မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခြင်း
Vol. 20 Ch. 298
ပြည်သူ့ဆေးရုံကြီး။
ယန်ယင့်အား သူမိသားစုက ဆေးစစ်ဖို့အတွက် ဆေးရုံသို့ လိုက်ပို့ခဲ့သည်။
"သူ့ခန္ဓာကိုယ်က ပုံမှန်ပဲ။ ဒေတာတွေက ဘာပြဿနာမှမရှိဘူး။”
သွေးနှင့် သက်ဆိုင်သည့် ရောဂါဌာနမှ လူနာလက်ခံတာဝန်ရှိသူ လက်ထောက် ဆရာဝန်တစ်ယောက်က ပြောလိုက်ပါသည်။
"မဟုတ်ဘူး... သူ တကယ် ပြန်ကောင်းသွားပြီပဲ။"
ယန်ယင်တို့ မိသားစု ပျော်ရွှင်သွားခဲ့ပါသည်။
သူတို့ တစ်လကျော်ကျော်လောက်အထိ မကြာခဏ ဆေးစစ်ကြရသည်။ တစ်ကြိမ်စစ်လိုက်တိုင်းလည်း အရင်တစ်ခေါက်ထပ် ပိုတိုးတက်လာခဲ့သည်။ မနေ့ကမှ ဆရာဝန်ကြီးက ယန်ယင် ထူးဆန်းစွာဖြင့် ပြန်လည်ကောင်းမွန်သွားခဲ့ပြီဟု ကြေညာခဲ့ပါသည်။
သူတို့ စိတ်ပူနေဆဲ ဖြစ်သောကြောင့် နောက်တစ်ခေါက် ဆေးလာစစ်ခြင်းဖြ်စသည်။
အဖြေကတော့ တူတူပဲဖြစ်ပါသည်။
မိသားစု သုံးယောက်သား တစ်နေကုန် ပွေ့ဖက်ထားခဲ့ကြသည်။
ဘုရားသခင်ဆီမှ လက်ဆောင်မွန်ဟု သူတို့ ခံစားလိုက်ကြရပါသည်။
ပရော်ဖက်ဆာယဲ့ပေးခဲ့သော အရာကြောင့် သူမ ပျောက်ကင်းသွားတာကို ယန်ယင်သာ သိပါသည်။
"ပရော်ဖက်ဆာ ယဲ့။ ကျေးဇူးတင်ပါတယ်။"
ယဲ့ယင်က ရင်ထဲတွင် ပြောလိုက်ပါသည်။
ပရော်ဖက်ဆာယဲ့ကြောင့်သာ မဟုတ်ပါက သူမ ဆေးရုံကုတင်ပေါ်တွင် လှဲနေရဆဲဖြစ်ကာ အနာကျင်ရဆုံး ကုထုံးများကို ခံယူရင်း အနာဂတ်ကို မမြင်နိုင်ဘဲ ဖြစ်နေပါလိမ့်မည်။
ပရော်ဖက်ဆာယဲ့က သူမကို ဘဝအသစ်တစ်ခု ပေးခဲ့သည်ဟုပင် ပြောနိုင်ပါသည်။
သူမ အိမ်ပြန်ရောက်သောအခါ ရာရှန်းဆေးရုံက သွေးနှင့် သက်ဆိုင်သည့် ရောဂါဌာနမှ ဆရာဝန်ကြီး ဝမ်ပင်းလုံက ဖုန်းဆက်ပြီး သူတို့အိမ်ကို အသေးစိတ် မေးမြန်းဖို့ လာရောက်လည်ပတ်မည့်အကြောင်း ပြောခဲ့ပါသည်။
တကယ်တော့ ဝမ်ပင်းလုံလာတာ ပထမဆုံး အကြိမ်မဟုတ်ပေ။ အရင်ကလည်း တစ်ခေါက်လာခဲ့ဖူးသည်။ သို့သော် ဘာပြဿနာမှ ရှာမတွေ့ခဲ့ပါ။
ထို့ကြောင့်လည်း သူအလွန်အရေးစိုက်ထားခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယန်ယင်က ကုသမှုကိုခံယူခဲ့ပြီး အားလုံးကို အစမှအဆုံးအထိ သိနေသူဖြစ်သည်။
ယခု ယန်ယင်က မယုံနိုင်စရာကောင်းလောက်အောင် ရောဂါပျောက်ကင်းသွားပြီ ဖြစ်သည်။ ဒါကို ဆန်းကြယ်မှုဟု သူမထင်ပါ။ တခြား အကြောင်းအရင်းတွေ ရှိပါဦးမည်။
ကမ္ဘာပေါ်တွင် အကြောင်းမဲ့ ပျောက်ကင်းသွားနိုင်သော ပြင်းထန်သည့် ရောဂါဆိုတာ မရှိပါ။
ထို့ကြောင့် သူတစ်ခုခုလွဲနေသည်ဟု ခံစားခဲ့ရသည်။
ယန်ယင်၏ ရောဂါ ပျောက်ကင်းမှုအတွက် အကြောင်းအရင်းအစစ်ကိုသာ ရှာတွေ့ပါက သေချာပေါက် ကြီးမားသည့် ရှာဖွေတွေ့ရှိမှုကြီး ဖြစ်လာနိုင်ပါသည်။
နောက်တစ်နေ့တွင် ဝမ်ပင်းလုံက ဌာနပေါင်းစုံမှ ခေါင်းဆောင် ဆရာဝန်ကြီးများဖြင့်ဖွဲ့စည်းထားသော ပညာရှင်အသင်းတစ်ခုကို ဦးဆောင်ကာ လူကိုယ်တိုင် အိမ်ကိုလာရောက် လည်ပတ်ခဲ့ပါသည်။
သူတို့ အသေးစိတ်အကျဆုံး အချက်အလက်များအထိ တည်ဆောက်ခဲ့ကြ၏။ ယန်ယင်တို့ မိသားစု ဘာစားသလဲ၊ ဘာသောက်သလဲ၊ ဘာကိုအသုံးပြုကြသလဲ စသည်တို့ အပါအဝင်ဖြစ်သည်။ သူတို့ ဘာမှ ထိန်ချန်မထားပါ။
သူနဲ့ ထိတွေ့ခဲ့သည့် အရာအားလုံးကို စစ်ဆေးခဲ့သည်။
"ဟင် ဒါဘာလေးလဲ။”
ပညာရှင်တစ်ယောက်က ကြွေပုလင်းလေး တစ်လုံးကို ကောက်လိုက်ပါသည်။
ယန်ယင်၏ အမေ ထုတ်ထားခြင်းဖြစ်သည်။
ယန်ယင် ဘယ်လောက်ပဲ ဝှက်ထားပါစေ မရပါ။
အမှန်ပင်။ ကြွေပုလင်းထဲက မျိုးစေ့များကြောင့် သူမ၏ ရောဂါပျောက်ကင်းသွားသည်ဟုတော့ ဘယ်သူမှ မထင်ပါ။
"ကျွန်မ သမီးအတွက် မျိုးစေ့တွေ ဝယ်ပေးထားတာပါ။ သူက စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသူလေ။ စိုက်ပျိုးရေးကို အရမ်း သဘောကျတာ။”
ယန်ယင်၏ အမေက အမြန်ပြောလိုက်ပါသည်။
ဆရာဝန်က ကြွေပုလင်းထဲမှ မျိုးစေ့များကို လောင်းချလိုက်ပါသည်။ မျိုးစေ့ ၃ လုံးသာ ကျန်တော့၏။
"ဟင် ဘာလို့အရမ်းနည်းသွားတာလဲ။ အရင်တစ်ခေါက်က ပုလင်းဝက်လောက်ရှိတာ မှတ်မိပါတယ်။”
ယန်ယင်၏ အမေက အံ့အားသင့်စွာ ပြောလိုက်ပါသည်။
တခြားဆရာဝန်များလည်း လှမ်းကြည့်လိုက်ကြသည်။ သူတို့အတွက်တော့ ဘယ်လို အသေးစိတ်မျိုးကိုမှ လက်လွှတ်ခံလို့ မဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် ဒါက အရေးပါလွန်းပါသည်။
"အဲ့တာ ဘာမျိုးစေ့လဲ။”
ဝမ်ပင်းလုံက မျိုးစေ့ကို သေသေချာချာ ကြည့်လိုက်ပြီး စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
ယန်ယင် ကြောင်သွား၏။ ဒါဘယ်လို မျိုးစေ့မျိုးလဲဆိုတာ သူမဘယ်လိုလုပ် သိမည်နည်း။ သူမကို ပေးခဲ့တာ ယဲ့ရှောင်ချန်းဖြစ်သည်။ သူမ မသိပါ။
ဝမ်ပင်းလုံက တစ်ခုခုကို နားလည်သွားပါသည်။ ချက်ချင်းဆိုသလိုပဲ ယန်ယင် အမှန်တရားကို ထုတ်မပြောသည်ကို နားလည်သွားပါသည်။ သူအံ့အားသင့်သွားပြီး ပြောလိုက်၏။ "ယန်ယင်။ ဒီရောဂါရဲ့ နာကျင်မှုကို မင်းလည်းသိပါတယ်။ အခု ဒီရောဂါရှိနေတဲ့ လူပေါင်းများစွာ ရှိနေတာ။ သူတို့ နာကျင်မှုတွေ ဘယ်လောက်ခံစားရဦးမလဲ သူတို့ကိုယ်တိုင်တောင် မသိဘူး။ ဘာမှ မသိရှာတဲ့ ကလေးလေးတွေတောင်ပါတယ်။ သူတို့က ဒီလောကကြီးထဲ စရောက်ခါစပဲ ရှိသေးတယ်။ ဒါပေမယ့် ရောဂါကြောင့် သူတို့ ခံစားနေကြရပြီ..."
သူ့စကားလုံးများကြောင့် ယန်ယင် တုန်ယင်သွားရသည်။ သူမလည်း ခံစားဖူးသဖြင့် နက်နက်ရှိုင်းရှိုင်း နားလည်ပါသည်။
ပရော်ဖက်ဆာ ယဲ့ပေးသော မျိုးစေ့ကြောင့်သာ မဟုတ်လျှင် သူမလည်း ထိုလူတွေထဲက တစ်ယောက် ဖြစ်နေနိုင်ပါသည်။
သူမ ရောဂါပျောက်ကင်းသွားပြီဆိုသော်လည်း တစ်ကိုယ်ကောင်း မဆန်နိုင်တော့ပါ။
သူ့ကိုပြောပြလိုက်လည်း ပရော်ဖက်ဆာယဲ့ သူမကို အပြစ်မတင်လောက်ပါ။
ယန်ယင် ခေတ္တ တိတ်ဆိတ်သွားပြီး နောက်ဆုံးတော့ ဆုံးဖြတ်ချက် တစ်ခုချလိုက်ပါသည်။ သူမ ပြောလိုက်၏။ "ကျွန်မရောဂါက ဒီမျိုးစေ့တွေကိုစားလို့ ပျောက်ကင်းသွားတာပါ။”
ဝမ်ပင်းလုံနှင့် တခြားသူများ တုန်လှုပ်သွားကြသည်။ အံ့အားသင့်နေသော မျက်နှာများပေါ်လာကြ၏။
သေချာပါသည်။ နောက်ဆုံးတော့ ယန်ယင် အမှန်တရားကို ထုတ်ပြောခဲ့ပြီ။
အားလုံးက မျိုးစေ့ကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ဒါ သွေးကင်ဆာကို ကုသနိုင်တဲ့ ဆန်းကြယ် ဆေးဝါးတစ်ခုပဲ။
ယန်ယင်၏ ရောဂါက အလွန်ပြင်းထန်ခဲ့သည်။ သို့သော်လည်း တစ်လကျော်ကျော် အချိန်လောက်နဲ့ အံ့သြဖို့ကောင်းလောက်အောင် ပျောက်ကင်းသွားခဲ့ပါသည်္။
ဒီဆေးက ဘယ်လောက်တောင် အာနိသင် ရှိလိုက်သလဲ။
"ယန်ယင် မင်းဘယ်ကနေ ရခဲ့တာလဲ။”
ဝမ်ပင်းလုံက သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို ဖိသိပ်ရင်း အမြန်မေးလိုက်ပါသည်။
ဒီလိုမျိုးစေ့ငယ်လေးတစ်ခုက ရောဂါပြင်းတစ်ခုကို ကုသနိုင်တာ မယုံကြည်နိုင်စရာ ကောင်းလှပါသည်။
"အဲ့တာကလေ..."
ယန်ယင် အနည်းငယ် တွန့်ဆုတ်နေခဲ့၏။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွင် ပရော်ဖက်ဆာ ယဲ့ပါ ပါလာပြီဖြစ်သည်။
ဝမ်ပင်းလုံက ယန်ယင်ကို မျှော်လင့်ချက် ကြီးစွာဖြင့် ကြည့်လိုက်ပါသည်။
"ယင်ယင် အမေတို့ကို ပြောပြပါ"
ယန်ယင်၏ အမေက တိုက်တွန်းသည်။
ယန်ယင်က အံကြိတ်ကာ ခေါင်းငြိမ့်လိုက်လေသည်။ သူမ ပြောလိုက်၏။ "ပရော်ဖက်ဆာ ယဲ့ ပေးတာပါ။”
"ပရော်ဖက်ဆာယဲ့ဟုတ်လား။ ပရော်ဖက်ဆာယဲ့က ဘယ်သူလဲ။”
ဝမ်ပင်းလုံက အံ့အားသင့်စွာ မေးလိုက်ပါသည်။
နိုင်ငံတော်ထဲတွင် ပရော်ဖက်ဆာယဲ့ဟု ခေါ်သည့် နာမည်တူလူများစွာ ရှိသည်။ ရှမြို့တော်နှင့် တောင်ပိုင်းဒေသများတွင်လည်း ရှိကြပါသည်။
"သူက ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းပါ။ တရုတ်သိပ္ပံကျောင်းတော်က ပရော်ဖက်ဆာ၊ ယန်မြို့တော်က အပင်အသိစိတ် သုတေသနအဖွဲ့အစည်းရဲ့ ဒါရိုက်တာ။ ပြီးတော့ စိုက်ပျိုးရေး တက္ကသိုလ်ရဲ့ အလည်အပတ် ပရော်ဖက်ဆာ တစ်ယောက်ပါ။”
ယန်ယင် နောက်ဆုံးတော့ နာမည်ကို ထုတ်ပြောခဲ့ပါသည်။
"ဘာ... ပ... ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းလား။"
ဝမ်ပင်းလုံနှင့် တခြားသူများထိတ်လန့်သွားခဲ့ကြပါသည်။
ယဲ့ရှောင်ချန်း၏ ဂုဏ်သတင်းက သူတို့နားထဲတွင် မိုးခြိမ်းသံတစ်ခုလိုပင်။ သူတို့ မကြားဖူးဘဲ နေပါ့မလား။”
"ဒီလိုကိုး။ မကြာခင် ပရော်ဖက်ဆာ ယဲ့ပျိုးထောင်တဲ့ စူပါအပင်တစ်ခုမှာ သွေးကင်ဆာကို ကုသနိုင်တဲ့ စူပါဆေးအာနိသင်တစ်ခု ရှိလာတော့မယ်ထင်တယ်။”
ဝမ်ပင်းလုံက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
တခြားသူများက သွေးကင်ဆာကို ကုသနိုင်သော စူပါအပင်တစ်မျိုးကို ပျိုးထောင်နိုင်ခဲ့သည်ဟု ဆိုလျှင် ဘယ်သူမှ မယုံလောက်ပါ။ သို့သော် ယဲ့ရှောင်ချန်းကတော့ ခြားနား၏။ သူက စူပါအပင်မျိုးစုံကို ပျိုးထောင်ခဲ့ပြီး ခြွင်းချက်မရှိ အောင်မြင်မှုများကို ရရှိခဲ့ပါသည်။
ယဲ့ရှောင်ချန်း ပျိုးထောင်သည့် စူပါအပင်များမှာ အဖိုးမဖြတ်နိုင်သော ရတနာများဟုပင် ပြောနိုင်ပါသည်။
ထိုနေ့က ယန်ယင်၏ အိမ်မှ ထွက်လာပြီးနောက် ဆရာဝန်ကြီး ဝမ်ပင်းလုံ ရှမြို့တော်သို့ တန်းသွားခဲ့ပါသည်။
သူ ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းနှင့် သွားတွေ့ပါတော့မည်။
သူက သူ့အလုပ်ကို ချစ်မြတ်နိုးသူဖြစ်သည်။ သွေးကင်ဆာကို ကုသနိုင်သော စူပါအပင်ပေါ်လာလျှင် သူ့လို အထူးကုကြီးများအတွက် ထိခိုက်နိုင်သော်လည်း သူဂရုမစိုက်ပါ။ လူနာကို လုံးဝ ပျောက်ကင်းအောင် ကုသနိုင် မကုသနိုင်ခြင်းကိုသာ ပိုဂရုစိုက်ပါသည်။
ယဲ့ရှောင်ချန်းက သုတေသနအဖွဲ့အစည်းတွင် သုတေသန လုပ်နေစဥ် တစ်ယောက်ယောက် သူ့ကိုလာတွေ့သည်ဟူသည့် သတင်းကြားလိုက်ရသည်။
"ဘာ ရာရှန်းဒုတိယ ဆေးရုံကြီးက သွေးနှင့် သက်ဆိုင်သည့် ရောဂါဌာန ဆရာဝန်ကြီး ဝမ်ပင်းလုံ ဟုတ်လား။"
ကျီယုထျင်၏ စကားများကို ကြားပြီးသောအခါ ယဲ့ရှောင်ချန်း ဘာတွေဖြစ်နေသလဲ ချက်ချင်း နားလည်လိုက်ပါသည်။ သူ ထင်တာသာ မမှားလျှင် ယန်ယင်တော့ တစ်ခုခု ဖော်လိုက်မိပြီ ထင်သည်။
ထိုအချိန်တွင် ယဲ့ရှောင်ချန်း၏ ဖုန်းတုန်သွား၏။ သူ ဖုန်းကို ကိုင်ကြည့်လိုက်သောအခါ ယန်ယင်ထံမှဖြစ်ကြောင်း မြင်လိုက်ရပါသည်။
"ပရော်ဖက်ဆာ ယဲ့။ ကျွန်မ အများကြီး စဥ်းစားခဲ့ပြီး ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့တာ။ တခြားသူတွေကို အမှန်တိုင်းပြောရင် ကျွန်မကို အပြစ်မတင်ဘူးမလားဟင်။"
ယန်ယင်၏ မက်ဆေ့ချ်ကို မြင်သောအခါ ယဲ့ရှောင်ချန်း ပြုံးသွားပါသည်။
"ရပါတယ်။ ငါလည်း ဒီဆေးဝါးကို ဖြန့်ချီတော့မှာပါ။ အချိန်ကျရင် ငါတို့အတွက် နင့်ကိုတောင် ကြော်ငြာခိုင်းရဦးမယ်။”
ယဲ့ရှောင်ချန်းက အမြန် စာပြန်လိုက်ပါသည်။
မကြာမီ ယန်ယင်က နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့လိုက်၏။ "ဒါဆို ကျွန်မ စိတ်အေးသွားပြီ။ ကျွန်မ အချိန်မရွေးအားတယ်နော်။”
"ဟုတ်ပါပြီ။ အချိန်ကျရင် ဆက်သွယ်လိုက်ပါ့မယ်။"
ယဲ့ရှောင်ချန်း မက်ဆေ့ချ်ပို့ပြီးနောက် မတ်တပ်ရပ်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ ဆရာဝန်ကြီး ဝမ်ပင်းလုံကို ဧည့်ခံဖို့ အသင့်ဖြစ်နေပါပြီ။
ဧည့်ကြိုအခန်းတစ်ခန်းထဲတွင် ယဲ့ရှောင်ချန်းက ဆရာဝန်ကြီး ဝမ်ပင်းလုံနှင့်ဆုံခဲ့ပါသည်။
သူက ရိုးသားသော မျက်နှာမျိုးရှိသည့် ကတုံးပြောင် အဘိုးကြီးတစ်ယောက်ဖြစ်သည်။
ဒါ ယဲ့ရှောင်ချန်း၏ ပထမဆုံး အတွေး ဖြစ်၏။
သူက လူတွေကို အကဲခတ်ရာမှာ တော်ပါသည်။
သူတို့နှစ်ယောက် နှုတ်ဆက်လိုက်ကြပြီး လက်ဆွဲနှုတ်ဆက်ပြီးသောအခါ ဝမ်ပင်းလုံက သူလာရောက်လည်ပတ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြလိုက်ပါသည်။
"ဆရာဝန်ကြီးဝမ်။ သွေးကင်ဆာကို ကုသဖို့အတွက် စူပါအပင်ကို ကျွန်တော် အောင်မြင်စွာနဲ့ ပျိုးထောင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အာနိသင်ကတော့ အခုလောက် မစွမ်းနိုင်ဘူး။ ဘာလို့လဲဆိုတော့ ယန်ယင်ကို ကျွန်တော်ပေးခဲ့တာက မူရင်းမျိုးစေ့ပါ။ မူရင်းမျိုးစေ့ကိုတော့ အမြောက်အများ စိုက်ပျိုးလို့ မရဘူး။”
ယဲ့ရှောင်ချန်းက အမှန်တိုင်း ပြောလိုက်ပါသည်။
"ပရော်ဖက်ဆာယဲ့ သွေးကင်ဆာကို ကုသတဲ့ အာနိသင်က ဘယ်လိုလဲ။”
ဝမ်ပင်းလုံက အမြန်မေးလိုက်ပါသည်။
"မူရင်းမျိုးစေ့နဲ့ဆို တစ်လလောက်နဲ့ ပျောက်ကင်းနိုင်တယ်။ သာမန်ဆိုရင်တော့ ၃ လကနေ ၅လအထိ ကြာမြင့်နိုင်တယ်။ ကုသမှု အာနိသင်ကတော့ ပြဿနာ မဟုတ်ပါဘူး။”
ယဲ့ရှောင်ချန်း ပြောလိုက်ပါသည်။
"ကောင်းတာပေါ့ ပရော်ဖက်ဆာယဲ့ရာ။ ဒါဆို ဒီစူပါအပင် စျေးကွက်ထဲရောက်ဖို့ ဘယ်လောက် ကြာဦးမလဲ။”
ဝမ်ပင်းလုံ အလွန်ပျော်ရွှင်နေပါသည်။
၃ လမှ ၅ လဆိုတာ နည်းနည်းကြာသော်လည်း ၁၀၀ ရာခိုင်နှုန်း ပျောက်ကင်းစေနိုင်မည်ဖြစ်သည်။ ထို့အပြင် ဘေးထွက် ဆိုးကျိုး သို့မဟုတ် နာကျင်သည့် လက္ခဏာများလည်း ဘာမှ မရှိပါ။
"စျေးကွက်ထဲ ပမာဏအမြောက်အများ ရောက်ဖို့က တစ်လလောက်က ကြာဦးမယ်။ ဒါပေမယ့် အခုတော့ ပမာဏ အနည်းငယ် အသုံးပြုလို့ ရပါပြီ။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။
"မစ္စတာယဲ့။ ကျုပ်တို့ဆေးရုံအတွက် တစ်သုတ်လောက် မှာထားလို့ ရမလား။”
ဝမ်ပင်းလုံက မျှော်လင့်ချက်ကြီးစွာ မေးလိုက်ပါသည်။
"အဲ့တာတော့ မဖြစ်နိုင်လောက်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံကမ္ဘာမြေစိုက်ပျိုးရေးကုမ္ပဏီက အထူး ဆေးရုံတစ်ခု တည်ထောင်ဖို့ ပြင်ဆင်နေပြီးသား ဖြစ်နေလို့ပါ။ မကြာခင် အသုံးချနိုင်တော့မှာ။ ဒါရိုက်တာဝမ်။ အဲဒီအထူးဆေးရုံကြီးမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်ဖို့ ခင်ဗျား စိတ််ဝင်စားမလားမသိဘူး။”
ယဲ့ရှောင်ချန်းက ဖိတ်ကြားလိုက်ပါသည်။
ဝမ်ပင်းလုံက အလွန်နာမည်ကျော်မှန်း သူ သိပါသည်။ သူက တောင်ပိုင်းဒေသ၏ သွေးရောဂါနယ်ပယ်တွင် စီနီယာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
ဒီလိုလူမျိုးကိုသာ ဒါရိုက်တာလုပ်ဖို့ ငှားရမ်းနိုင်ပါက အကျိုးကျေးဇူးများက အလွန်ကြီးမားလွန်းလှပါသည်။
"ဘယ်လို သဘောရလဲဗျ။”
ဝမ်ပင်းလုံက အနည်းငယ် တွန့်ဆုတ်နေပါသည်။
ဒီစူပါအပင်မှာသာ မှော်ဆန်သည့်အာနိသင်မျိုးရှိနေပြီး ကောင်းကင်ဘုံကမ္ဘာမြေစိုက်ပျိုးရေးကုမ္ပဏီက အထူးဆေးရုံကိုသာ ဆောက်လိုက်ပါက နိုင်ငံတော်ထဲက သွေးရောဂါ အထူးကုဌာနအားလုံး အလုပ်လက်မဲ့ဖြစ်သွားမှာကို သူကောင်းကောင်းသိပါသည်။
"ဒါရိုက်တာဝမ်။ ဒါက ရှားပါးအခွင့်အရေးနော်။”
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
ဝမ်ပင်းလုံက အံကိုကြိတ်လျက် ပြောလိုက်ပါသည်။ "ဟုတ်ပါပြီ ကျုပ်သဘောတူပါတယ်။ ဒါပေမယ့် ပရော်ဖက်ဆာယဲ့။ ဒီဆေးရဲ့စျေးကို အရမ်းမမြှင့်ဖို့တော့ မျှော်လင့်ပါတယ်။ အခု နာမကျန်းတဲ့ မိသားစုတွေများလွန်းပြီး ခက်ခဲလွန်းလို့ပါ။”
"စိတ်မပူပါနဲ့ ဒါရိုက်တာဝမ်။ ကျွန်တော်တို့ရဲ့ မစ်ရှင်က လူနာတိုင်းကို တတ်စွမ်းသမျှကုသပေးဖို့ပါပဲ။ ဆင်းရဲတာကြောင့် ရောဂါကို မကုသနိုင်တဲ့ မိသားစုမျိုး ဘယ်တော့မှ မရှိစေရဘူး။”
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။
ဝမ်ပင်းလုံက နောက်ဆုံးတော့ ပျော်ရွှင်နေသည့် မျက်နှာမျိုး ထုတ်ပြခဲ့ပါပြီ။
ပရော်ဖက်ဆာယဲ့၏ အဆင့်အတန်းမျိုးနဲ့ဆို သေချာပေါက် မစဥ်းစားဘဲ စကားတစ်ခွန်းကို ပြောမှာမဟုတ်ပါ။
ဒီလိုနဲ့ ယန်မြို့တော်တွင် တည်ထောင်မည့် ကောင်းကင်ဘုံကမ္ဘာမြေ သွေးရောဂါအထူးကု ဆေးရုံကြီး၏ ဒါရိုက်တာကို ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။
ဝမ်ပင်းလုံက ရာရှန်းဒုတိယ ဆေးရုံကြီးတွင် အလုပ်ထွက်စာ တင်လိုက်သောအခါ လူများစွာ ထိတ်လန့်အံ့အားသင့်သွားခဲ့ကြ၏။
ရာရှန်း ဒုတိယ ဆေးရုံကြီးမှာ တောင်ပိုင်းဒေသတွင် အလွန်နာမည်ကြီးသည့် ဆေးရုံကြီး တစ်ခုဖြစ်ပါသည်။ သွေးရောဂါဌာန၏ ဒါရိုက်တာတစ်ယောက်ဖြစ်သော ဝမ်ပင်းလုံ၏ အဆင့်အတန်းမှာလည်း သာမန်ထက် ထူးကဲသည်။
ယခု သူ အလုပ်ထွက်သွားပြီဖြစ်သဖြင့် အားလုံး တုန်လှုပ်သွားခဲ့ကြပါသည်။
ဆောက်လုပ်နေဆဲဖြစ်သည့် မြို့တော်ထဲက အထူးဆေးရုံကြီးတစ်ခုကို သွားတောမည်ဖြစ်ကြောင်း ထုတ်ပြောလိုက်သောအခါ လူများစွာက သူ့ကိုမသွားဖို့ ဖျောင်းဖျကြပါသည်။
သို့သော်လည်း ဝမ်ပင်းလုံက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီးသားဖြစ်သည်။
နောက်တစ်ပတ်ကြာသောအအခါ ယန်မြို့တော်က ကောင်းကင်ဘုံကမ္ဘာမြေ သွေးရောဂါအထူးကု ဆေးရုံကြီး ဖွင့်လှစ်နိုင်ခဲ့ပါပြီ။။
ဒါရိုက်တာကြီး ဝမ်ပင်းလုံက သူ့လူနာ အဆက်အသွယ်များကို အသုံးချခဲ့ပြီး ဆေးရုံသို့ ချက်ချင်းဆိုသလိုပဲ လူနာများ ခေါ်လာနိုင်ခဲ့ပါသည်။
အမှန်ပင်။ ထိုလူနာများကလည်း ဒီလောက် ရိုးရှင်းသည့် ကုထုံးတစ်ခုတည်းကြောင့် ဇဝေဇဝါဖြစ်ခဲ့ကြပါသည်။
သို့သော်လည်း ဒါရိုက်တာကြီးဝမ်ကို ယုံကြည်မှုကြောင့် ထိုလူနာများ တစ်ယောက်ချင်းဆီ ကုထုံးကို လက်ခံခဲ့ပါသည်။
အမှန်ပင်။ စဦးပရိုမိုးရှင်း ဆင်းသည့်အနေဖြင့် ထိုလူနားအားလုံးကို အခမဲ့ကုသပေးခဲ့ပါသည်။
တစ်ပတ်အတွင်း ကုထုံးအာနိသင်များ ထွက်လာခဲ့သည်။ ဆေးစစ်သောအခါ လူနာအားလုံး၏ အခြေအနေများက အများကြီး ပိုကောင်းမွန်သွားခဲ့ပါသည်။
တစ်လကြာသောအခါ လူနာအားလုံး၏ အခခြေအနေများက ပို၍ပင် ကောင်းမွန်လာခဲ့ပါသေးသည်။ လအနည်းငယ်သာ အသက်ရှင်ရတော့မည်ဟု ခန့်မှန်းထားသည့် အလွန်ပြင်းထန်သော ရောဂါများနဲ့ လူနာတချို့ကတောင် အလွန်ကောင်းမွန်စွာ ပြန်သက်သာနေကြသည့်ပုံပင်။
အသက်ရှင်ဖို့ မျှော်လင့်ချက်ကို မြင်လိုက်ရသောအခါ လူနာအားလုံးက ပီတိဖြာနေခဲ့ကြသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံကမ္ဘာမြေ သွေးရောဂါ အထူးကုဆေးရုံကြီးက စတင်ပရိုမိုးရှင်း ဆင်းခဲ့ပါသသည်။
အဘယ့်ကြောင့်ဆိုသော် ဆူးပန်းများကို ပထမဆုံးအကြိမ်အဖြစ် အမြောက်အများ ရိတ်သိမ်းနိုင်ခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။
ဆေးဝါးများစွာကို ထုတ်လုပ်ပြီး ဆေးဝါး စမ်းသပ်ချက်၊ ဆေးဝါး ထောက်ခံချက်၊ အစရှိသော လုပ်ငန်းစဥ်များကိုလည်း အောင်မြင်ပြီးသွား ဖြစ်သွားပါသည်။
ယဲ့ရှောင်ချန်း၏ သွေးကင်ဆာကို ကုသနိုင်သော ဆန်းကြယ်သည့် ဆေးဝါးအတွက် အစိုးရက အလွန်အရေးကြီးပြီး အမြဲတမ်း မီးစိမ်းသာ ပြခဲ့ပါသည်။
ထို့ကြောင့် ပရိုမိုးရှင်း စတင်သောအခါ တီဗီသတင်းဌာန၊ ပြည်နယ် သတင်းဌာနနှင့် တခြား သတင်းမီဒီယဦ အားလုံးက တင်ပြခဲ့ကြပါသည်။
ထိုအချိန်တွင် ပြည်နယ်တစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားခဲ့ကြသည်။
သွေးကင်ဆာကို ကုသနိုင်သည့် ဆန်းကြယ်သော ဆေးဝါးတစ်မျိုးကို ပရော်ဖက်ဆာယဲ့ရှောင်ချန်းက ဖန်တီးနိုင်ခဲ့သည်။ သွေးကင်ဆာကို ရာနှုန်းပြည့် ကုသပေးနိုင်၏။ သာဓက များပင်ရှိပါသည်။
တီဗီဌာနက ယန်ယင်ကို အင်တာဗျူးထားသော ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ပါသည်။
ရောဂါပျောက်ကင်းသွားသော တခြား လူနာများနှင့် အင်တာဗျူးများစွာလည်းရှိသည်။
သက်သေမျိုးစုံကို တင်ပြခဲ့သည်။ စုံစမ်းစစ်ဆေးမှုကို ခံနိုင်ရည်ရှိကာ စမ်းသပ်ချက်ကို အောင်မြင်နိုင်ခဲ့ပါသည်။
မရေမတွက်နိုင်အောင် များပြားသည့် လူများက စိတ်လှုပ်ရှားပျော်ရွှင်သွားကြသည်။ သွေကင်ဆာလို ရောဂါဆိုးတစ်မျိုးကိုသာ ကုသနိုင်ပါက တခြား ပြင်းထန်ပြီး ဆိုးရွားသည့်ရောဂါများအတွက်လည်း မျှော်လင့်ချက် ရှိလာနိုင်သည်။
ရောဂါဆိုတာ လူတိုင်းလိုလို မရှောင်လွှဲနိုင်သည့် အခက်အခဲတစ်ခုဖြစ်သည်။ ငယ်သေးလို့ မဖြစ်သေးတာပဲဖြစ်ဖြစ် ရောဂါကို မဖော်ထုတ်နိုင်သေးတာပဲဖြစ်ဖြစ် မရှိခဲ့တာမျိုးဖြစ်နိုင်သည်။ သို့သော်လည်း ရောဂါပေါ်လာပြီဆိုတာနဲ့ စိတ်ကူးကြည့်လို့ပင်မရနိုင်သည့် အကျိုးဆက်ဆိုးများကို ယူဆောင်လာလိမ့်မည်။ နွေးထွေးပျော်ရွှင်နေကြသည့် မိသားစု ဘယ်လောက်များများ အဲ့တာကြောင့် နာကျင်မှုနှင့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရမလဲ မပြောနိုင်ပါ။
ထို့ကြောင့် ဒီလိုခက်ခဲသည့် ရောဂါမျိုးကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်သဖြင့် လူများစွာက အပျော်လွန်သွားခဲ့ကြပါပြီ။
ထို့အပြင် ဒီဆန်းကြယ်ဆေးဝါးကို ဖန်တီးခဲ့သူကလည်း ယဲ့ရှောင်ချန်းဖြစ်ပါသည်။
ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းဆိုတာ မရေမတွက်နိုင်တဲ့ စူပါအပင်မျိုးစုံကို ပျိုးထောင်ခဲ့တဲ့ လူမှန်း မသိတဲ့လူ ရှိနိုင်ပါဦးမလား။
ထို့ကြောင့် ယဲ့ရှောင်ချန်းကို လူများစွာက အပြည့်အဝ ယုံကြည်ထားကြသည်။
တကယ်အစစ်အမှန်ဟု ယုံကြည်၏။ လုံးဝ အစစ်အမှန်ဟု ယုံကြည်နေပါသည်။
ဒါက ယဲ့ရှောင်ချန်း၏ လွှမ်းမိုးနိုင်မှုသာဖြစ်ပါသည်။
သတင်းကို ထုတ်လွှင့်ပြီးသောအခါ လူနာများစွာ ယန်ရှစ်မြို့တော်သို့ ရောက်လာကြပြီး ကောင်းကင်ဘုံ ကမ္ဘာမြေ သွေးရောဂါ အထူးကုဆေးရုံကြီးကို လာရှာကြသည်။
လူအလွန်များပြားလွန်းပါသည်။ ထို့ကြောင့် အွန်လိုင်းမှ ရက်ချိန်းကြရ၏။
ထို့အပြင် ရက်ချိန်းရာတွင် လူနာများက ၎င်းတို့၏ ရောဂါအခြအနေအသေးစိတ်ကို ထည့်ရေးရသည်။
ဆေးရုံ၏ နောက်ဆုံးကြေညာချက်အရ အသက်အန္တရာယ်စိုးရိမ်ရသော လူနာများကို ဦးစားပေးကုသပေးမည်ဖြစ်သည်။
ကုထုံးက အလွန်ရိုးရှင်း၏။ ရောဂါကို စစ်ကြည့်၊ ဆေးစစ်ချက် အချက်အလက်အားလုံးကို စစ်ဆေးပြီး ဆေးညွှန်းရေးပေးလိုက်ရုံပဲဖြစ်သည်။
မကြာခဏ ဆေးစစ်ရသည့် လုပ်ငန်းစဥ်များကို လုံးဝ ကျော်ပစ်လိုက်ပါသည်။
ပုံမှန်ဆို မကြာခဏ ဆေးစစ်ရလျှင် ဆေးရုံက ငွေပိုရနိုင်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းကတော့ ဒီလို မလုပ်ချင်ပါ။
ကုထုံးကို အဓိကထားပြီး ဆေးကုသမှုကို ခွဲခြားထားသည်။ လဝက်တိုင်း ကုထုံးတစ်ခု ရှိမည်။ ထို့နောက် အခြေအနေကို ပြန်လည် စစ်ဆေးမည်ဖြစ်ပါသည်။
ဆေးကလည်း စျေးမကြီးပါ။ ယွမ် ၁,၀၀၀ ဝန်းကျင်လောက်သာ ရှိ၏။ လူနာတိုင်း တတ်နိုင်ပါသည်။
သူတို့ကို ၃ လမှ ၅လအတွင်း ကုသနိုင်ပါက ယွမ်ထောင်ကျော်ရုံ အနည်းငယ်သာ ကုန်ကျမည်ဖြစ်သည်။
ယခင် သောင်းချီ သိန်းချီ ကုန်ကျသော သာမန်ကုထုံးများနှင့် ယှဥ်ကြည့်လျှင် အလွန်စျေးပေါလွန်းပါသည်။