သွေးခြင်ဆီပန်းပွင့်
Vol. 20 Ch. 296
တောင်ပိုင်းဒေသ စိုက်ပျိုးရေး တက္ကသိုလ်၊ အလွန်ကြီးမားသည့် သင်ကြားရေး ခန်းမထဲတွင်။
လူများ စုပြုံလျက် ရှိကြသည်။
အထဲက ထိုင်ခုံအားလုံးလည်း ပြည့်နှက်နေပါပြီ။
ဒီနေ့ ဒီနေရာတွင် စိတ်ကြိုက်ဘာသာ အတန်းတစ်ခု ရှိ၏။
တောင်ပိုင်းဒေသ စိုက်ပျိုးရေး တက္ကသိုလ်တွင် ဒီလို နာမည်ကြီးသော စိတ်ကြိုက်ဘာသာ အတန်းတစ်ခု တစ်ခါမှ မရှိခဲ့ဖူးပါ။
"သူ လာပြီ။ ပရော်ဖက်ဆာ ယဲ့ လာပြီဟေ့။"
အားလုံး တံခါးကို ကြည့်လိုက်ပြီး ယဲ့ရှောင်ချန်း ဝင်လာတာကို မြင်လိုက်ကြရသည်။
အပင်အသိစိတ် စိတ်ကြိုက်ဘာသာ အတွက် စိုက်ပျိုးရေး တက္ကသိုလ်သို့ ယဲ့ရှောင်ချန်း လာဖူးတာ ပထမဆုံးအကြိမ် မဟုတ်ပါ။
လူများစွာက အတန်းသို့ လာရောက် တက်ရောက်ကြသည်။ အရင်တုန်းက စိတ်ကြိုက်ဘာသာကို မယူသည့် ကျောင်းသားများပင် ပါနေပါသည်။
ယဲ့ရှောင်ချန်းက သင်ကြားရတွင် စမ်းသပ်ချက်များဖြင့် တွဲပြလေ့ရှိသည်။ ထိုစမ်းသပ်ချက်များအတွင်း သူပြသသည့် မှော်ဆန်သော နည်းလမ်းများကို ကျောင်းသားများ သဘောကျတာကြောင့် ဖြစ်နိုင်ပါသည်။
ရုတ်တရက် ဒီနေရာက အခြေအနေ အနည်းငယ် ခြားနားနေသည်ကို ယဲ့ရှောင်ချန်း သတိထားလိုက်မိပါသည်။
ရှေ့ဆုံးတန်းတွင် မျက်နှာဖုံး ဝတ်ဆင်ထားသည့် ကောင်မလေး တစ်ယောက် ရှိနေ၏။
အတန်းထဲမှာ မျက်နှာဖုံးဝတ်ထားတာလား။
ယဲ့ရှောင်ချန်း မနေနိုင်ဘဲ နောက်တစ်ခေါက် ကြည့်လိုက်မိပြန်ပါသည်။
ထိုကောင်မလေး၏ ခန္ဓာကိုယ်က အလွန် ဆိုးရွားနေသည်။ သူမက မျက်တွင်းများ ကျနေပြီး ပိန်ပါးလှပါသည်။
ဒီကောင်မလေးကို အရင်တုန်းက တွေ့ဖူးသည့် ကောင်မလေးတစ်ယောက်နှင့် အလျှင်အမြန် ချိတ်ဆက်မိသွားပါသည်။
သူ့အတန်းကို တက်ရောက်သည့် ကျောင်းသားအားလုံးကို မှတ်မိသည်။ ထို့အပြင် သူ့အဆင့်ဖြင့်ဆို ရုပ်နှင့်ပါ တွဲမြင်သည့် မှတ်ဉာဏ်မျိုး ရှိနေပါပြီ။
သို့သော်လည်း ဒီကောင်မလေးက ယခင် အတန်း အနည်းငယ်ကို မတက်ရောက်ခဲ့ဖူးပါ။
သူ သတိမထားခဲ့မိပေ။ ဘာပဲဖြစ်ဖြစ် ကျောင်းသားတချို့က အတန်းမတက်တာ ဖြစ်လေ့ဖြစ်ထရှိသော အရာ ဖြစ်သည်။ တက္ကသိုလ်တွင် သူအသားကျနေသော ကိစ္စတစ်ခုဖြစ်၏။
အတန်းပြီးနောက် ယဲ့ရှောင်ချန်း ပြန်ဖို့ အဆင်သင့် ပြင်လိုက်စဥ် ကောင်မလေးဘေးက ကောင်လေးတစ်ယောက် သူ့နောက် အမြန်ပြေးလိုက်လာသည်။
"ပရော်ဖက်ဆာယဲ့"
"ကျောင်းသား ဘာလုပ်ပေးရမလဲ။"
"ပရော်ဖက်ဆာယဲ့။ ဒီလိုပါဗျာ။ ယန်ယင် နေမကောင်းဖြစ်နေလို့ပါ။ သူက အရင်အတန်းတွေ သိပ်မတက်ဖြစ်ဘဲ ဆေးကုသမှု ခံယူနေရတာပါ။ သူက ခင်ဗျားရဲ့အတန်းကို အရမ်းသဘောကျတာ။ အစကတော့ သူ ဓာတုကုထုံးတွေနဲ့ ကုသခံရပြီး ခန္ဓာကိုယ်က အရမ်း အားနည်းနေတာ။ ဒါပေမယ့် နောက်ပိုင်း ဒီလို အခွင့်အရေးမျိုး ရနိုင်ပါဦးမလား မသိလို့ သူ ဒီအတန်းကို အားတင်းပြီး တက်ရောက်ခဲ့တာပါ။ အဲ့တာကြောင့် သူက သူ့အတွက် ဒီစာအုပ်လေးကို ခင်ဗျား လက်မှတ်ထိုးပေးဖို့ မျှော်လင့်နေပါတယ်။”
ကောင်လေးက စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
အပင်အသိစိတ်တဲ့။
ဒါက မကြာသေးခင်ကမှ ယဲ့ရှောင်ချန်း ရေးသားဖြန့်ဝေထားသော စာအုပ် ဖြစ်ပါသည်။
စိတ်ကြိုက်ဘာသာအတန်းတွင် လာရောက် တက်ရောက်ကြသည့် ကျောင်းသားများအားလုံးတွင် စာအုပ်တစ်အုပ်စီ ရှိကြပါသည်။
အမှန်ပင်။ သူတို့က ဦးစွာ ဝယ်ထားရခြင်း ဖြစ်သည်။
ယဲ့ရှောင်ချန်း အနည်းငယ် ကြက်သေသေသွား၏။ ဓာတုကုထုံး ဟုတ်လား။ ဒါ သာမန်အဖျားရောဂါ မဟုတ်ဘူးပဲ။ စာအုပ်ကို ယူပြီး ကောင်မလေးကို ကြည့်လိုက်သည်။ သူမ၏ အပြစ်ကင်းပြီး မို့မောက်နေသည့် မျက်လုံးများထဲတွင် မျှော်လင့်ချက်တစ်ခုကို သူမြင်လိုက်ရပါသည်။
သူ စာအုပ်ကို ကိုင်ပြီး လျှောက်သွားလိုက်၏။
တစ်ချိန်တည်းမှာပဲ သူ့အင်မော်တယ်အာရုံက ကောင်မလေး၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်ပါသည်။ မကြာမီ ကောင်မလေး၏ ရောဂါအကြောင်း သူသိလိုက်ရ၏။
သူ့ရိုးတွင်းခြင်ဆီ တစ်ခုခု ဖြစ်နေ၏။
အလွယ်ပြောရလျှင် သွေးကင်ဆာဖြစ်သည်။
အမှန်ပင်။ နာတာရှည်ရောဂါများအား ဆေးစစ်ပုံဆေးစစ်နည်းက အနောက်တိုင်း ဆေးပညာနှင့် ခြားနားသည်။
သို့သော်လည်း ယဲ့ရှောင်ချန်း ဆေးပညာအကြောင်း အသိပညာများကို ရရှိပြီးကတည်းက ခေတ်မှီဆေးဝါးပညာနှင့် ဆက်စပ်ပြီး သုတေသန ပြုလုပ်ခဲ့ပါသည်။
"ဝမ်မန်ချင်းနဲ့ လီလီကျူးတို့ ယန်ယန်ကို ငါ့ရုံးခန်းထဲ တွဲပို့ပေးကြ။”
ယဲ့ရှောင်ချန်းက ကောင်မလေးဘေးက မိန်းကလေး နှစ်ယောက်ကို ပြောလိုက်ပါသည်။
ယန်ယင် အနည်းငယ် ကြောင်သွားသည်။ သို့သော်လည်း ယဲ့ရှောင်ချန်း စာအုပ်များဖြင့် ထွက်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့ အမြန်ထလိုက်ကြပြီး ယန်ယင်ကို တွဲကာ သူ့နောက်လိုက်ခဲ့ကြသည်။
ယဲ့ရှောင်ချန်း၏ ရုံးခန်းက သိပ်မဝေးပေ။
သူ့အတွက် ကျောင်းတော်က အထူးစီစဥ်ပေးထားသော ရုံးခန်းဖြစ်ပါသည်။
ကျယ်ဝန်းပြီး တောက်ပကာ အပြင်အဆင်များကလည်း စတိုင်ကျ၏။ ကျောင်းအုပ်ကြီး၏ ရုံးခန်းကတောင် ဒီလို အရည်အသွေးမျိုး မရှိနိုင်ပါ။
ယန်ယင်အား အခန်းထဲသို့ ရောက်အောင် တွဲပို့ပေးလိုက်ကြသည်။
"နင်တို့တွေ သွားလို့ရပြီနော်။"
ယဲ့ရှောင်ချန်းက ဝမ်မန်ချင်းနှင့် တခြားသူများကို ပြောလိုက်ပါသည်။
အားလုံး ဇဝေဇဝါဖြစ်သွားကြသည်။ သို့သော် ယဲ့ရှောင်ချန်းအပေါ် လေးစားမှုကြောင့် သူတို့ကို ပြောတဲ့အတိုင်းပဲ လုပ်ခဲ့ကြပါသည်။
ယဲ့ရှောင်ချန်းနှင့် ပင်ပန်းနေသော ယန်ယင်သာ အခန်းထဲတွင် ကျန်ခဲ့တော့သည်။
"ယန်ယင် နင့်မှာ သွေးကင်ဆာ ရှိတယ်မလား။"
ယဲ့ရှောင်ချန်းက နူးညံ့စွာ မေးလိုက်ပါသည်။
"ဟုတ်ကဲ့"
ယန်ယင်က ခေါင်းငြိမ့်လိုက်သည်။ သို့သော် သူမ၏ မျက်လုံးများကတော့ မှေးမှိန်လျက်ရှိ၏။
ဒီရောဂါက ကုသဖို့ အလွန်ခက်ခဲသည်။ ကုသနိုင်ရင်တောင် ပိုက်ဆံ အများကြီးလို၏။ အထူးသဖြင့် ရိုးတွင်းခြင်ဆီကို လဲဖို့က ပို၍ပင် ခက်ခဲပါသေးသည်။
"နင့်ရောဂါအတွက် ကောင်းမယ့် အရာတစ်ခု ငါ့မှာ ရှိတယ်။"
ယဲ့ရှောင်ချန်းက ရုတ်တရက် လက်ရာမြောက် လှပသော ကြွေပုလင်းတစ်လုံးကို ထုတ်ပေးလိုက်ပါသည်။
ထိုထဲတွင် ထူးဆန်းသည့် မျိုးစေ့တစ်ခု ရှိသည်။
သွေးခြင်ဆီပန်းမျိုးစေ့ဟု ခေါ်၏။
အဝါရောင် အဆင့် ၆ အင်မော်တယ်အပင် တစ်ပင် ဖြစ်ပါသည်။
သွေးခြင်ဆီပန်းတွင် အာနိသင်တစ်ခုသာ ရှိ၏။ သွေးကို ပြောင်းလဲပြီး ရိုးတွင်းခြင်ဆီကို သန့်စင်ပေးခြင်း ဖြစ်သည်။
မျိုးစေ့မှာလည်း ထိုနည်းလည်းကောင်း အာနိသင်ရှိပြီး ပို၍ပင် ကောင်းပါသေးသည်။
ယန်ယင် ကြက်သေသေသွားရပါသည်။
"မှတ်ထားပါ။ အထဲမှာ ပါတဲ့ဟာတွေကိုပါ ဝါးရမယ်နော်။ တိုက်ရိုက်ကြီး မျိုမချနဲ့။ တစ်ရက်ကို တစ်ကြိမ်ပဲ။ ပြီးတော့လည်း သောက်ပြီးတဲ့အခါ ဆီးသွားဝမ်းသွားတဲ့အခါ နီတတ်တယ်။ အဲ့တာက ပုံမှန်ပဲမို့လို့ စိတ်ပူပါနဲ့။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ယန်ယင်တွေဝေနေဆဲ ဖြစ်ကြောင်း မြင်သဖြင့် သူချက်ချင်း ပြောလိုက်ပါသည်။ "ယန်ယင် စိတ်မပူပါနဲ့။ ငါနင့်ကိုထိခိုက်အောင် မလုပ်ပါဘူး။”
ထိုအခါမှ ယန်ယင်က ပြန်တုန့်ပြန်ခဲ့ပါသည်။ သူမ ချက်ချင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဆရာ ကျွန်မ သိပါတယ်။”
"ပြီးတော့ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ မပြောနဲ့နော်။ ဒီမှာ ငါ့ရဲ့ WeChat ။ တခြားလက္ခဏာတွေ ပြလာရင် ငါ့ကို လာပြောလို့ရတယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ယန်ယင်က ခေါင်းငြိမ့်ကာ ထိုအရာအားလုံးကို မှတ်သားထားလိုက်ပါသည်။ ထို့နောက် ကြွေပုလင်းကို သူမ၏ အိတ်ကပ်ထဲ ထည့်ထားလိုက်၏။
ယဲ့ရှောင်ချန်း စာအုပ်ထဲတွင် သူ့နာမည်ကို လက်မှတ်ထိုးပေးလိုက်ပြီး စာတစ်စောင် ရေးကာ ယန်ယင်ကို ပြန်ပေးလိုက်ပါသည်။ ထို့နောက် တခြားကျောင်းသားများကို ခေါ်လိုက်ပြီး ယဲ့ယင်ကို ပြန်တွဲခေါ်သွားခိုင်းလိုက်၏။
ယန်ယင်နှင့် တခြားသူများ ထွက်သွားသောအခါ ယဲ့ရှောင်ချန်းက ခုံတွင်မှီရင်း နက်နက်ရှိုင်းရှိုင်း တွေးလိုက်မိပါသည်။
အနာဂတ်တွင် စူပါအပင်များ ပျိုးထောင်ခြင်းကို ပိုက်ဆံရှာသည့် အပင်များမှ တခြား လမ်းကြောင်းများအဖြစ် ကူးပြောင်းသင့်သည်ဟု သူရုတ်တရက် နားလည်လာသည်။ ဥပမာအားဖြင့် ပြင်းထန်သော ရောဂါများကို ကုသပေးနိုင်သည့် စူပါအပင်တွေလိုပေါ့။
ဥပမာအားဖြင့် သွေးခြင်ဆီပန်းကိုပဲ ကြည့်ပါ။ ဆေးတောင့်တစ်တောင်အဖြစ် မသန့်စင်ရင်တောင် သွေးနှင့် ပတ်သက်သည့် ပြင်းထန်သော ရောဂါများအပေါ် အလွန်ကောင်းသည့် အာနိသင်ရှိသည်။
အမှန်ပင်။ ယဲ့ရှောင်ချန်းက ဒီလို အပင်မော်တယ် အပင်မျိုးကို တစ်ချိန်လုံး သုံးမနေနိုင်ပါ။ ဘာပဲဖြစ်ဖြစ် အဝါရောင်အဆင့် ၆ အပင်ဖြစ်သဖြင့် တန်ဖိုးက မသေးပေ။ ကမ္ဘာကြီးထဲတွင် လူနာပေါင်း သန်းဆယ်ချီပြီးရှိ၏။ ယဲ့ရှောင်ချန်းကို ရောင်းစားလိုက်ရင်တောင် ပြဿနာက ပြေလည်သွားမည် မဟုတ်ပါ။
အကောင်းဆုံးနည်းလမ်းက သွေးခြင်ဆီပန်းနှင့် အာနိသင်ချင်းဆင်တူသည့် စူပါအပင်တစ်ခုကို ပျိုးထောင်ဖို့ဖြစ်ပါသည်။
အာနိသင်က သူ့လောက်မကောင်းလည်း အရေးမကြီးပါ။ အာနိသင်ရှိရင်ပဲ အဆင်ပြေပါပြီ။
ရောဂါဝေဒနာဆိုးများကြောင့် နာကျင်ခံစားနေရသော လူများအတွက် အကျိုးပြုခြင်းဟု သတ်မှတ်နိုင်ပါသည်။
ယဲ့ရှောင်ချန်း ဒါနဲ့ပတ်သတ်ပြီး မှတ်ဉာဏ်များ ရှိခဲ့ဖူးပါသည်။ အရင်တုန်းက သူ့ဦးလေးလည်း ရောဝါဝေဒနာဆိုးတစ်ခုကြောင့် ဆုံးပါးသွားခဲ့ဖူးသည်။
ဦးလေး ဆုံးပါးသွားစဥ်က အလွန်အမင်း ခံစားခဲ့ရပြီး အရိုးနှင့် အရေသာ ကျန်တော့သည်။
သူသာ... ရှန်းနုန်စနစ်ကို စောစောစီးစီး ရခဲ့ပါက သူ့ဦးလေးလည်း ဒီလောက်ထိ နာကျင်ခံစားရမည် မဟုတ်ပေ။
မတတ်နိုင်ပါ။ သူ့ဦးလေးက ဆရာတစ်ယောက် ဖြစ်ပြီး သူ့အပေါ် အရမ်းကောင်း၏။ သူ့ဦးလေး ဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း ယဲ့ရှောင်ချန်းသူ့ကို မှတ်မိနေပါသေးသည်။
ခေါင်းခါရင်း ယဲ့ရှောင်ချန်း ရင်ထဲတွင် စတင် လေ့လာတော့သည်။
ဘယ်အပင်ကို အခြေခံအပင်အဖြစ် သုံးနိုင်မလဲ။
အခြေခံအပင်သာ မသင့်လျော်ပါက ပျိုးထောင်သည့် အခက်အခဲမှာ အများကြီး ပိုမြင့်နိုင်ပါသည်။
"ကမ္ဘာမြေပေါ်က ဆေးပင်တွေရဲ့ ဆေးဝါးဂုဏ်သတ္တိနဲ့ ပုံစံတွေအရဆိုရင် သွေးခြင်ဆီပန်းနဲ့ အနီးစပ်ဆုံးက ဆူးပန်းပဲဖြစ်မယ်။"
ယဲံရှောင်ချန်းက သူ့စိတ်ထဲတွင် အထင်အမြင်များကို အမြန်တွက်ချက်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်ပါသည်။
အမှန်ပင်။ ဒါက ရှေ့ပြေး အကြံသာ ရှိသေးသည်။ ဆုံးဖြတ်ချက်က အစစ်အမှန်အတွက်တော့ ဆူးပန်း၏ ဂုဏ်သတ္တိနှင့် တခြားအရားများကို လေးလေးနက်နက် နားလည်ထားဖို့ လိုအပ်ပါသည်။ ထိုအခါမှသာ သင့်တောင်သည့် ပျိုးထောင်နည်းလမ်းကို ရနိုင်ပါလိမ့်မည်။
စိုက်ပျိုးရေး တက္ကသိုလ်မှ ထွက်လာပြီးနောက် ယဲ့ရှောင်ချန်း ဆေးဆိုင်သို့ သွားခဲ့ပြီး ဆူးပန်းမျိုးစေ့ တချို့ကို ဝယ်ယူခဲ့ပါသည်။
စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းက ဆူးပန်းမျိုးစေ့များအား စတင် စိုက်ပျိုးလေသည်။
လက်ရှိ သူ့ကျင့်ကြံမှု အဆင့်မျိုးနဲ့ ဆူးပန်းပင် မျိုးစေ့ဘဝမှ အပင်ကြီးဘဝအဖြစ်သို့ ကြီးထွားဖို့ ၁၀ မိနစ်တောင် မကြာပါ။
ဒီလိုနဲ့ စိုက်ပျိုးရေး လုပ်ငန်းစဥ်တောအတွင်း ယဲ့ရှောင်ချန်းတစ်ယောက် ဆူးပန်း၏ ဂုဏ်သတ္တိနှင့် ဒေတာမျိုးစုံတို့ကို နားလည်ခဲ့ပါသည်။
မကြာမီ စိတ်ကျေနပ်ဖို့ ကောင်းသော ရလဒ်တစ်ခုကို ယဲ့ရှောင်ချန်းရလိုက်၏။
ဒီဆူးပန်းကို လုံးဝ အသုံးပြုနိုင်ပါသည်။
...
တစ်ချိန်တည်းမှာပင် ယန်ယင်အား မိသားစုက အိမ်ပြန်ခေါ်လာခဲ့ပြီဖြစ်သည်။
နောက်ရက်တွေမှာလည်း ဆေးရုံကို ပြန်သွားပြီး သူမရဲ့ အဖျားရောဂါကို တိုက်ခိုက်ရပါဦးမည်။
ကုတင်ပေါ်တွင် ထိုင်ရင်း မျက်နှာကြက်ကို ရီဝေစွာ သူမကြည့်နေခဲ့သည်။
ဒီကမ္ဘာကြီးထဲမှာ သူမ ဘယ်လောက်ကြာကြာ ဆက်နေနိုင်မလဲ မသိတော့ပါ။
လွမ်းဆွေးဖို့ ကောင်းလိုက်တာ။
ဒီလူတွေ၊ ဒီအရာတွေ၊ ဒီဘဝတွေ၊ ဒီအတွေ့အကြုံတွေ အားလုံးက သူမ၏ စိတ်ထဲတွင် ထင်ရှားလို့နေသည်။ သို့သော်လည်း ထိုအရာများက သူမကို ထားခဲ့နေသလို ခံစားနေရပါသည်။
ရုတ်တရက် ဒီနေ့ ပရော်ဖက်ဆာ ယဲ့ပေးခဲ့သည့် အရာကို သူမ မှတ်မိသွားပါသည်။
သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပေါ်လာခဲ့၏။
ဧကန္တ ပရော်ဖက်ဆာ ယဲ့သူမကို ပေးခဲ့တဲ့အရာက သူမရဲ့ ရောဂါကို တကယ်ကုသပေးနိုင်လောက်သည်။
ပရော်ဖက်ဆာယဲ့ ကိုယ်တိုင်က ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူစူပါအပင် ဘယ်လောက်တောင် ဖန်တီးပြီးပြီလဲ။
မဟုတ်မှလွဲရော ပရော်ဖက်ဆာ ယဲ့က သွေးကင်ဆာကို ကုသပေးနိုင်သည့် ဆေးပင်တစ်မျိုးကို ပျိုးထောင်နိုင်မှာလား။
ဒီလိုစဥ်းစားရင်း သူမ ကြွေပုလင်းလေးကို ထုတ်ကာ မျိုးစေ့တစ်စေ့ကို ထုတ်လိုက်ပါသည်။
အမှန်ပင်။ မျိုးစေ့တစ်စေ့ အတိုင်းဖြစ်သည်။ အပြာရင့်ရောင်ဖြစ်ပြီး အလွန်ထူးဆန်း၏။
ပရော်ဖက်ဆာ ယဲ့ထံတွင် သူမ၏ ယုံကြည်မှုကို အပ်နှင်းကာ အံကြိတ်ရင်း ရေနွေးတစ်ခွက် လောင်းထည့်လိုက်ပါသည်။ ထို့နောက် မျိုးစေ့ကို ပါးစပ်ထဲထည့်ပြီး နူးညံ့စွာ ဝါးလိုက်ပါသည်။
နည်းနည်း မာ၏။
သူမ ခပ်ပြင်းပြင်း ကိုက်လိုက်သောအခါ မျိုးစေ့ ကွဲသွားပါသည်။
အလွန်ခါးလွန်း၏။
သူမ၏ ပါးစပ်ထဲတွင် အခါးအရသာများနှင့် ပြည့်နှက်နေသည်ဟုသာ ယဲ့ယင်ခံစားမိပါသည်။ တရုတ်တိုင်းရင်းဆေးများထက်ပင် ပိုခါးပါသည်။
ခါးလွန်းသဖြင့် သူမ၏ အစာအိမ်ကပင် တုန့်ပြန်လာပါပြီ။
သို့သော်လည်း သူမ တောင့်ခံခဲ့ပြီး ခပ်ပြင်းပြင်း ဝါးကာ သူမ၏ ပါးစပ်ထဲ အခါးအရသာများကို ဝင်ရောက်ခွင့်ပေးလိုက်ပါသည်။
အခါးအရသာက ပြင်းထန်လွန်း၏။
၁၀ မိနစ်ကျော်လောက် ဝါးပြီးသောအခါ သူမ အကြိမ်ကြိမ် မျိုချမိမလို ဖြစ်ခဲ့ရသည်။
နောက်ဆုံးမှာတော့ သူမပါးစပ်ထဲ ဘာမှ မကျန်တော့ကြောင်း ခံစားလိုက်ရ၏။ ထိုအခါမှ ရေနွေးကို အမြန် သောက်လိုက်ပါသည်။
ခါးလိုက်တာ။
ရေနွေးကို အကြာကြီး သောက်ပြီးတာတောင် ခါးနေဆဲဖြစ်သည်။
သူမ ငိုပင် ငိုချင်လာပါသည်။
အိပ်ယာပေါ်တွင် အကြာကြီး လှဲလျောင််းလိုက်ပြီးမှ နေလို့ကောင်းသွားသည်။
ရုတ်တရက် သူမ အနည်းငယ် မှင်သက်သွား၏။ အံ့အားသင့်ဖို့ ကောင်းလောက်အောင် သူမ ပင်ပန်းပြီး အားနည်းနေသလို မခံစားရတော့ပါ။
သူမ၏ စိတ်ဝိညာဥ်က အများကြီး တိုးတက်လာပြီး သူမ၏ ရုပ်ပိုင်းဆိုင်ရာခွန်အာားလည်း ပြန်ပြည့်ဝလာသည့်ပုံပင်။
သူအိပ်ယာထဲမှ ထပြီး လမ်းပတ်လျှောက်ကြည့်ဖို့ ကြိုးစားကြည့်သည်။
သူမ မျက်လုံးများ ရုတ်တရက် ဝန်းစက်သွားရသည်။
အရင်ကထက် အခုအများကြီး ပိုနေလို့ ကောင်းသွားပါပြီ။ အားနည်းမှုကလည်း အများကြီး ပျောက်ကွယ်သွားသလိုပင်။
"မဟုတ်မှလွဲရော ဒီပစ္စည်းက ငါ့ရောဂါကို တကယ်ကုသပေးနိုင်မှာလား"
ယန်ယင်၏ လှပသော မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ရုတ်တရက် မျှော်လင့်ချက်ကို မြင်လိုက်ရသည်။
ရောဂါပျောက်ကင်းနိုင်ဖို့ မျှော်လင့်ချက်။
အစကတော့ မနက်ဖြန် ဆေးရုံကိုသွားရမည်ဖြစ်သည်။ သို့သော်လည်း ယန်ယင် ရက်နည်းနည်းလောက် ထပ်စောင့်ဖို့ ဆုံးဖြတ်လိုက်၏။
သူမ မိသားစုကလည်း သူမကို မဖျောင်းဖျနိုင်ဘဲ သဘောသာ တူနိုင်သည်။
ဒီလိုနှင့် ယန်ယင်က နေ့တိုင်းပဲ သွေးခြင်ဆီ ပန်းမျိုးစေ့တစ်စေ့ကို စားခဲ့သည်။ သူမ၏ အခြေအနေက နေ့တိုင်း နေ့တိုင်း ပိုသက်သာလာခဲ့ပါသည်။
သူမ၏ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သွေးမဲ့နေသော မျက်နှာမှာပင် ပန်းနုရောင် သန်းလာခဲ့ပါပြီ။
ယန်ယင်၏ အခြေအနေကို မသိကြသော သူများက သူမ ဖျားနေသည်ဟုပင် ထင်ကြမည်မဟုတ်ပါ။
သူမ၏ မိသားစုလည်း အနည်းငယ် ဇဝေဇဝါဖြစ်နေကြပါသည်။
သို့သော်လည်း ဒါက မျိုးစေ့၏ အာနိသင်မှန်း ယန်ယင်ကတော့ သေချာပေါက် သိပါသည်။
ပရော်ဖက်ဆာ ယဲ့ သူမကို ပေးခဲ့တာ တကယ် အာနိသင်ရှိပါသည်။
ရုတ်တရက် သူမ မျှော်လင့်လာမိ၏။ မနက်ဖြန် ဆေးရုံကိုသွားလျှင် ဘာဖြစ်မလဲ သူမ မသိပါ။
ဘာပဲဖြစ်ဖြစ် မနက်ဖြန် ဆေးရုံသို့သွားလျှင် လုပ်ငန်းစဥ်အရ ကုသမှုအစီအစဥ်တစ်ခု မသတ်မှတ်မီ ဆေးစစ်ရပါလိမ့်မည်။