'ကျွန်တော့်ရဲ့အတန်းဖော်' သီချင်း
Vol. 15 Ch. 221
စတိတ်စင် မီးရောင်များစွာ လင်းဖန်ပေါ်သို့ ကျရောက်လာသည်။
လင်းဖန်၏ အသံထွက်ပေါ်လာခဲ့၏။
လင်းဖန် ပထမစာသားကို သီဆိုဖို့ ပါးစပ်ဟလိုက်စဥ် သာယာငြိမ့်ငြောင်းပြီး ကြည်လင်သည့် အသံတစ်သံက အားလုံး၏ နားထဲသို့ ဝင်ရောက်လာသည်။
နားဆင်နေကြသော ပရိသတ်အားလုံး ချစ်မိသွားတော့မလို ခံစားချက်မျိုး ခံစားနေကြရသည်။
ဒီလောက်အဆိုကောင်းတဲ့လူမျိုး ကမ္ဘာပေါ်မှာ ရှိနေတာပါလား။
လင်းဖန်၏ အဆိုစွမ်းရည်က ကောင်းလွန်းသဖြင့် သူသီချင်းဆိုလိုက်သောအခါ သူ့ရှေ့မှာ အားလုံး ဒူးထောက်ချင်စိတ်ပေါက်သွားကြသည်။
ဒီလိုဖြစ်ဖို့ အလွန်မြင့်မားသည့် အဆိုစွမ်းရည်လိုအပ်သည်။ ပထမ စာသားကို နားဆင်လိုက်ရုံနဲ့ အဆိုတော်တစ်ယောက်၏ အဆင့်ကို သိရှိနိုင်သည်။
တချို့လူတွေ သီချင်းဆိုသောအခါတွင်လည်း နားဆင်သူတွေက ဒူးထောက်ချင်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် ပထမနုတ်မှာကတည်းက ကီးကြောင်သွားသောကြောင့်ပင်။
တချို့လူတွေကတော့ တကယ့်ကို ကောင်းကင်ဘုံ ဖန်ဆင်းပေးသည့် အသံမျိုးဖြင့် သီဆိုကြပြီး နားထောင်သူအားလုံးကို သာယာသွားစေသည်။
[မနက်ဖြန်အချိန်ရောက်တဲ့အခါ မှတ်မိနေဦးမလား]
[မနေ့က နင်ရေးခဲ့တဲ့ ဒိုင်ယာရီလေးကိုပေါ့]
[မနက်ဖြန်အချိန်ရောက်တဲ့အခါ ငါ့ကို သတိရနေဦးမလား]
[နင်က အမြဲအငိုသန်တတ်တဲ့သူလေးဖြစ်လို့]
ပထမပိုဒ်၏ စာသားများကို လင်းဖန် သီဆိုလိုက်သောအခါ အခမ်းအနားတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ ကမ္ဘာကြီးထဲက အရာအားလုံး ရပ်တန့်သွား၏။
လင်းဖန်၏ အသံက အားလုံး၏နားထဲ ဝင်ရောက်လာသည်။ အချိန်တွေ ရပ်တန့်သွားသလိုပင်။
ရိုးရိုးရှင်းရှင်း သီချင်းစာသားလေး ၄ ကြောင်းလောက်နဲ့ မရေမတွက်နိုင်သော လူများစွာ၏ အမှတ်တရများကို ပြန်လည်နှိုးဆွပေးခဲ့ပြီဖြစ်သည်။
ပညာသင်ကြားခဲ့တဲ့အရွယ်တုန်းက အတန်းဖော်မရှိတဲ့လူမျိုး ဘယ်မှာရှိမှာလဲ။
ကျောင်းသားအရွယ်တုန်းက ချစ်ကြိုက်ခဲ့ရသူ မရှိတဲ့ လူမျိုး ဘယ်မှာရှိမှာလဲ။
ကိုယ့်ကို စိတ်လှုပ်ရှားစေခဲ့တာ ကောင်မလေး တစ်ယောက်၏ အပြုံးဖြစ်နိုင်သလို ကိုယ့်အတန််းဖော်၏ တစ်ခါတစ်လေ ချွဲနွဲ့သည့်ပုံ၊ ရန်ဖြစ်သည့်ပုံ၊ ကိုယ့်အိမ်စာကို ကူးချဖို့ တောင်းဆိုသည့်ပုံ၊ သို့မဟုတ်် တစ်စုံတစ်ခုငှားဖို့ တောင်းဆိုသည့်ပုံစံဖြစ်နိုင်သည်။
ထိုအမှတ်တရများက အားလုံး၏ ရင်ထဲတွင် ပြန်လည်ပေါက်ဖွားလာခဲ့၏။
အတန်းထဲမှာ ခိုးအိပ်နေတုန်းက အတန်းဖော်ကို နှိုးဖို့ သတိပေးခဲ့တာတွေ မှတ်မိသေးရဲ့လား။
အတန်းဖော်က ကိုယ့်ရဲ့ အိမ်စာတွေ ကူးချပြီး သူမနဲ့ အတူတူ ထိုင်ခဲ့ရတဲ့ အချိန်တွေကို မှတ်မိသေးရဲ့လား။
ထိုအမှတ်တရတွေက ဘယ်တော့မှ ပြန်ရရှိနိုင်တော့မည်မဟုတ်သည့် အမှတ်တရများဖြစ်ကြသည်။
ထိုအမှတ်တရများက ကိုယ့်နှလုံးသားထဲတွင် စွဲထင်နေ၏။
တစ်ချိန်က ကိုယ်နဲ့ အနီးစပ်ဆုံးကောင်မလေးရှိခဲ့သလို နှစ်ယောက်အကြား အကွာအဝေးက ၁ မီတာအောက် လျော့နည်းခဲ့သည်။
ကျောင်းတုန်းက ထိုကဲ့သိုအတန်းဖော်မျိုး ကိုယ့်ဘေးမှာ ရှိခဲ့ဖူးလိမ့်မည်။
ဘွဲ့ရပြီးနောက် မိန်းကလေးတစ်ယောက်နဲ့ ဒီလို နီးနီးကပ်ကပ် ဘယ်တော့မှ ထပ်နေလို့ မရတော့မှာကို နားလည်သဘောပေါက်သွားလိမ့်မည်။
ဒါက ငယ်ဘဝ ဖြစ်၏။
ကိုယ့်ဘဝတွင် အလှပဆုံး အချိန် ဖြစ်သည်။
လက်တွေ့ဘဝကြီး၏ ဖိအားပေးမှုလည်း မရှိသလို ထိုအချိန်တုန်းက ကိုယ့်မိဘတွေကလည်း အလွန်ငယ်ရွယ်ခဲ့ကြသည်။
အိပ်မက်ဆန်သည့် ကမ္ဘာကြီးတစ်ခုလိုပင်။
ကျောင်းသူကျောင်းသား များစွာ၏ မျက်လုံးများ နီတွတ်လာကြသည်။
တချို့ကျောင်းသူကျောင်းသားများက အနည်းငယ် တုန်ယင်နေကြပြီး တချို့ကတော့ စိတ်လှုပ်ရှားကာ မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်နေကြ၏။
တချို့ကျောင်းသားတွေကတော့ လုံးဝ ညှို့ယူဖမ်းစားခံလိုက်ရ၏။ လင်းဖန်၏ အသံနှင့် အတူတူ ယိမ်းနွဲ့နေပြီး ဘယ်သူမှလည်း ဂရုမစိုက်ကြတော့ပါ။
တချို့က ခေါင်းကို ဘယ်ညာယိမ်းရင်း လက်တွေကိုလည်း သိမ်မွေ့စွာ လှုပ်ရှားနေကြသည်။ အချိန်တွေ နောက်ပြန်ဆုတ်ကာ သူတို့ အထက်တန်းကျောင်းသား ဘဝကို ပြန်ရောက်သွားသလိုပင်။
တချို့ကျောင်းသားတွေဆို ငိုတောင် ငိုမိကြ၏။ လင်းဖန်၏ သီချင်းက သူတို့ကို တစ်စုံတစ်ခုအား ပြန်လည်အမှတ်ရသွားစေသည့်အလား။
ကျင်းဟွာတက္ကသိုလ်၏ ကျောင်းအုပ်ကြီးတောင် သူ့ကျောင်းသားဘဝကို ပြန်အမှတ်ရသွားခဲ့ပါသည်။
လင်းယွီရှစ်လည်း ချိုသာစွာပြုံးရင်း လင်းဖန်၏ သီချင်းထဲ နစ်မြောနေခဲ့သည်။
ဒါက မဟာပွဲတော်ကြီးတစ်ခုပင်။ ကျောင်းသား တချို့ ပျော်ရွှင်နေသည့်အချိန်တွင် တချို့ကျောင်းသားများကတော့ ငိုကြွေးနေကြ၏။
ဒါက အလွန်ချိုမြိန်သော သီချင်းဖြစ်သော်လည်း အနည်းငယ် ဝမ်းနည်းဖို့ကောင်းနေပါသည်။
[ဆရာဆရာမတွေလည်း မှတ်မိနိုင်မယ်မထင်]
[ပုစ္ဆာအဖြေရှာမရခဲ့တဲ့ နင်နဲ့]
[ဓာတ်ပုံလေးတွေ လှန်ကြည့်မိတော့]
[အတန်းဖော်ဟောင်း နင့်ကိုသတိရမိတယ်]
[စိတ်ကူးယဥ်ဆန်တဲ့ နင်ဘယ်သူနဲ့များ လက်ထပ်လိုက်ပြီလဲ]
[နင့်ဒိုင်ယာရီကို ဘယ်သူများ ဖတ်နေပြီလဲ]
[နင့်ဆံနွယ်ရှည််တွေကို ဘယ်သူများ စည်းပေးနေပြီလဲ]
[နင့်မင်္ဂလာဝတ်စုံကို ဘယ်သူများ ဖန်တီးပေးနေပြီလဲ]
သာယာသည့် သီဆိုသံက အားလုံး၏ ရင်ထဲ တိုးဝင်သွားသည်။
ပရိသတ်အားလုံး နစ်မျောနေကြသည်။
တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကောမန့်များ ပို၍ပင် များပြားလာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး၏ ကောမန့်အကန့်ထဲတွင် လင်းဖန်၏ နာမည်ဖြင့်သာ ပြည့်နှက်နေသည်။
လင်းဖန်၏ နာမည်က အားလုံးရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ရေးထွင်းထားပြီးသား ဖြစ်သွားခဲ့ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်တွေတောင် ဒီမြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားရပါသည်။
သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်နေတာဖြစ်သော်လည်း အလွန်စွဲလမ်းသွားကြပါသည်။
"ဝါး... သီချင်းလေးက ကောင်းလိုက်တာ"
"ကျွန်တော့်ရဲ့အတန်းဖော် သီချင်းက 'အချစ်ကိုဝန်ခံချက်' သီချင်းလောက်နည်းပါး ကောင်းတယ်နော်။ မဟုတ်ဘူး။ ငါ့အမြင်မှာတော့ ဒီသီချင်းက 'အချစ်ကိုဝန်ခံချက်' ထက်တောင် ပိုကောင်းသေးတယ်။"
"ငါကြိုက်တယ်။ ကြိုက်တယ်။ လင်းဖန်ရဲ့ အသံက ချိုသာနေတာပဲ။"
"လင်းဖန်က ငါ့ရင်ထဲက အဆိုနတ်ဘုရားပဲ။ ဘယ်သူမှ လင်းဖန်ကို မယှဥ်နိုင်တော့ဘူး။"
"လင်းဖန်က ဒီသီချင်းကို ရှားဝမ်ချွေ့အတွက် ရေးပေးထားတာတဲ့။ ဘယ်လောက်တောင် ချိုမြိန်လိုက်သလဲ။ အထက်တန်းကျောင်းတုန်းက အတန်းဖော်နှစ်ယောက် ဒီလိုမျိုး နီးစပ်သွားကြတာ"
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကြည့်ရှုသူ မြောက်များစွာလည်း လုံးဝ ဗြောင်းဆန်သွားကြသည်။
ထိုပရိသတ်တွေက ပိုပြီးအားကျဖို့ကောင်းပါသည်။
သူတို့မျက်စိရှေ့မှာ လှပသော မြင်ကွင်းများ ပေါ်လာခဲ့သည်။
အထက်တန်းကျောင်းတုန်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူပျော်ရွှင်ခဲ့ရသည့်ပုံပင်။
အခုလည်း သူတို့နှစ်ယောက် အတူတူနီးစပ်သွားကြလေပြီ။
ထို့နောက် လင်းဖန်တတိယပိုဒ်ကို ရောက်ရှိသွားခဲ့၏။ သာယာငြိမ့်ငြောင်းသည့်အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။ ကျောင်းသားကျောင်းသူများစွာလည်း ကြွေဆင်သွားခဲ့ရပါပြီ။
[ဟိုးအတိတ်တုန်းက အရမ်းဂရုစိုက်တတ်တဲ့ နင်]
[ငါ့ဆီက ခဲဖျက်တစ်ဝက်ကို ငှားခဲ့တော့]
[မသိမသာနဲ့ နင်ပြောခဲ့တယ်]
[ငါနဲ့ အတူတူရှိနေရတာကို သဘောကျတယ်လို့]
[အဲ့ဒီအချိန်တုန်းက ကောင်းကင်ကြီးလည်း ပြာလို့]
[အချိန်တွေလည်း နှေးကွေးသွားခဲ့ရပါတယ်]
လင်းဖန်၏ အသံကို ကြားနေရဆဲဖြစ်သည်။
လင်းခယ့်ရှင်းနှင့် ချူးယောင်ယောင်တို့ ကြက်သေသေသွားကြသည်။
ကောင်မလေးနှစ်ယောက် လေးစားအားကျသော မျက်နှာများဖြင့် အတူတူ ထိုင်နေကြသည်။
သူတို့က အလွန်နာမည်ကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း လင်းဖန်၏ သီဆိုမှုကို အထင်ကြီးမိသွားကြပါပြီ။
"ငိုတောင် ငိုချင်လာပြီ ယောင်ယောင်ရယ် လင်းဖန်ရဲ့ သီချင်းတွေက အရမ်းကောင်းတာပဲ။ ကျွန်တော့်ရဲ့ အတန်းဖော်ဟောင်းက သူဆိုတဲ့ 'အချစ်ကိုဝန်ခံချက်' ထက်တောင် ပိုကောင်းနေသေးတယ်" လင်းခယ့်ရှင်းက ပြောလိုက်ပါသည်။ သူမ၏ မျက်နှာက နီရဲနေပြီး သီချင်းထဲ စီးမျောခံစားနေသည်။
"အမှန်ပဲ။ လင်းဖန်ရဲ့ 'အချစ်ကိုဝန်ခံချက်'ကတောင် သူ့ရဲ့ အကောင်းဆုံး လက်ရာဖြစ်နေပြီဆိုပေမယ့် အဲ့တာ အစပဲရှိသေးတယ်လို့ ဘယ်သူ ထင်မှာလဲ" ချူးယောင်ယောင်က လေးစားအားကျစွာ သက်ပြင်းချလိုက်ပါသည်။
"မဟုတ်သေးဘူး နောက်တစ်ခေါက် လင်းဖန်ကို ငါ့ကို Live ဆိုပြခိုင်းရမယ်။ ဒါမှမဟုတ် သူ ဂီတဖျော်ဖြေပွဲကျင်းပမယ်ဆိုရင် ငါလက်မှတ်ဝယ်မှဖြစ်မယ်။ ငါရှေ့ဆုံးတန်းက လက်မှတ်ပဲဝယ်မယ်" လင်းခယ့်ရှင်းက သူမ၏ လက်သီးသေးသေးလေးကို ပရိသတ်တစ်ယောက်လိုမျိုး ခါယမ်းလိုက်သည်။
"ငါကောပဲ ငါကောပဲ။ လင်းဖန်က တကယ့် အနာဂတ်အဆိုတော် ကြယ်ပွင့်တစ်ပွင့်ပဲ။ ကျင်းကျင်းထက်တောင် ပိုအဆိုကောင်းတယ်လို့ ခံစားမိတယ်" ချူးယောင်ယောင်က ခေါင်းငြိမ့်လိုက်ပါသည်။
"ယောင်ယောင် ငါ့မှာ အကြံတစ်ခုရှိတယ်။ လင်းဖန် ဘယ်လောက်တော်လဲကြည့်ပါဦး။ သူ့အဆိုစွမ်းရည်က ကောင်းလွန်းတယ်။ ပြီးတော့ ဒါရိုက်တာလည်း လုပ်တတ် သရုပ်လည်း ဆောင်တတ်သေးတယ်။ နောက်ပိုင်းကျရင် ငါတို့လင်းဖန်ရဲ့ အနုပညာရှင်တွေ လုပ်ကြမလား။ငါတို့ တခြား ဖျော်ဖြေရေး ကုမ္ပဏီတွေနဲ့ စာချုပ်မချုပ်တော့ဘူးလေ~" လင်းခယ့်ရှင်းက ပြောလိုက်ပါသည်။
"ဟင် အဲ့လိုဆိုလည်း အဆင်ပြေတာပဲ" ချူးယောင်ယောင်က ခေါင်းငြိမ့်လိုက်ပါသည်။ ရှားဝမ်ချွေ့ ဒီလိုအန်ဒိုဆာကောင်းတွေ ရရှိသွားတာကို သိခဲ့ရပြီးကတည်းက သူမတို့ နှစ်ယောက် အလွန်အမင်း အားကျနေခဲ့ကြသည်။ သူမတို့ လင်းဖန်နောက်ကို လိုက်ပါက သူမတို့လည်း ထိုကဲ့သို့ ကောင်းမွန်သည့် အန်ဒိုဆာများ ရရှိနိုင်ပါသည်။
ဒီနိုင်ငံထဲက ဘယ်လို ဖျော်ဖြေရေးကုမ္ပဏီက သူတို့ကို ဒီလို အန်ဒိုဆာမျိုးတွေ ရဖို့ ကူညီပေးနိုင်မှာလဲ။ လင်းဖန်တစ်ယောက်တည်းသာ လုပ်နိုင်လောက်သည်။
"ဟီးဟီး ဒါဆိုလည်း ဆုံးဖြတ်လိုက်ပြီနော်" လင်းခယ့်ရှင်းက ပြောလိုက်သည်။
"ဟုတ်ပြီ အတူတူ လုပ်ကြရအောင်" ချူးယောင်ယောင်ကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ သူမနဲ့ လင်းခယ့်ရှင်းတို့နှစ်ယောက်စလုံးက အမှတ် ၉၀ ကျော် အလှအပလေးများ ဖြစ်ကြသည်။ ထို့အပြင် တခြား ဖျော်ဖြေရေးကုမ္ပဏီများနဲ့လည်း စာချုပ် မချုပ်ဆိုရသေးပါ။ သူမတို့ လုပ်ငန်းအတွက် လင်းဖန်ထံသို့ သွားနိုင်သည်။
"ခယ့်ရှင်း နင် လင်းဖန်ကို သဘောကျလား" ချူးယောင်ယောင်က မေးလိုက်သည်။
"သူက ဒီလောက်ချောတာ ဘယ်သူက သဘောမကျဘဲနေမှာလဲ။ သူ့မှာကောင်မလေးသာ မရှိရင် သူ့ကိုသေချာပေါက် ပိုးပန်းမှာ~ ဒါပေမယ့် အခု ကောင်မလေးရှိပြီးသားဆိုတော့ ဘာမှလုပ်လို့မရဘူး" လင်းခယ့်ရှင်းက ပြောလိုက်ပြီး သက်ပြင်းသာချနိုင်တော့သည်။
လင်းခယ့်ရှင်း ထိုစကားမျိုးပြောတာကို ကြားသောအခါ ချူးယောင်ယောင် မှင်သက်သွားခဲ့၏။
လင်းခယ့်ရှင်းက ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ အလှပဆုံး ကျောင်းသူဖြစ်ပြီး တကယ့် စူပါစတားလည်း ဖြစ်သည်။ သူမကို သဘောကျနေသည့်လူများစွာရှိ၏။ ဒီနေ့က တစ်ယောက်ယောက်ကို သဘောကျသည်ဟု သူမကိုယ်တိုင် ပထမဆုံးအကြိမ် ဝန်ခံဖူးသည့်နေ့ဖြစ်သည်။
လင်းဖန် ဘာလို့ ဒီလောက်တောင် တော်ရတာလဲ။
...
[ဘွဲ့ရဖို့ အဝေးကြီးလိုပါသေးတယ်လို နင်အမြဲတမ်း ပြောတယ်]
[မျက်စိတစ်မှိတ်အတွင်းမှာ ငါတို့လမ်းတွေ ကွဲသွားခဲ့ရပြီ]
[စိတ်ကူးယဥ်ဆန်တဲ့ နင်နဲ့ ဘယ်သူဆုံခဲ့ရပြီလဲ]
[နင့်ကို ဘယ်သူ ချော့မြူနေပြီလဲ]
[ငါနင့်အတွက် ရေးပေးခဲ့တဲ့စာ ဘယ်သူယူဖတ်နေပြီလဲ]
[အဲ့စာကို ဘယ်သူလေထဲ လွှင့်ပစ်လိုက်ပြီလဲ]
လင်းဖန်၏ အသံက တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ တစ်ဆင့် စုရှောင်းယွီ၊ ရှုယန်နဲ့ လင်းကျင်းကျင်းတို့ နားထဲသို့ ဝင်ရောက်လာသည်။
ရှုယန်က ဘာမှ မဖြစ်သော်လည်း စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ကတော့ လင်းဖန်ကို လေးစားအားကျစွာ ကြည့်နေကြသည်။
"အာဝု ဆရာ့ရဲ့ အဆိုစကေးက တော်တော် ကောင်းတာပဲ။ ငါတို့ တိုက်ရိုက်နားမထောင်ရတာ နှမြောစရာကြီး။ ငါသာ အဲ့မှာရှိရင် ဆရာ သီချင်းဆိုဘယ်လောက်ကောင်းလဲ သိရမှာ" စုရှောင်းယွီက ပြောလိုက်၏။
"လင်းဖန်က ငါ့ထက်တောင် ပိုပြီး အဆိုကောင်းတယ်လို့ ခံစားရတာ။ အဓိက အချက်ကတော့ သူဒီလောက်ကောင်းတဲ့ သီချင်းကို ဘယ်လိုလုပ်ပြီး ရေးနိုင်ခဲ့တာလဲ" လင်းကျင်းကျင်းက သူမ၏ လှပသော မျက်လုံးလေးများဖြင့် မော်ကြည့်လိုက်သည်။ သူမကလည်း နာမည်ကျော်အဆိုတော် တစ်ယောက်ဖြစ်၏။ သို့သော် လင်းဖန်နဲ့တော့ မယှဥ်နိုင်တော့ပါ။
"ကျင်းကျင်း နင့်ကံကြမ္မာကို လက်ခံလိုက်ပါတော့။ လင်းဖန်က ဇာတ်ညွှန်းရေးတာလည်း တော်တယ်။ အခု သီချင်းရေးတဲ့နေရာမှာပါ အရမ်းတော်နေပြီ။ ဟူး... ဒါ လူတွေအကြား ခြားနားချက်ပါလား" ရှုယန်က ပြောလိုက်သည်။
"မသိဘူး မသိဘူး နောက်တစ်ခေါက် ဂီတဖျော်ဖြေပွဲလုပ်တဲ့အခါကျရင် လင်းဖန်ကို ဖိတ်ရမယ်။ လင်းဖန်က အဆိုအရမ်းကောင်းတယ်။ သူ့ကို ဆွဲခေါ်ထားမှဖြစ်မယ်" လင်းကျင်းကျင်းက အံ့အားသင့်စွာဖြင့် ပြောလိုက်ပါသည်။
သူမကလည်း အဆိုတော်တစ်ဦးဖြစ်ပါသည်။ လင်းဖန်၏ 'အချစ်ကိုဝန်ခံချက်'နှင့် 'ကျွန်တော့်ရဲ့အတန်းဖော်' သီချင်းနှစ်ပုဒ်က လင်းကျင်းကျင်းအား အဆိုတော်အစစ်တစ်ယောက်ဆိုတာ ဘာမှန်း ခံစားသိရှိစေခဲ့သည်။
သူမကို အလွန်ဆုံး အဆိုတော်တစ်ယောက်ဟုသာ ခေါ်နိုင်သော်လည်း လင်းဖန်ကတော့... အဆိုနတ်ဘုရားဖြစ်သည်။
နောက်ဆုံးတော့ လင်းဖန်၏ သီချင်း အဆုံးသတ်ကို ရောက်လာခဲ့သည်။
[စိတ်ကူးယဥ်ဆန်တဲ့ နင့်ကို ဘယ်သူလက်ထပ်ခဲ့ပြီလဲ]
[နင့်ကို ဘယ်သူ ချော့မြူနေခဲ့ပြီလဲ]
[နင့်ရဲ့ ဆံနွယ်ရှည်တွေကို ဘယ်သူစည်းနှောင်ခဲ့ပြီလဲ]
[နင့်ရဲ့ မင်္ဂလာဝတ်စုံကို ဘယ်သူဖန်တီးပေးခဲ့ပြီလဲ]
လင်းဖန် သီဆိုပြီးစီးသွားသောအခါ ပရိသတ်အားလုံး ရီဝေစွာဖြင့် ကျန်ရစ်ခဲ့သည်။
အားလုံးက နစ်မျောနေကြ၏။
အားလုံးက သီချင်းထဲ စီးမျောနေကြသည်။
တချို့က ငိုနေပြီး တချို့က ရယ်မောနေ၏။
ဘာမှန်းမသိလိုက်ဘဲ လင်းဖန်တောင် တိုးတိုးတိတ်တိတ်ဖြင့် စင်ပေါ်မှ ပျော်ကွယ်သွားခဲ့ပါပြီ။
ပရိသတ်က ထိုကမ္ဘာထဲတွင် နစ်မျောနေဆဲဖြစ်သည်။
အချိန်ဘယ်လောက်ကြာသွားမှန်းသိလိုက်ဘဲ ပရိသတ်တချို့ ပြန်လည် အသိဝင်လာသည်။
အားလုံးက လင်းဖန်၏ နာမည်ကို အော်ဟစ်နေကြ၏။
အားလုံးက စိတ်အားထက်သန်စွာဖြင့် အားပေးနေကြပြီး အော်သံများလည်း ရှိနေပါသည်။
"လင်းဖန် လင်းဖန် လင်းဖန်"
"လင်းဖန် ဘယ်ရောက်သွားလဲ။ နောက်တစ်ပုဒ် မဆိုတော့ဘူးလား"
"အား လင်းဖန်ပြန်သွားပြီ။ လင်းဖန်ပြန်သွားတာတောင် မသိလိုက်ဘူး"
"သူက တကယ့် အဆိုနတ်ဘုရားပဲ။ ငါ့အိုင်ဒေါ။ ဒီသီချင်းလေးက ကောင်းလိုက်တာ"
"လင်းဖန် ထပ်ဆိုပြရင်ကောင်းမှာပဲ ဟူး..."
"လင်းဖန်ကို လက်မှတ်တောင် မထိုးခိုင်းရသေးဘူး။ ပြန်တောင် ပြန်သွားပြီ။"
"ဘာပဲဖြစ်ဖြစ် လင်းဖန်က ငါ့မင်းသားလေးပဲ။ လင်းဖန် နောက်ကိုလည်း ဂီတဖျော်ဖြေပွဲလုပ်ပါစေ ဆုတောင်းတယ်။ ငါသေချာပေါက် သူ့ကို ထောက်ပံ့ပေးဖို့အတွက် ပွဲသွားကြည့်မှာ"
ပရိသတ်များစွာ ဟာတာတာကြီးခံစားလိုက်သည်။ အနည်းငယ် စိတ်ပျက်သွားသော်လည်း အနည်းငယ်လည်း ကျေနပ်မှုရှိသွားသည်။
လူတွေက လင်းဖန်ကို လိုက်ရှာနေကြ၏။
လင်းဖန်၏ သီဆိုသံကို နားဆင်လို့မဝသေးခင်မှာပဲ သူပြန်ထွက်ခွာသွားပါပြီ။
ဒီနေ့ည...
လင်းဖန်၏ သီချင်း ၂ ပုဒ်က ပရိသတ်အားလုံးကို အံ့သြတုန်လှုပ်စေခဲ့သည်။
တစ်ချိန်တည်းမှာပဲ တစ်ယောက်ယောက် ကနောက်ဆုံးတော့ လက်ခုပ်စတီးခဲ့သည်။
ထို့နောက် ကျယ်လောင်ဆူညံသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ပွဲတော်ကြီးတစ်ခုလုံး လက်ခုပ်သြဘာသံများဖြင့် ပြည့်နှက်သွားကြ၏။
လင်းဖန်က ပြန်သွားပြီဖြစ်သော်လည်း လက်ခုပ်သံများက မရပ်တန့်သေးပါ။
ဒီနေ့ည သူတို့ တကယ့် ဂီတဖျော်ဖြေပွဲကြီး တစ်ခုကို ခံစားနားဆင်ခဲ့ရပါသည်။