နံပါတ်၁ ထိပ်တန်းကျောင်းသား
Vol. 29 Ch. 385
" ဝမ်ဟိုင်လုံကို လှံချက် တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ်။ ဒါက သိကျွင်းရဲ့ အစစ်အမှန် စွမ်းရည်လား"
“ သူက ဒါကြောင့်လည်း နံပါတ်တစ် ထိပ်တန်းကျောင်းသား ဖြစ်နေတာကိုး။ ကြောက်ဖို့ ကောင်းလိုက်တာကွာ "
" သည်အတိုင်းဆိုရင်တော့ သိကျွင်းကို လီဖူချန်းလည်း ယှဉ်နိုင်မယ် မထင်ဘူး "
သိကျွင်းရဲ့ လှံချက်ကို မြင်အပြီးမှာတော့ ပွဲကြည့် ပရိသတ်တွေဟာ နောက်ထပ် ထင်မြင်ယူဆချက် တစ်ခုကို ထပ်ပြီး ဆွေးနွေးလာခဲ့ကြ ပြန်ပါပြီ။
" ဟား ... ဟား ... ဟား ... ။ သိကျွင်းရဲ့ တိမ်အလင်းလှံသိုင်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီ။ လီဖူချန်းမပြောနဲ့ ... ။ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁က သာမန် ပညာရှင်တောင်မှ သိကျွင်းရဲ့ လှံချက်ကို ခံနိုင်မှာ မဟုတ်ဘူးကွ။ ဟား ... ဟား ... "
တန်းခွဲ၃ရဲ့ ဆရာဖြစ်သူ ကုလီကတော့ စုချွန်ရန် ကြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အားပါးတရ အော်ဟစ် ကြွေးကြော် နေပါတယ်။
" ဟမ့် "
စုချွန်ရန်ကတော့ နှာခေါင်းရှုံ့ရုံကလွဲပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။
လက်ရှိ သိကျွင်းပြသသွားတဲ့ စွမ်းရည်ကတော့ တကယ် အံ့မခန်းပါပဲ။ ဒါပေမဲ့ စုချွန်ရန်က လီဖူချန်းမှာ သိကျွင်းကို အနိုင်ယူဖို့အတွက် အခွင့်အရေး မရှိတော့ဘူးဆိုတာကို မယုံကြည်ပါဘူး။ လီဖူချန်း လေ့ကျင့်ထားတဲ့ နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် ပိုင်ဆိုင်ထားတဲ့ မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာရပ်တွေထဲက အခက်ခဲဆုံး တစ်ခုပါ။ တကယ်လို့ လီဖူချန်းအနေနဲ့ သည်ဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားနိုင်ရင်တော့ သိကျွင်းရဲ့ တိမ်အလင်း လှံသိုင်းကို အသာလေး အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာကတော့ လီဖူချန်းဟာ နေဝန်းစိမ်း ဓားဆန္ဒဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားနိုင်လား၊ မလေ့ကျင့် ထားနိုင်ဘူးလား ဆိုတာပါပဲ။
စင်အောက်မှာ ရှိနေတဲ့ ကျန်းယုဖေးကတော့ သူ့ရဲ့ ဝသီအတိုင်း ခေါင်းတခါခါ လုပ်နေပြီး စိတ်ထဲကနေ ပြောနေပါတယ်။
" အင်း ... လီဖူချန်း ... လီဖူချန်း ... ။ မင်းတကယ် ကံဆိုးတာပဲ။ တကယ်လို့သာ လွန်ခဲ့တဲ့ တစ်လက ဆိုရင်တော့ သိကျွင်းလည်း မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးကွ။ ဒါပေမဲ့ အခုတော့ သိကျွင်းက တိမ်အလင်း လှံသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့ပြီ။ မင်းနဲ့ငါ နှစ်ယောက်ပေါင်းပြီး တိုက်ရင်တောင်မှ သိကျွင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာတွေဟာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားတဲ့ အခါမှာ အစောပိုင်း အဆင့်တွေနဲ့ မတူညီတဲ့ ခြားနားမှု တစ်ခုကို ဖြစ်ပေါ်စေပါတယ်။
အဲဒါကတော့ သိုင်းစက်ကွင်း တွေကြောင့်ပါပဲ။ မြေကမ္ဘာအဆင့်နိမ့် သိုင်းစက်ကွင်းရဲ့ ဖိအားပေးမှု အောက်မှာတော့ ၁၀၀ ရာခိုင်နှုန်းသော စွမ်းရည်ကို ထုတ်သုံးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ပြိုင်ပွဲကလည်း ပြီးဆုံးဖို့ အချိန်ကို တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။ ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ရဲ့ ဒုတိယမြောက် ပွဲမှာတော့ ကျန်းယုဖေးနဲ့ ဝမ်ဟိုင်လုံတို့ ထိပ်တိုက် တွေ့ဆုံကြပါတယ်။
ဝမ်ဟိုင်လုံက ဒဏ်ရာ နှစ်ကြိမ်တိတိ ရခဲ့ပြီးပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ အကောင်းဆုံး အခြေအနေမှာ ရှိမနေတော့ပါဘူး။ အဲသည်အတွက် ကျန်းယုဖေးက ဝမ်ဟိုင်လုံကို သက်သက်သာသာပဲ အနိုင်ယူသွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ...
" နံပါတ်၃ သိုင်းစင်မြင့်။သိကျွင်း နဲ့ လီဖူချန်း "
ဒိုင်ဖြစ်သူ အကြီးအကဲက ပြိုင်ပွဲဝင် နှစ်ယောက်ရဲ့ နာမည်ကို ကျယ်လောင်စွာဖြင့် ကြေညာလိုက်ပါပြီ။ ပြိုင်ပွဲကွင်းပြင် တစ်ခုလုံးကတော့ အသံတစ်စက်ကို မထွက်တော့ပါဘူး။ ဒါက သူတို့အားလုံး စောင့်မျှော်နေတဲ့ တိုက်ပွဲပင် မဟုတ်ပါလား။
ဝှစ် ...
ဒိုင်ဖြစ်သူ အကြီးအကဲရဲ့ ကြေညာသံကို ကြားပြီးတာနဲ့ တစ်ပြိုင်နက် သိကျွင်းဟာ နံပါတ်၃ သိုင်းစင်မြင့်ပေါ်ကို ခုန်တက်သွားပါတော့တယ်။
တစ်ဖက်မှာလည်း လီဖူချန်းက သိုင်းစင်မြင့်ပေါ်ကို ရောက်လာခဲ့ပါပြီ။
သိကျွင်းက လီဖူချန်းကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်ပါတယ်။
" လှံဆယ်ချက် "
ဒါက သူဟာ လီဖူချန်းကို လှံချက် ၁၀ချက် အတွင်းမှာ အနိုင်ယူမယ်လို့ ကြေညာလိုက်တဲ့ သဘောပါပဲ။
လီဖူချန်းကတော့ သိကျွင်းရဲ့ ကြေညာချက်ကို ဂရုကို မစိုက်ပါဘူး။ သူက ပြုံးပြလိုက်ကြီး လေသံ ခပ်အေးအေးဖြင့်
" ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာက ကောင်းတဲ့ အမူအကျင့် မဟုတ်ဘူး "
လီဖူချန်းက လက်ရှိ သိကျွင်းဟာ အရမ်း အစွမ်းထက်တဲ့ ပြိုင်ဘက်ဆိုတာကို လက်ခံ ထားပါတယ်။ သူကိုယ်တိုင်တောင်မှ သိကျွင်းကို အနိုင်ယူနိုင်မလား ဆိုတာကို ၁၀၀ ရာခိုင်နှုန်း မသေချာသေးပါဘူး။
ဒါပေမဲ့လည်း တကယ်တိုက်ခိုက် ကြရင်တော့ သူ့အနေနဲ့ သိကျွင်းကို အနိုင် ရလောက်တယ်လို့ လီဖူချန်းတစ်ယောက် ခံစားနေမိပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒကလည်း ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်လုနီးပါး ဖြစ်နေလို့ပါပဲ။တကယ်တမ်း ယှဉ်ကြည့်ကြကြေး ဆိုရင်ဖြင့် နေဝန်းစိမ်း ဓားဆန္ဒရဲ့ အဆင့်အတန်းဟာ တိမ်အလင်း လှံသိုင်းထက်ကို ပိုမြင့်ပါတယ်။
" အထင်ကြီးလွန်းတယ် ... ဟုတ်လား။ ငါကတော့ အဲလို မထင်ဘူး"
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သိကျွင်းဟာ သူ့ရဲ့ ပညာရပ်တွေကို အသက်သွင်း လိုက်ပါပြီ။ ယွန်ဖန်းလေ့ နတ်ဘုရား အတွင်းကျင့်စဉ်ရဲ့ အဆင့်၂၁ နဲ့ ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်က ဟာသ မဟုတ်ပါဘူး။ အဲသည်ပညာရပ်နှစ်ခုရဲ့ အထောက်အပံ့ကို ရထားတဲ့ သိကျွင်းရဲ့ ချီအရှိန်အဝါတွေဟာ လီဖူချန်းကို စတင် ဖိနှိပ်လာခဲ့ပါတြယ်။ စိတ်ခွန်အား နည်းတဲ့ ပညာရှင် တစ်ယောက် ဆိုရင်တော့ သိကျွင်းရဲ့ ချီအရှိန်အဝါ ဖိအားကြောင့် တိုက်ပွဲ မစခင်မှာတင် တစ်ပန်း ရှုံးနေလောက်ပါပြီ။ သည်လို ချီအရှိန်အဝါ ဖိနှိပ်မှုအောက်မှာ သူတို့အစွမ်းရဲ့ ၃၀ရာခိုင်နှုန်းကို ထုတ်သုံးနိုင်ရင်တောင် အတော်လေး ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါ။
လီဖူချန်းအတွက်ကတော့ သည်ချီ အရှိန်အဝါတွေရဲ့ ဖိနှိပ်မှုဟာ စကားထဲတောင် ထည့်ပြောဖို့ မလိုအပ်ပါဘူး။ သည်ဖိအားက သူ့အတွက်တော့ ဘာမှ မပြောပလောက်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဝန်ခံရမှာ တစ်ခုကတော့ သိကျွင်းရဲ့ ချီအရှိန်အဝါ ဖိအားဟာ သူ့အစွမ်းရဲ့ ၁၀ရာခိုင်နှုန်း လောက်ကို အသုံးမပြုနိုင်အောင် ဖိနှိပ်ထားတယ် ဆိုတာပါပဲ။
ဒါပေမဲ့လည်း ဒါက လီဖူချန်း အတွက်တော့ သိပ်ပြီး မထူးခြားလှပါဘူး။ ဝမ်ဟိုင်လုံနဲ့ တိုက်တုန်းကဆိုရင် အမှောင်ထု စွမ်းအားက သူ့ရဲ့ စွမ်းအား ၃၀ ရာခိုင်နှုန်းလောက်ကို အသုံး မပြုနိုင်အောင် ဖိနှိပ်ထားခဲ့တာပါ။ ဒါကြောင့်လည်း ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေက သူတို့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်မှာ ပြိုင်ဘက်ကင်းတယ်လို့ သတ်မှတ်ကြတာပဲ ဖြစ်ရပါမယ်။
" ပထမ လှံချက် "
သူ့ရဲ့ ချီအရှိန်အဝါတွေ အမြင့်ဆုံး အခြေအနေတစ်ခုကို ရောက်သွားတဲ့ အခါမှာတော့ သိကျွင်းဟာ လီဖူချန်းကို စတင် တိုက်ခိုက်လိုက်ပါပြီ။ သူ့ရဲ့ လှံတံမှာတော့ ပျက်စီးခြင်း အရှိန်အဝါ တစ်ခုက ခိုဝင် ကိန်းအောင်း နေပါတယ်။ သည်လှံချက်က အလွန်တရာမှ လျင်မြန်လှပြီး ရက်စက်လွန်းလှတဲ့ သိုင်းကွက် တစ်ကွက်ပါပဲ။ သည်လှံချက်နဲ့ ဆိုရင်တော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁က ပညာရှင်ကိုတောင်မှ သတ်နိုင်မယ်လို့ သိကျွင်းတစ်ယောက် ယုံကြည်ထားပါတယ်။
သိကျွင်းရဲ့လှံတံသွားရာ လမ်းကြောင်း တစ်လျှောက်မှာတော့ လေဟာနယ်ဟာ တွန့်လိမ် သွားခဲ့သလို ငွေရောင် သိုင်းစက်ကွင်း တစ်ခုဟာလည်း ဖြစ်တည်လာခဲ့ပါပြီ။ မျက်စိ တစ်မှိတ် အတွင်းမှာပဲ အဲသည် ငွေရောင် သိုင်းစက်ကွင်းက လီဖူချန်းကို လွှမ်းခြုံ ပစ်လိုက်ပါတယ်။
သိကျွင်းက သည်လှံချက်ဟာ လီဖူချန်းကို အနိုင်မယူနိုင်ရင်တောင်မှ အနည်းဆုံးတော့ ဒဏ်ရာ ရသွားမယ်လို့ ယုံကြည်ထားခဲ့ပါတယ်။
အစောပိုင်းတုန်းက သူပြောခဲ့တဲ့ လှံဆယ်ချက်ဆိုတာက သူ့ကိုယ်သူ အထင်ကြီးလို့ ပြောခဲ့တာ မဟုတ်ပါဘူး။ သိကျွင်းက မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ပြောခဲ့တာပါ။ အမှန်အတိုင်း ပြောရရင်တော့ သိကျွင်းဟာ လီဖူချန်းကို လှံချက်သုံးချက် နဲ့ အနိုင်ယူနိုင်မယ်လို့တောင် ခံစားနေရတာ ဖြစ်ပါတယ်။
" ဟမ့် ... သိုင်းစက်ကွင်းလား ... "
လီဖူချန်းကလည်း သူ့ရဲ့ အတွင်းအားကျင့်စဉ်နဲ့ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းထားခဲ့ ပြီးပါပြီ။ သိကျွင်းရဲ့ လှံချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် သူကလည်း နေဝန်းစိမ်း ဓားဆန္ဒကို အမြင့်ဆုံးအဆင့်အထိ ထုတ်သုံးလိုက်ပါတော့တယ်။
ဝမ်ဟိုင်လုံ၊ ကျန်းယုဖေးတို့နဲ့ တုန်းကတော့ လီဖူချန်းဟာ သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒကို အမြင့်ဆုံး အဆင့်အထိ ထုတ်မသုံးခဲ့ပါဘူး။ ဒါပေမဲ့ အခု တစ်ကြိမ်မှာတော့ သူဟာ နေဝန်းစိမ်း ဓားဆန္ဒကို အမြင့်ဆုံးအဆင့်အထိ ထုတ်သုံးမှကို ဖြစ်ပါတော့မယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေပြီး အစိမ်းရောင် အလင်းတန်း တစ်အုပ် ဖြာထွက်လာခဲ့ပါပြီ။ ဒါက အစောပိုင်းတုန်းက သူထုတ်သုံးခဲ့တဲ့ အစိမ်းရောင် အလင်းတန်းတွေထက် ပိုအားကောင်းပြီး ပိုတောက်ပပါတယ်။
ဝုန်း ...
ကြောက်စရာ ကောင်းလှတဲ့ ချီအရှိန်အဝါ တစ်ခုနဲ့ အတူ မမြင်ရတဲ့ စွမ်းအင်တစ်ခု ဖြစ်တည်လာခဲ့ပါပြီ။
အဲသည်အချိန်မှာပဲ သိကျွင်းရဲ့ လှံတံကလည်း လီဖူချန်းနဲ့ နီးသထက် နီးလာခဲ့ပါတယ်။
"သိုင်းစက်ကွင်းလား "
သိကျွင်းရဲ့ စိတ်နယ်ပယ်ထဲကိုတော့ အလင်းတန်း တစ်ခု ထိုးဖောက် ဝင်ရောက်လာပြီး အဲသည် အလင်းတန်းက သူ့ကို တုန်လှုပ်ချောက်ချား သွားစေပါတယ်။
"လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒက သိုင်းစက်ကွင်း တစ်ခုကို ဖန်တီးပြီး သူ့ရဲ့ တိမ်အလင်းလှံသိုင်းရဲ့ သိုင်းစက်ကွင်းကို ပျက်ပြယ် စေလိုက်တာလား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လီဖူချန်းက နေဝန်းစိမ်းဓားဆန္ဒကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ခဲ့တာလား "
သိကျွင်းရဲ့ စိတ်ထဲမှာတော့ မေးခွန်းပေါင်းစုံ ပေါ်လာခဲ့ပါပြီ။
အဲသည်အချိန်မှာပဲ အစိမ်းရောင် ဓားအလင်းတန်းတွေ ပေါ်ထွက်လာပြီး ငွေရောင် လှံအလင်းတန်းတွေကို ခုခံလိုက်ပါတယ်။
ထန် ... ထန် ... ထန် ...
သတ္တုလက်နက်နှစ်ခု အချင်းချင်း ထိပ်တိုက် တွေ့ဆုံရာကနေ မီးပွားလေးတွေ အဆက်မပြတ် ဖြစ်ပေါ်လာပြီး သိုင်းစင်မြင့် တစ်ဝက်လောက်ကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ သတ္တု လက်နက်နှစ်ခု အချင်းချင်း ထိပ်တိုက် တွေ့ဆုံရာကနေ ထွက်ပေါ်လာတဲ့ အသံတွေကလည်း ဆူညံနေတာပါပဲ။
ဖတ် ... ဖတ် ... ဖတ် ...
သိကျွင်းကော လီဖူချန်းပါ အနောက်ကို သုံးလှမ်းစီ ဆုတ်လိုက်ကြပါတယ်။ ပထမအကြိမ် ထိပ်တိုက် တွေ့ဆုံမှုမှာတော့ ဘယ်သူမှ အသာမရခဲ့ကြပါဘူး။
" လီဖူချန်းက သိကျွင်းရဲ့ တိုက်ခိုက်မှုကို ခုခံ နိုင်လိုက်တာလား "
ပွဲကြည့်ပရိသတ်တွေ အကုန်လုံးက အံ့အား သင့်နေကြပါတယ်။ သည်နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက အရမ်းမြန်နေလွန်းတဲ့ အတွက် ပွဲကြည့်ပရိသတ် တော်တော်များများကတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို သေသေချာချာ မသိလိုက်ပါဘူး။
" နေဝန်းစိမ်းဓားဆန္ဒက နေဝန်းစိမ်း သိုင်းစက်ကွင်းကို ထုတ်ဖော် ထားတာပဲ။ သူ့ရဲ့ ဓားသိုင်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီလား"
မီးခိုးရောင် ဝတ်စုံဝတ် လက်ထောက် ကျောင်းအုပ်က အံ့အားသင့်စွာဖြင့် ရေရွတ် လိုက်ပါတယ်။
ကောင်းကင်နယ်ပယ် အဆင့်၉နဲ့ နေဝန်းစိမ်းဓားဆန္ဒရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်တဲ့သူ။ သည်ကိစ္စက ဘယ်လိုမှ ယုံကြည်နိုင်စရာ မကောင်းတဲ့ အရာတစ်ခုပါပဲ။
ဒါပေမဲ့လည်း မယုံကြည်လို့လည်း မရပါဘူူး။ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီဖြစ်တဲ့ သိကျွင်းရဲ့ တိမ်အလင်းလှံသိုင်းကို လီဖူချန်းက သူ့ရဲ့ မျက်စိ ရှေ့မှာတင် ခုခံပြသွားခဲ့ပါပြီ။
" နေဝန်းစိမ်း ဓားဆန္ဒရဲ့ ပြီးပြည့်စုံခြင်း အဆင့် "
နေဝန်းစိမ်း ဓားဆန္ဒကို လေ့ကျင့်ခဲ့ဖူးတဲ့ အပြင်စည်းတက္ကသိုလ် အကြီးအကဲတွေကလည်း တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့် နေကြပါတယ်။
သူတို့ထဲက တချို့ဆိုရင် ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်ပေမယ့်လည်း နေဝန်းစိမ်းဓားဆန္ဒရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်စွမ်း မရှိသေးပါဘူး။ ဒါပေမဲ့ ကောင်းကင် နယ်ပယ်မှာသာ ရှိနေသေးတဲ့ လီဖူချန်းကတော့ လေ့ကျင့် သွားနိုင်ခဲ့ပါပြီ။
" သည်ကလေးက လူကော ဟုတ်သေးရဲ့လားကွာ "
နေဝန်းစိမ်းဓားဆန္ဒကို လေ့ကျင့်ဖူးပုံရတဲ့ အကြီးအကဲ တစ်ယောက်က ခပ်တိုးတိုးလေး ညည်းတွား လိုက်ပါတယ်။
ဒါပေမဲ့ သူတို့အားလုံး မသိတာကတော့ လီဖူချန်းရဲ့ နေဝန်းစိမ်းဓားဆန္ဒဟာ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့အတွက် လိုနေသေးတယ် ဆိုတာပါပဲ။
လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒအပေါ်မှာ နားလည် သဘောပေါက်မှု အရ ဆိုရင်ဖြင့် သူ့ရဲ့ နေဝန်းစိမ်း သိုင်းစက်ကွင်းဟာ မြေကမ္ဘာအလယ် အလတ်အဆင့် သိုင်းစက်ကွင်းနီးပါး အားကောင်း နေရမှာပါ။
အခုတော့ သူက နေဝန်းစိမ်းဓားဆန္ဒရဲ့ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်လုနီးပါးသာ ရှိနေသေးတဲ့ အတွက် သိုင်းစက်ကွင်းက မြေကမ္ဘာအဆင့်နိမ့် သိုင်းစက်ကွင်း အဆင့်မှာသာ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း အပြင်စည်း တက္ကသိုလ် အကြီးအကဲတွေက သူတို့ရဲ့ အဖြစ်နဲ့ နှိုင်းယှဉ်ပြီး လီဖူချန်းဟာ နေဝန်းစိမ်း ဓားဆန္ဒရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်သွားနိုင်ခဲ့ပြီလို့ အထင်မှားသွားကြတာ ဖြစ်ပါမယ်။
နေဝန်းစိမ်းဓားဆန္ဒကို အစွမ်းကုန် ထုတ်သုံးထားတဲ့ လီဖူချန်းကတော့ သူ့ရဲ့ ဓားအလင်းတန်း တွေကို အလေအလွင့် မရှိရလေအောင် တစ်စုတစ်စည်းတည်း စုစည်းထားခဲ့ပါပြီ။
လူတွေ အားလုံးကတော့ လီဖူချန်းကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြပါတယ်။ သူတို့ရဲ့ အပြင်စည်း တက္ကသိုလ်မှာ ဘယ်လိုဖြစ်ပြီး သည်လောက် အစွမ်းထက်တဲ့ ကျောင်းသား တစ်ယောက် လာတက်နေပါလိမ့် ဆိုပြီးတော့ပေါ့။
တော်သေးတာ တစ်ခုကတော့ လီဖူချန်းဟာ သည်နှစ်မှ သိုင်းတက္ကသိုလ်ကို လာတက်ခဲ့လို့ပါပဲ။ တကယ်လို့သာ လီဖူချန်းအနေနဲ့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် စောပြီး သိုင်းတက္ကသိုလ်ကို လာတက်ခဲ့လို့ကတော့ သိကျွင်းဟာ အဲသည် အချိန်ကတည်းက လီဖူချန်းကြောင့် ခေါင်းကိုက်နေရ လောက်ပါပြီ။
" သည်ကောင်က ဘယ်လို လေ့ကျင့်လိုက်တာတုန်းဟ။ ဒါက ဒဏ္ဍာရီအဆင့် ထိုးထွင်း သိမြင်မှုကြောင့်ပဲလား ... "
ကျန်းယုဖေးရဲ့ ပါးစပ်ကတော့ ဟထားခဲ့တာ အတော်လေး ကြာနေပါပြီ။ သူက အဲသည်ပါးစပ်ကို ပြန်ပိတ်ဖို့ စိတ်ကူးမရှိတော့တဲ့ ပုံပါပဲ။
အခုလို အစွမ်းထက်လာဖို့အတွက် သိကျွင်းဟာ အပြင်စည်း တက္ကသိုလ် ကျောင်းသား ဘဝမှာ လေးနှစ်နေပြီး ကြိုးစားခဲ့ရတာပါ။ ဒါပေမဲ့ လီဖူချန်းကတော့ အချိန်သုံးလပဲ လိုခဲ့ပါတယ်။
လီဖူချန်းနဲ့ ယှဉ်လိုက်ရင်တော့ဖြင့် သူဟာ မြေပင်ပေါ်မှာ ပေါက်နေတဲ့ မြက်တစ်ပင်လို ဖြစ်နေတယ် ဆိုတာကို ကျန်းယုဖေးတစ်ယောက် သတိပြုမိ လိုက်ပါပြီ။
" ဟား ... ဟား ... ။ ကုလီ ... ကုလီ ... ဘယ်လို ဖြစ်တာတုန်းဟ။ မင်းရဲ့ နာမည်ကျော် တပည့်ကြီး သိကျွင်းကို ကြည့်ရတာတော့ အခြေအနေ သိပ်ဟန်ပုံ မရပါလား။ မင်းပြောတော့ သိကျွင်းရဲ့ တိမ်အလင်း လှံသိုင်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီဆို "
စုချွန်ရန်က အံ့သြ သွားပေမယ့်လည်း ကုလီကို လှောင်ပြောင်ဖို့ကိုတော့ လုံးဝ မမေ့ပါဘူး။ သူက သည်နှစ်တွေမှာ ကုလီရဲ့ လှောင်ပြောင်တာတွေကိုပဲ အံကျိတ်ပြီး ခံနေခဲ့ရတာပါ။ အခုတော့ သူ့ရဲ့ အလှည့်ကို ရောက်လာခဲ့ပါပြီ။ သူ့ရဲ့ ပါးစပ်ထဲက သွားတွေအကုန်လုံး ကျိုးကြေပြီး လျှာကို အဖြတ်ခံလိုက် ရရင်တောင်မှ စုချွန်ရန်ဟာ ကုလီကို စာနဲ့ရေး့ပီး လှောင်ပြောင်နေဦးမှာ အသေအချာပါပဲ။
ကုလီက နှာခေါင်းရှုံ့လိုက်ပြီး ပြန်တုံ့ပြန် လိုက်ပါတယ်။
" ပွဲက အခုမှစမှာကွ။ အချိန်တန်ရင် သိကျွင်း နိုင်မယ်ဆိုတာ အသိသာကြီးပဲ။ အေးအေးဆေးဆေး ချောင်မှာ သွားကုပ်နေစမ်းပါ စုချွန်ရန်ရာ "
" ဟုတ်ပါပြီလေ။ ဆက်ကြည့်ကြတာပေါ့။ တကယ်လို့ သိကျွင်း ရှုံးသွားခဲ့ရင်လည်း အခန်းထဲမှာ ကျိတ်ပြီး ငိုမနေနဲ့ဦးနော်။ ဟား ... ဟား ... "
စုချွန်ရန်ကတော့ ဆက်ပြီး လှောင်ပြောင် နေဆဲပါပဲ။ သူက ကုလီကို လှောင်ပြောင်ရတာကို အတော်လေး အရသာ တွေ့နေပါတယ်။ အခုချိန်မှာတော့ လီဖူချန်းက သိကျွင်းကို ရှုံးဖို့ဆိုတာ မဖြစ်နိုင်တော့ သလောက်ပါပဲ။ အဲသည်အတွက် ကုလီကို ဆက်ပြီး လှောင်ပြောင်နေဖို့က သူ့ရဲ့ သမိုင်းပေးတာဝန် ဖြစ်သွားခဲ့ပါပြီ။
စင်ပေါ်မှာ ရှိနေတဲ့ သိကျွင်းရဲ့ မျက်နှာကတော့ သိပ်ပြီး မကောင်းလှပါဘူး။ သူက လီဖူချန်းအပေါ်မှာ လျော့တွက်မိလိုက်ပြီ ဆိုတာကို ရိပ်စားမိလိုက်ပါတယ်။
ဒါပေမဲ့လည်း သူ့ဆီမှာ နောက်ထပ် လှံချက်ကိုးချက် ကျန်နေဆဲပါပဲ။ လီဖူချန်းက သူ့ရဲ့ လှံချက် ကိုးချက်စလုံးကို ခုခံနိုင်လိမ့်မယ့်လို့ သူ မယုံပါဘူး။
" ဒုတိယ လှံချက် "
သိကျွင်းက ကြုံးဝါးလိုက်ပြီး သူ့ရဲ့ ဒုတိယမြောက် တိုက်ခိုက်မှုကို စတင်လိုက်ပါတယ်။ သူ့ရဲ့ လှံတံကတော့ လျင်မြန်စွာနဲ့ လီဖူချန်းရဲ့ ဝဲဘက် ရင်အုပ်ဆီသို့ တိုးဝင်သွားခဲ့ပါပြီ။
" သွားစမ်း "
လီဖူချန်းကလည်း သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဝှေ့ယမ်းပြီး လှံချက်ကို ခုခံလိုက်ပါတယ်။
ထန် ... ထန် ... ထန် ... ... ထန် ... ...
သိကျွင်းရဲ့ ငွေလှံနဲ့ လီဖူချန်းရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကတော့ နောက်ထပ်တစ်ကြိမ် ထိပ်တိုက် တွေ့ဆုံကြ ပြန်ပါပြီ။
တတိယလှံချက် ...
စတုတ္ထလှံချက် ... ... ... ...
မျက်စိတစ်မှိတ်အတွင်းမှာပဲ သိကျွင်းဟာ လှံချက်ကိုးချက်ကို ထုတ်သုံးခဲ့ ပြီးသွားပါပြီ။ သူကြေညာခဲ့တဲ့ အတိုင်းဆိုရင်တော့ နောက်ဆုံးလှံချက် တစ်ချက်သာ ကျန်ပါတော့တယ်။ သည်နောက်ဆုံး လှံချက်ကို ထုတ်သုံးလို့မှ လီဖူချန်းကို မနိုင်ဘူး ဆိုရင်တော့ဖြင့် သိကျွင်းရဲ့ ဂုဏ်သိက္ခာတွေဟာ အပြင်စည်း တက္ကသိုလ် ကျောင်းသားတွေရဲ့ တံတွေးခွက်ထဲမှာ ရေစုန်မျှောတော့မှာ အသေအချာပါပဲ။
" လေနဲ့ တိမ်ကို ဆင့်ခေါ်ခြင်း "
သိကျွင်းက အသက်ကို တစ်ဝကြီး ရှူလိုက်ကာ ချီအတွင်းအားတွေ အကုန်လုံးကို ထုတ်သုံးလိုက်ပြီး တိမ်အလင်း လှံသိုင်းရဲ့ အကောင်းဆုံး သိုင်းကွက်ကို ထုတ်သုံး လိုက်ပါတော့တယ်။
ဟူး ... ဟူး ... ဟူး ... ...
ပတ်ဝန်းကျင် လေထုတစ်ခုလုံးဟာ မုန်တိုင်းထန်လာပြီး နဂါးရိုင်းတွေလို့ ထင်မှတ် ရလောက်အောင် အရိုင်းဆန်လွန်းတဲ့ မိုးကြိုးလျှပ်စီး၁၀ခုဟာ သိကျွင်းရဲ့ လှံတံ ထိပ်ဖျားမှာ ဖြစ်တည် လာခဲ့ပါပြီ။
တိမ်အလင်း လှံသိုင်းက မိုးကြိုးဓာတ်ကို အခြေခံထားတဲ့ လှံသိုင်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လှံတံထိပ်ဖျားမှာ မိုးကြိုးလျှပ်စီးတွေ ဖြစ်ပေါ်လာတဲ့ အတွက် သည်သိုင်းကွက်ဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလည်း ဆိုတာကို သိသာနေပါတယ်။
" ငါက အဲဒါကို စောင့်နေတာကွ "
လီဖူချန်းက အသံနက်ကြီးဖြင့် ကြုံးဝါးလိုက်ပြီး သူ့ရဲ့ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားရပါးရ ခုတ်ပိုင်း ပစ်လိုက်ပါတယ်။
သူ့ရဲ့ ဓားချက်နဲ့အတူ သိပ်သည်းလှတဲ့ အစိမ်းရောင် ဓားအလင်းတန်းကြီး တစ်ခုကလည်း ဖြစ်ပေါ်လာခဲ့ပါပြီ။
ဝုန်း ... ...
ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီးနဲ့ အတူ လူရိပ်နှစ်ရိပ်ဟာ အနောက်ကို ပြန်ဆုတ်လာခဲ့ ကြပါတယ်။
ဆယ်ကြိမ်မြောက် လှံချက်မှာလည်း သိကျွင်းဟာ လီဖူချန်းကို အသာစီး ရယူနိုင်ခြင်း မရှိပါဘူး။ အနိုင်ယူဖို့ ဆိုတာကတော့ ပြောကို ပြောမနေပါနဲ့တော့။
" ငါ့အလှည့် ရောက်ပြီ "
သိကျွင်းရဲ့ ဆယ်ကြိမ်မြောက် လှံချက်ကို ခုခံအပြီးမှာတော့ လီဖူချန်းဟာ စတင် တိုက်ခိုက်ဖို့ကို ပြင်လိုက်ပါတယ်။
သိကျွင်းကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ ဒါပေမဲ့ သူက သူ့ရဲ့ ငွေရောင် လှံတံကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားခဲ့ပါတယ်။
" မူလဘူတဓား "
လီဖူချန်းက အားရပါးရ မာန်သွင်းလိုက်ပြီး သူ့ရဲ့ မူလဘူတဓား နည်းစနစ်ကို အသက်သွင်း လိုက်ပါပြီ။
ဟူး ... ဟူး ... ဟူး ... ...
သူ့ရဲ့ အနီးအနား လေထုပတ်ဝန်းကျင် တစ်ခုလုံးမှာတော့ ဓားချီတွေ အပြည့်ပါပဲ။ သည်ဓားချီတွေက သောင်းနဲ့ချီပြီးကို တည်ရှိနေတာပါ။
" သွားတော့ "
လီဖူချန်းရဲ့ အမိန့်ပေးသံနဲ့အတူ ဓားချီတစ်သောင်း လောက်ဟာ သိကျွင်းဆီသို့ တိုးဝင် သွားခဲ့ပါပြီ။
" ဟမ့် ... နာက်ထက် ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် တစ်ခုလား "
သိကျွင်းက မခိုးမခန့် ပြုံးလိုက်ပြီး သူ့ဆီ တိုးဝင်လာတဲ့ ဓားချီတွေကို ရိုက်ထုတ်ပစ် လိုက်ပါတယ်။
ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်ဆိုတာက သူ့အတွက်တော့ ဘာမှ မဟုတ်တဲ့ အရာတစ်ခုပါပဲ။
ဒါပေမဲ့လည်း ဓားချီ တစ်သောင်းလောက်ကို ရိုက်ထုတ်အပြီးမှာတော့ သိကျွင်းဟာ သူ့ကိုယ်သူ အနည်းငယ် သံသယ ဝင်လာခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သည်ဓားချီတွေက သူ့ရဲ့ အာရုံစူးစိုက်မှုကို လျော့ကျလာစေတယ်လို့ ခံစားလာရ လို့ပါပဲ။
အဲသည်အချိန်မှာပဲ ... ... လီဖူချန်းရဲ့ နောက်ထပ် အမိန့်ပေးသံ တစ်ခုကို သိကျွင်း တစ်ယောက် ကြားလိုက်ရပါတယ်။
" ဆင်းသက်စမ်း "
နောက်ဆုံးမှာတော့ လီဖူချန်းဟာ ကျန်ရှိနေသေးတဲ့ ဓားချီတွေ အကုန်လုံးကို ထုတ်သုံး ပစ်လိုက်ပါပြီ။
ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ...
ထောင်သောင်းနဲ့ချီတဲ့ ဓားချီတွေရဲ့ လေထုကို ထိုးခွင်းလာတဲ့ အသံကသူ့ကို တုန်လှုပ် ချောက်ချား သွားစေတယ် ဆိုတာကတော့ သိကျွင်းအနေနဲ့ ဘယ်လိုမှ ငြင်းမရပါဘူး။
" အရှုံးပေးစမ်း "
လီဖူချန်းက သူ့ရဲ့ မူလဘူတဓားချီတွေ အကုန်လုံးကို ပစ်လွှတ်ပြီးတာနဲ့ တစ်ပြိုင်နက် သိကျွင်းကို အခွင့်အရေး မပေးဘဲ ခုန်ဝင် တိုက်ခိုက် လိုက်ပါတယ်။
အစိမ်းရောင် ဓားအလင်းတန်းတွေက ယပ်တောင်သဖွယ် ပြန့်ကားသွားပြီး သိကျွင်းကို လွှမ်းခြုံသွားခဲ့ပါပြီ။
ထောင်သောင်းနဲ့ ချီတဲ့ ဓားချီတွေအပြင် လီဖူချန်းပါ ပူးပေါင်း ဝင်ရောက် တိုက်ခိုက်လာတဲ့ အခါမှာတော့ သိကျွင်းဟာ ဘယ်လိုမှ မခုခံနိုင်တော့ပါဘူး။
" ငါ့အမေက ငါ့ကို ဘာဖြစ်လို့ ဦးခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ပါအောင် မမွေးပေးလိုက်တာလဲ "
ဒါကတော့ သိကျွင်းနောက်ဆုံး တွေးမိလိုက်တဲ့ အတွေးပဲ ဖြစ်ပါတယ်။
ရွှမ်း ...
ဖောက် ... ဖောက် ... ဖောက် ... ...
ဘန်း ...
" ဝေါ့ "
သိကျွင်းက သွေးစိမ်းရှင်ရှင် အန်ထုတ်လိုက်ရပြီး အနောက်ကို လွင့်ထွက်သွားခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ဓားဒဏ်ရာတွေ အပြည့်ပါပဲ။
သူက ထောင်သောင်းနဲ့ချီတဲ့ ဓားချီတွေကို ချေဖျက် နိုင်ခဲ့ပေမယ့်လည်း အနီးကပ် တိုက်ခိုက်လာတဲ့ လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒကိုတော့ ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။
" အနိုင်ရရှိသူ လီဖူချန်း "
ဒိုင်ဖြစ်သူ အကြီးအကဲရဲ့ ကြေညာသံက ထွက်ပေါ်လာခဲ့ပါပြီ။
သည်တိုက်ပွဲရဲ့ အနိုင်ရရှိသူကတော့ အငြင်းပွားဖွယ်မရှိ လီဖူချန်းပါပဲ။
***