ရွှေရောင်လေလံပွဲ (၅)
Vol. 47 Ch. 650
ပရိသတ်များမှာ အသံလာရာ နေရာကို ကြည့်လိုက်ကြရာ ဝိညာဥ်နှင်းမြူများ ဖုံးလွှမ်းနေသည့် ပုံရိပ် တစ်ခုကို တွေ့လိုက်ကြရသည်။ ၎င်းက မပီပြင် ဝိုးတစ်ဝါး ပုံရိပ်ယောင် တစ်ခု အနေဖြင့် တည်ရှိနေလေရာ ကျား၊ မ ခွဲခြားရန် ခက်ခဲလှပြီး အကယ်၍ မိန်းမအသံကြောင့်သာ မဟုတ်ပါက ကျား၊ မ ခွဲခြားရန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။
မည်ကဲ့သို့သော ပုဂ္ဂိုလ်က ပိုမို အဆင့်နိမ့်သည့် ဆေးလုံး တစ်လုံးကို လျှို့ဝှက် အဆင့် ထုတ်ကုန် ငါးခုဖြင့် ကမ်းလှမ်းခဲ့သနည်း။
မာ့ဆုကျင်း၏ မျက်လုံးများမှာ အံ့အားသင့်မှုများဖြင့် တောက်ပသွား၏။ အခိုက်အတန့် တစ်ခုစာမျှ ဆွံ့အ နေခဲ့မိသည့်တိုင် သူမက စိတ်ကို လျှင်မြန်စွာ ပြန်လည် စုစည်းကာ ကြေညာလိုက်လေသည်။
“လျှို့ဝှက်မြေကြီး အဆင့်၊ အဆင့်မြင့်၊ အရအသွေးနိမ့် လျှို့ဝှက် ဆန္ဒ စုစည်းခြင်း ဆေးလုံး တစ်လုံးချင်းစီရဲ့ တန်ဖိုးက လျှို့ဝှက် ကျောက်တုံး သုံးရာစီလို့ ခန့်မှန်းလို့ ရပါတယ်... ဒါကြောင့် ထုတ်ကုန် ငါးခုပေါင်း တန်ဖိုးက လျှို့ဝှက် ကျောက်တုံး ၁၅၀၀ နဲ့ ညီမျှပါတယ်... နောက်ဆုံး ကမ်းလှမ်းမှုကတော့ လျှို့ဝှက် ကျောက်တုံး ၁၅၀၀ ပါရှင်...”
သေမျိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များနှင့် ခြားနားစွာပင် လျှို့ဝှက် အဆင့် ထုတ်ကုန်များကို အဆင့်လေးဆင့် ခွဲခြားထားသည်။ နိမ့်ရာမှ မြင့်ရာသို့ စီစဥ် ဖော်ပြရလျှင်... လျှို့ဝှက်မြေကြီး အဆင့်၊ လျှို့ဝှက်လောက အဆင့်၊ လျှို့ဝှက်ကောင်းကင် အဆင့်၊ လျှို့ဝှက်ဝိညာဥ် အဆင့် တို့ဟူ၍ ဖြစ်သည်။ အဆင့်တစ်ခုချင်းစီကို ပုံမှန် အတိုင်းပင် အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့် ဟူ၍ ထပ်မံ ခွဲခြားထားသည်။ ထိုအဆင့် တစ်ခုချင်း စီကို အရည်အသွေး ငါးမျိုးဖြင့် ခွဲခြားထားကာ မသန့်စင်ခြင်း အဆင့်၊ အရည်အသွေးနိမ့်၊ အရေအသွေးမြင့်၊ အရည်အသွေး အထွတ်အထိပ် အဆင့်နှင့် သာလွန်ခြင်း အဆင့်တို့ ဟူ၍ပင် ဖြစ်သည်။ နောက်ဆုံး အရည်အသွေး အဆင့် ဖြစ်သည့် သာလွန်ခြင်း အဆင့်ကို မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် တရားဝင် အသိအမှတ် ပြုထားသည်။
အဂ္ဂိရတ် တာအိုတွင် လျှို့ဝှက် အဆင့် ထုတ်ကုန်များမှာ သေမျိုး အဆင့် ထုတ်ကုန်များလောက် ရိုးရှင်းခြင်း မရှိပါချေ။ ဥပမာအားဖြင့် ဆိုရပါက... သေမျိုး အဆင့်တွင် အဆင့်တစ်၊ နှစ်၊ သုံး ထုတ်ကုန်များမှာ ကျင့်ကြံသူ မဟုတ်သူများနှင့် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အတွက် သင့်တော်သည်။
အဆင့်လေး၊ ငါးနှင့် ခြောက် ထုတ်ကုန်များမှာမူ ချီပျစ်ခဲခြင်း အဆင့်နိမ်ံ့၊ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့်များ အတွက် အသီးသီး သင့်တော်ပေသည်။
အဆင့်ခုနစ်၊ ရှစ်နှင့် ကိုး ထုတ်ကုန်များကတော့ အခြေခံအားဖြင့် ကြယ်တာရာ အမြုတေ အဆင့်များ အတွက် ဖြစ်သည်။ အလွှာတစ်ခုတည်းတွင် ရှိလျှင်ပင် အဂ္ဂိရတ် ထုတ်ကုန်များမှာ အဆင့် ပိုမြင့်လေလေ တန်ဖိုး ပိုကြီးလေလေ ဖြစ်သည်။ အရည်အသွေး ပိုမြင့်လေလေ အာနိသင် ပိုများလေလေ ဖြစ်သည်။ ထိုအရာက အတော်လေး ရိုးရှင်းပေသည်။
လျှို့ဝှက် အဆင့်၏ ဖွဲ့စည်းပုံ စနစ်ကတော့ သေမျိုး အဆင့်ထက် ပိုမို၍ ရှုပ်ထွေးသည်။ လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုမှာ လျှို့ဝှက် အာဏာရှင် အဆင့်နှစ်မှ လေးအထိ သင့်တော် ပေသည်။ လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကတော့ အဆင့်လေးမှ ရှစ်အထိ သင့်တော်သည်။ လျှို့ဝှက် ကောင်းကင် နှင့် လျှို့ဝှက်ဝိညာဥ် အဆင့် ထုတ်ကုန်များကတော့ လျှို့ဝှက် အာဏာရှင် အဆင့်၏ အကန့်အသတ်ထက်ပင် ကျော်လွန် အကျိုး သက်ရောက်နိုင်ပေသည်။
လျှို့ဝှက် အာဏာရှင် အဆင့်တစ်နှင့် အဆင့်ကိုးတို့ကိုတော့ ၎င်းတို့၏ ထူးခြားသော ဖြစ်တည်မှုများကြောင့် ရေတွက်မှုမှ ဖယ်ရှားထားလေ့ ရှိသည်။
သို့သော်လည်း... တစ်ခါတစ်ရံတွင် လျှို့ဝှက် အာဏာရှင် အဆင့်တစ် တဖြစ်လည်း ကြယ်တာရာ အမြုတေ အဆင့် တစ်ဆယ်ကို အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်နှင့် သင့်တော်သည့် စာရင်းတွင် ထည့်သွင်း ထားလေ့ ရှိသည်။
တစ်ချိန်တည်း၌ လျှို့ဝှက် အာဏာရှင် အဆင့်တစ်ဆယ်ကတော့ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နားလည်မှု အတိုင်းအတာထက် ကျော်လွန်နေပေသည်။
ထန်ကူးယန်က မျက်မှောင်ကြုတ်လိုက်ရင်း ဝိုးတဝါး လင်းလက်နေသည့် ပုံရိပ်ကို လှမ်းကြည့်လိုက်၏။ လျှို့ဝှက် ဆန္ဒ ပေါင်းစည်းခြင်း ဆေးလုံးမှာ လျှို့ဝှက် ရည်ရွယ်ချက်ကို စုစည်းကာ ၎င်းအပေါ် နားလည်မှုကို တိုးမြှင့် ပေးနိုင်သည့် ထုတ်ကုန် တစ်ခု ဖြစ်သည်။ ၎င်းက လျှို့ဝှက် အာဏာရှင် အဆင့်များရော ထိုအဆင့်ကို မရောက်သေးသူများ အတွက်ပါ သင့်တော်ပေသည်။
ထို့အပြင်... ၎င်းမှာ သူ့ကို သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို တက်ရောက်စေခဲ့သည့် ဆေးလုံးလည်း ဖြစ်သည်။ ထိုဖြစ်စဥ် အတွက် သူ ဆေးနှစ်လုံးကို အသုံးပြုခဲ့ရသည်။
လျှို့ဝှက် ဆန္ဒ စုစည်းခြင်း ဆေးလုံးကို ကိုယ်တိုင် အသုံးပြုဖူးသူ တစ်ယောက် အနေဖြင့် ဆေးလုံးက မည်မျှ တန်ဖိုးရှိကြောင်း ထန်ကူးယန် နားလည်သည်။ ၎င်းက အလွန်ပင် တန်ဖိုးရှိလှကာ မြေကြီး ရှန့်ထိုများကိုပင် တိုက်ခိုက်ရန် ဆွဲဆောင်နိုင်စွမ်း ရှိသည်။
သူက ထပ်မံ၍ လေလံကြေးကို တိုးမြှင့်ခြင်း မပြုတော့ချေ။ ထိုအရာက အကန့်အသတ်ကို ရောက်ရှိသွားခြင်းကြောင့် မဟုတ်ပဲ ဝိုးတဝါး ပုံရိပ်ထံမှ တိုးဝင်လာသည့် ဝိညာဥ် ဆက်သွယ်မှုကြောင့် ဖြစ်ပေသည်။ သူမက အမြင့်ဆုံး လိုက်နိုင်သည့် အကန့်အသတ်ကို သူ့ထံ ပြောပြကာ နောက်ဆုတ် စေခဲ့ခြင်း ဖြစ်သည်။
ထန်ကူးယန်က အရှုံးကို ဝန်ခံကာ အခြားတစ်ဖက်ကို မျက်နှာလွှဲလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဆေးလုံးကို ထန်ရီဝူ ရရှိမသွားသမျှ ထိုအရာက အဆင်ပြေသည်။ ထို့အပြင်... သေမျိုး တစ်ပိုင်း အရှင် တစ်ယောက် အနေဖြင့် ဆေးလုံးမှာ သူ့အတွက် အသုံးမဝင်သလောက် ဖြစ်သည်။
များစွာသော လူများမှာ ထာဝရ အစည်းအရုံး ပါဝင်လာရန် မျှော်လင့်လိုက်ကြသေးသော်လည်း ထူးထူးခြားခြားပင် ထိုအဂ္ဂိရတ် အင်အားစုကြီးမှာ တိတ်ဆိတ်နေခဲ့၏။ အချို့က ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ ရှာဖွေလိုက်ကြသေးသော်လည်း ကိုယ်စားလှယ် အရိပ်အယောင်ပင် မတွေ့ရချေ။ သူတို့က ရွှေလေလံပွဲကို တက်ရောက် မလာခဲ့သည်လော။
သံသယများသူ အချို့ကတော့ ထာဝရ အစည်းအရုံးမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် တူညီသည့် အာနိသင် ရှိသည့် ဆေးတစ်လုံး ဖော်စပ်ရန် လျှို့ဝှက် ကြံစည်နေသည်ဟုပင် အခိုင်အမာ ပြောလာကြသည်။ များစွာသော လူများမှာ ထိုဆေးလုံးက သူတို့ တတ်နိုင်သည့် ပမာဏ အတွင်း ရှိရန် ကြိတ်ကာ မျှော်လင့် နေကြ၏။ ထာဝရ အစည်းအရုံး အပေါ် သူတို့ အပြည့်အဝ ယုံကြည်ပေသည်။
နှစ်နာရီ...
နောက်ဆုံး၌ မာ့ဆုကျင်းက နောက်တစ်ဖန် ကြေညာလိုက်၏။
“ရွှေလေလံပွဲ ပြီးဆုံးပါပြီရှင်... အာရုဏ်ဦး နေမီးတောက် ဆေးလုံးနဲ့ နှစ်ဆယ့် လေးကြိမ် ဦးစားပေး ဝယ်ယူခွင့်ကို လေလံ အောင်မြင်သွားခဲ့တဲ့ လူကတော့ ကြယ်ကိုးပွင့် ရှ့န်ထို ခန်းမပဲ ဖြစ်ပါတယ်ရှင်...”
“...”
များစွာသော လူများမှာ သက်ပြင်းများ ကိုယ်စီ ချလိုက်မိကြ၏။ နောက်ဆုံး၌ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို အဆုံးမဲ့ ကောင်းကင် ပြင်ပ အင်အားစုက ပိုင်ဆိုင် သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ လျူဖေး ပြောခဲ့တာ အမှန်ဆိုလျှင် နောင် နှစ်ထောင်ဂဏန်း အတွင်း အဆုံးမဲ့ ကောင်းကင်၏ လွှမ်းမိုးမှုကို ခြိမ်းခြောက်နိုင်သည့် ရန်သူ တစ်ဖွဲ့က မွေးဖွားလာတော့မည် ဖြစ်သည်။ အားလုံးမှာ သတိ အပြည့် ကပ်နေကြကာ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမကို မသိစိတ်မှ စတင် ရန်ငြိုးဖွဲ့ လာမိခဲ့ကြတော့၏။
မာ့ကျန်းမှာ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ အပေါ် ပရိသတ်များ၏ ရန်လိုသည့် အမူအရာများနှင့် အကြည့်များကို သတိထားမိရာ စိတ်ထဲမှ ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။
“အစီအစဥ်တွေက ဘယ်တော့မှ ရပ်တန့်တဲ့ပုံ မရဘူး...”
ရွှေလေလံပွဲ မစတင်ခင် လျူးဖေး ထိုကဲ့သို့ သတင်းဖြန့်ခဲ့သည်မှာ မထူးဆန်းတော့ချေ။
“လျူကလန်... လျူကလန်...”
ခပ်ဖြည်းဖြည်း သက်ပြင်းတစ်ချက် ချရင်း လူအိုကြီးက အတွေးများကို တွန်းဖယ် ပစ်လိုက်၏။ သူ့လို လူအိုကြီး တစ်ယောက် အတွက် ရှုပ်ထွေးသော ပြဇာတ်များထဲတွင် ပါဝင်ဖို့ မလိုတော့ချေ။ သူ့အချိန်က နီးကပ်နေပြီ ဖြစ်သည်။
“နောက်တစ်ကြိမ်ကျ ကံကောင်းပါတယ် ညီငယ်လေးရေ...”
ထန်ကူးယန်က အသာအယာ ပြုံးရင်း ပြောလိုက်၏။ ထို့နောက်... ခပ်မြန်မြန်ပင် သူ၏ ဝိညာဥ် ပုံရိပ်ယောင်က အမှုန်အမွှားများ အသွင် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။
မိန်းကလေး အချို့မှာ ထန်ရီဝူကို စိတ်မကောင်းစွာဖြင့် ကြည့်လိုက်မိကြ၏။ အကယ်၍ သူ့လို ပါရမီရှင် တစ်ယောက်သာ ထိုထုတ်ကုန်နှင့် ပေါင်းစည်းနိုင်ပါက ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားမှာ သေချာပေသည်။
မာ့ဆုကျင်းမှာ ထန်ရီဝူကို မြတ်နိုးစွာဖြင့် လှမ်းကြည့်လိုက်ရင်း အာရုဏ်ဦး နေမီးတောက် ဆေးလုံး တစ်လုံး ရရှိနိုင်မည့် နည်းလမ်းများကို တွေးလိုက်မိသည်။ စီးပွားရေး သမား တစ်ယောက် အနေဖြင့် ထန်ရီဝူ အပေါ် သူမ ရင်းနှီး မြှုပ်နှံထားသင့်သည် မဟုတ်ပါလား။
ထန်ရီဝူ၏ နှုတ်ခမ်များက အပေါ်သို့ အနည်းငယ် မြင့်တက်သွားကာ ပြုံးယောင် သမ်းပြီးနောက် ပျောက်ကွယ်သွား၏။ မာ့ဆုကျင်းမှာ မိမိ မျက်လုံးကို မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။ အင်ပါယာ မင်းသားလေးက ပြုံးသွားခဲ့သည်လား။
ပြည်ဖုံးကားချ လိုက်ကာ ပိတ်သိမ်းခြင်းနှင့် အတူ ရွှေလေလံပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး အနိုင်ရရှိသူ ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။
ရွှေလေလံပွဲ၌ ဆေးလုံး၏ တန်ဖိုးမှာ အလွန် မြင့်မားခဲ့သည့်တိုင် ၎င်းက လောက၏ စံအဓိပ္ပာယ် တစ်ခုကို သတ်မှတ် ပေးလိမ့်မည် ဆိုသော ယူဆချက် တစ်ခုလည်း ထွက်ပေါ် လာခဲ့သည်။
တစ်ချိန်တည်း၌ နောက်ဆုံး ကမ်းလှမ်းမှုနှင့် အတူ ဆေးလုံး၏ တရားဝင် ဈေးနှုန်းမှာလည်း ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။
ဆေးလုံး တစ်လုံးနှင့် နှစ်ဆယ့် လေးကြိမ် ဦးစားပေး ဝယ်ယူခွင့်ကို လျှို့ဝှက် ကျောက်တုံး ထောင့်ငါးရာဖြင့် ရောင်းချခဲ့ရာ ထုတ်ကုန် တစ်ခုကို ကြယ်တာရာ ကျောက်တုံး ရှစ်သိန်း ရှစ်သောင်း တန်ကြေး ရှိလိမ့်မည် ဖြစ်သည်။
၎င်းက အဆင့်ကိုး ဆေးလုံး တစ်ခု အတွက် မြင့်မားလှသည့် ငွေကြေး ဖြစ်သည့်တိုင် မည်သို့ပင် ဆိုစေ တတ်နိုင်သည့် ပမာဏ အတွင်း ရှိပေသည်။
ထို့အပြင် ရွှေရောင် အသက်နန်းတော်က ဦးစားပေး ဝယ်ယူခွင့် အတွက် ရောင်းချပြီး နောက်တွင် ဆယ်စုနှစ် တစ်ခုတိုင်း အာရုဏ်ဦး နေမီးတောက် ဆေးလုံး ရှစ်လုံး ရောင်းချပေးမည်ဟု ကြေညာခဲ့သည်။ သို့ဖြစ်လေရာ ဈေးကွက်အတွင်း ရောက်ရှိလာရန် အကြမ်းဖျဉ်းအားဖြင့် ဆယ်စုနှစ် သုံးခုခန့်သာ စောင့်ဆိုင်းရမည် ဖြစ်သည်။
ထိုကြေညာချက်က များစွာသော လူများကို မျှော်လင့်ချက်များ ဖြစ်ပေါ်စေခဲ့လေသည်။
***