← Chapters

မြေဆွဲအား ရင်းမြစ် ကြယ်တာရာ ကပ်ဘေး

Vol. 47 Ch. 653

မြေဆွဲအား ရင်းမြစ် ကြယ်တာရာ ကပ်ဘေး

Vol. 47 Ch. 653

ကမ္မတန်ဖိုး... ၁၅၃၄၈.၂

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး လွတ်မြောက်ခြင်း... ၁/၁

တတိယ ကပ်ဘေး တားဆီးခြင်း... ၄၃ နှစ်

...

ထာဝရ ကြယ်တာရာ နယ်မြေမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ တစ်ပိုင်းတစ်စ ကုန်းမြေတိုက်ကြီးများနှင့် ဂြိုဟ် အပျက်အစီးများမှာ အမှောင် ဟင်းလင်းပြင်ထဲတွင် ဖရိုဖရဲ မြောလွင့်နေကြသည်။ နေကြယ် ကင်းမဲ့မှုနှင့် အတူ အာကာသ တစ်ခုလုံးမှာ နားမလည်နိုင်သည့် အဆုံးမဲ့ အမှောင်ထုထဲသို့ ကျရောက်နေပုံ ရသည်။

သို့သော်လည်း... ထိုနေရာ၌ အလင်းရောင်နှင့် သက်ရှိတို့ ထာဝရ ကင်းမဲ့နေခဲ့သည်တော့ မဟုတ်ချေ။

"ခြောက်နှစ်...”

ဂြိုဟ်တစ်ခု၏ အစိတ်အပိုင်း ဖြစ်ခဲ့ပုံ ရသည့် အလွန် ကြီးမားလှသော ကုန်းမြေထုကြီး တစ်ခုပေါ်တွင် အလင်းရောင် ခပ်ဖျော့ဖျော့ တစ်ခု တည်ရှိနေ၏။

၎င်း၏ မာကြောသော မျက်နှာပြင်ထက်တွင်တော့ အနက်ရောင် ဆံပင်၊ ငွေရောင် သမ်းနေသည့် နဂါး မျက်လုံးများနှင့် မီးခိုးရောင် ဆဋ္ဌဂံ အကြေးခွံများကို ပိုင်ဆိုင်ထားသည့် ယောက်ျား တစ်ယောက် ထိုင်နေခဲ့သည်။ သူက အမှောင်ဟင်းလင်းပြင်ကို ငေးကြည့်နေ၏။

သူ၏ ရှေ့တည့်တည့်တွင်တော့ အိပ်ပျော်နေသည့် ဧရာမ သားရဲကြီး တစ်ကောင် ရှိပေသည်။ ၎င်းက အလွန်ပင် ကြီးမားလှကာ ကျင့်ကြံသူတို့၏ အမြင်အာရုံဖြင့်ပင် မျက်စိတစ်ဆုံး မြင်နိုင်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ ထိုသတ္တဝါကြီးမှာ ကြယ်တာရာ ဝါးမြိုသူ ထန်ဂူမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

နေကြယ်သုံးစင်းကို ဝါးမျိုပြီးနောက်တွင် သူမမှ နှစ်ခြိုက်စွာပင် အိပ်မောကျနေခဲ့ပြီ ဖြစ်သည်။ ခြောက်နှစ် ဆိုသော ကာလအတွင်း သူမအား လှုပ်ရှားစေခဲ့သည့် အရာ တစ်ခုမျှပင် မရှိခဲ့။ သူမက ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်နေကာ အခြား အရာဝတ္ထုများလိုပင် မြောလွင့်နေသည်။

ဝေ့ဝူယင်က မျက်လုံးကို ဖြည်းညင်းစွာ ပိတ်လိုက်ရင်း တောက်ပနေသည့် ရောင်စဥ်များကို ဖုံးကွယ်လိုက်၏။ လွန်ခဲ့သည့် နှစ်များ ကတည်းကပင် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကို ရွှေ့ပြောင်းရာ၌ ကုန်ဆုံးခဲ့သည့် သွေးမျိုးဆက် ရင်းမြစ်ကို သူ ပြန်လည် ဖြည့်တင်းပြီး ဖြစ်သည်။

ထိုစဥ်တည်းက... အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်ကို ခုခံရန် နဂါးအသွင်ကို သူ မကြာ ခဏဆိုသလို ပြောင်းလဲ ဖြစ်ခဲ့သည်။ နဂါးအသွင် ပြောင်းလဲထားချိန်တိုင်း၌ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များက ခုခံမှုကို လှုံ့ဆော်ပေးကာ သဘာဝ အကာအကွယ် အလွှာ တစ်ခုကို ဖြစ်ပေါ်စေသည်။ ဥပမာ ပေးရလျှင် ၎င်းက ကျင့်ကြံသူများ မကြာခဏ အသုံးပြုလေ့ ရှိသည့် ကြယ်တာရာ အကာအကွယ် အလွှာလိုပင် ဖြစ်သည်။

ကြယ်အဆင့် သားရဲအားလုံးမှာ ထိုကဲ့သို့ နည်းလမ်းကို ပိုင်ဆိုင်ကြသည်။ သူတို့ကို ကြယ်သားရဲဟု အဘယ်ကြောင့် ခေါင်းစဥ် တပ်ရသနည်း ဆိုသော် ကြယ်များကို ဖြတ်သန်း၍ ခရီးသွားနိုင်စွမ်း ရှိသည့် သူတို့၏ စွမ်းရည်ကြောင့်ပင် ဖြစ်သည်။ လူသား၊ အယ်ဗန်နှင့် နတ်ဆိုး ကျင့်ကြံသူများ ဆိုလျှင် ကြယ်တာရာ အမြုတေ အဆင့်ခုနစ် လောကသခင် အဆင့်ကို ရောက်ရှိပြီး နောက်မှသာ ထိုကဲ့သို့ စတင် ပြုလုပ် လာနိုင်ကြခြင်း ဖြစ်သည်။

အမှောင် ဟင်းလင်းပြင် အတွင်းတွင် နေထိုင်ရန် ပြဿနာ မရှိကြောင်း ခရာတိုက ပြောခဲ့သော်လည်း အစပိုင်း၌ သူ သံသယ ရှိခဲ့သေးသည်။ သို့သော်လည်း... ဟင်းလင်းပြင် နဂါးအသွင်က အပျက်အစီး မန်နာများကို သန့်စင်၍ အသက်ရှင်ရန် လိုအပ်သည့် အပင်၊ ရေ၊ အလင်း ကဲ့သို့သော အရာများ အဖြစ် ပြောင်းလဲပေးနိုင်ကြောင်း တွေ့ရှိခဲ့ရချိန်၌ သူ အလွန်အမင်း အံ့အားသင့်ခဲ့ရသည်။

ထိုသီအိုရီ အရဆိုလျှင်... သူသည် အဆုံးမဲ့ အမှောင်ထုထဲတွင် အချိန် အကန့်အသတ် မရှိ၊ အခက်အခဲ မရှိ အသက်ရှင် နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သက်ရှိများ အသက်ရှင်သန်ရန် ထိန်းညှိထားသည့် ဂြိုဟ်တစ်ခုထက်၌ နေရခြင်းထက် ယခုလို အမှောင် ဟင်းလင်ပြင် အတွင်း နေရခြင်းကပင် ပိုမို၍ သက်တောင့်သက်သာ ရှိသလို ဝေ့ဝူယင် ခံစားရသည်။

ထို့ကြောင့်ပင်... လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့် ကတည်းက ဟင်းလင်းပြင် သင်္ဘောကို သိမ်းဆည်းကာ ယခုလို နေထိုင်ခဲ့ခြင်း ဖြစ်သည်။

“မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်...”

ကျင့်ကြံခြင်း အခြေခံကို ပြန်လည် စစ်ဆေးလိုက်ပြီးနောက် ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ နှုတ်ခမ်းထက်တွင်တော့ အပြုံးတစ်စက မသိမသာ ပေါ်လွင်လာခဲ့သည်။

သုံးနှစ်...

သုံးနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ထိုမြင်ကွင်းများမှာ သူ့အာရုံတွင် ယနေ့ထိထက်တိုင် ထင်ထင်ရှားရှား စွဲထင်နေဆဲ ဖြစ်ပေသည်။

ထိုနေ့၌...

ဝေ့ဝူယင်မှာ ဟင်းလင်းပြင် သင်္ဘော၏ ကုန်းပတ်ထက်၌ ရပ်ကာ ကျောက်တုံးတစ်ခုသဖွယ် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ထန်ဂူကို ငေးကြည့်နေခဲ့၏။ သူ့ငွေရောင် မျက်လုံးများထဲတွင်တော့ ထူးခြားသည့် အရိပ်အယောင် အငွေ့အသက်တို့ ရှိနေခဲ့ပေသည်။

“ပိုင်လင်က အချိန် နည်းနည်း ပိုပြီး လိုတဲ့ပုံ ရတယ်”

အဖြူရောင် သားမွေး၊ လည်တိုင် ကြော့ကြော့နှင့် သားရဲကလေးကို ပြန်လည် မြင်ယောင် လိုက်မိသော အခိုက်၌ ဝေ့ဝူယင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင် အချို့ မွေးဖွားလာ၏။ နိမ့်ကျသည့် တိရစ္ဆာန် ဆိုသည့်တိုင် သူမမှာ သူ တွေ့ဖူးသည့် လူတိုင်းထက် ပိုမို၍ သစ္စာရှိကာ ယုံကြည်ရသူ ဖြစ်သည်။ သူ သူမကို လွမ်းပေသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်းမှာပင် သူ သွေးမျိုးဆက် ရင်းမြစ်ကို ပြန်လည် သိုလှောင်ကာ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ် တည်းဟူသော ကျင့်ကြံခြင်း အခြေခံ လေးခုကို အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များဖြင့် အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်ခဲ့ပြီး ဖြစ်သည်။

ကြယ်တာရာ ဝိညာဥ်များ၏ သန့်စင်မှု အရှိန်နှုန်းက အလွန်ပင် မြန်ဆန်သည့်တိုင် ထုတ်ကုန်၏ အဆင့် ပိုမို တိုးမြင့်လာလေလေ သန့်စင်ရန် အချိန် ပိုယူရလေလေ ဖြစ်သည်။

မည်သို့ပင် ဆိုစေ... အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များမှာ လောကသခင်၊ အချိန်သခင်နှင့် ကြယ်တာရာ သခင်များ အတွက်ပင် သန့်စင်ရန် ခက်ခဲသည် မဟုတ်ပါလား။

အလင်းပြန်ခြင်း အဆင့်ကို အကန့်အသတ် အထိ မတိုးမြှင့်ရသေးသည့် အချိန်က သူ၏ ကြယ်တာရာ အမြုတေ အရွယ်အစားမှာ တစ်ခုလျှင် သုံးဆယ့်နှစ် စင်တီမီတာစီသာ ရှိခဲ့သည်။ သို့တိုင်အောင် ထိုအရွယ်အစားကပင် ပျမ်းမျှ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များထက် ခြောက်ဆယ့်လေးဆ ဖြစ်သည်။

ယခုတွင်တော့ သူက အလင်းပြန်ခြင်း အဆင့်၏ အကန့်အသတ်ထိ ရောက်ရှိခဲ့ပြီ ဖြစ်ရာ ကြယ်တာရာ အမြုတေများ၏ အရွယ်အစားမှာ ခြောက်ဆယ့်ကိုး စင်တီမီတာ အထိ တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။

ခြောက်ဆယ့်ကိုး စင်တီမီတာ...

ထိုအရာက ထာဝရ ကြယ်တာရာ နယ်မြေ၏ သမိုင်းတွင် အလင်းပြန်ခြင်း အဆင့် တစ်ယောက် အတွက် တစ်ခါမှ မရှိခဲ့ဖူးသည့် မှတ်တမ်း ဖြစ်သည်။

ထိုမျှမက သူ၏ အခြား ကျင့်ကြံခြင်း အစိတ်အပိုင်းများမှာလည်း အထွတ်အထိပ် အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ အပြင်... ကွင်းဆယ်ကွင်း ဝိညာဥ်ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း ဆယ်စု၊ ပြိုင်စံရှား မူလ အလင်းတို့နှင့် အတူ အရာအားလုံးကို သူ အောင်မြင်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်၏ စိတ်ထဲတွင် သံသယ တစ်ခု ရှိနေဆဲ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက အမှန်တကယ် အကန့်အသတ်ကို ရောက်ရှိပြီလော။ သို့တည်းမဟုတ်... ထိုအရာက ရင်းမြစ်များ တိုးမြှင့်ပေးနိုင်သည့် အမြင့်ဆုံး အကန့်အသတ်လော။

“ဒီထက် ပိုပြီး ပြီးပြည့်စုံတာ ရှိနိုင်ဦးမှာလား...”

ဧဒင်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။ အခြား ကြယ်တာရာ ဝိညာဥ်များမှာ ထိုမေးခွန်းကို စက္ကန့်မခြားပင် ပြန်လည် ခရာတိုက သူသာလျှင် အပြီးပြည့်စုံဆုံး ဖြစ်ကြောင်း ပြောသည်။ ဘုရင်ကလည်း သူ့ဆေဘာဓားသွားအောက်၌ မည်သည့် အရာမှ မပြည့်စုံကြောင်း အခိုင်အမာ ဆိုသည်။ သူနှင့် ရင်ဆိုင်တွေ့လျှင် အရာအားလုံး အဆုံးသတ်သွားရလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌... အိုရီကတော့ မေးခွန်းကို ဖြေရန်ထက် ခရာတို၏ ပြီးပြည့်စုံမှုနှင့် ဘုရင်၏ ဆေဘာတို့ ရင်ဆိုင်လျှင် မည်ကဲ့သို့ ဖြစ်မည်ကိုသာ ပိုမို စိတ်ဝင်စားကာ သွေးထိုး လှုံ့ဆော် ပေးနေခဲ့သည်။

အကယ်၍ ဧဒင်ကြောင့်သာ မဟုတ်လျှင်... ကြယ်တာရာ ဝိညာဥ်များမှာ သူတို့၏ သီအိုရီကို ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်း စမ်းသပ်ပြီး နေလောက်ပြီ ဖြစ်သည်။

သူတို့၏ အဖြစ်အပျက်က အတော်လေး ရယ်စရာ ကောင်းသည့်တိုင် ဝေ့ဝူယင်ကတော့ အတွေးလမ်းခွဲ တစ်ခုတွင် နစ်မြုပ်နေဆဲ ဖြစ်ပေသည်။

“ငါက တကယ်ပဲ အလင်းပြန်ခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံရဲ့ အကန့်အသတ်ကို ရောက်နေပြီလား... တကယ်လို့ငါသာ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာရင်ရော အဲဒီ အကန့်အသတ်ကို ထပ်ပြီး ကျော်ဖြတ်နိုင်မှာလား... အဲဒီအခါမှာ ပြီးပြည့်စုံခြင်းရဲ့ အဓိပ္ပာယ်က ထပ်ပြီး ပြောင်းလဲသွားနိုင်မှာလား...”

အတွေးက ဆန္ဒ အဖြစ် ပြောင်းလဲသွားကာ အကြံအစည် မျိုးစေ့ တစ်ခုမှာ ဝေ့ဝူယင်၏ စိတ်ထဲတွင် စတင် အမြစ်တွယ်လာ၏။ ထိုအဆင့်ကို ထိတွေ့လိုသည့် ဆန္ဒက စိတ်နှလုံး၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် သန္ဓေတည် လာသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ယခုတွင်တော့ ခြေလှမ်းများကို ပုံမှန် ဆက်လှမ်းရလိမ့်မည် ဖြစ်သည်။ သူ့တွင် ဖြုန်းတီးစရာ အချိန် မရှိသည့် အပြင် ကျင့်ကြံခြင်း အခြေခံကို ထပ်မံ မြှင့်တင်စရာ နည်းလမ်းများလည်း မရှိတော့ချေ။ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကပ်ဘေး ဖြစ်သည့် မြေဆွဲအား ရင်းမြစ် ကြယ်တာရာ ကပ်ဘေးကို စိန်ခေါ်ရန်ပင် ဖြစ်လေတော့သည်။

***

All Chapters