အမှောင်ထုရဲ့ အစွမ်း
Vol. 28 Ch. 383
ထိပ်တန်း ကျောင်းသားစာရင်း ပြိုင်ပွဲရဲ့ နောက်ပိုင်းကို ရောက်လာတာနဲ့ အမျှ အဆင့်သတ်မှတ်ချက် ကလည်း ပိုသိသာလာခဲ့ပါပြီ။
ထိပ်ဆုံးသုံးနေရာကို ဝင်မယ့် ကျောင်းသားတွေကိုတော့ ပြောရခက် နေသေးပေးမယ့် ထိပ်ဆုံး ခြောက်နေရာကတော့ သိကျွင်း၊ ကျန်းယုဖေး ၊ဝူကျိ ၊ လီဖူချန်း၊ ဇိုဖန်းဟွာ နဲ့ ဝမ်ဟိုင်လုံ တို့နဲ့ပဲ သက်ဆိုင်ပါတော့တယ်။
" နံပါတ်၁၀ သိုင်းစင်မြင့် ...။ ဝူကျိ နဲ့ ဝမ်ဟိုင်လုံ "
ဒိုင်လုပ်သူ အကြီးအကဲရဲ့ ကြေညာသံ ဆုံးတာနဲ့ တစ်ပြိုင်နက် ဝူကျိနဲ့ ဝမ်ဟိုင်လုံတို့ နှစ်ယောက်စလုံးဟာ နံပါတ်၁၀ သိုင်းစင်မြင့်ထက်ကို ရောက်နေကြပါပြီ။
ဝမ်ဟိုင်လုံရဲ့ စွမ်းရည်က လီချန်းဖန်နဲ့ ကျောင်းယု တို့ထက် သာတာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ဝမ်ဟိုင်လုံဟာ ဝူကျိကို အနိုင်ယူ နိုင်လိမ့်မယ်လို့တော့ ဘယ်သူမှ တွေးထင် မထားကြပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဝမ်ဟိုင်လုံဆိုတာက လက်ရှိ နံပါတ်၃ ထိပ်တန်း ကျောင်းသားပင် မဟုတ်ပါလား။ သူက မြေကမ္ဘာ အဆင့်နိမ့် သိုင်းပညာတစ်ရပ်ကို ကျင့်ပြီးသား ဖြစ်သလို မြေကမ္ဘာ အဆင့်နိမ့် အတွင်းအား ပညာရပ် တစ်ခုကိုလည်း လေ့ကျင့်ပြီးထားပါပြီ။
အချက်အလက်ကျကျ ပြောရမယ်ဆိုရင်တော့ ဝူကျိကို ယှဉ်ဖို့ အဆင့် မီသူတွေက သိကျွင်းနဲ့ ကျန်းယုဖေးကလွဲရင် လီဖူချန်းနဲ့ ဇိုဖန်းဟွာပဲ ရှိတော့တာပါ။
" အရှုံးပေးစမ်း "
ဝူကျိက သူ့ရဲ့ ဆေဘာကို ထုတ်ပြီး ဝမ်ဟိုင်လုံကို ပိုင်းချလိုက်ပါတယ်။
ဝူကျိက သည်ဓားချက်နဲ့ပဲ ဝမ်ဟိုင်လုံကို အနိုင်ယူလိုက်နိုင်မယ်လို့ တွေးထင်ထားခဲ့ပေမယ့် တကယ့် တကယ်မှာတော့ သူ့ရဲ့ ဓားချက်က ဝမ်ဟိုင်လုံ အပေါ်မှာ သက်ရောက်မှု မရှိခဲ့ပါဘူး။ သူ့ရဲ့ ဓားချက်က ဝမ်ဟိုင်လုံကို သွေးတောင် မစို့စေခဲ့တဲ့ အတွက် ဝူကျိက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ်။ ဝမ်ဟိုင်လုံက ဝူကျိ ကြောင်အမ်းအမ်း ဖြစ်သွားတာကို အခွင့်ကောင်းယူပြီး တရစပ် တိုက်စစ် ဆင်ပါတော့တယ်။ ဝမ်ဟိုင်လုံရဲ့ တရစပ် တိုက်ခိုက်မှုကြောင့် ဝူကျိဟာ ဘယ်လိုမှ ပြန်မတိုက်နိုင်တော့ဘဲ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ တစ်ခုအထိ ရောက်သွားခဲ့ပါပြီ။
" ဘာတွေဖြစ်နေတာလဲ ...။ ဝမ်ဟိုင်လုံက ဝူကျိရဲ့ ဆေဘာဓားချက် ထိသွားတာတောင်မှ ဘာမှ မဖြစ်ဘူးလား "
" အဲဒါက အရမ်း ထူးဆန်းတယ်ကွ။ ဒါပေမဲ့ အစောပိုင်တုန်းကတော့ ဝမ်ဟိုင်လုံရဲ့ ခန္ဓာကိုယ် ကနေ အနက်ရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားတာကို တွေ့လိုက်ရသလိုပဲ "
" ဝမ်ဟိုင်လုံက အမှောင်ထု အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ်။ ငါထင်တာကတော့ အဲဒါက အမှောင်ထုရဲ့ အစွမ်း ထင်တာပဲ "
" အမှောင်ထုရဲ့ အစွမ်း ဟုတ်လား။ အဲဒါက ဘယ်လို စွမ်းတာလဲကွ "
" ငါကြားတာကတော့ အမှောင်ထုရဲ့ အစွမ်းက အရာအားလုံးကို စုပ်ယူနိုင်တယ်လို့ ကြားတာပဲ။ အဲသည်အတိုင်း မှန်ရင်တော့ အဲဒါက ချီတွေကိုလည်း စုပ်ယူနိုင်လောက်တယ် "
" ဘာ ...။ ချီတွေကိုလည်း စုပ်ယူနိုင်တာလား "
လူတွေအားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။
တိုက်ခိုက်တဲ့ ချီတွေအားလုံးကို စုပ်ယူနိုင်မှတော့ ဝမ်ဟိုင်လုံဟာ မရှုံးနိုင်တော့တဲ့ လူတစ်ယောက်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။
" အမှောင်ထုရဲ့ အစွမ်းလား "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။
နဂါးဓားသခင်လေး ချူးယီက ဓားတာအို အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အဲသည်အတွက် သူက ကြောက်စရာ ကောင်းလှတဲ့ ဓားတာအို အစွမ်းတွေကို ထုတ်ပြပြီး ပြိုင်ဘက်တွေကို အနိုင်ယူပြခဲ့ပါတယ်။ အခုလည်း ဝမ်ဟိုင်လုံရဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံက ချီစွမ်းအားတွေကို စုပ်ယူနိုင်ကြောင်း ပြသခဲ့ပြန်ပါပြီ။
ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေက ကျင်ကြံခြင်းနယ်ပယ် တစ်ခုထဲမှာ ဆိုရင် ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတာကလည်း မလွန်ပါဘူး။
(က)အတန်း ဆရာတွေရဲ့ ခုံတန်းဘက်မှာ ရှိနေတဲ့ တန်းခွဲ၁ ဆရာ ချီရိမင်ကတော့ မသိမသာလေး ပြုံးနေခဲ့ပါပြီ။
အမှောင်ထု အရိုးတည်ဆောက်ပုံလို ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေက ခရမ်းရောင်ပန်း နိုင်ငံတော့ တစ်ခုလုံးမှာတောင်မှ မရှိသလောက် ရှားလှပါတယ်။ လီဖူချန်းရဲ့ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှုက တကယ် ထူးခြားတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံနဲ့ ယှဉ်ဖို့တော့ အနည်းငယ် လိုနေပါသေးတယ်။
အမှောင်ထု အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်က အချိန်တန်တာနဲ့ အဆင့်တူ ကျင့်ကြံခြင်း နယ်ပယ်မှာ ပြိုင်ဘက်ကင်းသူ တစ်ယောက် ဖြစ်လာမှာပါ။
" လခွီးပဲ ...။ ပျက်စီးစမ်းကွာ "
ဝူကျိရဲ့ ချီအတွင်းအားကတော့ သိုင်းစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပါပြီ။ ဆေဘာဓားရိပ် ၄၉ခုကလည်း ဝမ်ဟိုင်လုံကို အဆက်မပြတ် တိုက်ခိုက်နေပါတယ်။
ဝူကျိရဲ့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ်က အဆင့်၂၁ကို ရောက်နေပါပြီ။ မြေကမ္ဘာ အဆင့်နိမ့် အတွင်းအားကျင့်စဉ် အဆင့်၂၁ဆိုတာက ဆန်းကြယ် အထွတ်အထိပ် အဆင့် အတွင်းအား ကျင့်စဉ်ထက် အများကြီး ပိုအစွမ်းထက် ပါတယ်။ ဝူကျိက သူ့ရဲ့ အတွင်းအား ကောင်းမွန်မှုကို အားကိုးပြီး ဝမ်ဟိုင်လုံကို ဖိနှိပ်ဖို့ ကြိုးစားနေတာပါ။
ဒါပေမဲ့လည်း ဝူကျိရဲ့ အကြံအစည်တွေက မအောင်မြင်ခဲ့ပါဘူူး။
ဝမ်ဟိုင်လုံက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး သူ့ရဲ့ အမှောင်ထု စွမ်းအားတွေကို ထုတ်ဖော် လိုက်ပါတယ်။
ဟူး ... ဟူး ... ဟူး ...
မင်ရည်တွေလို မည်းနက်နေတဲ့ စွမ်းအင်တစ်ခုက ဆေဘာဓားရိပ်တွေရဲ့ ချီစွမ်းအင်တွေ အကုန်လုံးကို စုပ်ယူ သွားခဲ့ပါပြီ။
" သည်ပွဲက ဆက်တိုက်စရာကော လိုသေလို့လား "
ပွဲကြည့်ပရိသတ်တွေဖြစ်တဲ့ အပြင်စည်း ကျောင်းသားတွေကတော့ မမျှတသလို ခံစား နေရပါတယ်။
ဝူကျိရဲ့ အစွမ်းက ဝမ်ဟိုင်လုံထက် သာနေတာ အသိသာကြီး ဖြစ်နေပေမယ့် သူဟာ ဝမ်ဟိုင်လုံကို ဘာမှ မလုပ်နိုင်ပါဘူး။
" ငါ့ရဲ့ နတ်ဆိုးလက်သီးကိုလည်း မြည်းကြည့်ပါဦး "
ဝမ်ဟိုင်လုံက ကြုံးဝါးလိုက်ပြီး လက်သီးတစ်ချက် ထိုးလိုက်ပါပြီ။
သည်လက်သီးမှာက သူ့ရဲ့ ချီအတွင်းအားတွေ ပါဝင်နေသလို အမှောင်ထု စွမ်းအားတွေလည်း ပါဝင် ပတ်သက် နေပါသေးတယ်။
ဝူကျိက လက်သီးချက်ကို သူ့ရဲ့ဆေဘာနဲ့ ခုခံလိုက်ပါတယ်။
ဘန်း ... ...
ဝူကျိက အနောက်ကို အဆက်မပြတ် ဆုတ်သွားခဲ့ရပါပြီ။
အမှောင်ထုစွမ်းအားက တကယ့်ကို ကြောက်စရာပါပဲ။ ဝမ်ဟိုင်လုံရဲ့ လက်သီးချက်ထဲမှာ ပါနေတဲ့ အမှောင်ထု စွမ်းအားက ဆေဘာဓားချက်ရဲ့ အစွမ်းတစ်ဝက် လောက်ကို ပျက်ပြယ်သွားစေ ခဲ့ပါတယ်။ အဲသည်အတွက် ဝူကျိဟာ ဝမ်ဟိုင်လုံရဲ့ လက်သီးကို မခုခံနိုင်ဘဲ အနောက်ကို ဆုတ်သွားခဲ့ရတာပါ။
" အမှောင်ထု အရိုးတည်ဆောက်ပုံက သည်လောက်အထိ အစွမ်းထက်မယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဘူး။ ဝူကျိကတော့ ရှုံးဖို့ များနေပြီ "
နံပါတ်၂ ထိပ်တန်းကျောင်းသား ကျန်းယုဖေးကတော့ တိုက်ပွဲကိုကြည့်ပြီး ခေါင်းတခါခါ ဖြစ်နေပါပြီ။
ဘေးမှာရှိနေတဲ့ သိကျွင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
" ဟမ့် ...။ အမှောင်ထု အရိုး တည်ဆောက်ပုံက အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့လည်း သူ့ရဲ့ ကန့်သတ်ချက်တော့ ရှိရမယ်။ တကယ်လို့ငါသာ သူ့ရဲ့ ပြိုင်ဘက် ဆိုလို့ကတော့ လှံတစ်ချက်နဲ့ပဲ သူ့ရဲ့ အမှောင်ထု စွမ်းအားတွေကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ် '"
ကျန်းယုဖေးက ပြုံးလိုက်ပြီး ပြန်ပြော လိုက်ပါတယ်။
"မင်းကတော့ ပြောအားရှိမှာပေါ့ကွ။ မင်းရဲ့ တိမ်အလင်း လှံသိုင်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီကိုး "
ကျန်းယုဖေးက သိကျွင်းရဲ့ အစစ်အမှန် စွမ်းရည်ကို သိထားတဲ့ တစ်ဦးတည်းသော လူလို့ ဆိုရမှာပါ။ သူတို့နှစ်ယောက်ဟာ မကြာခဏ လက်ရည်စမ်းလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ လ မတိုင်ခင် အထိ သူတို့နှစ်ယောက်ရဲ့ စွမ်းရည်ဟာ သိပ်မကွာခဲ့ပါဘူး။
ပြီးခဲ့တဲ့လကတော့ သိကျွင်းဟာ တိမ်အလင်း လှံသိုင်းရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွား ခဲ့ပါတယ်။ အဲသည် အချိန်ကစပြီး ကျန်းယဖေးဟာ သိကျွင်းရဲ့ လှံတစ်ချက်ကို တောင်မှ မခုခံနိုင်တော့ပါဘူး။
မြေကမ္ဘာအဆင့် သိုင်းပညာတစ်ခုရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားတဲ့ လူတစ်ယောက်ဟာ သိုင်းစက်ကွင်းကို ဖန်တီးနိုင်ပါတယ်။ သိုင်းစက်ကွင်းရဲ့ ဖိနှိပ်ခြင်းကို ခံလိုက်ရတဲ့ ပြိုင်ဘက်ဟာ သူ့စွမ်းရည်ရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်သုံးနိုင်ရင်တောင် ချီးကျုးဖို့ ထိုက်တန်နေပါပြီ။
" ဝူကျိက ဝမ်ဟိုင်လုံကို အနိုင်ယူချင်ရင်တော့ ဝမ်ဟိုင်လုံရဲ့ အမှောင်ထုစွမ်းအားတွေ အကုန်လုံး ကုန်သွားတဲ့အထိ အချိန်ဆွဲ တိုက်နိုင်မှ ရမယ်"
လီဖူချန်းက စိတ်ထဲကနေ တွေးနေမိပါတယ်။
ဒါပေမဲ့ လီဖူချန်းက ဝမ်ဟိုင်လုံရဲ့ ကိုယ်ထဲမှာ အမှောင်ထုစွမ်းအား ဘယ်လောက် ရှိနေသေးသလည်း ဆိုတာကိုတော့ မခန့်မှန်း နိုင်သေးပါဘူး။ သူသေချာ သိတာ တစ်ခုကတော့ အဲဒါက ချူးယီရဲ့ ဓားတာအို စွမ်းအားထက် များတယ်ဆိုတာပါပဲ။
သိုင်းစင်မြင့် အပေါ်မှာတော့ ဝူကျိနဲ့ ဝမ်ဟိုင်လုံတို့ နှစ်ယောက်ဟာ အကျိတ်အနယ် တိုက်ခိုက် နေကြပါတယ်။
သိုင်းကွက်တစ်ရာကို အရောက်မှာတော့ ဝူကျိရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စတင် စီးကျလာခဲ့ပါပြီ။
" ဝူကျိ ...။ မင်းက ငါ့ရဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံကို ရှုံးခဲ့ရတဲ့ အတွက် ဂုဏ်ယူသင့်တယ် "
ဝမ်ဟိုင်လုံက အမှောင်ထု စွမ်းအားကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်လိုက်ပြီး ပင်မ အမှောင်ထု စွမ်းအားကို ထုတ်သုံးလိုက်ပါတယ်။
သူ့ရဲ့ လက်သီးချက်မှာတော့ အနက်ရောင် လျှပ်စစ်စီးကြောင်းလေးတွေပါ ပါဝင်လာခဲ့ပါပြီ။
ဘန်း ...
သည်လက်သီးချက်ကိုတော့ ဝူကျိက ဘယ်လိုမှ ခုခံနိုင်ခြင်း မရှိခဲ့ပါဘူး။
ဝေါ့ ...
သူက သွေးတစ်လုတ်တောင် အန်လိုက်ရပါတယ်။
" အနိုင်ရရှိသူ ဝမ်ဟိုင်လုံ "
ဒိုင်လုပ်သူ အကြီးအကဲရဲ့ အော်သံကလည်း ထွက်ပေါ်လာခဲ့ပါပြီ။
ဝူကျိကို အမှောင်ထု စွမ်းအားနဲ့ အနိုင်ယူပြီးတဲ့နောက်မှာတော့ လူတွေအားလုံးဟာ ဝမ်ဟိုင်လုံကို နံပါတ်၃ ထိပ်တန်း ကျောင်းသား ဖြစ်မယ်လို့ ထင်ကြေးပေးလိုက် ကြပါတယ်။
လီဖူချန်း ... ... ။
လီဖူချန်းက ဓားသိုင်းမှာ အရမ်းပါရမီ ပါပေမယ့်လည်း ဝမ်ဟိုင်လုံကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။
နောက်ထပ် ပွဲစဉ်အလှည့်မှာတော့ လီဖူချန်းနဲ့ ဝူကျိတို့ ထိပ်တိုက်တွေ့ဆုံ ကြပါပြီ။
လီဖူချန်းက အချိန်တောင် မဆိုင်းဘဲ ဝူကျိကို အလွယ်တကူ အနိုင်လိုက်ပါတယ်။ ဝူကျိကို လီဖူချန်း အနိုင်ယူလိုက်တာနဲ့ ပတ်သက်ပြီးတော့ လူတွေဟာ သိပ်ပြီး မအံ့သြကြပါဘူး။ သူတို့က ဒါကို မျှော်လင့်ပြီးသားပါပဲ။
ဝူကျိရဲ့ အစွမ်းက ဇိုဖန်းဟွာနဲ့ သိပ်မကွာလှပါဘူး။ လီဖူချန်းက ဇိုဖန်းဟွာကို အနိုင်ယူနိုင်မှတော့ ဝူကျိကိုလည်း အနိုင် ယူနိူင်မှာပါပဲ။
နောက်ထပ်ပွဲစဉ်မှာတော့ ကျန်းယုဖေးနဲ့ ဇိုဖန်းဟွာတို့ ထိပ်တိုက်တွေ့ဆုံကြပါတယ်။
ကျန်းယုဖေးကတော့ ဝူကျိနဲ့ မတူပါဘူး။ သူက သာလွန်အဆင့် ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ အစွမ်းကလည်း ဝူကျိထက် တစ်ဆင့် ပိုမြင့်ပါတယ်။
သူ့ရဲ့ ချီအရှိန်အဝါကို ထုတ်လိုက်တာနဲ့တင် ဇိုဖန်းဟွာက သွေးလေ ချောက်ချားနေပါပြီ။ ဇိုဖန်းဟွာက ကျန်းယုဖေးရဲ့ သိုင်းကွက် သုံးကွက်ကိုတောင် မခံနိုင်ဘဲ အရှုံးပေးလိုက်ရပါတယ်။
အချိန်တွေကြာလာတာနဲ့ အမျှ ပြိုင်ပွဲရဲ့ ရလဒ်ကလည်း ပိုသိသာလာခဲ့ပါပြီ။
လူတွေတော်တော်များများကတော့ နံပါတ်၁နေရာကို သိကျွင်း၊ နံပါတ်၂ နေရာကို ကျန်းယုဖေး၊ နံပါတ်၃ နေရာကို ဝမ်ဟိုင်လုံနဲ့ နံပါတ်၄ နေရာကို လီဖူချန်း ဖြစ်မယ်ဆိုပြီး ခန့်မှန်း နေကြပါတယ်။
ဒါပေမဲ့ ဒါက ခန့်မှန်းချက် သက်သက်ပါပဲ။ ဝမ်ဟိုင်လုံက ကျန်းယုဖေးကို အနိုင်ယူပြီး နံပါတ်၂နေရာကို ယူသွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။
အမှောင်ထု စွမ်းအားနဲ့ ပက်သက်ပြီး ဘာကိုမှ သေသေချာချာ ပြောလို့ မရပါဘူး။ ဝမ်ဟိုင်လုံက ဝူကျိကို သိုင်းကွက်တစ်ရာနဲ့ အနိုင်ယူနိုင်မှတော့ ကျန်းယုဖေးကိုလည်း အနိုင်ယူ သွားနိုင်ပါတယ်။
" နံပါတ်၈ သိုင်းစင်မြင့်၊ လီဖူချန်းနဲ့ ဝမ်ဟိုင်လုံ "
နောက်ထပ် ပွဲစဉ် တစ်ခုမှာတော့ လီဖူချန်းနဲ့ ဝမ်ဟိုင်လုံတို့ ထိပ်တိုက် တွေ့ဆုံကြပါပြီ။
ဝမ်ဟိုင်လုံက လီဖူချန်းကို အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီး
" လီဖူချန်း ... မင်းက အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး အရှုံးပေးစမ်း "
ဝမ်ဟိုင်လုံက သိကျွင်း ဒါမှမဟုတ် ကျန်းယုဖေးနဲ့ တိုက်ခိုက်ပြီး သူ့ရဲ့ အမှောင်ထု စွမ်းအားကို စမ်းသပ် ချင်ပါသေးတယ်။ သူ့ရဲ့ အမှောင်ထုစွမ်းအားကလည်း အကန့်အသတ် ရှိတဲ့အတွက် ဝမ်ဟိုင်လုံဟာ လီဖူချန်းနဲ့ တိုက်ပြီး အမှောင်ထု စွမ်းအားတွေကို ဖြုန်းတီး မပစ်ချင်ပါဘူး။ အဲသည်အတွက် သူက လီဖူချန်း အလိုက်တသိနဲ့ အရှုံးပေးတာကို လိုချင်နေပါတယ်။
လီဖူချန်းက သောက်ဂရု မစိုက်တဲ့ လေသံဖြင့်
" တကယ်လို့ မင်းရဲ့ အမှောင်ထုစွမ်းရည် အပြည့်အဝ နိုးထလာရင်တော့ ငါ အရှုံးပေး လိုက်မှာပဲ။ ဒါပေမဲ့ မင်းရဲ့ ဘာမဟုတ်တဲ့ သည်အမှောင်ထု စွမ်းအားနဲ့ ငါ့ကို အရှုံးပေးစေချင်ရင်တော့ နောက်ဘဝအထိ ဆုတောင်းနေလိုက် "
"အမှောင်ထုစွမ်းရည် "
ဝမ်ဟိုင်လုံက မဲ့ပြုံးတစ်ချက် ပြုံးလိုက် မိပါတယ်။ လီဖူချန်းပြောတာက မမှားပါဘူး။ တကယ်လို့ သူ့ရဲ့ အမှောင်ထု စွမ်းရည်ကိုသာ နိုးထနိုင်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ အဆင့်၁ ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင် ဒါမှမဟုတ် အဆင့်၂ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ကိုတောင်မှ တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်မှာပါ။
" မင်းက အရှုံးမပေးချင်မှတော့ ငါ့ရဲ့အဆိုး မဆိုနဲ့တော့ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဝမ်ဟိုင်လုံဟာ သူ့ရဲ့ အမှောင်ထုစွမ်းအားကို အမြင့်ဆုံး အဆင့်အထိ ထုတ်လိုက်ပါပြီ။ သူက သူ့ရဲ့ အမှောင်ထု စွမ်းအားကို ချွေတာဖို့အတွက် လီဖူချန်းကို အမြန်ဆုံး အနိုင်ယူဖို့ စဉ်းစားထားပါတယ်။
" နတ်ဆိုးလက်သီး "
ဝမ်ဟိုင်လုံက လီဖူချန်းကို အားရပါးရ ထိုးချလိုက်ပါတယ်။
"ကောင်းကင်တံတိုင်း "
လီဖူချန်းရဲ့ ဓားကလည်း နှောင့်နှေးနေခြင်း အလျင်းမရှိပါဘူး။ ဓားအလင်းတန်း အကာအကွယ်ကြီး တစ်ခုက သူ့ရဲ့ရှေ့မှာ ဖြစ်တည်လာခဲ့ပါပြီ။
ဖောင်း ... ဖောင်း ... ဖောင်း ...
ဝမ်ဟိုင်လုံရဲ့ လက်သီးက လီဖူချန်းရဲ့ ဓားအလင်းတန်း အကာအကွယ်ကို အလွယ်တကူပဲ ချိုးဖျက် ပစ်လိုက်ပါတယ်။
အမှန်အတိုင်း ပြောရရင်တော့ ဝမ်ဟိုင်လုံရဲ့ လက်သီးအားက သိပ်ပြီးလည်း မပြင်းလှပါဘူး။ ဒါပေမဲ့ သူ့ရဲ့ လက်သီးမှာ ပါဝင်နေတဲ့ အမှောင်ထု စွမ်းအားကြောင့်သာ လီဖူချန်းရဲ့ ဓားအလင်းတန်း အကာအကွယ်က ဖျက်ဆီးခံလိုက် ရတာပါ။
လီဖူချန်းရဲ့ ဓားအလင်းတန်း အကာအကွယ်က ချီစွမ်းအင်တစ်မျိုး ဖြစ်တဲ့အတွက်ပဲ အမှောင်ထု စွမ်းအင်ဟာ အလွယ်တကူ စုပ်ယူနိုင်ပါတယ်။
" သည်ကောင့်ရဲ့ ချီစွမ်းအင် စုပ်ယူအားက တကယ့် ကြောက်စရာပဲ "
လီဖူချန်းက အနောက်ကို ဆုတ်လိုက်ပြီး ဝမ်ဟိုင်လုံရဲ့ လက်သီးကို ရှောင်လိုက် ရပါတယ်။
ဝမ်ဟိုင်လုံက လီဖူချန်းနောက်ကို အလျင်အမြန် လိုက်သွားပြီး တိုက်ခိုက်ဖို့ ကြိုးစား လိုက်ပေမယ့်လည်း ဓားအလင်းတန်း ၁၀၀လောက်က သူ့ကို ဟန့်တားထားခဲ့ပါပြီ။
အဲဒါကတော့ လျှို့ဝှက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ကောင်းကင်ဘုံ အလင်းတန်း ၁၀၀ပါပဲ။
" စုပ်ယူလိုက်စမ်း "
ဝမ်ဟိုင်လုံက သည်ဓား အလင်းတန်းတွေကို ခုခံဖို့ မစဉ်းစားတော့ဘဲ စုပ်ယူ လိုက်ပါတယ်။
လီဖူချန်းရဲ့ ဓားအလင်းတန်း ၁၀၀က ဝမ်ဟိုင်လုံအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိစေခဲ့ပါဘူး။
" လီဖူချန်း ... မင်း အရှုံးမပေးသေးဘူးလား "
ဝမ်ဟိုင်လုံက နောက်ထပ် နတ်ဆိုးလက်သီး တစ်ချက်ကို ထပ်ထိုး လိုက်ပါတယ်။
သည်တစ်ကြိမ်မှာတော့ လီဖူချန်းက သင်ခန်းစာ ရသွားပါပြီ။ သူက ဝမ်ဟိုင်လုံရဲ့ နတ်ဆိုး လက်သီးကို ထိပ်တိုက် မခုခံတော့ဘဲ ခုန်ရှောင်လိုက်ပြီး ကြယ်ကြွေ ဓားကွက်နဲ့ ပြန်တိုက် လိုက်ပါတယ်။
လီဖူချန်းရဲ့ ဓားချက်အမြန်နှုန်းကတော့ တကယ့်ကို အံ့မခန်းပါပဲ။
ဝမ်ဟိုင်လုံက သူ့ရဲ့ အမှောင်ထု စွမ်းအားကိုတောင် ထုတ်သုံးဖို့ အချိန်မရလိုက်ပါဘူး။
ရွှပ် ...
အသားကို လှီးဖြတ်သွားတဲ့ အသံတစ်ခုနဲ့ အတူ ဝမ်ဟိုင်လုံရဲ့ ရင်ဘတ်ပေါ်မှာ ဓားဒဏ်ရာ တစ်ခု ပေါ်လာခဲ့ပါတယ်။ ဝမ်ဟိုင်လုံကတော့ ဒဏ်ရာ ရသွားခဲ့ပါပြီ။
အမှောင်ထုစွမ်းအားက အစွမ်းထက်ရင် ထက်ပါမယ်။ ဒါပေမဲ့ သည်ကြယ်ကြွေ ဓားကွက်ကတော့ ငရဲမီးဓားသိုင်း မဟုတ်သလို လျှို့ဝှက် ကောင်းကင်ဘုံ ဓားသိုင်းလည်း မဟုတ်ပါဘူး။ ဒါက အမြန်နှုန်းနဲ့ တစ်ဖက်လူကို တိုက်ခိုက်ဖို့ သက်သက်သာ ဖြစ်ပါတယ်။
" ဘာ ... ဘာကြီးလဲ ...။ ဝမ်ဟိုင်လုံက ဒဏ်ရာရသွားတာလား ...။ အဲသည်ဓားကွက်က ဘာလို့ အဲလောက် ကြောက်စရာ ကောင်းနေရတာလဲ "
လူတွေအားလုံးကတော့ အကြီးအကျယ် အံ့သြသွားခဲ့ပါပြီ။ ကျန်းယုဖေးတောင်မှ လီဖူချန်းရဲ့ ဓားကွက်ကိုကြည့်ပြီး ဘာမှတ်ချက် ပေးလို့ ပေးရမှန်း မသိတော့ပါဘူး။
စုချွန်ရန်ကလည်း မသိမသာလေး ခေါင်းညိတ် လိုက်မိပါတယ်။ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင် ဖြစ်တဲ့ အလျောက် သူဟာ လီဖူချန်းရဲ့ ဓားချက် ဘယ်လောက် ကြောက်စရာ ကောင်းသလည်း ဆိုတာကို ရိပ်စားမိပါတယ်။
ဒါပေမဲ့လည်း သည်လောက်နဲ့တော့ ဝမ်ဟိုင်လုံကို အနိုင်ယူဖို့ မဖြစ်နိုင်သေးပါဘူး။
"ဝမ်ဟိုင်လုံရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ အမှောင်ထု စွမ်းအားတွေက အလှံအပယ် ရှိနေသေးတယ်။ ဝမ်ဟိုင်လုံက လီဖူချန်းကို အလွယ်တကူပဲ အနိုင် ယူသွားလိမ့်မယ် "
တန်းခွဲ၃ရဲ့ ဆရာဖြစ်သူ ကုလီက ဝမ်ဟိုင်လုံနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
တန်းခွဲ၁ရဲ့ ဆရာဖြစ်သူ ချီရိမင်ကတော့ ရယ်ရုံသာ ရယ်နေပြီး ဘာမှ မပြောပါဘူး။
" မင်းက သည်လောက်အထိ ဖြစ်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့ "
ဒဏ်ရာရသွားတဲ့ ဝမ်ဟိုင်လုံဟာ ဒေါသ အကြီးအကျယ် ထွက်သွားပုံပါပဲ။ သူက သူ့ရဲ့ ချီအရှိန်အဝါတွေနဲ့ အမှောင်ထုစွမ်းအားကို ရောယှက်ပြီး ထုတ်ဖော်လိုက်ပါတယ်။
သိုင်းစင်မြင့် တစ်ခုလုံးကိုတော့ အမှောင်ထုကြီး တစ်ခုက ဖုံးလွှမ်းသွားခဲ့ပါပြီ။
တကယ်လို့ အခြား လူတစ်ယောက်က သူတို့ရဲ့ ချီအရှိန်အဝါတွေကို ထုတ်သုံးလိုက်ရင် အခုလိုမျိုး ဖြစ်မှာမဟုတ်ပါဘူး။ အလွန်ဆုံးဖြစ်မှ သူတို့ရဲ့ ချီအရှိန်အဝါနဲ့ တစ်ဖက်လူကို ဖိအား ပေးနိုင်ရုံပါပဲ။
ဒါပေမဲ့ ဝမ်ဟိုင်လုံရဲ့ ချီအရှိန်အဝါတွေထဲမှာတော့ အမှောင်ထု စွမ်းအားတွေ ပါဝင် နေပါတယ်။ သည်အမှောင်ထု ချီအရှိန်အဝါက လီဖူချန်းရဲ့ စွမ်းရည်တွေကို ၅၀ရာခိုင်နှုန်းနီးပါး စုပ်ယူသွားမှာပါ။
အမှောင်ထုက ဖုံးလွှမ်းသွားပြီ ဖြစ်တဲ့အတွက် နံပါတ်၈ သိုင်းစင်မြင့်ပေါ်မှာ ဖြစ်ပျက် နေတာက မှန်သမျှကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြငိရတော့ပါဘူး။
" ပြီးသွားပြီ။သည်ပွဲရဲ့ အဖြေက ပေါ်သွားပြီပဲ "
မီးခိုးရောင် ဝတ်စုံဝတ် လက်ထောက် ကျောင်းအုပ်က ခပ်တိုးတိုးလေး ရေရွတ် လိုက်ပါတယ်။
" ဝမ်ဟိုင်လုံက အရမ်းကြောက်စရာ ကောင်းတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ ...။ ခန္ဓာကိုယ် အပြင်အားကမှ လီဖူချန်းရဲ့ အစစ်အမှန် စွမ်းရည်ပဲ "
လီယန်ကတော့ သူမကိုယ်သူမ ပြန်နှစ်သိမ့် လိုက်ပါတယ်။
***