လောက အပြောင်းအလဲ အချို့
Vol. 47 Ch. 651
ရက်အနည်းငယ် ကြာပြီးနောက်၌ မာ့ကျန်းနှင့် မာ့ဆုကျင်းတို့မှာ ခုံရှည် တစ်ခုတွင် ထိုင်နေခဲ့ကြ၏။ ၎င်းက ပျော်ရွှင်ခြင်း အငွေ့အသက်တို့ ပြည့်နှက်နေသည့် ပန်းခြံလေး တစ်ခု ဖြစ်ကာ ကလေးငယ်များမှာ ပြေးလွှား ဆော့ကစား နေကြသည်။ ကလေးများနှင့် အတူ လိုက်ပါလာသည့် မိဘများကတော့ ကျင့်ကြံသူများ ဖြစ်ကာ အတူတူ ထိုင်ကြရင်း ကျင့်ကြံခြင်း လောကနှင့် ပတ်သက်သည့် အတင်းအဖျင်းများ၊ သတင်းများကို အပြန်အလှန် ဖောက်သည်ချ နေကြသည်။ သူတို့က မာ့ကျန်းတို့ သားအဖကို ထိုနေရာတွင် ရှိမနေသလို လုံးဝ လျစ်လျူ ထားကြ၏။
မာ့ဆုကျင်းမှာ လေလံပွဲနေ့ကထက် ပိုမို ရိုးရှင်းစွာ ဝတ်ဆင်ထားသည့်တိုင် သူမ၏ အပြာရောင် ဝတ်စုံက သိမ်မွေ့ ညင်သာသည့် ခံစားချက် တစ်ခုကို ပေးစွမ်းနေခဲ့သည်။
မာ့ကျန်းကတော့ ခါတိုင်းနေ့များလို မပြောင်းမလဲပင် ဖြစ်သည်။ သူ၏ မျက်နှာက အိုမင်း ရင့်ရော်နေကာ မျက်လုံးများမှာ ဉာဏ်ပညာ ထက်မြက်မှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
“အဓိက ခန်းမနဲ့ ကိစ္စက အဆင်ပြေတာ သေချာရဲ့လား အဖေ”
မာ့ဆုကျင်းက စိုးရိမ် ပူပန်နေသည့် လေသံဖြင့် မေးလိုက်၏။ ရွှေလေလံပွဲ ပြီးပြီးချင်းမှာပင် ရွှေရောင် အသက် နန်းတော်၏ အဓိက ခန်းမမှာ တတိယ ခန်းမထံမှ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းအား တောင်းခံခဲ့သည့် အပြင် ထိုဆေးညွှန်းအား ဖန်တီးခဲ့သူကိုပါ ခေါ်လာရန် ညွှန်ကြားခဲ့သည်။ သို့သော်လည်း မာ့ကျန်းက နှစ်ခုစလုံးကို တိုက်ရိုက် ပယ်ချခဲ့သည်။
ယခင်ကတည်းက ရွှေရောင် အသက်နန်းတော် အတွင်းတွင် မာ့ကျန်း၏ သြဇာအာဏာကို လျှော့ချဖို့ လှုံ့ဆော်မှုများနှင့် မာ့ကလန်အား ဖယ်ထုတ်ရန် ကြိုးပမ်းမှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်လေ့ ရှိသည်။ တစ်ချိန်တည်း၌ တတိယ ခန်းမခွဲ အတွင်းတွင်လည်း မာ့ကလန်၏ နေရာကို ရယူ အစားထိုးရန် ကျားချောင်း ချောင်းနေသည့် အင်အားစုများစွာ ရှိသည်။ လွန်ခဲ့သည့် လပိုင်းအတွင်း၌ မာ့ဆုကျင်း၏ မူလ လက်ထောက် အုပ်ချုပ်ရေးမှူး နေရာကို သူတို့လူများနှင့် အစားထိုးပေးဖို့ တောင်းဆိုမှုများပင် ရှိခဲ့သည်။
ယခုတစ်ကြိမ် မာ့ကလန်၏ ရွှေလေလံပွဲ လှုပ်ရှားမှုက အလွန်ပင် ကြီးကျယ် လွန်းလှကာ များစွာသော ပြိုင်ဘက်များကို တစ်ခါတည်း ရိုက်ချပြီးသား ဖြစ်စေခဲ့သည်။ ထို့ကြောင့်ပင် အဓိက ခန်းမမှာ သွေးရူးသွေးတန်း ဖြစ်လာကာ ဆေးညွှန်းနှင့် ဖန်တီးသူတို့ကို တိုက်ရိုက် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်။ တစ်နည်း ဆိုရသော် ထိုအရာက သူတို့၏ ရည်ရွယ်ချက်ကို ပြောင်ပြောင်တင်းတင်း ဖော်ပြလိုက်ခြင်းပင်။
မာ့ဆုကျင်း တစ်ယောက် စိုးရိမ် ပူပန်မှုများနှင့် လုံးပန်းနေရချိန်တွင် မာ့ကျန်းကတော့ ဘာကိုမှ ဂရုမစိုက်သည့် အလား တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။
“သူရောက်လာတဲ့ အချိန်ကျရင် အားလုံးက လေထဲက ဖုန်မှုန့်တွေ ဖြစ်သွးလိမ့်မယ်... ဘာလို့ အသေးအဖွဲ ကိစ္စလေးတွေကို စိတ်ပူပြီး အချိန်ဖြုန်းရမှာလဲ”
စကားခပ်တိုတိုသာ ပြောလိုက်သည့်တိုင် မာ့ကျန်းမှာ အကြိမ်များစွာ ချောင်းဆိုးလိုက်ရ၏။ တည်ငြိမ်မှုကို ပြန်လည် ရရှိရန် အတွက် သူ အသက်ကို အကြိမ်ပေါင်းများစွာ ရှူသွင်း ရှူထုတ် လိုက်ရသည်။
မာ့ဆုကျင်းမှာ သွေးဆုတ် ဖြူရော်နေသည့် လူအိုကြီး၏ မျက်နှာကို ကြည့်ရင်း ပိုမို စိုးရိမ် ပူပန်လာမိခဲ့၏။ ဖခင်ဖြစ်သူ၏ အခြေအနေက ပိုမို ဆိုးရွား လာနေကြောင်း သူ ပြောနိုင်ပေသည်။
မာ့ကျန်းက အသက်ကို ပြင်းပြင်း ရှူသွင်းရင်း အပြစ် ကင်းမဲ့စွာ ဆော့ကစား နေကြသည့် ကလေးငယ်များကို ကြည့်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ရှူထုတ်မှုနှင့် အတူ သူက ပြုံးရင်း ပြောလိုက်၏။
“ငါ့ရဲ့ နောက်ဆုံး ပန်းတိုင်တွေက တတိယ ခန်းမမှာ မရှိဘူး... မာ့မျိုးနွယ်က ငါတို့ရဲ့ မူလနေရာကို ပြန်ရောက်ရှိဖို့ အချိန်တန်ပြီလို့ ထင်တယ်”
မာ့ဆုကျင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ ဖခင်ဖြစ်သူ၏ မျက်လုံးများထဲ၌ ထိုမျှ တောက်ပသည့် မျှော်လင့်ချက် အလင်းရောင်ကို သူမ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ ၎င်းက မထင်မှတ်ထားလောက်အောင်ကို လန်းဆန်း တက်ကြွလွန်းလှပေသည်။
...
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ မြေအောက် ရေစီးကြောင်းများမှာ တဟုန်ထိုး ကြီးထွားလာနေကာ အကြောင်းတရား၏ ရိုးချောင်းများတစ်လျှောက် စိမ့်ဝင်၍ မတူကွဲပြားသည့် အကျိုးတရားများထံသို့ ဦးတည်သွားနေကြသည်။ ကောင်းကင်တာအို၏ သြဇာလွှမ်းမိုးမှု၊ လူအချို့၏ ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များ၊ ကမ္ဘာကို အံတုသော ဆေးလုံးနှင့် ကောင်းကင်ကို အက်ကွဲစေသည့် ယုံကြည်ချက်တို့က နောက်ဆက်တွဲ စိုးရိမ်ရေမှတ် အထက်ကို ရောက်ရှိစေခဲ့သည်။
ဤသို့ဖြင့် ရက်ပိုင်းအတွင်းမှာပင် ထင်သာမြင်သာသော သက်ရောက်မှုများက စတင်ကာ နေရာယူနေခဲ့ပြီ ဖြစ်လေတော့သည်။
...
အဇူရာ အကြေးခွံနှင့် ဦးချို တစ်ခု ပါရှိသည့် နဂါးကြီး တစ်ကောင်မှာ တောင်ကြီး တစ်ခုကို မှီကာ လှဲနေခဲ့၏။ အလွန်တရာ လှပလှသော မိန်းမပျိုလေး တစ်ယောက်ကတော့ ထိုနဂါးကြီး၏ နှာခေါင်းထက်၌ ထိုင်ကာ ကြာပန်း သဏ္ဌာန် တရားထိုင်နေခဲ့သည်။
ဟူး... ဟူး...
ပတ်ဝန်းကျင် မိုင်ပေါင်းများစွာမှ အမတေ စွမ်းအင်များမှာ အရှိန်အဟုန်ဖြင့် မိန်းကလေးထံသို့ စီးဆင်းနေခဲ့၏။ ၎င်းတို့က မွေးညှင်းပေါက်များမှ တစ်ဆင့် သူမ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်သွားကာ သွေးကြောများ တစ်လျှောက် စီးဆင်းရင်း ဝိညာဥ် ကျင့်ကြံခြင်းကို သန့်စင်ပေးနေခဲ့၏။
ရွှယ်ရီဖေးမှာ တိတ်တဆိတ်ပင် ကျင့်ကြံနေကာ သူမ၏ ဘေးရှိ လေထုမှာ လောကဖိအား အငွေ့အသက် အချို့ဖြင့် ပြည့်နှက်နေခဲ့သည်။ နာ့ရှင်းရီ ကဲ့သို့ပင် သူမသည်လည်း အဆင့်မြင့် အရည်အသွေး ရှိသည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးတစ်လုံးကို သန့်စင်ခဲ့ပြီး ဖြစ်သည်။ အကျိုးရလဒ် အနေဖြင့် သူမမှာ စွမ်းအင်များကို ထိန်းချုပ်ရန် အတွက် လောက ဖိအားကို စတင် အသုံးပြုလာနိုင်ကာ အမတေများကို ပိုမို အကျိုးရှိစွာ စုပ်ယူလာနိုင်ခဲ့သည်။
လောကဖိအား ဆိုသော စွမ်းဆောင်ချက် တစ်ခုတည်းကြောင့်ပင် သူမ၏ ဘက်စုံ ကျင့်ကြံခြင်း အားထုတ်မှုမှာ အရှိန်လေးဆ အထိ တိုးလာခဲ့သည်။ ၎င်းက လုံးဝကို အံ့ဖွယ်သရဲ ဖြစ်သည်။
လုံလောက်သည့် စွမ်းအင်များကို စုပ်ယူပြီးနောက် မိန်းကလေးက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူမ၏ ဟေဇယ်မျက်လုံးများက လှပစွာဖြင့် တဖျပ်ဖျပ် တောက်ပနေကာ လောကကြီးထံ နဂါးဖိအားနှင့် ဆက်သွယ်နေသည့် ဝိညာဥ်အလင်း တစ်ခုကို လောကကြီးထံ ထုတ်ဖော် ပြသလိုက်သည်။
အန်နုမှာ မိန်းကလေး၏ စွမ်းအားကို ခံစားမိရာ မျက်လုံးများကို ပျင်းရိလေးတွဲစွာဖြင့် ဖိလိုက်၏။
“ဘယ်လိုနေလဲ...”
သူက ဝိညာဥ်အာရုံဖြင့် မေးရင်း လက်သည်းများဖြင့် လေထုကို ကုတ်ခြစ်လိုက်၏။ မြေကြီးမှာ တုန်ရီသွားကာ တောင်၏ တစ်စိတ်တစ်ပိုင်းမှာ ပြိုကျသွားသည်။
ရွှယ်ရီဖေးက ဘာမှ ပြန်မဖြေခင် အသက်ကို လေးပင်စွာ ရှူသွင်းလိုက်၏။ ထို့နောက် လှပသော အပြုံး တစ်ခုက သူမ မျက်နှာထက်တွင် ဖြည်းညင်းစွာ ပေါ်လာခဲ့လေသည်။
“မယုံကြည်နိုင်လောက်အောင်ပဲ...”
စကားလုံး တစ်လုံးတည်းသာ ဖြစ်သည့်တိုင် အကြွင်းမဲ့ လေးစားမှု၊ ပျော်ရွှင်မှု၊ ဂုဏ်ယူမှု နှင့် စိတ်လှုပ်ရှားမှုများ ကိန်းအောင်း ပါဝင်နေသည်။ ထိုအရာက သူမ၏လူ ဖန်တီးထားသည့် ထုတ်ကုန် တစ်ခု ဖြစ်သည် မဟုတ်ပါလား။
“ကျင့်ကြံခြင်းဟာ အရင်က ခက်ခဲခဲ့သလောက် ခုတော့ လွယ်ကူ ချောမွေ့နေတဲ့ပုံ ပေါ်တယ်... ဝေ့ဝူယင်က ငါ့ကို ကိုယ်တိုင် လမ်းညွှန်ပေးနေသလို ခံစားရတယ်”
သူမက ဘယ်ဘက် ရင်ဘတ်ကို ဖြည်းညင်းစွာ ထိရင်း ပြောလိုက်၏။ နှလုံးသား အတွင်းတွင် ကြယ်တာရာ ဝိညာဥ်နှင့် အတူ လှည့်ပတ် ကူးခတ်နေသည့် နယ်မြေမျိုးစေ့ကို သူမ ခံစားနိုင်ပေသည်။
အန်နုမှာ စိတ်ဝင်စား သွား၏။ သို့သော်လည်း... သူက နောက်ထပ် မေးခွန်းများ မမေးတော့ချေ။ တိတ်တဆိတ်ပင် ပြန်လည် လှဲလျောင်းလိုက်၏။
ဝေ့ဝူယင်မှာ သူ့ကိုလည်း လက်စွပ်တစ်ကွင်း ပေးအပ်ခဲ့သည်။ ထိုအတွင်း ပါဝင်နေသည့် အစွမ်းထက် အဂ္ဂိရတ် ထုတ်ကုန်များကို တွေ့ရသော အခိုက်၌ သူ အလွန်ပင် အံ့အားသင့်ခဲ့ရသည်။ လအနည်းငယ် အတွင်းမှာပင် သူ ထိုအထဲမှ အချို့ကို သန့်စင်ခဲ့ကာ အကျိုးကျေးဇူး များစွာ ရရှိပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ပင်လျှင် ပိုမို ကြီးထွားလာခဲ့ကာ ခွန်အားမှာလည်း ယခင်ကထက် အဆများစွာ ပိုမို မြင့်မားလာခဲ့သည်။
ရွှယ်ရီဖေးက မဟာမြင်း လောကနယ်မြေ၏ ကောင်းကင်ကို ငေးမောကြည့်လိုက်၏။ အတွေးများက အဝေး တစ်နေရာရှိ ပုဂ္ဂိုလ်တစ်ယောက်ထံသို့ တဖြည်းဖြည်း ရွေ့လျား သွားခဲ့ချိန်မှာပင် ပုံရိပ် တစ်ခုမှာ သူမ၏ အနားသို့ ရောက်ရှိလာခဲ့သည်။
သူမကတော့ လှပသော မာ့ယုပင် ဖြစ်လေသည်။ ရွှယ်ရီဖေးက မာ့ယုကို ကြည့်ရင်း ပြုံးပြလိုက်၏။ သူမ မာ့ယုနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ဝေ့ဝူယင်က ရွှေရောင် အသက်နန်းတော်မှာ သူမတို့ကို ကယ်တင်ရန် လုပ်ဆောင်ခဲ့ကြောင်း ပြောပြခဲ့ပြီး နောက်တွင် ရွှယ်ရီဖေး၏ သဘောထား အချို့မှာ ပြောင်းလဲသွားခဲ့ပေသည်။
မာ့ယုမှာ ရွှယ်ရီဖေး၏ ရင်သပ် ရှုမောဖွယ် အလှတရားကို ကြည့်ကာ စိတ်ထဲမှ ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ ထိုကဲ့သို့ အလှတရား တစ်ခု ပြင်ပလောကသို့ ထွက်ခွာပါက မည်မျှ အန္တရာယ်များမည် ဖြစ်ကြောင်း သူမ တွေးလိုက်မိသည်။
“မိန်းကလေး ရီဖေး... ဘိုးဘိုးကြီးက မိန်းကလေးရဲ့ ဝင်ငွေစာရင်းကို ပေးဖို့ ကျွန်မကို လွှတ်လိုက်တာပါ... နောက်ပြီး မိန်းကလေး ဘာတွေလိုအပ်သေးလဲ ဆိုတာ သိရဖို့ အပါအဝင် ပေါ့လေ”
မာ့ယုက အတွေးများကို စုစည်းရင်း တည်ငြိမ်စွာ ပြောလိုက်၏။ ရွှယ်ရီဖေးက အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွား၏။
“ဝင်ငွေစာရင်း ဟုတ်လား...”
“ဟုတ်ပါတယ်... အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ရဲ့ ကိုယ်လုပ်တော် တစ်ယောက် အနေနဲ့ သူ မရှိတဲ့ အချိန်မှာ လေလံအောင်မြင်ပြီး ရရှိထားတဲ့ အထဲက ရာခိုင်နှုန်း တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ဖို့ မိန်းကလေးမှ, အခွင့်အရေး ရှိပါတယ်..”
ထို့နောက်... သူမက ဆက်လက်၍ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အင်ပါယာ မျိုးနွယ် သတ်မှတ်ထားသည့် တရားဝင် စည်းမျဥ်းများကို ရှင်းပြလိုက်၏။
သေမျိုး လူမှုအဖွဲ့အစည်း တစ်ခုလိုပင် ကျင့်ကြံခြင်း အသိုက်အဝန်းများတွင်လည်း အုပ်စိုးသူ အင်ပါယာက သတ်မှတ်ထားသည့် လိုက်နာရန် စည်းမျဥ်းများစွာ ရှိသည်။ ထိုအရာက အထူးသဖြင့် အားနည်းသူများကို ကာကွယ်ပေးကာ ပတ်ဝန်းကျင် ညီညွှတ်မျှတမှုကို ထိန်းကြောင်းပေးသည်။ ထိုအထဲ၌ ဇနီးမယားနှင့် လင်ယောက်ျားများ အကြားတွင် စောင့်ထိန်းအပ်သည့် စည်းမျဥ်းများလည်း အပါအဝင်ပင် ဖြစ်သည်။
ဝေ့ဝူယင်တွင် ဇနီးလောင်း တစ်ယောက် ရှိသည့်တိုင် တရားဝင် လက်ထပ် ထိမ်းမြားထားခြင်း မဟုတ်သေးရာ ဥပမဒေကြောင်း အရ ဆက်စပ်မှု မရှိသေးဟု ဆိုနိုင်ပေသည်။ ရွှယ်ရီဖေး တစ်ယောက်တည်းသာလျှင် ထိုကဲ့သို့ အခွင့်အရေး ရှိသည့် တစ်ဦးတည်းသော သူ ဖြစ်သည်။
“အဲဒီလို စည်းမျဥ်းတွေ ရှိတာလား...”
ရွှယ်ရီဖေးမှာ မာ့ယု၏ ရှင်းပြမှုများကို နားထောင်ပြီးနောက် အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း ထိုငွေကြေးကို သူမ စိတ်မဝင်စားပါချေ။ ဝေ့ဝူယင်၏ လက်စွပ်ထဲတွင် သူမ လိုအပ်သည့် အရာ မှန်သမျှ ပါရှိပြီး ဖြစ်သည်။
ထို့အပြင် လေလံပွဲ၌ ရောင်းချခဲ့သည်က အရေအသွေးနိမ့် ဆေးတစ်လုံးသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူမက အရည်အသွေးမြင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သောက်သုံးထားသည့်သူ မဟုတ်ပါလား။
“ကျွန်မ ဘယ်လောက် ရမှာလဲ...”
မိန်းကလေးက မေးလိုက်၏။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်း၌ သူမမှာ မဟာ သရုပ်ဖော် ပြသပွဲကို တက်ရောက်ခဲ့သော်လည်း လေလံပွဲကိုတော့ မတက်ရောက် ခဲ့ချေ။ လေလံပွဲ၏ ရလဒ်များကိုပင် သူမ မသိချေ။
မာ့ယုက အသက်ကို လေးပင်စွာဖြင့် ရှူသွင်းလိုက်၏။
“တစ်ဦးတည်းသော တရားဝင် ဇနီးမယား အနေနဲ့ ဝင်ငွေရဲ့ ၁၃.၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ဖို့ မိန်းကလေးမှာ အခွင့်အရေး ရှိပါတယ်... ငွေကြေးအရ ပြောရမယ် ဆိုရင်တော့ လျှို့ဝှက်ကျောက်တုံး သုံးရာ နှစ်ဆယ့်ကိုးတုံးနဲ့ ကြယ်တာရာ ကျောက်တုံး ခြောက်သိန်း ရှစ်သောင်း သုံးထောင်ပါ... မိန်းကလေး လိုအပ်တဲ့ ဘယ်အရာဆို အဲဒါတွေနဲ့ ဝယ်လို့ ရပါတယ်”
လျှို့ဝှက် ကျောက်တုံး ၃၂၉ တုံးနှင့် ကြယ်တာရာ ကျောက်တုံး ၆၈၃၀၀၀...
ပမာဏကို ကြားလိုက်ရသည်နှင့် ရွှယ်ရီဖေးမှာ ဆွံ့အ သွားခဲ့တော့၏။
***