← Chapters

ပြစ်ဒဏ်

Vol. 47 Ch. 645

ပြစ်ဒဏ်

Vol. 47 Ch. 645

“...”

ကျန်းကျိရီက လင်းမင်ကို လှမ်းကြည့်ရင်း တွေးတောဟန်နှင့် တိတ်ဆိတ်သွား၏။ တစ်ခဏကြာပြီးနောက် သူမက တစ်သွေးတစ်သံ တစ်မိန့်သံဖြင့် အမိန့်ပေးလိုက်သည်။

“နင့်ရဲ့ လောကနယ်မြေကို ထုတ်ဖော်လိုက်စမ်း...”

ကုန်းလူမှာ ဘာမှ ဆက်မပြောပဲ တိတ်တဆိတ်ပင် ကြည့်နေခဲ့သည်။ သို့သော်လည်း စိတ်ထဲတွင်တော့ ကျန်းကျိရီ အဘယ်ကြောင့် အချိန်ဆွဲနေရသည်ကို သူ နားမလည်နိုင်ချေ။

ထိုအမှိုက်မှာ... ရွေးချယ်ခံ ပြိုင်ပွဲအတွင်း လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အပါအဝင် ပြိုင်ပွဲ ကြီးကြပ်သူနှင့် ထန် မင်းသမီးလေးတို့ထံမှ အကူအညီကို ရရှိခဲ့သည့်တိုင် ပြိုင်ဘက်ထံတွင် အပြတ်အသတ် ရှုံးနိမ့်ကာ ဒြပ်စင် ရတနာသိုက်ကိုပါ လက်လွှတ်ခဲ့ရသည်။ ရှင်းလင်းစွာပင် သူက လုံလောက်သည့် အရည်အချင်း မရှိပဲ အခြားလူထံမှ ရွေးချယ်ခံ နေရာကို လုယူခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးကို အဘယ်ကြောင့် ဂိုဏ်းမှ ပံ့ပိုးပေးရမည်နည်း။

လင်းမင်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။ ထို့နောက် သူက ထျန်းတျန် အတွင်းရှိ နယ်မြေမျိုးစေ့နှင့် ချိတ်ဆက်ကာ တစ်ရာ့ ငါးဆယ် မီတာ ရှိသည့် လောကနယ်မြေကို ထုတ်လွှတ်လိုက်လေသည်။ အကယ်၍ မျှော်လင့်ချက် မရှိသည့် အခြေအနေ တစ်ခုကို ရောက်နေသည် ဆိုလျှင်ပင် နယ်မြေမျိုးစေ့မှာ သူ့အတွက် ကယ်ပေါက် တစ်ခု ဖြစ်နေနိုင်သည် မဟုတ်ပါလား။

လင်းမင်၏ လောကနယ်မြေကို စစ်ဆေးရင်း ကျန်းကျိရီ၏ ဘယ်ဘက် မျက်ခွံက အနည်းငယ် လှုပ်ခါသွားသည်။ သို့သော်လည်း... သူမက မလိုလားအပ်သည့် ထိုအမူအရာကို ခပ်မြန်မြန်ပင် ပြန်လည် ရုတ်သိမ်းလိုက်သည်။

“နင့်ရဲ့ နယ်မြေ မျိုးစေ့က ထျန်းတျန်ထဲမှာ သီးခြားစွမ်းအင် တစ်ခုလို ပြုမူပြီး ဝိညာဥ် ကျင့်ကြံခြင်း လမ်းစဥ်ရဲ့ လွှမ်းမိုးမှုကိုပါ တိုက်ရိုက် ငြင်းဆန်နေတယ်... နက္ခတ္တ အင်အားနဲ့ မန်နာတို့လို သမာရိုးကျ စွမ်းအင်တွေ ကင်းမဲ့နေတဲ့ အပြင် ဟင်းလင်းပြင် အင်အားကလည်း မသန့်စင်ဘူး... တစ်နည်း ပြောရရင် နင် ပိုင်ဆိုင်ထားတဲ့ အတုအယောင် နယ်မြေ မျိုးစေ့က လုံးဝ မတည်ငြိမ်ဘူး...”

စိတ်ပျက်လက်ပျက် ပုံစံဖြင့် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြီးနောက် သူမက ကုန်းလူ၏ ဘက်သို့ လှည့်လိုက်၏။

“ရှင့်ရဲ့ အကြုံပြုချက်ကို ကျွန်မ မကန့်ကွက်တော့ဘူး...”

ပုံမှန်ဆိုလျှင် ထိုကဲ့သို့ အတုအယောင် လောကနယ်မြေတစ်ခုကို ပိုင်ဆိုင်ထားခြင်းက အထင်ကြီး အံ့သြစရာ ဖြစ်သော်လည်း အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ထိုအရည်အချင်းများကို လွယ်ကူစွာပင် ပေးနိုင်စွမ်း ရှိပေသည်။ အကယ်၍ ဝေ့ဝူယင်ကို ရနိုင်ခဲ့လျှင် လင်းမင်က ဘာအရေးပါသနည်း။

ကုန်းလူက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လင်းမင်ကို အေးတိအေးစက်ဖြင့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။

လင်းမင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ သတိပေးချက်များနှင့် ပြည့်နှက်သွား၏။ သူက မူလလှံကို ဆွဲထုတ်လိုက်ရင်း လောကနယ်မြေကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်လိုက်သည်။ အကယ်၍ ရန်သူက မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လျှင်ပင်... သူက ဒူးထောက်ကာ အသေခံလိမ့်မည် မဟုတ်ချေ။ မူလလှံတံကို ဆွဲကိုင်ကာ အစွမ်းကုန် ပြန်လည် တိုက်ခိုက်မည် ဖြစ်သည်။

ကုန်းလူက လက်တစ်ဖက်ကို ဖြည်းညင်းစွာပင် မြှောက်လိုက်ရင်း အစွမ်းထက် တိုက်ခိုက်မှု တစ်ခု ပြုလုပ်ရန် ပြင်လိုက်၏။ သို့သော်လည်း... ထိုအခိုက်တွင်ပင် စွမ်းအင် တစ်ခုက သူ့ခါးထံ လာရောက် ရစ်ပတ်ကာ ကျင့်ကြံခြင်းကို ချိတ်ပိတ်လိုက်သည်။

ကုန်းလူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားစဥ်မှာပင် နောက်နားမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“တော်လောက်ပြီ ကုန်းလူ... သူက ရွေးချယ်ခံ စမ်းသပ်ပွဲ သုံးခုကို ခုနလေးကတင် အောင်မြင်ထားတာ... ဂိုဏ်းရဲ့ စည်းကမ်းတွေကို မဖောက်ဖျက်သရွေ့ သူက ငါ့ ကာကွယ်မှုအောက်မှာ ရှိတဲ့ တရားဝင် ရွေးချယ်ခံပဲ”

အသံပိုင်ရှင်မှာ ဟန်ယုဟိုင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။ ကုန်းလူနှင့် ကျန်းကျိရီတို့ နှစ်ယောက် စလုံးမှာ ငြိမ်သက်သွားကာ လင်းမင်ကို လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲ၌ ထူးဆန်းသော အကြည့် အချို့က ဖြတ်ပြေးသွားကာ အဆုံးသတ်တွင်တော့ သက်ပြင်းတစ်ချက် ချလိုက်သည်။

အကယ်၍ လင်းမင် အနေဖြင့် ဟန်ယုဟိုင်၏ ကာကွယ်မှုနှင့် အတူ ရွေးချယ်ခံ အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းနိုင်လျှင်ပင် ဂိုဏ်း၏ ပံ့ပိုးမှုကို ရရှိရန်နှင့် ထိုက်တန်သော ရွေးချယ်ခံ အဖြစ် လူထု၏ သတ်မှတ်ခံရရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ မရေမတွက်နိုင်သော ကပ်ဘေးများနှင့် အန္တရာယ်များမှာ သူ့ကို ဆီးကြိုနေလိမ့်မည် ဖြစ်သည်။

လင်းရှန်းရှဲ့အား အပြစ်ပေးရန် ကိစ္စကိုတော့ ဟန်ယုဟိုင်က ဘာမှ ဝင်မပြောသွားခဲ့ချေ။ သူက ပိုင်ယုရှီ၏ အမှားကို ဖာထေးရန် အတွက် ဘာမှ မဆိုင်သည့် မိန်းကလေးအား အပြစ်ပေးရန် တိတ်တဆိတ်ပင် သဘောတူလိုက်ခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရှန်းရှန်း၏ မျက်နှာက မည်းမှောင်သွားခဲ့တော့၏။

...

ထိုအချိန် အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ၏ အမှောင် ဟင်းလင်းပြင် အတွင်း၌...

မိုးပြာရောင် လူသား သဏ္ဌာန် ပုံရိပ် တစ်ခုမှာ ကောင်းကင်လှစ်ကားထစ် တစ်ခု၏ ခြေရင်းတွင် ထိုင်ရင်း အဋ္ဌဂံ ကောင်းကင်ကို ငေးမော ကြည့်နေခဲ့၏။ သူ၏ စူးရှရှ မျက်လုံးများက အထပ်ထပ်သော အလွှာများကို ဖြတ်သန်းကာ တိကျသေချာသော တည်နေရာ တစ်ခုကို ငေးမော ကြည့်နေပုံ ရသည်။

အတန်ကြာပြီးနောက် ဝမ်ယုထျန်းက သူ၏ ဦးခေါင်းကို ပွတ်သပ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။ မည်သည့် အရာအား ရယ်မောနေကြောင်းကိုတော့ သူနှင့် ကောင်းကင်သာ သိပေလိမ့်မည်။

...

လင်းမျိုးနွယ် ကောင်းကင်သင်္ဘောထက်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ ထိုနေရာရှိ လူများကို ရှုပ်ထွေး ပွေလီသော ခံစားချက်များဖြင့် ကျန်ရစ်ခဲ့စေ၏။ လေထုပင်လျှင် မှုန်ရီ အုံ့မှိုင်း နေခဲ့သည်။

ပိုင်ယုရှီ ပြောတာသာ အမှန် ဆိုလျှင် ဝေ့ဝူယင်မှာ အလွန် ထူးချွန်သည့် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူက တိုက်ခိုက်ရေး စွမ်းရည်တွင် ထိပ်တန်း ရွေးချယ်ခံများကို ယှဥ်နိုင်သည့် အပြင် အဂ္ဂိရတ် ပါရမီတွင်လည်း ထာဝရ ဧကရာဇ်၏ အစောပိုင်း နေ့ရက်များထက် သာလွန် နေပေသည်။

အကယ်၍ လင်းရှန်းရှဲ့သာ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါက ထိုလူငယ်လေးမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အပိုင် ဖြစ်နေလောက်ပြီ ဖြစ်သည်။

လင်းမင်မှာ ကောင်းကင် သင်္ဘောထက်ရှိ လူမျာ၏ တူညီသည့် အကြည့်များနှင့် တုန့်ပြန်မှုများကို သတိထားမိလိုက်ရာ စိတ်ထဲမှ ကြိတ်ကာ လှောင်ရယ် မိလိုက်၏။ ဝေ့ဝူယင်က ပြိုင်ပွဲအတွင်းတွင် တားမြစ် နည်းလမ်းများကို သုံးခဲ့ကြောင်း သူနှင့် ပိုင်ယုရှီတို့ အထပ်ထပ် ရှင်းပြခဲ့ပြီး ဖြစ်သည်။ သို့တိုင်အောင်.. သူတို့က ထိုလူငယ်ကို အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွက် အရေးအကြီးဆုံး လူတစ်ယောက်လို တွေးခေါ်နေကြသည်။ မည်မျှ အရှက်ကင်းမဲ့လိုက်သနည်း။

ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုအရာက လင်းမင် အတွက် သိပ်မရေးမကြီးပါချေ။ သူ စိတ်အပူဆုံးက လင်းရှန်းရှဲ့ အတွက် ဖြစ်သည်။ ဟန်ယုဟိုင်က သူ့ကို ကာကွယ် ပေးခဲ့သည့်တိုင် လင်းရှန်းရှဲ့ကတော့ ပေါ့လျော့မှု အတွက် အပြစ်ဒဏ်ကို ခံရတော့မည် ဖြစ်သည်။

မြေကြီး ရှန့်ထိုများ ဖြစ်သည့် ကျန်းကျိရီနှင့် ကုန်းလူတို့က လင်းရှန်းရှဲ့ကို ခြေရာမဲ့ နောင်တ တောင်ကြားသို့ ပို့ဆောင်ရန် အကြံပြုခဲ့ကြသည်။ ထိုနေရာမှာ ထွက်ပြေးရန် ကြိုးစားသူများ၊ သစ္စာဖောက်များ၊ စည်းကမ်း ဖောက်ဖျက်သူများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်ကောင်များကို နှိပ်စက်ညှဉ်းပန်း ပြစ်ဒဏ် ပေးရန်အတွက် အထူးဖန်တီးထားသည့် နေရာတစ်ခု ဖြစ်သည်။ ကဗျာဆန်ဆန် နာမည်နှင့် မလိုက်ဖက်စွာပင် ထိုခြေရာမဲ့ နောင်တ တောင်ကြားမှာ အလွန် ရက်စက် ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ် ကောင်းလှသော နေရာတစ်ခု ဖြစ်သည်။

လင်းရှန်းရှဲ့၏ မိခင် လင်းရှန်းရှန်းမှာ ကျန်းကျိရီတို့၏ အမိန့်ကို ကြားသိရပြီးနောက်တွင် မျက်နှာတစ်ခုလုံး ဖြူရော်သွားခဲ့သည်။ ဂိုဏ်းအတွင်း သြဇာ အကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်သည့် ဟန်ယုဟိုင် ကိုယ်တိုင်က သဘောတူလိုက်သည့် အခြေအနေ မျိုးတွင် ဂိုဏ်းချုပ် ရာထူးဖြင့်ပင် သူမ တတ်နိုင်သော အရာ မရှိပါချေ။

လင်းရှန်းရှဲ့ကတော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ထိုမျှ ပြင်းထန်သည့် ပြစ်ဒဏ်မျိုးကို မျှော်လင့် မထားခဲ့သည်တိုင် လင်းမင်နှင့် ပိုင်ယုရှီတို့ထံမှ အကြောင်းစုံကို ကြားခဲ့ပြီးကတည်းက အကျိုးဆက်များကို သူမ မျှော်လင့်ထားပြီး ဖြစ်သည်။ ထိုအရာက သူမ အမှား မဟုတ်သည့်တိုင် သွယ်ဝိုက်သောနည်းဖြင့် တာဝန်ရှိသည်ကတော့ အမှန်ပင် ဖြစ်သည်။ ကျိုးပဲ့ဒြပ်စင်ဂိုဏ်းက ထိုအခွင့်အရေးကို မည်သည့် နည်းလမ်းနှင့်မျှ လက်လွှတ်လိမ့်မည် မဟုတ်ချေ။

ကျန်းကျိရီမှာ အလွန် ဆိုးရွားနေသည့် အခြေအနေနှင့် ကြုံနေရသည့်တိုင် လင်းရှန်းရှဲ့၏ တည်ငြိမ်နိုင်စွမ်းကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူးလိုက်မိ၏။ သို့သော်လည်း လင်းရှန်းရှဲ့ အပါအဝင် လင်းမျိုးနွယ် တစ်ခုလုံး အပေါ် သူမ၏ မုန်းတီးမှုက နည်းနည်းလေးမျှ လျော့ကျသွားခြင်း မရှိပါချေ။ ကျောက်စိမ်း ဒြပ်စင်ဂိုဏ်း ပြိုကွဲ၍ ယခုလို အခြေအနေဆိုးမျိုး ကြုံတွေ့ရခြင်းမှာ လင်းမျိုးနွယ် ဘိုးဘေးများ၏ အမှားကြောင့်ပင်။

ကျန်းကျိရီက မထွက်ခွာခင် လင်းမင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ မျက်လုံးများထဲတွင် အမည်မဖော်လိုသည့် အလင်း အချို့ ပေါ်လာပြီးနောက် သူမက လင်းမျိုးနွယ် ကောင်းကင် သင်္ဘောထက်မှ တိတ်တဆိတ်ပင် ပျောက်ကွယ်သွားခဲ့သည်။ အခြား မြေကြီးရှန့်ထို နှစ်ယောက်မှာလည်း ရှေ့ဆင့် နောက်ဆင့်ဆိုသလိုပင် ထွက်ခွာ သွားခဲ့ကြ၏။

ထိုအခါတွင်မှ လင်းမျိုးနွယ်၏ ကောင်းကင် သင်္ဘောထက်တွင် သက်ပြင်းချသံများ အစီအရီ ထွက်ပေါ်လာခဲ့တော့သည်။ သူတို့က တိတ်ဆိတ်ပင် လင်းမင်နှင့် လင်းရှန်းရှဲ့တို့ကို ကြည့်လိုက်မိ၏။ နေ့၌ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူတို့ လိုက်မမှီနိုင်တော့ချေ။

ပထမ... မြေကြီး ရှန့်ထို သုံးယောက် ပေါ်လာခဲ့သည်။ ဒုတိယ... အာရုဏ်ဦး ဧကရာဇ်မှာ သူတို့၏ ရှေးဟောင်း ရွေးချယ်ခံ တစ်ယောက် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ တတိယ... ရှေးဟောင်း ရွေးချယ်ခံ လင်းမင်မှာ အသတ်ခံရလုနီးနီး အခြေအနေအထိ ရောက်ရှိခဲ့သည်။ ထို့အပြင်... ဂိုဏ်းချုပ်၏ သမီးပင်လျှင် ပြင်းပြင်ထန်ထန် အပြစ်ပေးခံခဲ့ရသည်။

ခြုံငုံရပါက ထိုအရာအားလုံးက ဝေ့ဝူယင် ဆိုသည့် လူငယ်ကြောင့်ပင် ဖြစ်သည်။ သူက အသက်ငါးဆယ် မပြည့်သေးခင်မှာပင် အဘယ်ကြောင့် ထိုမျှ ထူးချွန် နေရကြောင်း သူတို့ နားမလည်နိုင်ကြချေ။

ထိုလူငယ်မှာ မည်ကဲ့သို့သော ကျင့်စဥ်မျိုးကို ကျင့်ကြံထားသနည်း။ သို့တည်းမဟုတ် သူ့နောက်တွင်ပင် အခြား အဂ္ဂိရတ် အာဏာရှင် ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်လော။ သူ အသုံးပြုခဲ့သည် ဆိုသည့် မိစ္ဆာကျင့်စဥ်ကရော မည်ကဲ့သို့နည်း။ ထိုအဖြေကို သူ တစ်ယောက်တည်းသာ သိပေလိမ့်မည်။

...

ကျင့်ကြံသူများ အတွက် သုံးနာရီမှာ မျက်တောင် တစ်ခပ်စာသာ ကြာမြင့်သော အချိန် ဖြစ်သည်။ သို့သော်လည်း... ထိုအတောအတွင်မှာပင် ဝေ့ဝူယင် ဆိုသော နာမည်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ဆိုင်ကလုန်း မုန်တိုင်း တစ်ခုလို ဖြတ်သန်းကာ ပျံ့နှံ့ နေခဲ့ပြီ ဖြစ်လေသည်။ အချို့ဆိုလျှင် ဝေ့ဝူယင် အကြောင်းကို ပိုမို တူးဆွရန် အတွက် ထာဝရဂြိုဟ်ကို ခရီးထွက်ရန်ပင် စီစဥ်နေကြပြီ ဖြစ်သည်။

သို့သော်လည်း လောလောဆယ်၌ အရေအကြီးဆုံးက အာရုဏ်ဦး နေမီးတောက် ဆေးလုံကို ဝယ်ယူနိုင်ရန် အတွက် ဖြစ်သည်။ ၎င်းက ကျင့်ကြံခြင်း၏ အခြေခံ စည်းမျဥ်းများကို ချိုးဖောက်ထားကာ ပါရမီရှင်များကို မွေးထုတ်ပေးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် ဖြစ်သည်။

လျူကလန်၏ တရားဝင် အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည့် လျူဖေးက ဆိုလျှင် ထိုဆေးလုံးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အနာဂတ် အုပ်စိုးသူကို ဆုံးဖြတ်ပေလိမ့်မည်ဟု ပြောဆိုခဲ့သည်။ ထိုစကားလုံးများက ကြယ်တာရာ နယ်မြေတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့သည်။

လျူဖေးက ထိုစကားလုံးများကို မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောခဲ့ကြောင်း မသိရသည့်တိုင် ထိုအရာက အရေးမကြီးချေ။

ထိုအခိုက်၌ လူတိုင်း၏ စိတ်ထဲတွင် ကြီးစိုးနေသည်က မဟာစက်ဝန်း ကြယ်ကွင်းပြင်ဟူသော အသုံးအနှုန်းပင် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ အလင်းရောင်ပြန် ခါးပတ်ကွင်းနှင့် ပိုမို ကောင်းမွန်သည့် ပတ်ဝန်းကျင်တို့ကြောင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ ခေါင်းဆောင် သဖွယ် ဖြစ်နေသည့်တိုင် ယဥ်ပြိုင်ဘက် ကင်းမဲ့နေသည်တော့ မဟုတ်ချေ။

ဒဏ္ဍာရီလာ အင်ပါယာ ကလန်ကြီး ကျဆုံးပြီးနောက်တွင် အခြား ကြယ်တာရာ နယ်မြေများမှာ တဖြည်းဖြည်း ပြန်လည် အင်အား ကြီမားလာကာ ပါရမီရှင်များကို မွေးထုတ်လာနိုင်ခဲ့သည်။ သူတို့က ပတ်ဝန်းကျင်ရှိ အားနည်းသည့် ကြယ်တာရာ နယ်မြေများကို တိုက်ခိုက် သိမ်းပိုက်ကာ နယ်မြေများ ပိုမို ကျယ်ပြန့်လာခဲ့သည်။ မူလက မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ကြယ်တာရာ နယ်မြေ သောင်းချီရှိရာမှ လွန်ခဲ့သည့် နှစ်သောင်းဂဏန်း အတွင်း နှစ်ဆယ့် သုံးခု အထိ လျော့ကျလာသည်ကို ထောက်ချင့်ခြင်းအားဖြင့် မည်သည့် ကြယ်တာရာ နယ်မြေမှ ခွန်အား မသေးလှကြောင်း သိရှိနိုင်ပေသည်။

အထူးသဖြင့် ကြယ်ကိုးပွင့် သူတော်စင် ခန်းမ အုပ်ချုပ်သည့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ ဆိုလျှင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ကိုပင် ပိုင်ဆိုင်ထားကာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ဒုတိယ အင်အား အကြီးဆုံး ကြယ်တာရာ နယ်မြေ အဖြစ် မကြာခဏ ဆိုသလို ရည်ညွှန်းခံရသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အဆုံးမဲ့ ကောင်းကင်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ယှဥ်ပြိုင်ဘက် ကင်းမဲ့ မနေကြောင်း သိမြင်နိုင်ပေသည်။

ထို့ကြောင့်ပင် လျူဖေး၏ စကားက များစွာ တာသွားခဲ့ခြင်း ဖြစ်သည်။ သုံးနာရီ အတောအတွင်းမှာပင် ရွှေရောင် အသက်နန်းတော်၏ လေလံပွဲကို အဆုံးမဲ့ ကောင်းကင် သာလျှင် မက အခြား ကြယ်တာရာ နယ်မြေများမှ အင်အားစုများပါ ပါဝင် လာခဲ့ကြပြီ ဖြစ်သည်။ အစောပိုင်းက လျစ်လျူထားခဲ့ကြသော လူများ ပင်လျှင် လေလံပွဲကို လက်မှတ်ကို စျေးကြီးပေး၍ မရမက ဝယ်ယူခဲ့ကြသည်။

ရွှေရောင် အသက်နန်းတော်မှာ စီးပွားရေး အခြေပြု အဖွဲ့အစည်းကြီး ဖြစ်လေရာ မည်သည့် အင်အားစုကိုမှ ကန့်သတ်ထားခြင်း မရှိပါချေ။ ထိုအရာက သူတို့ အချိန် သုံးနာရီခြားရန် ဆုံးဖြတ်ခဲ့သည့် ရည်ရွယ်ချက်လည်း ဖြစ်သည်။

နောက်ဆုံး၌ သတ်မှတ်ချိန် သုံးနာရီ ပြည့်ခဲ့ပြီ ဖြစ်သည်။ ရွှေရောင် အသက်နန်းတော်၏ ရွှေလေလံပွဲမှာလည်း စတင်ခဲ့ချေပြီ ဖြစ်လေသည်။

***

All Chapters