← Chapters

လောက အပြောင်းအလဲ အချို့ (၂)

Vol. 47 Ch. 652

လောက အပြောင်းအလဲ အချို့ (၂)

Vol. 47 Ch. 652

အယ်ဗန် ဘေးမဲ့နယ်မြေ၊ သစ်သားကုန်းမြေလထက်၌ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသည့် မြစိမ်းရောင် ဆံပင် ပိုင်ရှင် မိန်းကလေး တစ်ယောက်မှာ သစ်သားစွမ်းအင် ထူထပ် များပြားလှသော ဥယျာဥ် တစ်ခုထဲတွင် တည်ရှိနေခဲ့၏။

သူမ၏ ပတ်လည်တွင်တော့ သစ်သား စွမ်းအင် ကိုးမျိုး ထွက်ပေါ်နေသည့် ဓားကိုးခုက လှည့်ပတ်နေကြသည်။ ၎င်းတို့က မိန်းကလေး လှုပ်ရှားလိုက်တိုင်း ထူးဆန်းသော စည်းချက်များဖြင့် လိုက်လံ ကခုန်နေကြကာ လှပသည့် မြင်ကွင်းတစ်ခုကို ဖန်တီးနေကြသည်။

ကြေးဝါရောင် အသားအရည်နှင့် အညိုရောင် ဆံပင် ပိုင်ဆိုင်ထားသည့် အယ်ဗန်မျိုးနွယ်ဝင် အမျိုးသမီး တစ်ယောက်မှာ ဥယျာဥ်၏ တစ်နေရာတွင် ရပ်ရင်း ဓားပျံများ၏ လှပသော မြင်ကွင်းကို ငေးကြည့်နေခဲ့၏။ မိနစ် အနည်းငယ် ကြာပြီးနောက် သူမက လှပစွာ ပြုံးလိုက်ရင်း အနားသို့ လျှောက်လာခဲ့၏။

“ညီမလေး ချူးမူ...”

ချင်ချူးမူက ရှည်သွယ်သည့် လက်ချောင်းကလေးများကို ပြန်လည် ရုတ်သိမ်းလိုက်ရင်း လှုပ်ရှားမှုကို ရပ်တန့် လိုက်၏။

ဝှစ်... ဝှစ်...

ဓားများက ညင်သာစွာပင် သူမ၏ အရှေ့ မြေပြင်တွင် လာရောက် စိုက်ဝင်ကြကာ ဥယျာဥ်ထဲ၌ ပြန့်ကျဲနေသည့် သစ်သား စွမ်းအင်များမှာလည်း ပြန်လည် ငြိမ်သက်သွား၏။

“အမကြီးယင်...”

ချင်ချူးမူက လှပစွာ ပြုံးလိုက်ရင်း နောက်သို့ လှည့်ကြည့်ကာ နှုတ်ဆက်လိုက်သည်။ အိယင်က သူမကို ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ထို့နောက် အနည်းငယ် ပြုံးကာ မိန်းကလေး၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း...

“ဝေ့ဝူယင်က ညီမလေး အတွက် ဘာမှ မချန်ခဲ့တဲ့ အပေါ် စိတ်ပျက် နေသေးလား”

“ ... “

အိယင်၏ မေးခွန်းက ချင်ချူးမူ၏ အပြုံးကို တဒင်္ဂမျှ အေးခဲသွားစေ၏။ သို့သော်လည်း... သူမက လျှင်မြန်စွာပင် စိတ်ခံစားချက်များကို ထိန်းချုပ်ကာ မူလ အပြုံးကို ပြန်လည် ဆင်မြန်း လိုက်သည်။ ထို့နောက် အာရုံလွှဲသည့် အနေဖြင့် မြေပြင်တွင် စိုက်ဝင်နေသည့် ဓားတစ်စင်းကို ဆွဲထုတ် လိုက်၏။

“ကျွန်မက သူ့အဖွဲ့က မဟုတ်သလို သူ့ ချစ်သူလည်း ဟုတ်မှ မဟုတ်တာ... ဘာလို့ စိတ်ပျက်ရမှာလဲ... ကျွန်မမှာ အဲဒီလို အခွင့်အရေးမျိုးမှ မရှိတာ”

လွန်ခဲ့သည့် လအနည်းငယ်ခန့်က မာ့ကျန်း ဟု ခေါ်သော လူအိုကြီး တစ်ယောက်မှာ သစ်သား ကုန်မြေလထက်သို့ ရောက်ရှိလာကာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ အယ်ဗန် မျိုးနွယ် လေးခု အတွက် ရင်းမြစ်များ ပါဝင်နေသည့် သိုလှောင် လက်စွပ်တစ်ခုကို အိယင်အား ပေးခဲ့သည်။ မာ့ကျန်းထံမှ ဝေ့ဝူယင် အသက်ရှင်နေသေးကြောင်းကိုပါ ကြားသိခဲ့ရချိန်၌ ချင်ချူးမူမှာ အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာခဲ့ရသည်။

အထူးသဖြင့် အယ်ဗန်မျိုးနွယ် အဘက်ဘက်မှ အနှိမ်ခံနေရသည့် ယခုလို အချိန်အခါ၊ နေရာဌာနမျိုးတွင် သူမမှာ ဝေ့ဝူယင်ကို အကြောင်းပြချက် မရှိ ပိုမို တောင့်တမိခဲ့သည်။ သူမ အတွက်တော့ ဝေ့ဝူယင်က မျှော်လင့်ချက် ရောင်ခြည် ဖြစ်သလို အရင်းနှီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

သို့သော်လည်း... မျှော်လင့်ထားခဲ့သည်နှင့် ခြားနားစွာပင် ထို့နေ၌ မာ့ကျန်းက သူမကို ဘာသတင်းစကားမှပင် မပါးခဲ့ပါချေ။ ထိုအရာက ဝမ်းနည်းစိတ်ပျက်စရာ ကောင်းသည် ဆိုသော်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် သူမ ဖြေ၍ တွေးရလိမ့်မည် ဖြစ်သည်။

အိယင်က ချင်ချူးမူ၏ မျက်နှာကလေးကို ကြည့်ကာ အတွင်းရှိ ခံစားချက်များကို ဖောက်ထွင်း မြင်လိုက်ရ၏။ သူမက အသာအယာပင် ပြုံးလိုက်သည်။

“အခွင့်အရေး မရှိဘူး ဟုတ်လား... ဝိညာဥ်စာ တစ်စောင်တောင်မှလား...”

“...”

ချင်ချူးမူ၏ ခန္ဓာကိုယ်လေးက တုန်ရီသွား၏။ မရည်ရွယ်ပါပဲ လောက ရွှေ့ပြောင်းခြင်း နယ်မြေထဲတွင် ဝေ့ဝူယင်ထံမှ စာများကို လက်ခံရရှိ၍ ပျော်ရွှင်နေကြသည့် ပုံရိပ်များကို သူမ ပြန်လည် မြင်ယောင်လာခဲ့သည်။ မိန်းကလေးမှာ မသိလိုက်ခင်မှာပင် လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်မိ၏။

“ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက စာတစ်စောင် ချန်ထားဖို့တောင် မတန်တာလား..”

ဝေ့ဝူယင် ပိုင်ဆိုင်သည့် ချီကျောက်တုံး တစ်တုံးကိုမျှပင် သူမ မမက်မောသည့်တိုင် အနည်းဆုံး စာလေးတစ်စောင်လောက် ချန်ထားခဲ့ဖို့တော့ သူမ မျှော်လင့်ခဲ့မိတာ အမှန်ပင် ဖြစ်သည်။ ထိုခံစားချက်က ကြေကွဲ ဝမ်းနည်းဖွယ်ရာ ကောင်းလွန်းသည်။

“ကြည့်ရတာ သူ့မှာ ညီမလေး အတွက် အခြားအစီအစဥ် တစ်ခု ရှိပုံရတယ်...”

အိယင်က မိန်းကလေးကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်၏။ ချင်ချူးမူမှာ ကြောင်တောင်တောင် ဖြစ်သွားကာ အိယင်၏ မျက်နှာကို ကြည့်လိုက်မိသည်။

အိယင်က ဘာမှ ထပ်မပြောတော့ချေ။ ထို့အစား လက်စွပ်ကလေး တစ်ခုကိုသာ ထုတ်ယူကာ မိန်းကလေးကို ကမ်းပေးလိုက်သည်။

လက်စွပ်ထက်၌ ထွင်းထုထားသည့် “မျိုးချစ်စိတ်နဲ့... လွတ်မြောက် ရှင်သန်ခြင်း...” ဆိုသည့် စကားစုကို တွေ့လိုက်ရသော အခိုက်၌ ချင်ချုးမူမှာ ၎င်းက မည်သည်ကို ရည်ညွှန်းကြောင်း တန်းသိလိုက်သည်။ တိုက်ရိုက် ရေးသားထားခြင်း မဟုတ်ပဲ စကားလုံးများထဲ၌ ကစားလိုသော အရိပ်အယောင် အချို့ ပါဝင်နေကာ ထိုအရာက သူတို့ နှစ်ယောက် ပတ်သက်ခဲ့သည့် ဆက်ဆံရေး၏ အဓိပ္ပာယ်လည်း ဖြစ်သည်။

မိန်းကလေးမှာ နှလုံးသား တစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရ၏။ သို့သော်လည်း... သူမ စိတ်ထဲ၌ နားမလည်နိုင်သည့် အရာ တစ်ခု ရှိနေသေးဆဲ ဖြစ်သည်။ မိန်းကလေးက သိချင်စိတ် ပြင်းပြစွာဖြင့် အိယင်ကို မေးလိုက်၏။

“ဘာလို့ အခုမှလဲ...”

အိယင်က သိမ်မွေ့စွာ ပြုံးလိုက်သည်။

“သူ့ဆီကနေ ရခဲ့တဲ့ စာထဲမှာ ညီမလေး အကြောင်းလည်း ပါတယ်... သူက အဆုံးမဲ့ ကောင်းကင်မှာ သူ့နာမည် ကျော်ကြားမလာခင် အချိန် အထိ ညီမလေးကို လုံခြုံအောင် စောင့်ရှောက်ပေးဖို့ မှာခဲ့တယ်... နောက်ပြီး အဲဒီ အချိန်ကျမှ လက်စွပ်ကို ပေးပါတယ်... အခု ရွှေရောင် အသက်နန်းတော်ရဲ့ မဟာ သရုပ်ဖော် ပြပွဲနဲ့ ရွှေလေလံပွဲလည်း ပြီးပြီ ဆိုတော့ သူ့နာမည်က အဆုံးမဲ့ ကောင်းကင်မှာ လုံလောက်အောင် ကျော်ကြားနေပြီလို့ မမ ထင်တယ်”

ချင်ချူးမူမှာ စိတ်ရှုပ်ထွေးနေသေးသည့်တိုင် လက်ကို ဆန့်ထုတ်ကာ လက်စွပ်ကို လက်ခံလိုက်သည်။ ဤသို့နှင့် ဝိညာဥ် ဆက်သွယ်မှု ပြုလုပ်ပြီး မကြာခင်မှာပင်... ရင်းနှီးနေသည့် အသံတစ်ခု၊ အိပ်မက်များထဲတွင်ပင် ကြားယောင် နေခဲ့မိသည့် အသံတစ်ခုကို ကြားလိုက်ရသည်။

တဖြည်းဖြည်းနှင့် သူမ၏ မြစိမ်းရောင် မျက်ဝန်းများမှာ တလက်လက် တောက်ပလာ၏။ နောက်ဆုံး၌ အရာရာကို သူမ နားလည်ခဲ့ပြီ ဖြစ်လေတော့သည်။

...

ခြေရာမဲ့ နောင်တ တောင်ကြား...

ခြေရာမဲ့ နောင်တ တောင်ကြားမှာ အလွန် ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်ကောင်များ၊ စက်ဆုပ် ရွံရှာဖွယ်ကောင်းသည့် သုံ့ပန်းများ၊ သစ္စာဖောက်များနှင့် စည်းကမ်း ဖောက်ဖျက်သူများကို ချုပ်နှောင်ထားသည့် လျှို့ဝှက်နယ်မြေတစ်ခုဖြစ်သည်။

၎င်းက လွတ်မြောက်ရန် မျှော်လင့်ချက် မရှိသည့် အလုံပိတ် အကျဥ်းထောင်ကြီး တစ်ခု ဖြစ်ကာ အလင်းတစ်စပင် မရှိချေ။ ထို့အပြင်... နေကြယ် ကင်းမဲ့မှုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ မဟူရာညထက် ပိုမို နက်မှောင်ကာ ဝန်ရိုးစွန်း ဒေသများထက်ပင် ပိုမို အေးခဲပေသည်။ အကျဥ်းကျနေစဥ် အတောအတွင်း အအေးဓာတ်ကြောင့် သေသွားရသည့် အပြစ်သားများပင် မနည်းမနော ရှိသည်။ ၎င်းက သံသယ ရှိစရာ မလိုလောက်အောင်ပင် နေရထိုင်ရ မလွယ်ကူသည့် နေရာတတစ်ခု ဖြစ်သည်။

ထို့အပြင်... လျှို့ဝှက် နယ်မြေ အတွင်း၌ စိတ်ကို ဗုံးတစ်လုံးလို ပေါက်ကွဲစေနိုင်သည့် စူးစူးရှရှ အော်သံများကလည်း တစ်ရက်လျှင် နှစ်ဆယ့် လေးနာရီ ပျံ့လွင့်နေ၏။ ၎င်းတို့က ဘန်ရှီး တစ္ဆေ၏ ကြောက်မက်ဖွယ် အော်မြည်သံများလိုပင် စိတ်ကို ခြောက်ခြား စေနိုင်စွမ်း ရှိကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ပင် မဖြစ်နိုင်လောက်အောင် ဖြစ်သည်။

ထိုကဲ့သို့ အမှောင်ထု၊ အရိုးထဲစိမ့်သည့် အအေးဓာတ်နှင့် ကြောက်မက်ဖွယ် ဆူညံသံများ ထုံလွှမ်းနသည့် ခြေရာမဲ့ နောင်တ တောင်ကြားအတွင်းတွင် မရေမတွက်နိုင်သည့် အကျဥ်းထောင်များ ရှိပေသည်။ ထိုအကျဥ်းထောင်များထဲရှိ တစ်ခု အတွင်းတွင်တော့ အဝတ်အထည် ဗလာနတ္ထိ ဖြစ်နေသည့် မိန်းမ တစ်ယောက် ရှိ၏။ သူမကို လည်ပတ်နေသည့် ဘီးတစ်ခုထက်၌ ချုပ်နှောင်ထားကာ လက်ဝါးနှင့် ခြေထောက်များကို လက်ဝါးကပ်တိုင်နှင့် ပူးတွဲ၍ ဂဟေစော်ထားသည်။

ဘီးလည်ပတ်ခြင်းနှင့် အတူ သေးမျှင်လှသော ကြိုးမျဥ်းကြောင်း များစွာမှာ ဖြစ်ပေါ်လာကာ ကြာပွတ်တစ်ခုသဖွယ် သူမ၏ နုနယ်လှသော အရေပြားကို ထိုးဖောက်သွားသည်။ ၎င်းတို့က မိန်းကလေး၏ သွေးကြောများကို တိုက်ရိုက် ဖျက်ဆီးရန် ကြိုးပမ်းနေကာ အာရုံကြောများကိုပင် ထိတွေ့နေ၏။ ကြာပွတ်မှာ သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ တစ်မိနစ်လျှင် အကြိမ်နှစ်ဆယ် ကျပန်း ကျရောက်နေသည်။ ၎င်းတို့က တစ်ခါတစ်ရံ၌ ရှေ့နောက်မှ ကျရောက်သလို တစ်ခါတစ်ရံ ဘေးမှလည်း ကျရောက်လာတတ်သည်။

နှစ်ဆယ့် လေးနာရီ ကြာတိုင်း အသက်စွမ်းအင် စီးကြောင်း တစ်ခုမှာ သူမ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကာ ဒဏ်ရာများကို အပြီးတိုင် ကုစားပေးသည်။ ပြီးသည်နှင့်... နှိပ်စက်မှု သံသရာက တစ်ဖန် ပြန်လည်ကာ စတင် ပြန်သည်။

ခြေရာမဲ့ နောင်တ တောင်ကြား အတွင်း၌ နှိပ်စက်မှုက ထိုတစ်နည်းတည်းသာ မကချေ။ ဓားဖြင့် မွှမ်းမှု၊ ရေနှစ်မှု၊ အဆိပ် ပိုးကောင်များ ကိုက်ခဲ ခံရမှု၊ မီးရှို့ခံရမှု... စသည်ဖြင့် အမျိုးအစား စုံလင်ကာ အဆုံးမဲ့ ရက်စက် ကြမ်းကြုတ်လွန်းလှသည်။

ငရဲ...

အကယ်၍ စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြရလျှင် ထိုနေရာက လုံးဝကို ငရဲ ဖြစ်ပေသည်။ နေ့ည မလပ်၊ အဆက်မပြတ် နှိပ်စက် ခံရမှုများ အောက်၌ လင်းရှန်းရှဲ့၏ လှပသော မျက်လုံးများမှာ မှေးမှိန်နေခဲ့ပြီ ဖြစ်လေသည်။ နောက်ဆုံး၌... ခြေရာမဲ့ နောင်တ တောင်ကြားမှ အသက်ရှင် လွတ်မြောက် လာခဲ့သည့် ရာဇဝတ်ကောင်များ အဘယ်ကြောင့် ကွဲပြားသွားရသည်ကို သူမ နားလည်ခဲ့ပြီ ဖြစ်သည်။

ဖျပ်... ဖျပ်... ဖျပ်...

နေ့မှန်း၊ ညမှန်း မသိ၊ နေ့ရက်တို့ကို ဝေခွဲရန် ခက်ခဲလှသည့် အချိန်အခါ တစ်ခုတွင် ရုတ်တရက်... ခြေသံ အချို့ကို သူမ ကြားလိုက်ရ၏။

အဆုံးမဲ့ အမှောင်ထုထဲ၌ လင်းရှန်းရှဲ့ မြင်နိုင်စွမ်း မရှိပါချေ။ သူမ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးမှာ ချိပ်ပိတ် ခံထားရပြီး ဖြစ်သည်။ သို့သော်လည်း... ခြေသံပိုင်ရှင်မှာ သူမ အသက်ရှင်၊ မရှင် လာရောက် စစ်ဆေးသည့် အာဏာသား တစ်ယောက်မှန်း သူမ သိပေသည်။

“လင်းရှန်းရှဲ့... မင်းရဲ့ အပြစ်ဒဏ်ကြေးကို ပေးဆပ်ဖို့ အတွက် ဆယ့်နှစ်နှစ် သုံးရာ ငါးဆယ့် တစ်ရက် ကျန်သေးတယ်...”

အမျိုးသမီး အာဏာသားက လင်းရှန်းရှဲ့ အနားသို့ ရောက်သည်နှင့် ကြေညာလိုက်၏။ ထို့နောက် သူမက မြင်နိုင်သည့် အလား ဆေးတစ်လုံးကို ထုတ်ယူကာ လင်းရှန်းရှဲ့၏ ပါးစပ် အတွင်း ထည့်သွင်းလိုက်သည်။

ထိုဆေးလုံးမှာ ကျင့်ကြံသူများ၏ သဘာဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ဆေးတစ်မျိုး ဖြစ်သည်။ အကယ်၍ ဆေးလုံးကို သောက်သုံးရန် ငြင်းဆန်ခဲ့ပါက ပတ်ဝန်းကျင်၏ ဖိနှိပ်မှုများ အောက်တွင် စွမ်းအင်များ ပြိုကွဲ၍ သေဆုံးရလိမ့်မည် ဖြစ်သည်။ သေမျိုးများ အစာနှင့် ရေကို လိုအပ် သကဲ့သို့ ကျင့်ကြံသူများမှာလည်း စွမ်းအင်ကို လိုအပ်ပေသည်။

အမျိုးသမီး အာဏာသားမှာ လင်းရှန်းရှဲ့ကို ဆေးတိုက်ပြီးသည်နှင့် နောက်သို့ လှည့်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်၏။

“ခဏ... ခဏနေပါဦး...”

လင်းရှန်းရှဲ့က တားလိုက်ရာ ခြေသံမှာ ရပ်တန့်သွား၏။ အာဏာသားတွင် အချိန်မရှိကြောင်း သဘောပေါက်ရာ သူမက အလျှင်စလိုပင် မေးလိုက်သည်။

“လင်းမင်... သူ ဘယ်လိုနေလဲ ပြောပြလို့ ရမလား”

အာဏာသားမှာ အနည်းငယ် အံ့သြဟန်ဖြင့် မိန်းကလေးကို လှည့်ကြည့်လိုက်၏။ ယခုလို အခြေအနေမျိုးတွင်ပင် သူမက အခြားတစ်ယောက်ကို စိုးရိမ်ပူပန်ပေးနေသည်လား။

“ရှေးဟောင်း ရွေးချယ်ခံ အဆင်ပြေပါတယ်... ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ သူ့ကို စိန်လာခေါ်တဲ့ ပါရမီရှင် အချို့ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်”

လင်းရှန်းရှဲ့မှာ စိတ်သက်သာရာရသွား၏။ မည်သို့ပင် ဆိုစေ... လင်းမင်မှာ လင်းမျိုးနွယ်၏ အနာဂတ် အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေသည် မဟုတ်ပါလား။ လမ်းခုလတ်၌ သူ ကျဆုံးသွား၍ မဖြစ်ချေ။

“ကျေးဇူးတင်ပါတယ်...”

"…"

အာဏာသားမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက်... သူမက တစ်စုံတစ်ရာကို စဥ်းစား မရဟန်နှင့် မေးလိုက်သည်။

“ဝေ့ဝူယင် ဘယ်မှာ ရှိနေမယ်လို့ ရှင်ထင်လဲ...”

“...”

လင်းရှန်းရှဲ့မှာ ကြောင်တောင်တောင် ဖြစ်သွား၏။ အဘယ်ကြောင့် ထိုမေးခွန်းကို သူမအား မေးရသနည်း။ သူမက ဝေ့ဝူယင် အကြောင်းကို မည်ကဲ့သို့ သိမည်နည်း။

“စိတ်မရှိပါနဲ့...”

အာဏာသားက ဖြည်းညင်းစွာပင် အဝေးသို့ လျှောက်သွား၏။ သူမ၏ ခြေသံများက တဖြည်းဖြည်း တိုးလျလာကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

***

All Chapters