← Chapters

ကျောင်းအုပ်ကြီး

Vol. 29 Ch. 386

ကျောင်းအုပ်ကြီး

Vol. 29 Ch. 386

" ဟား ... ဟား ... ဟား ... ။ တောင်းပန်ပါတယ် ကုလီရာ ... ။ ငါ့ရဲ့ ကျောင်းသားက  မင်းရဲ့ ကျောင်းသားကို အနိုင်ယူ သွားခဲ့ပြီကွ။ ဟား ... ဟား ... "

လီဖူချန်း နိုင်သွားပြီဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် စုချွန်ရန်ဟာ လက်သီးလက်မောင်း တန်းပြီး အားရပါးရ လှောင်ပြောင်အော်ဟစ် နေပါတော့တယ်။ သူက ဆရာတွေအတွက် ပေးထားတဲ့ ထိုင်ခုံမှာလည်း ထိုင်မနေတော့ပါဘူး။ သူက  ပွဲကြည့်စင် တစ်လျှောက် ပတ်ပြေးပြီး  အောင်ပွဲခံ နေလိုက်ပါသေးတယ်။ မသိရင်တော့ သူကပဲ သည်ပြိုင်ပွဲကို နိုင်သွား သလိုလိုပါပဲ။

" ဟမ့် ...  ဆရာတစ်ယောက်ရဲ့ ဣန္ဒြေသိက္ခာကို  မရှိပါလား "

ကုလီကတော့ မကြားတကြား လှမ်းခနဲ လိုက်ပါသေးတယ်။

ဒါပေမဲ့လည်း စုချွန်ရန်ကတော့ သူ့ကို အဖက်ကို မလုပ်တော့ပါဘူး။

နောက်ဆုံးမှာတော့ သူ့ရဲ့ တန်းခွဲ၇က ကျောင်းသားဖြစ်သူ လီဖူချန်းက သိကျွင်းကို အနိုင်ယူပြီး နံပါတ်၁  ထိပ်တန်းကျောင်းသွား ဖြစ်သွားခဲ့ပါပြီ။ လီဖူချန်းရဲ့ ဆရာဖြစ်တဲ့ သူ့အတွက် ကတော့ ဒါဟာ ကောင်းကင်ပေါ်ကနေ ရတနာထုပ်ကြီး ပြုတ်ကျလာတဲ့ အတိုင်းပါပဲ။

ကုလီကတော့ စုချွန်ရန်ကို ခနဲ့သာ ခနဲ့နေရတာပါ။ သူ့ရဲ့ မျက်နှာကတော့ ခွေးသေပုပ်ကြီးကို လည်ပင်းမှာ ဆွဲထားရတဲ့အလား ရှုံ့တွလို့ နေခဲ့ပါပြီ။

သူက စုချွန်ရန်ရဲ့ လှောင်ပြောင်တာကို သိပ်ပြီး  ဂရု မစိုက်ပါဘူး။

ဒါပေမဲ့ သင်ကြားမှုရမှတ်  ၁၀၀၀ မရတော့တာ ကတော့  တကယ့်ကို အသည်းနာစရာ ကောင်းလှပါတယ်။ သင်ကြားမှုရမှတ် ၁၀၀၀ ရမယ်လို့ အပိုင်တွက်ထားရာကနေ သင်ကြားမှုရမှတ် ၅၀၀သာ ရတော့မယ့် အဖြစ်က သူ့ရဲ့ အသားကို လှီးထုတ်လိုက်သလိုပါပဲ။

သည်သင်ကြားမှု ရမှတ် ၅၀၀က သူ့ရဲ့ အတွင်းစည်းတက္ကသိုလ် ဆရာဖြစ်မယ့် ကိစ္စကို နှစ်ပေါင်းများစွာ ကြန့်ကြာ သွားစေနိုင်ပါတယ်။ သင်ကြားမှု ရမှတ်တွေဆိုတာ အတန်းတစ်တန်းရဲ့ တပည့်တွေနဲ့ တစ်ရာရာခိုင်နှုန်း သက်ဆိုင်ပါတယ်။ သိုင်းတက္ကသိုလ်က ထိပ်တန်း ကျောင်းသား စာရင်းထဲကို ဝင်နိုင်တဲ့ အတန်းက ဆရာတွေကိုသာ သင်ကြားမှု ရမှတ်တွေ ပေးတာပါ။ ကံမကောင်းတဲ့ ဆရာဆိုရင်တော့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ သင်ကြားမှု ရမှတ်တွေ ရမှာ မဟုတ်ပါဘူး။

ဥပမာအားဖြင့် ပြောရရင်တော့ စုချွန်ရန်ပါပဲ။ စုချွန်ရန်ရဲ့ အတန်းက ကျောင်းသားတွေဟာ ထိပ်တန်းကျောင်းသား စာရင်းထဲကို မဝင်နိုင်ခဲ့တဲ့အတွက် သူဟာ နှစ်ပေါင်းများစွာ သင်ကြားမှုရမှတ် မရဘဲ နေခဲ့ရတာပါ။

" ဒါက တကယ့်ဂြိုဟ်ဆိုးပဲကွာ "

ကုလီက  စိတ်ပျက်လက်ပျက် ညည်းတွား လိုက်ပါတယ်။

" ဂုဏ်ယူပါတယ် ဆရာစု ... ။ နောက်ဆုံးမှာတော့ ဆရာစုရဲ့ အတန်းကနေ  နံပါတ်၁ ထိပ်တန်းကျောင်းသား ပေါ်ပေါက် လာခဲ့ပြီပဲ "

အခြားသော ဆရာတွေကတော့  စုချွန်ရန်ကို ဂုဏ်ပြုစကား ဆိုနေကြပါပြီ။

"  ဟား ... ဟား ... ဟား ... ။ သည်နှစ်မှာတော့ ကျွန်တော် ကံကောင်းသွားတာပေါ့ဗျာ "

စုချွန်ရန်ကတော့ သူ့ကို လာဂုဏ်ပြုတဲ့ ဆရာမှန်သမျှကို နွားပြာကြီး အောက်သွား လွတ်နေသလို  တဟီးဟီး၊ တဟားဟားနဲ့ ပြန်နှုတ်ဆက် နေပါတယ်။  မှိုရတဲ့ မျက်နှာကတော့ ဘယ်လိုနေမယ် မသိပါဘူး။ လီဖူချန်းကို ရထားတဲ့  စုချွန်ရန်ကတော့ အတော်လေး ပြုံးပျော်နေရတာ အမှန်ပါပဲ။

" လက်ထောက်ကျောင်းအုပ်ကြီး ... ။ လီဖူချန်းဆိုတဲ့ ကလေးရဲ့ ထိုးထွင်းသိမြင်မှုက ရာစုနှစ်တစ်ခုမှာ တစ်ခါသာ ပေါ်လေ့ ရှိတတ်တဲ့ အရာမျိုးပဲ။ ကြည့်ရတာတော့ ကျောင်းအုပ်ကြီး ကလည်း သည်ကလေးကို စိတ်ဝင်စားမယ်နဲ့ တူတယ် "

ပွဲကြည့်စင်ပေါ်မှာ ရှိနေတဲ့ အပြင်စည်း အကြီးအကဲက စိတ်လှုပ်ရှားစွာဖြင့် မီးခိုးရောင် ဝတ်စုံဝတ် ဒုကျောင်းအုပ်ကို ပြောလိုက်ပါတယ်။

" အေး ... ငါလည်း အဲဒါကိုပဲ စိုးရိမ်နေတာ။ ကျောင်းအုပ်ကြီးက သူ့ကို စိတ်မဝင်စား ပါစေနဲ့ကွာ "

မီးခိုးရောင် ဝတ်စုံဝတ် ဒုကျောင်းအုပ်က  လီဖူချန်းကို ကျောင်းအုပ်ကြီး လုသွားမယ့် အရေးကို ကြိုတွေးပြီး အတော်လေး စိုးရိမ်နေပါပြီ။

တောင်ပိုင်း တောအုပ်တက္ကသိုလ်ရဲ့ လက်ထောက်ကျောင်းအုပ်ဖြစ်တဲ့ သူဟာ အခုချိန်အထိ သီးသန့်ကျောင်းသား သုံးယောက်သာ လက်ခံရပါသေးတယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီးကတော့ သီးသန့်ကျောင်းသား တစ်ယောက်ကိုသာ လက်ခံထားတာပါ။ ကျောင်းအုပ်ကြီးက သာမန် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုတောင်မှ သူ့ရဲ့ သီးသန့် ကျောင်းသားအဖြစ် လက်ခံဖို့ စိတ်ဝင်စားတာ မဟုတ်ပါဘူး။ သူက  ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ လီဖူချန်းလို ကြောက်စရာ ကောင်းတဲ့ ထိုးထွင်းသိမြင်မှု ပိုင်ရှင်တွေကိုသာ စိတ်ဝင်စားတာပါ။

ဒါကြောင့်လည်း မီးခိုးရောင်ဝတ်စုံဝတ် ဒုကျောင်းအုပ်က  ကျောင်းအုပ်ကြီး လက်ထဲ လီဖူချန်း ပါသွားမယ့် အရေးကို စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။

ပြီးတော့ ကျောင်းအုပ်ကြီးက အမှောင်ထု အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့ ဝမ်ဟိုင်လုံကိုလည်း သေချာပေါက် သီးသန့်ကျောင်းသား အဖြစ် လက်ခံသွားဦးမှာ အသေအချာပါပဲ။

" ဟူး ... "

လက်ထောက် ကျောင်းအုပ်ကြီးက လီဖူချန်းအကြောင်း စဉ်းစားနေရင်းနဲ့ ရင်မောလာတဲ့ အတွက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပါပြီ။

သူ့ဘဝမှာ လီဖူချန်းလို ပါရမီနဲ့အလားအလာ ကောင်းတဲ့သူတွေကို သိပ်ပြီး များများစာစား မတွေ့ခဲ့ဖူးပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းရဲ့ ဆရာဖြစ်ခွင့် မရခဲ့ဘူးဆိုရင်တော့ ဝမ်းနည်းရမှာ အမှန်ပါပဲ။

" နံပါတ်၁ ထိပ်တန်းကျောင်းသား ... ။ ငါလျိုယန်က သူနဲ့တွေ့ခဲ့တာ တကယ် ကံကောင်းတာပဲ။ အခုဆိုရင် အပြင်စည်း တက္ကသိုလ်မှာ ဘယ်သူမှ ငါ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး "

လျိုယန်က သိုင်းစင်မြင့်ပေါ်မှာ ထွန်းလင်းခါစ နေတစ်စင်းလို တောက်ပနေတဲ့ လီဖူချန်းကို ကြည့်နေရင်းနဲ့ တွေးလိုက်မိပါတယ်။

ထို့နောက်မှာတော့ လက်ထောက် ကျောင်းအုပ်ဟာ မတ်တပ်ထရပ်လိုက်ပြီး ပြိုင်ပွဲရဲ့ ထိပ်တန်းကျောင်းသား စာရင်းကို ကြေညာလိုက်ပါပြီ။

" သည်နှစ်အတွက် ထိပ်တန်းကျောင်းသား စာရင်းဝင်တွေကတော့ နံပါတ်၁ လီဖူချန်း၊ နံပါတ်၂ သိကျွင်း၊ နံပါတ်၃ ကျန်းယုဖေး၊ နံပါတ်၄ ဝမ်ဟိုင်လုံ၊ နံပါတ်၅ ဇိုဖန်းဟွာ၊ နံပါတ်၆ ဝူကျိ၊ နံပါတ်၇  ... "

လီဖူချန်းနဲ့ သိကျွင်းရဲ့ ပွဲစဉ် မတိုင်မီ အစောပိုင်းက ပွဲစဉ်တွေမှာတော့ ဝမ်ဟိုင်လုံက ဇိုဖန်းဟွာနဲ့ ဝူကျိကို အနိုင်ယူလိုက်သလို  ဇိုဖန်းဟွာကလည်း ဝူကျိကို အနိုင်ယူလိုက် နိုင်ပါတယ်။

အဲသည်အတွက် ဇိုဖန်းဟွာရဲ့ အဆင့်ကတော့ ပြောင်းလဲသွားခြင်း မရှိဘဲ အဆင့်၅မှာသာ ရပ်တည် နေဆဲပါပဲ။

ဝူကျိကတော့  နံပါတ်၃ ထိပ်တန်း ကျောင်းသားကနေ နံပါတ်၆ ထိပ်တန်းကျောင်းသား အဆင့်အထိ ရောက်သွားခဲ့ပါပြီ။

လက်ထောက်ကျောင်းအုပ်က ထိပ်တန်းစာရင်းဝင် ကျောင်းသား ၁၀ယောက်ကို ဆုပေးဖို့အတွက် ပြင်ဆင်နေစဉ်မှာပဲ တစ်စုံတစ်ခုကို အာရုံခံမိလိုက်တဲ့ ပုံဖြင့် အရှေ့အရပ်ကို မျှော်ကြည့် လိုက်ပါတယ်။

အရှေ့ဘက် အရပ်ကနေတော့ အနက်ရောင် အစက်အပြောက်လေး တစ်ခုဟာ တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ကို ဦးတည်ပြီး ချည်းကပ်လာခဲ့ပါပြီ။

" ကျောင်းအုပ်ကြီး "

လက်ထောက်ကျောင်းအုပ်က  ထိုအနက်ရောက် အစက်အပြောက်ကနေ ထွက်ပေါ်နေတဲ့ ချီအရှိန်အဝါကို ကောင်းကောင်းကြီး ရင်းနှီးပါတယ်။ အဲဒါက တောင်ပိုင်းတောအုပ် တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးပါပဲ။

" ကျောင်းအုပ်ကြီးကို အရိုအသေပေးကြ "

အပြင်စည်းတက္ကသိုလ် အကြီးအကဲတွေ၊ ( က ) အတန်းရဲ့ ဆရာတွေနဲ့ ( ခ ) အတန်းက ဆရာတွေအားလုံးဟာ မတ်တတ် ထရပ်လိုက်ပြီး ထိုအနက်ရောင် အစက်အပြောက်ကို အရိုအသေ ပေးလိုက်ကြပါတယ်။

နံပါတ်၃ သိုင်းစင်မြင့် ပေါ်မှာတော့ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ အဖြူရောင် ဝတ်စုံဝတ် အဘိုးအိုတစ်ယောက် ရောက်နေခဲ့ပါပြီ။

အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုရဲ့ ပုံစံက နှစ်လိုဖွယ်ရှိပြီး  ခန္ဓာကိုယ်ကနေလည်း ထာဝရ ရှင်သန်နိုင်တဲ့ အမတ တစ်ဦးရဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေပါတယ်။ သူက တကယ့်ကို မဟာပညာရှင် အကျော်ဇေယျ တစ်ဦးလိုပါပဲ။

" သည်အဘိုးကြီးက တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးလား "

လီဖူချန်းက ဝတ်စုံဖြူဝတ် အဘိုးအိုကို သေသေချာချာ အာရုံစိုက်ပြီး စူးစမ်း လေ့လာ နေပါတယ်။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဆိုတာက ခရမ်းရောင် ပန်းနိုင်ငံတော်ရဲ့   ထိပ်သီး ဆရာသခင်တွေထဲက တစ်ယောက်ပါ။ ကောလာဟလတွေ အရ ဆိုရင်တော့ သူဟာ  တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၈ကို ရောက်နေပြီ ဖြစ်သလို သူ့ကိုယ်ပိုင် အရိုး တည်ဆောက်ပုံရဲ့ အထူးစွမ်းရည် ဖြစ်တဲ့   မီးလျှံစွမ်းရည် ကိုလည်း နိုးထားထားစေ နိုင်ခဲ့ပါပြီ။  တစ်ကြိမ်မှာ ဆိုရင် သူဟာ တောင်ကြီး တစ်ခုလုံးကိုတောင်မှ ပြာကျအောင် မီးလောင်တိုက်သွင်း ခဲ့ပါသေးတယ်။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဟာ  ခရမ်းရောင်ပန်း နိုင်ငံတော် ဆရာသခင်စာရင်းရဲ့  အဆင့်၁၅နေရာမှာ ရပ်တည်နေသူ ဆိုရင်လည်း မမှားပါဘူး။

သည်နေရာမှာ တစ်ခု အထင်လွဲမှား သွားနိုင်ပါတယ်။ အဲဒါကတော့ ကျောင်းအုပ်ကြီးက ခရမ်းရောင်ပန်း နိုင်ငံတော် ဆရာသခင်စာရင်းရဲ့ အဆင့်၁၅ နေရာ ဆိုတာပါ။ ဆရာသခင်စာရင်းရဲ့ အဆင့်၁၅ ဆိုတာက သွားပြီး အထင်သေးလို့ မရပါဘူး။

ခရမ်းရောင်ပန်း နိုင်ငံတော်မှာက သာမန်သိုင်းတက္ကသိုလ် ၂၄ခုရှိပြီး အဓိက သိုင်းတက္ကသိုလ်က ၂ခု ရှိပါတယ်။ နိုင်ငံတော်ရဲ့ တော်ဝင်ကလန်ကိုပါ ထည့်ထွက်လိုက်မယ် ဆိုရင်တော့ ခရမ်းရောင်ပန်း နိုင်ငံတော်မှာရှိတဲ့ ပထမတန်းစား ဆရာသခင် အရေအတွက်ဟာ အများကြီးပါပဲ။ သာမန် သိုင်းတက္ကသိုလ် ၂၄ခုရဲ့ ကျောင်းအုပ်တွေထဲမှာ တောင်မှ ကျောင်းအုပ် ၉ယောက်သာ ဆရာသခင်စာရင်းရဲ့ ထိပ်တန်း အယောက်၂၀ စာရင်းထဲကို ဝင်နိုင်တာပါ။

"မင်းက သည်နှစ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသားလား "

အဖြူဝတ်စုံဝတ် အဘိုးအိုက  အရိုအသေ ပေးနေတဲ့ လူတွေကို လက်ဝှေ့ယမ်းကာ အသိအမှတ် ပြုနေရင်းနဲ့  ရုတ်တရက်ဆိုသလို လီဖူချန်းကိုကြည့်ကာ မေးလိုက်ပါတယ်။

ပြီးတော့ အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေ တစ်ခုခုကို ခံစားလိုက်မိတဲ့ ပုံပါပဲ။

" နေစမ်းပါဦး ... ဒါက  ... "

လီဖူချန်းရဲ့ ကိုယ်ထဲမှာ ထူးခြားတဲ့ ငွေရောင် ချီစွမ်းအင်တစ်ခု ရှိနေတာကို သူခံစား နေမိပါတယ်။ အဲသည်စွမ်းအင်က လီဖူချန်းရဲ့ ချီအပြင်အားကို ထိန်းချုပ် ထားတာပါ။

လီဖူချန်းကို တစ်ပတ် ပတ်ကြည့်ပြီးတဲ့ နောက်မှာတော့ အဖြူရောင် ဝတ်စုံဝတ် အဘိုးအိုဟာ  လက်ထောက် ကျောင်းအုပ်ကြီးကို တစ်ချက် ကြည့်လိုက်ပါတယ်။

လုံးဝ မှားယွင်းစရာမရှိပါဘူး။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ငွေရောင် ချီစွမ်းအင်က လက်ထောက် ကျောင်းအုပ်ဖြစ်သူ  လောင်ကျန်းရဲ့ ငွေကလာပ်စည်း ဗဟိုချက် အတွင်းအားဆိုတာ သေချာပါတယ်။ ကြည့်ရတာတော့ လောင်ကျန်းက လီဖူချန်းရဲ့ ကျင်ကြံမှု မျှခြေကို ထိန်းထား ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့  ခန္ဓာကိုယ် အပြင်အားတွေကို ချိပ်ပိတ်ပေးထားပုံပါပဲ။

" ဟုတ်ပါတယ်  ...  ကျောင်းအုပ်ကြီး။ ကျွန်တော်က သည်နှစ်ရဲ့ နံပါတ်၁ ထိပ်တန်း ကျောင်းသားပါ "

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးပြီး ပြန်ဖြေလိုက်ပါတယ်။

ကျောင်းအုပ်ကြီးက ပြုံးလိုက်ပြီး ...

" မဆိုးဘူး  ...  မဆိုးဘူး ... ။  ငါက မင်းရဲ့ ခန္ဓာကိုယ်ထဲကနေပြီး နေဝန်းစိမ်း ဓားဆန္ဒ အငွေ့အသက်တွေကို ခံစားရနေတယ်။ ပြီးတော့ အဲသည်ဓားဆန္ဒက အတော်လေး အဆင့်မြင့်နေပြီ။ သည်လိုလုပ်ပါလား ... .။ ငါ မန်ချင်းဟန်က အခုထက်ထိ သီးသန့်ကျောင်းသား တစ်ယောက်ပဲ လက်ခံရသေးတယ်။  မင်းက ငါ့ရဲ့ ဒုတိယမြောက် သီးသန့်ကျောင်းသား  မဖြစ်ချင်ဘူးလား " ဟု ကမ်းလှမ်း လိုက်ပါတယ်။

ကျောင်းအုပ်ကြီးက လူနုံ၊ လူအ တစ်ယောက် မဟုတ်ပါဘူး။ နေဝန်းစိမ်း ဓားဆန္ဒကို အာရုံခံမိလိုက်တာနဲ့ တစ်ခါတည်းတန်းပြီး လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကို ရိပ်စားမိလိုက်ပါတယ်။ အဲသည်အတွက်ကြောင့်ပဲ သူက လီဖူချန်းကို  သူ့ရဲ့သီးသန့် ကျောင်းသား ဖြစ်ချင်လားဆိုပြီး ကမ်းလှမ်း လိုက်တာပါ။

" ငါ ထင်ထားတဲ့ အတိုင်းပဲ။ ကျောင်းအုပ်ကြီးက ငါ့ရဲ့ လီဖူချန်းကို စိတ်ဝင်စားနေပြီ  "

လက်ထောက် ကျောင်းအုပ်ကြီးကတော့ မချိပြုံး ပြုံးနေမိပါတယ်။ သူက သည်လို ဖြစ်လာမယ် ဆိုတာကို အစောကြီးကတည်းက တွက်ထားပြီးခဲ့ပါပြီ။  တကယ့် လက်တွေ့မှာလည်း သူတွက်ထားသလို ဖြစ်လာတော့တာပါပဲ။

" ဘာလဲ ... ။ ကျောင်းအုပ်ကြီးက လီဖူချန်းကို သီးသန့်ကျောင်းသား အဖြစ် ကမ်းလှမ်း လိုက်တာလား "

ကျောင်းအုပ်ကြီးရဲ့ ကမ်းလှမ်းမှုကို ကြားအပြီးမှာတော့ လူတွေအားလုံးဟာ လီဖူချန်းကို မနာလိုစိတ်တွေ တဖွာဖွား ဖြစ်ပေါ်လာခဲ့ကြပါတယ်။

ကျောင်းအုပ်ကြီးက နှယ်နှယ်ရရ မဟုတ်ပါဘူး။ သူ့ရဲ့ အဆင့်အတန်းက နန်လင်းနယ်စား ထက်တောင်မှာ မြင့်ပါသေးတယ်။ ကျောင်းအုပ်ရဲ့ သီးသန့်ကျောင်းသား ဆိုတဲ့ အဆင့်အတန်း ကတော့ နန်လင်းနယ်စား စံအိမ်ရဲ့ သခင်လေးတွေ၊ သခင်မလေးတွေနဲ့  အတူတူလောက်ပါပဲ။ တကယ်လို့ လီဖူချန်းသာ ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသား ဖြစ်သွားခဲ့ရင်တော့ တောင်ပိုင်းတောအုပ် နယ်မြေတစ်ခုလုံး အနှံ့ကို ခေါင်းမော့ ရင်ကော့ပြီး သွားလို့ ရနေပါပြီ။ ဘယ်သူမှ လီဖူချန်းကို  ပြဿနာ ရှာရဲမှာ မဟုတ်ပါဘူး။

သိကျွင်းတောင်မှ လီဖူချန်းကို ကြည့်ပြီး မနာလိုစိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

" ကျွန်တော်က ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသား ဖြစ်ချင်ပါတယ်ခင်ဗျာ ...  ... "

ဒါက ရူးနေတဲ့ လူတွေမှသာ ငြင်းပယ်မယ့် ကမ်းလှမ်းချက်မျိုးပါ။  သည်လို ကမ်းလှမ်းချက်မျိုးကို ငြင်းပယ် ရလောက်အောင် လီဖူချန်းကလည်း ရူးနေတဲ့လူ မဟုတ်ပါဘူး။

" ကောင်းတယ် "

ကျောင်းအုပ်ကြီးက လီဖူချန်းကို အားပါးတရ ပြုံးပြလိုက်ပါတယ်။

ထိပ်တန်းကျောင်းသားတွေ ရှိရာဘက်ကို မျက်လုံးတစ်ချက် ဝှေ့ကြည့်ပြီးတဲ့ နောက်မှာတော့  ကျောင်းအုပ်ကြီးရဲ့ မျက်လုံးအစုံဟာ ဝမ်ဟိုင်လုံရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကျရောက်သွားခဲ့ ပြန်ပါပြီ။ သူက ဝမ်ဟိုင်လုံရဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံကိုလည်း အာရုံခံမိသွားတဲ့ ပုံပါပဲ။

" အမှောင်ထု အရိုးတည်ဆောက်ပုံလား "

ကျောင်းအုပ်ကြီးက အံ့အားသင့်စွာဖြင့် ရေရွတ် လိုက်ပါတယ်။

သည်ဘက် ရာစုနှစ်မှာဆိုရင် ခရမ်းရောင်ပန်း နိုင်ငံတော် တစ်ခုလုံးမှာ အမှောင်ထု အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်တောင် ပေါ်မလာခဲ့ပါဘူး။ ဝမ်ဟိုင်လုံက  သည်ရာစုနှစ်ရဲ့ ပထမဦးဆုံး အမှောင်ထု အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါပဲ။

တကယ်လို့ အမှောင်ထု အရိုးတည်ဆောင်ပုံ ပိုင်ရှင်ကို သေသေချာချာ ပြုစုပျိုးထောင် ပေးလိုက်မယ်ဆိုရင်  သူဟာ တူညီတဲ့ ကျင့်ကြံခြင်းနယ်တစ်ခုမှာ ပြိုင်ဘက်ကင်းလု နီးပါး ဖြစ်သွားမှာပါ။ ဝမ်ဟိုင်လုံသာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ ဒါမှမဟုတ် အဆင့်၈အထိ ရောက်သွားခဲ့မယ် ဆိုရင် ဆရာသခင်စာရင်းရဲ့ ထိပ်ဆုံး၃ယောက် စာရင်းထဲကို ဝင်သွားနိုင်မယ် ဆိုတာ ယုံမှားသံသယ ဝင်စရာ မရှိပါဘူး။

ဒါပေမဲ့လည်း အဲသည်လို ဖြစ်ဖို့အတွက်ဆိုရင် သူ့ရဲ့ အမှောင်ထုစွမ်းရည် နိုးထလာပြီး အမြင့်ဆုံး အခြေအနေ တစ်ခုကို ရောက်နေရပါဦးမယ်။

" ကောင်လေး ...  မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ ... ။ မင်းက အမှောင်ထု အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာလား "

ကျောင်းအုပ်ကြီးက ဝမ်ဟိုင်လုံကို မေးလိုက်ပါတယ်။

ဝမ်ဟိုင်လုံက စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး

" ကျွန်တော့်နာမည်က ဝမ်ဟိုင်လုံပါ။ ကျွန်တော်က ကြယ်၆ပွင့်  အဆမှာင်ထု အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားပါတယ် "

" ကောင်းတယ်။ မင်းကော ငါ့ရဲ့ တတိယမြောက် သီးသန့် ကျောင်းသား မဖြစ်ချင်ဘူးလား "

ကျောင်းအုပ်ကြီးက ဝမ်ဟိုင်လုံကိုလည်း သူ့ရဲ့ သီးသန့်တပည့် အဖြစ် ကမ်းလှမ်း လိုက်ပြန်ပါပြီ။

" ကျွန်တော် ဖြစ်ချင်ပါတယ် "

ဝမ်ဟိုင်လုံကလည်း နှစ်ခါပြန်တောင် စဉ်းစားမနေတော့ဘဲ ကတိုက်ကရိုက် အဖြေ ပြန်ပေး လိုက်ပါတယ်။

" ဟား ...  ဟား ...  ဟား ... ။ ကောင်းတယ်ဟေ့ "

ကျောင်းအုပ်ကြီးကတော့ ရတနာတစ်ခုကို ကောက်ရလိုက်တဲ့ အလား အားရပါးရ ရယ်မော နေခဲ့ပါပြီ။ ကြယ်၆ပွင့် အမှောင်ထု အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတာက သိုင်းတက္ကသိုလ်တိုင်း မဆို  လိုချင်တဲ့ ကျောင်းသားပင် မဟုတ်ပါလား။

" မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့"

ကျောင်းအုပ်ကြီးက သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ မမြင်ရတဲ့ စွမ်းအင် တစ်ခုက သူတို့ကို  လွှမ်းခြုံ သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ သူတို့ သုံးယောက်စလုံးဟာ ပျောက်ကွယ် သွားခဲ့ပါပြီ။

သူတို့ပြန်ပေါ်လာတဲ့ နေရာကတော့ လျှို့ဝှက်သိုင်းကျမ်း မျှော်စင်ရဲ့ အပြင်ဘက်ပါပဲ။

" ကျောင်းအုပ် "

မျှော်စင်ကို စောင့်ကြပ်နေတဲ့ အကြီးအကဲက ကျောင်းအုပ်ကြီးကို အရိုအသေ ပေးလိုက်ပါတယ်။

ကျောင်းအုပ်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး

"သည်ကလေး နှစ်ယောက်က ငါ့ရဲ့ သီးသန့်ကျောင်းသား အသစ်တွေပဲ။ သူတို့ကို အတွင်းအား ကျင့်စဉ်တစ်ခုစီ  ယူခွင့်ပေးလိုက် "

" ဟုတ်ကဲ့ပါ ...  ကျောင်းအုပ် "

အကြီးအကဲက ကျောင်းအုပ်ရဲ့ အနောက်မှာ ရပ်နေတဲ့ ကျောင်းသား နှစ်ယောက်ကို  အားကျစွာနဲ့ ကြည့်လိုက်ပါတယ်။

ဒါက ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသား ဖြစ်ရင်ရတဲ့ အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ အဲသည်ထဲက အကောင်းဆုံး အကျိုးကျေးဇူးကတော့ မြေကမ္ဘာ အလယ်အလတ် အဆင့် အတွင်းအားကျင့်စဉ်တစ်ခုကို ရွေးယူခွင့်ရတာပဲ ဖြစ်ပါတယ်။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ အပြင်စည်းတက္ကသိုလ်ရဲ့ ဆရာတွေတောင်မှ မြေကမ္ဘာ အလယ်အလတ် အဆင့် အတွင်းအားကျင့်စဉ်တွေကို ရွေးယူခွင့် မရှိဘူး ဆိုတာပါပဲ။ သိုင်းတက္ကသိုလ်က အတွင်းစည်း တက္ကသိုလ်ရဲ့ ဆရာတွေကိုသာ မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအား ကျင့်စဉ်တွေကို ရွေးယူခွင့် ပေးထားတာပါ။

' ဟင် ...  သည်ကလေးက နေဝန်းစိမ်းဓားဆန္ဒကို ရွေးယူသွားတဲ့ကလေး မဟုတ်ဘူးလား '

လျှို့ဝှက်သိုင်းကျမ်းမျှော်စင်ကို စောင့်ကြပ်ရတဲ့ အကြီးအကဲက လီဖူချန်းကို မှတ်မိ သွားခဲ့ပါပြီ။

' ကြည့်ရတာ သည်ကလေးက နေဝန်းစိမ်း ဓားဆန္ဒကို လေ့ကျင့်သွားနိုင်လို့ ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသားအဖြစ် ရွေးချယ်ခံလိုက်ရတာလား '

အကြီးအကဲက လီဖူချန်းကို ကြည့်ပြီး စိတ်ထဲကနေ  တွေးနေမိပါတယ်။

" မင်းတို့နှစ်ယောက် အထဲကို ဝင်သွားပြီး ကြိုက်တဲ့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ် တစ်ခုကို ရွေးခဲ့လိုက်။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထား။ အခုအချိန်မှာတော့ မင်းတို့က မင်းတို့ရွေးတဲ့ အတွင်းအားကျင့်စဉ်ရဲ့ ပထမပိုင်း ၂၄ခန်းကိုပဲ ရဦးမယ်။ ကျန်တဲ့ ဒုတိယပိုင်းကတော့ အနာဂတ် မင်းတို့ရဲ့ တိုးတက်မှု အပေါ်မှာ မူတည်တယ် "

ကျောင်းအုပ်ကြီးက အနောက်ကို လှည့်လိုက်ပြီး လီဖူချန်းနဲ့ ဝမ်ဟိုင်လုံကို ပြောလိုက်ပါတယ်။

" ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး "

လီဖူချန်းနဲ့ ဝမ်ဟိုင်လုံတို့ကတော့ အကြီးအကျယ် ဝမ်းသာနေကြပါပြီ။

ကြိုက်နှစ်သက်ရာ မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအား ကျင့်စဉ်တစ်ခုကို ရွေးယူခွင့်။ ဒါက ပထမပိုင်း ၂၄ခန်းသာ ပါပေမယ့်လည်း သူတို့အတွက်တော့ တကယ့်ကို ကျေနပ်စရာပါပဲ။

ကျောင်းအုပ်ကြီးက ခေါင်းညိတ်လိုက်ပြီး စကားကို ဆက်ပါတယ်။

" အခုချိန်မှာတော့ ငါ့အနေနဲ့ မင်းတို့နှစ်ယောက်ကို သင်ပေးစရာ ဘာမှ မရှိသေးဘူး။ မင်းတို့နှစ်ယောက် အတွင်းစည်း တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ရင်တော့ ငါကိုယ်တိုင် လာသင်ကြားပေးမယ်။  ကဲ ...  မင်းတို့နှစ်ယောက် ဝင်သွားကြတော့ "

သူ့ရဲ့စကားဆုံးတာနဲ့ တစ်ပြိုင်နက် ကျောင်းအုပ်ကြီးဟာ ဖျတ်ခနဲ ပျောက်ကွယ် သွားခဲ့ပါပြီ။

" မင်းတို့နှစ်ယောက်က တကယ် ကံကောင်းတာပဲ။ သည်လောက် အသက်ငယ်ငယ်လေးနဲ့ မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်ခွင့် ရနေပြီ "

ကျောင်းအုပ်ကြီး ထွက်သွားတဲ့နောက်မှာ အစောင့်အကြပ် အကြီးအကဲက လီဖူချန်းနဲ့ ဝမ်ဟိုင်လုံကို ပြုံးပြီး ပြောလိုက်ပါတယ်။

" ဟီး ... ဟီး  ... "

ဝမ်ဟိုင်လုံကတော့ တဟီးဟီး ရယ်နေပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။

" ကောင်လေး ...  မင်းက တကယ်ကြီး နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းကို လေ့ကျင့် နိုင်ခဲ့တာလား "

ထို့နောက်မှာတော့ အစောင့်အကြပ် အကြီးအကဲက လီဖူချန်းကို ကြည့်ပြီး မေးလိုက် ပါတယ်။ သူက သူ့ရဲ့ သိချင်စိတ်တွေကို ဘယ်လိုမှ ချုပ်တည်း ထားနိုင်စွမ်း မရှိတော့တဲ့ ပုံပါပဲ။

" ကျွန်တော်က ကြက်ကန်းဆန်အိုးတိုးပြီး  လေ့ကျင့်သွားနိုင်တာပါဗျာ"

လီဖူချန်းက ရယ်ကျဲကျဲနဲ့ ပြန်ဖြေလိုက်ပါတယ်။

" ကောင်လေး  ... ။ မင်းကတော့ တကယ် နောက်တတ်တာပဲ။ ဒါကို ကြက်ကန်းဆန်အိုး တိုးတယ်လို့ ဘယ်လို ပြောလို့ ရမှာလဲ။ ကဲ ... ကဲ ... အချိန်တွေလည်း အတော်လေး လင့်နေပြီ။ အထဲကိုသာ မြန်မြန်ဝင်ကြတော့  ... "

အစောင့်အကြပ် အကြီးအကဲက ဘာမှ ဆက်မပြောတော့ဘဲ လျှို့ဝှက်သိုင်းကျမ်း မျှော်စင်ထဲကို ဝင်ဖို့ ခွင့်ပြုလိုက်ပါတယ်။

ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ခွင့်ပြုထားတာ ဖြစ်တဲ့အတွက် လီဖူချန်းတို့ နှစ်ယောက်ဟာ လျှို့ဝှက်သိုင်းကျမ်း မျှော်စင်ရဲ့ စတုတ္ထထပ်ကို တစ်ခါတည်းတန်းပြီး ရောက်လာခဲ့ကြပါတယ်။

သည်အထပ်မှာ ရှိနေတဲ့ သိုင်းကျမ်းစာအုပ်တွေကတော့ သိပ်ပြီး မများလှပါဘူး။ ဒါပေမဲ့ သည်ကျမ်းစာအုပ်တွေထဲက တစ်အုပ်သာ အပြင်ဘက်လောကကို ရောက်သွားခဲ့မယ် ဆိုရင်  သွေးချောင်းစီး တိုက်ပွဲတွေ  ဖြစ်ပေါ်လာမှာ အသေအချာပါပဲ။

လူငယ်လေးနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် စကားတောင် မပြောတော့ဘဲ  ကျမ်းစာအုပ်တွေကို ဖွင့်ဖတ်နေကြပါပြီ။

" ပထမဘုံ ကောင်းကင်နတ်ဘုရား အတွင်းအားကျင့်စဉ်။  မြေကမ္ဘာ အလယ်အလတ် အဆင့်ဖြစ်ပြီး  ပထမဘုံ ကောင်းကင်ချီ အတွင်းအားကို ရရှိ စေနိုငိတယ်။ တကယ်လို့သာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်က သည်ကျင့်စဉ်ကို ကျင့်လိုက်မယ်ဆိုရင်  အသက် ၅၀ရာခိုင်နှုန်းနီးပါး ပိုရှည်လာလိမ့်မယ်။  တိုက်ပွဲ ဝိညာဉ်နယ်ပယ် ပညာရှင် တစ်ယောက် လေ့ကျင့်မယ် ဆိုရင်တော့ ၃၀ရာခိုင်နှုန်း အသက်ပိုရှည်နိုင်တယ်။ သည်အတွင်းအား ကျင့်စဉ်ရဲ့ အဆင့်မြင့် အဆင့်တွေအထိ လေ့ကျင့်နိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကုသလို့ရုံမက အခြားသူတွေပါ ပြန်ကုသပေးလို့ ရတယ်"

" အိုး ...  ဒါက အသက်ရှည် ကျန်းမာပြီး ကုသရေးပါ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အတွင်းအား ကျင့်စဉ်ပဲ "

လီဖူချန်းက ကျမ်းစာအုပ်ရဲ့  မိတ်ဆက် အညွှန်းကို ဖတ်ပြီး အံ့သြသွားမိပါတယ်။

သက်ရှည် အတွင်းအား ကျင့်စဉ်တွေက တကယ်ကို ရှားပါးတဲ့ ကျင့်စဉ်တွေပါပဲ။ နောက်တစ်ဆင့်ကို မတက်နိုင်ဘဲ ကျင့်ကြံခြင်းနယ်ပယ် တစ်ခုမှာ ရပ်တန့်နေတဲ့ ပညာရှင်တွေဟာဆိုရင် သည်ကျင့်စဉ်ကို ကျင့်ပြီး   သက်တမ်းကို ဆွဲဆန့်ကာ နောက်ထပ် နယ်ပယ် တစ်ခုကို ရောက်အောင် လေ့ကျင့် နိုင်လောက်ပါတယ်။

တကယ်လို့ သည်ပထမဘုံ ကောင်းကင်နတ်ဘုရား အတွင်းအားကျင့်စဉ်သာ အရှေ့ယူနီကွန်း တိုက်ကို ရောက်သွားမယ်ဆိုရင် ကြီးကျယ်တဲ့ ဂိုဏ်းစစ်ပွဲကြီးတစ်ခု ထပ်ဖြစ်ဦးမှာ အသေအချာပါပဲ။

ဒါပေမဲ့လည်း  လီဖူချန်းက အသက်ရှည်ချင်တာ မဟုတ်ပါဘူး။ သူက ကျင့်ကြံခြင်း ကောင်းကင်ယံမှာ ခဏတာ ထွန်းလင်းခွင့် ရရင်တောင်မှ အတောက်ပဆုံး ထွန်းလင်းချင်တဲ့သူပါ။

အဲသည်အတွက်သူက ပထမဘုံ ကောင်းကင်နတ်ဘုရား အတွင်းအား ကျင့်စဉ်ကို ပယ်လိုက်ပါတယ်။

***

All Chapters