← Chapters

တိမ်အလင်း လှံသိုင်း

Vol. 29 Ch. 384

တိမ်အလင်း လှံသိုင်း

Vol. 29 Ch. 384

" ဟူး ...  ...  "

စုချွန်ရန်ကတော့ သက်ပြင်းရှည်ကြီး တစ်ချက်ကိုသာ ချလိုက်မိပါတယ်။  လီဖူချန်းက သူ့ရဲ့ ထူးချွန်မှုတွေကို လူတိုင်း သတိထားမိအောင် ပြသခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း သူ့ရဲ့ ပြိုင်ဘက် ဖြစ်သူက အမှောင်ထု အရိုးတည်ဆောင်ပုံ ပိုင်ရှင်  ဖြစ်နေတာက လီဖူချန်း ကံဆိုးတာပါပဲ။

ခရမ်းရောင်ပန်း နိုင်ငံတော် တစ်ခုလုံးမှာ တောင်မှ သည်လို ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူတွေက အနည်းငယ်သာ ရှိတာပါ။ လီဖူချန်းဟာ သည်တိုက်ပွဲမှာ ရှုံးသွားပေမဲ့လည်း ဂုဏ်ယူစရာ အရှုံးမျိုးနဲ့ ရှုံးရခြင်း ဖြစ်ပါတယ်။ အမှောင်ထု အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို ရှုံးရတဲ့အတွက် လီဖူချန်း အနေနဲ့ ဘာမှ သိမ်ငယ်နေစရာ မရှိပါဘူး။

" သည်ရှုံးပွဲက မင်းရဲ့ တိုက်ပွဲအပေါ် စိတ်အား ထက်သန်မှုတွေ အပေါ် သက်ရောက်မှု မရှိစေပါနဲ့ကွာ "

စုချွန်ရန်က လီဖူချန်းအပေါ်မှာ အများကြီး မျှော်လင့် ထားနေဆဲပါပဲ။ ဒဏ္ဍာရီအဆင့် ထိုးထွင်းသိမြင်မှု ပိုင်ရှင်ဖြစ်တဲ့ လီဖူချန်းအနေနဲ့ အဆင်မြင့်ပြီး အရည်အသွေး ကောင်းတဲ့  ပညာရပ်တွေကိုသာ လေ့ကျင့်ခွင့် ရခဲ့မယ် ဆိုရင်ဖြင့်  အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ မယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။

နံပါတ်၈ သိုင်းစင်မြင့်ပေါ်ရှိနေတဲ့ အမှောင်ထုကြီးကတော့ နေရောင်ခြည်တောင် ထွင်းဖောက်ဝင်လို့ မရတော့တဲ့ အထိကို အားကောင်း နေခဲ့ပါပြီ။

" လီဖူချန်း ရှုံးသွားပြီ "

လူတွေအားလုံးကို သည်တိုက်ပွဲရဲ့  အဖြေကို တစ်သမတ်တည်း တွေးထင်နေကြစဉ်မှာပဲ ...

အစိမ်းရောင် အလင်းပြောက်လေး တစ်ခုဟာ အမှောင်ထုထဲကနေ ထွန်းလင်းစွာ ထွက်ပေါ် လာခဲ့ပါတယ်။ လူတွေ အားလုံးရဲ့ မျက်စိရှေ့မှာပဲ ထိုအစိမ်းရောင်  အလင်းပြောက်ဟာ တဖြည်းဖြည်း ကြီးမား ကျယ်ပြန့်လာပြီး အမှောင်ထုကို စတင် တိုက်စားစ ပြုလာခဲ့ပါပြီ။

"ဒါ ... ဒါက "

မီးခိုးရောင် ဝတ်စုံဝတ် လက်ထောက် ကျောင်းအုပ်ကြီးကတော့ မျက်လုံး ပြူးသွားခဲ့ပါတယ်။ သူ့လို လက်ထောက် ကျောင်းအုပ်ကြီး တစ်ယောက် အနေနဲ့ကတော့ သည်အရာကို မသိစရာ အကြောင်း မရှိပါဘူး။   အဲသည်အရာက နေဝန်းစိမ်း ဓားဆန္ဒပါပဲ။ ဟုတ်ပါတယ်။ ဒါက တိုက်ပွဲဝိညာဉ် နယ်ပယ်ကို မရောက်မချင်း ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်လို့ မရဘူးဆိုတဲ့  မြေကမ္ဘာ အဆင့်နိမ့် ဓားသိုင်းပါပဲ။

သူသိထားသလောက်ဆိုရင်တော့ လက်ရှိ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေထဲမှာ သည်ဓားသိုင်းကို လေ့ကျင့်ဖို့ ရွေးထားသူက လီဖူချန်း တစ်ယောက်ပဲ ရှိတာပါ။

" သည်ကလေးက ဘယ်လိုလုပ်ပြီး သည်ဓားသိုင်းကို လေ့ကျင့်နိုင်ရတာလဲ "

လက်ထောက် ကျောင်းအုပ်ကြီးဖြစ်သူ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက မယုံကြည်နိုင်စွာဖြင့် ခပ်တိုးတိုး ရေရွတ်မိလိုက် ပါသေးတယ်။

တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင် တစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့  သည်နေဝန်းစိမ်း ဓားဆန္ဒကို အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်ပြီးခဲ့ပါပြီ။ အဲသည်အတွက် သူဟာ သည်ဓားသိုင်းရဲ့ ခက်ခဲနက်နဲမှုတွေကို ကောင်းကောင်းကြီး သိထားသူလည်း ဖြစ်ပါတယ်။

အပိုတွေ ပြောတာတော့ မဟုတ်ပါဘူး။ သည်နေဝန်း စိမ်းဓားဆန္ဒ ဓားသိုင်းကို လေ့ကျင့်ရတာဟာ  မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်းတွေ ထက်တောင် ပိုခက်ပါသေးတယ်။ ပြီးတော့ သည်ဓားသိုင်းရဲ့ အစွမ်းက တစ်သမတ်တည်း မရှိပါဘူး။ ဒါက သုံးတဲ့သူရဲ့ နေဝန်းစိမ်း ဓားဆန္ဒအပေါ် မူတည်ပြီး စွမ်းရည်အမျိုးမျိုး ပြောင်းသွားနိုင်တဲ့ ဓားသိုင်းမျိုးပါ။

အသုံးပြုသူ အပေါ်မှာ မူတည်ပြီး သိုင်းပညာရပ်တွေရဲ့ အစွမ်းထက်မှုက အမျိုးမျိုး ပြောင်းလဲ သွားနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ လူတိုင်းလိုလို သိပြီးသားပါပဲ။ ဒါပေမဲ့ သည်ဓားသိုင်းကတော့  အသုံးပြုသူအပေါ်မှာ ပိုပြီး မူတည်ပါတယ်။

" သည်ကလေးက နေဝန်းစိမ်း ဓားဆန္ဒကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် သွားနိုင်ပြီလား "

မီးခိုးရောင် ဝတ်စုံဝတ် လက်ထောက် ကျောင်းအုပ်ကြီးက စဉ်းစားနေရင်းနဲ့ အသက်ရှူတောင် မဝတော့သလိုပါပဲ။

မီးခိုးရောင် ဝတ်စုံဝတ် လက်ထောက် ကျောင်းအုပ်ကြီးက လွဲပြီး ကျန်တဲ့လူတွေ အားလုံးကတော့ သိုင်းစင်မြင့် နံပါတ်၈ကိုသာ မျက်လုံး အပြူးသားနဲ့ စိုက်ကြည့်နေကြပါတယ်။  သိုင်းစင်မြင့် နံပါတ်၈ရဲ့   သီးသန့် အကာအကွယ် အစီအရင်ကို ကျော်လွန်ပြီး ခမ်းနားထည်ဝါလှတဲ့  ဓားဆန္ဒတစ်ခု မွေးဖွားလာတာကို သူတို့အားလုံး ခံစားနေကြရပြီ မဟုတ်ပါလား။

စင်မြင့်ပေါ်မှာတော့ အစိမ်းရောင် အစက်အပြောက်လေးဟာ လျင်မြန်စွာနဲ့ ကြီးထွားလာပြီး အစိမ်းရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ စက်လုံးတစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ပါပြီ။  သည်အစိမ်းရောင် စက်လုံးကြီးက ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ နေဝန်းငယ်လေး တစ်ခုလိုပါပဲ။ သည်နေဝန်းငယ်လေးက သိုင်းစင်မြင့် နံပါတ်၈ပေါ်မှာ ဖြစ်တည်နေတဲ့ အမှောင်ထုတွေကို အားကောင်းကောင်းနဲ့ တိုက်စား ပစ်လိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

နောက်ဆုံးမှာတော့ သိုင်းစင်မြင့်ပေါ်မှာ ရှိနေတဲ့ လီဖူချန်းကို လူတွေအားလုံး ပြန်မြင်ခဲ့ကြ ရပါပြီ။ လီဖူချန်းက လေထဲမှာ ရပ်နေတာဖြစ်ပြီး  သူ့ရဲ့  ခန္ဓာကိုယ်ပါ်မှာတော့ အားကောင်းလွန်းလှတဲ့ ဓားဆန္ဒ အကြွင်းအကျန် တစ်ခု ကျန်ရှိနေဆဲပါပဲ။

စင်မြင့်ရဲ့ အခြားတစ်ဖက်မှာတော့ ဓားဒဏ်ရာ ဗရပွနဲ့ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ဝမ်ဟိုင်လုံ ရှိနေပါတယ်။ သူက သူ့ကိုယ်သူ ဘာဖြစ်သွားသလဲ ဆိုတာကိုတောင် သိလိုက်ပုံ မရပါဘူး။ သူက ငေးငိုင်စွာနဲ့ လီဖူချန်းကို စိုက်ကြည့်နေတာ ဖြစ်ပါတယ်။

အမှောင်ထုရဲ့ စွမ်းအားကတောင် စုပ်ယူနိုင်ခြင်း မရှိခဲ့တဲ့ သည်ဓားသိုင်းက ဘာဓားသိုင်းပါလိမ့် ဆိုပြီး တွေးနေတာလည်း ဖြစ်ချင် ဖြစ်မှာပါ။

" နေဝန်းစိမ်း ဓားဆန္ဒ "

တုန်ယင်နေတဲ့ အသံတစ်ခုက (က)အတန်း ဆရာတွေ ရှိနေရာကနေ ထွက်လာခဲ့ပါတယ်။ အသံပိုင်ရှင်ကတော့ တန်းခွဲ၇ရဲ့ ဆရာဖြစ်သူ စုချွနရန်ပါပဲ။

(က)အတန်းရဲ့ ဆရာတွေ အားလုံးကလည်း အံ့အားသင့်နေ ကြပါတယ်။ သူတို့အနေနဲ့ အံ့အား မသင့်လို့လည်း မရတော့ပါဘူး။

လီဖူချန်းဆိုတဲ့ ကျောင်းသားက  နေဝန်းစိမ်း ဓားဆန္ဒကို တကယ်ကြီး လေ့ကျင့် ထားနိုင်ခဲ့တာ မဟုတ်ပါလား။  သူတို့ရဲ့ အမြင်အရဆိုရင်တော့ ဒါက အနည်းဆုံး အကြို ပြီးပြည့်စုံခြင်း အဆင့်ပါပဲ။

ပွဲကြည့်စင်မြင့်တွေ ပေါ်မှာရှိနေတဲ့ အပြင်စည်း တက္ကသိုလ်ရဲ့ အကြီးအကဲတွေကလည်း မအံ့သြဘဲ မနေနိုင်ပါဘူး။

သူတို့ထံက တော်တော်များများဟာ နေဝန်းစိမ်း ဓားဆန္ဒကို အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့် ဖူးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ နေဝန်းစိမ်းဓားဆန္ဒရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင်တောင် မလေ့ကျင့်နိုင် ခဲ့ပါဘူး။အခုတော့ ကောင်းကင် နယ်ပယ်မှာသာ ရှိနေသေးတဲ့ လီဖူချန်းဆိုတဲ့ သကောင့်သားက အကြိုပြီးပြည့်စုံခြင်း အဆင့်ဟု ထင်ရလောက်တဲ့ နေဝန်းစိမ်း ဓားဆန္ဒကို ပြသသွားခဲ့ပါပြီ။ ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။

" ဘာကြီးလဲ ... ။ အမှောင်ထုစွမ်းအားက  တကယ်ကြီး ဖျက်ဆီး ခံလိုက်ရတာလား "

ကျန်းယုဖေးကတော့ သူ့မျက်လုံးကိုသူ မယုံနိုင်တော့သလို ခံစားနေရပါတယ်။

သူက ဝမ်ဟိုင်လုံကို အနိုင်ယူနိုင်ပေမယ့်လည်း လီဖူချန်းလို စွမ်းဆောင် ပြနိုင်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ လီဖူချန်းက ဝမ်ဟိုင်လုံကို ပြတ်ပြတ်သားသား အနိုင်ယူသွား ခဲ့တာပါ။

" ဟူး ...  သည်အတိုင်းဆိုရင်တော့ ငါလည်းသူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး "

ကျန်းယုဖေးက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။

" စိတ်ဝင်စားစရာပဲ "

သိကျွင်းရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင် မွတ်သိပ်နေတဲ့ အငွေ့အသက်တွေ ဖြစ်တည် လာခဲ့ပါပြီ။

ဒါပေမဲ့လည်း ဒါက တစ်စွန်းတစ်စလေးပါပဲ။ တိမ်အလင်း လှံသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားနိုင်ကတည်း ကျန်းယုဖေးတောင်မှ သူ့ရဲ့ လှံချက်တစ်ချက်ကို  ခုခံနိုင်ခြင်း မရှိပါဘူး။ လီဖူချန်းကကော သူ့ရဲ့ လှံချက်တစ်ချက်ကို တောင့်ခံနိုင်မှာလား ဆိုတာကို သိချင်ရုံလေးသာ ဖြစ်ပါတယ်။

" သူ နိုင်သွားတာလား "

လျိူယန်က အခုထက်ထိ ကြောင်အမ်းအမ်း ဖြစ်နေဆဲပါပဲ။ သူက လီဖူချန်း ရှုံးတော့မယ်လို့ တွေးထင်နေခဲ့တာပါ။

" ဝမ်ဟိုင်လုံရဲ့ အမှောင်စွမ်းအားက ဖျက်ဆီး ခံလိုက်ရတာလား။ အဲဒါက ဘာဓားသိုင်းလဲ။ ငါတို့အပြင်စည်း တက္ကသိုလ်မှာ ဘယ်တုန်းကတည်းက သည်လောက် အစွမ်းထက်တဲ့ ဓားသိုင်း ရှိနေတာလဲ။ ငါ ဘာဖြစ်လို့ သည်ဓားသိုင်းကို မသိရတာလဲ "

"  အဲဒါက နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းလို့ ခေါ်တယ်။ အဲသည် ဓားသိုင်းက တောင်ပိုင်း တောအုပ် တက္ကသိုလ်ရဲ့ အခက်ဆုံး မြေကမ္ဘာအဆင့်နိမ့် ဓားသိုင်းပေါ့။  နေဝန်းဓားဆန္ဒကို အပြင်ဆုံး ကျောင်းသားတွေ မရွေးယူကြတာက နှစ်ပေါင်း ၂၀ ကျော်နေပြီကွ "

" ကြောက်စရာပဲ။ နေဝန်းစိမ်းဓားဆန္ဒက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။ ဓားချက် တစ်ချက်တည်းနဲ့ ဝမ်ဟိုင်လုံရဲ့ အမှောင်ထု စွမ်းအားကို ဖျက်ဆီး ပစ်လိုက်နိုင်တဲ့ ဓားသိုင်းကို ဘယ်သူမှ မရွေးကြဘူးဆိုတော့ ငါတို့ အပြင်စည်းတက္ကသိုလ်ရဲ့ ဝါစဉ်ကြီးအစ်ကို၊ အစ်မတွေက ရူးများ ရူးနေကြတာလား "

" ငါတော့ ဆုံးဖြတ်လိုက်ပြီဟေ့။ ကောင်းကင်မျှော်စင်ရဲ့ ပဉ္စမထပ်ကို ကျော်ဖြတ်နိုင်တဲ့ နေ့ရောက်ရင်တော့ နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းကိုပဲ ရွေးတော့မယ် "

" မင်းရူးနေတာလား ... ။ မင်းကိုယ်မင်း လီဖူချန်းလို ဒဏ္ဍာရီအဆင့် ထိုးထွင်း သိမြင်မှုပိုင်ရှင်လို့ ထင်နေတာလား။  သည်ဓားသိုင်းကို ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့် ပညာရှင်တွေတောင်မှ ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် မလေ့ကျင့်နိုင်ဘူးကွ။ ကိုယ့်အဆင့် ကိုယ်သိစမ်းပါကွာ "

အပြင်စည်းကျောင်းသားတွေ ရှိနေတဲ့ ပွဲကြည့်စင်ဘက်မှာတော့ တစ်ယောက်တစ်ပေါက်  ပြောဆိုသံတွေနဲ့ ဆူညံနေခဲ့ပါပြီ။

" သည်နေဝန်းစိမ်း ဓားဆန္ဒက တကယ် အစွမ်းထက်တာပဲ "

လီဖူချန်းကလည်း စိတ်ထဲကနေ ပြောနေမိပါတယ်။

တစ်ယောက်တည်း လေ့ကျင့်ရတာနဲ့ ပြိုင်ဘက်ကို တိုက်ခိုက်ရတာဟာ မတူညီပါဘူး။ တကယ့် အကျပ်အတည်း တွေ့နေခိုက်မှာ သည်ဓားဆန္ဒကို ထုတ်သုံးရတာက သူ့ကို  လေ့ကျင့်တာနဲ့ မတူညီတဲ့ ခံစားမှုတစ်ခုကို ပေးစွမ်းပါတယ်။

" သည်ကလေးရဲ့ ထိုးထွင်းသိမြင်မှုက တကယ့်ကို ကြောက်စရာပဲ။ ငါသည်ကလေးကို သီးသန့် ကျောင်းသားအဖြစ်  လက်ခံရမယ်။ ကျေးဇူးပြုပြီး ကျောင်းအုပ်ကြီးက သည်ကလေးကို ငါဆီကနေ မလုသွားပါစေနဲ့  "

မီးခိုးရောင်ဝတ်စုံဝတ် လက်ထောက် ကျောင်းအုပ်ကြီးကတော့ လီဖူချန်းကို တပည့်အဖြစ် လက်ခံဖို့ဆန္ဒတွေ ပိုလို့ တိုးလာခဲ့ပါပြီ။ တစ်ချိန်တည်းလိုလိုမှာပင်  ကျောင်းအုပ်ကြီးက လီဖူချန်းကို သူ့ဆီကနေ လုသွားမှာကိုလည်း စိုးရိမ်လာမိပါတယ်။

ဝမ်ဟိုင်လုံကို အနိုင်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ထိပ်တန်း ကျောင်းသား စာရင်းရဲ့ ထိပ်ဆုံး သုံးယောက်ထဲကို ဝင်ဖို့ သေချာ သွားခဲ့ပါပြီ။ အခုဆက်ပြီး ကြည့်ရမှာကတော့ လီဖူချန်းဟာ ကျန်းယုဖေးနဲ့ သိကျွင်းကို ဆက်ပြီး အနိုင်ယူနိုင်ဦးမလား ဆိုတာပါပဲ။

အစောပိုင်းတုန်းကတော့ လီဖူချန်းဟာ ကျန်းယုဖေးနဲ့ သိကျွင်းကို နိုင်ဖို့မပြောနဲ့  ဝမ်ဟိုင်လုံကိုတောင်မှ မနိုင်လောက်ဘူးလို့ လူတိုင်းက ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ လီဖူချန်းဟာ နေဝန်းစိမ်း ဓားဆန္ဒကို ထုတ်ပြလိုက်ပြီ ဖြစ်တဲ့အတွက် ဘယ်အရာကိုမှ ကြိုတင်ခန့်မှန်းလို့ မရတော့တဲ့ အခြေအနေကို ရောက်သွားခဲ့ပါပြီ။

နောက်ထပ်ပွဲစဉ် အနည်းငယ် ကြာပြီးနောက်မှာတော့ ...  ...

" သိုင်းစင်မြင့် နံပါတ်၈ ။ လီဖူချန်းနဲ့ ကျန်းယုဖေး "

ဒိုင်ဖြစ်သူ အကြီးအကဲရဲ့ ကြေညာသံက ပွဲကြည့်  ပရိသတ်အပေါင်းကို ကျွတ်ကျွတ်ညံသွား စေပါတယ်။

ဒါက သူတို့ စောင့်မျှော်နေတဲ့ ပွဲပင် မဟုတ်ပါလား။

သည်တိုက်ပွဲ အခြေအနေပေါ် မူတည်ပြီး လီဖူချန်းဟာ သိကျွင်းကို အနိုင်ယူနိုင်မလား၊ မနိုင်ဘူးလား ဆိုတာကို သိရမှာ ဖြစ်ပါတယ်။

တကယ်လို့သာ လီဖူချန်းက ကျန်းယုဖေးကို မနိုင်ဘူးဆိုရင် သိကျွင်းကိုလည်း နိုင်မှာ မဟုတ်ပါဘူး။ ဒါက ဗေဒင် မေးနေစရာကို မလိုတော့တဲ့ အရာ တစ်ခုပါပဲ။ ဒါပေမဲ့ လီဖူချန်းက ကျန်းယုဖေးကို အနိုင်ယူသွားနိုင် ခဲ့ရင်တော့ အခြေအနေက နောက်တစ်မျိုး ဖြစ်သွားမှာပါ။

သိုင်းစဉ်မြင့်ပေါ်မှာတော့ ကျန်းယုဖေးက လီဖူချန်းကို စိုက်ကြည့်နေပါတယ်။ ကျန်းယုဖေးက လီဖူချန်းကို မနာလိုတဲ့ အကြည့်တွေနဲ့ ကြည့်နေတာတော့ မဟုတ်ပါဘူး။ သူက လီဖူချန်းကို လေးစား အားကျစွာနဲ့ ကြည့်နေတာပါ။

တောင်ပိုင်းတောအုပ် တက္ကသိုလ်မှာ အခုလို အစွမ်းထက်တဲ့ ကျောင်းသားသစ် ပေါ်မလာတာ အတော်လေး ကြာနေခဲ့ပြီ မဟုတ်ပါလား။

" စလိုက်ကြတာပေါ့ "

ကျန်းယုဖေးက အသက်ကို တဝကြီး ရှူလိုက်ပြီး သူ့ရဲ့ မြေကမ္ဘာ အဆင့်နိမ့် အတွင်းအား ကျင့်စဉ်ကို အသက် သွင်းလိုက်ပါတယ်။

သူရဲ့ အတွင်းအား ကျင့်စဉ်ကတော့ ချိထိုင်ကွမ်း နတ်ဘုရား ကျင့်စဉ်ပါပဲ။ ကျန်းယုဖေးက သည်ကျင့်စဉ်ရဲ့ အဆင့်၂၁ဆင့် အထိကို လေ့ကျင့်ပြီးခဲ့ပါပြီ။

မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ်ရဲ့ အဆင့်၂၀ တောင်မှ ဆန်းကြယ် အထွတ်အထိပ် အဆင့် အတွင်းအား ကျင့်စဉ်ရဲ့ အမြင့်ဆုံးအဆင့်ထက် အများကြီး ပိုအစွမ်းထက်တာ ဖြစ်ပါတယ်။ မြေကမ္ဘာ အဆင့်နိမ့် အတွင်းအားကျင့်စဉ်ရဲ့ အဆင့်၂၁ ဆိုရင်တော့ ပြောမနေစရာကို မလိုတော့ပါဘူး။

ကျန်းယုဖေးက ချိထိုင်ကွမ်း နတ်ဘုရား ကျင့်စဉ်ကို အသက်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် အားကောင်းလှတဲ့ ချီအတွင်းအား အရှိန်အဝါတစ်ခုဟာ ကောင်းကင်ယံသို့တိုင် ထိုးတက် သွားခဲ့ပါတယ်။

သိုင်းစင်မြင့် ပေါ်မှာတော့ သတ္တုရောင် ချီစက်ကွင်း အတွင်းအား လှိုင်းတစ်ခုဟာ ကျန်းယုဖေးကို ဗဟိုပြုပြီး လှည့်ပတ် နေပါပြီ။

" ကောင်းလိုက်တဲ့ အတွင်းအား "

လီဖူချန်းက မျက်ခုံးတောင် ပင့်လိုက်မိပါတယ်။

ကျန်းယုဖေးရဲ့ ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ ချီအရှိန်အဝါနဲ့ အတွင်းအား စက်ကွင်းကို ပေါင်းလိုက်တဲ့ အခါမှာ ထွက်ပေါ်လာတဲ့ ဖိအားရဲ့ ပြင်းထန်မှုက တကယ့်ကို မယုံနိုင်စရာပါပဲ။ ကျန်းယုဖေးရဲ့ ဘက်ပေါင်းစုံ  စွမ်းရည်က ဝူကျိထက်ကို တစ်ဆင့်မက သာလွန်နေပါတယ်။ ဝမ်ဟိုင်လုံရဲ့ အမှောင်ထု စွမ်းအင်တောင်မှ ကျန်းယုဖေးကို ယှဉ်နိုင်မယ့်ပုံ မရှိပါဘူး။

ကျန်းယုဖေးက လီဖူချန်းကို အနိုင်ယူဖို့ အတွက် ယုံကြည်မှု မရှိသေးတဲ့ ပုံပါပဲ။ သူက ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် တစ်ခုကိုတောင် ထပ်ပြီး အသက်သွင်း လိုက်ပါသေးတယ်။ သိုင်းစင်မြင့်ပေါ်မှာ ရှိနေတဲ့ လေထုကတော့ ပိုမို သိပ်သည်းလာပြီး အသက်ရှူဖို့ အတွက်တောင် ခက်ခဲလာခဲ့ပါပြီ။

" လီဖူချန်း ... ။ သတိထားတော့ "

ကျေနပ်လောက်တဲ့အထိ ပြင်ဆင်ပြီးပြီဆိုမှ ကျန်းယုဖေးက သူ့ရဲ့ ဆေဘာ ဓားရှည်ကြီးကို ထုတ်ပြီး လီဖူချန်းကို သတိပေးလိုက်ပါတယ်။

" အဆင်သင့်ပဲ "

လီဖူချန်းကလည်း သူ့ရဲ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားနဲ့ ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်ကို အသက်သွင်းပြီးသားပါပဲ။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကလည်း သူ့ရဲ့ လက်ထဲမှာ ရောက်နေခဲ့ပါပြီ။

" ပြန်လမ်းမဲ့ ရွှေရောင် ဆေဘာခုတ်ချက် "

သူ့ရဲ့ ချီအတွင်းအားတွေ  အမြင့်ဆုံးအခြေအနေ တစ်ခုအထိကို ရောက်သွားတဲ့ အချိန်မှာတော့ ကျန်းယုဖေးဟာ သူ့ရဲ့ တိုက်ခိုက်မှုကို စတင်လိုက်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုနဲ့အတူ ရွှေရောင် ဆေဘာ အလင်းတန်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး လီဖူချန်းကို လွှမ်းခြုံပစ်လိုက်ပါပြီ။

ကျန်းယုဖေးရဲ့ ဆေဘာဓားချက်ဟာ ဝုကျိရဲ့ ဆေဘာဓားချက်ထက် အဆများစွာ ပိုကြောက်စရာ ကောင်းတယ် ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။

" လာစမ်းပါ '"

လီဖူချန်းရဲ့ ချီအတွင်းအားတွေကတော့ အစိမ်းရောင် အလင်းပြောက်လေး တစ်ခုအဖြစ် ဖြစ်တည်နေခဲ့ပါပြီ။ အစိမ်းရောင် အလင်းတန်းတွေကတော့ လီဖူချန်းကို ဗဟိုပြုပြီး ဖြာထွက် နေပါတယ်။

ထန် ... ထန် ... ထန် ...   ချွင်... ချွင် ...

ကျန်းယုဖေးက လီဖူချန်းနဲ့ သိုင်းကွက်ဘယ်လောက် တိုက်ခိုက်ပြီးသွားပြီလည်း ဆိုတာကို မသိတော့ပါဘူး။ ဒါပေမဲ့ သူကောင်းကောင်းကြီး သိတာကတော့ နေဝန်းစိမ်း ဓားဆန္ဒဟာ အလွန်ကြောက်စရာ ကောင်းတယ် ဆိုတာပါပဲ။ သူထုတ်လိုက်တဲ့ ဓားချက်တိုင်းဟာ အစိမ်းရောင် ဓားအလင်းတန်းရဲ့ ချေဖျက်မှုကို ခံနေရရုံသာမက  အဲသည် ဓားအလင်းတန်းဟာ အစောပိုင်းက သူမြင်ခဲ့တဲ့ ကြယ်ကြွေ ဓားကွက်ထက်တောင်မှ မြန်နေပါသေးတယ်။

" ငါက သည်ကောင့်ကို မယှဉ်နိုင်ဘူးလား "

ကျန်းယုဖေးက လီဖူချန်းရဲ့ ဓားချက်တွေကြောင့် အနောက်ကို ဆုတ်ပြီးရင်း ဆုတ်ပေး နေရပါပြီ။ သူ့ရဲ့ ချီအရှိန်အဝါတွေကလည်း အစတုန်းကလောက် အားမကောင်းတော့ပါဘူး။

ပြန်လမ်းမဲ့ ရွှေရောင်ဆေဘာ ခုတ်ချက်က ချီအရှိန်အဝါ အပေါ်မှာ မူတည်နေတဲ့ ဓားသိုင်းတစ်မျိုး ဖြစ်ပါတယ်။အဲသည်အတွက်  ချီအရှိန်အဝါ အားလျော့လာတာနဲ့အမျှ ဓားသိုင်းကလည်း အားနည်းလာမှာ အသေအချာပါပဲ။

တစ်ဖက်မှာတော့ နေဝန်းစိမ်းဓားဆန္ဒ ခိုဝင် ကိန်းအောင်းနေတဲ့ လီဖူချန်းရဲ့ ဓားချက်တွေဟာ တစ်စထက် တစ်စ ပိုပို မြန်လာခဲ့ပါတယ်။ လီဖူချန်းရဲ့ ဓားချက်တွေကို တန်ပြန်တိုက်စစ် ဆင်ဖို့ မပြောနဲ့။ ကျန်းယုဖေးက လီဖူချန်းရဲ့  ဓားချက်ကို မြင်အောင် ကြည့်ဖို့တောင် မနည်း ကြိုးစားနေရတာပါ။

ထန် ...

ကျန်းယုဖေးရဲ့ လက်ထဲက ဆေဘာဟာ လွင့်ထွက် သွားခဲ့သလို ဓားတစ်လက်ဟာလည်း သူ့ရဲ့ လည်ပင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

" ငါ ရှုံးသွားပြီ "

ကျန်းယုဖေးရဲ့ အသံက အားတောင် မပါတော့ပါဘူး။

သူက လီဖူချန်းကို ရှုံးသွားပြီဆိုတာ အသိသာကြီးပါပဲ။ လီဖူချန်းရဲ့ နေဝမ်းစိမ်း ဓားဆန္ဒက တကယ်ကို ကြောက်ဖို့ ကောင်းလွန်းပါတယ်။ သိကျွင်း တစ်ယောက်သာလျှင် သူ့ကို အနိုင်တိုက်ဖို့ အတွက် ဖြစ်နိုင်မှာပါ။

" ကျန်းယုဖေး ရှုံးသွားပြီဟေ့။ နေဝန်းစိမ်း ဓားဆန္ဒက တကယ် အစွမ်းထက်တာပဲ "

" ဟုတ်တယ်။ နေဝန်းစိမ်း ဓားဆန္ဒက တကယ် ကြောက်စရာ ကောင်းလွန်းတာ အမှန်ပဲ။   နောက်ပိုင်းရောက်လာလေလေ ဓားချက်က ပိုမြန်လာလေလေ ဆိုတော့ ဘယ်သူက ခုခံနိုင်တော့မှာတုန်း "

" သည်အတိုင်း ဆိုရင်တော့ သိကျွင်းလည်း လီဖူချန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မနှစ်တုန်းက  သိကျွင်းရဲ့ စွမ်းရည်က ကျန်းယုဖေးထင် မဆိုစလောက်လေးပဲ သာတာ "

လီဖူချန်းရဲ့ စွမ်းရည်က လူတိုင်းကို နောက်ထပ်တစ်ကြိမ် အံ့သြစေခဲ့ ပြန်ပါတယ်။  ပွဲကြည့် ပရိသတ်တွေတောင်မှ သိကျွင်းကို  နံပါတ်၁  ထိပ်တန်းကျောင်းသား ဖြစ်နိုင်မယ်လို့ မထင်ထားတော့ပါဘူး။

' နောက်မှ ငါ့အစွမ်းကို ပြရ သေးတာပေါ့ကွာ '

သိကျွင်းကတော့ စိတ်ထဲကနေသာ ကြိမ်းဝါး နေပါတယ်။

ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခွင့် ရသူတွေကလည်း  ၂၀တောင် မပြည့်တော့ပါဘူး။

" နံပါတ်၂ ပွဲကြည့်စင်။ သိကျွင်းနဲ့ ဝမ်ဟိုင်လုံ "

ဒိုင်ဖြစ်သူ အကြီးအကဲရဲ့ ကြေငြာသံကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဝမ်ဟိုင်လုံရဲ့ အစောပိုင်းတုန်းက ဒဏ်ရာတွေကတော့ အပြင်စည်း တက္ကသိုလ် အကြီးအကဲ တစ်ယောက်ရဲ့ ကုသပေးမှုကြောင့် အကောင်းပကတိနီးပါး ပြန်ဖြစ်နေခဲ့ပါပြီ။ သိကျွင်းနဲ့ ယှဉ်ဆိုင်ရမှာ ဖြစ်တဲ့အတွက်  ဝမ်ဟိုင်လုံက သူ့ရဲ့ အမှောင်ထု စွမ်းအားတွေကို အစွမ်းကုန် ထုတ်ဖော် ထားပါတယ်။

" လှံတစ်ချက်ပဲ "

သိကျွင်းက လက်ညှိုးတစ်ချောင်း  ထောင်ပြလိုက်ပါတယ်။

" မင်းစွမ်းသလောက် တိုက်စမ်းပါ "

ဝမ်ဟိုင်လုံကလည်း ကြောက်ရွံ့နေခြင်း မရှိပါဘူး။

ဝုန်း ...

အဆုံးအစမဲ့ပြီး အားကောင်းလှတဲ့ ချီအရှိန်အဝါ တစ်ခုကတော့ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပါပြီ။ အဲသည် ချီအရှိန်အဝါရဲ့ ပိုင်ရှင်ကတော့ သိကျွင်းပါပဲ။ သူ့ရဲ့ ချီအရှိန်အဝါက ကျန်းယုဖေးရဲ့ ချီအရှိန်အဝါထက်ကို သိသိသာသာကြီး ပိုအားကောင်းနေပါတယ်။

ကျန်းယုဖေးက မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်ဖြစ်တဲ့ ချိထိုင်ကွမ်း နတ်ဘုရား ကျင့်စဉ်ကို လေ့ကျင့်ထားသလို  သိကျွင်းကလည်း  မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ် တစ်ခုဖြစ်တဲ့ ယွန်ဖန်းလေ့ နတ်ဘုရား ကျင့်စဉ်ကို လေ့ကျင့်ထားသူပါပဲ။

သူ့ရဲ့ ချီအရှိန်အဝါတွေက အမြင့်ဆုံး အခြေအနေကို မရောက်ခင်မှာပဲ သိကျွင်းက သူ့ရဲ့ လှံတံတိုက်ကွက်ကို  ထုတ်လိုက်ပါတယ်။

ကြောက်စရာကောင်းလှတဲ့ လှံတံ တစ်ချောင်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ။  လှံတံရဲ့ ထိပ်ဖျားမှာက ငွေရောင် အလင်းတန်းလေး တစ်ခု ဖြာထွက်နေသလို လှံတံသွားရာ လမ်းတစ်လျှောက်မှာ အဖြူရောင် ချီစွမ်းအင် အငွေ့အသက်တွေ ကျန်နေခဲ့ပါတယ်။

" စုပ်ယူလိုက်စမ်း "

ဘန်း ...

ဝမ်ဟိုင်လုံက အမှောင်ထု စွမ်းအားကို ထုတ်သုံး လိုက်ပေမယ့်လည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ သိကျွင်းရဲ့ လှံတံက အရှိန်အဟုန်ပြင်းစွာဖြင့် သူ့ရဲ့ ပုခုံးကို စိုက်ဝင်သွားခဲ့ပါပြီ။

" သည် ...  သည်လှံချက်က  ... "

ဝမ်ဟိုင်လုံကတော့ စကားကိုတောင် ဆုံးအောင် မပြောနိုင်ဘဲ ခေါင်းငုံ့ သွားခဲ့ပါတယ်။ သူ့ရဲ့ ပုံက အလွန်အမင်း စိတ်ဓာတ် ကျသွား ပုံပါပဲ။

သူက သိကျွင်းရဲ့ လှံချက် တစ်ချက်ကိုတောင်မှ  မတောင့်ခံနိုင်ဘဲ ရှုံးသွားခဲ့တာ မဟုတ်ပါလား။

***

All Chapters