ရွှေရောင်လေလံပွဲ (၄)
Vol. 47 Ch. 649
သို့သော်လည်း သူ၏ ဂုဏ်သတင်းကို တစ်လောကလုံးထံ ကျော်ကြားစေသည့် အောင်မြင်မှုက သူ အသက် သုံးဆယ် အရွယ်၊ ကောင်းကင် အုပ်စိုးသူ ကျင့်ကြံခြင်း အဆင့်တွင် လောကသခင် တစ်ပါးကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
လောကသခင်...
၎င်းက ကြယ်တာရာ အမြုတေ အဆင့်ခုနစ် ဖြစ်သည်။ လောကနယ်မြေနှင့် လောကဖိအားတို့လို ပြိုင်စံရှား စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည့် အဆင့် ဖြစ်သည်။ ထန်ရီဝူမှာ ထိုအဆင့်ရှိသည့် ကျင့်ကြံသူကို ကြယ်တာရာ အမြုတေ အဆင့်နှစ်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ထိုအရာက မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။
ထို့အပြင်... အဆုံးမဲ့ ကောင်းကင်၌ မိစ္ဆာစစ်ပွဲ လောကနယ်မြေကဲ့သို့ ဆုတ်ယုတ်မှု ရာသီ မရှိသလို ခွန်အားကို မြှင့်တင်ရန် အတွက် ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် နည်းလမ်းများကိုလည်း အသုံးပြုထားခြင်း မရှိချေ။ သူက ကိုယ်ပိုင် ခွန်အား သီးသန့်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်ည်။
လက်ရှိ၌ ထန်ရီဝူမှာ အသက် လေးဆယ့် ငါးနှစ် ရှိပြီ ဖြစ်ကာ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်တည်းက အင်ပါယာ မင်းသား ရာထူးကို ရရှိခဲ့ပြီ ဖြစ်သည်။ လက်ရှိ၌ သူ၏ မိခင်မှာလည်း ကိုယ်လုပ်တော် အဖြစ်မှ တရားဝင် ဇနီးမယား အဖြစ် ရာထူး တိုးခဲ့ပြီ ဖြစ်ကာ ဧကရီ တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထိုအရာ အားလုံးက ထန်ရီဝူ၏ ကိုယ်ပိုင် ပါရမီ၊ အလုပ် ကြိုးစားမှု၊ အံ့မခန်း အောင်မြင်မှုတို့ကြောင့် ရရှိလာခဲ့သည့် အရာများ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်များအတွင်း၌ ထန်ရီဝူမှာ ငြိမ်သက်နေသည့်တိုင် သူ၏ ဒဏ္ဍာရီများကတော့ ယနေ့တိုင် ပဲ့တင်ထပ် နေဆဲ ဖြစ်ပေသည်။ အဆုံးမဲ့ ကောင်းကင် တစ်ခုလုံး၌ သူ၏ နာမည်ကို မသိသူ မရှိသလောက်ပင်။ ထို့အပြင် ထန်ရီဝူမှာ နောက်ထပ် ဆယ်စုနှစ် အနည်းငယ် အတွင်း ကျင်းပမည့် ဧကရာဇ် ရွေးချယ်ခံ ပြိုင်ပွဲတွင် ထင်ကြေး အပေးခံရဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ပြီးနောက်၌ ဝိညာဥ်အော်ရာ အရ ထန်ရီဝူမှာ ဝိညာဥ်ဆင်းတု အဆင့်ကို ရောက်ရှိပြီး ဖြစ်ပုံ ပေါ်သည်။ ထို့ကြောင့်ပင်... လက်ရှိ၌ သူက အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား အသုံးပြုရန် လုံးဝ သင့်တော်သည့် အခြေအနေတွင် ရှိသည်။ များစွာသော လူများမှာ ထန်ရီဝူကို ကြည့်ရင်း ရင်ခုန် စိတ်လှုပ်ရှား လာကြ၏။ အင်ပါယာ မင်းသားလေးမှာ မည်သည့် အကန့်အသတ်များကို ဆက်လက် ချိုးဖျက် ဦးမည်နည်း။
မာ့ဆုကျင်းမှာ ရှုပ်ထွေး ပွေလီနေသည့် စိတ်များကို ထိန်းချုပ်ရင်း ယဉ်ကျေးစွာပင် ကြေညာလိုက်၏။
“အမြင့်ဆုံး ကမ်းလှမ်းမှုက လျှို့ဝှက် ကျောက်တုံး လေးရာ ဖြစ်ပါတယ်ရှင်...”
“ ... “
လူထုမှာ တိတ်ဆိတ်သွားကာ လေထု၏ အရှိန်က တင်းမာလာ၏။ အင်ပါယာ မျိုးနွယ်မှာ အတွင်းပိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ကြောင်း အဆုံးမဲ့ ကောင်းကင်ရှိ လူတိုင်း သိကြပေသည်။ ယခု ထန်ရီဝူ ရှေ့သို့ ထွက်လာပြီ ဖြစ်လေရာ မကြာခင် ပြိုင်ဆိုင်မှု ပြင်းထန်သော တိုက်ပွဲ တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း အားလုံး နားလည်ပြီး ဖြစ်သည်။
မာ့ဆုကျင်း ကြေညာပြီး မိနစ်ပိုင်း အတွင်းမှာပင် ပရိသတ်များထဲမှ ရယ်မောသံ တစ်ခု ထွက်ပေါ်လာ၏။ ထိုအသံက အလွန်ပင် နက်ရှိုင်းလှကာ ပြင်းထန်သည့် ဝိညာဥ်အင်အားများကို သယ်ဆောင်ထားသည်။
“ဟား ဟား ဟား... ညီတော် ရီဝူတောင် ဒီပွဲကို ပါဝင်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး... ညီတော်လို ပါရမီရှင် တစ်ယောက်က ဒီဆေးလုံးကို မလိုလောက်ဘူးလို့ ထင်ထားတာ... မဟုတ်မှလွဲရော ညီတော်က ဝိညာဥ်ဆင်းတု အဆင့်မှာ ပိတ်မိနေတာလား... ကြည့်ရတာ ကျင့်ကြံခြင်းက အတော်လေး ခက်ခဲတဲ့ပုံပဲ”
ပရိသတ်များမှာ အသံပိုင်ရှင်ကို ချက်ချင်းပင် တန်းကာ မှတ်မိလိုက်ကြ၏။ သူက အဆုံးမဲ့ ကောင်းကင် နတ်ဘုရား ဧကရာဇ်၏ ဒုတိယ သားတော် ထန်ကူးယန်ပင် ဖြစ်ကာ အင်ပါယာ ပလ္လင် အတွက်ပါ မြင့်မားစွာ ထင်ကြေးပေးခံထားရသူ ဖြစ်လေသည်။ ထန်ကူးယန်မှာ အသက် ထောင်ချီ ရှိကာ လျှို့ဝှက် အာဏာရှင် အဆင့်သုံး သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်သည်။
ထန်ရီဝူက အသာအယာပင် ပြုံးလိုက်၏။ သူ၏ ဝိညာဥ် ပုံရိပ်ယောင်မှာ ထန်ကူးယန်၏ နှောက်ယှက်မှု အပေါ် မတုန်မလှုပ်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း စွဲမက်ဖွယ်ကောင်းလှသည့် သူ့မျက်လုံးများ၏ နောက်ကွယ်တွင်တော့ ပါးလွှာကာ မြင်နိင်ရန် ခက်ခဲသည့် ထိတ်လန့်မှု အလင်းရောင် တစ်ခု ရှိနေခဲ့ပေသည်။
ထန်ကူးယန်က ထန်ရီဝူ၏ မတုန်မလှုပ် အမူအရာကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်၏။ ထို့နောက်... သူက မာ့ဆုကျင်းဘက်သို့ လှည့်လိုက်ရင်း...
“ကျုပ်က ဒီထုတ်ကုန် အတွက်...”
“ခုနက ကမ်းလှမ်းမှုကို လျှို့ဝှက်ကျောက်တုံး နှစ်ရာ ထပ်တိုးတယ်...”
ထန်ကူးယန်၏ စကားမဆုံးခင်မှာပင် ထန်ရီဝူက သူ၏ ကမ်းလှမ်းမှုကို ကြားဖြတ်ကာ ထပ်တိုးလိုက်၏။ ထန်ကူးယန်၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ ထန်ရီဝူကို စိုက်ကြည့်လိုက်သည်။
ထန်ရီဝူက မတုန်မလှုပ်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သူက လှပစွာ ပြုံးလိုက်ရင်း ထန်ရီဝူကို ပြန်လည် ကြည့်လိုက်၏။
“တကယ်လို့ ဒီထက်ပိုပြီး ကမ်းလှမ်းနိုင်မယ် ဆိုရင် ကျုပ် နောက်ဆုတ်ပေးပါ့မယ် အကိုကြီး”
မာ့ဆုကျင်းက သိမ်မွေ့စွာပင် ပြုံးလိုက်၏။
“လက်ရှိ ကမ်းလှမ်းမှုက လျှို့ဝှက် ကျောက်တုံး ခြောက်ရာအထိ ရောက်ရှိသွားပါပြီ...”
ပရိသတ်များ၏ အသက်ရှူသံများမှာ တောင်ကြီးတစ်လုံး ဖိထားသလို လေးလံ သွားကြ၏။ လေလံကြေးကား ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို မြင့်မားနေခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် ကျောက်တုံး ခြောက်ရာ... ထိုအရာက ကြယ်တာရာ အဆင့် ဂြိုဟ်အကြီး တစ်လုံးကိုပင် ဝယ်ယူရန် လုံလောက်သော ပမာဏ ဖြစ်သည်။
ထန်ကူးယန်၏ မျက်ခုံးများမှာ အပေါ်သို့ အနည်းငယ် မြင့်တက်သွား၏။ ထို့နောက်... သူက ယုံကြည်ချက် ရှိစွာပင် ပြုံးလိုက်သည်။
“ကျုပ် ထန်ကူးယန်က အင်ပါယာ ကလန်ကို ကိုယ်စားပြုပြီး ကျွေ့ကျား ကောင်းကင်ဂြိုဟ်ကို ကမ်းလှမ်းတယ်...”
“ကျွေ့ကျား ကောင်းကင်ဂြိုဟ်... ဘာကြီး...”
လူတိုင်းမှာ ထိုနာမည်ကြောင့် ထိတ်လန့် တုန်လှုပ်သွားကြကာ ပါးစပ်မှ အာမေဋိတ်သံ အမျိုးမျိုး ထွက်လာခဲ့ကြ၏။ မာ့ဆုကျင်း၏ မျက်လုံးများ ပင်လျှင် တောက်ပသွားသည်။ ထန်ရီဝူ၏ ကမ်းလှမ်းမှု ပင်လျှင် အလွန် ကြောက်မက်ဖွယ် ကောင်းနေစဥ်တွင် ထန်ကူးယန်က လေလံပွဲကို ထပ်မံ အရှိန်မြှင့်ခဲ့သည်။
ကျွေ့ကျား ကောင်းကင်မှာ တာရာ လျှို့ဝှက် မိုင်းတွင်း ရှိသည့် ဂြိုဟ်အသေးစား တစ်ခု ဖြစ်ကာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင် တန်ဖိုး အရှိဆုံး ဂြိုဟ်များထဲမှ တစ်ခု ဖြစ်သည်။ ၎င်းက လျှို့ဝှက် အဆင့် ရတနာများ၊ လက်နက်များ၊ အဆောင်များ ပြုလုပ်ရာတွင် အသုံးပြုသည့် တာရာ လျှို့ဝှက် သတ္တုရိုင်းကို ထုတ်လုပ်ပေးသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် ထိုကဲ့သို့ဂြိုဟ် စုစုပေါင်း သုံးဆယ့်တစ်ခုသာ ရှိသည်။
ထန်ရီဝူက အပြုံးမပျက်ချေ။ သူက လက်နှစ်ဖက်ကို ယှက်ကာ အကိုဖြစ်သူကို ဂါရဝ ပြုရင်း အရှုံးကို ဝန်ခံလိုက်၏။ ထို့နောက် ပြန်လည် ထိုင်လိုက်သည်။
မာ့ဆုကျင်းမှာ ထန်ရီဝူ၏ ရှုံးနိမ့်မှု အတွက် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း... တာဝန်ကို သူမ ဆက်လက် ထမ်းဆောင်ရဦးမည် ဖြစ်သည်။
“ကျွေ့ကျား ကောင်းကင်ဂြိုဟ်က စျေးကွက်ပေါက်စျေး အရ လျှို့ဝှက်ကျောက်တုံး ၁၃၂၀ တန်ကြေး ရှိပါတယ်... လက်ရှိ လေလံကြေးကတော့ လျှို့ဝှက်ကျောက်တုံး ၁၃၂၀ ဖြစ်ပါတယ်ရှင်...”
"…"
"…"
"…"
ထို့နောက်... မိနစ်ပေါင်းများစွာ တိတ်ဆိတ် ငြိမ်သက်သွား၏။ အင်ပါယာ ကလန် ကိုယ်တိုင်က ပါဝင် လှုပ်ရှားနေပြီ ဖြစ်လေရာ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော ပါဝင် ယှဥ်ပြိုင်သူများမှာ နောက်သို့ဆုတ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။
သို့သော်လည်း... မာ့ကျန်းကတော့ ပြိုင်ပွဲမှာ မပြီးဆုံးသေးဟု ခံစားရ၏။ မဟာစက်ဝန်း ကွင်းပြင်တွင် အင်ပါယာ မျိုးနွယ်ကို မကြောက်မရွံ့ ရင်ဆိုင်ရဲသည့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ရှိနေသေးသည် မဟုတ်ပါလား။
“ကျုပ်ကို ပြပါ...”
မာ့ကျန်းမှာ ဝေ့ဝူယင်၏ တိုတိုတုတ်တုတ် စကားကို ပြန်လည် ကြားယောင်လိုက်မိ၏။ ရိုးရှင်း တိုတောင်း လှသည့်တိုင် ၎င်းတွင် အထပ်ထပ်သော အဓိပ္ပာယ် အလွှာများ ပါဝင်ကြောင်း သူ သိပေသည်။ ပိုမို တွေးတောလေလေ ၎င်း၏ အဓိပ္ပာယ်က ပိုမို လေးနက်လေလေ ဖြစ်သည်။
“ခင်ဗျား ဘယ်လောက် အစွမ်း ရှိလဲ ကျုပ်ကို ပြပါ...”
“ဘယ်သူက ပါရမီကို တန်ဖိုးထားလဲ ကျုပ်ကို ပြပါ...”
“ဘယ်သူက ကျုပ်ရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်နိုင်မလဲ ဆိုတာ ပြပါ...”
“ဘယ်သူက ကျုပ်ကို ခြိမ်းခြောက်နိုင်မလဲ ပြပါ...”
“... ကျုပ်ကို ပြပါ”
“... ကျုပ်ကို ပြပါ”
တစ်ချိန်တစ်ခါက ထာဝရ ဧကရာဇ် ရောက်ရှိလာသည်ကို သူ ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်။ အဆုံးမဲ့ ကောင်းကင်ကို ရောက်ရှိပြီးနောက် ထာဝရ ဧကရာဇ် ပြုလုပ်ခဲ့သည့် ပထမဆုံး အရာက အဖွဲ့များ တည်ထောင်ခြင်း မဟုတ်ချေ။ သစ္စာရှိသည့် ပါရမီရှင် နောက်လိုက်များကို စုစည်းခဲ့ခြင်းသာ ဖြစ်သည်။ နောက်ဆုံး၌ အဆုံးမဲ့ ကောင်းကင်၏ အကျော်ကြားဆုံး အဂ္ဂိရတ် အဖွဲ့အစည်းပင် သူ့ထံ၌ ဒူးထောက် ရှုံးနိမ့်ခဲ့ရကာ နှစ်ပေါင်း သောင်းချီ သမိုင်းကြောင်း ရှိသည့်တိုင် သူ၏ အဖွဲ့ တစ်ခု ဖြစ်လာခဲ့ရသည်။
သူတို့ နှစ်ယောက်၏ လုပ်ဆောင်ချက်များမှာ ခြားနားသော်လည်း မာ့ကျန်းကတော့ ဝေ့ဝူယင်နှင့် ထာဝရ ဧကရာဇ် အကြားတွင် တူညီချက်များ ရှိသည်ဟု ခံစားရသည်။ ဝေ့ဝူယင်၏ နောက်ခံကို စုံစမ်းကြည့်တော့ ထာဝရ ဧကရာဇ်နှင့် ထပ်တူညီသည့် အောင်မြင်မှုများစွာကို ရရှိခဲ့ကြောင်း နားလည်လာခဲ့သည်။ သူတို့ နှစ်ယောက်ထဲတွင် မည်သူက ပိုမို ထူးချွန်သည်ကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။
“အာရုဏ်ဦး အာဏာရှင် ဧကရာဇ်...”
မာ့ကျန်းက ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။ သူတို့ အကြားတွင် အမှန်တကယ် ဆက်စပ် ပတ်သက်နေသည်လား၊ သို့မဟုတ်... တိုက်ဆိုင်မှု သက်သက်လား မသိရသည့်တိုင်အောင် သေချာတာတစ်ခုကတော့ သူတို့ နှစ်ယောက်စလုံး၏ လမ်းကြောင်းများက ရပ်တန့်လို့ မရအောင် ကြီးကျယ်ခမ်းနားခြင်း ဖြစ်သည်။ သို့သော်လည်း... ထိုအရာက ပြိုင်ဘက်မရှိ၊ ရန်သူ မရှိဟု ဆိုလိုခြင်းတော့ မဟုတ်ချေ။
ယခုအချိန် အထိ ငြိမ်သက်နေသည့် ထာဝရ အစည်းအရုံးကို ကြည့်ရင်း လူအိုကြီး၏ မျက်လုံးများက အနည်းငယ် မှေးမှိန်သွား၏။ ရင်ဆိုင်လာရနိုင်သည့် အတားအဆီးများက ဝေ့ဝူယင် အတွက် မလွယ်ကူနိုင်တာတော့ သေချာလှပေသည်။
တစ်နာရီ တိတိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်အထိ အင်ပါယာ ကလန်ထက် တိုးပေးသူ တစ်ယောက်မှ မရှိသေးချေ။
လျှို့ဝှက်ကျောက်တုံး ၁၃၂၀ မှာ တော်ဝင် မျိုးနွယ်များ တတ်နိုင်သည့် အကန့်အသတ်ထက် များစွာ ကျော်လွန်နေသည့် ပမာဏ ဖြစ်သည်။ တဖန်... လောကဂိုဏ်းကြီး သုံးဂိုဏ်းနှင့် လျှို့ဝှက် အစည်းအရုံးများကို ကြည့်ရလျှင်လည်း အကန့်အသတ်မဲ့ သိုင်းဂိုဏ်းမှာ ဝင်ရောက် ပြိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက် ကိုယ်တိုင် ပါဝင်လာခဲ့ခြင်းကို ထောက်ချင့်ပါက ဆေးလုံးအား သူတို့ မည်မျှ အလေးထားကြောင်း သိသာပေသည်။
အစစစ်အမှန် ဒြပ်စင်ဂိုဏ်းကတော့ ဘယ်တော့မှ ဝင်ရောက် ပြိုင်ဆိုင်လိမ့်မည် မဟုတ်ပါချေ။ ပထမ တစ်ချက်... သူတို့က ရင်းမြစ် မျှဝေမှု ပြဿနာ အတွင်း၌ နစ်မြုပ်နေကာ ဘဏ္ဍာရေး အကြပ်အတည်း များစွာနှင့် ရင်ဆိုင်နေရသည်။ ဒုတိယ တစ်ချက်... ဆေးလုံးအား ဖန်တီးခဲ့သည့် အဂ္ဂိရတ် ပညာရှင်နှင့် သူတို့ အကြားတွင် တစ်စုံတစ်ရာ ဆက်စပ်နေသည် ဆိုသော ကောလဟလများလည်း ပျံ့လွင့်နေသည်။ ထို့ကြောင့်ပင်... ဆေးလုံးကို ဝင်ရောက် ကမ်းလှမ်းဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
အာကာသ ဝေဟင်ဂိုဏ်းကတော့ အမြဲလိုလို လျှို့ဝှက်စွာ တည်ရှိနေသည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သူတို့က အပြင်လောကတွင် လှုပ်ရှားခဲသည်။ အကယ်၍ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ပါကလည်း သူတို့က ဤမျှ စိတ်ရှည်လိမ့်မည် မဟုတ်ချေ။
သို့ဖြစ်လေရာ ပန်းပဲနတ်ဘုရား အစည်းအရုံးနှင့် ထာဝရ အစည်းအရုံး နှစ်ခုသာ ကျန်ရှိပေသည်။ သို့သော်လည်း... ပန်းပဲ နတ်ဘုရား အစည်းအရုံးမှာ ပန်းပဲတာအိုကိုသာ အာရုံစိုက်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်လေရာ အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ထိုမျှ စျေးကြီးကြီးပေး၍ မဝယ်မှာ သေချာသည်။
တစ်ခုတည်းသော ကျန်နေသည့် အဖွဲ့အစည်းက ထာဝရ အစည်းအရုံး ဖြစ်သည်။ ထာဝရ အစည်းအရုံးမှာ ဆေးပညာကို အာရုံစိုက်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်လေရာ ဆေးလုံးကို စိတ်ဝင်စားကောင်း ဝင်စား နိုင်ပေသည်။ သို့သော်လည်း... ယခုအချိန် အထိ မလှုပ်ရှားသေးခြင်းကို ထောက်ချင့်ရပါက သူတို့က မပါဝင်တော့ဟု ယူဆ၍ ရသည်။
တစ်နာရီခွဲ အကြာတွင်တော့ လူတိုင်းမှာ ပင့်သက် ကိုယ်စီရှိုက်ကာ စိတ်ကို လျှော့ချလိုက်ကြ၏။ ကြည့်ရသည်က အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို အင်ပါယာ မျိုးနွယ် ပိုင်ဆိုင်သွားတော့မည့် ပုံပင်။
“ကြယ်ကိုးပွင့် ရှန့်ထို ခန်းမက လျှို့ဝှက်မြေကြီး အဆင့်၊ အဆင့်မြင့်၊ အရည်အသွေးနိမ့် လျှို့ဝှက်ဆန္ဒ ဆုံစည်းခြင်း ဆေးလုံး ငါးလုံးနဲ့ ကမ်းလှမ်းတယ်”
"…"
"…"
ရုတ်ချည်းပင် လူတိုင်းမှာ တိတ်ဆိတ် ငြိမ်သက် သွားကြတော့၏။
***