မစ္စတာလင်းဖန် WeChat ပေါ်မှာ Add လို့ရမလား (၂)
Vol. 15 Ch. 215
"အဲ့တာ အစ်ကိုဖန်ပဲ။ ဘယ်သူမှ သူနဲ့ယှဥ်လို့မရဘူး။ ငါတို့လည်း မရဘူး။"
"အဲ့အကြောင်းမပြောနဲ့တော့ အစ်ကိုဖန်အခု ဘယ်လမ်းမှာလဲ။ ဒါ နာမည်ကြီးတစ်ယောက်ကို အနီးကပ်မြင်ရဖို့ အခွင့်အရေးပဲ။ ငါတို့ လွတ်သွားလို့ မဖြစ်ဘူး။"
ထို့နောက် ရှန်ဟိုင်းမြို့ပေါ်က လူအမြောက်အများ သတင်းတစ်ခု ရသွားကြသည်။
ဒီပြိုင်ကားကို လင်းဖန် မောင်းနေခြင်း ဖြစ်သည်။
လင်းဖန်ကို သဘောကျသည့် ပရိတ်သတ် များစွာရှိပြီး သူ့နောက်ကို လိုက်နေကြသည်။
တစ်ချိန်တည်းမှာပင် ပြိုင်ကားထဲ၌ လင်းယွီရှစ်က တိုက်ရိုက်ထုတ်လွှင့်နေလေသည်။
"ဝိုး လင်းယွီရှစ် နင့်အစ်ကိုရဲ့ ကားထဲမှာလား။"
"ဒီ Bugatti Veyron Ettore Bugatti ကအရမ်းမိုက်တာပဲ။ အဲ့တာ သန်း ၂၀၀ ကျော်တဲ့ ပြိုင်ကားကြီးမလား။ ငါတို့ရဲ့ သာမန် ကားတွေနဲ့ ယှဥ်လို့တောင် မရဘူး။"
"ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကျေးဇူးပြုပြီး ကင်မရာကို လင်းဖန်ဘက် လှည့်ပေးပါဦး။ လင်းဖန်ကို ငါတို့မြင်ချင်တယ်။"
"လင်းဖန် သီချင်းဆိုတာလည်း ကြားချင်တယ်။ လင်းဖန်ကို သီချင်းဆိုခိုင်းလို့ရလား။"
"လင်းဖန်က ကားမောင်းနေတယ်လေ။ သူ သတိထားရမှာပေါ့။ အရင်တစ်ခေါက်ကလို ကားအက်ဆီးဒင့်ဖြစ်လို့ မရဘူး။"
လင်းယွီရှစ်က တိုက်ရိုက်လွှင့်မှု၏ ရေပန်းစားချက်ကိုကြည့်ကာ တောက်တောက်ပပ ပြုံးလိုက်သည်။
သူမ တိုက်ရိုက်လွှင့်လိုက်သည့်အခါ ချက်ချင်းပဲ ရေပန်းစားမှုက သန်းချီပြီး တက်လာခဲ့သည်။
ထို့အပြင် ဒီလူအများစုက လင်းဖန်၏ ပရိတ်သတ်များသာ ဖြစ်သည်။
လင်းဖန်၏ ပရိတ်သတ်များစွာ ဝင်ကြည့်ကြပြီး လင်းယွီရှစ် ဘယ်လောက်လှပမှန်း မြင်လိုက်ကြရသောအခါ ကမ္ဘာသစ်တစ်ခုကို ရှာတွေ့သွားသလို ခံစားလိုက်ကြရ၏။
['ချစ်စရာခါးသွယ်သွယ်လေး'မှ လင်းယွီရှစ်ကို Rocket ၂ ခု လက်ဆောင်ပေးလိုက်ပါသည်]
['မဟာလူရိုင်းဘုရင်ကြီး'မှ လင်းယွီရှစ်ကို Airplane ၂ ခု လက်ဆောင်ပေးလိုက်ပါသည်]
['လင်းဖန်ကိုချစ်တယ်' မှ လင်းယွီရှစ်ကို Super Rocket ၃ ခုလက်ဆောင်ပေးလိုက်ပါသည်]
[...]
ဒီလို ဆက်လက်မြင့်တက်နေဆဲ ရေပန်းစားမှုအောက်တွင် လင်းယွီရှစ်တစ်ယောက် ဆုချသူတိုင်းကို ကျေးဇူးတင်လိုက်ပါသည်။
၁၀ မိနစ်အတွင်း သူမ လက်ဆောင်ပေါင်း ၃၀,၀၀၀ နီးပါး ရရှိခဲ့သည်။
လင်းဖန် အခုဘယ်လောက်တောင် ရေပန်းစားနေသလဲ စိတ်ကူးကြည့်နိုင်သည်။
လင်းယွီရှစ်မှာ ၁၀ မိနစ်လောက် တိုက်ရိုက်လွှင့်လိုက်ရုံနဲ့ ဒီလိုမျိုး ရရှိလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ဒါမျိုးက အလွန်တရားလွန်ဖြစ်လွန်းသည်။ ဘယ်သူမှ ဒါမျိုး မလုပ်နိုင်လောက်ပါ။
တိုက်ရိုက်ထုတ်လွှင့်သူအကြီးစားကြီးများကတောင် ၁၀ မိနစ်အတွင်း ဒီလောက် လက်ဆောင် အများကြီး မရနိုင်လောက်ပါ။
"တိုက်ရိုက်ထုတ်လွှင့်သူလေး။ ငါတို့ကို လင်းဖန် ထပ်ပြပါဦး။"
"လင်းဖန်ကို တစ်ခုခုပြောခိုင်းလိုက်ပါလား ငါလင်းဖန်နဲ့ စကားပြောချင်လို့ပါ။"
"လင်းဖန် နင်နဲ့ ရှားဝမ်ချွေ့တို့ ဘယ်တော့ လက်ထပ်ကြမှာလဲ။ ငါ့မင်းသားလေးနဲ့ နတ်သမီးလေး နောက်ဆုံးတော့ အတူတူ ဖြစ်သွားကြပြီပေါ့။"
ဖန်သားပြင်ပေါ်တွင် ကောမန့်ပေါင်းစုံပေါ်လာခဲ့သည်။
လင်းဖန်က ဖန်သားပြင်ကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။ "အားလုံးပဲ စိတ်မပူကြပါနဲ့။ ဝမ်ချွေ့က နိုင်ငံခြားမှာ ကြော်ငြာတွေ ရိုက်နေတုန်းရှိသေးတယ်။ သူ့အလုပ်ပြီးတာနဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်လို့ရပါပြီ။”
"ဓားနှင့်နတ်သမီးဒဏ္ဍာရီမှာ Season 2 မရှိဘူး။ Season 2 ကို ဂိမ်းအဖြစ်ထုတ်လုပ်မှာ။ ဒါပေမယ့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 ကနေထုတ်ထားတဲ့ ဂိမ်းကို အားလုံးစောင့်လို့ရပါတယ်။ အရမ်းပျော်ဖို့ကောင်းမှာပါ။"
လင်းဖန်က ပြိုင်ကားမောင်းရင်း ပြောလိုက်သည်။
သန်း ၂၀၀ တန်သည့် ဒီပြိုင်ကားကြီးက ခံစားချက် အနည်းငယ် ကွဲပြား၏။
သန်း ၂၀၀ ကျော်တန်ဖိုးရှိသောကြောင့် ဒီပြိုင်ကား၏ ဇိမ်ကျမှုနှင့် လုံခြုံရေးတို့ကိုလည်း အလွန်မြင့်မားစွာ တိုးမြှင့်ထား၏။
လင်းဖန် စကားတချို့ပြောပြီးနောက် တိုက်ရိုက်လွှင့်မှုထဲက ပရိတ်သတ်များမှာ ပို၍ပင် စိတ်အားထက်သန်လာကြသည်။
တိုက်ရိုက်လွှင့်မှုထဲတွင် လင်းဖန်ကို မြင်လိုက်ရရုံနဲ့ လူတိုင်းကို အလွန်အားကျသွားစေဖို့ လုံလောက်ပါသည်။
ဘာပဲဖြစ်ဖြစ် နာမည်ကျော်များနဲ့ ဆက်သွယ်ဖို့အခွင့်အလမ်းများက အလွန်နည်းပါးလွန်းလှသည်။
ထို့ကြောင့် ကောမန့်များက ပိုပိုပြီး သိပ်သည်းလာ၏။
တိုက်ရိုက်လွှင့်မှုကို ကြည့်ရှုသူများလည်း ပိုပိုပြီး များပြားလာခဲ့သည်။
ထို့နောက် တစ်ခုခုမှားယွင်းနေသည်ကို လင်းဖန် သတိထားမိလိုက်ပါသည်။
ပြိုင်ကား၏နောက်ကြည့်မှန်ကို ကြည့်လိုက်သောအခါ သူတို့နောက် လူတွေအများကြီး လိုက်လာသည်ဟု လင်းဖန်ခံစားလိုက်မိသည်။
ဘာတွေဖြစ်နေတာလဲ။
ဘေးတစ်ဖက်တစ်ချပ်မှာ လူတွေ ပိုလို့တောင်် များသေးသည်။
လင်းဖန် ရုပ်ရှင်ရိုက်နေသည်ဟုတောင်ခံစားမိပါသည်။ သူက ဇာတ်လိုက်မင်းသားဖြစ်၏။
ဖန်သားပြင်ပေါ်မှာလည်း မက်ဆေ့များစွာ ပေါ်လာခဲ့ပါသည်။
"တိုက်ရိုက်ထုတ်လွှင့်သူလေး။ ကားနောက်ကို ကြည့်လိုက်ပါဦး။"
"666666 ရယ်စရာကောင်းလိုက်တာ။ ဟားဟား လင်းဖန်နောက်ကို လိုက်နေတဲ့လူတွေ အများကြီးပါလားဟေ့။ အစ်ကိုဖန် သတိထားဦး။ လုံခြုံဖို့က အရေးအကြီးဆုံးပဲ။"
"ပရိတ်သတ်တွေအများကြီး ကားနောက်လိုက်လာပြီး လင်းဖန်ကို ဝန်းရံကြမလို့လို့ ကြားမိတယ်။ သတိထားဦး။ ကားကို ဘေးကင်းကင်းမောင်းပါ။"
"ဟုတ်တယ် အဲ့ပရိတ်သတ်တွေက လွန်လွန်းပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ဘဝကို ဘာလို့ ဒီလိုနှောင့်ယှက်ရတာဲ။ ပြိုင်ကားက အရမ်းလှတယ်ဆိုပေမယ့် ငါလည်း ဒီပြိုင်ကား ဘယ်လိုပုံစံလဲဆိုတာ မြင်ချင်တာပေါ့။"
"ဒီပြိုင်ကားကို မမြင်ချင်တဲ့သူရှိပါ့မလား။ ယွမ် သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ပြိုင်ကားကြီးပဲဥစ္စာ။ ငါဒီတိုင်းကြည့်ရပြီး ဓာတ်ပုံရိုက်ခွင့်ရရင်ပဲ ကျေနပ်ပါပြီ။"
ကောမန့်များစွာ တက်လာသောအခါ လင်းယွီရှစ် ကားနောက်ကို လှည့်ကြည့်လိုက်သည်။
လင်းယွီရှစ် ကြက်သေ သေသွားရ၏။
တချို့က လျှပ်စစ်ဆိုင်ကယ်များ စီးနေကြသည်။ တချို့ကတောာ့ စက်ဘီးများ စီးပြီး လိုက်လာကြ၏။ တချို့က တက္ကစီများ ငှားလာကြသည်။ အားလုံးက လင်းဖန်နောက်ကို လိုက်လာကြခြင်းသာ။
ရှန်ဟိုင်းမြို့ လမ်းမများပေါ်တွင် ကားအမြောက်အများရှိသဖြင့် အလွန်မြန်ဆန်စွာတော့ မမောင်းကြပေ။
လင်းဖန်နောက်ကို လိုက်လာသူများ ပိုပိုများပြားလာခဲ့သည်။
"အစ်ကိုကြီး ငါတို့နောက် လိုက်နေတဲ့သူတွေ အများကြီးပဲ။ နင့်ပရိတ်သတ်တွေထင်တယ်။ ငါတို့ ဆင်းကြမလား" လင်းယွီရှစ်က မေးလိုက်သည်။
လင်းဖန် နားလည်သွားပြီး သက်ပြင်းချလိုက်ပါသည်။
အမှန်ပင်။ ကြယ်ပွင့်ဖြစ်လာတိုင်းလည်း ထထင်သလောက် မကောင်းပါ။
Bugatti Veyron Ettore Bugatti ကားကြီးကို ဒီတိုင်း ပတ်မောင်းချင်သော်လည်း ဖြတ်သွားဖြတ်လာများကို ဆွဲဆောင်မိသလို ဖြစ်သွားသည်။
ထိုဖြတ်သွားဖြတ်လာများက အစွန်းရောက်လွန်းပါသည်။
အရင်တုန်းက လင်းဖန်သုံးဘီးစီးရင်း အဒေါ်ကြီး တစ်သိုက်၏ ပြေးလိုက်မှုကို ခံခဲ့ရပုံကိုပင် ပြန်အမှတ်ရစေ၏။
"မဖြစ်ဘူး။ ငါတို့ကားထဲက ထွက်လို့မရဘူး။ အစကတည်းက ငါတို့နောက်လိုက်နေတဲ့လူတွေ အများကြီး။ အကုန်လုံးသာ စုမိသွားရင် ယာဥ်ကြောပိတ်ဆို့မှုတွေဖြစ်ကုန်ပြီး ငါတို့အဝိုင်းခံရလိမ့်မယ်။"
"အရေးအကြီးဆုံးက မလုံခြုံဘူး။ အဲ့ဒီလူတွေထဲ ဘယ်လိုလူတွေပါမလဲ မသိနိုင်ဘူးလေ။ နင်အနိုင်ကျင့်ခံရရင် အမေ ငါ့ကိုသတ်လိမ့်မယ်" လင်းဖန်က ပြောလိုက်၏။
ဘာပဲဖြစ်ဖြစ် လင်းယွီရှစ်က အလွန်လှပသူဖြစ်သည်။ တချို့လူတွေက လင်းယွီရှစ်ကို နေရာမှာ ဆွဲလားရမ်းလား လုပ်ချင်ကြလိမ့်မည်။ သူတို့ သူမကို အခွင့်ကောင်းယူနိုင်ရင်တောင် တန်ကြလိမ့်မည်။
လင်းယွီရှစ်၏ ဘေးကင်းမှုအတွက် လင်းဖန် ကားရပ်လို့မဖြစ်ပါ။
ကားကိုရပ်လိုက်ပါက ပြန်ထွက်လာဖို့ အလွန်ခက်ခဲလိမ့်မည်။
ပရိတ်သတ်တွေက အလွန်စိတ်အားထက်သန်လွန်းကြသည်။
"အစ်ကိုကြီး ငါတို့ဘယ်လိုလုပ်ကြမလဲ" လင်းယွီရှစ် မေးလိုက်သည်။
"ခဏလေး ငါ 110 ကိုဖုန်းဆက်လိုက်မယ်။ လမ်းပေါ်က အခြေအနေတွေထိန်းဖို့ ယာဥ်ထိန်းရဲတွေကို ခေါ်မှ။ ဒီတိုင်းသာ ဆက်သွားရင် ယာဥ်တိုက်မှုတွေ ဖြစ်ကုန်ရင် မကောင်းဘူး" လင်းဖန်က ပြောလိုက်၏။
သူ့ပရိတ်သတ်များကို ချောက်ချတာ မဟုတ်ပါ။ သူ့နောက်လူတွေအများကြီး လိုက်လာတာကိုတောင် လင်းဖန် အံ့သြနေပါပြီ.
သူတို့ကားရပ်လိုက်ပါက ပရိတ်သတ်တွေ ပိုပိုပြီး စုလာကြလိမ့်မည်။
ပရိတ်သတ်များ၏ ဘေးကင်းလုံခြုံမှုအတွက် လင်းဖန် နည်းလမ်းတစ်ခုစဥ်းစားရမည်။
"ဟယ်လို 110 ကပါ" ချိုမြိန်သည့် အမျိုးသမီး အသံတစ်သံထွက်ပေါ်လာသည်။
"ဟယ်လို ကျွန်တော့်နာမည်လင်းဖန်ပါ။ ကျွန်တော် Bugatti Veyron Ettore Bugatti ပြိုင်ကားကို မောင်းနေတာ။ လိုင်စင်ပြားနံပါတ်က ရှန်ဟိုင်း ******။ အခု မိုးပြာရောင်လှိုင်းလမ်းမှာ မောင်းနေတာပါ။ ကျွန်တော့်ပရိတ်သတ်တွေ အများကြီး ကျွန်တော့်နောက်ကို လိုက်လာကြတယ်။ ကျွန်တော် ယာဥ်ကြောပိတ်ဆို့မှုတွေ မဖြစ်စေချင်လို့ပါ။ ဘာများ အကြံပေးနိုင်မလဲဗျ။"
"ပြီးတော့ အခု လမ်းရဲ့ဘယ်အပိုင်းက ပိုပြီး ရှင်းလဲ။ ကျွန်တော့်ပြိုင်ကားနဲ့ဆို သူတို့ကို မြန်မြန် မျက်ခြေဖြတ်နိုင်မယ်ထင်တယ်" လင်းဖန်က ပြောလိုက်သည်။
ရဲမေမှာ ပြုံးလိုက်မိပါသည်။
နှစ်ပေါင်းများစွာအတွင်း သူမ ဒီလိုဖုန်းမျိုး ကိုင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။
ပရိတ်သတ်များစွာ လင်းဖန်ကို ဝန်းရံလိုက်ကြသည်။
"ဟုတ်ကဲ့ပါ။ နားလည်ပါပြီ။ ကျွန်မတို့ အခင်းဖြစ်တဲ့နေရာကို ယာဥ်ထိန်းရဲတွေလွှတ်ပြီး ချက်ချင်း ကိုင်တွယ်ခိုင်းလိုက်ပါ့မယ်။ ပြီးတော့ ရှင်မောင်းနေတဲ့ကားက Bugatti Veyron Ettore Bugatti လား။ အဲ့တာပြိုင်ကားကြီး မဟုတ်လား။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ Bugatti ကော်ပိုရေးရှင်းရဲ့ ဖွင့်ပွဲကို မြင်ခဲ့သေးတယ်" ရဲမေက ပြောလိုက်သည်။
"အင်း ဟုတ်ပါတယ်" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို အမှတ် ၈၊ လျို့ဖန်လမ်းကို မောင်းသွားလိုက်ပါ။ အဲ့က လမ်းအခြေအနေတွေက အရမ်းကောင်းတယ်။ တခြားကားတွေကို အဲ့မှာ မျက်ခြေဖြတ်နိုင်မှာပါ" ရဲမေက ပြောလိုက်သသည်။
"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်" လင်းဖန် ပြန်ပြောလိုက်သည်။ ထို့နောက် ကားကိုလှည့်ကာ 8 လျို့ဖန်လမ်းဆီသို့ မောင်းသွားလိုက်၏။ ဒီအတိုင်း ကားပတ်မောင်းချင်ခဲ့သော်လည်း ဒီလိုတွေဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပါ။
"ပြီးတော့ မစ္စတာလင်းဖန် ကျွန်မ ရှင့်ကို WeChat မှာ Add ထားလို့ အဆင်ပြေမလားဟင်။ နောက်ပိုင်း ဒီလိုကိစ္စမျိုး ထပ်ကြုံလာရင် ကျွန်မတို့ကို ဆက်သွယ်ရလွယ်တာပေါ့" ရဲမေက ပြောလိုက်၏။
"ကောင်းပါပြီ။ ကျွန်တော့်ဖုန်းထဲ WeChat အကောင့် ပို့ပေးလိုက်ပါ။ ကျွန်တော်အိမ်ပြန်ရောက်ရင် Add လိုက်ပါ့မယ်" လင်းဖန် ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ရဲမေ ပျော်ရွှင်သွားပါသည်။
သူမက ရဲအရာရှိတစ်ဦးဖြစ်သဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော်လည်း သူမက မိန်းကလေးတစ်ဦးလည်းဖြစ်ပါသည်။ သူမ သာမန် မိန်းကလေးတွေလို နေထိုင်စားသောက်ပြီး ဒရမ်မာတွေလည်း ကြည့်တတ်ပါသေးသည်။
လင်းဖန်၏ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကို ကြည့်ပြီးကတည်းက လင်းဖန်၏ ပရိတ်သတ်လည်း ဖြစ်လာခဲ့သူ ဖြစ်သည်။
ရဲမေ၏ တောင်းဆိုမှုကိုကြားသောအခါ လင်းဖန် လက်ခံဖို့သာ ရှိတော့သည်။
ထင်မထားလောက်စရာ 110 ကို ဖုန်းဆက်လိုက်တာတောင် ဖုန်းကိုင်သည့် ကောင်မလေးက သူ့ပရိတ်သတ် ဖြစ်နေသည်။
အမှန်ပင်။ လူတစ်ယောက် ရေပန်းစားလာသည့်အခါ မလုပ်နိုင်တာ မရှိတော့ပါ။
လင်းဖန် သက်ပြင်းသာ ချလိုက်တော့သည်။
ဒါတွေအားလုံးက အိမ်ပြန်မလာသည့် ရှားဝမ်ချွေ့ အပြစ်သာ ဖြစ်သည်။
ရှားဝမ်ချွေ့သာ အိမ်မှာရှိပါက လင်းဖန်ပျင်းပြီး ကားထွက်မောင်းပါဦးမလား။
လင်းဖန် အနည်းငယ် စိတ်ဆိုးသွားသည်။
သူ့ဇနီးလောင်း အိမ်ပြန်မလာသည့် အပြစ်သာ ဖြစ်သည်။ သူမ အိမ်ပြန်လာဖို့လည်း အချိန်အကြာကြီး လိုပါသေးသည်။
သူမ အလုပ်တွေ ဘယ်တော့ပြီးမလဲဟု သူတွေးမိ၏။
သူ့မိန်းမ ကြော်ငြာများ ရိုက်ကူးနေတာကိုသာ ကြည့်ခွင့်ရလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဓာတ်ပုံလှလှများ ထွက်လာနိုင်သည်။
ရှားဝမ်ချွေ့နောက်ထပ် ကြော်ငြာရိုက်ကူးဖို့ သွားပါက သေချာပေါက် သူပါလိုက်သွားမည်ဟု လင်းဖန် ဆုံးဖြတ်ထားပြီးသား ဖြစ်ပါသည်။