သုံးနှစ်တာ ကိုယ်ဝန်
Vol. 20 Ch. 294
ယဲ့ရှောင်ချန်းက ယဲ့မိသားစု၏ နွေးထွေးသော ကျေးဇူးတင်မှုအောက်တွင် ယဲ့မိသားစု ဗီလာထဲမှ ထွက်လာခဲ့ပါသည်။
နောက်ကျနေပြီ ဖြစ်သောကြောင့် ယဲ့ရှောင်ချန်း ဟိုတယ်မှာသာ တည်းနိုင်သည်။
ကောင်းကင်ဘုံလှိုဏ်ဂူကို အသုံးပြုပြီး သူပြန်သွားလို့တော့ ရသည်။
သို့သော်လည်း အလွယ်တကူ သူ အသုံးပြုမည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိ သူ့သရုပ်မှန်က အလွန် အန္တရာယ်ရှိနေပြီး အလွယ်တကူ အာရုံစိုက်မှုကို ခံရနိုင်သောကြောင့် ဖြစ်ပါသည်။
ထို့အပြင် မနက်ဖြန်လည်း ကောမော့ယွင်၏ ကုမ္ပဏီကို အလည်သွားချင်သေး၏။
ဆိုတော့မှ ယဲ့ရှောင်ချန်းတစ်ယောက် ထိုကုမ္ပဏီကို စတင်တည်ထောင်စဥ်ကတည်းက တစ်ခေါက်မှ မရောက်ဖူးခဲ့ပါ။
ထို့အပြင် သူ့ညီမကိုလည်း မတွေ့ရတာ ကြာပြီ။
နောက်တစ်နေ့မနက်တွင်။
ယဲ့ရှောင်ချန်းက ယွမ်ယဲ့ဂိမ်း ဟုအမည်ရသည့် ကောမော့ယွင်၏ ကုမ္ပဏီသို့ ကားဖြင့် မောင်းသွားလိုက်သည်။
သူတို့က ရုံးအဆောက်အဦးတစ်ခုတွင် အထပ်တစ်ခုကို ငှားရမ်းထား၏။
ယခု ဝန်ထမ်းများစွာ ရှိနေပါပြီ။
ယဲ့ရှောင်ချန်းက ဘေးပတ်လည်ကို သက်တောင့်သက်သာ လိုက်ကြည့်လိုက်ပြီး သူ့ညီမနှင့် ကောမော့ယွင်တို့ကို အင်မော်တယ် စမ်းရေ စားသောက်ဆိုင်တွင် ညစာစားဖို့ ခေါ်သွားခဲ့၏။
ယခု ကျင်းကောင်တီမြို့၊ ယန်မြို့တော်၊ ရှမြို့တော်အပြင် အင်မော်တယ် စမ်းရေးစားသောက်ဆိုင်ကို ရှင်းမြို့တော်၊ ထျန်မြို့တော်၊ ကျူးမြို့တော်၊ ရှန်းမြို့တော်နှင့် ရှောင်းမြို့တော်တို့တွင်ပါ ဆိုင်ခွဲအသစ် ငါးဆိုင် ဖွင့်ထားပြီးပြီဖြစ်ပါသည်။
တစ်နည်းအားဖြင့် ယခုအခါ အင်မော်တယ် စမ်းရေ စားသောက်ဆိုင်မှာ စုစုပေါင်း ၈ ဆိုင် ရှိနေပါပြီ။
ယခု အင်မော်တယ် စမ်းရေ စားသောက်ဆိုင်မှ ယဲ့ရှောင်ချန်း လစဥ် ယွမ် ၁၀ သန်းကျော် ရနိုင်သည်။ တစ်နှစ်ကို ယွမ် သန်း ၁၀၀ - ၂၀၀ အလွယ်လေး ရနိုင်၏။
ယခု ကုမ္ပဏီက တခြား ပြည်နယ်များကိုပါ ဝင်ရောက်ဖို့ ပြင်ဆင်နေပါပြီ။
အလေ့အကျင့်ဖြစ်ခဲ့သည့် ဒီအချိန်တောအတွင်း ကောမော့ယွင်က အလွန် ရင့်ကျက်ကာ အတွေ့အကြုံရှိသည့်ပုံ ပိုပေါက်လာခဲ့သည်။
အမှန်ပင်။ ယဲ့ရှောင်ချန်းရှေ့တွင်လည်း ပိုပိုပြီး ကျိုးနွံတတ်လာ၏။
မတတ်နိုင်ဘဲ ကျိုးနွံမှ ဖြစ်ပါမည်။
ယဲ့ရှောင်ချန်း၏ လက်ရှိ အောင်မြင်မှုများကို နားလည်ထားရုံနှင့် သူ့ယောက်ဖလောင်း၏ အစွမ်းအစများကို သူ ပိုသိပါသည်။
သူ့ညီမ ယဲ့ယင်ကတော့ မြို့တော်မှ မိန်းမလှလေး တစ်ယောက်နှင့် ပိုတူလာပါပြီ။ သူမ၏ ဝတ်စားဆင်ယင်ပုံကလည်း အများကြီး ပြောင်းလဲသွား၏။
"အစ်ကိုယဲ့ ခင်ဗျားရဲ့ အမြင်ကို မေးချင်တဲ့ ကိစ္စတစ်ခုရှိလို့ပါ။"
အကြာကြီး တွန့်ဆုတ်နေခဲ့ရပြီးနောက် ကောမော့ယွင်က ရုတ်တရက်ကြီး ပြောလိုက်ပါသည်။
"စေ့စပ်ဖို့ ကိစ္စဆိုရင်တော့ ငါ့မှာ ဘာအမြင်မှ မရှိဘူး။ ဒါပေမယ့် ငါ့မိဘတွေကိုတော့ မေးရဦးမယ်။ ဒီနှစ်သစ်ကူးကျရင် ဒီနေရာမှာ မိဘတွေကို အရင်တွေ့သင့်တယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
ကောမော့ယွင်က အမြန်ခေါင်းငြိမ့်လိုက်ပါသည်။
ယဲ့ယင်နှင့် သူဆွေးနွေးခဲ့ပြီး ဘွဲ့ရပြီးနောက် စောစော စေ့စပ်ပြီး လက်ထပ်ကြဖို့ ဆုံးဖြတ်ထား၏။
မကြာမီ တစ်ပတ်ကုန်ဆုံးသွားခဲ့သည်။
ယဲ့ရှောင်ချန်း ရှမြို့တော်သို့ သွားကာ အဘိုးယဲ့လောင်ကို ထပ်ကုသပေးခဲ့သည်။
အဘိုးယဲ့၏ အခြေအနေက အတော်လေး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ တစ်ယောက်ယောက်က တွဲကူပေးသောအခါ သူလမ်းပင် ဖြည်းဖြည်းချင်း လျှောက်နိုင်နေပါပြီ။
ယဲ့ရှောင်ချန်း၏ အင်မော်တယ်အပင်များ ပျိုးထောင်ခြင်းကလည်း အများကြီး တိုးတက်လာခဲ့၏။ အလယ်အဆင့် အရည်အသွေးရှိသော အဝါရောင်အတန်းအစား အင်မော်တယ်အပင်များနှင့် အဆင့်နိမ့် အရည်အသွေးကို ရောက်နိုင်သော အနက်ရောင်အဆင့် အင်မော်တယ်အပင်များကိုပင် စိုက်ပျိုးနိုင်ခဲ့ပါပြီ။
ထိုပန်းတိုင်နှစ်ခုကို ရရှိလိုက်ခြင်းက ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေး စွမ်းရည်က အများကြီး တိုးတက်လာရုံသာမကဘဲ အင်မော်တယ်ယွမ်လည်း အများကြီး ပိုရလာနိုင်သည်ဆိုသည့် သဘောလည်း ဖြစ်သည်။
နောက်ဆုံး လေလံပွဲတွင် ယဲ့ရှောင်ချန်းက အင်မော်တယ်ယွမ် ၂ သန်းကျော် ရရှိခဲ့ပါသည်။
ကောင်းကင်ဘုံလှိုဏ်ဂူ၊ စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်းက ခြေပုလ္လင်ခွေကာ ထိုင်လိုက်၏။ သူအသက်ရှူလိုက်သောအခါ သန့်စင်သော အင်မော်တယ် ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့၏။
"ဂျွတ်..."
ရုတ်တရက်ကြီး ယဲ့ရှောင်ချန်းခန္ဓာကိုယ်ထဲက အကာအရံတစ်ခု ကျိုးပဲ့သွားသလိုပင်။ ထို့နောက် ထူးဆန်းသည့် အရိပ်တစ်ခု ပေါ်လာခဲ့၏။ ထူးဆန်းသည့် အပင်တစ်ခု ဖြစ်ပါသည်။ အင်မော်တယ်အပင်မျိုးစုံကို ပေါင်းစပ်ထားသလို ဖြစ်သော်လည်း ကွဲလွဲချက် သိပ်မရှိပါ။
အရိပ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အလျှင်အမြန်ပဲ အစိုင်အခဲအဖြစ် ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ဧရာမ အပင်ကြီး တစ်ပင်က ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် အမြစ်တွယ်သွားပြီး အင်မော်တယ် ချီစွမ်းအင်များကို ထုတ်လွှတ်ပေးနေသည်။
ထိုကဲ့သို့ လှုပ်ရှားမှုများကြောင့် လျန်ယူကျူးနှင့် တခြားသုံးယောက်တို့ သတိထားမိသွားကြပါသည်။
ယဲ့ရှောင်ချန်း၏ ကျင့်ကြံမှုကို မြင်သောအခါ သူတို့ ကြောင်သွားကြ၏။ ဘာဖြစ်တာလဲ။
"ဟူး... နောက်ဆုံးတော့ ချီသန့်စင်ခြင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ငါရောက်သွားခဲ့ပြီ။ ပြီးတော့ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာလည်း အပင်ဝိညာဥ်တစ်ခုက အမြစ်တွယ်နေပြီ။ နောက်တစ်ဆင့်က ကောင်းကင်ဘုံလှိုဏ်ဂူ တစ်ခုလုံးကို ပြန်သန့်စင်ပြီး အပင်ဝိညာဥ်ကို ရွှေဆေးရည်အဖြစ် ပြောင်းလဲရမယ်။ အဲ့ဒီ ရွှေဆေးရည်က ကောင်းကင်ဘုံလှိုဏ်ဂူ လောက ဖြစ်လာလိမ့်မယ်။"
ယဲ့ရှောင်ချန်းက မျက်လုံးဖွင့်ကာ ပြုံးလိုက်ပါသည်။
ရှန်းနုန် ကျင့်စဥ်က သာမန်ကျင့်စဥ်တော့ မဟုတ်ပါ။
သန့်စင်သော ကျင့်စဥ်တစ်ခု ဖြစ်ပါသည်။
အကြီးမားဆုံး အချက်က ရွှေဆေးရည်မှာ သာမန်ထက် ထူးကဲနေခြင်း ဖြစ်သည်။ ကောင်းကင်ဘုံလှိုဏ်ဂူနှင့် အပင်ဝိညာဥ်တို့ကို အခြေခံအုတ်မြစ်အဖြစ် အသုံးချပြီး ဖန်တီးထားခြင်း ဖြစ်ပါသည်။
ထိုအချိန်တွင် ရွှေဆေးရည်က ကောင်းကင်ဘုံလှိုဏ်ဂူဖြစ်ပြီး၊ ကောင်းကင်ဘုံလှိုဏ်ဂူကလည်း ရွှေဆေးရည် ဖြစ်နိုင်ပါသည်။
ယဲ့ရှောင်ချန်း၏ ရွှေဆေးရည်က ကောင်းကင်ဘုံလှိုဏ်ဂူမှ စွမ်းအားများကို ငှားယူနိုင်ပြီး သာမန် ရွှေဆေးရည်ထက် အများကြီး ပိုစွမ်းအားကြီးပါသည်။
ပြောရမည်ဆိုလျှင် အင်မော်တယ် ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခု ဖွင့်ချင်ပါက သူတို့ အင်မော်တယ်လောင်း အဆင့်သို့ ရောက်ဖို့လိုအပ်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းကတော့ ရွှေဆေးရည် အဆင့် ရောက်နေချိန်တွင် လုပ်နိုင်ခဲ့ပါသည်။
အမှန်ပင်။ ယဲ့ရှောင်ချန်းတွင် ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံ ရှိနေခြင်းကြောင့်လည်း ပါပါသည်။ မဟုတ်ပါက သန့်စင်ဖို့ လွယ်ကူမည်မဟုတ်ပါ။
"ဒါပေမယ့် ကောင်းကင်ဘုံလှိုဏ်ဂူကို ရွှေဆေးရည် အဖြစ် သန့်စင်ဖို့က အပင်ဝိညာဥ်ကို ကောင်းကင်ဘုံလှိုဏ်ဂူနဲ့ လုံးဝ ပုံသေ ပေါင်းစပ်သွားမှ ဖြစ်မယ်။”
ယဲ့ရှောင်ချန်းက ကောင်းကင်ဘုံလှိုဏ်ဂူနှင့် အပင်ဝိညာဥ်တို့ တဖြည်းဖြည်း ပေါင်းစပ်နေသည်ကို ခံစားမိပါသည်။ အပင်ဝိညာဥ်က အင်မော်တယ် မြေကွက်များထဲက အင်မော်တယ်အပင်များနှင့် ထူးဆန်းသော ဆက်သွယ်မှုမျိုးပင် ပြုလုပ်နေပါသည်။
"ကြည့်ရတာ အခုလောက်ဆို အချိန်ကို ၅ ဆလောက် မြှင့်နိုင်ပြီထင်တယ်။"
ယဲ့ရှောင်ချန်း၏ မျက်လုံးများ တောက်ပသွားပါသည်။
ယဲ့ရှောင်ချန်း အင်မော်တယ်ယွမ်များ ပိုရလာကတည်းက အချိန်ကို အရှိန်မြှင့်တင်နေခဲ့သည်။ အစကတော့ ၂ ဆ ၃ ဆ ၄ ဆနှင့် အခုတော့ ၅ ဆအထိ တက်လာပြီ ဖြစ်သည်။
အချိန် တစ်ဆတိုးသွားတိုင်း လိုက်လျောညီထွေချိန် ပိုကြာလာခဲ့ပါသည်။
"အာ ဘော့စ် ဘာလို့ အချိန်ကို ထပ်မြှင့်လိုက်ပြန်တာလဲ။ ကျွန်မကို သေစေချင်လို့လား။"
ယဲ့ရှောင်ချန်း အချိန်ကို ၅ ဆထပ်မြှင့်လိုက်သောအခါ လျန်ယူကျူး ရုတ်တရက် မူးဝေသွားခဲ့၏။
သူတို့ အချိန် ၄ ဆမြန်တာကို အသားကျနေရုံသာ ရှိသေး၏။
"ဟူး ဒီလိုဆို ငါနေနိုင်မှာ မဟုတ်တော့ဘူး။"
ထုယွဲ့ချွီကလည်း သက်ပြင်းချလိုက်၏။
အချိန်တိုးမြှင့်ခြင်း၏ အကျိုးကျေးဇူးများက အလွန်သိသာသော်လည်း ပြဿနာက နေ့တိုင်း မူးနေရခြင်းပင်။ ထိုခံစားချက်ကြီးက တကယ်နေရခက်ပါသည်။
"အသားကျသွားရင် အဆင်ပြေမှာပါ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
"ကျွန်မက အဆင်ပြေပါတယ်။ ကျွန်မ ဗိုက်ထဲက ကလေးအတွက်ပဲ ပိုစိုးရိမ်တာ။”
လျန်ယူကျူးက ပြောလိုက်၏။
"အင်း ကလေးက ပုံမှန်ပါပဲ။"
ယဲ့ရှောင်ချန်းက မေးကိုင်ကာ ပြောလိုက်၏။
"ပုံမှန်ပဲပေါ့။ ကျွန်မ ကိုယ်ဝန်ရတာ ၂ နှစ်တောင် ကျော်နေပြီ။ ဒါပေမယ့်ကလေးက မမွေးသေးဘူး။ အဲ့တာအကုန်လုံးက အချိန်တွေကို အရှိန်မြှင့်လို့ ဖြစ်ရတာမလား။"
လျန်ယူကျူးက သူမ၏ ဖောင်းနေသော ဗိုက်ကို ကိုင်ကာ မှုန်ကုပ်စွာဖြင့် ပြောလိုက်၏။
ပြောရမည်ဆိုလျှင် ကိုယ်ဝန်ဆောင်ရပြီး ၁၀ လအကြာတွင် ကလေးမွေးသင့်တာ ကြာပြီဖြစ်သည်။ သို့သော်လည်း ကလေးက ဗိုက်ထဲမှာပဲ ဆက်နေပြီး ထွက်မလာသေးပါ။
"အရင်တစ်ခေါက်က သခင်ကြီး ထိုက်ရှန်းလောင်ကျစ်ကို နင့်ဗိုက် စစ်ကြည့်ခိုင်းခဲ့တယ် မဟုတ်ဘူးလား။ သူက ပုံမှန်ပဲလို့ ပြောတယ်လေ။ ပြီးတော့လည်း အချိန်တိုးမြှင့်မှုကြောင့် ကလေးက အမေ့ဗိုက်ထဲမှာ ပိုကြာကြာနေလေလေ အနာဂတ်မှာ ပိုပြီးထူးချွန်လာလေလေပဲလို့ ပြောသွားသေးတယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။ "အဲ့တာကြောင့် နင် ခဏလောက် ဆက်သည်းခံထားပါဦး။"
တကယ်တော့ သူလည်း သိချင်နေပါသည်။ ၃ နှစ်နီးပါးလောက် ရှိနေပြီ ဖြစ်သော်လည်း ကလေးက မမွေးသေးပါ။
နတ်ဘုရား ရာဇဝင်ထဲက နီကျားလေးနဲ့ တူမနေဘူးလား။
"ဟူး ကျွန်မဘဝ ဘာလို့ ဒီလောက် ခါးသီးရတာလဲ။ အားလုံး ရှင့်ကြောင့်ပဲ..."
လျန်ယူကျူးက လုတုန်ချမ်းကို ကြည့်လိုက်ပါသည်။
လုတုန်ချမ်းက သူ မှားခဲ့သည်ဟု ခံစားမိပါသည်။ အဲ့ဒီတုန်းက သူ့ကို မြူဆွယ်ခဲ့တာ သူမ မဟုတ်ဘူးလား။
အမှန်ပင်။ အကျယ်ကြီးတော့ ထုတ်မပြောရဲပါ။ မဟုတ်ပါက နောက်ပိုင်း ကောင်းကောင်း နေနိုင်မည် မဟုတ်ပေ။
ယဲ့ရှောင်ချန်း စမ်းသပ်ဖို့အတွက် အထူးအသုံးပြုသော မြေကွက်တစ်ကွက်ဆီလာခဲ့ပြီး တစ်ဝက်လောက် အောင်မြင်နေပြီ ဖြစ်သောာ အင်မော်တယ်အပင်များကို ဆက်စိုက်ပျိုးသည်။
မကြာသေးခင်ကမှ ဒီတစ်ဝက်အောင်မြင်နေသည့် အင်မော်တယ်အပင်များကို နေ့တိုင်းလိုလို အချိန်ပေးကာ ပျိုးထောင်ခဲ့ပါသည်။
ယခုတော့ ဒီအင်မော်တယ်အပင်က အင်မော်တယ်အပင်အစစ်တစ်ပင်ဖြစ်ဖို့ ပိုပိုပြီး နီးစပ်လာခဲ့ပါပြီ။
စနစ်မစ်ရှင်ကို အောင်မြင်သည့်အတွက် ရမည့် ဆုလာဘ်ကို သူ ဂရုမစိုက်ပါ။အင်မော်တယ်ယွမ် ၁၀,၀၀၀ လောက်က သူ့အတွက် ဘာမှ မဟုတ်တော့ပေ။
သို့သော်လည်း ဒါက မှတ်ကျောက်တင်နိုင်မည့် ပန်းတိုင်တစ်ခု ဖြစ်ပါသည်။
သူအောင်မြင်သွားတာနဲ့ မော်တယ် အပင်တွေကို အင်မော်တယ်အပင်အဖြစ် ပြောင်းလဲနည်းလမ်းကို သူ ကျွမ်းကျင် တတ်မြောက်သွားပြီဆိုသည့် သဘောသက်ရောက်သွားပါလိမ့်မည်။