← Chapters

ထိပ်တန်းကျောင်းသားစာရင်း နံပါတ်၁

Vol. 28 Ch. 380

ထိပ်တန်းကျောင်းသားစာရင်း နံပါတ်၁

Vol. 28 Ch. 380

"ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ...။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ သည်လို ထိုးထွင်းသိမြင်မှု အဆင့်ကို ပိုင်ဆိုင်ထားတဲ့ ကျောင်းသား မရှိတော့တာ ရာစုနှစ် တစ်ခုကျော် ကြာခဲ့ပြီ "

ဒါကတော့ စုချွန်ရန် ပထမဦးဆုံး ပြောတဲ့ စကားပါပဲ။

(က) အတန်းမှာက စုစုပေါင်း တန်းခွဲ၇ခု ရှိပါတယ်။ ဒါပေမဲ့ သည်တန်းခွဲ ၇ခုထဲမှာ ဆိုရင် သူ့ရဲ့ တန်းခွဲနံပါတ်၇ တစ်တန်းတည်းမှာသာ ထိပ်တန်းစာရင်းဝင် ကျောင်းသား မရှိတာပါ။ (က)အတန်းရဲ့ အခြားသော တန်းခွဲတိုင်းမှာတော့ ထိပ်တန်းစာရင်းဝင် ကျောင်းသား တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်တော့ ရှိပါတယ်။ အထူးသဖြင့် (က)အတန်းရဲ့ တန်းခွဲ၃မှာ ဆိုရင် ထိပ်တန်းစာရင်းဝင် ကျောင်းသား သုံးယောက်တောင် ရှိပါတယ်။

သူ့ရဲ့တန်းခွဲနံပါတ်၇မှာ ထိပ်တန်းစာရင်းဝင် ကျောင်းသား မရှိတာက စုချွန်ရန်အတွက် ဆရာတွေ ကြားထဲမှာ မျက်နှာငယ်စရာပါပဲ။ အဲသည် အချက်ကပဲ သူ့ရဲ့ အတွင်းစည်းတက္ကသိုလ် ဆရာအဖြစ် သွားရာလမ်းမှာ အနှောင့်အယှက် ဖြစ်တာဆိုရင်လည်း မမှားပါဘူး။

တကယ်လို့ သူသာ အတွင်းစည်း ဆရာတစ်ယောက် ဖြစ်လာမယ်ဆိုရင်  စုချွန်ရန်ဟာ  မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအား ပညာရပ်ကိုတောင် လေ့ကျင့်ခွင့် ရမှာပါ။ သူ့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့ ဆိုရင် မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအား ကျင့်စဉ်ကို သေချာပေါက် လိုအပ်ပါတယ်။ မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအား ကျင့်စဉ်ကို မလေ့ကျင့်နိုင်ရင်တော့ သူ့အနေနဲ့ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ပညာရှင်  ဖြစ်လာဖို့ မျှော်လင့်ချက် မရှိပါဘူး။

အဲသည်အတွက် စုချွန်ရန်ဟာ အတွင်းစည်းဆရာ ဖြစ်မှကို ရပါမယ်။

ပြောမယ့်သာ ပြောရတာပါ။ အတွင်းစည်းဆရာ ဖြစ်ဖို့ကလည်း သြေလောက် မလွယ်လှပါဘူး။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ ဆိုရင် ဆရာတွေကို သင်ကြားမှုရမှတ်တွေ ပေးထားပါတယ်။  ဆရာတစ်ယောက် အနေနဲ့ အတွင်းစည်းဆရာအဖြစ် အဆင့်တက်ချင်တယ် ဆိုရင် အနည်းဆုံး သင်ကြားမှုရမှတ် ၁၀၀၀၀ ကို ပိုင်ဆိုင်ထားရပါမယ်။

အပြင်စည်းဆရာ တစ်ယောက်ဟာ ထိပ်တန်းစာရင်းဝင် ကျောင်းသား တစ်ယောက်ကို ပြုစုပျိုးထောင် ပေးနိုင်ရင် သင်ကြားမှုရမှတ် ၂၀၀၊ ထိပ်တန်း စာရင်းဝင်  ထိပ်ဆုံး ကျောင်းသား သုံးယောက်ကို ပြုစုပျိုးထောင်ပေးနိုင်ရင် သင်ကြားမှုရမှတ် ၅၀၀၊ နံပါတ်တစ် ထိပ်တန်းစာရင်းဝင် ကျောင်းသားကို ပြုစုပျိုးထောင် ပေးနိုင်ရင် သင်ကြားမှုရမှတ် ၁၀၀၀ ဆိုပြီး ရကြပါတယ်။

လီဖူချန်းက သူ့ရဲ့ တန်းခွဲက တပည့်တစ်ယောက် ဖြစ်လာမှတော့ စုချွန်ရန်က လီဖူချန်းကို ပြုစုပျိုးထောင် ပေးတာ ဟုတ်၊မဟုတ် ဆိုတာကို ဘယ်သူမှ ဂရုစိုက်နေတော့မှာ မဟုတ်ပါဘူး။ လီဖူချန်းတစ်ယောက် ထိပ်တန်းစာရင်းဝင် ကျောင်းသား ဖြစ်လာတာနဲ့ စုချွန်ရန်က အလိုလိုနေရင်း သင်ကြားမှု ရမှတ်တွေ ရလာတော့မှာပါ။

လီဖူချန်းတစ်ယောက် ထိပ်တန်းစာရင်းဝင် ကျောင်းသားတစ်ယောက်  ဖြစ်မလာမှာကိုလည်း စုချွန်ရန်အနေနဲ့ ပူနေစရာ မလိုပါဘူး။ လီဖူချန်းရဲ့ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှုနဲ့ ဆိုရင်    ပထမနှစ်မှာ ထိပ်တန်းစာရင်းဝင် ကျောင်းသား ဖြစ်မလာရင်တောင်မှ  ဒုတိယနှစ်မှာ သေချာပေါက် ထိပ်တန်းစာရင်းဝင် ကျောင်းသား ဖြစ်လာမှာပါ။ လီဖူချန်းက တတိယနှစ်မှာ နံပါတ်တစ် ထိပ်တန်း စာရင်းဝင် ကျောင်းသား ဖြစ်လာဖို့တောင် မျှော်လင့်ချက် ရှိနေပါသေးတယ်။ အဲသည်လိုဆိုရင် စုချွန်ရန်ဟာ အလကားနေရင်း သင်ကြားမှုရမှတ် ၁၀၀၀ကို ရဦးမှာပါ။

" လီဖူချန်း ...။ မင်းက ငါတို့တောင်ပိုင်းတောအုပ် တက္ကသိုလ်ရဲ့ သည်ဘက်ရာစုနှစ်မှာ ပထမဦးဆုံး ပေါ်လာတဲ့ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ပိုင်ရှင်ပဲ။ ဆရာက မင်းကို ဂုဏ်ပြုပါတယ်"

စုချွန်ရန်က လီဖူချန်းကို  အချိုသာဆုံး လေသံနဲ့ ပြောလိုက်ပါတယ်။ စုချွန်ရန်ဟာ အခုအချိန်ကစပြီး လီဖူချန်းကို ပစားပေးဖို့ အတွက် ဆုံးဖြတ်ထားပြီးပါပြီ။ လီဖူချန်းက သူ့ကို သင်ကြားရေး ရမှတ်တွေ အလကား ရစေမယ့် ရတနာအိုးကြီးပင် မဟုတ်ပါလား။

လီဖူချန်းက သူ့ရဲ့ ချီအတွင်းအားတွေကို ရုတ်သိမ်းလိုက်ပြီး နှိမ့်ချစွာဖြင့် ပြန်ပြော လိုက်ပါတယ်။

" ဆရာက ဖူချန်းကို အရမ်း အထင်ကြီးလွန်း နေပါပြီ "

လီဖူချန်းက သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ အရှေ့ယူနီကွန်းတိုက်မှာ တုန်းကလို သိုသိုသိပ်သိပ်နေဖို့  မစဉ်းစား ထားပါဘူး။သူက သူ့ရဲ့ ပါရမီနဲ့ အလားအလာကို အစွမ်းကုန် ထုတ်ပြဖို့ စဉ်းစားထားပါတယ်။

လီဖူချန်း သိထားသလောက် ဆိုရင်တော့ သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ အားကောင်းတဲ့ အင်အားစုတွေ အများကြီး ရှိပါတယ်။ အဲသည် အင်အားစုကြီးတွေဟာ ပါရမီ အလားအလာ အကောင်းဆုံး လူတွေကိုသာ သိမ်းသွင်းပြီး ထောက်ပံ့ကြလေ့ ရှိတာပါ။ အင်အားစုကြီးတွေက သူ့ကို သတိထားမိ လာစေဖို့ဆိုရင် လီဖူချန်းအနေနဲ့ သူ့ရဲ့ ပင်ကိုပါရမီတွေကို  မဖြစ်မနေ  ထုတ်ပြဖို့ လိုအပ်လာပါပြီ။  သူ့ရဲ့ ပင်ကိုပါရမီတွေကို ထုတ်မပြဘဲနဲ့တော့ ဘယ်အင်အားစု ကမှ လီဖူချန်းကို သတိထားမိမှာ မဟုတ်ပါဘူး။

သူ့ရဲ့ ပထမဆုံး ခြေလှမ်းကတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ လျစ်လျူရှု ထားလို့ မရတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာဖို့ပါပဲ။

လီဖူချန်းဟာ ဒဏ္ဍာရီအဆင့် ထိုးထွင်း သိမြင်မှုကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သတင်းဟာ အပြင်စည်း တက္ကသိုလ် တစ်ခုလုံးကို ပျံ့နှံ့သွားရုံသာမက အပြင်စည်း တက္ကသိုလ် ထိပ်ပိုင်း အကြီးအကဲတွေရဲ့ နားထဲကိုပါ ရောက်သွားခဲ့ပါတယ်။

အပြင်စည်း တက္ကသိုလ်ရဲ့ ထိပ်ပိုင်းအကြီးအကဲ ရပ်ဝန်းမှာတော့ မုန်တိုင်းငယ်လေး တစ်ခု အစပျိုးနေပါပြီ။ အဲသည်မုန်တိုင်းငယ်ရဲ့ တရားခံကတော့ လီဖူချန်းပါပဲ။

အပြင်စည်းတက္ကသိုလ် ထိပ်ပိုင်းအကြီးအကဲတွေဟာ လီဖူချန်းကို သင်ကြားခွင့် ရဖို့အတွက် အသည်းအသန် ခွင့်တောင်း နေကြပါတယ်။

ဒါပေမဲ့လည်း ဘယ်အကြီးအကဲမှ လီဖူချန်းကို သင်ကြားခွင့် မရခဲ့ပါဘူး။ မီးခိုးရောင် ဝတ်စုံဝတ် ဒုကျောင်းအုပ်က အကြီးအကဲတွေရဲ့ တောင်းဆိုမှုတွေ အကုန်လုံးကို ပယ်ချ ထားခဲ့ပါတယ်။ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုက အပြင်စည်း အကြီးအကဲတွေရဲ့ သင်ကြားမှုနဲ့ မသင့်လျော်ဘူး ဆိုတဲ့  အကြောင်းပြချက်နဲ့ မီးခိုးရောင် ဝတ်စုံဝတ် ဒုကျောင်းအုပ်ဟာ တောင်းဆိုမှု မှန်သမျှကို ပယ်ချလိုက်တာပါ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ မီးခိုးရောင် ဝတ်စုံဝတ် ဒုကျောင်းအုပ်က သူကိုယ်တိုင် လီဖူချန်းကို သင်ကြားပေးချင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု လောလောဆယ်မှာတော့ ကျောင်းအုပ်ကြီးက  တက္ကသိုလ်မှာ ရှိမနေတဲ့အတွက် မီးခိုးရောင်ဝတ်စုံဝတ် ဒုကျောင်းအုပ်ဟာ ကျောင်းအုပ်ကြီး ပြန်အလာကို စောင့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။

နောက်လာတဲ့ ရက်တွေမှာတော့ လီဖူချန်းဟာ တံခါးပိတ်ပြီး နေဝန်းစိမ်း ဓားဆန္ဒကို ဆင်ခြင်သုံးသပ် နေပါတော့တယ်။ သူက စုချွန်ရန်ရဲ့ အတန်းကိုလည်း သွားမတက်တော့ပါဘူး။

လီဖူချန်းတစ်ယောက် အတန်း လာမတက်တာက စုချွန်ရန်ကို အတော်လေး စိတ်ဓာတ် ကျစေခဲ့ပါတယ်။ စုချွန်ရန်က လီဖူချန်းများ အတန်း လာတက်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ရဲ့ သင်ခန်းစားတွေကို ပိုပြီး စနစ်တကျဖြစ်အောင် ပြင်ဆင် ထားခဲ့ပါတယ်။

အရင်တုန်းကတော့ သူဟာ လီဖူချန်းကို ဘဝင်မြင့်နေတဲ့ ကောင်ဟု တွေးထင်ထားခဲ့ ပေမယ့်လည်း အခုချိန်မှာတော့ အဲသည် အတွေးတွေဟာ လုံးဝ ရှိမနေတော့ပါဘူး။

လီဖူချန်းက ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ပိုင်ရှင်ပါ။ အတန်း လာမတက်ဘဲ သူ့ဟာသူ လေ့ကျင့် နေရင်တောင်မှ အခြား ကျောင်းသားတွေထက် သာနေဦးမှာ အမှန်ပါပဲ။  အတန်းတက်တာ မတက်တာက လီဖူချန်းလို ဒဏ္ဍာရီအဆင့် ထိုးထွင်း သိမြင်မှုပိုင်ရှင် အတွက်ကတော့ သိပ်ပြီး မထူးခြားလှပါဘူး။

ဒါပေမဲ့လည်း စုချွန်ရန်ဟာ လီဖူချန်းကို  အတန်းလာတက် စေချင်ပါသေးတယ်။ သူ့ရဲ့ သိုင်းပညာ ဗဟုသုတတွေက လီဖူချန်းရဲ့ တိုးတက်မှုကို ပိုပြီး လျင်မြန်လာစေနိုင်တာ  မဟုတ်ပါလား။

***

" မောင်လေး ဖန်းဟွာ ...။ နင်သည်ကိစ္စကို သည်အတိုင်းပဲ ထားတော့မှာလား ...။ သူက ဒဏ္ဍာရီအဆင့် ထိုးထွင်း သိမြင်မှုပိုင်ရှင် ဆိုပေမယ့် နင်ကလည်း သာလွန်အဆင့် ထိုးထွင်းသိမြင်မှု ပိုင်ရှင်ပဲလေ။ ငါကတော့ နင်နဲ့သူက ဘယ်လောက်မှ မကွာဘူးလို့ ထင်တာပဲ။ နင့်ရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် သူကို အသာလေး အနိုင်ယူနိုင်မှာပါဟာ "

ခြံဝင်းထဲ တစ်ခုထဲမှာတော့ ဇိုလင်းဟွာဟာ သူ့ရဲ့ ဝမ်းကွဲမောင်ဖြစ်သူ ဇိုဖန်ဟွာကို အပူကပ် နေပါတယ်။

ဇိုဖန်းဟွာက အသက်၂၈နှစ်သာ ရှိသေးပေမယ့်  ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်နေပါပြီ။ ဇိုလင်းဟွာက  မနှစ်ကကျင်းပတဲ့ ထိပ်တန်းစာရင်းဝင် ကျောင်းသား ပြိုင်ပွဲမှာ  အဆင့်၅  ရထားခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ သူဟာ  သာလွန်အဆင့် ထိုးထွင်း သိမြင်မှုကို ပိုင်ဆိုင်ထားတဲ့ အပြင်စည်း တက္ကသိုလ်ကျောင်းသား လေးယောက်ထဲက တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။

ဇိုဖန်းဟွာက  ပြုံးလိုက်ပြီး ဇိုလင်းဟွာကို ကတိပေးလိုက်ပါတယ်။

" အစ်မ ...။ စိတ်အေးအေးထားပါဗျာ။  အဲသည် လီဖူချန်းဆိုတဲ့ ကောင်က အခုအချိန်မှာ  ထိပ်ပိုင်း အကြီးအကဲတွေရဲ့ သဘောကျ နှစ်သက်မှုကို ခံနေရတာဗျ။ အခုအချိန်မှာ ကျွန်တော်က သူ့ကိုသွားပြီး ဆုံးမလိုက်ရင် ထိပ်ပိုင်း အကြီးအကဲတွေက ကျွန်တော့်ကို ငြိုငြင် သွားနိုင်တယ်။  စိတ်မပူပါနဲ့ အစ်မရာ။ ထိပ်တန်းစာရင်းဝင် ကျောင်းသား ပြိုင်ပွဲကျရင် ကျွန်တော်သူ့ကို အစ်မကိုယ်စား ကောင်းကောင်းကြီး ဆုံးမပေးပါ့မယ် "

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ဇိုဖန်းဟွာ  ကိုယ်တိုင်လည်း လီဖူချန်းမှာ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ရှိနေတယ် ဆိုတာကို လုံးဝ မယုံပါဘူး။ သူရဲ့ ဝမ်းကွဲအစ်မ ဇိုလင်းဟွာ ပြောသလိုပဲ လီဖူချန်းဟာ မဟူသစ္စာ လက်သီးသိုင်းကို လေ့ကျင့်ရာမှာ ကြက်ကန်းဆန်အိုး တိုးသွားတာ ဖြစ်နိုင်ပါတယ်။

" ဟုတ်ပြီလေ။ ငါနင့်ကို ယုံကြည်ထားလိုက်မယ် "

ဇိုဖန်းဟွာရဲ့ ကတိစကားကို ရအပြီးမှာတော့ ဇိုလင်းဟွာဟာ ခြံဝင်းထဲကနေ ထွက်ခွာ သွားခဲ့ပါပြီ။

*****

နံပါတ်တစ် ထိပ်တန်း စာရင်းဝင်ကျောင်းသား သိကျွင်းရဲ့ ခြံဝင်းထဲမှာတော့  ကျောင်းသား သုံးယောက် ဆွေးနွေးနေကြပါတယ်။

" ဒဏ္ဍာရီအဆင့် ထိုးထွင်း သိမြင်မှုတဲ့လား ...။ အား ... ယား ...  ငါတို့ရဲ့ခေတ် ကုန်ပြီနဲ့ တူတယ်"

နံပါတ်သုံး ထိပ်တန်းကျောင်းသား ဖြစ်တဲ့ ဝူကျိက ခပ်တိုးတိုးလေး ညည်းတွား လိုက်ပါတယ်။

နံပါတ်နှစ် ထိပ်တန်း ကျောင်းသားဖြစ်တဲ့ ကျန်းယုဖေး ကလည်း

" ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ဖြစ်တော့လည်း ဘာအရေးလဲ။ သည်နှစ်အတွက် ထိပ်တန်းကျောင်းသား စာရင်းရဲ့ ထိပ်ဆုံးနေရာ သုံးခုက ငါတို့အတွက်ပဲလေ။  နောက်နှစ်ဆိုရင် သိကျွင်းက ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိူးဖောက် သွားလောက်ပြီ။ အဲသည်အတွက် ထိပ်ဆုံး ကျောင်းသား စာရင်းရဲ့ ထိပ်ဆုံးသုံးနေရာမှာ တစ်နေရာ လွတ်နေမှာပဲ။ အဲသည်နေရာကို လီဖူချန်းကို ပေးလိုက်ကြတာပေါ့။ နောက်ထပ်နှစ်နှစ် ဆိုရင်တော့ ငါနဲ့ ဝူကျိလည်း ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်ပြီ။ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှုက ငါတို့နဲ့ အနေသာကြီးပါကွာ။ ဘာလို့ သည်လောက်အထိ တွေးနေကြတာလည်း "

" ကျန်းယုဖေး  ...။ မင်းမရှက်ဘူးလား ...။ မင်းက နောက်ပေါက် ကောင်လေး တစ်ယောက်ကိုတောင် ထိပ်တန်း ကျောင်းသားစာရင်းရဲ့ ထိပ်ဆုံး သုံးနေရာထဲက  တစ်နေရာကို  အလွယ်တကူ ပေးလိုက်တော့မှာလား "

သိကျွင်းက ကျန်းယုဖေးကို နှာခေါင်း ရှုံ့လိုက်ပါတယ်။

ထို့နောက်မှာတော့ သူက  မတ်တတ် ထရပ်လိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး တည်ကြည်လေးနက်သည့် အသံဖြင့်

"ငါတို့ အားလုံးက မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်ထားပြီးပြီ။ ပြိုင်ပွဲမှာ လီဖူချန်းနဲ့တွေ့ရင် မရှုံးစေနဲ့။ မဟုတ်ရင် ငါတို့ရဲ့ ဂုဏ်သိက္ခာတွေက အပြင်စည်း ကျောင်းသားတွေရဲ့ တံတွေးခွက်ထဲမှာ ရေစုန်မျှောသွားလိမ့်မယ် "

" အေးပါကွာ။ ငါကလည်း သည်အတိုင်း အပြောင်အပျက် ပြောနေတာပါ။ စိတ်ချ။ လီဖူချန်းကို ငါသေချာပေါက် အနိုင်ယူပြမယ် "

ကျန်းယုဖေးက ကတိပေးလိုက်ပါတယ်။

" ငါကောပဲ "

ဝူကျိကလည်း ခေါင်းညိတ် လိုကိပါတယ်။

" ဟမ့် ... ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှုလား ... "

လီချန်းဖန် တစ်ယောက်ကတော့ သူ့ရဲ့ နှလုံးသားထဲမှာ ဖိနှိပ်မှုကြီး တစ်ခုကို ခံစားနေရပါပြီ။

သူက ကျောင်းသားသစ် တစ်ယောက်  ဖြစ်ပေမယ့်လည်း ပထမနှစ်မှာပဲ ထိပ်တန်းစာရင်းဝင် ကျောင်းသား ဖြစ်လာဖို့အတွက် ရည်မှန်းထားခဲ့တာပါ။

ဒါပေမဲ့ ဝမ်ဟိုင်လုံနဲ့ ကျောင်းယုကြောင့်  သူ့ရဲ့ ထိပ်တန်းစာရင်းဝင် ကျောင်းသားဖြစ်ရေး ခရီးလမ်းက အတော်လေး ခက်ခဲကြမ်းတမ်း လာခဲ့ပါတယ်။

အခုတော့ လီဖူချန်းပါ ထပ်ပေါ်လာ ပြန်ပါပြီ။ လီချန်းဖန်ရဲ့ ထိပ်တန်းစာရင်းဝင် ကျောင်းသားဖြစ်ရေး ခရီးလမ်းကတော့ မလွယ်ရေးချ မလွယ်ပါပဲ။

" ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှုလား "

ဝမ်ဟိုင်လုံက မဲ့ပြုံး ပြုံးလိုက်ပါတယ်။

အပြင်စည်း ကျောင်းသားတွေထဲမှာ ဆိုရင်  သာလွန်အဆင့် ထိုးထွင်း သိမြင်မှုကို ပိုင်ဆိုင်ထားသူ လေးယောက် ရှိပါတယ်။ ဝမ်ဟိုင်လုံက အဲသည် ကျောင်းသား လေးယောက်ထဲက တစ်ယောက်ပါပဲ။ ကျန်တဲ့ သုံးယောက်ကတော့ သိကျွင်း၊ ကျန်းယုဖေးနဲ့ ဇိုဖန်းဟွာပါ။ အဲသည် သုံးယောက်ကတော့ နံပါတ်တစ် ထိပ်တန်းကျောင်းသား၊ နံပါတ်နှစ် ထိပ်တန်းကျောင်းသားနဲ့ နံပါတ်ငါး  ထိပ်တန်း ကျောင်းသားတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံနဲ့ ဆိုရင်တော့ နံပါတ်တစ် ထိပ်တန်းကျောင်းသား သိကျွင်းကိုတောင် ကြောက်စရာ မလိုဘူးလို့  ဝမ်ဟိုင်လုံ တစ်ယောက် မှတ်ယူ ထားပါတယ်။

ပြီးတော့ သူက လီဖူချန်းရဲ့  ဒဏ္ဍာရီအဆင့် ထိုးထွင်း သိမြင်မှုကိုလည်း မကြောက်ပါဘူး။ လီဖူချန်းက ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှုပိုင်ရှင် ဖြစ်ရင် ဖြစ်နေပါမယ်။ ဒါပေမဲ့ သူကလည်း သာလွန်အဆင့် ထိုးထွင်းသိမြင်မှု ပိုင်ရှင်ပါပဲ။ သာလွန်အဆင့်နဲ့ ဒဏ္ဍာရီအဆင့်ရဲ့ ကြားထဲမှာရှိတဲ့ ကွာဟချက်က သိပ်ပြီး မကွာခြားလှဘူးလို့တောင် ဆိုနိုင်ပါတယ်။

ကျောင်းသားသစ် လက်ခံပွဲပြီးလို့ ဒုတိယမြောက်လရဲ့ လဝက်မှာတော့ လီဖူချန်းဟာ စုချွန်ရန်ရဲ့ အတန်းကို နောက်ထပ်တစ်ကြိမ် ရောက်လာခဲ့ပြန်ပါပြီ။

စုချွန်ရန်ကတော့ အတန်းထဲမှာ လီဖူချန်း ရောက်နေတာကို တွေ့လိုက်ရတဲ့ အတွက် အပျော်ကြီး ပျော်သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ သူဟာ လီဖူချန်းအတွက် ပြင်ဆင်ထားတဲ့  ခက်ခဲ နက်နဲလှတဲ့ သင်ခန်းစာတွေကို ပညာရှင်ဆန်စွာ  ရှင်းလင်း သင်ကြားပါတော့တယ်။ စုချွန်ရန်က တခြားကျောင်းသားတွေ နားလည်လား၊ မလည်ဘူးလား ဆိုတာကိုလည်း လုံးဝ ဂရုမစိုက်တော့ပါဘူး။ သူက သူ့ရဲ့ သင်ကြားမှုရမှတ် ရတနာအိုးကြီးဖြစ်တဲ့  လီဖူချန်း နားလည်ဖို့ကိုပဲ  ဂရုစိုက်ပါတော့တယ်။

" သည်နေ့အတန်းကို စောစော ဆင်းပေးလိုက်မယ်ဟေ့  ...။ အားလုံးပြန်လို့ရပြီ။ လီဖူချန်း ...  မင်းကတော့ ခဏ နေခဲ့ဦး "

စုချွန်ရန်က လီဖူချန်း အတန်း လာတက်မယ့်ကို စောင့်နေတာ ကြာပါပြီ။ သူ့အနေနဲ့ သည်အခွင့်အရေးကို လက်လွှတ်ခံလို့ မရပါဘူး။ဒါကြောင့် သူဟာ  လီဖူချန်းကို သီးသန့်အချိန် ပေးဖို့အတွက် အတန်းစောစော ဆင်းပေး လိုက်တာပါ။

ကျောင်းသားတွေ အကုန်လုံး ထွက်သွားပြီးတဲ့ နောက်မှာတော့  စုချွန်ရန်က " လီဖူချန်း ...။ ထိပ်တန်း စာရင်းဝင် ကျောင်းသား ပြိုင်ပွဲ စဖို့အတွက် တစ်လလောက်ပဲ လိုတော့တယ်။ မင်းဘာမှ မပြင်ဆင်တော့ဘူးလား "

" ဆရာ ...  ကျွန်တော် အမြဲတမ်း ပြင်ဆင်နေတာပဲလေ "

" အိုး ... ဟုတ်လား ...။ ဒါဆိုရင် မင်း ဘယ်အဆင့်အထိ  မျှော်မှန်းထားလည်း ဆိုတာ ငါ့ကို ပြောစမ်းပါဦး "

စုချွန်ရန်က သိချင်စိတ် အပြည့်နဲ့ မေးလိုက်ပါတယ်။

" နံပါတ်တစ် ထိပ်တန်း ကျောင်းသားအဆင့် "

လီဖူချန်းက လက်ညှိုး တစ်ချောင်း ထောင်ပြ လိုက်ပါတယ်။

သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒက အကြိုပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပါပြီ။  သူ့ရဲ့ အစွန်းထက်လှတဲ့ တိုက်ပွဲ အသိစိတ်ကိုပါ ထည့်ပေါင်းလိုက်ရင်တော့  နံပါတ်တစ် ထိပ်တန်း ကျောင်းသား နေရာကို ရဖို့ဆိုတာ သိပ်မခက်လှပါဘူး။

" နံပါတ်တစ် ထိပ်တန်း ကျောင်းသားလား ...။ ကောင်းတယ်  ... ကောင်းတယ်ဟေ့ "

အစတုန်းကတော့ စုချွန်ရန်ဟာ လီဖူချန်းကို ဆဲမလို့ပါပဲ။  ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ သင်ကြားမှုရမှတ် ရတနာအိုးကြီး ဆိုတာကို  သတိရလိုက်တဲ့ အတွက်   စုချွန်ရန်ဟာ မဆဲတော့ဘဲ အားရပါးရ ချီးကျူး လိုက်ပါတယ်။

ထို့နောက်မှာတော့ စုချွန်ရန်ဟာ  တည်ကြည်လေးနက်စွာဖြင့်

" ဖူချန်း ...။ ရည်မှန်းချက်မြင့်မြင့် ထားတာတော့ ကောင်းပါတယ်။ ဒါပေမဲ့လည်း မင်းရဲ့ လက်ရှိ စွမ်းရည်နဲ့ နံပါတ်တစ် ထိပ်တန်း ကျောင်းသား ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲကွ။ အခုလက်ရှိ နံပါတ်တစ် ထိပ်တန်း ကျောင်းသား ဖြစ်တဲ့ သိကျွင်းက မြေကမ္ဆာအဆင့်နိမ့် လှံသိုင်းတစ်ခု ဖြစ်တဲ့ တိမ်အလင်း လှံသိုင်းကို လေ့ကျင့်ပြီးနေပြီ။ သူ့ရဲ့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်နဲ့ ဆိုရင်တော့ သိကျွင်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ ပညာရှင်ကိုတောင် ယှဉ်နိုင်လောက်တယ် "

လီဖူချန်းက စုချွန်ရန်ရဲ့ စကားကိုတော့ မငြင်းခဲ့ပါဘူး။ သူက သိကျွင်းကို  အနိုင်ယူဖို့ မလွယ်မှန်း သိထားပြီးသားပါပဲ။

" ဒါပေမဲ့ မင်းရဲ့ ရည်မှန်းချက် မြင့်မြင့် ထားတာကိုတော့ ဆရာ သဘောကျတယ်။ အဲသည် အတွက် ဆရာက မင်းကို အတတ်နိုင်ဆုံး ကူညီမယ်။ လာ ...  လေ့ကျင့်ရေး ကွင်းပြင်ကို သွားကြရအောင် "

စုချွန်ရန်က လေ့ကျင့်ရေး ကွင်းပြင်ကို ဦးတည်လိုက်ပါတယ်။

လေ့ကျင့်ရေး ကွင်းပြင်ကို အရောက်မှာတော့ စုချွန်ရန်က သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ပြီး

" မြေကမ္ဘာအဆင့် သိုင်းပညာတွေက အရမ်းနက်နဲ ကျယ်ပြန့်တယ်။ တကယ်လို့ မြေကမ္ဘာအဆင့် သိုင်းဆန္ဒတစ်ခုကို နားလည် သွားပြီဆိုရင် အဲသည်လူက လောကကြီးပေါ် အရာမှန်သမျှ အနည်းငယ် နားလည်နိုင်စွမ်း ရှိလာလိမ့်မယ်။ သေချာကြည့်ထား ...  ဒါက  မြေကမ္ဘာ အဆင့်နိမ့် ခရမ်းရောင်ရေစီး လက်သီးဆန္ဒပဲ "

ဝုန်း ...

စုချွန်ရန်ရဲ့ လက်သီးဆန္ဒက ပတ်ဝန်းကျင် လေထုတစ်ခုလုံးကို ဖိနှိပ် ထားလိုက်ပါပြီ။ ဒါက ရေအောက်ထဲကို ရောက်နေသလိုပါပဲ။ လီဖူချန်းက သည်လက်သီးဆန္ဒဟာ ကိုယ်ပိုင် အသိစိတ်တစ်ခု ဖြစ်တည်လုနီးပါး ဖြစ်နေတာကို သတိပြုမိ လိုက်ပါတယ်။ သည်လက်သီးဆန္ဒက အနီးအနားမှာ ရှိနေတဲ့ ရေငွေ့တွေအားလုံးကို စုပ်ယူပြီး ရေဓာတ်စွမ်းအား အဖြစ် ပြောင်းလဲ ပေးနေတာပါ။ အဲသည် ရေဓာတ်စွမ်းအားတွေက ရေလှိုင်းလုံးကြီးအသွင် ပြောင်းသွားပြီး လက်သီးဆန္ဒကို ပိုအားကောင်းလာအောင် ထောက်ပံ့ပေးနေ ပါသေးတယ် "

"ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်သာရ စွမ်းအင်လား "

လီဖူချန်းက ပါးစပ်အဟောင်းသား ဖြစ်နေပါပြီ။

သည်လက်သီးဆန္ဒရဲ့ ရိုက်ခတ်မှုက တကယ့်ကို ကြောက်စရာပါပဲ။ လက်သီးဆန္ဒ ပြန်လည် ပျောက်ကွယ် သွားတာတောင်မှ သူဟာ အဲသည် စွမ်းအား အကြွင်းအကျန်တွေကို ခံစားမိ နေပါသေးတယ်။

ဒါတောင်မှ စုချွန်ရန်က သည်လက်သီးဆန္ဒထဲမှာ သူ့ရဲ့ ချီအတွင်းအားတွေကို ထည့်သွင်း အသုံးပြုထားခြင်း မရှိသေးပါဘူး။ မဟုတ်လို့ကတော့ သည်လက်သီးဆန္ဒက အဆပေါင်းများစွာ ပိုအစွမ်းထက် လာဖို့ ရှိပါတယ်။

" ဘယ်လိုလဲ ...  "

စုချွန်ရန်က မေးလိုက်ပါတယ်။

လီဖူချန်းက

" နက်နဲတယ်။ လျှို့ဝှက်ဆန်းကြယ်တယ်။ ကြောက်စရာကောင်းတယ် "

စုချွန်ရန်က ခေါင်းညိတ်လိုက်ပြီး

" သိုင်းဆန္ဒတွေက မရေမတွက်နိုင်အောင် ရှိရင်ရှိမယ်။ ဒါပေမဲ့ အခြေခံ အယူအဆကတော့ အတူတူပဲ။ မင်းရဲ့ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှုနဲ့ ဆိုရင်တော့ တစ်ခုခု နားလည်သွားမယ် လို့ ငါထင်တယ် "

စုချွန်ရန်ရဲ့ အထင်က မမှားခဲ့ပါဘူး။

တကယ်လည်း လီဖူချန်းက တစ်ခုခုကို နားလည်သွားခဲ့ပါတယ်။

နောက်ထပ် သုံးရက် အကြာမှာတော့ လီဖူချန်းရဲ့ နေဝန်းစိမ်းဓားဆန္ဒဟာ  ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်လုနီးပါး ဖြစ်သွားခဲ့ပါပြီ။

***

သည်လိုနဲ့ပဲ ထိပ်တန်း စာရင်းဝင် ကျောင်းသား ပြိုင်ပွဲစမယ့်နေ့ကို ရောက်လာခဲ့ပါတယ်။

သည်နှစ်မှာ ပြိုင်ပွဲကို  ဝင်ရောက်ခွင့်ရတဲ့ ကျောင်းသားတွေကတော့ ၉၂ယောက်တိတိ ရှိပါတယ်။ အဲသည် ကျောင်းသား ၉၂ယောက်စလုံးဟာလည်း  မြေကမ္ဘာ အဆင့်နိမ့် သိုင်းပညာ တစ်ခုစီကို ကိုယ်စီကိုယ်ငှ လေ့ကျင့်ထားပြီးပါပြီ။

ဒါပေမဲ့လည်း ကျောင်းသား အကုန်လုံးနီးပါးဟာ  မြေကမ္ဆာအဆင့်နိမ့် သိုင်းပညာတွေကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက် သေးတဲ့အတွက် ဆန်းကြယ်အဆင့်မြင့် သိုင်းပညာတွေကိုသာ အားကိုးရမှာပါပဲ။

***

All Chapters