ဝိညာဉ်သန့်စင် သစ်ပင်
Vol. 29 Ch. 389
"တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ဆိုတာက သိုင်းတက္ကသိုလ် ၂၄ခု ထဲမှာတောင်မှ အလယ်နား မရောက်တရောက်ပဲ ရှိတာ။ ဝိညာဉ်သန့်စင် သစ်သီးအတွက်သာ မဟုတ်ရင်တော့ ငါတို့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်က သူတို့နဲ့ ယှဉ်ပြိုင်ပြီး ငါတို့ရဲ့ အဆင့်အတန်းကို နိမ့်ချစရာ အကြောင်းမရှိဘူး "
အဲသည် စကားကိုတော့ တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်မှာ ပေါ်လာတဲ့ လူငယ် ၈ယောက်ထဲက အသားညိုညိုနဲ့ ခပ်ချောချော လူငယ်လေး တစ်ယောက်က ပြောလိုက်တာပါ။ သူက သူ့ကိုယ်သူ အတော်လေး စိတ်ကြီးဝင်နေပုံပါပဲ။
"ခရမ်းရောင်ပန်း နိုင်ငံတော် တစ်ခုလုံးမှာတောင်မှ ဝိညာဉ်သန့်စင် သစ်ပင်က ၃ပင်တည်း ရှိတာ။ ဝိညာဉ်သန့်စင် သစ်သီးရဲ့ တန်ဖိုးက နိမ့်ရင် နိမ့်နေလိမ့်မယ်။ ဒါပေမဲ့ အဲသည်သစ်သီးက ငါ့ကို ပြန်လည်ဝင်စားခြင်း နယ်ပယ်ထဲကို အလျင်အမြန် ချိုးဖောက် ဝင်ရောက် စေနိုင်တယ်။ ပြီးတော့ ဘေးထွက် ဆိုးကျိုးလည်း မရှိဘူး။ အဲသည်တော့ သည်ကို လာရတာက တန်ပါတယ် "
အလွန်လှပတဲ့ မိန်းမချောလေး တစ်ယောက်ကတော့ ခေါင်းဆောင် ဖြစ်ဟန်တူတဲ့ မျက်နှာထား ခပ်တင်းတင်း လူငယ်ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
အဲသည်လူငယ်ရဲ့ မျက်လုံးတွေကတော့ ဓားပါးလေး နှစ်လက်အလား စူးရှတောက်ပ နေပါတယ်။ သူ့ရဲ့ မျက်လုံးကို ကြည့်လိုက်မိတဲ့ သူတိုင်းဟာ သူတို့ရဲ့ ဝိညာဉ်တွေကို လှီးဖြတ်လိုက်တဲ့ အလား ခံစားရမှာ အသေအချာပါပဲ။
သူက အေးစက်စက် လေသံဖြင့်
" ငါတို့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်က သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်၅မှာ ရပ်တည်နေတာ။ လက်ဖက်ရည်ပွဲတော်မှာ ငါတို့ သိုင်းတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို မချမိကြစေနဲ့ "
" လန်ဖန်း ... ။ ငါတို့က မင်းလို အစွမ်းမထင်တာတော့ အမှန်ပဲ ။ ဒါပေမဲ့ သည်လို အဆင့်နိမ့် သိုင်းတက္ကသိုလ်တွေက ပမွှားလေးတွေကိုတော့ အသာလေး အနိုင်ယူ နိုင်ပါသေးတယ်ကွ"
အသားညိုညိုနဲ့ လူငယ်က ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောလိုက်ပါတယ်။
" သွာကြရအောင် ... ။ ငါက ဆရာသခင် မအိုသော ကလေးငယ်ရဲ့ ထာဝရနုပျိုခြင်း ဥယျာဉ်ကို အရမ်း မြင်ဖူးချင်နေပြီ။ ငါကြားတာတော့ အဲသည်ဥယျာဉ်ထဲမှာ ရှားပါးပြီး မြင်ရခဲတဲ့ အပင်တွေ အများကြီး ရှိတယ်တဲ့ "
မိန်းမချောလေးက ကျန်လူငယ်တွေကို ဆော်သြ လိုက်ပါတယ်။
ထို့နောက်မှာတော့ လူငယ် ၈ယောက်ဟာ ထာဝရနုပျိုခြင်း ဥယျာဉ်ဆီသို့ ဦးတည် သွားကြပါပြီ။
လန်ဖန်းတို့ အုပ်စု ထွက်သွားပြီး သိပ်မကြာခင်မှာပဲ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ဟာ နောက်ထပ် တစ်ကြိမ် အလင်းရောင်တွေ ဖြာထွက် လာပြန်ပါတယ်။ သည်တစ်ခါ စင်မြင့်ပေါ်မှာ ပေါ်လာတာကတော့ လူငယ် ၆ယောက် ပါဝင်တဲ့ အုပ်စုတစ်စုပါပဲ။
" အိုး ... ဒါက နန်လင်းမြို့တော်လား။ သည်မြို့တော်က အတော်လေး စည်ကားတာပဲ။ ဒါကြောင့်လည်း ခရမ်းပန်း နိုင်ငံတော်ရဲ့ ထိပ်တန်းမြို့တော်၁၀ခုထဲက ၁ခု ဖြစ်နေတာနေမယ်။ ဒါပေမဲ့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အပြင်စည်း ကျောင်းသားတွေက ဘယ်လိုနေမလဲ မသိဘူး။ ငါနဲ့ ယှဉ်နိုင်မယ့် ကျောင်းသား နည်းနည်းပါပါးတော့ ရှိပါစေလို့ မျှော်လင့်ရမှာပဲ "
အဲသည်စကားကို ပြောလိုက်တဲ့ သူက အင်မတန် ကြံ့ခိုင်သန်စွမ်းပုံ ရတဲ့ ဗလတောင့်တောင့် လူငယ် တစ်ယောက်ပါ။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ကြွက်သားထုတွေဟာ အဖုဖု၊ အထစ်ထစ်နဲ့ နေရာတကျ တည်ရှိနေပြီး အချိုး ကျလှပါတယ်။ သည်လူငယ်ကို မြင်နေရတာက လူယောင် ဖန်ဆင်းထားတဲ့ ကျောက်နဂါး တစ်ကောင်ကို မြင်နေရသလိုပါပဲ။ ပြီးတော့ သူ့ရဲ့ ချီအရှိန်အဝါ ကလည်း တခြားလူငယ်၅ယောက်ထက်ကို ချွန်ထွက်ပြီး အားကောင်းနေတာပါ။
" ဝမ်ကျန်း ... ငါ့တို့အမြင်ပြောရရင် မင်းရဲ့ ခွန်အားနဲ့ဆိုရင်တော့ အဆင့် သတ်မှတ်ချက် မြင့်တဲ့ သိုင်းတက္ကသိုလ်တွေက အပြင်စည်း လက်ရွေးစင် ကျောင်းသား တွေကိုတောင်မှ ဂရုစိုက်စရာ မလိုလောက်ဘူး "
" ဟုတ်တယ်ဟေ့။ အဲဒါကိုတော့ လုံးဝ လက်ခံတယ် "
ကျန်လူငယ် ၅ယောက်က ဗလတောင့်တောင်နဲ့လူငယ်ကို လေးစားအားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး မြှောက်ပင့် ပြောဆိုလိုက်ကြပါတယ်။
ဝမ်ကျန်းဆိုတာက သာမန်ကျောင်းသား တစ်ယောက် မဟုတ်ပါဘူူး။ သူက ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသား တစ်ယောက်ပါ။ ကြက်သွေးရောင်ကျား အပြင်စည်း သိုင်းတက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားတွေ အကုန်လုံးကို ဝမ်ကျန်းက လက်သီးတစ်ချက် ဒါမှမဟုတ် ခြေကန်ချက် တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ နံပါတ်၂ ထိပ်တန်း ကျောင်းသားတောင်မှ ဝမ်းကျန်းရဲ့ လက်သီးတစ်ချက်ကို မခုခံနိုင်ခဲ့ပါဘူး။
သူ့ကို မြှောက်ပင့် ပြောဆိုနေတာကို ကြားရပေမယ့်လည်း ဝမ်ကျန်းရဲ့ မျက်နှာကတော့ မပြောင်းလဲသွားဘဲ နဂိုအတိုင်း ရှိနေဆဲပါပဲ။ သူက လေးနက်တည်ကြည်စွာဖြင့်
" ဒါက အလွန်ကျယ်ပြော လှတဲ့ လောကကြီးပဲ။ တောင်တစ်တောင်ထက် မြင့်တဲ့ နောက်ထပ် တောင်တစ်တောင် အမြဲရှိနေတယ် ဆိုတဲ့ စကားကို မင်းတို့ မကြားဖူးဘူးလား။ သည်တစ်ခေါက် လက်ဖက်ရည်ပွဲတော်ကို အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ် ကလည်း လာဦးမှာကွ။ သူတို့ဆီမှာလည်း တကယ့် လက်ရွေးစင်တွေ ပါလာမှာ အသေအချာပဲ။ တစ်ဖက်သားကို ဘယ်တော့မှ လျော့မတွက် ရဘူးကွ။ ဒါပေမဲ့ မင်းတို့ပြောတာ တစ်ခုတော့မှန်တယ်။ ဘယ်လောက်ပဲ တော်တဲ့ ကျောင်းသားကို ဖြစ်ဖြစ် ငါက ဂရုစိုက်မှာ မဟုတ်ဘူး။ အကုန်လုံးကို ငါ့ရဲ့ သံလက်သီးနဲ့ အနိုင်ယူပစ်မယ် "
ထာဝရနုပျိုခြင်း ဥယျာဉ်ဆိုတာက အတော်လေးကို ကျယ်ဝန်းတဲ့ နေရာတစ်ခုပါပဲ။ သည်ဥယျာဉ်က ဧရိယာ အကျယ်အဝန်းအားဖြင့် ဟက်တာ တစ်ထောင်နီးပါး ရှိပါတယ်။
( Note- ၁ ဟက်တာ =၂.၄၇ ဧက = စတုန်ရန်းမီတာ ၁၀၀၀၀ )
နန်လင်းမြို့ထဲမှာ မြေနေရာ ဝယ်ယူနိုင်ဖို့ ဆိုတာက သိပ်ပြီး မလွယ်လှပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နန်လင်းမြို့ထဲမှာ ရှိနေတဲ့ မြေနေရာတွေဟာ အတော်လေး ဈေးကြီးလို့ပါပဲ။ သည်လိုမြေနေရာ ဈေးကြီးတဲ့ နန်လင်းမြို့ထဲမှာ ဟက်တာ တစ်ထောင် နီးပါးရှိတဲ့ မြေနေရာကို ပိုင်ဆိုင်ထားနိုင်တယ် ဆိုကတည်းက ထာဝရနုပျိုခြင်း ဥယျာဉ်ပိုင်ရှင်ဖြစ်သူ ဆရာသခင် မအိုသော ကလေးငယ်ရဲ့ အဆင့်အတန်းကို ခန့်မှန်းသိရှိ နိုင်ပါပြီ။
ဆရာသခင် မအိုသောကလေးငယ်က ထာဝရနုပျိုခြင်း ဥယျာဉ်မှာ အစောင့်အကြပ်တွေ အများကြီးကို ခန့်ထားပါသေးတယ်။ သူတို့ထဲက အဆင့်အနိမ့်ဆုံးကတော့ ကောင်းကင်နယ်ပယ် ပညာရှင်တွေ ဖြစ်ပြီး အဆင့်အမြင့်ဆုံး ကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ ဖြစ်ပါတယ်။ အဲသည်အတွက် အခွင့်မရှိဘဲ ထာဝရနုပျိုခြင်း ဥယျာဉ်ထဲကို ခိုးဝင်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
ပြီးတော့ ထာဝရနုပျိုခြင်း ဥယျာဉ်ထဲမှာ မရေမတွက်နိုင်တဲ့ အကာအကွယ် အစီအရင် တွေကိုလည်း ခင်းကျင်း ထားပါသေးတယ်။ ဒါပေမဲ့လည်း သည်အကာအကွယ် အစီအရင် တွေကတော့ ဆေးစိုက်ခင်းတွေကို ကာကွယ်ဖို့ သက်သက်ပါပဲ။
သည်လိုနဲ့ပဲ လီဖူချန်းတို့ တစ်သိုက်ကတော့ ထာဝရနုပျိုခြင်း ဥယျာဉ်ရဲ့ အဝင်ဝကို ရောက်ရှိလာခဲ့ပါပြီ။
ထာဝရနုပျိုခြင်း ဥယျာဉ်ရဲ့ အဝင်ဝမှာတော့ ကောင်းကင် နယ်ပယ်အဆင့် အစောင့်အကြပ် ၂ယောက် ရှိနေပါတယ်။ သူတို့နှစ်ယောက်က လီဖူဖူချန်းတို့ကို အဝင်မခံပါဘူး။
" ဘယ်သူတွေလဲ ... ။ ရပ်လိုက်စမ်း "
ရန်ယွီက အလျင်အမြန်ဘဲ ဝင်ခွင့်အမိန့်ပြားကို ထုတ်ပြလိုက်ပါတယ်။
" ငါတို့က ဆရာသခင် မအိုသောကလေးငယ်ရဲ့ ခွင့်ပြုမိန့်ကို ရထားပြီးပါပြီ ။ သည်မှာ ထာဝရ နုပျိုခြင်း တံဆိပ်တော်ပါ "
အစောင့်အကြပ်နှစ်ယောက်က အမိန့်ပြားကို သေသေချာချာ စစ်ဆေးပြီး ဆရာသခင် မအိုသော ကလေးငယ်ရဲ့ ဝင်ခွင့်အမိန့်ပြားမှန်း သေချာသွားမှ တောင်းပန်ပြီး ဝင်ခွင့်ပြုလိုက်ပါတယ်။
" သြော် ... ဆရာသခင်ရဲ့ ဧည့်သည်တွေလား ... ။ မသိလို့ တားမိတာပါ။ ကျေးဇူးပြုပြီး ကြွပါ"
" လာခဲ့လေ။ ဝင်ကြစို့ "
ရန်ယွီက ဦးဆောင်ပြီး ထာဝရနုပျိုခြင်း ဥယျာဉ်ထဲကို ဝင်သွားခဲ့ပါပြီ။
ထာဝရနုပျိုခြင်း ဥယျာဉ်ထဲ အရောက်မှာတော့ လီဖူချန်းတို့ အားလုံးဟာ ပါးစပ် အဟောင်းသား ဖြစ်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သည်ဥယျာဉ် အတွင်းမှာက မရေမတွက်နိုင်အောင် များပြားလှတဲ့ စိုက်ခင်းတွေ ရှိနေတဲ့အပြင် ရင်သပ် ရှုမောဖွယ်ရာ ကောင်းလှတဲ့ သဘာဝ အလှအပတွေလည်း ရှိနေလို့ပါပဲ။
စိုက်ခင်းအများစုကတော့ ဆေးပင်တွေ ဖြစ်ကြပြီး တချို့စိုက်ခင်းတွေ ကတော့ ပန်းပင်တွေ ဖြစ်ပါတယ်။ တချို့ စိုက်ခင်းတွေမှာတော့ ဘာမှန်းမသိတဲ့ အပင်တွေကို စိုက်ပျိုး ထားပါသေးတယ်။ ပြီးတော့ အသီးတွေ ပြွတ်သိပ်နေအောင် သီးနေတဲ့ အပင်အချို့လည်း ရှိနေပါသေးတယ်။ အဲသည် အပင်တွေကလည်း သာမန်အပင်တွေတော့ မဟုတ်လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲသည် အပင်တွေကနေ ဖြာထွက်နေတဲ့ စွမ်းအင်လှိုင်းကို လီဖူချန်းတို့ အားလုံး ခံစားမိနေလို့ပါပဲ။ အဲသည် စွမ်းအင်တွေထဲမှာဆို ကောင်းကင်နဲ့ မြေကြီးရဲ့ အငွေ့အသက်တွေတောင် ခိုဝင်ကိန်းအောင်း နေပါသေးတယ်။
" ဒါက စိတ်ဝိညာဉ် သစ်ပင်တွေ ဆိုတာပဲ ဖြစ်ရမယ် "
လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ်။
သူ့အနေနဲ့ လုံးဝ မှားစရာ အကြောင်းမရှိပါဘူး။ သူဖတ်ထားတဲ့ စာအုပ်တွေထဲက အတိုင်းဆိုရင် သည်အပင်တွေက သေချာပေါက် စိတ်ဝိညာဉ် သစ်ပင်တွေပါပဲ။ တူညီတဲ့ အဆင့် တစ်ခုမှာဆိုရင် စိတ်ဝိညာဉ်သစ်ပင်တွေရဲ့ တန်ဖိုးဟာ ဆေးပင်တွေ ထက်ကို အဆတစ်ရာ ဒါမှမဟုတ် အဆတစ်ထောင် အထိ ပိုများပါတယ်။
" ဟင် ... သည်ဝင်္ကပါ အစီအရင်တွေက "
လီဖူချန်းက သူ့ရဲ့ အသိစိတ်အားကို ထုတ်ပြီး စိုက်ခင်းတွေကို ဆန်းစစ်လိုက်တဲ့ အခါမှာတော့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သည်ဥယျာဉ်ထဲမှာ ရှိသမျှ စိုက်ခင်းတွေနဲ့ အပင်တွေ မှန်သမျှကို အဆင့်၅ အကာအကွယ် အစီအရင်တွေနဲ့ ခင်ကျင်းထားလို့ပါပဲ။ ပြီးတော့ အစီအရင်တွေက သာမန် အဆင့်၅ အကာအကွယ် အစီအရင်တွေတောင် မဟုတ်ပါဘူး။ ပြန်လည် ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ်က ပညာရှင် တစ်ယောက်တောင်မှ သည်အကာအကွယ် အစီအရင်တွေကို အချိန်တိုအတွင်း မဖျက်ဆီး နိုင်လောက်တဲ့အထိ အစွမ်းထက်တဲ့ အစီအရင်တွေပါ။
ထာဝရနုပျိုခြင်း ဥယျာဉ်ထဲမှာ စိုက်ခင်းတွေအပြင် နားနေ အပန်းဖြေလို့ရတဲ့ အဆောင်တွေလည်း ရှိပါသေးတယ်။ သည်အဆောင် တွေကိုတော့ လက်ဖက်ရည် သောက်ရင်း သဘာဝ ပတ်ဝန်းကျင် အလှအပတွေကို ကြည့်ရှုခံစားဖို့အတွက် ရည်ရွယ်ပြီး ဆောက်ထားတဲ့ ပုံပါပဲ။
သည်လိုနဲ့ဲပဲ လီဖူချန်းတို့ အုပ်စုဟာ ထာဝရနုပျိုခြင်း ဥယျာဉ်ရဲ့ အတွင်းပိုင်းထဲကို ရောက်မှန်း မသိ ရောက်လာခဲ့ပါပြီ။
" ဟေ့ ... ဟိုမှာကြည့်စမ်း။ အဲဒါက မြေကမ္ဘာ အဆင့်နိမ့် ဆေးပင်ဖြစ်တဲ့ ရွှေအလင်းမြက် မဟုတ်ဘူးလား "
နံပါတ်၁၀ ထိပ်တန်းကျောင်းသား လင်းချောင်က အံ့သြစွာနဲ့ စိုက်ခင်းတစ်ခုကို လက်ညှိုးထိုးပြ လိုက်ပါတယ်။
ရွှေအလင်းမြက် ဆိုတာက မြေကမ္ဘာ အဆင့်နိမ့် ဆေးပင်ဖြစ်ပြီး နာမည်အတိုင်း ရွှေရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ မြက်ပင်တွေပါ။ လင်းချောင်က ရွှေအလင်းမြက် ၇ပင်၊ ၈ပင်လောက် ဆိုရင် သိပ်ပြီး အံ့သြနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုက စိုက်ခင်း တစ်ခုလုံး အပြည့် ရွှေအလင်းမြက်တွေ ဖြစ်နေပါတယ်။ သည်မြက်ပင်တွေကို ရာနဲ့ချီပြီး စိုက်ပျိုးထားတာပါ။
ရွှေအလင်းမြက် တစ်ပင်ရဲ့ တန်ဖိုးဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀တုံးအထိ ရှိပါတယ်။ သည်ရာနဲ့ချီနေတဲ့ ရွှေအလင်းမြက်တွေရဲ့ တန်ဖိုး ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်နဲ့ချီမှာ အသေအချာပါပဲ။ ဒါက သည်ရွှေအလင်းမြက် စိုက်ခင်းတစ်ခုရဲ့ တန်ဖိုးပဲ ရှိပါသေးတယ်။ ထာဝရနုပျိုခြင်း ဥယျာဉ်မှာ ရှိနေတဲ့ အခြားသော စိုက်ခင်းတွေရဲ့ တန်ဖိုးတွေကိုပါ ပေါင်းလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ရှိမလည်း မသိနိုင်ပါဘူး။
" ဆရာသခင် မအိုသော ကလေးငယ်က တကယ်ကို ချမ်းသာ ကြွယ်ဝတာပဲ။ ဒါကြောင့်လည်း ထာဝရနုပျိုခြင်း ဥယျာဉ်က တောင်ပိုင်းတောအုပ် နယ်မြေဒေသရဲ့ နံပါတ်၁ ဥယျာဉ် ဖြစ်နေတာကိုး "
ကျန်းယုဖေးက ခံစားမှုအပြည့်နဲ့ စိတ်လိုလက်ရ ချီးကျူးလိုက်ပါတယ်။
ဆေးပညာရှင်တွေဟာ အလွန်ချမ်းသာ ကြွယ်ဝတယ်လို့ ကြားဖူးပေမယ့် သူ့အနေနဲ့ တစ်ခါမှ မျက်မြင်ကိုယ်တွေ့ မကြုံဖူးခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင် မြင်တွေ့ခဲ့ရပါပြီ။ ဆေးပညာရှင်တွေဟာ သူထင်ထားတာထက်ကိုတောင်မှ ချမ်းသာကြွယ်ဝ နေပါသေးတယ်။ သာမန် ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်တောင်မှ သည်ဥယျာဉ်ထဲက ဆေးစိုက်ခင်း တစ်ခင်းကို ဝယ်ယူနိုင်မှာ မဟုတ်ပါဘူး။
ရန်ယွန်ကလည်း မှတ်ချက် တစ်ခု ပေးလိုက်ပါတယ်။
" ဆရာသခင် မအိုသောကလေးငယ်ရဲ့ ချမ်းသာကြွယ်ဝမှုက ငါတို့ နန်လင်းနယ်စား စံအိမ်ထက်တောင် ချမ်းသာတာပဲ "
သူတို့က ဆက်ပြီး လျှောက်နေရင်းနဲ့ နောက်ဆုံးမှာတော့ မြူနှင်းထုကြီး တစ်ခု ပိတ်ဆို့ထားတဲ့ နေရာကို ရောက်လာခဲ့ပါတယ်။
ရန်ယွီကတော့ သည်မြူနှင်းထုကြီးနဲ့ ရင်းနှီးကျွမ်းဝင်နေပုံပါပဲ။ သူက ထာဝရ နုပျိုခြင်း တံဆိပ်တော်ကို မြှောက်လိုက်ပြီး ရှေ့ဆုံးကနေ မြူနှင်းထုထဲကို ဦးဆောင် ဝင်သွားပါတော့တယ်။
မြူနှင်းထုကြီးကို ဖြတ်ကျော် အပြီးမှာတော့ လီဖူချန်းတို့ တစ်သိုက်ဟာ စွမ်းအင်လှိုင်းတွေ သိပ်သည်းနေတဲ့ နေရာတစ်ခုကို ရောက်လာခဲ့ပါပြီ။
" သည်နေရာမှာ ရှိနေတဲ့ စွမ်းအင်တွေက အပြင်ဘက်ကထက် ဆယ်ဆနီးပါး ပိုသိပ်သည်းနေတာပဲ "
လီဖူချန်းက ရေရွတ်လိုက်ပါတယ်။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှ ရှိတဲ့ စွမ်းအင် သိပ်သည်းမှုကတောင် အတော်လေး ကောင်းနေတာပါ။ အဲဒါကိုတောင်မှ သည်နေရာမှာ ရှိနေတဲ့ စွမ်းအင်တွေက ဆယ်ဆနီးပါး ပိုသိပ်သည်းတယ် ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့။
ဒါက စွမ်းအင် ရေကန်တစ်ခုထဲမှာ စိမ်နေရသလိုပါပဲ။ အသက်ရှူလိုက်တိုင်းမှာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ အတောမသတ်အောင် ဝင်လာတာကို လီဖူချန်းတစ်ယောက် ခံစားနေရပါတယ်။
စိတ်ဝိညာဉ် ကျောက်တုံးကို စုပ်ယူပြီး ကျင့်ကြံရတာက ကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း စိတ်ဝိညာဉ် ကျောက်တုံးတွေကို စုပ်ယူပြီး ကျင့်ကြံတာနဲ့ သည်လို စွမ်းအင်တွေ သိပ်သည်းတဲ့နေရာမှာနေပြီး ကျင့်ကြံတာက မတူညီတဲ့ နည်းလမ်းနှစ်ခု ဖြစ်ပါတယ်။
ရေတိုအနေနဲ့ ကြည့်မယ် ဆိုရင်တော့ သည်နည်းလမ်းနှစ်ခုက သိပ်ပြီး မကွာလှပါဘူး။ ဒါပေမဲ့ ရေရှည်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ သည်လို စွမ်းအင်သိပ်သည်းတဲ့ နေရာမှာ နေပြီး ကျင့်ကြံတာက ပညာရှင်ရဲ့ ကျင့်ကြံမှုကို ပိုပြီး လျင်မြန်လာစေတဲ့အပြင် ခန္ဓာကိုယ်ကိုလည်း ပိုပြီး ကြံ့ခိုင် လာစေပါတယ်။ ကောလဟာလ တစ်ခုအရဆိုရင်တော့ သည်လို စွမ်းအင်တွေ သိပ်သည်းတဲ့ နေရာမှာ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ အဆင့်အတန်းမြင့် အရိုးတည်ဆောက်ပုံတွေကို ပိုင်ဆိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်တဲ့။
သိပ်မကြာခင်မှာတော့ လီဖူချန်းတို့ တစ်သိုက်ဟာ သည်နေရာမှာ စွမ်းအင်တွေ သိပ်သည်းနေရတဲ့ အကြောင်းအရင်းကို သိသွားခဲ့ပါပြီ။
ဒါက မီတာရာနဲ့ချီပြီး မြင့်တဲ့ ရှေးဟောင်း အပင်ကြီး တစ်ပင်ကြောင့်ပါပဲ။ သည်သစ်ပင်ကြီးရဲ့ ထိပ်ပိုင်းမှာတော့ လူဦးခေါင်းလောက်ရှိတဲ့ အသီးတွေ သီးနေပါသေးတယ်။
မြေကမ္ဘာ အလယ်အလတ်အဆင့် သစ်ပင်။
လုံးဝ မှားယွင်းစရာ အကြောင်းမရှိပါဘူး။ ဒါက မြေကမ္ဘာအလယ် အလတ်အဆင့် စိတ်ဝိညာဉ် အပင်ဖြစ်တဲ့ ဝိညာဉ်သန့်စင် သစ်ပင်ပါပဲ။
***