ဒီနေ့ညက ထူးခြားဖို့ အကြောင်းဖန်လာပြီ (၂)
Vol. 15 Ch. 220
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကောမန့်တွေကတော့ ဆက်လက်မြင့်တက်နေဆဲပင်။
ရေပန်းစားမှုကလည်း ဆက်လက်မြင့်တက်နေဆဲ။
၈ သန်း... ၉ သန်း...
လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း ရေပန်းစားမှုက သီချင်းတစ်ပုဒ်တည်းနှင့် ၁၀ သန်းအထိ ခုန်တက်သွားခဲ့သည်။
ရေပန်းစားမှု ၁၀ သန်း ဖြစ်သည်။
အတော်ဆုံး တိုက်ရိုက်ထုတ်လွှင့်သူတွေဆိုရင်တောင် ဒီ့ထက် ပိုမများနိုင်တော့ပါ။ ကြည့်ရှုသူတွေက တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကောမန့်များကို မမြင်ရတော့သော်လည်း လင်းယွီရှစ်ကို လက်ဆောင်များ ပိုပေးကြပါသည်။
ဒါက လင်းဖန်၏ ရုပ်ကိုလည်း မြင်ရ အသံကိုလည်း ကြားရသော ပွဲတော် ဖြစ်သည်။ တကယ့် တိုက်ရိုက်ထုတ်လွှင့်မှုပွဲတော်ကြီးလည်း ဖြစ်သွားခဲ့သည်။
ဒီလို တိုက်ရိုက်ထုတ်လွှင့်မှု လုပ်လိုက်ရုံနဲ့ လင်းယွီရှစ်တစ်ယောက် ပရိသတ်များစွာထံမှ လက်ဆောင်များကို ရရှိနိုင်ပါသည်။
လက်ရှိပရိသတ်များအားလုံး အော်ဟစ် အားပေးနေကြသည်။
ကျင်းဟွာတက္ကသိုလ် ကျောင်းအုပ်၏ မျက်လုံးများကတောင် နီရဲနေခဲ့ပါသည်။
"ဒီလောက်နှစ်တွေအကြာကြီး ငါနားထောင်ခဲ့တဲ့ သီချင်းတွေ အများကြီးပဲ။ ဒါပေမယ့် လင်းဖန်လောက် အဆိုကောင်းတဲ့လူမျိုးကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။” ကျင်းဟွာ တက္ကသိုလ် ကျောင်းအုပ်ကြီးက ပြောလိုက်ပါသည်။
"အမှန်ပဲ။ ဒီလောက်အဆိုကောင်းတဲ့လူ ရှိမှန်း မသိခဲ့ဘူး။ သာမန်အဆိုတော်တွေတောင် လင်းဖန်ကို မယှဥ်နိုင်လောက်ဘူးထင်တယ်။ လင်းဖန်က တကယ့်ကိုထူးခြားတာပဲ" ဒုကျောင်းအုပ်ကြီးက ပြောလိုက်လေသည်။
ဒီနေ့ တကယ်တမ်း ကျောင်းစုံညီပွဲဖြစ်သော်လည်း တေးဂီတဖျော်ဖြေပွဲကြီးအဖြစ် အသွင်ပြောင်းသွားခဲ့လေပြီ။
ကျောင်းသားများအားလုံး၊ ဆရာဆရာမများနှင့် ကျောင်းအုပ်ကြီးများပါ လင်းဖန်၏ ပရိသတ် ဖြစ်လာခဲ့ကြသည်။
သူတို့ လင်းဖန်ကိုသာ မျက်စိကျကြတော့သည်။
အားလုံး၏ တက်ကြွမှုကို လင်းဖန်ခံစားမိပါသည်။
လင်းဖန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ကျောင်းသား ကျောင်းသူအားလုံးကို အပြုံးဖြင့် ကြည့်လိုက်သည်။
"အားလုံးပဲ မင်္ဂလာညနေခင်းလေးပါ။ ကျွန်တော်ကတော့ လင်းဖန်ပါ။ သီချင်း ဘယ်လိုဆိုရမှန်း တကယ် မသိတဲ့ လင်းဖန်ပါ။"
"အဆိုပညာအရဆိုရင် ကျွန်တော်က ပရော်ဖက်ရှင်နယ် မဟုတ်သေးပါဘူး။ ဒါပေမယ့် အားလုံးအတွက် သီချင်းတွေကို ထုတ်လုပ်ပေးချင်ပါသေးတယ်။ အားလုံး ပျော်ရွှင်ရရရင် တော်ပါပြီ။"
လင်းဖန် ထိုစကား ပြောလိုက်သောအခါ ကျောင်းသားအားလုံး ခေါင်းများကို ခါယမ်းလိုက်ကြသည်။
"လင်းဖန်က ငါ့နှလုံးသားထဲမှာ အမြဲတမ်း အတော်ဆုံးပါပဲ။"
"ဟုတ်တယ်။ မင်း အဆိုအရမ်းကောင်းတာပဲ။ အဆိုတော်တွေထက်တောင် ပိုကောင်းသေးတယ်။ သီချင်းမဆိုတတ်ဘူးလို့ ဘာလို့ပြောရတာလဲ။ ကိုယ့်ကိုယ်ကို အထင်သေးနေတာပဲ။
"လင်းဖန်က ငါ့မင်းသားလေး"
"လင်းဖန်ရဲ့ သီချင်းတွေကို နားထောင်ရတာ ကံကောင်းလိုက်တာ"
"လင်းဖန်"
"လင်းဖန်"
ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအားလုံး လင်းဖန်၏ အမည်ကို အော်ခေါ်နေကြသည်။
လင်းယွီရှစ်လည်း အပါအဝင်ဖြစ်၏။ သူမက လင်းဖန်၏ နံပါတ် ၁ ပရိသတ် ဖြစ်သည်။
သူငယ်စဥ်တုန်းက ကိုယ့်ကိုယ်ကို သီချင်း မဆိုတတ်သည့်အတွက် လင်းဖန်က လှောင်ပြောင်တတ်သည်။ ထိုအချိန်တုန်းက လင်းယွီရှစ် အိမ်တွင် အမြဲရှိနေခဲ့ပြီး လင်းဖန် သီချင်းဆိုတာကို နားထောင်ကာ အားပေးခဲ့သည်။ သူမက သူ့ပရိသတ်လေး ဖြစ်ခဲ့ပါသည်။
သူမ အစ်ကိုလင်းဖန်က တော်လွန်းသော်လည်း ကျိုးနွံလွန်းသည်။
လင်းယွီရှစ် ပြုံးလိုက်၏။
ဒီနေ့ည ဒီမှာ သူမ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ခဲ့သည်။
လင်းယွီရှစ်သည် ပိုက်ဆံလိုချင်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။
လင်းဖန်၏ စိတ်ဓာတ်က အမြဲလိုလို အပျင်းကြီးသည့် စိတ်ဓာတ်ဖြစ်မှန်း သူမ သိသည်။ သူ ဘယ်တုန်းကမှ အလုပ်မကြိုးစားခဲ့ပါ။
ရှားဝမ်ချွေ့ပေါ်လာမှ လင်းဖန်၏ စိတ်ဓာတ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပါသည်။
သို့သော်လည်း ဒါတောင် မလုံလောက်သေးပေ။
လင်းယွီရှစ်၏ရင်ထဲမှာတော့ သူမ အစ်ကို လင်းဖန်က ကမ္ဘာကြီးထဲတွင် အထူးချွန်ဆုံး လူ ဖြစ်သည်။
သူမ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ကာ လင်းဖန်ကို မိုးပေါ်မြှင့်တင်ပေးချင်ခဲ့သည်။
လင်းဖန်ကို နိုင်ငံတော်တစ်ဝှမ်းလုံး၌ နာမည်ကြီးလာစေချင်သည်။
ဒီနေ့ည လင်းဖန်ကို အားလုံး မှတ်မိစေချင်သည်။
လင်းယွီရှစ်က အမြဲတမ်းလင်းဖန််နောက်မှာ နေပြီး သူ ပိုတော်သည့်လူဖြစ်လာဖို့ မျှော်လင့်နေပါမည်။
လင်းဖန်၏ ညီမတစ်ယောက်အနေဖြင့် သူမလည်း အနည်းငယ် အပင်ပန်းခံကာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ခဲ့သည်။
သူမ လင်းဖန်ကို မြေတောင်မြှောက်ပေးနိုင်လျှင် ဘယ်လောက်ပဲ ခက်ခဲပါစေ ဆောင်ရွက်ပါမည်။
လင်းဖန် မရှိပါက သူမ၏ တက္ကသိုလ် ကျူရှင်စရိတ်များကို တတ်နိုင်ခဲ့မည် မဟုတ်ပေ။
ဘယ်သူက ဒီလိုအစ်ကိုမျိုး မလိုချင်ဘဲနေပါ့မလဲ။
လင်းဖန် တစ်ဆင့်ချင်း တိုးတက်လာတာကို ကြည့်ရတာလည်း လင်းယွီရှစ် ဂုဏ်အယူဆုံးအရာ ဖြစ်ပါသည်။
ဒီလိုနဲ့ အားလုံး၏ အားပေးမှုအောက်တွင် လင်းဖန် နောက်တစ်လှမ်း တိုးလိုက်ပြန်သည်။
"ဒီနေ့ အချစ်ကိုဝန်ခံချက်အပြင် နောက်ထပ် အော်ရဂျင်နယ် သီချင်းတစ်ပုဒ်ကိုလည်း ပြင်ဆင်ခဲ့ပါသေးတယ်။"
"ဒီသီချင်းကို တခြား ဘယ်သူမှ မဆိုဖူးသေးပါဘူး။"
"ရှားဝမ်ချွေ့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘဝတုန်းက ကျွန်တော့်အတန်းဖော်ဆိုတာ အားလုံးသိကြမှာပေါ့။ သူက ၆ နှစ်တိတိ ကျွန်တော့်ရဲ့ အတန်းဖော် ဖြစ်ခဲ့တာပါ။ အဲ့ဒီ ၆ နှစ်လုံးလုံး ကျွန်တော် အရမ်းပျော်ခဲ့ရပါတယ်။"
"ဒီသီချင်းကို အစကတော့ သူ့တစ်ယောက်တည်းအတွက် ရည်ရွယ်ထားတာပါ။ ဒါပေမယ့် သူက အခုချိန် ဥရောပမှာပဲ ရှိနေတုန်းပါပဲ။ ကြော်ငြာတွေရိုက်ကူးရင်း အလုပ်ကြိုးစားနေပါတယ်။ ဒီပွဲကို မတက်ရောက်နိုင်ပါဘူး။"
"အားလုံးမှာလည်း အရင်တုန်းက အတန်းဖော်သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးမှာပဲ။ အဲ့တာကြောင့် ဒီသီချင်းက အားလုံးအတွက် ရည်ရွယ်ပါတယ်။ ဒီသီချင်းတစ်ပုဒ်လုံးရဲ့နာမည်က "ကျွန်တော့်ရဲ့ အတန်းဖော်ဟောင်း" ဖြစ်ပြီး အားလုံးကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”
လင်းဖန်က ပြုံးပြီး ကျောင်းသားအားလုံးကို ကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့ကိုတောင် လွမ်းသလိုဖြစ်လာခဲ့ပါသည်။
သူ ရှားဝမ်ချွေ့ကို မမြင်ရတာ ကြာပါပြီ။
တကယ်တော့ သူ ဖွင့်ပြောခဲ့သည့်နေ့ကတည်းက လင်းဖန် ဒီသီချင်းကို သီဆိုချင်ခဲ့ပါသည်။
ဒီသီချင်းက သူမအတွက် ရည်ရွယ်ထားခြင်း ဖြစ်၏။
သို့သော် ထိုနေ့က လင်းဖန် ကားအက်ဆီးဒင့်ဖြစ်ကာ အခြေအနေ ဆိုးရွားသွားခဲ့သည်။
ဒီနေ့တော့ လင်းဖန် ဒီအခွင့်အရေးကို အရယူပြီး အားလုံးအတွက် ဒီသီချင်းကို သီဆိုပေးပါမည်။
ဒီသီချင်းကိုကော ရှားဝမ်ချွေ့ကိုကော သူ သဘောကျပါသည်။
သူမက သူ့ကောင်မလေးလည်းဖြစ် အနာဂတ်ဇနီးလောင်းလေးလည်းဖြစ်နေသောကြောင့်ပင်။
ရှားဝမ်ချွေ့ မိဘများ၏ သဘောတူမှုကိုသာ ရလိုက်ပါက သူ သူမကို တကယ်လက်ထပ်နိုင်တော့မည်။
လင်းဖန် ထိုနေ့ကို မျှော်လင့်စောင့်စားနေမိပါပြီ။
သူမ အနားမှာ ရှိနေပါက လင်းဖန်၏ ဘဝ ပြောင်းလဲသွားသည်။
"အစ်ကိုကြီး ငါ့ကိုတောင် လျှို့ဝှက်ထားတယ်ပေါ့။ ကျွန်တော့်ရဲ့အတန်းဖော်ဟောင်းတဲ့။ သီချင်းနာမည်လေးက တော်တော်လှသားပဲ" လင်းယွီရှစ်က ပြောလိုက်သည်။
"ဝိုး... လင်းဖန် သီချင်းထပ်ဆိုပေးမယ်လို့ပြောတာကို ကြားလိုက်တယ်။"
"ဒီသီချင်းက ရှားဝမ်ချွေ့အတွက် လင်းဖန် ဆိုပေးတာတဲ့။ အရမ်းကောင်းတာပဲ။"
"ကျွန်တော့်ရဲ့အတန်းဖော်ဆိုတဲ့ သီချင်းနာမည်ကိုမှတ်ထားမယ်။ အထက်တန်းကျောင်းတုန်းက အတန်းဖော် မရှိတဲ့လူဆိုတာ ရှိလို့လား။ လင်းဖန်ရဲ့ အသံကို ဒီနေ့ကြားရရုံနဲ့ ကျေနပ်နေပြီ။ လင်းဖန် သီချင်းဘယ်နှပုဒ်ဆိုဆို ငါ့အိုင်ဒေါပဲ။"
ကျောင်းသားကျောင်းသူများစွာ ပြောပြောဆိုဆိုဖြင့် မျက်လုံးများတွင်လည်း လေးစားအားကျမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
ထို့အပြင် လူပေါင်းများစွာက စိတ်လှုပ်ရှားသွားကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွင် လင်းဖန် သီဆိုမည့်အချိန်ကို စောင့်မျှော်နေကြ၏။
ကျင်းဟွာတက္ကသိုလ် စုံညီပွဲတွင် လင်းဖန် ရှားဝမ်ချွေ့ကို သွယ်ဝိုက်သောနည်းဖြင့် ဖွင့်ပြောလိုက်သည်။
သူမကို ဒီသီချင်း လက်ဆောင်ပေးမည်။
ဒီလို အချစ်ရေးမျိုးက အားကျဖို့ကောင်းပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှုကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ ၁၁ သန်းအထိ ရောက်ရှိသွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပဲ လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုသတင်းက ဖျော်ဖြေရေး လောကတစ်ခုလုံးသို့ ပြန့်နှံ့သွားပြီဖြစ်သည်။
"ခယ့်ရှင်း တိုက်ရိုက်ထုတ်လွှင့်မှုကို လာကြည့်ပါဦး။ လင်းဖန် ခုလေးတင် သီချင်းဆိုသွားတာ။ သူ ဆိုသွားတဲ့ အချစ်ကိုဝန်ခံချက် သီချင်းက တော်တော်ကောင်းတာပဲ" ချူးယောင်ယောင်က ပြောလိုက်ပါသည်။
လင်းခယ့်ရှင်း ထိုစကားကိုကြားသောအခါ ချူးယောင်ယောင်ဘေးတွင် အမြန်ဝင်ထိုင်လိုက်၏။ "လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုမှာသီချင်းဆိုနေတာလား။ ဒါဆို ငါနားထောင်မှဖြစ်မယ်။ လင်းဖန်က အဆို အရမ်းကောင်းတာ။ နားမထောင်လို့ ဖြစ်မလား။"
ယဲ့ဟွာဖျော်ဖြေရေးလည်း အံ့အားသင့်သွား၏။
"လခွမ်း လင်းဖန် ဒီသောက်ကလေးကတော့။ သူ အကုန်လုံးကို အစီအစဥ်ဆွဲထားတာပေါ့။ ဒီ 'ကျွန်တော့်ရဲ့အတန်းဖော်' သီချင်းက ရှားဝမ်ချွေ့အတွက်တဲ့" ရှုယန်က ပြောလိုက်သည်။
"ဟုတ်ပါနော်။ အရမ်းကောင်းမယ့်ပုံပဲ" လင်းကျင်းကျင်းက ပြုံးလိုက်သည်။ သူမ၏ လှပသော မျက်လုံးလေးများက မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်နေပါသည်။
"ဒါပေါ့ ငါ့ဆရာ အဆိုဒီလောက်ကောင်းတာ" စုရှောင်းယွီက ငှက်ပျောသီးတစ်လုံး ကိုင်ရင်း ပျော်ရွှင်နေသည့်ပုံပေါက်သည်။ လင်းဖန် သီချင်းထပ်ဆိုနေတာကို ကြားနေရပါသည်။
တစ်ချိန်တည်းမှာပင် ပဲရစ်စ်မြို့ရှိ နေရာတစ်ခု၌...
ရှားဝမ်ချွေ့က ဒီနေ့အတွက် ရိုက်ကူးရေးလုပ်ကာ ဆက်လက်ရိုက်ကူးဖို့ ပြင်နေစဥ်ဖြစ်သည်။
နိုင်ငံခြား ဝန်ထမ်းတစ်ဦးက ပြောလိုက်၏။ "မစ္စရှား ရှင့်ကောင်လေး လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ သီချင်းဆိုနေတယ်။ ခုနကဆိုသွားတဲ့ 'အချစ်ကိုဝန်ခံချက် သီချင်းကလည်း' အရမ်းကောင်းတာပဲ။”
"ဟုတ်ပါ့။ 'အချစ်ကို ဝန်ခံချက်' ကအရမ်းကောင်းတာ။ ကျွန်မတို့အားလုံး ခုနလေးတင် နားထောင်ပြီးပြီ။ ဒါပေမယ့် ရှင်ရိုက်ကူးရေးလုပ်နေလို့ လာမပြောတာ"
"ရှင့်ကောင်လေး လင်းဖန်က တကယ်အားကျစရာပဲနော်။ အဆိုလည်း အရမ်းကောင်းတာပဲ။”
"မစ္စရှား။ မစ္စတာလင်းဖန်က ဒီသီချင်းကို ခင်ဗျားအတွက် စပ်ထားတာလို့ ပြောတယ်။ ကျွန်တော် တရုတ်စကား သိပ်နားမလည်ပေမယ့် အဲ့တာသူဆိုလိုတာဖြစ်မယ်။ 'ကျွန်တော့်ရဲ့အတန်းဖော်' လို့ အမည်ရတယ်ထင်တယ်။"
"မစ္စရှား နောက်မှ ရိုက်ကူးရေး လုပ်ရအောင်။ မစ္စတာလင်းဖန်ရဲ့ သီချင်းကို အရင်နားထောင်ကြရအောင်လေ။"
အားလုံး ရှားဝမ်ချွေ့ကို မျှော်လင့်တကြီး ကြည့်နေကြပါသည်။
ရှားဝမ်ချွေ့၏ မျက််နှာက အနည်းငယ် နီရဲနေ၏။ သူမ ဖုန်းကို ကိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲက လင်းဖန်ကို ကြည့်လိုက်ပါသည်။
လင်းဖန်ကို မြင်လိုက်ရတော့ သူမ ချိုချိုမြိန်မြိန် ပြုံးမိသွားသည်။
ဒီငတုံးကောင်က စုံညီပွဲမှာ ဒီသီချင်းက သူမအတွက်ဟု ပြောသွားသည်။
ရှားဝမ်ချွေ့၏ ရင်ထဲ အလွန်နွေးထွေးသွား၏။ ဒီလို ကောင်လေးမျိုး ပိုင်ဆိုင်ထားရတာ အလွန် ပျော်ရွှင်မိပါသည်။
သိပ်မကြာခင် ရှန်ဟိုင်းကို ပြန်ပြီး လင်းဖန်ကို တွေ့နိုင်တော့မည်။
ရှားဝမ်ချွေ့က ဖုန်းကို လေးလေးနက်နက် ကိုင်ကာ အသံကို အမြင့်ဆုံး ချဲ့လိုက်ပြီး လင်းဖန်၏ သီချင်းကို နားထောင်ဖို့ စောင့်နေသည်။
နိုင်ငံခြားရောက်နေရင်တောင် လင်းဖန်၏ သီချင်းကို တစ်ချိန်တည်း နားထောင်နိုင်ပါသည်။
ဒီသီချင်းက သူမအတွက်ဖြစ်၏။
အခမ်းအနားတွင်လည်း နောက်ခံတီးလုံးသံ ထွက်ပေါ်လာခဲ့သည်။
လင်းဖန်က တောက်ပစွာပြုံးလိုက်ရင်း မိုက်ခရိုဖုန်းကို အပြည့်အဝ အာရုံစိုက်လျက် ကိုင်လိုက်၏။
ထိုအချိန်တွင် အကြည့်ပေါင်း မြောက်များစွာ လင်းဖန်အပေါ်သို့ ကျရောက်လာသည်။
ဒီနေ့ညကတော့ ထူးခြားဖို့ အကြောင်းဖန်လာခဲ့ပါပြီ။
ဒီနေ့ညက ကောင်းကင်ဘုံ ဖန်ဆင်းပေးသည့် ညတစ်ညဖြစ်ဖို့ အကြောင်းဖန်လာပါပြီ။
ဂီတလောကတစ်ခုလုံး လှုပ်ခါသွားတော့မည်။