လွှမ်းမိုးခြင်း
Vol. 28 Ch. 381
ထိပ်တန်း ကျောင်းသားစာရင်း ပြိုင်ပွဲကိုတော့ အပြင်စည်းတက္ကသိုလ်ရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ ပြိုင်ပွဲကွင်းပြင်မှာ ပြုလုပ်မှာပါ။
ပြိုင်ပွဲကို အားပေးမယ့် ပရိသတ်တွေဟာ မနက်အစောကြီး ကတည်းက ပြိုင်ပွဲကွင်းပြင်ကို အရောက်လာကြပြီး နေရာကောင်းတွေကို ဦးထားပြီးကြပါတယ်။
အပြင်စည်းတက္ကသိုလ်ရဲ့ ဆရာတွေ၊ အကြီးအကဲတွေနဲ့ လက်ထောက် ကျောင်းအုပ် တွေကလည်း သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာမှာ ထိုင်နေကြပါပြီ။
သည်ပြိုင်ပွဲကတော့ အပြင်စည်း တက္ကသိုလ်ရဲ့ အစည်ကားဆုံးပွဲလို့တောင် သတ်မှတ် နိုင်ပါတယ်။
သည်ပြိုင်ပွဲရဲ့ ဆုကြေးကလည်း တကယ်ကို မက်လောက်စရာပါပဲ။ ပြိုင်ပွဲရဲ့ ထိပ်ဆုံး သုံးနေရာကို ရတဲ့ ကျောင်းသား သုံးယောက်ဟာ မြေကမ္ဘာအဆင့် အတွင်းအားကျင့်စဉ် တစ်ခုစီကို ရရှိမှာ ဖြစ်သလို ထိပ်ဆုံး ၁၀ယောက်အတွင်းဝင်တဲ့ ကျောင်းသားတွေကိုလည်း သိုင်းတက္ကသိုလ်က ဝိညာဉ်ကျောက်တုံးတွေ ချီးမြှင့်ဦးမှာပါ။
နံပါတ်တစ် နေရာရတဲ့ ကျောင်းသားကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး၂၀၀၀၊ နံပါတ်နှစ်နဲ့ နံပါတ်သုံး နေရာရတဲ့ ကျောင်းသား နှစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ စီ ချီးမြှင့်မှာ ဖြစ်ပြီး နံပါတ်လေး ကနေ နံပါတ်တစ်ဆယ် နေရာအထိ ရတဲ့ ကျောင်းသားတွေကိုတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ စီ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ထိပ်တန်းကျောင်းသားစာရင်းရဲ့ ထိပ်ဆုံး၁၀ယောက်ထဲကို ဝင်နိုင်တယ် ဆိုရင်တောင်မှ ရမယ့် ဆုကြေးက မနည်းလှပါဘူး။
(က) အတန်းရဲ့ ဆရာတွေကတော့ သိုင်းစင်မြင့်ရဲ့ ဘေးမှာရှိတဲ့ စားပွဲခုံရှည်ကြီးတစ်ခုမှာ ဘေးချင်းကပ် ထိုင်နေကြပါတယ်။
( က ) အတန်း၊ တန်းခွဲ၃ရဲ့ ဆရာဖြစ်တဲ့ ကုလီက ပြုံးလိုက်ပြီး
" ဆရာစု ...။ ခင်ဗျားက အရမ်းကံကောင်း တာပဲနော်။ ခင်ဗျားရဲ့ တန်းခွဲ၇မှာ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ပိုင်ရှင်တစ်ယောက်တောင် ပေါ်လာသေးတယ်။ နောက်ထပ် ၂နှစ်လောက် ကြာရင်တော့ ကျုပ်ရဲ့ တန်းခွဲ၃တောင်မှ ခင်ဗျားရဲ့ တန်းခွဲ၇ကို ယှဉ်နိုင်တော့မယ် မထင်ပါဘူးဗျာ "
စုချွန်ရန်က နှာခေါင်း ရှုံ့လိုက်ပြီး
" ကုလီ ... အပိုတွေ လာပြော မနေစမ်းပါနဲ့။ ငါ့ရဲ့ တန်းခွဲ၇မှာ ဒဏ္ဍာရီအဆင့် ထိုးထွင်း သိမြင်မှုပိုင်ရှင် ပေါ်လာတာက မင်းအပူပါလို့လား "
စုချွန်ရန်ဟာ ကုလီနဲ့ ဘယ်တုန်းကမှ မတည့်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး သူ့ရဲ့ တန်းခွဲ ၇ဟာ တန်းခွဲ၃ထက်ကို အစစ၊ အရာရာမှာ နိမ့်ကျခဲ့ပါတယ်။ သည်ဘက် နှစ်တွေမှာဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ တန်းခွဲ၃မှာ ထိပ်တန်းစာရင်းဝင် ကျောင်းသား သုံးယောက် ရှိနေပေမယ့် စုချွန်ရန်ရဲ့ တန်းခွဲ ၇မှာတော့ ထိပ်တန်းစာရင်းဝင် ကျောင်းသား တစ်ယောက်မှာ မရှိခဲ့ပါဘူး။ အဲသည်အတွက် ကုလီဟာ အခွင့်အရေး ရတိုင်းလိုလို သူ့ကို လှောင်ပြောင် သရော်နေတာပါ။
" အား ... ယား ...။ မင်းက တကယ် ပေါင်းရ၊ သင်းရ ခက်တာပဲ။ ထားလိုက်ပါတော့လေ။ ငါလည်းမင်းကို အဖက်လုပ်ပြီး စကားမပြောတော့ပါဘူး "
ကုလီက ပြုံးဖြဲဖြဲနဲ့ တစ်ဖက်ကို လှည့်သွားခဲ့ပါပြီ။
" လီဖူချန်း ... အကောင်းဆုံးလုပ်ခဲ့ "
(က)အတန်း တန်းခွဲ၅ အုပ်စုထဲမှာ ရှိနေတဲ့ လျိုယန်ကတော့ သိုင်းစင်မြင့် အောက်ကနေပြီး လီဖူချန်းကို တိတ်တဆိတ် အားပေးနေပါတယ်။
" ဟမ့် ... နောက်ဆုံးတော့ ငါ့ရဲ့မောင် ဖန်းဟွာ နင့်ကို ဆုံးမတာကို မြင်ရတော့မှာပေါ့"
ဇိုလင်းဟွာကလည်း (က)အတန်း တန်းခွဲ၅ အုပ်စုထဲမှာပါပဲ။သူကတော့ အသက်၂၈နှစ်ဖြစ်ပြီး လျိူယန်ထက် တစ်နှစ် ကြီးပါတယ်။ သူနဲ့ သူ့ရဲ့ ဝမ်းကွဲမောင် ဇိုဖန်းဟွာက အသက်ချင်း သိပ်မကွာလှပါဘူး။
သိုင်းစင်မြင့်ရဲ့ အရှေ့ဘက်ခြမ်းမှာတော့ လီဖူချန်းဟာ ကျင်းလီ၊ ဝမ်ရင်းရှုနဲ့ တန်းခွဲ၇ရဲ့ အခြားသော ကျောင်းသား နှစ်ယောက်ကို ဦးဆောင်ပြီး ရပ်နေပါတယ်။
သည်တစ်ခေါက် ပြိုင်ပွဲကိုတော့ (က)အတန်း၊ တန်းခွဲ၇က နေပြီး ကျောင်းသား၅ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ကျင်းလီ နဲ့ ဝမ်ရင်းရှုတို့ကတော့ လီဖူချန်းကို လေးစား အားကျစွာ ကြည့်နေကြပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဆရာစုရဲ့ စီစဉ်ပေးမှုကြောင့် သူတို့နှစ်ယောက်ဟာ လီဖူချန်းနဲ့ လက်ရည် စမ်းပြီးသွားခဲ့ပါပြီ။
ရလဒ်ကတော့ တကယ့်ကို စိတ်ပျက်စရာပါပဲ။ သူတို့ နှစ်ယောက်စလုံးဟာ လီဖူချန်းရဲ့ ဓားကွက်သုံးကွက်ကိုတောင် မခံနိုင်ခဲ့ပါဘူး။
သူတို့နှစ်ယောက်နဲ့ လီဖူချန်းဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် ပညာရပ်တွေကိုပဲ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲသည်တိုက်ပွဲက ကလေးနဲ့ လူကြီး တိုက်နေသလိုပါပဲ။
" ငါသတိထားရမယ့် တစ်ဦးတည်းသောသူက သိကျွင်းပဲ "
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ သိကျွင်းအပေါ်မှာပဲ ရှိနေခဲ့ပါတယ်။
လီဖူချန်းက မြေကမ္ဘာအဆင့်နိမ့် အတွင်းအား အစွမ်းကို တစ်ခါမှ မျက်မြင်ကိုယ်တွေ့ မကြုံဖူးသေးပါဘူး။ အဲသည်အတွက် သူက သူ့ကိုယ်သူ ယုံကြည်မှု သိပ်မရှိတာပါ။
ပြိုင်ပွဲဝင်တွေ အားလုံး စုံသွားတဲ့ အခါမှာတော့ မီးခိုးရောင် ဝတ်စုံဝတ် လက်ထောက် ကျောင်းအုပ်က မတ်တတ် ထရပ်လိုက်ပြီး ကြေငြာလိုက်ပါတယ်။
"ပြိုင်ပွဲရဲ့ စည်မျဉ်းတွေကတော့ ရှင်းရှင်းလေးပဲ။ ရှုံးပွဲ ဆယ်ပွဲ ပြည့်သွားတဲ့ လူတွေက ပြိုင်ပွဲကနေ ထွက်ခွာရမယ်။ နောက်ဆုံးမှာ ရှုံးပွဲအနည်းဆုံးလူက ပိုမြင့်တဲ့ အဆင့်ကို ရမယ်။ ပြိုင်ပွဲစလို့ ရပြီ "
ပြိုင်ပွဲကွင်းပြင်အလယ်မှာတော့ သိုင်းစင်မြင့် ဆယ်ခု ဆောက်လုပ် ထားပါတယ်။ အဲသည်အတွက် တစ်ပြိုင်နက်တည်း တိုက်ပွဲဆယ်ပွဲ စလို့ ရပါတယ်။ ပွဲကြည့် ပရိသတ်တွေကတော့ ကိုယ်ကြိုက်တဲ့ တိုက်ပွဲကို ရွေးပြီး ကြည့်ရုံပါပဲ။
" နံပါတ်၂ သိုင်းစင်မြင့်။ လီဖူချန်း နဲ့ ရန်ယွန်ဟီ "
ဒိုင်လုပ်သူ အကြီးအကဲရဲ့ အသံ ဆုံးသွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ နံပါတ်၂ သိုင်းစင်မြင့်ပေါ်မှာ ရောက်နေခဲ့ပါပြီ။
ရန်ယွန်ဟီကလည်း သိုင်းစင်မြင့်ပေါ်ကို ခုန်တက် လာပါတယ်။
ရန်ယွန်ဟီကတော့ (က) အတန်း၊ တန်းခွဲ၆ရဲ့ ဒုတိယမြောက် အတော်ဆုံး ကျောင်းသားပါပဲ။ အဲသည်အတွက် သူက လီဖူချန်းကို အနိုင်ရမယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမဲ့လည်း ယုံကြည်တာက ယုံကြည်တာ တစ်ပိုင်းပါပဲ။ ရန်ယွန်ဟီက ဒဏ္ဍာရီအဆင့် ထိုးထွင်သိမြင်မှု ပိုင်ရှင်ကိုတော့ မလေးမစား မလုပ်ရဲပါဘူး။
" ညီလေး ... စလိုက်ကြရအောင် '"
သံတုတ် တစ်ချောင်းက ရန်ယွန်ဟီရဲ့ လက်ထဲကို ရောက်လာခဲ့ပါပြီ။ ဒါက ဆန်းကြယ် အထွတ်အထိပ်အဆင့် လက်နက်ပါပဲ။
သည်ထိပ်တန်း ကျောင်းသားစာရင်း ပြိုင်ပွဲမှာတော့ မြေကမ္ဘာအဆင့် လက်နက်တွေကို အသုံးပြုခွင့် မပေးထားခဲ့ပါဘူး။
ဟူး ... ဟူး ... ဟူး ... ဟူး ...
အားကောင်းလှတဲ့ အတွင်းအား ဆန္ဒတစ်ခုနဲ့ တုတ်ဆန္ဒ တစ်ခုဟာ တစ်ပြိုင်တည်းလိုလို ထွက်ပေါ် လာခဲ့ပါပြီ။ ရန်ယွန်ဟီရဲ့ လက်ထဲက တုတ်ကတော့ မုန်တိုင်းတစ်ခုလိုပါပဲ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ရန်ယွန်ဟီက ဒါဇင်နဲ့ချီတဲ့ တုတ်ချက်တွေ ရိုက်ချလိုက်ပါတယ်။
"မြေကမ္ဘာအဆင့်နိမ့်တုတ်သိုင်း ၊ ၃၆ချက် တောင်ဖြိုရိုက်ချက် "
သံတုတ်ကနေ ထွက်လာတဲ့ အရှိန်အဟုန်တွေဟာ လီဖူချန်းရဲ့ အဝတ်အစားတွေကိုပါ တဖျပ်ဖျပ် လှုပ်ခါသွားစေ ခဲ့ပါတယ်။
ချွမ် ...
လီဖူချန်းက သူ့ရဲ့ ဘုံခုနစ်ဆင့်ဓားကို ဆွဲထုတ်လိုက်ပါပြီ။
သူ့ရဲ့ ဓားနက်က ဆန်းကြယ် အဆင့်မြင့် ဓားတစ်လက်သာ ဖြစ်ပါတယ်။ လီဖူချန်းက ဆန်းကြယ် အဆင့်မြင့် ဓားနဲ့ ရန်ယွန်ဟီကို အနိုင်ယူ နိုင်ပေမယ့်လည်း မလိုလားအပ်တဲ့ ချွတ်ချော်မှုတွေ ဖြစ်မှာစိုးတဲ့အတွက် ဘုံခုနစ်ဆင့်ဓားကိုပဲ အသုံးပြုလိုက်တာပါ။
" မီးပင်လယ် "
ဘုံခုနစ်ဆင့် ကောင်းကင်ဓားကတော့ ပူပြင်းလှတဲ့ ချီအရှိန်အဝါတွေကို ဖြစ်တည် လာစေခဲ့ပါပြီ။ သည်ဓားကွက်ကတော့ ငရဲမီးဓားသိုင်းရဲ့ ပထမဆုံးဓားကွက် ဖြစ်ပါတယ်။
ဝုန်း ... ဝုန်း ... ဝုန်း ...
မရေမတွက်နိုင်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာ အပြီးမှာတော့ ရန်ယွန်ဟီရဲ့ တုတ်ရိပ်တွေဟာ လီဖူချန်းရဲ့ ဓားရိပ် လွှမ်းမိုးမှုအောက်ကို ရောက်သွားခဲ့ပါပြီ။ တုတ်က ထွက်နေတဲ့ အရှိန်အဝါတွေကလည်း ၁၀ရာခိုင်နှုန်းတောင် မကျန်တော့ပါဘူး။
ထန် ...
သံတုတ်တစ်ခုလုံး တုန်ခါသွားပြီး နောက်မှာတော့ ရန်ယွန်ဟီဟာ အကြောတွေ ဆိုင်းသွားသလို ခံစားလိုက်ရပါတယ်။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ နှစ်ယောက်စလုံးက ဆန်းကြယ် အဆင့်မြင့် သိုင်းတွေကို သုံးနေတာလေ။ ငါက ဘယ်လိုလုပ်ပြီး သဘ်လို ရုပ်ပျက်ဆင်းပျက် ရှုံးသွားရတာလဲ "
ရန်ယွန်ဟီ တစ်ယောက်ကတော့ သွေးရူးသွေးတန်း ဖြစ်နေပါပြီ။
" ဒါမှ လီဖူချန်းကွ "
ဆရာတွေရဲ့ ခုံတန်းမှာ ရှိနေတဲ့ စုချွန်ရန်က လက်သီးလက်မောင်း တန်းပြီး အားပေးလိုက်ပါတယ်။
သူက လီဖူချန်းကို နံပါတ်တစ် ထိပ်တန်းကျောင်းသား ဖြစ်မယ်လို့တော့ မထင်ထားပါဘူး။ ဒါပေမဲ့ လီဖူချန်းရဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုနဲ့ဆိုရင်တော့ ထိပ်တန်းကျောင်းသား စာရင်းထဲကို ဝင်ဖို့ကတော့ အသာလေးပါပဲ။
" စိတ်ဝင်စားစရာပဲ။ သည်ကလေးရဲ့ တိုက်ခိုက်ရေး နည်းစနစ်က အရမ်းသေသပ် တိကျလွန်းတယ် "
ကုလီကလည်း အနည်းငယ် အံ့သြသွားဟန်ဖြင့် လီဖူချန်းကို ချီးကျူးလိုက်ပါတယ်။
သိုင်းစင်မြင့်ပေါ်မှာ ရှိနေတဲ့ ရန်ယွန်ဟီကတော့ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ဖို့ အတွက် တာစူနေပါပြီ။
" လီဖူချန်း ...။ မင်း သည်သိုင်းကွက်ကို ခုခံနိုင်ရင် ငါ အရှုံးပေးမယ် "
ပြောပြီးတာနဲ့ တစ်ပြိုင်နက် ရန်ယွန်ဟီဟာ သူ့ရဲ့ ချီအတွင်းအားတွေ အကုန်လုံးကို စုစည်းလိုက်ပြီး ရိုက်ချလိုက်ပါတယ်။
" တောင်ငါးလုံး ရိုက်ချက် "
ရန်ယွန်ဟီရဲ့ တုတ်ချက်က လီဖူချန်းကို ဖိနှိပ်ဖို့ ကြိုးစားနေပါပြီ။ ဒါက တောင်ကြီးငါးလုံး ပြိုကျလာသလိုပါပဲ။ ဒါက ရိုးရှင်းတဲ့ တုတ်ချက် တစ်ချက် ဖြစ်ပေမယ့်လည်း ရှောင်တိမ်းဖိုတော့ အတော်လေး ခက်ခဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တုတ်ရိပ်တွေက သိုင်းစင်မြင့်ရဲ့ တစ်ဝက် ကျော်လောက်ကို လွှမ်းမိုးထားလို့ပါပဲ။
မြေကမ္ဘာအဆင့်နိမ့် တောင်ငါးလုံး တုတ်သိုင်း ...။
ရန်ယွန်ဟီက သည်တုတ်သိုင်းကို အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ပြီးသွားပါပြီ။ သည်တုတ်သိုင်းမှာ ပါဝင်နေတဲ့ စွမ်းအားတွေက ၃၆ချက် တောင်ဖြိုတုတ်သိုင်းကို မယှဉ်နိုင် ပေမယ့်လည်း မြေကမ္ဘာအဆင့်နိမ့် တုတ်သိုင်းတစ်ခု ဖြစ်တဲ့အတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေ ခိုဝင်ကိန်းအောင်း နေပါတယ်။
"မြေကမ္ဆာအဆင့်နိမ့် သိုင်းပညာတွေက ပြီးပြည့်စုံခြင်း အဆင့်ကိုရောက်မှ သိုင်းစက်ကွင်းကို ဖော်ထုတ်ပေးနိုင်တာ။ သည်ကောင်ရဲ့ တုတ်သိုင်းအဆင့်က အလွန်ဆုံးရှိမှ အကြို ပြီးပြည့်စုံခြင်း အဆင့်ပဲ "
လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ ရန်ယွန်ဟီရဲ့ တုတ်သိုင်းအဆင့်ကို သိသွားတဲ့ အတွက် နေဝန်းစိမ်းဓားဆန္ဒကို ထုတ်မသုံးတော့ပါဘူး။ သူက ငရဲမီးဓားသိုင်းရဲ့ လောင်မီးနဂါး ဓားကွက်ကိုသာ ထုတ်သုံးလိုက်ပါတယ်။
သာမန် လောင်မီးနဂါး ဓားကွက်ဆိုရင်တော့ ရန်ယွန်ဟီရဲ့ တောင်ငါးလုံး တုတ်ချက်ကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ လီဖူချန်းရဲ့ လောင်မီးနဂါး ဓားကွက်ကတော့ လုံးဝ ပြီးပြည့်စုံလွန်း နေပါတယ်။ သည်ဓားကွက်က ကိုယ်ပိုင်အသိစိတ်တောင် ရှိနေသလိုပါပဲ။
ရွှပ်
လီဖူချန်းရဲ့ ဓားက မွတ်နေအောင် လည်ကာ တောင်ငါးလုံး တုတ်ချက်ရဲ့ ဟာကွက်ထဲကို တိုးဝင် သွားခဲ့ပါတယ်။
ချွမ် ... ကလန်လန် ...
" ဝေါ့ "
ရန်ယွန်ဟီရဲ့ တုတ်ဟာ လက်ထဲကနေ ပြုတ်ကျသွားခဲ့သလို လူကိုယ်တိုင်လည်း အနောက်ကို လွင့်ထွက် သွားခဲ့ပါပြီ။
" အနိုင်ရရှိသူ လီဖူချန်း "
ပွဲစဉ်ကို ကြီးကြပ်ပေးတဲ့ ဒိုင်အကြီးအကဲက အနိုင်ရရှိသူကို ကြေညာလိုက်ပါတယ်။
ဖြောင်း ... ဖြောင်း ... ဖြောင်း ...
" ကောင်းတယ်ဟေ့။ ကြိုးစားထား"
စုချွန်ရန်ကတော့ လက်ခုပ်တီးပြီး အော်ကြီးဟစ်ကျယ်နဲ့ အားပေးနေပါပြီ။ ကျင်းလီ၊ဝမ်ရင်းရှု တို့နဲ့ လက်ရည်စမ်း ကတည်းက လီဖူချန်းဟာ အစွမ်းကုန် မတိုက်ခိုက်ခဲ့ဘူး ဆိုတာကို သူ ရိပ်မိနေတာပါ။
သူ့ရဲ့ ပြိုင်ဘက်ကို ပြတ်ပြတ်သားသား အနိုင်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သိုင်းစင်မြင့်ပေါ် ကနေ ပြန်ဆင်းလာခဲ့ပါတယ်။
နောက်ထပ် တိုက်ပွဲတွေမှာ အလှည့်ကျသူတွေကတော့ ဝမ်ဟိုင်လုံ၊ လီချန်းဖန်နဲ့ ကျောင်းယုတို့ပါပဲ။
သူတို့ သုံးယောက်ထဲမှာဆိုရင် ဝမ်ဟိုင်လုံဟာ အစွမ်းအထက်ဆုံး ဖြစ်ပါတယ်။ ဝမ်ဟိုင်လုံက ကျင့်ကြံမှုအပိုင်းမှာ အဆင့်မနိမ့်သလို တိုက်ခိုက်ရေးပိုင်းမှာလည်း မခေလှပါဘူး။ လီချန်းဖန်နဲ့ ကျောင်းယုတို့ကတော့ ဝမ်ဟိုင်လုံကို မီဖို့အတွက် အနည်းငယ် လိုနေပါသေးတယ်။
အခုအချိန်မှာတော့ အပြင်စည်းကျောင်းသား တော်တော်များများဟာ အကြောင်းအရာ တစ်ခုကို သတိပြုလာ မိပါပြီ။
အဲဒါက ကျင့်ကြံခြင်းအဆင့်၊ သိုင်းပညာ အဆင့် တူနေရင်တောင်မှ မတူညီတဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုက ခြားနားလှတဲ့ စွမ်းရည်ကို ထုတ်ပြနိုင်တယ် ဆိုတာပါပဲ။
အဲသည် အရာကပဲ သာမန်ပါရမီရှင် တစ်ယောက်နဲ့ ထွဋ်ခေါင် ပါရမီရှင် တစ်ယောက် ဆိုတာကို သိသာလာစေခဲ့ပါတယ်။
ကျောင်းသားသစ်တွေထဲမှာ အစွမ်းအပြနိုင်ဆုံး ကျောင်းသားတွေကတော့ လီဖူချန်း၊ ဝမ်ဟိုင်လုံ၊ လီချန်းဖန်နဲ့ ကျောင်းယုတို့ပါပဲ။ သည်လေးယောက်ကိုတော့ ထွဋ်ခေါင် ပါရမီရှင်တွေလို့ သတ်မှတ် ထားပါတယ်။ လီဖူချန်းကလွဲပြီး ကျန်တဲ့ သုံးယောက်ဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပါ။ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုမှ ထွဋ်ခေါင် ပါရမီရှင်တွေလို့ မသတ်မှတ်ရင်တော့ အခြားသတ်မှတ်ရမယ့်သူ ရှိတော့မှာ မဟုတ်ပါဘူး။
ပွဲစဉ်လေးပွဲ ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ အလှည့်ကို ပြန်ရောက်လာခဲ့ ပြန်ပါပြီ။ သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ နံပါတ်၅ သိုင်းစင်မြင့်မှာ ယှဉ်ပြိုင်ရမှာပါ။
သူ့ရဲ့ ပြိုင်ဘက်ကတော့ ကျောင်းယုပါပဲ။
ကျောင်းယုက သူမရဲ့ နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး အလစ်အငိုက်ဖမ်း တိုက်ခိုက်ကာ တိုက်ပွဲကို စတင်လိုက်ပါပြီ။
ကျောင်းယုကလည်း လီဖူချန်းလို ဓားတာအိုကို ကျင်ကြံတဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ လက်နက်ကတော့ ဓားပါးလေးတစ်စုံ ပါပဲ။
ကျောင်းယုက သူမရဲ့ ဓားနှစ်လက်ကို ကျင်လည်စွာ အသုံးပြုပြီး လီဖူချန်းကို တိုက်ခိုက် နေပါတယ်။ ဒါပေမဲ့ သူမရဲ့ တိုက်ခိုက်မှုတွေက လီဖူခနေ်းကို ဒုက္ခ မပေးနိုင်ခဲ့ပါဘူး။
ဓားသမားတွေ ဆိုတာက ဓားသမားတွေ အကြောင်းကို အသိဆုံးပါပဲ။
ရွှမ်း ... ရွှမ်း ... ...
လီဖူချန်းက ဓားချက်နှစ်ချက်ကို ထုတ်လိုက်ပါပြီ။ သူ့ရဲ့ ပထမဓားချက်ကတော့ ကျောင်းယုရဲ့ ဓားကွက်အရှိန်ကို ရပ်တန့်စေလိုက်ပြီး ဒုတိယ ဓားချက်ကတော့ ကျောင်းယူရဲ့ ဓားကွက်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။
လီဖူချန်းက ပြိုင်ဘက်ကို လုံးဝ အခွင့်အရေး မပေးပါဘူး။
ရွှမ်း ...
သူ့ရဲ့ တတိယ ဓားချက်ကတော့ ကျောင်းယုရဲ့ လည်ပင်းပေါ်မှာ ရောက်သွားခဲ့ပါပြီ။
ကျောင်းယုက လူနဲ့ အသိစိတ်တောင် မကပ်တော့ပါဘူး။ လီဖူချန်းရဲ့ ဓားချက်တွေက သူမအတွက်တော့ အိပ်မက်ဆိုး တစ်ခုလိုပါပဲ။
" ငါသည်ကောင့်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး "
စင်အောက်မှာရှိနေတဲ့ လီချန်းဖန်ကတော့ ကျောင်းယုရဲ့ အဖြစ်ကို ကြည့်ကြီး ခေါင်းတခါခါ ဖြစ်နေပါပြီ။
သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ လုံးဝ ဟာကွက် မရှိပါဘူး။
နောက်ထပ် တစ်လှည့်ကတော့ လီဖူချန်းနဲ့ လီချန်းဖန် တို့ရဲ့ အလှည့်ပါပဲ။ လီဖူချန်းက လီချန်းဖန်ကို သာသာယာယာပဲ အနိုင်ယူလိုက်ပါတယ်။
သူ့ရဲ့ ပြိုင်ဘက်က ဘယ်သူပဲ ဖြစ်နေပါစေ။ လီဖူချန်းကတော့ အလွယ်တကူပဲ အနိုင်ယူ သွားခဲ့ပါတယ်။ ထိပ်တန်းကျောင်းသားစာရင်းရဲ့ နံပါတ်၉နေရာက လင်းချောင်တောင်မှ လီဖူချန်းရဲ့ ဓားချက်တွေကို တောင့်မခံ နိုင်ခဲ့ပါဘူး။
လီဖူချန်းရဲ့ ဓားစွမ်းက အတန်း(က)ရဲ့ ဆရာတွေ အားလုံးကိုတောင်မှ မျက်လုံး ပြူးစေ ခဲ့ပါပြီ။
ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ပိုင်ရှင်။
ထိုးထွင်းသိမြင်မှုမှာတင် အဆင့်မြင့်နေတာ မဟုတ်ဘဲ တိုက်ခိုက်ခြင်း ပင်ကို ပါရမီကလည်း ကြောက်စရာ ကောင်းလောက်အောင် အစွမ်း ထက်နေတဲ့ သူ။
ကျင့်ကြံခြင်းအဆင့် တူနေရင်တော့ တောင်ပိုင်း တက္ကသိုလ် တစ်ခုလုံးမှာတောင်မှ လီဖူချန်းကို ယှဉ်နိုင်မယ့်သူ ရှိနိုင်မှာ မဟုတ်ပါဘူး။
ပွဲစဉ် ၁၁ကို အရောက်မှာတော့ ...
" နံပါတ်၇ သိုင်းစင်မြင့် ...။ လီဖူချန်း နဲ့ ဇိုဖန်းဟွာ "
ဆက်တိုက်နိုင်ပွဲ ရနေတဲ့ လီဖူချန်းဟာ နောက်ဆုံးမှာတော့ အစွမ်းထက်တဲ့ ပြိုင်ဘက်နဲ့ ကြုံရပါပြီ။
ထိပ်တန်း ကျောင်းသား စာရင်းရဲ့ နံပါတ်၅ ဇိုဖန်းဟွာ ... ... ။
သာလွန်အဆင့် ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားတဲ့ အပြင်စည်း ကျောင်းသား လေးယောက်ထဲက တစ်ယောက်။
ဇိုဖန်ဟွာရဲ့ အစွမ်းကလည်း လျော့တွက်လို့ မရပါဘူး။
သူက ပထမနှစ် အပြင်စည်းကျောင်းသား ဘဝမှာတင် ထိပ်တန်းစာရင်းဝင်ကျောင်းသား ဖြစ်ခဲ့ပြီး ဒုတိယနှစ် အပြင်စည်း ကျောင်းသားဘဝမှာတော့ ထိပ်တန်း ကျောင်းသားစာရင်းရဲ့ နံပါတ်၅ နေရာကို ရခဲ့သူပါ။
သည်နှစ်မှာတော့ သူဟာ ထိပ်တန်းကျောင်းသားစာရင်းရဲ့ ထိပ်ဆုံး သုံးနေရာ အတွင်းကို ဝင်နိုင်မယ်လို့ လူအများက ထင်ကြေး ပေးထားကြပါသေးတယ်။
***