်မျိုးစုံ ထုတ်လုပ်နိုင်နေပါပြီ။
အစွမ်းအားလုံးက ပုံမှန်မဟုတ်ဘဲ အလွန်အမင်းရှုပ်ထွေးသည့် ပြောင်းလဲခြင်းများ ရှိသည်။
လူတချို့သာဆို အခြေခံကျသည့် နည်းလမ်းများကိုသာ နားလည်နိုင်သည်။ နားလည်နိုင်စွမ်းမြင့်သည့် လူများကသာ အခြေခံများ၏ ပြောင်းလဲမှုကို တွေ့နိုင်မည် ဖြစ်သည်။
ယဲ့ရှောင်ချန်းလို အဆင့်မြင့် စိုက်ပျိုးရေး အသိပညာကို နားလည်ထားပြီး ရှန်းနုန်ပါရမီရှိသူမျိုးက ပို၍ပင် စွမ်းအားကြီးသေးသည်။ ပြောင်းလဲမှုမျိုးစုံတို့က အဆုံးမဲ့၏။ ထို့အပြင် ပေါင်းစပ်လိုက်သောအခါ မှော်ဆန်သည့်အရာ တစ်မျိုးအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။
မကြာမီ အပင်က ပန်းပွင့်ပြီး အသီးသီးလာ၏။
ယဲ့ရှောင်ချန်း၏ လက်ချောင်းများ လှုပ်ရှားသွားပြီး မှည့်နေသည့် မျိုးစေ့များက သူ့လက်ထဲ ကျလာသည်။
သူ့မျက်လုံးကို မှေးလိုက်ပြီး မျိုးစေ့ကို ဖွံ့ဖြိုးဖို့ တိုက်တွန်းမှုကို ရပ်တန့်လိုက်ပါသည်။ ထို့အစား မျိုးစေ့တစ်ခု၏ ဖွံ့ဖြိုးမှုကို တိုက်ရိုက် အရှိန်မြှင့်တင်လိုက်၏။
လက်ရှိ သူ့ စိုက်ပျိုးရေး စွမ်းရည်များက အလွန်ပြောင်မြောက်လွန်းနေပြီ ဖြစ်သဖြင့် အင်မော်တယ် မျိုးစေ့သန်ဆေးရည်ကိုပင် သုံးစရာ မလိုပါ။ သူ့ကိုယ်ပိုင်စွမ်းရည်ဖြင့် ဖွံ့ဖြိုးမှုကို ပြီးပြည့်စုံစွာ အရှိန်တိုးမြှင့်နိုင်ပါပပြီ။
မကြာမီ မျိုးစေ့က အမြစ်တွယ်ကာ အပင်ပေါက်လာခဲ့ပြီး လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
ထူးဆန်းစွာဖြင့် ထိုအပင်ပေါက်တွင် ဝိညာဥ်စွမ်းအင်နှင့် အင်မော်တယ်ချီ ခံစားချက်မျိုး ပေးစွမ်းနေသည်။
ဒီအပင်က သူအရင်ပျိုးထောင်ခဲ့ဖူးသည့် အပင်များနှင့် လုံးဝ ခြားနားပါသည်။ အင်မော်တယ် အပင်တစ်ပင် ဖြစ်လာသည့်အတိုင်းပင်။
ယဲ့ရှောင်ချန်း၏ မျက်လုံးများ အရောင်လက်သွား၏။ ထိုအပင်ပေါက်၏ အချက်အလက်များစွာ ပေါ်လာခဲ့ပါသည်။
သူ့မျက်နှာပေါ်တွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့၏။
ဒီအပင်က အင်မော်တယ် အပင်တစ်ပင်အဖြစ် ပြောင်းလဲသွားပါပြီ။ အဆင့်အနိမ့်ဆုံး ဖြစ်ပြီိး အဝါရောင်အဆင့်တောင်မရှိသော်လည်း ကြီးမားသည့် အောင်မြင်မှုကြီးတစ်ခုဖြစ်ပါသည်။
"နောက်တစ်ခု။ ဖွံ့ဖြိုးခြင်းကို ဆက်တိုက် အရှိန်မြှင့်နိုင်ရင် ဒီအပင်ကို အဝါရောင်အတန်းအစား အဆင့် ၁ အင်မော်တယ် အပင်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲနိုင်လိမ့်မယ်။"
ယဲ့ရှောင်ချန်း၏ မျက်လုံးများ အရောင်လက်သွားခဲ့ပါသည်။