← Chapters

လက်ဖက်ရည်ပွဲတော်

Vol. 29 Ch. 388

လက်ဖက်ရည်ပွဲတော်

Vol. 29 Ch. 388

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၁ကို အရောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ တံခါးပိတ် ကျင့်ကြံမှုကို ရပ်နားလိုက်ပါပြီ။

ဘာဖြစ်လို့လည်းဆိုတော့ သူ့အနေနဲ့  နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့် ၂၁ကို အောင်မြင်ပြီး အဆင့်၂၂ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့ အတွက်ဆိုရင် နှစ်ဝက်လောက် အချိန် ပေးရဦးမယ် ဆိုတာကို သတိပြုမိလိုက်လို့ပဲ ဖြစ်ပါတယ်။ အတွင်းအား ကျင့်စဉ်တွေ ဆိုတာက နောက်ပိုင်းကို ရောက်လာလေလေ ပိုပြီး ကျင့်ကြံရတာ ခက်လေလေပင် မဟုတ်ပါလား။ ဒါပေမဲ့ လီဖူချန်းအနေနဲ့  ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်ရင်တော့ ခက်ခဲမှုတွေက လျော့ကျသွားမှာ အသေအချာပါပဲ။

" အင်း ...  အတန်းလေးဘာလေး သွားတက်ဦးမှ "

ကျင့်ကြံရတာကို ပျင်းရိနေပြီဖြစ်တဲ့ အတွက်  လီဖူချန်းဟာ စုချွန်ရဲ့ အတန်းကို သွားတက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ထိပ်တန်းစာရင်းဝင် ကျောင်းသား ပြိုင်ပွဲ ပြီးသွားတာကလည်း လေးလနီးပါး ရှိသွားခဲ့ပြီ ဖြစ်တဲ့အတွက် အပြင်စည်း တက္ကသိုလ်ဟာလည်း တည်ငြိမ်နေတဲ့ ကန်ရေပြင် တစ်ခုလို ပြန်ဖြစ်သွားခဲ့ပါပြီ။

လီဖူချန်းတစ်ယောက် လမ်းတစ်ခုကို ဖြတ်အသွားမှာတော့ သိကျွင်းနဲ့ ပတ်သက်ပြီး ပြောနေတဲ့ အကြောင်း တချို့ကို ကြားလိုက်ရပါတယ်။

"မင်းတို့ သိပြီးပြီလား ... ။ ဝါစဉ်ကြီးအစ်ကို သိကျွင်းက လွန်ခဲ့တဲ့ လဝက်ကပဲ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားပြီတဲ့။ သူက အခုဆိုရင် တရားဝင် အတွင်းစည်း တက္ကသိုလ်ကျောင်းသား ဖြစ်သွားပြီ "

"အံ့သြစရာ ကောင်းလိုက်တာကွာ။ ဝါစဉ်ကြီးအစ်ကို သိကျွင်းက အသက်၃၁နှစ်ပဲ ရှိသေးတာ မဟုတ်လား။ သူက အသက်၃၁နှစ်မှာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် ဖြစ်သွားတာ ဆိုတော့ ပထမတန်းစား ထွဋ်ခေါင်ပါရမီရှင် တစ်ယောက်ဆိုတာ သေချာသွားပြီ "

" အဲဒါတော့ ငါလည်း သေချာ မသိဘူးကွ။ ငါသိတာကတော့ အသက်၃၅နှစ် မတိုင်ခင်မှာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်တဲ့ လူတွေအားလုံးက ထွဋ်ခေါင် ပါရမီရှင်တွေပဲ "

" ဟူး ...  ငါလည်း ဘယ်အချိန်မှ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်မလဲ မသိဘူး။ ငါကြားတာကတော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်ကနေ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ကို ရောက်ဖို့အတွက် အချိန်၂နှစ် ကျင့်ကြံဖို့ လိုတယ်တဲ့ "

" ဟေ့ကောင်တွေ  ဟိုမှာကြည့်စမ်း ... ။ အဲဒါက ဝါစဉ်ကြီးအစ်ကို လီဖူချန်း မဟုတ်ဘူးလား"

" အစ်ကို ဖူချန်း ... ။ မင်္ဂလာပါ  ... "

လီဖူချန်းကို မြင်လိုက်တဲ့ အပြင်စည်းကျောင်းသား အချို့ကတော့ အလျင်အမြန် အရိုအသေ ပေးလိုက် ကြပါတယ်။

သူ့တိုရဲ့ မျက်လုံးထဲမှာတော့ လေးစား အားကျမှုတွေ အပြည့်ပါပဲ။

သူတို့အနေနဲ့ လီဖူချန်းကို မလေးစားလို့လည်း မရပါဘူး။ လီဖူချန်းဆိုတာက တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး အပြင်စည်းကျောင်းသားလို့ နာမည်ကြီးနေသူ တစ်ယောက်ပါ။အချို့ဆိုရင်  လီဖူချန်းဟာ  လူငယ်ဆရာသခင် စာရင်းထဲကိုတောင် ဝင်နိုင်လိမ့်မယ်လို့ တပ်အပ် ပြောနေကြပါပြီ။

လူငယ် ဆရာသခင်စာရင်း ဆိုတာက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် ဖြစ်သွားပြီ ဖြစ်တဲ့ ကျောင်းသားတွေကို အဆင့်သတ်မှတ်ချက်နဲ့ စီထားတဲ့ စာရင်းတစ်ခု ဖြစ်ပါတယ်။ အဲသည် လူငယ်ဆရာသခင် စာရင်းထဲကို ဝင်နိုင်တဲ့ လူငယ်တွေအားလုံးဟာ တကယ့် လက်ရွေးစင်တွေပါပဲ။ သူတို့ထဲက လူငယ်အများစုဟာ သူတို့ပိုင်ဆိုင်ထားတဲ့  အရိုးတည်ဆောက်ပုံရဲ့ အထူးစွမ်းရည်တွေကို နိုးထ စေခဲ့ပြီးပါပြီ။ သူတို့ဟာ တူညီတဲ့ ကျင့်ကြံခြင်း နယ်ပယ်မှာတော့ ပြိုင်ဘက်ကင်းတွေပါပဲ။

ဒါပေမဲ့လည်း လီဖူချန်း အတွက်ကတော့ လူငယ်ဆရာသခင် စာရင်းထဲကို ဝင်ဖို့ဆိုတာက မလွယ်လှတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက သာမန် ကြယ်၃ပွင့် အရိုး တည်ဆောက်ပုံကိုသာ ပိုင်ဆိုင်ထားလို့ပါပဲ။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက တစ်ခုခုကို ကိုယ်စားပြုတဲ့ အထူးအရိုး တည်ဆောက်ပုံတောင် မဟုတ်ပါဘူး။

" မင်္ဂလာပါ ညီလေးတို့ "

လီဖူချန်းကတော့ သူ့ကို အရိုအသေ ပေးတဲ့ ကျောင်းသားတိုင်းကို ပြန်နှုတ်ဆက် လိုက်ပါတယ်။ မာနကြီးပြီး အခြောက်တိုက် ဘဝင်မြင့်တယ် ဆိုတာက သူ့ရဲ့ အမူအကျင့် မဟုတ်ပါဘူး။

နောက်ဆုံးမှာတော့ လီဖူချန်းဟာ စုချွန်ရန်ရဲ့ အတန်းကို ရောက်လာခဲ့ပါပြီ။ စုချွန်ရန်ကတော့ သူ့ရဲ့ အတန်းကို လီဖူချန်း လာတဲ့အတွက် အပျော်ကြီးပျော်ကာ သူသိထားတဲ့ သိုင်းပညာ သဘောတရားတွေကို အိတ်သွန်ဖာမှောက် သင်ပြပါတော့တယ်။

****

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း ကောင်းကင် နယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိ လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ဘယ်အချိန်မှ ချိုးဖောက် ဝင်ရောက်နိုင်လဲ ဆိုတာတော့ မသိသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ တားဆီးနေတဲ့ အတားအဆီးကို မခံစားမိသေးလို့ပါပဲ။

" ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်ကနေ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ကို ရောက်ဖို့အတွက် အချိန်၂နှစ် ကြာတယ်တဲ့။ ငါ့ရဲ့ အဆင့်၂၁ နေမင်းဇော အဟုန် ကျင့်စဉ်ကလည်း ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ကျင့်ကြံမှုထက် သာမှာ မဟုတ်ဘူး။အင်း ...  ငါ့အနေနဲ့ သည်အဆင့်မှာ အနည်းဆုံးတော့ ၃နှစ်၊ ၄နှစ်လောက် နေရဦးမှာပါလား "

အရိုးတည်ဆောက်ပုံ အဆင့်မြင့်တဲ့ လူတွေက ကျင့်ကြံရာမှာ ပိုမြန်ပြီး နောက်ထပ်နယ်ပယ် တစ်ခုကို ချိုးဖောက်ရာမှာလည်း ပိုအခွင့်အရေး များပါတယ်။ သူ့အနေနဲ့  အရိုးတည်ဆောက်ပုံ အဆင့်မြင့်တဲ့ လူတွေကို အားကျတယ်ဆိုတာကလည်း သည်အချက်ကြောင့်ပါပဲ။

လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံမှုနှုန်းကတော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဲဒါက  ကြယ်ကံကြမ္မာ တောင်ထိပ်ပေါ်မှာ ရခဲ့တဲ့ အစစ်အမှန် နဂါး အမှတ်အသားကြောင့် ဖြစ်ပါတယ်။ သူ့အနေနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် ပြီးသွားရင်တော့ နဂါးအမှတ်အသားဟာ သူ့ရဲ့ကျင့်ကြံမှုအပေါ် သက်ရောက်မှု ရှိတော့မှာ မဟုတ်ပါဘူး။ အဲသည်အချိန်ကျရင်တော့ လီဖူချန်းဟာ သူ့ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း ပါရမီကိုသာ အားကိုးရတော့မှာ ဖြစ်ပါတယ်။

ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို ရောက်သွားပြီးရင်တော့ နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ် အဆင့်၂၁ရဲ့ အကူအညီနဲ့တောင်မှ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းဟာ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ကျင့်ကြံမှုနှုန်းလောက်သာ ရှိနေတော့မှာပါ။  ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို မပြောနဲ့။ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ကျင့်ကြံမှု နှုန်းကိုတောင် ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး။

" ငါက အခုဆိုရင်  အသက်၂၆နှစ် ရှိနေပြီ။ အသက်၂၈နှစ် မပြည့်ခင်မှာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ရမယ်  "

လီဖူချန်းက သန္နိဋ္ဌာန်တစ်ခုကို ချမှတ်ထားခိုက်ပါပြီ။

" ဝါစဉ်ကြီးအစ်ကို ဖူချန်း "

တစ်နေ့မှာတော့ လီဖူချန်းတစ်ယောက် အပြင်စည်း တက္ကသိုလ်အတွင်း လျှောက်သွား နေစဉ်မှာ  အဝေးတစ်နေရာကနေ လှမ်းခေါ်လိုက်တဲ့  အသံတစ်ခုကို ကြားလိုက်ရပါတယ်။

လီဖူချန်းက အနောက်ကိုလှည့်ပြီး အသံပိုင်ရှင်ကို ကြည့်လိုက်တဲ့ အခါမှာတော့ မအံ့သြဘဲ မနေနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသံပိုင်ရှင်က   နန်လင်းနယ်စား စံအိမ်ရဲ့ တတိယ သခင်မလေးရန်ယွီ ဖြစ်နေလို့ပါပဲ။

လီဖူချန်းဟာ  ရန်ယွီကို နန်လင်းမြို့ထဲမှာ တစ်ခါတွေ့ဖူးတာပါ။ အဲသည်တုန်းကတော့ လျိုယန်က သူ့ကိုတောင် ရန်ယွီနဲ့ ပြဿနာမဖြစ်ဖို့ သတိပေးခဲ့ပါသေးတယ်။

အခုတော့ လီဖူချန်းက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့  သီးသန့်တပည့် ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ရန်ယွီနဲ့ အဆင့်အတန်းချင်း သိပ်မကွာတော့ပါဘူး။ ပြီးတော့ လီဖူချန်းက အပြင်စည်း တက္ကသိုလ်ရဲ့  နံပါတ်၁ ထိပ်တန်းကျောင်းသားလည်း ဖြစ်နေပါသေးတယ်။ အဲသည်အတွက်ကြောင့် ရန်ယွီက လီဖူချန်းကို ဝါစဉ်ကြီးအစ်ကို အဖြစ် သတ်မှတ်လိုက်ပုံပါပဲ။

" ရန်ယွီ ... ။ ငါ့ဆီက အကူအညီ တစ်ခုခု လိုလို့လား "

လီဖူချန်းက ရန်ယွီကို မေးလိုက်ပါတယ်။

ရန်ယွီက ဘာမှ ပြန်မပြောသေးဘဲ လီဖူချန်းကိုသာ  စိုက်ကြည့် နေပါတယ်။

နေမင်းဇော အဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၁ကို ရောက်နေပြီဖြစ်တဲ့ လီဖူချန်းဟာ လွန်ခဲ့တဲ့ လေးလကနဲ့စာရင် အတော်လေး ကွာခြားသွားခဲ့ပါပြီ။ သူ့ရဲ့ ချီအရှိန်အဝါတွေဟာ ပိုပြီး ထက်မြက်လာသလို မမြင်ရတဲ့  အရှိန်အဝါတစ်ခုကလည်း ဆန့်ကျင်ဘက် လိင်အပေါင်းကို မကြည့်ရရင် မနေနိုင်အောင် ဆွဲငင်နေပါတယ် ။ ရန်ယွီက လီဖူချန်းထံကနေ သူ့ရဲ့ အကြည့်တွေကို မလွဲနိုင်တော့ပါဘူး။

အချိန်အနည်းငယ်ကြာမှ  ရန်ယွီက သတိဝင်လာပြီး ရှက်ကိုးရှက်ကန်းဖြင့်

" အစ်ကိုဖူချန်း ... ။ နောပ်ထပ်သုံးရက်ကြာရင် တောင်ပိုင်း တောအုပ် နယ်မြေဒေသမှာ ကောင်းကင်နယ်ပယ် ပညာရှင် လူငယ်တွေအတွက် ရည်ရွယ်ပြီး လက်ဖက်ရည် ပွဲတော်တစ်ခု လုပ်မှာ။ အဲသည် လက်ဖက်ရည် ပွဲတော်ကို ညီမတို့ အပြင်စည်း တက္ကသိုလ်ရဲ့ ကျောင်းသားတွေ သာမက အခြားသိုင်း တက္ကသိုလ်တွေက ကျောင်းသားတွေလည်း တက်ရောက် ကြမှာလေ။ အဲဒါ အစ်ကိုဖူချန်းကော တက်ရောက်ဖို့ စိတ်မဝင်စားဘူးလားလို့  ... "

" လက်ဖက်ရည်ပွဲတော်လား ... ။ တောင်းပန်ပါတယ် ရန်ယွီ။ အစ်ကိုက အဲသည်လို ပွဲတော်တွေကို လုံးဝ စိတ်မဝင်စားလို့ပါ "

လီဖူချန်းက အလျင်အမြန်  ငြင်းဆိုလိုက်ပါတယ်။

သူက ပျင်းစရာကောင်းတဲ့ လက်ဖက်ရည် ပွဲတော်မျိုးကို တက်ရောက်ဖို့အတွက် လုံးဝကို စိတ်မဝင်စားပါဘူး။ သူ့အတွက်တော့ ဒါက အချိန်ဖြုန်းတာ သက်သက်ပါပဲ။

ရန်ယွီက နှုတ်ခမ်းတစ်ချက် ကိုက်လိုက်ပြီး

" ဒါပေမဲ့ အစ်ကိုဖူချန်း ... ။ အဲသည် လက်ဖက်ရည်ပွဲတော်က  ဆရာသခင် မအိုသော ကလေးငယ်ရဲ့ ထာဝရနုပျိုခြင်း ဥယျာဉ်ထဲမှာ ကျင်းပမှာနော်။ ပြီးတော့ ဆရာသခင် မအိုသော ကလေးငယ်က ဆုအဖြစ် ဝိညာဉ်သန့်စင် သစ်သီးလေးလုံးကို ပေးဦးမှာတဲ့ "

" ဆရာသခင် မအိုသောကလေးငယ်က ဝိညာဉ်သန့်စင် သစ်သီးတွေ ပေးမှာလား "

အစောပိုင်းက လက်ဖက်ရည်ပွဲတော်ကို တက်ဖို့ စိတ်မဝင်စားဘူးဆိုတဲ့  လီဖူချန်းရဲ့ မျက်လုံးတွေက  အရောင်တောက် သွားခဲ့ပါပြီ။

ဆရာသခင် မအိုသောကလေးငယ် ဆိုတာက  တိုက်ပွဲဝိညာဉ် နယ်ပယ်က  ပညာရှင်တစ်ဦး  ဖြစ်ပါတယ်။ သူက မြေကမ္ဘာအဆင့်မြင့် ဆေးတွေကိုတောင် ဖော်စပ်နိုင်တဲ့ ဆေးပညာရှင်တစ်ဦး ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ အဆင့်အတန်းက နန်လင်းနယ်စားနဲ့ တောင်ပိုင်း တောအုပ် တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးထက်ကို ပိုမြင့်ပါတယ်။ သူက ခရမ်းရောင် ပန်းနိုင်ငံတော်ရဲ့ မဟာဆေးပညာရှင် ဆယ်ဦးထဲမှာလည်း ပါ ဝင်သူ တစ်ယောက်ပါပဲ။

ဝိညာဉ်သန့်စင်သစ်သီးဆိုတာက ဝိညာဉ်သန့်စင် အပင်တွေကနေ သီးတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ လူတွေ ပြောကြတာကတော့ သည်သစ်သီးရဲ့ ဆေးစွမ်းက မြေကမ္ဘာအဆင့်နိမ့် ဆေးတွေနဲ့ သိပ်မကွာပါဘူးတဲ့။ အဲသည်သစ်သီးတွေက စားသုံးတဲ့သူရဲ့ ကျင့်ကြံမှု အမြန်နှုန်းကို ယာယီ မြင့်တက် သွားစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ကျင့်ကြံခြင်းနယ်ပယ် နောက်တစ်ဆင့်ကို ချိုးဖောက်ခါနီး ဖြစ်နေတဲ့ ပညာရှင်တွေ အတွက်ကတော့ သည်ဝိညာဉ်သန့်စင် သစ်သီးဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးပါပဲ။

" ဘာဖြစ်လို့  ဆရာသခင် မအိုသော ကလေးငယ်က ဆုအဖြစ် ဝိညာဉ်သန့်စင် သစ်သီးတွေကို ပေးရတာလဲ "

လီဖူချန်းက သည်ကိစ္စကိုတော့ လုံးဝ နားမလည်ပါဘူး။

ဝိညာဉ်သန့်စင် သစ်သီးတွေဆိုတာက ဆရာသခင် မအိုသော ကလေးငယ် တန်ဖိုးထားတဲ့ သစ်သီးတွေဆိုတာ လူတိုင်းအသိပါပဲ။ ဆရာသခင် မအိုသော ကလေးငယ်က   ဘာကြောင့် သည်သစ်သီး လေးလုံးကို ဆုအဖြစ် ပေးရတာပါလိမ့်။

ရန်ယွီက လီဖူချန်းကို ရှင်းပြပါတယ်။

" အမှန်အတိုင်းပြောရရင်တော့ အရင်နှစ်တွေကလည်း ထာဝရနုပျိုခြင်း ဥယျာဉ်မှာ လက်ဖက်ရည်ပွဲတော်ကို ကျင်းပတယ်။ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အတွက် ဆိုပြီး တစ်ခု၊ ကောင်းကင် နယ်ပယ်ပညာရှင်တွေ အတွက်ဆိုပြီး တစ်ခုပေါ့။ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အတွက် ကျင်းပတဲ့ လက်ဖက်ရည် ပွဲတော်မှာဆိုရင် ဆုအဖြစ် ဝိညာဉ် သန့်စင်သစ်သီး ဆယ်လုံးနဲ့ အခြားရတနာတွေတောင် ပေးသေးတယ် "

" အဲလိုလား "

လီဖူချန်းက သေသေချာချာ နားမလည်ပေမယ့် ဆက်ပြီး မမေးတော့ပါဘူး။

တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေရဲ့ လုပ်ရပ်တွေက တစ်ခါတလေမှာ ဘယ်သူမှ နားမလည်နိုင်လောက်တဲ့အထိ  ကြောင်စီစီ နိုင်လွန်းပါတယ်။

ဆရာသခင် မအိုသောကလေးငယ်က သူ့ရဲ့ ထာဝရနုပျိုခြင်း ဥယျာဉ်ကို လူစည်ကားလိုတဲ့ အတွက် သည်ဝိညာဉ်သန့်စင် သစ်သီးတွေကို ဆုအဖြစ် ပေးအပ်တာ ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။

" ဟုတ်ပြီကွာ ... ။ လက်ဖက်ရည်ပွဲတော်ကို အစ်ကိုလည်း လိုက်မယ်"

ဝိညာဉ်သန့်စင် သစ်သီးဆိုတာကြီးကို ကြားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ လက်ဖက်ရည် ပွဲတော်ကို တက်ရောက်ဖို့ အတွက် မငြင်းနိုင်တော့ပါဘူး။

" တကယ်လား အစ်ကိုဖူချန်း ... ။ အဲဒါဆိုရင် နောက်သုံးရက်နေရင် သိုင်းတက္ကသိုလ်ရဲ့ တံခါးဝနားမှာ ဆုံကြရအောင်။ ဆက်ဆက် လာခဲ့နော်။ လုံးဝ မမေ့နဲ့ "

လီဖူချန်းရဲ့ ကတိစကားကို ရအပြီးမှာတော့ ရန်ယွီဟာ သမင်ပျိုမလေး တစ်ကောင်ပမာ အဝေးကို ပြေးထွက် သွားပါတော့တယ်။

သည်လိုနဲ့ပဲ အချိန်သုံးရက်ဟာ ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့ပါပြီ။

သုံးရက်ပြည့်တဲ့ နေ့မှာတော့ လီဖူချန်းဟာ ရန်ယွီကို ကတိပေးထားတဲ့ အတိုင်း တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ အဝင်ဝကို ထွက်လာခဲ့ပါတယ်။

" အစ်ကိုဖူချန်း "

ရန်ယွင်ကတော့ သိုင်းတက္ကသိုလ်ရဲ့ တံခါးဝမှာ ရောက်နှင့်နေပါပြီ။ သူနဲ့အတူ ကျန်းယုဖေး၊ ဝူကျိ၊ လင်းချောင်နဲ့ အခြားသော ထိပ်တန်းစာရင်းဝင် ကျောင်းသား နှစ်ယောက်လည်း ရှိနေပါသေးတယ်။

သိကျွင်း၊ ဝမ်ဟိုင်လုံ၊ ဇောင်ဖန်းဟွာနဲ့ အခြားသော ထိပ်တန်းစာရင်းဝင် ကျောင်းသား တစ်ယောက်က လွဲပြီး ကျန်တဲ့ ထိပ်တန်း ကျောင်းသားတွေ အားလုံးဟာ သည်နေရာမှာ စုမိနေကြပါပြီ။

" ကြည့်ရတာ ငါက အားလုံးကို စောင့်ခိုင်းလိုက်မိတာပဲ။ တောင်းပန်ပါတယ်ကွာ "

လီဖူချန်းက အားလုံးကို ပြုံးပြပြီး တောင်းပန်စကား ဆိုလိုက်ပါတယ်။

"  ဟာ ...  တောင်းပန်စရာ မလိုပါဘူး အစ်ကိုဖူချန်းရာ။ ကျွန်တော်တို့လည်း အခုလေးတင်မှ ရောက်တာပါ "

ထိပ်တန်း ကျောင်းသားတွေကလည်း လီဖူချန်း နောက်ကျနေတာနဲ့ ပတ်သက်ပြီး စိတ်ကွက် နေပုံမျိုး မရှိပါဘူူး။

" ကဲ ...  အစ်ကိုဖူချန်းလည်း ရောက်လာပြီဆိုတော့ သွားကြရအောင်"

ရန်ယွီက ထာဝရနုပျိုခြင်း ဥယျာဉ်ကို တောအုပ်ကို သွားဖို့အတွက် ဆော်သြ လိုက်ပါတယ်။

ထို့နောက်မှာတော့ ရန်ယွီက သူပြင်ဆင်ထားတဲ့ ယူနီကွန်းမြင်းတွေထဲက တစ်ကောင်ကို စီးပြီး ထွက်သွားခဲ့ပါပြီ။ ကျန်တဲ့ထိပ်တန်းကျောင်းသားတွေကလည်း သူတို့ ကြိုက်နှစ်သက်ရာ ယူနီကွန်းမြင်း တစ်ကောင်စီ ပေါ်ကို တက်ပြီး ရန်ယွီနောက်ကို လိုက်သွားပါတော့တယ်။

လမ်းတစ်ဝက်မှာတော့ လင်းချောင်က စိုးရိမ်ပူပန်နေတဲ့ လေသံဖြင့် စကားစလိုက်ပါတယ်။

" လက်ဖက်ရည်ပွဲတော်ကို အခြားသိုင်းတက္ကသိုလ် ၇ခုက ကျောင်းသားတွေလည်း တက်ရောက်ဦးမှာဆို  ... ။ ငါတို့ လူတွေနဲ့ သူတို့ကို ယှဉ်နိုင်ပါ့မလား "

ကျန်းယုဖေးက  စိတ်ဓာတ်ကျနေသော လေသံဖြင့် ပြန်ပြောလိုက်ပါတယ်။

" မယှဉ်နိုင်လည်း မတတ်နိုင်ဘူးဟေ့။  သိကျွင်းက ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီ။ ဝမ်ဟိုင်လုံကတော့ တံခါးပိတ် ကျင့်ကြံနေတယ်။ ဇိုဖန်းဟွာကလည်း  စိတ်မဝင်စားဘူးတဲ့ "

တကယ်လို့  လက်ဖက်ရည် ပွဲတော်ကို သိကျွင်းပါ တက်ရောက်ရင်တော့ သူ့အနေနဲ့ သည်လောက်အထိ စိတ်ဓာတ်ကျနေမှာ မဟုတ်ပါဘူး။ ခက်တာက သိကျွင်းက ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် သွားခဲ့ပါပြီ။  သူတို့အနေနဲ့ လက်ဖက်ရည် ပွဲတော်မှာ လီဖူချန်းကိုပဲ ယုံကြည်အားကိုး နေလို့လည်း မဖြစ်သေးပါဘူး။ ဒါက အရမ်းစွန့်စားရာ ရောက်ပါတယ်။

သည်တစ်ခါ လက်ဖက်ပွဲတော်ကို သိုင်းတက္ကသိုလ် ၇ခုက လက်ရွေးစင်တွေ လာကြမှာပါ။ အဲသည်အတွက် အစွမ်းထက်တဲ့ ပြိုင်ဘက်တွေနဲ့ တွေ့မယ်ဆိုတာ သေချာ သလောက်ပါပဲ။ အထူးသဖြင့် အဲသည် သိုင်းတက္ကသိုလ် ၇ခုထဲက ၃ခုဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ထက်ကို အဆင့်မြင့်ပါတယ်။

ကျန်းယုဖေးရဲ့  စကားကို ကြားအပြီးမှာတော့  လီဖူချန်းက လွဲပြီး  ကျန်တဲ့လူအားလုံးဟာ ယုံကြည်မှုတွေ အနည်းငယ် ပျောက်ဆုံးသွားခဲ့ပါပြီ။

သိကျွင်း၊ ဝမ်ဟိုင်လုံနဲ့ ဇိုဖန်းဟွာဆိုတာက လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေ ဖြစ်ပါတယ်။ သူတို့သုံးယောက် ပါမလာတာက တောက်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ပျမ်းမျှအင်အားကို လျော့ချလိုက်သလိုပါပဲ။ လီဖူချန်းက အစွမ်းထက်တယ် ဆိုပေမယ့်လည်း အခြားသိုင်း တက္ကသိုလ်၇ခုက လက်ရွေးစင် ကျောင်းသားတွေ အကုန်လုံးကိုတော့ အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။

တကယ်လို့ သိကျွင်း၊ ဝမ်ဟိုင်လုံနဲ့ ဇိုဖန်းဟွာတို့သာ ပါလာခဲ့ရင်တော့ သူတို့ရဲ့ အင်အားဟာ အခုထက် ပိုကောင်းလာမှာ အသေအချာပါပဲ။ အခြားသိုင်း တက္ကသိုလ်တွေကို ရှုံးနိမ့်ခဲ့ရင်တောင်မှ အပြတ်အသတ်ကြီး ရှုံးနိမ့်မှာ မဟုတ်ပါဘူး။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်နဲ့ နန်လင်းမြို့ဟာ သိပ်မဝေးလှတဲ့ အတွက် လီဖူချန်းတို့ တစ်သိုက်ဟာ အချိန်တိုအတွင်းမှာပဲ နန်လင်းမြို့ကို ရောက်ရှိလာခဲ့ပါပြီ။

နန်လင်းမြို့ထဲကို ဝင်အပြီးမှာတော့ တောင်ပိုင်း တောအုပ်သိုင်း တက္ကသိုလ်ရဲ့ ကျောင်းသား ၇ယောက်ဟာ ထာဝရနုပျိုခြင်း ဥယျာဉ်ကို ဦးတည်ကြပါတော့တယ်။

လီဖူချန်တို့အဖွဲ့  နန်လင်းမြို့ထဲ ရောက်ပြီးလို့ အချိန်အနည်းငယ် အကြာမှာပဲ  နန်လင်းမြို့ရဲ့ အလယ်မှာရှိတဲ့  စင်မြင့်တစ်ခုဟာ အရောင်တွေ တောက်ပလာပြီး ရုတ်တရက် ဆိုသလို လူတစ်အုပ် ပေါ်လာပါတယ်။

အဲသည်စင်မြင့်ကတော့  တည်နေရာရွှေ့ပြောင်း စင်မြင့်ပါပဲ။ ခရမ်းပန်းနိုင်ငံတော်ရဲ့ အဓိက မြို့ကြီး တိုင်းမှာတော့  သည်လို တည်နေရာ ရွှေ့ပြောင်း စင်မြင့်တစ်ခုစီ ရှိပါတယ်။ သည်တည်နေရာ ရွှေ့ပြောင်း စင်မြင့်တွေက ကြိုက်တဲ့ ဘယ်နယ်မြေ ဒေသကိုမဆို တည်နေရာ ရွှေ့ပြောင်း ပေးနိုင်ပါတယ်။

ပြီးတော့ သည်တည်နေရာရွှေ့ပြောင်း စင်မြင့်တွေကို အသုံးပြုခကလည်း ဈေးသိပ်မကြီးလှပါဘူး။ တည်နေရာ တစ်ခါရွှေ့ပြောင်းမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀သာ ကျသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  သည်စင်မြင့်တွေက နယ်မြေဒေသ တစ်ခုကနေ တစ်ခုကိုသာ တည်နေရာ  ရွှေ့ပြောင်း ပေးနိုင်လို့ပါပဲ။ နိုင်ငံတော် တစ်ခုကနေ တစ်ခုကို တည်နေရာ ရွှေ့ပြောင်းဖို့ ဆိုရင်တော့ ပိုပြီးအဆင့်မြင့်တဲ့ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ကို လိုအပ်သလို အသုံးပြုခကလည်း အဆပေါင်းများစွာ ပိုပေးရမှာ ဖြစ်ပါတယ်။ တိုက်ကြီးတစ်ခုကနေ တစ်ခုကို တည်နေရာရွှေ့ပြောင်းပြီး သွားလာချင်ရင်တော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အများစုတောင်မှ မတတ်နိုင်တော့တဲ့အထိ အသုံးပြုခက မြှောက်တက် သွားပါပြီ။ အရမ်းဝေးတဲ့ တိုက်ကြီး တစ်ခုနဲ့တစ်ခုကို တည်နေရာရွှေ့ပြောင်းရင် ကုန်ကျမယ့် အသုံးပြုခ ဆိုရင်တော့ သာမန် တိုက်ပွဲဝိညာဉ် ပညာရှင်တွေတောင်မှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး။ သည်နေရာမှာ တစ်ခု သတိပြုရမှာကတော့ တိုက်ကြီးတစ်ခုနဲ့ တစ်ခု တည်နေရာရွှေ့ပြောင်း စင်မြင့်ချင်း ချိတ်ဆက် ထားမှသာ တည်နေရာ ရွှေ့ပြောင်းလို့ ရမယ် ဆိုတာပါပဲ။

***

All Chapters