ကမ္ဘာဦး သားရဲ လမ်းစဥ်
Vol. 47 Ch. 655
ဟူး... ဟူး...
ပိုင်လင်၏ ရွှေရောင် မီးတောက်များက တဖြည်းဖြည်း လျော့ကသွားကာ အစစ်အမှန် ပုံသဏ္ဌာန်မှာ တဖြည်းဖြည်း ပေါ်လာခဲ့၏။ နိဗာန အသွင်ပြောင်းလဲခြင်း ပြီးနောက်တွင် သူမမှာ ယခင်ကနှင့် များစွာ ကွာခြား သွားခဲ့ပြီ ဖြစ်လေသည်။ သူမက ပိုမို၍ လက်ရာမြောက်လာကာ ဒဏ္ဍာရီများထဲမှ ဖီးနစ်များနှင့် ပိုမို၍ နီးကပ်လာသည်။
ပိုင်လင်ထံ၌ ကြော့မော့သော လည်တိုင်၊ စူးရှသော မျက်လုံးများနှင့် ခြေတံရှည်များ ကဲ့သို့သော ကြိုးကြာတစ်ကောင်၏ မူလ အစိတ်အပိုင်းများ ကျန်ရှိနေသေးသည့်တိုင် သူမ၏ အမွေးအတောင်များကတော့ သွေးမျိုးဆက် နှစ်ခု ပြီးပြည့်စုံစွာ ပေါင်းစပ်ခြင်း၏ ရလဒ် အနေဖြင့် ရွှေနှင့် အဖြူရောင် အဆင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ သူမ၏ ဦးခေါင်းက ကြိုးကြာနှင့် ဖီးနစ်ငှက် တစ်ကောင် ပေါင်းစပ်ထားဟန် ရကာ အမြီးတွင်လည်း လှပ ရှည်လျားသည့် အမွေးတစ်ကောင်များက မြစ်တစ်စင်းလို စီးဆင်းနေသည်။ သူမ တစ်ခါ လှုပ်ရှားလိုက်တိုင်း ရွှေရောင် အမှုန်အမွှားများက လေထုထဲတွင်ပင် ပေါ်လာကာ နောက်မှ လိုက်လာကြ၏။ ထိုမြင်ကွင်းက စွဲမက်ဖွယ် ကောင်းလှပေသည်။
တစ်ချိန်တည်း၌ သူမ၏ အရွယ်အစားကတော့ အနည်းငယ် ကျုံ့သွား၏။ ၎င်းက ဆယ့်တစ်မီတာခန့်သာ ရှိလေရာ အခြား သားရဲများထက်ပင် ပိုမို သေးငယ်သည်ဟု ဆိုနိုင်ပေသည်။ ပိုင်လင်က ထန်ဂူကို လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်ရင်း စိန်ခေါ်ဟန်ဖြင့် အတောင်ပံများကို ခတ်လိုက်၏။
“တစ်နေ့ကျရင် ငါလည်း မင်းလောက် ကြီးလာမှာပါ... အဲဒီ ကျရင်ရော ငါ တိုက်ခိုက်တဲ့ အချိန် မင်း ဆက်ပြီး အိပ်နိုင်ဦးမလား ကြားရသေးတာပေါ့”
ဝေ့ဝူယင်က ထိုစကားကို ရယ်စရာ ဟု မခံစားရပါချေ။ ဤအတိုင်းသာ ဆက်လက် တိုးတက်သွားပါက တစ်နေ့ကျလျှင် သူမ ထိုအဆင့်ကို ရောက်ရှိလိမ့်မည် ဖြစ်သည်။ နိဗာန အသွင်ပြောင်းခြင်းကို ပြီးမြောက် ကတည်းက ပိုင်လင်၏ ခန္ဓာကိုယ် အရွယ်အစားမှာ ပြောင်းလဲခြင်း မရှိတော့ချေ။ မည်မျှပင် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို တိုးမြှင့်စေကာမူ ဆယ့်တစ်မီတာ အရွယ်အစားတွင်ပင် ဆက်လက် ရှိနေဆဲ ဖြစ်ပေသည်။ သို့သော်လည်း... တစ်စုံတစ်ယောက်က သူမကို သေးငယ် အားနည်းသည်ဟု မှတ်ယူကာ သွားရောက် ရန်စပါက နောင်တ တရားများနှင့် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။
နိဗာန အသွင်ပြောင်းခြင်းမှာ သူမ အတွက် အပြောင်းအလဲ များစွာကို ယူဆောင်လာပေးခဲ့သည်။ ထိုအထဲမှ တစ်ခုက ကူးလူး ဆက်သွယ်နိုင်မှု စွမ်းရည်ပင် ဖြစ်သည်။ အန်နုကဲ့သို့ပင်... ပိုင်လင်မှာ အမြင့်မားဆုံးသော ဉာဏ်ရည်ကို ရရှိလာပြိ ဖြစ်ကာ စိတ်စွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ လအနည်းငယ် အတွင်းမှာပင် သူမမှာ ပြီးပြည့်စုံသည့် ဝါကျများကို တည်ဆောက်ကာ ဝေ့ဝူယင်ထံ ပေးပို့နိုင်စွမ်း ရှိလာခဲ့သည်။
သို့သော်လည်း... ဝေ့ဝူယင် သိပ်နားမလည်နိုင်သည့် အရာ တစ်ခု ရှိနေသေးဆဲ ဖြစ်သည်။ ပိုင်လင်နှင့် အန်နုတို့မှာ အဘယ်ကြောင့် ထိုကဲ့သို့ စွမ်းရည်ကို ပိုင်ဆိုင်လာသနည်း။
အမှန်အတိုင်း ဝန်ခံရပါက ပိုင်လင် နိဗာန အသွင်ပြောင်းခြင်းကို မပြီးမြောက်ခင် အချိန်အထိ ထိုအရာက အန်နု တစ်ယောက်တည်းသာ ပိုင်ဆိုင်နိုင်သည့် ပြိုင်စံရှား စွမ်းရည် ဖြစ်လိမ့်မည်ဟု ဝေ့ဝူယင် ထင်ထားခဲ့ခြင်း ဖြစ်သည်။ သူ တွေ့ဖူးသည့် မည်သည့် ကြယ်အဆင့် သားရဲမှ ထိုကဲ့သို့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားခြင်း မရှိသလို ထာဝရ ကြယ်တာရာ နယ်မြေ၏ သမိုင်းတွင်လည်း ထိုကဲ့သို့ မှတ်တမ်းမျိုး မတွေ့ဖူးချေ။ သို့သော်လည်း ပိုင်လင်ကတော့ နိဗာန အသွင်ပြောင်းခြင်း ဖြစ်စဥ် ပြီးပြီးချင်းပင် ထိုကဲ့သို့ စွမ်းရည်မျိုးကို ပိုင်ဆိုင်လာခဲ့သည်။
သားရဲမျိုးစိတ်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသလော။ သို့တည်းမဟုတ်... ထိုအရာက သူတို့ ကြယ်တာရာ နယ်မြေတစ်ခုတည်းတွင်သာလော။ ဝေ့ဝူယင် အတွေးအတွင်း နစ်မြုပ်သွားစဥ်မှာပင် ပိုင်လင်က ခေါင်းကို ငုံ့လိုက်ကာ သူ၏ မျက်နှာကို စိတ်ဝင်တစား ကြည့်လိုက်၏။
“ထပ်ဖြစ်ပြန်ပြီလား...”
သူမ ပြန်ရောက်သည့် နေ့ကတည်းက ဝေ့ဝူယင်မှာ ပိုမို တွေးတောလာကာ ဖြတ်သန်းနေသည့် နေ့ရက်များ အတွင်းတွင်ပင် ကျပန်း အနေအထားမျိုးဖြင့် ငေးငိုင် သွားတတ်သည်။
ဝေ့ဝူယင်မှာ ပိုင်လင်၏ အသံကြောင့် ပြန်လည် နိုးထလာကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ငါ သားရဲတွေ အကြောင်း တွေးမိသွားလို့... မင်းနဲ့ အန်နုက ဘာလို့ အခြား သားရဲတွေနဲ့ မတူပဲ ကွဲပြားရတာလဲ... ပုံမှန်ဆိုရင် ကြယ်အဆင့် သားရဲတွေမှာ စိတ်နဲ့ ဆက်သွယ် ပြောဆိုနိုင်တဲ့ စွမ်းရည် မရှိဘူးလေ”
ဝေ့ဝူယင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ သူက ဘယ်တုန်းကမှ အတွေးများကို ပိုင်လင် မသိအောင် ကွယ်ဝှက် မထားပါချေ။ ထိုကဲ့သို့ ပြလုပ်ရန်လည်း မလိုအပ်ချေ။
ပိုင်လင်က ခေါင်းကို ပြန်မော့လိုက်ကာ ထိုမေးခွန်းကို အလေးအနက် စဥ်းစားသွားပုံ ရ၏။ တစ်ခဏ ကြာပြီးနောက်၌ သူမက ဝေ့ဝူယင်ကို ကြည့်ကာ တန်ပြန် မေးခွန်း ထုတ်လိုက်သည်။
“ကျွန်တော်က ကြယ်အဆင့် သားရဲလား”
“...”
ဝေ့ဝူယင်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။ ပိုင်လင်က ခေါင်းကို အနည်းငယ် ညွှတ်လိုက်ရင်း အတွေးနက်ဟန်ဖြင့် ဆက်လက် ပြောလိုက်သည်။
“ကျွန်တော်က ကြယ်သားရဲ တစ်ကောင်ဆိုပြီး သခင် အရင်က ပြောဖူးတယ် မလား... အခု ကျွန်တော်က အရင်ကနဲ့ မတူတော့ဘူးလေ... ဒါတောင် ကြယ်သားရဲ ဆက်ဖြစ်နေတုန်းလား”
ဝေ့ဝူယင်က သူမ၏ ရွှေရောင် မျက်လုံးများကို ကြည့်လိုက်၏။
“မင်းကိုယ်မင်း မသိဘူးလား...”
ပိုင်လင်က လည်တိုင်ရှည်ကြီးများဖြင့် ခေါင်းကို ဘယ်ညာ ခါယမ်းလိုက်သည်။
“ကြယ်အဆင့် သားရဲဆိုတာက ဘယ်လို အခြေအနေမျိုးကို ခေါ်တာလဲ... ကျွန်တော် ဘယ်လို သိနိုင်မှာလဲ”
ဝေ့ဝူယင်မှာ မည်ကဲ့သို့ ရှင်းပြရမှန်း မသိ ဖြစ်သွား၏။ သူ သိထားသလောက် ဆိုလျှင် ကြယ်အဆင့် သားရဲများမှာ အမှောင် အာကာသထဲတွင် ရှင်သန်နေထိုင်နိုင်သည့် သားရဲများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ပိုင်လင်မှာ သာမန် ကြယ်အဆင့် သားရဲများထက် ပိုမို၍ အစွမ်းထက်တာတော့ သေချာသည်။ သို့သော်လည်း... ဘယ်အဆင့်လဲ ဆိုတာတော့ သူ မပြောတတ်ချေ။
“ပိုင်လင်... မင်းမှာ ကျင့်ကြံခြင်း အဆင့်ရှိတယ်လို့ ခံစားရလား...”
ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ပိုင်လင်က ခေါင်းကို မော့ကာ အတောင်ပံများကို တဖျပ်ဖျပ် ခတ်လိုက်သည်။
“ကျွန်တော် မသိဘူး... နိဗာန ပြန်လည် မွေးဖွားခြင်း အဆင့်လို့ ခေါ်မလား... အဲဒီလိုပဲ ဖြစ်မယ် ထင်တယ်”
ပိုင်လင်မှာ ဝေ့ဝူယင်နှင့် ဆယ်စုနှစ် များစွာ အတူနေထိုင်ခဲ့ရာ လူသားများ၏ ကျင့်ကြံခြင်း လမ်းစဥ်ကို တီးမိခေါက်မိပြီး ဖြစ်သည်။
နိဗာန ပြန်လည် မွေးဖွားခြင်း အဆင့်...
၎င်းက ကျင့်ကြံခြင်း အခြေခံ ဗဟုသုတများ အပေါ် အမှီသဟဲပြုကာ သူမကိုယ် သူမ လူသားများ၏ အတွေးအမြင် အတိုင်း ပုံဖော်ကြည့်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
“ပထမ အဆင့်လား...”
ဝေ့ဝူယင်က မေးလိုက်၏။ တစ်စုံတစ်ရာကို အလေးအနက် စဥ်းစားဟန် ပြုလိုက်ရင်း ပိုင်လင်၏ ရွှေရောင် မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။ ထို့နောက် သူမက လည်တိုင်ရှည်ကြီးကို လှုပ်ရှားကာ ခေါင်းညိတ်လိုက်၏။
“ဖြတ်ကျော်စရာ နောက်ထပ် အဆင့်ရှစ်ဆင့် ရှိသေးတယ်လို့ ကျွန်တော် ခံစားရတယ်... ဒီတော့ အဲဒီလိုပဲ ဖြစ်မှာပေါ့... နိဗာန ပြန်လည် မွေးဖွားခြင်း ပထမ အဆင့်... ကိုးကြိမ် ပြန်မွေးဖွားမယ်... ဟဟ... ငါက ကျင့်ကြံသူ တစ်ယောက်ပဲ”
ပိုင်လင်က ပျော်ရွှင်စွာဖြင့် အော်မြည်လိုက်၏။ ထို့နောက် သူမက ကောင်းကင်သို့ ပျံတက်ကာ ဝေ့ဝူယင် စက်ဝိုင်း ပုံစံဖြင့် ဝဲနေတော့သည်။
ဝေ့ဝူယင်က နွေးထွေးစွာဖြင့် ပြုံးလိုက်၏။ ကြည့်ရသည်က ရှို့ရန်များလိုပင် သားရဲများတွင်လည်း ခြားနားသည့် ကျင့်ကြံခြင်း လမ်းစဥ် တစ်ခု ရှိနေသည့်ပုံ ပေါ်သည်။
“ဒါနဲ့ ပိုင်လင်... မင်းမှာ စွမ်းရည် အသစ်တွေ ရှိလာသေးလား... အရင်တုန်းကနဲ့ မတူဘူးလို့ မင်းခံစားရတဲ့ စွမ်းရည်မျိုးလေ... တစ်ခုခု ထူးခြားတာ”
ဝေ့ဝူယင်က ကောင်းကင်ကို မော့ကြည့်ရင်း မေးလိုက်၏။ ပိုင်လင်က လေထဲတွင် တစ်ပတ် လှည့်လိုက်ရင်း အတောင်ပံများကို လှပစွာ ဖြန့်ကားကာ ဝေ့ဝူယင် အရှေ့သို့ ပြန်လည် ဆင်းသက်လာသည်။ သူမ၏ လှုပ်ရှားမှုက အလွန်ပင် ချောမွေ့ တိကျကာ ကောင်းစွာ လေ့ကျင့်ထားဟန် ရသည်။ သုံးနှစ်တာ ကာလ အတွင်းမှာပင် ပိုင်လင်မှာ ခန္ဓာကိုယ် အသစ်နှင့် အသားကျ နေခဲ့ပြီ ဖြစ်သည်။
“စွမ်းရည်လား... ရှိတော့ ရှိတယ်... ကျွန်တော့်နှလုံးသားထဲမှာ ရှိတဲ့ တစ်ခုခုနဲ့ ဆက်သွယ်နိုင်သလို ခံစားရတယ်... အဲဒါက ကျွန်တော်နဲ့ တူသလို ရှိပေမဲ့ ရှင်းရှင်းလင်းလင်းတော့ မမြင်ရဘူး... ထူးဆန်းတယ်”
ပိုင်လင်မှာ သေချာ မကဲမဖြတ်တတ်သည့်တိုင် ထိုအရာက ထူးဆန်းကြောင်းကိုတော့ သူမ သတိထားမိပေသည်။
“...”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တောက်ပသွားကာ နှလုံးသားရှိ ခရာတိုမှာလည်း အနည်းငယ် တုန်ရီသွား၏။ သူတို့ နှစ်ယောက် စလုံးမှာ ရှင်းလင်းစွာပင် သုံးသပ်ချက် တစ်ခုကို ရရှိခဲ့ပြီး ဖြစ်သည်။
“သခင် တစ်ခုခု သိထားတာလား...”
ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ ပိုင်လင်က စိတ်အား ထက်သန်စွာဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
“အဲဒါကို စကားလုံး အတိအကျနဲ့ ပြောဖို့တော့ ခက်တယ်ကွ... ဒါပေမဲ့ မင်းဆီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာတော့ ငါ နားလည်တယ်”
ပိုင်လင် ဖြတ်ကျော်ခဲ့ရသည့် နိဗာန အသွင်ပြောင်းခြင်း ဖြစ်စဥ်ကို ပြန်လိုက်ရလျှင် ထိုအရာက ရွှေရောင် ဖီးနစ် သစ်သီးနှင့် ချိတ်ဆက်နေပေသည်။ ထိုသစ်သီးကပင် သူမ၏ ကျင့်ကြံခြင်း လမ်းစဥ်ကို စတင် စေခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ရုပ်ခန္ဓာ ကျင့်စဥ်ကို ကျင့်ကြံခဲ့ကာ နှလုံးသားထဲတွင် ဒဏ္ဍာရီ အမှတ်အသားကို ပိုင်ဆိုင်လာခဲ့သည်။ ၎င်းကို သေမျိုး အမှတ်အသား၊ တန်ခိုးရှင် အမှတ်အသား၊ မသေမျိုး အမှတ်အသား စသည်ဖြင့် အဆင့်များ ခွဲခြားထားကာ သွေးမျိုးဆက် သန့်စင်မှု ပိုမို မြင့်မားလာလေလေ ပိုမို သန်မာလာလေလေ ဖြစ်သည်။
သို့သော်လည်း ပိုင်လင်၏ လမ်းစဥ်က ထိုကဲ့သို့ မဟုတ်ကြောင်း ဝေ့ဝူယင် သိပေသည်။ ဒဏ္ဍာရီ အမှတ်အသားမှာ ပုံမှန် ကျင့်ကြံခြင်း လမ်းစဥ်များနှင့် ကွာခြားသည့်တိုင် ဝိညာဥ် ကျင့်ကြံခြင်း၏ ထုတ်ကုန် တစ်ခု ဖြစ်နေသေးဆဲ ဖြစ်သည်။ အန်နုနှင့် ပိုင်လင်တို့၏ လမ်းစဥ်က အခြေခံအားဖြင့် လုံးဝ ကွဲပြား ခြားနားပေသည်။
ပိုင်လင်၏ ကျင့်ကြံခြင်း လမ်းစဥ်မှာ ဘိုးဘေးများထံသို့ ဦးတည်နေကာ သွေးမျိုးဆက်ကို တစ်ဆင့်ချင်းစီ နိုးထစေလျှက် မျိုးစိတ်တစ်ခုချင်းကို ပြောင်းလဲပစ်ခြင်း ဖြစ်သည်။ ပိုင်လင် နှလုံးသားထဲ၌ မြင်ရသည့် ပုံရိပ်မှာ အစစ်အမှန် ဖီးနစ် မီးငှက် တစ်ကောင်၏ ပုံရိပ်ပင် ဖြစ်ပေလိမ့်မည်။
သူမက မူလကို ပြန်သွားနေခြင်း ဖြစ်သည်။ ကိုယ်ပိုင် လမ်းစဥ်ကို တည်ဆောက်နေခြင်း ဖြစ်သည်။
ဝေ့ဝူယင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ပိုင်လင်မှာ အချိန် ကြာမြင့်စွာ တိတ်ဆိတ်သွား၏။ ထို့နောက် သူမက သဘောတူဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ဝေ့ဝူယင် ပြောတာ မှန်ပေသည်။ ပုံရိပ်က နောက်ဆုံး ပန်းတိုင် ရည်ရွယ်ချက် အဖြစ် သူမ ခံစားရသည်။ နိဗာန အသွင်ပြောင်းခြင်းကို ကိုးကြိမ် အထိ ပြုလုပ်ပြီး နောက်တွင် သူမက ဖီးနစ် တစ်ကောင် အဖြစ် ပြန်လည် မွေးဖွားလာလိမ့်မည် ဖြစ်သည်။
တစ်နာရီခန့် ကြာအောင် သားရဲတို့၏ သွေးမျိုးဆက်နှင့် လမ်းစဥ် အကြောင်း အခေါက်ခေါက် အခါခါ စဥ်းစားပြီးနောက် နာမည် တစ်ခုမှာ ဝေ့ဝူယင်၏ စိတ်အတွင်း မွေးဖွားလာခဲ့၏။
ကမ္ဘာဦး သားရဲ လမ်းစဥ်...
မှန်သည်။ ပိုင်လင်ရော အန်နုရော နှစ်ယောက်စလုံးမှာ ကမ္ဘာဦး သားရဲ လမ်းစဥ်ကို လျှောက်လှမ်းနေကြသည့် ကျင့်ကြံသူများသာ ဖြစ်သည်။
“အစစ်အမှန် ဟင်းလင်းပြင် နဂါးတွေရော ဒီလောကကြီးထဲမှာ ရှိနေလောက်လား...”
စိတ်လှုပ်ရှားစွာ တွေးတောရင်း ဝေ့ဝူယင်နှင့် ခရာတိုတို့ နှစ်ယောက်စလုံးမှာ အတွေးများ အတွင်း ရှေ့ဆင့် နောက်ဆင့်ပင် နစ်မြုပ်သွားခဲ့တော့သည်။
***