ရွှေရောင်လေလံပွဲ (၂)
Vol. 47 Ch. 647
အကယ်၍ အခြား အခြေအနေ တစ်ခုတွင်သာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုနှင့် ၎င့်အား နှစ်ဆယ့်လေးခါ ဦးစားပေး ဝယ်ယူခွင့် လေလံကို လျှို့ဝှက် ကျောက်တုံး ခုနစ်ဆယ့် ခြောက်ခုနှင့် ကြယ်တာရာ အမတေ ကျောက်တုံး ရှစ်သိန်း ပေး၍ ဝယ်ယူရန် ကြိုးစားသည် ဆိုပါက ထိုလူအား ရူးနေသည်ဟု ပြောကြလိမ့်မည် ဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုပါက အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုပင် ကြယ်တာရာ အမတေ ကျောက်တုံး တစ်သိန်းမျှသာ တန်ဖိုး ရှိသော အခြေအနေတွင် ထိုပမာဏက ရူးသွပ်ဖွယ် ကောင်းလွန်းလှသည်။
သို့သော်လည်း ချန်းကလန်နှင့် ပင်းကလန် နှစ်ခုစလုံးက အထိန်းအကွပ် မရှိ ဉာဏ်ရည် နိမ့်ပါးသည့် မျိုးနွယ်များ ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ သာမန် အဆင့်ကိုး ဆေးလုံး တစ်လုံးထက် အများကြီး ပိုသည့် ထုတ်ကုန် တစ်ခု ဖြစ်သည်။ ၎င်း၏ အကျိုးသက်ရောက်မှုက သမာရိုးကျ ကျင့်ကြံခြင်း စည်းမျဥ်းများကို ချိုးဖောက်ထားကာ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိသည်။
ထို့အပြင်... နောင်တစ်ချိန်တွင် ဆေးလုံး မည်မျှ များများ ထုတ်လုပ်နိုင်မည်ကို မည်သူမှ မသိနိုင်ချေ။ ထို့အပြင်... ဆေးလုံး တစ်လုံးချင်းစီ ထွက်ပေါ်လာမည့် အချိန်အကန့်အသတ်ကိုလည်း မသိရချေ။ တစ်နှစ်လော၊ ဆယ်စုနှစ် တစ်ခုလော၊ သို့မဟုတ် ရာစုနှစ် တစ်ခုလော။
သေချာတာ တစ်ခုကတော့... နောင်ရာစုနှစ် တစ်ခု အတွင်းမှာပင် ယခုလက်ရှိ ရွေးချယ်ခံ ဆိုသူများကို အာရုဏ်ဦး နေမီးတောက် ဆေးလုံးဖြင့် ပြုစုပျိုးထောင် ခံထားရသူများက အစားထိုး သွားလိမ့်မည် ဖြစ်သည်။ လောကနယ်မြေတစ်ခုမှာ တိုက်ပွဲများတွင်သာ အသုံးဝင်သည် မဟုတ်ချေ။ ပိုမို မြင့်မားသော ကျင့်ကြံခြင်း အဆင့်များကို နာလည်ရာ၌ အလွန် အထောက်အကူ ပေးလိမ့်မည် ဖြစ်သည်။ ထို့အပြင် ၎င်းမှ ထုတ်လွှတ်သည့် လောကဖိအားမှာ ခက်ခဲသော ရင်းမြစ်များကို စုပ်ယူရာ၌ ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။
တရွေ့ရွေ့နှင့် တစ်နာရီ အချိန် အထိ ရောက်ရှိသွား၏။ ချန်းရီလီနှင့် ပင်းထန်တို့၏ လေလံကြေးက အလွန်ပင် မြင့်မား လွန်းလှရာ ပိုမို အားနည်းသော အင်အားစုများကို တစ်ခါတည်း နောက်ဆုတ်ပြီးသား ဖြစ်စေခဲ့သည်။ ထို့အပြင်... အမတေ ကျောက်တုံး ခုနစ်ဆယ် ဆိုသော တန်ဖိုးမှာ တန်ခိုးရှင် အဆင့် အင်အားစုကြီးပင် လက်လွတ် စပယ် မသုံးဝံ့သော ငွေကြေး ဖြစ်သည်။ အကယ်၍ လေလံဝင်ရောက် ယှဥ်ပြိုင်မည် ဆိုပါက သူတို့ အနေဖြင့် ဂိုဏ်းအတွင်း ရှေ့ဦးစွာ ဆွေးနွေးဖို့ လိုအပ်ပေသည်။ ထို့ကြောင့်ပင် ရွှေရောင်အသက်နန်းတော်မှာ ရွှေလေလံပွဲတိုင်းတွင် နောက်ဆုံး ဝယ်ယူသူကို အတည်မပြုခင် အထိ အချိန် နှစ်နာရီ သတ်မှတ်ပေးထားခြင်း ဖြစ်သည်။
“သတ်မှတ်ချိန်ပြည့်ဖို့ တစ်နာရီပဲ လိုပါတော့တယ်...”
မာ့ဆုကျင်းက ကြေညာလိုက်၏။ လေထု၏ အခြေအနေက ပိုမို တင်းကြပ်လာကာ ဖိအားများမှာ ပိုမို တိုးလာခဲ့သည်။
နှစ်နာရီ ကန့်သတ်ချက်...
ထိုအရာက ကြာရှည်သယောင် ထင်ရသည့်တိုင် ရွှေလေလံပွဲ ကဲ့သို့ တန်ဖိုးကြီး လေလံပွဲ တစ်ခုအတွက်တော့ ပုံမှန် ဖြစ်သည်။ အကယ်၍ နောက်ထပ် တစ်နာရီ အတွင်း ထပ်တိုးပေးသူ မရှိပါက နောက်ဆုံး လေလံကြေး ပေးထားသည့် ပင်းကလန်မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ရရှိသွားတော့မည် ဖြစ်သည်။
“ကျုပ်ရဲ့ မလောက်လေး မလောက်စား ကြွယ်ဝမှုလေးနဲ့ ဝင်ရောက် ယှဥ်ပြိုင်ချင်တာမို့ အနှောက်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပေးကြပါ...”
ထိုအခိုက်မှာပင် ဝိညာဥ် ပုံရိပ်ယောင် တစ်ခု တောက်ပလာကာ အသံတစ်ခု ထွက်ပေါ်လာ၏။ သူ၏ အသုံးအနှုန်းနှင့် စကားလုံးများက နှိမ့်ချနေသည့်တိုင် လေသံကတော့ ပြင်းထန်သည့် ဝိညာဥ်အင်အား တစ်ရပ်ကို သယ်ဆောင်ထားကာ ချန်းရီလီနှင့် ပင်းထန်းတို့၏ ဝိညာဥ်ဖိအားများကို ဖျက်ဆီး ပစ်လိုက်သည်။
ချက်ချင်းပင်... လေလံပွဲ တစ်ခုလုံး ငြိမ်သက် တိတ်ဆိတ်သွားကာ အားလုံးမှာ အသံလာရာ နေရာကို လှမ်းကြည့် လိုက်ကြတော့၏။
အသံပိုင်ရှင်မှာ အမျိုးသား ကျင့်ကြံသူ တစ်ဦး ဖြစ်ကာ ကြင်နာပြီး ဖော်ရွေသည့် အပြုံးတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူက ချောမော ခန့်ညားခြင်း မရှိလှသည့်တိုင် ချန်းရီလီ၊ ပင်းထန်တို့နှင့် ခြားနားစွာပင် လူချစ်လူခင် ပေါများသည့် ရုပ်မျိုး ဖြစ်သည်။
ဟွမ်ရှောင်းမင်...
မာ့ဆုကျင်းမှာ ထိုကျင့်ကြံသူကို ချက်ချင်းပင် မှတ်မိလိုက်၏။ သူက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ ဒေသခံ တစ်ဦး မဟုတ်ပဲ ကိုယ်ပိုင် ကြွယ်ဝ ချမ်းသာမှုတို့ဖြင့် ပါရမီရှင် တပည့်များကို ပြုစုပျိုးထောင် ပေးနေသည့် လွတ်လပ်သော ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ဟွမ်ရှောင်းမင်သည်လည်းပဲ သေမျိုးတစ်ပိုင်း အရှင် အဆင့် လျှို့ဝှက် အာဏာရှင် တစ်ယောက်ပင် ဖြစ်သည်။ သို့သော်လည်း သူ့ကို ချန်းရီလီနှင့် ပင်းထန်တို့နှင့် တန်းတူဟု ဆူဆ၍ မရချေ။ သူက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းကာ အဆုံးမဲ့ ကောင်းကင်၏ သေမျိုး တစ်ပိုင်းအရှင် အဆင့် နှစ်ယောက်ကို့ပင် တစ်ပြိုင်နက်တည်း တိုက်ခိုက် အနိုင်ယူဖူးသူ ဖြစ်သည်။
မာ့ဆုကျင်းက အသာအယာပင် ပြုံးရင်း စောင့်နေလိုက်၏။ ထိုနယ်ခြား ကျင့်ကြံသူနှင့် ပတ်သက်သည့် ဂုဏ်သတင်း မြောက်များစွာကို ကြားဖူးရာ သူက မည်ကဲ့သို့သော လူမျိုး ဖြစ်ကြောင်း သူမ သိရှိပြီး ဖြစ်သည်။
ဟွမ်ရှောင်းမင်က ရင်ဘတ်ကို ပွတ်သပ်ရင်း မာ့ဆုကျင်းဘက်ကို လှည့်လိုက်၏။ ထို့နောက် သူက တောက်ပသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း...
“ကျုပ်က ဒီပြောင်မြောက်တဲ့ အဂ္ဂိရတ် ထုတ်ကုန်ကို လျှို့ဝှက် မူလအရည် တစ်စက်နဲ့ ကမ်းလှမ်းချင်ပါတယ်...”
“...”
“ဘာကြီး...”
“လျှို့ဝှက် မူလ အရည် တစ်စက် ဟုတ်လား...”
သူ၏ စကားသံကို ကြားလိုက်ရသည်နှင့် အံ့အားသင့်သည့် အသံများမှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့၏။
ချန်းရီလီနှင့် ပင်းထန်းတို့ပင်လျှင် မျက်လုံးများ ပြူးကျယ်သွားကြသည်။ သို့သော်လည်း... သူတို့က ထိုကဲ့သို့ တုန့်ပြန်သည့် တစ်ဦးတည်းသော အဆင့်မြင့် ပုံရိပ်များ မဟုတ်ကြချေ။ ရွှေလေလံပွဲကို ကြည့်နေကြသည့် လျှို့ဝှက် အာဏာရှင် အဆင့် ပုဂ္ဂိုလ်ကြီးတိုင်းလိုလို တူညီစွာ တုန့်ပြန်လိုက်ကြခြင်း ဖြစ်သည်။ သူတို့က ဟွမ်ရှောင်းမင်ကို အံ့အားသင့်သည့် အမူအရာများဖြင့် ကြည့်လိုက်မိကြ၏။ ထိုနယ်ခြား ကျင့်ကြံသူက တကယ်ကြီးလော။
လျှို့ဝှက် မူလ အရည်က တစ်စက်တည်း ဆိုလျှင်ပင် ပေါ့သေးသေး ယူဆ၍ ရသော အရာ မဟုတ်ချေ။ ၎င်းက အလွန်အမင်း သန့်စင်သော မန်နာနှင့် အတူ လျှို့ဝှက် အမတေ အလွန်အမင်း ထူထပ်သော နေရာမျိုးတွင်သာ သဘာဝ အလျှောက် ဖြစ်ပေါ်လာတတ်သည့် သဘာဝ ရတနာမျိုး ဖြစ်သည်။ လျှို့ဝှက် မူလ အရည် တစ်စက် ဖြစ်ပေါ်လာဖို့ အတွက်ပင် နှစ်ပေါင်း တစ်သောင်းခန့် ကြာမြင့်တတ်ရာ ၎င်းက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ ပျမ်းမျှ သက်တမ်းနှင့် အတူတူပင် ဖြစ်သည်။
လျှို့ဝှက် မူလ အရည်၏ အကျော်ကြားဆုံး အကျိုးသက်ရောက်မှုက ကျင့်ကြံသူ၏ လျှို့ဝှက် ရည်ရွယ်ချက် အပေါ် နားလည်နိုင်စွမ်းကို မြှင့်တင်နိုင်စွမ်းပင် ဖြစ်သည်။ ၎င်းက ပါရမီရှင် ကျင့်ကြံသူ တစ်ဦးအား ပေး၍ အသုံးပြုပါက လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန် ဆယ်ရာခိုင်နှုန်း ပိုမို တိုးမြင့် သွားလိမ့်မည် ဖြစ်သည်။
သို့တိုင်အောင် ထိုအရာက လျှို့ဝှက်မူလ အရည်စက်၏ တစ်ခုတည်းသော အကျိုးသက်ရောက်မှု မဟုတ်ချေ။ ၎င်းကို လျှို့ဝှက် အာဏာရှင် ဒုတိယ အဆင့်များ သေမျိုးတစ်ပိုင်း အဆင့်သို့ တက်လှမ်းရာတွင်လည်း အသုံးပြုနိုင်ပေသည်။ အကယ်၍ အဆင့်တက်လှမ်းရာ၌ ကျရှုံးခဲ့လျှင်ပင် လျှို့ဝှက် မူလ အရည်စက်ကို လောင်မြိုက်ကာ သူတို့က ဒုတိယမြောက် အခွင့်အရေး ရရှိနိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ ဝူယုသာ ထိုရတနာကို ပိုင်ဆိုင်ထားခဲ့လျှင် အဆင့်တက်လှမ်းချိန်၌ ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရလိမ့်မည် မဟုတ်ချေ။
မာ့ဆုကျင်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။
“လျှို့ဝှက် မူလ အရည်တစ်စက်ရဲ့ တန်ဖိုးက စျေးကွက် ပေါက်စျေးအရဆိုရင် လျှို့ဝှက်ကျောက်တုံး တစ်ရာ ငါးဆယ့် နှစ်တုံးနဲ့ ညီမျှပါတယ်... အခုဆိုရင် ကမ်းလှမ်းမှုက လျှို့ဝှက်ကျောက်တုံး တစ်ရာ ငါးဆယ့် နှစ်တုံး အထိ မြင့်တက် သွားခဲ့ပါပြီ”
"…"
"…"
"…"
ကြယ်တာရာ နယ်မြေတစ်ခုလုံး တိတ်ဆိတ်သွား၏။ လျှို့ဝှက်ကျောက်တုံး တစ်ရာ ငါးဆယ့် နှစ်တုံး... ထိုငွေကြေးက မဟာစက်ဝန်း ကြယ်ကွင်းပြင်ရှိ အင်အား အများစု တတ်နိုင်သည့် ပမာဏထက် ကျော်လွန် သွားခဲ့ပြီ ဖြစ်လေသည်။ ထို့အပြင်.. အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ လောကသခင် အဆင့်အထက် ကျင့်ကြံသူများ အတွက် အသုံးမဝင်သလောက် ဖြစ်သည်။ ထို့ကြောင့်ပင် အများစုမှာ စွန့်စားရန် လက်လျှော့လိုက်ကြပြီ ဖြစ်လေသည်။
မာ့ဆုကျင်းမှာ ငြိမ်သက်စွာပင် ဆက်လက် စောင့်ဆိုင်းနေ၏။ အတွေ့အကြုံအရ ဟွမ်ရှောင်းမင်မှာ နောက်ဆုံး လေလံပေးသူ ဖြစ်လိမ့်မည်ဟု သူမ မယုံကြည်ချေ။ ယခုအချိန်အထိ ပြိုင်ပွဲအတွင်း ရောက်ရှိမလာသေးသည့် မြေကြီးရှန့်ထို များစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။
အချိန်များက တရွေ့ရွေ့ပင် ကျော်လွန်နေကာ နောက်တစ်ကြိမ် အချိန် ကန့်သတ်ချက် ပြည့်ရန် နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။
“သတ်မှတ်ချိန်ပြည့်ဖို့ ငါးမိနစ်ပဲ လိုပါတော့တယ်ရှင်...”
မာ့ဆုကျင်းက တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ကြေညာလိုက်၏။ ဟွမ်ရှောင်းမင်မှာ နောက်ဆုံး လေလံပေးထားသူ ဖြစ်ရာ နောက်ထပ် ငါးမိနစ် ကြာသည်နှင့် ထုတ်ကုန်က သူ့လက်ထဲသို့ ရောက်ရှိ သွားတော့မည် ဖြစ်သည်။
များစွာသော လူများမှာ စတင်ကာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။ အင်ပါယာ မျိုးနွယ်က ရွှေလေလံပွဲကို လက်လျှော့လိုက်သည်လော။ တော်ဝင်မျိုးနွယ် ရှစ်ခုနှင့် လောကဂိုဏ်းကြီး သုံးဂိုဏ်းက သည်အတိုင်း ငြိမ်သက် နေတော့မည်လော။ ထာဝရ အစည်းအရုံးနှင့် ပန်းပဲ နတ်ဘုရား အစည်းအရုံးတို့ကရော ဘယ်ရောက်နေကြသနည်း။
လေးမိနစ်...
သုံးမိနစ်...
မာ့ဆုကျင်းပင်လျှင် စတင်ကာ စိတ်လှုပ်ရှားလာခဲ့၏။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးက နယ်ခြား ကျင့်ကြံသူ တစ်ဦး၏ လက်ထဲသို့ တကယ်ကြီး ရှောက်ရှိသွားတော့မည်လော။
ဟွမ်ရှောင်းမင်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။ သို့သော်လည်း ကဏှာမငြိမ် ဖြစ်နေသည့် မျက်လုံးက သူ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သစ္စာဖောက်နေသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ကျင့်ကြံခြင်း လောက၏ အခြေခံ စည်းမျဥ်းများကို ချိုးဖောက်ထားရာ ရရှိလေ့လာနိုင်ပါက အကျိုးများစွာ ဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။ ထို့အပြင် ဆေးလုံးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မည် ဆိုသည် လျူဖေး၏ စကားကိုလည်း မမေ့သင့်ချေ။
နှစ်မိနစ်...
“အကန့်အသတ်မဲ့ သိုင်းဂိုဏ်းက သိုင်းကောင်းကင် ပုတီးစေ့ သုံးခုနဲ့ ကမ်းလှမ်းတယ်...”
***