ထိုးထွင်းသိမြင်မှုကို စမ်းသပ်ခြင်း
Vol. 28 Ch. 379
ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ဆိုတာက အပြင်စည်း တက္ကသိုလ် ကျောင်းသားတွေ ထဲမှာဆိုရင် နိမ့်ကျတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သည်ဘက် ရာစုနှစ်တွေမှာဆိုရင် တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ဟာ ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ကိုမှ လက်မခံခဲ့ပါဘူး။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို လီဖူချန်း မရောက်ခင် အချိန်အထိ ကျောင်းတော်က လက်ခံတဲ့ အနိမ့်ဆုံး အရိုးတည်ဆောက်ပုံဟာ ကြယ်၄ပွင့် ဖြစ်ပါတယ်။
ဒါပေမဲ့ လီဖူချန်း အတွက်ကတော့ သည်ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံနဲ့တင် အတော်လေး လုံလောက်နေပါပြီ။
လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်က အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ကျင့်ကြံမှုဟာ ပိုပြီး မြန်နိုင်စရာ အကြောင်းမရှိတော့ပါဘူး။ လီဖူချန်းအနေနဲ့ သူ့ရဲ့ ကျင့်ကြံမှုနှုန်းကို ပိုမြန်ချင်ရင်တော့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ရင် ကျင့် ဒါမှမဟုတ် သူ့ရဲ့ အရိုးတည်ဆောက်ပုံကို အဆင့်မြှင့်ရင်မြှင့်ပဲ ရှိပါတယ်။ သည်နှစ်ခုထဲက တစ်ခုကို လုပ်ဆောင်နိုင်မှသာ သူ့ရဲ့ ကျင်ကြံမှုနှုန်းက မြန်လာ နိုင်တော့မှာပါ။
သာမန်အချိန်တွေမှာ ဆိုရင်တော့ အဆင့်ပိုမြင့်တဲ့ အတွင်းအားကျင့်စဉ်နဲ့ သူ့ရဲ့ ကျင့်ကြံမှုကို မြန်စေတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူကျင့်လက်စ ဖြစ်နေတဲ့ အတွင်းအား ကျင့်စဉ်ထက် ပိုအဆင့်မြင့်တဲ့ အတွင်းအား ကျင့်စဉ်ကို ရှာလို့ မရတော့ရင်တော့ လီဖူချန်းဟာ သူ့ရဲ့ အရိုး တည်ဆောက်ပုံကို အဆင်မြှင့်ဖို့အတွက် သေချာပေါက် လိုအပ်လာပါပြီ။
ကံကောင်းတာ တစ်ခုကတော့ အချိန်ကိုက်ဆိုသလို လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံဟာ လိပ်ပြာ သန့်စင်ဆေး အစွမ်းနဲ့ ကြယ်၃ပွင့်အဆင့်ကို ရောက်လာခဲ့တာပါပဲ။
အစစ်အမှန်နဂါး အမှတ်တံဆိပ်၊ အစစ်အမှန် ငရဲမီးတောက်ချီ အတွင်းအားကျင့်စဉ်ရဲ့ အမြင့်ဆုံး အဆင့်နဲ့ ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ တို့ရဲ့ အစွမ်းကြောင့် လီဖူချန်းရဲ့ ကျင်ကြံမှုနှုန်းဟာ အရှေ့ယူနီကွန်းတိုက်မှာ တုန်းကထက်ကို နှစ်ဆတိတိ ပိုမြန်လာခဲ့ပါတယ်။ ဒါက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ရှိတဲ့ ချီအရည်အသွေး ကောင်းမွန်မှုနဲ့လည်း အနည်းငယ် သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။
လီဖူချန်း တစ်ယောက် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ တရားဝင် အပြင်စည်း ကျောင်းသား ဖြစ်ပြီးလို့ တစ်လပြည့်တဲ့နေ့မှာပဲ သူ့ရဲ့ ကျင့်ကြံမှုဟာ ကောင်းကင်နယ်ပယ် အဆင့်၉ကို ရောက်သွားခဲ့ပါတယ်။
" ငါ အတန်း တက်ဖို့ အချိန်တန်ပြီပဲ။ ငါတက်ရမယ့်အတန်းက အတန်း(က)ရဲ့ တန်းခွဲ၇ ထင်တယ် "
ကောင်းကင်နယ်ပယ် အဆင့်၉ ရောက်ပြီးလို့ နောက်တစ်နေ့မှာတော့ လီဖူချန်းဟာ အတန်းသွားတက်ဖို့ အတွက် ဆုံးဖြတ်လိုက်ပါပြီ။
အပြင်စည်း တက္ကသိုလ်ရဲ့ အတန်းတွေကို (က)အတန်းနဲ့ (ခ) အတန်းဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ (က)အတန်းမှာတော့ တန်းခွဲ၇ခု ရှိပြီး (ခ) အတန်းမှာတော့ တန်းခွဲ ၄၃ခု ရှိပါတယ်။
သည်လို အတန်းနှစ်မျိုး ခွဲလိုက်တာက ကျောင်းသား တစ်ယောက်ရဲ့ ကျင့်ကြံခြင်းနယ်ပယ် ဒါမှမဟုတ် လက်ရှိစွမ်းရည်နဲ့ လိုက်ပြီး ခွဲတာတော့မဟုတ်ပါဘူး။ ဒါက ကျောင်းသား တစ်ယောက်ရဲ့ အသက်အရွယ်နဲ့ ပါရမီ အလားအလာကို လိုက်ပြီး ခွဲထားတာပါ။
ဥပမာအားဖြင့် ပြရမယ်ဆိုရင်တော့ လျိုယန်ပါပဲ။ လျိုယန်ဟာ ကျင့်ကြံခြင်း အဆင့် မမြင့်ပေမယ့်လည်း သူ့ရဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်ကြောင့် လီဖူချန်းနဲ့ မတွေ့ခင်ကတည်းက (က)အတန်းရဲ့ တန်းခွဲ၅မှာ တက်ရောက်ခွင့် ရထားပြီးပါပြီ။ လျိုယန်ထက် ပိုအစွမ်းထက်တဲ့ လက်ရွေးစင် ကျောင်းသားတွေ တော်တော်များများ ရှိပေမယ့်လည်း အဲသည် ကျောင်းသားတွေဟာ အသက်အရွယ် ကြီးနေပြီ ဖြစ်တဲ့အတွက် (ခ) အတန်းမှာပဲ တက်ရောက်ခွင့် ရကြပါတယ်။
လီဖူချန်းကတော့ သူဟာ (က)အတန်းရဲ့ တန်းခွဲ၇မှာ တက်ရောက်ခွင့်ရတယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်လကတည်းက သိထားပြီးပါပြီ။ဒါပေမဲ့လည်း သူက သည်တစ်လလုံးမှာ နေဝန်းစိမ်း ဓားဆန္ဒနဲ့ အလုပ်များနေတဲ့အတွက် အတန်းကို တစ်ခါလေးတောင် သွားမတက်ခဲ့ပါဘူး။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ သင်ကြားခြင်း နည်းစနစ်ကတော့ အရမ်းကို လွတ်လပ် လွန်းပါတယ်။ အတန်းတက်မယ်၊ မတက်ဘူးဆိုတာ ကျောင်းသားတွေရဲ့ သဘောပါပဲ။ တစ်နှစ်ပတ်လုံး အတန်း လာမတက်ရင်လည်း ဘယ်သူမှ အပြစ်ပြောမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း လူငယ်တွေအနေနဲ့ သည်သိုင်း တက္ကသိုလ်ကို လာတက်ရတဲ့ အကြောင်းအရင်းက ဆရာတွေရဲ့ နည်းပေး လမ်းပြမှုနဲ့ အဆင့်မြင့် ပညာရပ်တွေကို လိုချင်လို့ပဲ ဖြစ်ပါတယ်။ လီဖူချန်းလို တစ်လလုံးလုံး အတန်းမတက်တဲ့ ကျောင်းသားကတော့ မရှိသလောက်ပါပဲ။
အချိန်အနည်းငယ်အကြာမှာတော့ လီဖူချန်းဟာ (က)အတန်း ၊တန်းခွဲ၇ရဲ့ အဝင်ဝကို ရောက်လာခဲ့ပါပြီ။
(က)အတန်းရဲ့ တန်းခွဲ၇ကတော့ ခြံဝင်းကျယ်ကြီး တစ်ခုပါပဲ။ အထဲမှာတော့ ရိုးရှင်းလှတဲ့ စာသင်ခန်း တစ်ခုနဲ့ လေ့ကျင့်ရေး ကွင်းပြင်တစ်ခု ရှိပါတယ်။
လီဖူချန်း ရောက်လာတဲ့အခါမှာတော့ (က)အတန်း ၊တန်းခွဲ၇ရဲ့ ဆရာက သူ့ရဲ့သင်ခန်းစာကို စနေပါပြီ။ လီဖူချန်း ရောက်လာမှုက သူ့ရဲ့ သင်ကြားမှုကို ခေတ္တခဏ ရပ်တန့် သွားစေပါတယ်။
" မင်းက လီဖူချန်းလား "
စုချွန်ရန်က အဝင်ဝမှာ ရပ်နေတဲ့ လီဖူချန်းကို မေးလိုက်ပါတယ်။ အပြင်စည်း တက္ကသိုလ်က တစ်ပတ်နေမှ သင်ခန်းစာ နှစ်ခေါက် ပို့ချတာပါ။ ဒါပေမဲ့ တက္ကသိုလ်စဖွင့်ချိန်ကစပြီး အခုချိန်အထိ အတန်းချိန်တစ်ခါမှ လာမတက်တဲ့ ကျောင်းသားရဲ့ နာမည်ကိုတော့ သူကောင်းကောင်းကြီး မှတ်မိပါတယ်။ အဲသည် ကျောင်းသားကတော့ လီဖူချန်းပါပဲ။
" ဟုတ်ပါတယ် ဆရာ ...။ ကျွန်တော် လီဖူချန်းပါ "
လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပါတယ်။
" ဝင်လာခဲ့ ...။ လွတ်တဲ့နေရာမှာ ဝင်ထိုင် '"
စုချွန်ရန်က လီဖူချန်းကို အနည်းငယ် မကျေမနပ် ဖြစ်မိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း သူက လီဖူချန်းကို အနေခက်အောင် မပြုမူခဲ့ပါဘူး။
စာသင်ခန်းထဲမှာတော့ ထိုင်ခုံအလုံး၂၀ ရှိနေပြီး ထိုင်ခုံ တစ်ခုနဲ့ တစ်ခုကြားမှာ အတော်လေး ခြားထား ပေးပါတယ်။ ထိုင်ခုံတစ်ခုက လွဲပြီး အခြားသော ထိုင်ခုံ ၁၉ခုံမှာတော့ ကျောင်းသူ၊ ကျောင်းသားတွေ ပြည့်နှင့်နေပါပြီ။
ဗေဒင်မေးနေစရာ မလိုတော့ပါဘူး။ အဲသည်လွတ်နေတဲ့ ခုံက လီဖူချန်းရဲ့ ထိုင်ခုံပါပဲ။
( က )အတန်း၊ တန်းခွဲ၇ရဲ့ ကျောင်းသူ၊ကျောင်းသားတွေကတော့ လီဖူချန်းကို သေသေချာချာ အကဲခတ် နေကြပါတယ်။
" အဲသည်ကောင်က လီဖူချန်းဆိုတာလား ...။ ငါကြားတာကတော့ အဲသည်ကောင်က ကောင်းကင် မျှော်စင်ရဲ့ ပဉ္စမအထပ်ကို ဖြတ်ကျော်နိုင်တဲ့ ကျောင်းသားသစ် လေးယောက်ထဲက တစ်ယောက်ဆို "
" ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမအထပ်ကို ဖြတ်ကျော်နိုင်တာက ဘာဆန်းလို့လဲ ...။ အပြင်စည်း တက္ကသိုလ် ကျောင်းသားတွေထဲမှာတောင်မှ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမအထပ်ကို ဖြတ်ကျော် နိုင်သူတွေက ၁၀၀လောက် ရှိနေတာပဲ "
" သည်ကောင်က အတန်းချိန်ကို တစ်လလုံးလုံး လာမတက်ဘူးဆိုတော့ သူ့ကိုယ်သူ အရမ်းစိတ်ကြီး ဝင်နေတာ ဖြစ်ရမယ် "
" သူက ဆရာတွေရဲ့ နည်းပေးလမ်းပြမှုကို မလိုတဲ့အတွက် အတန်း လာမတက်တာလည်း ဖြစ်နိုင်တာပဲ။ သူ မြေကမ္ဘာအဆင့် ပညာရပ်တွေကို လိုချင်လို့ ကျောင်းလာတက်တာ ဆိုရင်ကော "
"လခွီး ... မြေကမ္ဘာအဆင့် ပညာရပ်တွေက ပါးစပ်ကနေ ပြောတော့သာ လွယ်တာကွ။ တကယ် လေ့ကျင့်ရင် ဘယ်လောက်ခက်သလဲ ဆိုတာကို အားလုံးအသိပဲ။ သည်ကောင်က ဆရာမပါဘဲ လေ့ကျင့်ရအောင် သူ့ကိုယ်သူ ဘာထင်နေတာလဲ "
"ငါတို့ အပြင်စည်း ကျောင်းသားတွေက မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာတွေကို ရဖို့တာ လွယ်ပေမဲ့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်တွေ့ကို ရဖိုတော့ မလွယ်ဘူး။ ထိပ်တန်း စာရင်းဝင် ကျောင်းသားတွေထဲက ထိပ်ဆုံးကျောင်းသား သုံးယောက်ပဲ မြေကမ္ဘာ အဆင့်နိမ့် သိုင်းကျမ်းတွေကို ရယူခွင့်ရှိတာ။ သည်ကောင့်ရဲ့ ပုံစံကိုလည်း ကြည့်ပါဦးကွာ။ ထိပ်တန်း ကျောင်းသား စာရင်းထဲတောင် ဝင်နိုင်မှာ မဟုတ်ဘူး "
ကျောင်းသားအချို့ကတော့ ချီအတွင်းအားတွေကို ပို့လွှတ်ပြီး အချင်းချင်း လ့ဝှက်စွာ ပြောနေ ကြပါတယ်။
လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်ပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ စုချွန်ရန်ရဲ့ သင်ခန်းစာကို အာရုံစိုက် နားထောင်ဖို့ ပြင်လိုက်ပါတယ်။
စုချွန်ရန်ကလည်း သူ့ရဲ့သင်ခန်းစာကို ဆက်ပါပြီ။
" သိုင်းပညာတိုင်းမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေ ခိုဝင်ကိန်းအောင်း နေလေ့ ရှိတယ်။ ခြားနားချက်ကတော့ နည်းတာနဲ့ များတာပဲ။ ပညာရှင်တွေဟာ သိုင်းပညာ ရပ်တွေက နေပြီး သိုင်းဆန္ဒကို နားလည် အသုံးပြုနိုင်ကြတယ်။ ဒါပေမဲ့ သိုင်းဆန္ဒဆိုတာ ဘာလဲ။ ဒါက သိုင်းပညာရဲ့ အနှစ်သာရနဲ့ နိယာမ သဘော သဘာဝတွေပဲ မဟုတ်ဘူးလား။ သိုင်းပညာရပ် တစ်ခုရဲ့ သိုင်းဆန္ဒတစ်ခုကို နားလည်ပြီးသွားရင် သိုင်းကွက်တွေက ပိုနက်နဲ သိမ်မွေ့လာပြီး ပိုအားကောင်း လာလေ့ရှိတယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရကြောင့်ပဲ "
" ဒါပေမဲ့ မြေကမ္ဘာအဆင့် သိုင်းဆန္ဒတွေမှာတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေဟာ နောက်ထပ်အဆင့်တစ်ခုအထိ နက်နက်ရှိုင်းရှိုင်း ခိုဝင်ကိန်းအောင်းနေလေ့ ရှိတယ်။ သိုင်းဆန္ဒတစ်ခု လုံလောက်တဲ့ အခြေအနေ တစ်ခုအထိ အစွမ်းထက်လာပြီဆိုရင် ချီအတွင်းအား ထုတ်သုံးစရာတောင် မလိုဘဲနဲ့ အဲသည်သိုင်းပညာရဲ့ အစွမ်းကို ပြနိုင်တယ်။ အဲဒါက ဘာဖြစ်လို့လည်းဆိုတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေက မင်းရဲ့ ချီအတွင်းအား နေရာမှာ အစားထိုးသွားလို့ပဲ။ ဒါပေမဲ့လည်း သိုင်းဆန္ဒကို ကိုယ့်ရဲ့ ချီအတွင်းအားနဲ့ သုံးတာက အစွမ်း အထက်ဆုံး ဆိုတာကိုတော့ မမေ့ကြနဲ့ "
နောက်ကျပြီးမှ ရောက်လာတဲ့ လီဖူချန်းအတွက် ရည်ရွယ်ပြီး စုချွန်ရန်ဟာ သူ့ရဲ့ သင်ခန်းစာကို အစကနေ နောက်တစ်ကြိမ် ပြန်သင်ကြား လိုက်ပါတယ်။
ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်း ပညာရှင်ဖြစ်တဲ့ စုချွန်ရန်ရဲ့ သဘောတရား ဆိုင်ရာ ဗဟုသုတတွေက လီဖူချန်း အတွက်တော့ အတော်လေး အထောက်အကူ ဖြစ်တယ်လို့ ဆိုရမှာပါပဲ။ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုက သူမတူအောင် ကောင်းရင် ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာ ဗဟုသုတကတော့ ' ကကြီးရေးက 'သာ ရှိနေပါသေးတယ်။ စုချွန်ရန်ရဲ့ သင်ခန်းစာ ပို့ချမှုကို နားထောင် အပြီးမှာတော့ လီဖူချန်း သိုင်းပညာ သဘောတရားနဲ့ ပတ်သက်ပြီး အတော်လေး နားလည် သဘောပေါက် သွားခဲ့ပါပြီ။
" သည်အတိုင်း ဆိုရင်တော့ သင်ခန်းစာတွေကို မကြာခဏ လာနားထောင်ရမယ်နဲ့ တူတယ် "
လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ်။
သည်လိုနဲ့ပဲ အတန်းချိန်ဟာ ပြီးဆုံးခါနီး အချိန်ကို ရောက်လာခဲ့ပါပြီ။ စုချွန်ရန်က လီဖူချန်းကို သတိပေးလိုက်ပါတယ်။
" လီဖူချန်း ... မင်းက အရင်အတန်းချိန်တွေ လာမတက်ခဲ့တဲ့အတွက် ထိုးထွင်းသိမြင်မှု စမ်းသပ်မှုကို မလုပ်ရသေးဘူး။ ရော့ ... ဒါက ဆန်းကြယ်အဆင့်မြင့် သိုင်းကျမ်းပဲ။ အဲဒါကို ယူပြီး သွားကျင့်လိုက်။ နောက်သုံးရက်ကြာရင် ဘယ်အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်မလည်းဆိုတဲ့ အချက်ပေါ်မူတည်ပြီး မင်းရဲ့ ထိုးထွင်းသိမြင်မှုကို ငါကိုယ်တိုင် အကဲဖြတ်ပေးမယ် "
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာတော့ ကျောင်းသားသစ် တိုင်းဟာ ထိုးထွင်း သိမြင်မှုကို စစ်ဆေးတဲ့ စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ကြရမှာပါ။ အဲသည် စစ်ဆေးမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကိုတော့ အဆင့်ခုနစ်မျိူး ခွဲထားပါတယ်။ အဲဒါတွေကတော့ သာမန်၊ အသင့်အတင့်၊ ကောင်းမွန်၊ ထူးချွန်၊ အံ့မခန်း၊ သာလွန်နဲ့ ဒဏ္ဍာရီတို့ ပါပဲ။
သာမန်အဆင့်ကတော့ အညံ့ဆုံးဖြစ်ပြီး ဒဏ္ဍာရီအဆင့်က အကောင်းဆုံး ဖြစ်ပါတယ်။ (က)အတန်းရဲ့ ကျောင်းသားတွေက သည်စစ်ဆေးမှုရဲ့ ရလဒ်မှာ အသင့်အတင့်ပဲ ရခဲ့မယ်ဆိုရင် ချက်ချင်းပဲ (ခ) အတန်းကို ပြောင်းရမှာပါ။အနည်းဆုံး ကောင်းမွန်အဆင့် ထိုးထွင်းသိမြင်မှုကို ရမှသာ (က)အတန်းမှာ ဆက်ပြီး တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ကောင်းမွန်အဆင့်ကို ရဖို့ဆိုရင် လီဖူချန်းအနေနဲ့ သည်သုံးရက် အတွင်းမှာ ဆရာဖြစ်သူ စုချွန်ရန် ပေးလိုက်တဲ့ ဆန်းကြယ်အဆင့်မြင့် သိုင်းပညာကို အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားနိုင် ရပါမယ်။
" ဟုတ်ကဲ့ပါ ဆရာ "
ဆန်းကြယ် အဆင့်မြင့် သိုင်းပညာဆိုတဲ့ အသံကို ကြားပြီးတဲ့နောက်မှာတော့ လီဖူချန်းက သည်ကိစ္စကို ခေါင်းထဲမှာတောင် မထည့်ထားတော့ပါဘူး။ သူ့အတွက်တော့ ဒါက ငှက်ပျောသီး အခွံနွှာစား ရတာထက်တောင် လွယ်နေပါသေးတယ်။
စာသင်ခန်းထဲမှာတော့ ဆွေးနွေးမှုတွေ စတင်လာခဲ့ပါပြီ။
" မင်းပြောကြည့်စမ်း ...။ သည်ကောင်က သုံးရက်အတွင်းမှာ ဘယ်အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်မလည်း ဆိုတာကို။ ပြီးတော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှု အဆင့်ကိုပါ ခန့်မှန်းကြည့် "
" အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်ရတာက သည်ကောင့်အတွက် ပြသနာရှိမှာ မဟုတ်ဘူး။ ငါ့အထင် ပြောရရင်တော့ သည်ကောင့်ရဲ့ ထိုးထွင်းသိမြင်မှုက ထူးချွန် အဆင့်နဲ့ အံ့မခန်းအဆင့်ကြားမှာ ရှိရမယ် "
" ငါလည်း အဲသည်လိုပဲ ထင်တယ်။သည်ကောင်က ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမအထပ်ကို ဖြတ်ကျော်နိုင်မှတော့ အနိမ့်ဆုံးရရင် ထူးချွန်အဆင့်ပဲ။ အံ့မခန်းအဆင့်ကို ရ၊ မရဆိုတာတော့ ငါလည်း မပြောတတ်ဘူး "
"တကယ်လို့ သူက သည်သုံးရက်အတွင်းမှာ ဆန်းကြယ် အဆင့်မြင့် သိုင်းပညာကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ခဲ့ရင်တော့ သူ့ရဲ့ရလဒ်က သေချာပေါက် အံ့မခန်းအဆင့် ဖြစ်သွားပြီ။ အဲသည်လို ဆိုရင်တော့ သူက ငါတို့တန်းခွဲရဲ့ ကျင်းလီနဲ့ ဝမ်ရင်းရှုတို့လို (က)အတန်းရဲ့ အလားအလာ အရှိဆုံး ကျောင်းသားတစ်ယောက် ဖြစ်လာတော့မှာ အသေအချာပဲ '"
" စောင့်ကြည့်ကြတာပေါ့။ နောက်သုံးရက်ဆိုရင် သည်ကောင်က နဂါးလား၊ တီကောင်လား ဆိုတာကို ကွဲကွဲပြားပြား သိရတော့မှာပါ "
ကျောင်းသားတွေ အားလုံးကတော့ လီဖူချန်းရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး အတော်လေး စိတ်ဝင်စား နေကြပါတယ်။
***
သူ့ရဲ့ နေရာကို ပြန်အရောက်မှာတော့ လီဖူချန်းဟာ စုချွန်ရန် ပေးလိုက်တဲ့ သိုင်းကျမ်းကို ဖွင်ကြည့် လိုက်ပါတယ်။
ဒါက မဟူရာသစ္စာလို့ အမည်ရတဲ့ လက်သီးသိုင်း တစ်ခုပါပဲ။
လီဖူချန်းက သည်သိုင်းကျမ်းကိုဖတ်ပြီး ဘာခက်ခဲမှုမှ မခံစားရပါဘူး။
" သည်သိုင်းက ဘာမှလည်း မခက်ပါလား "
လီဖူချန်းက မဟူရာသစ္စာ လက်သီးသိုင်းကို စတင် လေ့ကျင့်လိုက်ပါတယ်။
သုံးရက်ဆိုတာက လီဖူချန်းအတွက်တော့ တကယ့်ဟာသ ပါပဲ။
တစ်နာရီအတွင်းမှာပဲ လီဖူချန်းဟာ သည်လက်သီးသိုင်းရဲ့ အကြိုပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့ပြီး ခြောက်နာရီ အကြာမှာတော့ မဟူရာ သစ္စာလက်သီးသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့ပါတယ်။
နေ့တစ်ဝက်အကြာမှာတော့ သူ့ရဲ့ မဟူရာသစ္စာ လက်သီးသိုင်းဟာ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်မှာ ရောက်နေခဲ့ပါပြီ။
လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကတော့ တကယ့်ကို ကြောက်စရာပါပဲ။
တစ်ရက် အတွင်းမှာပဲ လီဖူချန်းဟာ မဟူရာသစ္စာ လက်သီးဆန္ဒကို နားလည် အသုံးပြုသွား နိုင်ခဲ့တာပါ။
အဲသည်ထက် ပိုကြောက်စရာ ကောင်းတာ ရှိပါသေးတယ်။ အဲဒါကတော့ မဟူရာ သစ္စာလက်သီးသိုင်းကို စတင်လေ့ကျင့်ပြီး တစ်ရက်ခွဲ အကြာမှာတင် မဟူရာ သစ္စာလက်သီး ဆန္ဒက အဆင့်တက် သွားပြီး ဆန်းကြယ် အထွတ်အထိပ် အဆင့် လက်သီးဆန္ဒ ဖြစ်သွားတာပါပဲ။
" သည်လောက်ဆိုရင်တော့ အဆင်ပြေလောက်ပါပြီ "
ထို့နောက်မှာတော့ လီဖူချန်းက မဟူရာ သစ္စာလက်သီးကို ဘေးချိတ်ထားလိုက်ပြီး နေဝန်းစိမ်း ဓားဆန္ဒကို နားလည်လာအောင် အကြီးအကျယ် ကြိုးစားပါတော့တယ်။
လက်ရှိအချိန်မှာတော့ နေဝန်းစိမ်း ဓားဆန္ဒကို နားလည် အသုံးပြုနိုင်အောင် ကြိုးစားတာက သူ့ရဲ့ ပထမဦးစားပေး အလုပ်ပါပဲ။
လီဖူချန်းက ကျောင်းသားသစ် လက်ခံတဲ့နေ့ပြီးလို့ သုံးလကြာရင် ထိပ်တန်း ကျောင်းသားစာရင်း ပြိုင်ပွဲ ရှိတယ်ဆိုတာကို သိထားပြီးပါပြီ။ အဲသည် ပြိုင်ပွဲကိုတော့ ကောင်းကင် မျှော်စင်ရဲ့ ပဉ္စမထပ်ကို ကျော်ဖြတ်နိုင်တဲ့ ကျောင်းသားတွေပဲ ဝင်ပြိုင်ခွင့်ရမှာပါ။
လီဖူချန်းက ကျောင်းအသစ်တွေကို လုံးဝ မကြောက်ပါဘူး။ သူက သည်သိုင်း တက္ကသိုလ်ထဲကို ရောက်နေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ ဝါစဉ်ကြီး ကျောင်းသားတွေကိုပဲ ကြောက်ပါတယ်။
အထူးသဖြင့် ထိပ်တန်း ကျောင်းသားစာရင်းရဲ့ ထိပ်ဆုံးသုံးနေရာမှာ ရပ်တည်နေတဲ့ ကျောင်းသား သုံးယောက်ကိုပေါ့။ အဲသည် သုံးယောက်က မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်တွေကိုတောင် ကျင့်ထားကြတာ မဟုတ်ပါလား။
လီဖူချန်းအနေနဲ့ နေဝန်းစိမ်း ဓားဆန္ဒကို အမြင့်ဆုံး အဆင့်တစ်ခုအထိ ရောက်အောင် လေ့ကျင့်ထားနိုင်မှ တော်ကာ ကျပါမယ်။ မဟုတ်လို့ကတော့ သူဟာ ထိပ်တန်း ကျောင်းသား စာရင်းရဲ့ ထိပ်ဆုံးသုံးနေရာထဲကို ဝင်ဖို့အတွက် အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်သုံးရက် ကုန်လွန်သွားခဲ့ပါပြီ။
သည်နေ့ကတော့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုကို အကဲဖြတ်မယ့် နေ့ပါပဲ။
အဲသည်အတွက် လီဖူချန်းဟာ (က) အတန်း၊ တန်းခွဲ၇ကို ထွက်လာခဲ့ပါတယ်။
" သူရောက်လာပြီဟေ့ "
အတန်းထဲမှာတော့ သူကလွဲပြီး ကျန်တဲ့ကျောင်းသား ၁၉ယောက်စလုံးဟာ ရောက်နှင့် နေပါပြီ။
လီဖူချန်းက သူ့ရဲ့ ထိုင်ခုံမှာ ထိုင်လိုက်ပြီး စုချွန်ရန် ရောက်လာတာကို အေးအေးဆေးဆေး စောင့်နေ လိုက်ပါတယ်။
သိပ်ကြာကြာတောင် မစောင့်လိုက်ရပါဘူး။ သူရောက်ပြီးလို့ သိပ်မကြာခင်မှာပဲ စုချွန်ရန် တစ်ယောက် ရောက်လာခဲ့ပါပြီ။
သူက အတန်းထဲကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီး လီဖူချန်းကို အတွေ့မှာတော့
" လီဖူချန်း ... ။ငါပေးထားတဲ့ အချိန်သုံးရက် ပြည့်ပြီ ။ လေ့ကျင့်ရေး ကွင်းပြင်ကို သွားပြီး မဟူရာ သစ္စာလက်သီးကို ကစားပြစမ်း "
" ဟုတ်ကဲ့ပါ ဆရာ "
လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပြီး လေ့ကျင့်ရေး ကွင်းပြင်သို့ သွားလိုက်ပါတယ်။ သူ့ပုံစံကတော့ ဘာစိုးရိမ်မှုမှ မရှိဘဲ တကယ့်ကို အေးအေးဆေးဆေးပါပဲ။
သူ့ရဲ့နောက်မှာတော့ အတန်းထဲက လူအကုန်လုံး လိုက်လာခဲ့ပါတယ်။
လူတွေအားလုံး လေ့ကျင့်ရေး ကွင်းပြင်ထဲမှာ စုံသွားတဲ့ အခါမှာတော့ စုချွန်ရန်က လီဖူချန်းကို စခွင့် ပြုလိုက်ပါတယ်။
" စလို့ရပြီ "
စုချွန်ရန်က သည်နေ့ကို လက်ချိုးရေပြီး စောင့်နေတာပါ။ သည်ကျောင်းသားက ဘယ်လောက် တော်နေလို့ တစ်လလုံးလုံး အတန်း လာမတက်တာလဲ ဆိုတာကို သူအရမ်း သိချင်နေပါပြီ။
စုချွန်ရန် ခွင့်ပြုမှုကို ရအပြီးမှာတော့ လီဖူချန်းက သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေကို လည်ပတ်လိုက်ပြီး လက်သီး တစ်လုံး ထိုးလိုက်ပါတယ်။
ဟူး ... ဟူး ... ဟူး ...
လီဖူချန်းရဲ့ လက်သီးချက်ကနေ လက်သီးဆန္ဒတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေထု တစ်ခုလုံး တုန်ခါသွားစေခဲ့ပါပြီ။
"လက်သီးဆန္ဒ "
စုချွန်ရန်က ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။
အတန်း(က) တန်းခွဲ၇ရဲ့ ကျောင်းသားတွေ အကုန်လုံးဟာလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြပါတယ်။
ထိုးထွင်းသိမြင်မှု အံ့မခန်းအဆင့်ရထားတဲ့ ကျင်းလီနဲ့ ဝမ်ရင်းရှုတို့ ကတော့ သက်ပြင်းရှည်တွေ ချနေကြပါပြီ။
သည်စမ်းသပ် စစ်ဆေးမှုဟာ အတော်လေး ရိုးရှင်းပါတယ်။ အကြို ပြီးပြည့်စုံခြင်း အဆင့်ဟာ ကောင်းမွန်၊ ပြီးပြည့်စုံခြင်း အဆင့်ဟာ ထူးချွန်၊ တတ်သိနားလည်ခြင်း အဆင့်ဟာ အံ့မခန်း၊ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ဟာ သာလွန်နဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ဟာ ဒဏ္ဍာရီပါပဲ။
လီဖူချန်းက လက်သီးဆန္ဒကို ထုတ်ပြခဲ့တယ် ဆိုတော့ သူ့ရဲ့ မဟူရာသစ္စာ လက်သီးသိုင်းဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်နေပြီဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး။
ဒါက လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ ဒဏ္ဍာရီအဆငိ့ ရောက်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
စုချွန်ရန်ဟာ လီဖူချန်းကို ကြည့်ပြီး ခေတ္တခဏ ဆွံ့အ သွားခဲ့ပါတယ်။
***