← Chapters

ရွှေရောင်လေလံပွဲ (၃)

Vol. 47 Ch. 648

ရွှေရောင်လေလံပွဲ (၃)

Vol. 47 Ch. 648

“အကန့်အသတ်မဲ့ သိုင်းဂိုဏ်းက သိုင်းကောင်းကင် ပုတီးစေ့ သုံးခုနဲ့ ကမ်းလှမ်းတယ်...”

ကန့်သတ်ချိန် ရောက်ရန် နှစ်မိနစ်ခန့်မျှ အလိုမှာပင် ခပ်စွာစွာ အသံကလေး တစ်ခုမှာ ပရိသတ်များထဲမှ ထွက်ပေါ်လာ၏။ အားလုံး၏ မျက်လုံးများက အရောင်ပြောင်းလဲသွားကာ အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြသည်။

အသံပိုင်ရှင်မှာ မိန်းမငယ်လေး တစ်ယောက်ပင် ဖြစ်သည်။ သူမက အသက် ဆယ်နှစ်ပင် ကျော်ပုံ မပေါ်သေးကာ လုံးဝ အရုပ်ကလေးလိုပင် ဖြစ်သည်။ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း သူမ၏ ခပ်တိုတို ခြေထောက်ကလေးများက မြေပြင်နှင့်ပင် မထိပဲ တွဲလောင်းကျနေ၏။ ပန်းရောင်ဆံပင်လေးများကို နှစ်ဖက်ခွဲစီးထားကာ ရှေ့တွင် ဆံမြိတ်ချထားသည့် သူမ၏ ပုံစံက အလွန်ပင် ချစ်စဖွယ် ကောင်းလွန်းလှသည်။

သို့သော်လည်း... လူကြီး မျိုးဆက်များထဲ၌ မည်သူမှ ထိုကဲ့သို့ မခံစားရပါချေ။ ထိုအခိုက်၌ သူတို့ ခံစားမိသည့် တစ်ခုတည်းသော အရာက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် ဝိညာဥ်ဖိအား ဖြစ်သည်။ အချို့သော ဝိညာဥ် ပုံရိပ်ယောင်များဆိုလျှင် မျက်နှာများပင် ဖြူရော် သွားကာ မူလခန္ဓာများတွင် နှာခေါင်းသွေးများပင် စီးကျလာခဲ့ကြ၏။

သို့သော်လည်း... ဂျူနီယာ ကျင့်ကြံသူများကတော့ ထိုအကျိုးသက်ရောက်မှုကို ခံစားရပါချေ။ သူတို့ အတွက်တော့ မိန်းမငယ်လေးက အလွန်ပင် ချစ်စရာ ကောင်းလှကာ ပါးများကို ဆွဲညှစ်၍ ပွေ့ချီလိုသော ဆန္ဒများပင် ဖြစ်ပေါ်လာခဲ့လေသည်။

ဟွမ်ရှောင်းမင်၏ မျက်လုံးများမှာ အရောင်ပြောင်းလဲသွား၏။ စကားတစ်ခွန်းမှ မဆိုပဲ သူက ဦးတစ်ချက်သာ ညွှတ်ကာ နေရာတွင် ပြန်ထိုင်လိုက်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ မဟုတ်သည့်တိုင် မြေကြီးရှန့်ထိုတစ်ဦး၏ ဝိညာဥ်အော်ရာကို မမှတ်မိနိုင်ပါက သူက ဘာမှ မသုံးမကျသူ တစ်ဦး ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“အဲဒါက လုံလောက်သင့်တယ် ဟုတ်တယ်မလား...”

မိန်းမငယ်လေးက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။ သူမ၏ အသံကလေးက အပြစ်ကင်းစင်မှု၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားသည်။

မာ့ဆုကျင်းက တည်ငြိမ်စွာပင် ထိုမြေကြီး ရှန့်ထိုကို မျက်နှာချင်းဆိုင် လိုက်၏။ ရွှေလေလံပွဲကို ထိပ်သီး ပုဂ္ဂိုလ်ကြီးများပါ ပါဝင် လာနိုင်ကြောင်း မျှော်လင့်ထားပြီး ဖြစ်လေရာ ထိုအတွက် သူမ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

“တောင်းပန်ပါတယ်ရှင်... ရွှေလေလံပွဲက စည်းမျဥ်း အတိုင်းပဲ သွားပါတယ်... တကယ်ကလို့ နောက်ထပ် နှစ်နာရီ အတွင်း ကမ်းလှမ်းမယ့်လူ မရှိဘူး ဆိုရင် ထုတ်ကုန်က လူကြီးမင်းရဲ့ အပိုင် ဖြစ်လာပါလိမ့်မယ်”

မိန်းကငယ်လေးက မကျေနပ်ဟန်ဖြင့် အနည်းငယ် နှာခေါင်းရှုံ့လိုက်၏။ သူမ၏ အမူအရာက အလွန် ချစ်စရာ ကောင်းလှလေရာ မိန်းကလေး တပည့် အချို့မှာ ပွေ့ဖက်ချင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည် အကြီးအကဲများကတော့ နဖူး၌ ချွေးစက်များ ကျနေကာ ဝိညာဥ်ပုံရိပ်ယောင်ကို ဆက်လက် ထိန်းသိမ်းရန်ပင် မနည်း ကြိုးစားနေရသည်။

အချို့ဆိုလျှင် မာ့ဆုကျင်းကို တောင်းပန်သော အကြည့်များဖြင့်ပင် ကြည့်နေကြကာ တစ်ခုခု ပြုလုပ်ပေးရန် အသနားခံနေကြသည်။

သို့သော်လည်း မာ့ဆုကျင်းမှာ ချန်းရီလီနှင့် ပင်းထန်းတို့၏ လုပ်ဆောင်ချက်များကိုပင် ဝင်ရောက် စွက်ဖက်ခဲ့သူ မဟုတ်ချေ။ သို့ဖြစ်လေရာ ယခုတစ်ကြိမ်တွင်လည်း သူမက ဘာလုပ်ရမည်နည်း။

မိန်းကလေးက အားလုံး၏ အကြည့်များကို လျစ်လျူရင်း ကြေညာလိုက်၏။

“သိုင်းကောင်းကင် ပုတီးစေ့ တစ်ခုချင်းစီက လျှို့ဝှက် ကျောက်တုံး တစ်ရာ့ နှစ်ဆယ် တန်ကြေးရှိပါတယ်... အကန့်အသတ်မဲ့ သိုင်းဂိုဏ်းရဲ့ ကမ်းလှမ်းမှုက လျှို့ဝှက် ကျောက်တုံး စုစုပေါင်း သုံးရာ့ ခြောက်ဆယ်ပါ”

"…"

ဂျူနီယာများမှာ တိတ်ဆိတ် ဆွံအကာ မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။ ထိုမျှ စျေးကြီးသည်လား။ လူကြီး မျိုးဆက်များမှာ ဆက်လက် တည်ငြိမ်နေဆဲ ဖြစ်သည့်တိုင် သူတို့၏ မျက်လုံးများကတော့ သိသာ ထင်ရှားစွာပင် လောဘ အလင်းများဖြင့် ပြည့်နှက်နေသည်။

သိုင်းကောင်းကင် ပုတီးစေ့မှာ ယင်ယန် နတ်ဘုရား ပုတီးစေ့နှင့် သဘောတရားချင်း ဆင်တူပေသည်။ သို့သော်လည်း... သိုင်းကောင်းကင် ပုတီးစေ့မှာ ရုပ်ခန္ဓာ လေ့ကျင့်ခြင်းကို အထူးပြုကာ ကျင့်ကြံခြင်း ကိုင်းခွဲတစ်ခု ဖြစ်သည့် ခန္ဓာလမ်းစဥ် တည်ဆောက်နိုင်အောင် ကူညီပေးနိုင်သည်။ ၎င်းကို သိုင်းလမ်းစဥ်ဟု နာမည် တပ်ရလိမ့်မည် ဖြစ်သည်။

သိုင်းလမ်းစဥ်မှာ နာ့ရှင်းရီ၊ ချင်ချူးမူတို့ ပိုင်ဆိုင်ထားသည့် မွေးရာပါ ခန္ဓာများနှင့် ခြားနားသည်။ သိုင်းလမ်းစဥ် တစ်ခု ပိုင်ဆိုင်ထားခြင်းက အလွန်ပင် အကျိုးရှိလှကာ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို တက်လှမ်းရန် အတွက် ပိုမို မြင့်မားသော လိုအပ်ချက်များပင် ရှိသည်။

ကျင့်ကြံသူ အများစုမှာ သူတို့၏ ကြယ်တာရာ အမြုတေများကို အသုံးပြုကာ ရုပ်ပိုင်းဆိုင်ရာကို သန့်စင်ကြသည်။ ထို့အတွက် အချိန်၊ အားထုတ်မှုနှင့် ရင်းမြစ်များစွာ လိုအပ်သည်။ ထိုကဲ့သို့ အချိန်၊ အားထုတ်မှု၊ ရင်းမြစ်များစွာ သုံးစွဲကြည့်တိုင်အောင် များစွာသော ကျင့်ကြံသူများမှာ ကပ်ဘေး မတိုင်မှီ သတ်မှတ်ချက်ကို ပြည့်မှီခြင်း မရှိကြပဲ အချို့သာလျှင် အောင်မြင်ကြပေသည်။

သိုင်းကောင်းကင် ပုတီးစေ့မှာ ရုပ်ခန္ဓာ တစ်ခု တည်ဆောက်ရန် အတွက် ရတနာ တစ်ခုလိုပင် ဖြစ်သည်။ ၎င်းက သိုင်းလမ်းစဥ်ကို ဖွဲ့စည်းရန် ကူညီပေးနိုင်ကာ မသေချာ မရေရာပဲ အချိန်၊ အားထုတ်မှုနှင့် ရင်းမြစ်များ အသုံးပြုရမှု အပေါ် လျှော့ချပေးနိုင်ပေသည်။

သို့သော်လည်း... တစ်ခုချင်းစီ ယှဥ်လျှင်တော့ သိုင်းကောင်းကင် ပုတီးစေ့မှာ လျှို့ဝှက် မူလအရည် တစ်စက်ကို မှီရန် လိုအပ်ချက်များ ရှိနေသေးကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

မည်သို့ပင် ဆိုစေ... လျှို့ဝှက် မူလ အရည် တစ်စက်က လျှို့ဝှက် ကျော်ကတုံး တစ်ရာ ငါးဆယ့် နှစ်တုံး အဖိုးတန်ချိန်တွင် သိုင်းကောင်းကင် ပုတီးစေ့ တစ်ခုကတော့ တစ်ရာ့ နှစ်ဆယ်သာ တန်ဖိုးရှိသည် မဟုတ်ပါလား။

“ဆန့်ကျင်မိတဲ့ အတွက် ငရဲခွင်း တိုက်တန် ဧကရီကို တောင်းပန်ရတော့မှာပဲ... ကျွန်တော်က လျှို့ဝှက် ကျောက်တုံးလေးရာနဲ့ ကမ်းလှမ်းချင်ပါတယ်”

ပထမ တစ်ကြိမ်ကနှင့် ခြားနားစွာပင် နောက်တစ်ကြိမ် ကမ်းလှမ်းမှု အတွက် နှစ်နာရီကြာ စောင့်စရာ မလိုခဲ့ချေ။ မိနစ်ပိုင်း အတွင်းမှာပင် လူပုဂ္ဂိုလ် တစ်ယောက်မှာ စတင်ကာ စကားပြောလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ထိုထက် ပို၍ အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက ဝင်ရောက် ကမ်းလှမ်းလိုက်သူမှာ ဂျူနီယာ တစ်ယောက် ဖြစ်နေခြင်းပင်။

လူအုပ်ကြီး၏ မျက်လုံးများက နောက်တစ်ဖန် ရွေ့လျားသွားကာ အချိုးအဆစ် ကျနစွာ ကွေးနေသည့် ပါးရိုးများ၊ တောက်ပသည့် ရွှေရောင်မျက်လုံးများ၊ ဓားတစ်စင်းလို ဖြောင့်တန်းနေသည့် မျက်ခုံးမွှေးများ၊ မောက်မာမှု ကင်းမဲ့သည့် အပြုံးတစ်ခုနှင့် ယုံကြည်ချက် မြင့်မားစွာ ဆွဲဆောင်မှုရှိနေသော ပုံရိပ် တစ်ခုထံသို့ ရောက်ရှိသွားကြသည်။

သူက ချောမောသည်။ အလွန် လှပသည်။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် သူ၏ ပုံစံက အခြား စကြဝဠာ တစ်ခုမှ ရောက်ရှိလာသလို၊ တန်ခိုးရှင် တစ်ပါး နတ်သက်ကြွေလာသလို ကျက်သရေ ရှိလှသည်။

များစွာသော မိန်းမငယ်လေးများမှာ ခန္ဓာကိုယ် အပူချိန်များ မြင့်တက်လာကာ ရင်များ တဒိတ်ဒိတ် ခုန်လာကြ၏။ ဝိညာဥ်ပုံရိပ်ယောင် တစ်ခု ဖြစ်သည့်တိုင်အောင် ထိုအရာက သူ၏ တည်ရှိမှုကို ပေါက်ကြားစေကာ လောက၌ ထိုမျှ ချောမောသူ တစ်ဦး ရှိသေးကြောင်း အတည်ပြုပေးသည်။ သူက အစစ်အမှန် တော်ဝင် မျိုးနွယ် တစ်ယောက်၏ ဂုဏ်ကျက်သရေကို သယ်ဆောင်ထားကာ ကျား၊ မ မဆို လည်ပြန် ကြည့်ရလောက်အောင် ဆွဲဆောင်မှု ရှိသူ ဖြစ်သည်။

ငရဲခွင်း တိုက်တန် ဧကရီဟု အခေါ်ခံလိုက်ရသည့် မိန်းမငယ်လေးက လူငယ်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူမ၏ ဘယ်ဘက် မျက်ခုံးက စိတ်ဝင်တစားဖြင့် အပေါ်သို့ အနည်းငယ် မြင့်တက်သွားသည်။

“ထန်ရီဝူ...”

နာမည်ကို ရေရွတ်လိုက်ပြီးနောက် မိန်းကလေးက ဘာမှ ထပ်မပြောတော့ချေ။ သူမက နှုတ်ခမ်းကလေးကို အနည်းငယ် စူကာ အခြား တစ်ဖက်သို့ ပြန်လှည့်သွား၏။ ထပ်တိုး၍ ကမ်းလှမ်းချင်သည့်တိုင် ထန်ရီဝူ ပေးထားသော ကြေးကပင် သူမ တတ်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထန်ရီဝူ...

မာ့ဆုကျင်းမှာ မလှုပ်မယှက်ပင် အင်ပါယာ မင်းသားလေး၏ ဝိညာဥ် ပုံရိပ်ယောင်ကို ငေးကြည့် နေခဲ့မိ၏။ သူမ၏ မျက်လုံးများထဲတွင်တာ့ ခံစားချက် အရိပ်အယောင်များ ရှိနေခဲ့ကာ မြတ်နိုးမှုနှင့် လေးစားမှုတို့က တဖိတ်ဖိတ် တောက်ပနေသည်။ ကျော်ကြားထင်ရှားသည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည့်တိုင် ထိုအခိုက်တွင်တော့ မိန်းကလေးမှာ ရင်ခုန်သံကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါချေ။

မာ့ဆုကျင်းမှာ သေမျိုး စံနှုန်းဖြင့် တိုင်းတာပါက အသက်အရွယ် ကြီးရင့်သူ တစ်ဦးဟု ဆိုနိုင်သည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့်မူ အလွန်ပင် ငယ်ရွယ်သေးသည်။ သွေးသားဆန္ဒအရ အခြား မိန်းကလေးများ ကဲ့သို့ပင် တာအို လက်တွဲဖော် ရှာလိုသည့် ဆန္ဒ တစ်ခု သူမတွင် ရှိပေသေးသည်။

သူမက ရွှေရောင် အသက်နန်းတော် တတိယ ခန်းမ၏ လက်ထောက် အုပ်ချုပ်ရေးမှူး ဖြစ်ကာ မာ့ကျန်း၏ နောက်ဆုံး ကလေးလည်း ဖြစ်သည်။ အဆင့်အတန်း၊ ပါရမီ၊ ကြွယ်ဝမှု၊ ခွန်အား... ပြတ်လတ်သည့် အစိတ်အပိုင်း ဟူ၍ သူမတွင် တစ်ခုမှ မရှိချေ။ ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် သူမ၏ စိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်သည့် လူအနည်းငယ်သာ ရှိပေသည်။

ထန်ရီဝူ၏ နာမည်မှာ ထိုအနည်းငယ်ထဲတွင် ထိပ်ဆုံး၌ ရှိနေပေသည်။ သူက သူမ သာလျှင် မဟုတ်ပဲ ကြယ်တာရာ နယ်မြေတစ်ခုလုံးရှိ မိန်းကလေးတိုင်း နီးပါး၏ အိပ်မက် ဖြစ်သည်။

ထန်ရီဝူမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို အုပ်စိုးနေသည့် လက်ရှိ အဆုံးမဲ့ ကောင်းကင် ဧကရာဇ်ကြီး၏ သတ္တမမြောက် သားတော် ဖြစ်သည်။ သို့သော်လည်း... သူက ကိုယ်လုပ်တော် တစ်ပါးမှ မွေးဖွားလာသူ ဖြစ်သည်။

ပုံမှန်အားဖြင့် ဆိုပါက သူ၏ ဖြစ်တည်မှုမှာ မွေးချင်းများ၏ နှိမ့်ချ တိုက်ခိုက်မှုကို ခံရကာ ဆိုးရွားသော ကံကြမ္မာထဲ တန်းဆင်းသွားရမည့် ဘဝမျိုး ဖြစ်သည်။

ထန်ရီဝူမှာ ပြိုင်စံရှား ရုပ်ခန္ဓာဖြင့် မွေးဖွားလာသူ တစ်ယောက် မဟုတ်ချေ။ သူ့တွင် ကောင်းချီးပေးခံထားရသည့် ဆုလာဘ် မရှိချေ။ တစ်ပါးသူများက ပေးအပ်ထားသည့် ကြီးကျယ် ခမ်းနားသော ကံကြမ္မာလည်း မရှိချေ။ တစ်နည်း ဆိုရသော် သူက အသက် ဆယ့်သုံးနှစ်သို့ ရောက်သည် အထိ လူတိုင်း၏ လျစ်လျူမှုကို ခံခဲ့ရသူ ဖြစ်သည်။ ဧကရာဇ်၏ ကိုယ်လုပ်တော်များမှ မွေးဖွားလာသည့် အခြား ကလေး ၇၂၉ ယောက်ထဲလိုပင် သူက အရေးပါ အရာရောက်သူ တစ်ယောက် မဟုတ်ခဲ့ချေ။

သို့သော်လည်း တစ်ချိန်တည်း၌ သူက အခြားလူ တစ်ယောက် ဖြစ်ပေသည်။ သူ၏ အောင်မြင်မှုများက အလွန်ပင် အံ့အားသင့်စရာ ကောင်းလွန်းလှကာ အင်ပါယာ ကိုယ်တိုင်ကိုပင် တုန်လှုပ်စေခဲ့သည်။

ထန်ရီဝူမှာ အသက် ဆယ့်သုံးနှစ်တွင် အခြေခံ ရည်ရွယ်ချက်ထက် ပိုသည့် ရည်ရွယ်ချက် ကိုးခုကို နားလည်ခဲ့သည်။ ထိုအထဲ၌ နူးညံ့ ရည်ရွယ်ချက်များ ဖြစ်သည့် ဓား၊ ဒိုင်းကာ၊ လက်သီး၊ စစ်ပွဲ ရည်ရွယ်ချက် တို့ အပြင် ယန်အလင်း ရည်ရွယ်ချက်၊ ခရမ်းရောင် လျှပ်စီး ရည်ရွယ်ချက်၊ ရွှေအလင်း ရည်ရွယ်ချက်နှင့် ထိန်းချုပ်မဲ့ သွေးနီဓား ရည်ရွယ်ချက် တို့ကဲ့သို့သော အဆင့်မြင့် ရုပ်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များပင် ပါဝင်နေသည်။ ထို့အပြင်... သူက အခြေခံ ဒြပ်စင် ရည်ရွယ်ချက် ကိုးခုကို ပေါင်းစည်းကာ မူလ ဒြပ်စင် ရည်ရွယ်ချက်ကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။

အသက် ဆယ့်လေးနှစ်တွင် သူက ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းခဲ့သည်။

အသက်ဆယ့်ငါနှစ်တွင် ထာဝရ အစည်းအရုံး၏ တရားဝင် အဂ္ဂိရတ် ဧကရာဇ် အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ သူက မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်း တစ်လျှောက်တွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မရှိပဲ အဂ္ဂိရတ် ဧကရာဇ် ဖြစ်လာခဲ့သည့် အငယ်ဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။

အသက် ဆယ့်ခြောက်နှစ်တွင် ထန်ရီဝူမှာ အဆုံးမဲ့ ကောင်းကင်တွင် တစ်ခါမှ မထွက်ပေါ်ခဲ့ဖူးသည့် အဆင့်မြင့် ကြယ်တာရာ လက်နက် တစ်ခုကို ဒီဇိုင်းဆွဲခဲ့ကာ ပန်းပဲနတ်ဘုရား အင်ပါယာထံမှ ချီးကျူးမှုကို ရရှိခဲ့သည်။ ပန်းပဲ နတ်ဘုရား အင်ပါယာက ထန်ရီဝူ၏ ကြယ်တာရာ လက်နက်ကို တီထွင် ဖန်တီးဉာဏ် အရှိဆုံး ထုတ်ကုန် တစ်ခု အဖြစ် သတ်မှတ်ခဲ့သည်။

အသက် ဆယ့်ရှစ်နှစ်တွင် ထန်ရီဝူမှာ ဂြိုဟ်အကာအကွယ် အစီအရင် တစ်ခုကို ဒီဇိုင်းဆွဲနိုင်ခဲ့သည်။ ၎င်းမှာ အလွန်ပင် အစွမ်းထက်လှကာ စွမ်းအား အမြင့်ဆုံး မြေကြီး ရှန့်ထို တစ်ယောက်ကိုပင် ယာယီ တားမြစ်နိုင်စွမ်း ရှိသည်။ အင်ပါယာ ကလန်မှာ ထိုဂြိုဟ်အကာအကွယ် အစီအရင်ကို တန်ဖိုး ကြီးမြင့်စွာဖြင့် ရောင်းချခဲ့ပြီး ထိုအစီအရင်ကပင် ထန်ရီဝူကို မရေမတွက်နိုင်သည့် ကြယ်ဝ ချမ်းသာမှု၊ လေးစားမှု၊ ကျော်ကြားမှုများ ရရှိစေခဲ့သည်။

သို့တိုင်အောင်... ထိုအရာများမှာ သူ့အောင်မြင်မှုများထဲမှ အချို့သာ ဖြစ်သည်။ ထန်ရီဝူမှာ အဂ္ဂိရတ်၊ ပန်းပဲနှင့် ဗိသုကာ ပညာရပ်တို့တွင် အဓိပ္ပာယ် မဲ့လောက်အောင် ပြီးပြည့်စုံသည့် အရည်အချင်း ရှိသူ ဖြစ်သည်။ ထိုကဲ့သို့ ထူးချွန်လှသူ တစ်ယောက်ကို မည်သည့် မိန်းကလေးက သဘောမကျပဲ နေနိုင်ပါမည်နည်း။ သူတို့ထဲ၌ မာ့ဆုကျင်း ပင်လျှင် ချွင်းချက် မဟုတ်ခဲ့ချေ။

***

All Chapters