← Chapters

အပိုင်း ၃၈၇

Vol. 29 Ch. 387

အပိုင်း ၃၈၇

Vol. 29 Ch. 387

ပထမဘုံ ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကို ပြန်ထားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက နောက်ထပ် ကျမ်းစာအုပ် တစ်အုပ်ကို ကောက်ယူကာ ဖတ်ကြည့်လိုက်ပါတယ်။

" ဖန်ရှန်းလျို  အတွင်းအားကျင့်စဉ်။  ပြိုင်ဘက်က အစွမ်းထက်လေလေ သည်နည်းစနစ်က ပိုအစွမ်း ပြလေလေပဲ။ ရေရှိရာ ပတ်ဝန်းကျင် တစ်ဝိုက်မှာဆိုရင် ပိုအစွမ်းထက်တယ်။ သည်အတွင်းအား ကျင့်စဉ်က တိုက်ခိုက်တာကို ပိုအသားပေးတယ်။ သည်ကျင့်စဉ်ကို အဆင့်မြင့်မြင့် တတ်ကျွမ်း သွားပြီဆိုရင် ရန်သူရဲ့ ချီအတွင်းအားကိုတောင် ကိုယ်ကိုင်ချီ အတွင်းအား အဖြစ် ပြောင်းလဲ ပေးနိုင်တယ်။ ပြီးတော့ ..."

သည်အတွင်းအား ကျင့်စဉ်ကလည်း လီဖူချန်းကို ခေတ္တခဏ အံ့သြမှင်တက် သွားစေတာပါပဲ။

ရန်သူက အစွမ်းထက် လေလေ ကိုယ်က ပိုအစွမ်းထက် လေလေ ဆိုတဲ့ ကျင့်စဉ်။

ရေရှိရာ ပတ်ဝန်းကျင် တစ်ဝိုက်မှာ ပိုအစွမ်းပြနိုင်မှာဖြစ်ပြီး ရန်သူရဲ့ ချီအတွင်းအားကိုတောင် ကိုယ်ပိုင်ချီ အတွင်းအားအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကျင့်စဉ်။

ဒါက နည်းနည်းတော့ လွန်လွန်းနေပါပြီ။

" ဟူး ...  မြေကမ္ဘာ အလယ် အလတ်အဆင့် အတွင်းအားကျင့်စဉ် အကုန်လုံးက အခုလိုမျိူး  ရူးသွားလောက်အောင် အစွမ်းထက်နေတာလား "

လီဖူချန်းက မြေကမ္ဘာအလယ် အလတ်အဆင့် အတွင်းအားကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်ပေးလို့ ပေးရမှန်း မသိတော့ပါဘူး။

ထို့နောက်မှာတော့ သူက နောက်ထပ်ကျမ်း စာအုပ် တစ်အုပ်ကို ဆွဲယူပြီး ဖွင့်ဖတ် လိုက်ပြန်ပါတယ်။

"လေနတ်ဘုရားရဲ့ ရွေ့လျားခြင်းကိုးမျိုး  ... ။ မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအားကျင့်စဉ်။ သည်ကျင့်စဉ်က ချီအတွင်းအား ကျင့်ကြံခြင်းနည်း စနစ်နဲ့ ကိုယ်ဖော့ပညာကို ပေါင်းစပ်ထားတာ ဖြစ်တယ်။ သည်ကျင့်စဉ်ကို လေ့ကျင့်အောင်မြင်သွားခဲ့ရင် ဘယ်သူမှ မယှဉ်နိုင်တဲ့ အမြန်နှုန်းမျိုးကို ရလိမ့်မယ်။ သည်ကျင့်စဉ်ကို အဆင့်မြင့်မြင့် တတ်ကျွမ်း သွားခဲ့မယ်ဆိုရင် လောကကြီးအနှံ့ ကြိုက်သလို သွားလာနိုင်မယ်။ ရန်သူ တစ်ရာလောက် ဝိုင်းထားရင်တောင်မှ လွတ်မြောက်နိုင်ဖို့ အတွက် စိုးရိမ်စရာ မလိုဘူး "

လေနတ်ဘုရားရဲ့ ရွေ့လျားခြင်းကိုးမျိုး မိတ်ဆက်ကို ဖတ်အပြီးမှာတော့ လီဖူချန်း တုန်လှုပ် သွားခဲ့ပါပြီ။

မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအား ကျင့်စဉ်တွေဟာ တကယ့်ကို မယုံကြည် နိုင်လောက်အောင်ပါပဲ။ ကျင့်ကြံခြင်းအဆင့် တူညီတဲ့ ပညာရှင် နှစ်ယောက်မှာတောင်မှ  မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအားကျင့်စဉ်ကို လေ့ကျင်ထားခြင်း ရှိ၊ မရှိ အပေါ်မှာ မူတည်ပြီး  အစွမ်းထက်မြက်ပုံတွေ ကွဲပြား သွားနိုင်ပါတယ်။

" သည်အတွင်းအား ကျင့်စဉ်က အရမ်းကောင်းတယ်။ ဒါပေမဲ့ ငါနဲ့ မကိုက်ညီသေးဘူး "

လီဖူချန်းက လေနတ်ဘုရားရဲ့ ရွေ့လျားခြင်းကိုးမျိုး အတွင်းအား ကျင့်စဉ်ကိုလည်း ပယ်လိုက်ပါတယ်။

လီဖူချန်းက မီးလျှံအရိုး တည်ဆောက်ပုံကို မပိုင်ဆိုင်ထားပါဘူး။ ဒါပေမဲ့လည်း သူဟာ မီးဓာတ်ကို အခြေခံတဲ့ အတွင်းအား ကျင့်စဉ်တွေကို ဟိုးယခင် အချိန်တွေ ကတည်းက လေ့ကျင့် ထားခဲ့တာပါ။ အဲသည်အတွက် သူ့ရဲ့ ခန္ဓာကိုယ်ဟာ မီးဓာတ်ကို အခြေခံတဲ့ ကျင့်စဉ်တွေနဲ့ အသားကျနေခဲ့ပါပြီ။ တကယ်လို့ သူ့အနေနဲ့ မြေကမ္ဘာ အလယ်အလတ် အဆင့် အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်မယ်ဆိုရင် မီးဓာတ်ကို အခြေခံတဲ့ ကျင့်စဉ် ရွေးတာကပဲ အကောင်းဆုံး ဖြစ်မှာပါ။ အခြားသော ဓာတ်တွေကို အခြေခံတဲ့ အတွင်းအား ကျင့်စဉ်တွေကို ကျင့်ရင်လည်း အဆင်ပြေတယ် ဆိုပေမယ့် မီးဓာတ်ကို အခြေခံတဲ့ အတွင်းအားကျင့်စဉ်တွေလိုတော့  အချိန်တို အတွင်းမှာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သဟဇာတ ဖြစ်ဦးမှာ မဟုတ်ပါဘူး။

နောက်ဆုံးမှာတော့ သူရှာနေတဲ့ မီးဓာတ်အမျိုးအစား အတွင်းအား ကျင့်စဉ်ကို လီဖူချန်းတစ်ယောက် တွေ့သွားခဲ့ပါပြီ။ သူယူလိုက်တဲ့ လေးအုပ်မြောက် ကျမ်းစာအုပ်ကတော့ မီးဓာတ်ကို အခြေခံတဲ့ အတွင်းအားကျင့်စဉ်ပါပဲ။

" နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်။ မြေကမ္ဘာအလယ်အလတ် အဆင့်။ သည်ပညာရပ်က ပြိုင်ဘက်ကင်းတဲ့ လောင်ကျွမ်းမှုနဲ့ ပေါက်ကွဲမှုကို ကိုယ်စားပြုတယ်။ ပြီးတော့ သည်ပညာရပ်ကို လေ့ကျင့်တဲ့သာက ခန္ဓာကိုယ် ကြံ့ခိုင်မှုလည်း ကောင်းနေရမယ်။ တကယ်လို့ သည်ပညာရပ်ရဲ့ အဆင့်၂၁အထိ ရောက်ချင်တယ်ဆိုရင် လေ့ကျင့်တဲ့သူက ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုအပိုင်းမှာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်နေဖို့ လိုအပ်တယ်။ အဆင့်၂၄အထိ ရောက်ချင်ရင်တော့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုအပိုင်းမှာ  အနည်းဆုံး ပြန်လည် ဝင်စားခြင်းနယ်ပယ် အလယ်အလတ် အဆင့်အထိ ရောက်နေရမှာဖြစ်ပြီး  အဆင့်၂၇အထိ ရောက်ချင်ရင်တော့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုအပိုင်းမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းအထိ ရောက်နေရမယ်။ သည်အတွင်းအား ကျင့်စဉ်က လေ့ကျင့်မှုအပိုင်းမှာ ခက်ခဲနက်နဲသလို  ဖျက်ဆီးမှု အပိုင်းမှာလည်း အားကောင်းတယ်။  နေမင်းဇောအဟုန် ချီအတွင်းအားကို အသက်သွင်း လိုက်မယ်ဆိုရင် ရွှေတွေနဲ့ သတ္တုတွေကိုပါ အလွယ်တကူ အရည်ပျော်ကျ သွားစေနိုင်စွမ်း ရှိတယ်။ ဒါက အလွန်အမင်း ရက်စက်တဲ့ တိုက်ခိုက်မှုအသားပေး အတွင်းအား ကျင့်စဉ် ဖြစ်တယ်။ သတ်မှတ်ထားတဲ့  ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှု မရှိဘဲနဲ့ သည်ပညာရပ်ကို မလေ့ကျင့်ရ "

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ မိတ်ဆက်အညွှန်းကို ဖတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့ပါပြီ။

သည်နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်က သူ့အတွက်သီးသန့် တီထွင်ထားပေးသလို ပါပဲ။ သည်ကျင့်စဉ်က သူ့နဲ့ လုံးဝကို ကိုက်ညီနေပါတယ်။

အသက်ရှည်တာတွေ၊ အနာမဲ့တာတွေကို သူ မလိုချင်ပါဘူး။ သူက အစွမ်းအထက်ဆုံး ကျင့်စဉ်ကိုသာ လိုချင်တာပါ။

လီဖူချန်းမှာက အခြားသူတွေလို အစွမ်းထက်တဲ့ အရိုးတည်ဆောက်ပုံတွေ မရှိပါဘူး။ အဲသည်အတွက် ကျင့်ကြံခြင်း နယ်ပယ်တူတွေထဲမှာ  ပြိုင်ဘက်ကင်း ဖြစ်ချင်ရင်တော့ သူ့အနေနဲ့  အစွမ်းအထက်ဆုံး အတွင်းအား ကျင့်စဉ်ကို မရှိမဖြစ် လိုအပ်ပါတယ်။

ဘယ်လောက်ပဲ ခက်ခဲနက်နဲတဲ့ ကျင့်စဉ်တွေ ဖြစ်နေပါစေဦး။ သူ့ရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်နဲ့ ဆိုရင်တော့ သိပ်ပြီး ခက်ခဲမှာ မဟုတ်ပါဘူး။

" ငါလိုချင်တာ ဒါပဲ "

လီဖူချန်းက နောက်ထပ် အတွင်းအား ကျင့်စဉ်တွေကိုတောင် ဆက်မကြည့်တော့ဘဲ  နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ကို ရွေးယူလိုက်ပါတော့တယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ လျှို့ဝှက် သိုင်းကျမ်းမျှော်စင်ရဲ့ ထွက်ပေါက်ရှိရာ ပထမထပ်ကို  ဆင်းသွားခဲ့ပါပြီ။

" ကောင်လေး ... ။ သည်တစ်ခေါက်ကော မင်း ဘာအတွင်းအားကျင့်စဉ် ရွေးလာတာလဲ။ ငါ့ကို ပြကြည့်ပါဦး "

အပေါ်ထပ်ကနေ ဆင်းလာတဲ့ လီဖူချန်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အစောင့်အကြပ် အကြီးအကဲက သိချင်စိတ် ပြင်းပြစွာဖြင့် လှမ်းမေးလိုက်ပါတယ်။

" ဟုတ်ကဲ့ပါ "

လီဖူချန်းကလည်း သူရွေးယူလာတဲ့ ကျမ်းစာအုပ်ကို ပေးလိုက်ပါတယ်။

" ဟမ် ...   နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်လား "

လီဖူချန်းရွေးယူလာတဲ့ ကျမ်းစာအုပ် နာမည်ကို ဖတ်ပြီးတဲ့နောက်မှာ အစောင့်အကြပ် အကြီးအကဲက ဘာမှတ်ချက် ပေးလို့ ပေးရမယ်မှန်း မသိတော့ပါဘူး။ သူ့ရဲ့ လည်ချောင်းထဲက စကားလုံးတွေဟာ ပျောက်ရှနေခဲ့ပါပြီ။

အချိန်အနည်းငယ်ကြာမှ အကြီးအကဲက သက်ပြင်းချလိုက်ပြီး လီဖူချန်းကို နားချပါတယ်။

" ကောင်လေး  ... ။ မင်းက ဘာဖြစ်လို့ အခက်ခဲဆုံး ပညာရပ်တွေကိုပဲ အမြဲတမ်းလိုလို  ရွေးယူနေရတာလဲ။ မင်းမှာက မီးလျှံ အရိုးတည်ဆောက်ပုံ မရှိဘူးလေ။ သည်ကျင့်စဉ်ကို ကျင့်ရတာက မင်းအတွက် အများကြီး ခက်ခဲနေလိမ့်မယ်။ ဘာဖြစ်လို့ ပထမဘုံ ကောင်းကင်နတ်ဘုရား ကျင့်စဉ်လို အတွင်းအား ကျင့်စဉ်မျိုးကို မရွေးတာလဲ။ အဲသည်ကျင့်စဉ်က လူ့သက်တမ်းကို ဆွဲဆန့်ပေးတဲ့အတွက် မင်းကို ကျင့်ကြံခြင်းနယ်ပယ် ပိုမြင့်အောင် လေ့ကျင့်ခွင့် အချိန်များများ ရစေနိုင်တယ်လေကွာ '"

လီဖူချန်းက ထုံးစံအတိုင်း မထုံတက်တေး အမူအယာဖြင့်

" အကြီးအကဲ ...  ကျွန်တော်က အသက်ရှည်ချင်တာ မဟုတ်ဘူး။ အစွမ်းထက်ချင်တာ။ အသက်ရှည်ပြီး အစွမ်းမထက်မှတော့ ဘာလုပ်မှာလဲ။ အဲသည်လို ဘဝမှာ နေမယ့်အစား သေလိုက်တာကမှ ပိုကောင်းဦးမယ် "

လီဖူချန်းရဲ့ အဖြေကို ကြားပြီးတဲ့ အခါမှာတော့ အစောင့်အကြပ် အကြီးအကဲရဲ့ မျက်နှာဟာ ပြိုတော့မယ့်တိမ်လို  မည်းမှောင် သွားခဲ့ပါပြီ။ သူက ပထမဘုံ ကောင်းကင်နတ်ဘုရားကျင့်စဉ်ရဲ့ ပထမပိုင်းကို လေ့ကျင့်ထားတဲ့သူ ဖြစ်ပါတယ်။ လီဖူချန်းရဲ့ အဖြေက သူ့ကို သာသာနဲ့နာနာ နှက်လိုက်သလိုပါပဲ။

အဲသည်နောက်မှာတော့ သူဟာလီဖူချန်းကို ဘာဆိုဘာမှ ဆက်မပြောတော့ဘဲ  နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့  ပထမပိုင်း မိတ္တူကိုသာ  အသာတကြည် ထုတ်ပေး လိုက်ပါတော့တယ်။ ပြီးတာနဲ့ သူက လက်ဝှေ့ယမ်း ပြလိုက်ပြီး

" ကောင်လေး  ... ။ မင်းလိုချင်တာလည်း  ရပြီးပြီ ဆိုတော့ အမြန်ဆုံး သည်နေရာကနေ ကြွပေတော့။ ငါမင်းကို ကြာကြာမြင်နေရရင် ဒေါသထွက်ရလွန်းလို့ အသက်တိုနိုင်တယ် "

အစောင့်အကြပ် အကြီးအကဲရဲ့ ဘဝသက်တမ်း တစ်လျှောက်မှာ ခေါင်းမာတဲ့ ကျောင်းသား တော်တော်များများကို မြင်ခဲ့ဖူးပါတယ်။ ခေါင်းမာ လွန်းလှပါတယ်ဆိုတဲ့ ကျောင်းသား အချို့ကိုတောင် သူက နားချပြီး သင့်တော်တဲ့ ကျင့်စဉ်တွေကို ရွေးယူအောင် အကြံပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း လီဖူချန်းနဲ့ အတွေ့မှာတော့ သူဟာ လက်မြှောက် အရှုံးပေး လိုက်ပါပြီ။

" ဟုတ်ကဲ့ "

လီဖူချန်းက မတတ်နိုင်ဘူးလေ ဆိုတဲ့ ပုံဖြင့် ပခုံးတွန့်ပြ လိုက်ပြီး လျှို့ဝှက် သိုင်းကျမ်း မျှော်စင်ကနေ ကော့တော့ကော့တော့ဖြင့် ထွက်သွားပါတော့တယ်။ သူ့အနေနဲ့ သည်မျှော်စင်မှာ ဆက်နေစရာ အကြောင်းလည်း မရှိတော့ပါဘူး။ သူက သူနဲ့ သင့်တော်တဲ့ မြေကမ္ဘာ အလယ်အလတ် အဆင့် အတွင်းအား ကျင့်စဉ်ကိုလည်း ရခဲ့ပြီ မဟုတ်ပါလား။

သူနေထိုင်ရာ ခြံဝင်းထဲကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာတော့ လူတစ်ယောက်ဟာ လီဖူချန်းကို  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၂၀၀၀ လာပေးသွားပါတယ်။ အဲဒါကတော့ နံပါတ်တစ် ထိပ်တန်းကျောင်းသား ဖြစ်သွားတဲ့အတွက် ဆုလာဘ်ပါပဲ။

သည်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ကို ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ လီဖူချန်း ပိုင်ဆိုင်တဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အရေအတွက်ဟာ ၆၀၀၀ကို ပြန်ရောက်သွားခဲ့ပါပြီ။

လက်ရှိအချိန်မှာတော့ သည်အရေအတွက်ဟာ သူ့အတွက် လုံလောက်တာထက်ကို ပိုနေပါသေးတယ်။ သူ့အနေနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိူးဖောက်ဝင်ရောက်မယ့် အချိန်ကို မရောက်မချင်းတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတွေကို မလိုအပ်သေးပါဘူူး။

အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၂၀၀၀ကို သိမ်းဆည်းပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ကျင့်ကြံမှုကို စတင်ပါတော့တယ်။

သူက သည်ကြားထဲမှာ အချိန်တွေ တော်တော်လေး ဖြုန်းတီးပစ်ခဲ့ ပြီးပါပြီ။ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့်၂၁ကို ရောက်ပြီး နောက်ပိုင်း ခြောက်လလောက်က အလဟဿကို ဖြစ်သွားခဲ့ပါ။ အဲသည် ခြောက်လဆိုတဲ့ အချိန်ဟာ သူ့အတွက်တော့ သည်နေမင်းဇော အဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၀ ဒါမှမဟုတ် အဆင့်၂၁အထိ ရောက်အောင် လေ့ကျင့်လို့ ရလောက်ပါတယ်။ အဲသည်အချိန်တွေက တကယ်ကို နှမြောစရာပါပဲ။

နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ် ပထမပိုင်းရဲ့   အခန်း၉ခန်းကို ဖတ်ပြီးသွားတဲ့ အချိန်မှာတော့ လီဖူချန်းဟာ  သည်ကျင့်စဉ်ကို တီထွင်သူကို  မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။

"ကောင်းလိုက်တဲ့ ကျင့်စဉ် ... ။ ဒါက မြေကမ္ဘာ အလယ်အလတ် အတွင်းအား ကျင့်စဉ်ဆိုတဲ့ နာမည်နဲ့ လုံးဝ ထိုက်တန်တယ်။သည်အခန်း၉ခန်းက အခြေခံကို တည်ဆောက်ပြီး နေမင်းဇောအဟုန် အမြုတေ  ဖွဲ့စည်းဖို့ နည်းလမ်းကို ရှင်းရှင်းလင်းလင်း သင်ပြထားတာပဲ။ အတွင်းအား ကျင့်စဉ်တိုင်းမှာ အခြေခံဟာ သိပ်အရေးကြီးတယ် ဆိုတဲ့ အချက်ကို မမေ့ဖို့အတွက်  သည်ကျင့်စဉ်က သေသေချာချာ ရှင်းလင်းဖော်ပြထားတာပါလား "

ညအချိန်ကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၉ကို ရောက်သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲမှာတော့ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအား အလုံးကြီးဟာ  တစ်စစီ ကွဲအက်သွားပြီး  နေရာအနှံ့ ပြန့်ကျဲ နေခဲ့ပါတယ်။ စွမ်းအင် ဗဟိုချက်မ ပင်လယ်ရဲ့ အလယ်ဗဟိုမှာတော့ အလင်းတန်းတွေ ဖြာထွက်စ ပြုနေတဲ့ အခဲလေးတစ်ခု ဖြစ်တည်စ ပြုနေပါပြီ။

အဲသည် အခဲလေးကတော့ နေမင်းဇောအဟုန် အမြုတေပါပဲ။

ဒါပေမဲ့ အခုချိန်မှာတော့ နေမင်းဇောအဟုန် အမြုတေဟာ သိပ်ပြီးတော့ သိပ်သည်းခြင်း မရှိသေးသလို သန့်စင်ခြင်းလည်း မရှိသေးပါဘူး။ ူည်အမြုတေကို  အတိုင်းအတာ တစ်ခုလောက် အထိ အချိန်ပေးပြီး သန့်စင်ရဦးမှာပါ။

နောက်ထပ်သုံးရက် အကြာမှာတော့ အလင်းတန်းတွေ ဖြာထွက်နေတဲ့   အခဲလေးဟာ ပိုပြီး သိသာထင်ရှားလာပြီး အနီရောင် ကျောက်စိမ်းတုံးလေးအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။

တစ်ပတ်အကြာမှာတော့ လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ ရှိနေတဲ့ နေမင်းဇောအဟုန် အမြုတေဟာ ကြက်သွေးရောင် သလင်းကျောက် အဖြစ် ထပ်ပြီး ပြောင်းလဲ သွားပြန်ပါတယ်။

သည်အချိန်ကတော့ လီဖူချန်းအတွက်  နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အခန်း၁၀ကို လေ့ကျင့်ဖို့  အချိန်ကောင်းပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းက အခန်း၁၀ကို  အေးအေးဆေးဆေး လေ့ကျင့်ဖို့ စဉ်းစား ထားပါတယ်။ အခုဆိုရင် သူရဲ့ ထိုးထွင်းသိမြင်နှုန်းက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက်ကို သာနေပါပြီ။ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ သူ့ရဲ့ ထိုးထွင်း သိမြင်မှုကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ အဲသည်အတွက် သူတစ်ပတ် ကြိုးကြိုးစားစား လေ့ကျင့်လိုက်တာက အခြားလူတွေ လပေါင်း အနည်းငယ် လေ့ကျင်တာ ဒါမှမဟုတ် နှစ်ဝက်လောက် လေ့ကျင့်တာနဲ့ သွားညီနေပါတယ်။

အဲသည် အတွက် လီဖူချန်းက မလောသေးဘဲ အခြေခံ ကောင်းမွန်သထက် ကောင်းမွန်အောင်သာ လုပ်ဖို့အတွက် စဉ်းစား ထားတာပါ။

တစ်လအကြာမှာတော့ လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ ရှိနေတဲ့ နေမင်းဆန္ဒဇော အဟုန် အမြုတေဟာ အနီရောင် အရည်တလဲ့ခဲ့ တောက်ပနေတဲ့ သတ္တုလုံးတစ်ခု အဖြစ်ကို ပြောင်းလဲ သွားခဲ့ပါပြီ။

သတ္တုလုံးရဲ့ အပေါ်ယံ မျက်နှာပြင်ဟာ အပြစ်ပြောစရာ မရှိတဲ့အထိ ချောမွေ့နေတာ ဖြစ်ပါတယ်။ ဒါက  ဖိနှိပ်သိပ်သည်းစေပြီး အကြိမ်ကြိမ် သန့်စင်ခဲ့ခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။

တကယ်လို့ သည်နေရာကို  တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ကိုယ်တိုင် ရောက်လာရင်တောင်မှ  အံ့သြသွားမယ် ဆိုတာ  ယုံမှားသံသယ ဝင်စရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ပိုင်းက  ပညာရှင်တွေရဲ့ နေမင်းဇော အဟုန် အမြုတေတောင်မှ  လီဖူချန်းရဲ့ နေမင်းဇောအဟုန် အမြုတေလောက် သိပ်သည်းပြီး သန့်စင်နေခြင်း မရှိလို့ပါပဲ။

ဒါကတော့ ထိုးထွင်း သိမြင်မှုနဲ့သာမက  ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ပါ သက်ဆိုင်သွားပါပြီ။ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားမကောင်းရင် စွမ်းအင် ဗဟိုချက်မ ပင်လယ်က  ခံနိုင်ရည် ကောင်းမှာ မဟုတ်ပါဘူး။ စွမ်းအင်ဗဟိုချက်မ ပင်လယ် ခံနိုင်ရည်အား မကောင်းရင်  နေမင်းဇောအဟုန် အမြုတေကို   ဖိနှိပ် သိပ်သည်းစေပြီး အကြိမ်ကြိမ် သန့်စင်တာကို ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ သည်နှစ်ခုက တိုက်ရိုက် အချိုး ကျနေတာပါ။ ပြီးတော့ စိတ်ဓာတ်ခွန်အား ကောင်းဖို့လည်း လိုပါသေးတယ်။ သည်အရာတွေ အားလုံး မရှိဘဲနဲ့တော့ သည်ရလဒ် ထွက်လာမှာ မဟုတ်ပါဘူး။

နေမင်းဇောအဟုန် အမြုတေက အနီရောင် သတ္တုလုံးအဖြစ် ပြောင်းလဲပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အခန်း၁၀ကို စတင် လေ့ကျင့်ပါတော့တယ်။

ဟူး ... ဟူး ... ဟူး ...  ...

စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ ရှိတဲ့ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေဟာ နေမင်းဇော အဟုန် အမြုတေရဲ့ စုပ်ယူခြင်း ခံနေရပါပြီ။ တစ်ချိန်တည်း လိုလိုမှာပဲ  နေမင်းဇော အဟုန် ချီအတွင်းအားတွေကလည်း စတင် ဖြစ်တည်လာခဲ့ပါတယ်။

အခန်း၁၁၊ အခန်း၁၂၊ အခန်း၁၃  ...  ...

အခန်း၁၈၊ အခန်း၁၉၊ အခန်း၂၀ ...

ဒုတိယမြောက်လမှာတော့  လီဖူချန်းဟာ နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ရဲ့ အဆင့်၂၀ကို ရောက်တဲ့အထိ လေ့ကျင့်သွားနိုင်ခဲ့ပါပြီ။

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၀ဟာ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ထက် အများကြီး အစွမ်းထက်သလို  မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ် တစ်ခုရဲ့ အဆင့်၂၁ ထက်လည်း ပိုအားကောင်းပါတယ်။

တကယ်လို့ အခုချိန်မှာသာ လီဖူချန်းဟာ သိကျွင်းနဲ့ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်ရမယ် ဆိုရင် ဓားတစ်ချက်တည်းနဲ့တောင် အနိုင်ယူနိုင်စွမ်း ရှိနေပါပြီ။

" ငါနောက်ထပ်တစ်ခန်း ဆက်ကျင့်ဖို့ လိုသေးတယ် "

လီဖူချန်းက  အတန်းမတက်သေးဘဲ သူ့ရဲ့ ကျင့်ကြံမှုကိုသာ ဆက်လက် ကျင့်ကြံနေပါတယ်။

စုချွန်ရန်ကတော့ လီဖူချန်း အတန်းလာမတက်တဲ့အတွက် နေမထိထိုင်မသာ ဖြစ်နေပါပြီ။

ဆရာတစ်ယောက်ဟာ ကျောင်းသားက သူ့ကို မလိုအပ်ဘူးဆိုတဲ့ အရာကို အကြောက်ဆုံး ပါပဲ။ လီဖူချန်းနဲ့ပတ်သက်ပြီးတော့ သူဟာ အဲသည် ခံစားချက်ကို ခံစားနေရပါတယ်။

လီဖူချန်း အတန်းလာမတက်တာက  သူ့ကို " ငါ့အတွက် ဆရာဆိုတာ မလိုဘူး။ င့ါဟာငါ တစ်ယောက်တည်း လေ့ကျင့်လည်း သည်အပြင်စည်း တက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသား ဖြစ်တာပဲ " ဟု ပြောနေသလိုပါပဲ။

စုချွန်ရန်က အမည်ခံ ဆရာသက်သက် ဖြစ်နေပါပြီ။

"ဟူး ...  ကျောင်းအုပ်ကြီး တစ်ယောက်တည်းကပဲ သည်ကလေးကို သင်ကြားပေးနိုင်စွမ်း ရှိမှာ "

စုချွန်ရန်က သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိပါတယ်။

" အဆင့် ၂၁ "

ခြံဝင်းတစ်ခုရဲ့  လေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ လူငယ်တစ်ယောက်ဟာ ပူပြင်း တောက်ပလှတဲ့ မီးလျှံတွေကို ထုတ်လွှတ်နေပါတယ်။ အဲသည် လူငယ်ကတော့ လီဖူချန်းပါပဲ။

နောက်ဆုံးမှာတော့ လီဖူချန်းဟာ  နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၁ကို ချိုးဖောက် ဝင်ရောက် နိုင်ခဲ့ပါပြီ။

လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မပင်လယ် ထဲမှာတော့ အရှိန်အဟုန် ပြင်းစွာ လည်ပတ်နေတဲ့ နေဝန်းငယ်လေး တစ်ခု ရှိနေပါတယ်။

နေဝန်းငယ်လေးရဲ့ မျက်နှာပြင်ပေါ်မှာတော့  သတ္တုရည်တွေနဲ့ ဆင်တူတဲ့ ချီအတွင်းအား စီးကြောင်းတစ်ခု ရစ်သိုင်း နေပါသေးတယ်။ အဲသည် ချီအတွင်းအားကတော့ နေမင်းဇောအဟုန် ချီအတွင်းအားပါပဲ။

ဝုန်း ...

လီဖူချန်းက ကျင့်ကြံနေရာကနေ ရုတ်တရက် ခုန်ထလိုက်ပြီး လေထဲကို လက်သီးတစ်ချက် ထိုးလိုက်ပါတယ်။ လက်သီးချက်က ထွက်ပေါ်လာတဲ့ အလင်းရောင်က တောက်ပလွန်းတဲ့ အတွက် သာမန် ပညာရှင်တွေဆိုရင် မျက်လုံးတောင် ဖွင့်နိုင်မှာ မဟုတ်ပါဘူး။

ဘန်း ... ဘန်း ... ဘန်း ...

လီဖူချန်းရဲ့ လက်သီးချက်က လေ့ကျင့်ရေး ကွင်းပြင်ရဲ့ အကာအကွယ် အစီအရင်ကို တောင်မှ လှိုင်းအတွန့်တွန့် ဖြစ်သွားစေပါတယ်။

" ဟား ... ဟား ... ။ သည်လက်သီးချက်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ ပညာရှင်ကိုတောင်မှ ဒဏ်ရာအကြီးအကျယ် ရသွားစေမှာ အသေအချာပဲ။ ဒါပေမဲ့ ငါ့အနေနဲ့ အဆင့်မြင့် လက်သီးသိုင်းတစ်ခု လေ့ကျင့်ဖို့ လိုနေသေးတယ် "

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ကို လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ သာမန် ဆန်းကြယ်အဆင့် လက်သီးသိုင်းတွေဟာ အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။ နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ရဲ့ အစွမ်းက အနိမ့်ဆုံး ဆန်းကြယ်အဆင့်မြင့် လက်သီးသိုင်းတွေနဲ့မှသာ အစွမ်းပြနိုင်မှာပါ။ လီဖူချန်း အခုလေ့ကျင့်ထားတဲ့ လက်သီးသိုင်းက ဆန်းကြယ် အလယ်အလတ် အဆင့်မှာသာ ရှိနေပါတယ်။ အဲသည်အတွက် လီဖူချန်းဟာ အဆင့်မြင့် လက်သီးသိုင်း ကောင်းကောင်း တစ်ခုကို လိုအပ်လာပါပြီ။

***

All Chapters