အမြဲစိမ်းတောအုပ်နဲ့ ကြက်သွေးရောင်ကျား
Vol. 29 Ch. 390
တူညီတဲ့ အဆင့်တစ်ခုမှာဆိုရင် စိတ်ဝိညာဉ်သစ်ပင်တွေရဲ့ တန်ဖိုးက ဆေးပင်တွေထက် အဆတစ်ထောင်နီးပါး ပိုများပါတယ်။ မြေကမ္ဘာ အလယ်အလတ်အဆင့် ဆေးပင်တစ်ပင်ရဲ့ တန်ဖိုးက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ရာနဲ့ချီပြီး ရှိပေမယ့် စိတ်ဝိညာဉ်သစ်ပင် တစ်ပင်ရဲ့ တန်ဖိုးကတော့ အဲသည်လောက် မနည်းပါဘူး။စိတ်ဝိညာဉ် သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းနဲ့ချီပြီးကို ရှိတာပါ။
တစ်ခါကဆိုရင် ပညာရှင် တစ်ယောက်က ဆရာသခင် မအိုသော ကလေးငယ်ရဲ့ ဝိညာဉ်သန့်စင် အပင်ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ ဝယ်ဖို့ ကမ်းလှမ်း ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆရာသခင် မအိုသောကလေးငယ်က မရောင်းခဲ့ပါဘူး။
စိတ်ဝိညာဉ်သစ်ပင်တွေ အခုလို တန်ဖိုးကြီးနေရတဲ့ အကြောင်းအရင်း ကတော့ သူတို့ဟာ အသီးတွေနဲ့ ပန်းတွေကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ သီးနိုင်၊ ပွင့်နိုင်လို့ပါပဲ။
ဥပမာအားဖြင့် ပြောရရင်တော့ စိတ်ဝိညာဉ်သန့်စင် အပင် ဆိုကြပါစို့။ စိတ်ဝိညာဉ်သန့်စင် အပင်ဟာ ဆယ်စုနှစ် တစ်ခုတိုင်းမှာ ဝိညာဉ်သန့်စင်သစ်သီး တစ်သုတ်ကို သီးလေ့ ရှိပါတယ်။ သီးတဲ့ အသီးအရေအတွက်ကတော့ အပင်ရဲ့ သက်တမ်းကိုလိုက်ပြီး ကွာခြားသွားမှာပါ။ နှစ်ပေါင်းတစ်ရာ သက်တမ်းရှိတဲ့ ဝိညာဉ် သန့်စင်ပင်ကတော့ အသီး၁၀လုံး သီးမှာဖြစ်ပါတယ်။ အပင်ရဲ့သက်တမ်းက ပိုရင့်လေလေ သီးတဲ့ အသီးအရေအတွက် ပိုများလေလေပါပဲ။
ဆရာသခင် မအိုသော ကလေးငယ်ရဲ့ ဝိညာဉ် သန့်စင်ပင်ကတော့ သက်တမ်း နှစ်ပေါင်း၃၅၀ ရှိနေပြီဖြစ်ပြီး တစ်ခါသီးရင် အသီးအရေအတွက် ၅၀ သီးတယ်လို့လည်း ကောလာဟလ ထွက်ပါတယ်။
ဈေးကွက်ထဲမှာ ဆိုရင်တော့ ဝိညာဉ် သန့်စင်သစ်သီး တစ်လုံးကို အနည်းဆုံး အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး၅၀၀ ပေးရမှာ အသေအချာပါပဲ။
ပြီးတော့ ဝိညာဉ်သန့်စင် သစ်ပင်တွေကို ဝင်္ကပါ အစီအရင်တွေရဲ့ ဗဟိုချက်မအဖြစ် အသုံးပြုပြီး ဝင်္ကပါ ဟန်ချက် ညီဖို့အတွက် အသုံးပြုလို့ ရပါသေးတယ်။
စွမ်းအင်စုစည်းမှု အဆင့်၆ ဝင်္ကပါ အစီအရင်၊ အဆင့်၆ တိုက်ခိုက်မှု ဝင်္ကပါ အစီအရင်နဲ့ အဆင့်၆ အကာအကွယ် ဝင်္ကပါ အစီအရင်တွေ ခင်းကျင်းထားတဲ့ သည်နေရာလိုပေါ့။ တကယ်လို့ ဝိညာဉ် သန့်စင်ပင်သာ မရှိခဲ့ဘူးဆိုရင် သည်နေရာမှာ ရှိနေတဲ့ ဝင်္ကပါ အစီအရင်တွေဟာ တစ်ခုနဲ့တစ်ခု ဟန်ချက်ညီနေမှာ မဟုတ်ပါဘူး။
ပြီးတော့ သည်ဝိညာဉ်သန့်စင်ပင်ကို ဝင်္ကပါ အစီအရင်တွေရဲ့ ဗဟိုချက်မအဖြစ် အသုံးပြုထားတဲ့ အတွက် ဝင်္ကပါတွေရဲ့ စွမ်းပကားဟာ သာမန် အဆင့်၆ ဝင်္ကပါတွေထက်ကို ပိုအားကောင်း သွားပါတယ်။ အဲသည်အတွက် တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေ စုပေါင်းပြီး သည်နေရာကို ဖျက်ဆီးဖို့ ကြိုးစားရင်တောင်မှ တစ်နေ့၊ နှစ်နေ့တည်းနဲ့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။
အဲသည် အတွက်ကြောင့်ပဲ သည်ဝိညာဉ်သန့်စင် သစ်ပင်က ဆရာသခင် မအိုသော ကလေးငယ်အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်နေရခြင်း ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ သူဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ ကမ်းလှမ်းတဲ့သူကို အစောကြီးကတည်းက ရောင်းချ လောက်ပြီးခဲ့ပါပြီ။
"အဲသည်တော့ ဒါက မြေကမ္ဘာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ် သစ်ပင် ဆိုတာပေါ့လေ"
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်မိ လိုက်ပါတယ်။
မြေကမ္ဘာအဆင့် စိတ်ဝိညာဉ် သစ်ပင်တွေကို လူအများက ချမ်းသာကြွယ်ဝခြင်း သစ်ပင်တွေလို့ ခေါ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သည်အပင်ရဲ့ အသီးတွေက ချမ်းသာ ကြွယ်ဝမှုတွေကို ဆောင်ကြည်း ပေးနိုင်စွမ်း ရှိလို့ပါပဲ။
" တကယ်လို့ ငါ့မှာလည်း သည်လို အပင်မျိုး တစ်ပင်လောက် ရှိလိုက်လို့ကတော့ ဝိညာဉ် ကျောက်တုံးတွေ အတွက် ပူနေစရာ လိုတော့မှာမဟုတ်ဘူး။ သည်အသီးတွေကို ခူးပြီး ရောင်းစားနေရုံပဲ "
ဝိညာဉ်သန့်စင်အပင်က အသီးတွေကို ကြည့်ပြီး လီဖူချန်း တစ်ယောက်ကတော့ စိတ်ကူးတွေတောင် ယဉ်နေမိခဲ့ပါပြီ။
ဝိညာဉ်သန့်စင် အပင်ရဲ့ ဘေးမှာတော့ ညီညာ ပြန့်ပြူးနေတဲ့ မြေကွက်လပ်ကြီး တစ်ခု ရှိနေပါတယ်။ မြေကွက်လပ်ရဲ့ အလယ်ဗဟိုမှာ ရှိနေတာကတော့ သိုင်းစင်မြင့်ကြီး တစ်ခုပါပဲ။ အဲသည် သိုင်းစင်မြင့်ကိုတော့ အဆောင်တွေ အများကြီးနဲ့ ဝန်းရံထားပါတယ်။
သည်အဆောင်တွေ အားလုံးကတော့ သုံးထပ် အဆောင်တွေပါ။
" လာကြလေ။ ငါတို့အနေနဲ့ ကြိုက်တဲ့ အဆောင်တစ်ခုကို ရွေးလို့ရတယ် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ရန်ယွီက အဆောင်တစ်ခုရဲ့ တတိယထပ်ပေါ်ကို ဦးဆောင်ပြီး ခုန်တက် သွားခဲ့ပါပြီ။ လီဖူချန်းတို့ကလည်း ရန်ယွီနောက်ကို ထက်ကြပ်မခွာ လိုက်သွားခဲ့ပါတယ်။
သူတို့ တက်သွားတဲ့ ပွဲကြည့်စင်ရဲ့ တတိယထပ်မှာတော့ သစ်သီးမျိုးစုံမနဲ့ အစားအသောက် တွေကို ခင်းကျင်းထားတဲ့ စားပွဲခုံရှည်ကြီး တစ်ခုအပြင် လက်ဖက်ရည် ငှဲ့ပေးဖို့အတွက် အစေခံ အမျိုးသမီး တစ်ယောက်လည်း ရှိနေပါတယ်။ ကြည့်ရတာတော့ ပွဲကြည့်စင်တိုင်းမှာ သည်လို ဝန်ဆောင်မှုမျိုး ရှိနေပုံပါပဲ။
ရန်ယွီကတော့ အားလုံးကို ရှင်းပြလိုက်ပါတယ်။
" သည်အသီးတွေ အားလုံးက ထာဝရနုပျိုခြင်း ဥယျာဉ်ထဲက ထွက်တဲ့ သစ်သီးတွေပဲ။ သည်သစ်သီးတွေကို ဆရာသခင် မအိုသော ကလေးငယ်က ဧည့်သည်တွေ လာရင် ဧည့်ခံဖို့အတွက်ပဲ သုံးတာ။ သည်ခရမ်းရောင် သစ်သီးဆိုရင် ခရမ်းရောင်မြွေ သစ်သီးလို့ ခေါ်တယ်။ သည်သစ်သီးရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးမှုက သာမန် ဆန်းကြယ်အဆင့် ဆေးပင်တွေနဲ့ သိပ်မကွာဘူး။ သည်နှလုံးပုံ သစ်သီးကတော့ ဘုရင့်အလိုကျ သစ်သီးပဲ။ သည်သစ်သီးရဲ့ ခန္ဓာကိုယ် သန့်စင် ပေးနှုန်းကတော့ ခရမ်းရောင်မြွေ သစ်သီးထက်ကို ပိုကောင်းတယ်။ သည်အရောင် သုံးမျိူးပါတဲ့ သစ်သီးကတော့ သုံးရောင်ခြယ် သစ်သီးပဲ။ ဒါကတော့ သည်မှာရှိနေတဲ့ သစ်သီးတွေ အားလုံးထဲမှာ ခန္ဓာကိုယ် သန့်စင်ပေးနိုင်မှု အမြင့်ဆုံးပဲ။ ပြီးတော့ သည်အစားအသောက်တွေ ... ။ သည်အစားအသောက်တွေ အားလုံးကိုလည်း ဆေးဖက်ဝင်တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို သုံးပြီး လုပ်ထားတာ။ အပြင်လောကမှာ ဒါမျိုး မရနိုင်ဘူး "
" ဟုတ်လား ... ။ မင်းပြောမှပဲ ငါအရမ်း မြည်းစမ်း ကြည့်ချင်လာပြီ "
ရန်ယွီရဲ့ အညွှန်းကြောင့် ဝူကျိက ခရမ်းရောင်မြွေ သစ်သီးတစ်လုံးကို ကောက်ယူပြီး တစ်ကိုက် ကိုက်လိုက်ပါတယ်။
" အိုး ... ကောင်းလိုက်တာကွာ "
ဝူကျိရဲ့ မျက်လုံးတွေကတော့ အရောင် တောက်သွားခဲ့ပါပြီ။
သူ့ရဲ့ အဆင့်အတန်းအရ ဝူကျိဟာ ဆန်းကြယ်အဆင့် ဆေးပင်တွေကို အများကြီး စားဖူးပါတယ်။ ဒါပေမဲ့ သည်ခရမ်းရောင်မြွေ သစ်သီးကတော့ မတူပါဘူး။ သည်သစ်သီးက ခန္ဓာကိုယ်ကို သန့်စင်ပေးရုံသာမက ကျေနပ် နှစ်သိမ့် နိုင်လောက်တဲ့ ခံစားမှု အရသာကိုလည်း ပေးစွမ်းပါတယ်။ အဲဒါကတော့ အဓိက အချက်ပါပဲ။
" အဲလောက်ကြီး ကောင်းလို့လားကွာ "
ကျန်တဲ့သူတွေကလည်း ခရမ်းရောင် မြွေသစ်သီးကို မြည်းစမ်း ကြည့်လိုက် ကြပါတယ်။
" ဟုတ်တယ်ဟေ့ ... ။ သည်အသီးက တကယ်ကြီး စားကောင်းတာဟာ။ နှမြောစရာ ကောင်းတာကတော့ သည်အသီးက ထာဝရနုပျိုခြင်း ဥယျာဉ်မှာသာ ရတာပဲ။ တကယ်လို့သာ သည်အသီးကို အပြင်မှာ ဝယ်လို့ရလို့ကတော့ တစ်နေ့ တစ်လုံးဝယ်ပြီး စားပစ်ဦးမှာ "
ကျန်းယုဖေးကတော့ ခရမ်းရောင်မြွေ သစ်သီးကို အစေ့ပါမချန် ဝါးစားပစ်လိုက်ပါပြီ။
လီဖူချန်းကလည်း ဘုရင့်အလိုကျ သစ်သီးကို ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်ပါတယ်။
" ဟုတ်တယ်ဟ ... ။ သည်အသီးတွေက အရမ်း ကောင်းတယ် "
အမှန်အတိုင်း ပြောရရင်တော့ လီဖူချန်းဟာ သည်လောက်ကောင်းတဲ့ အသီးမျိုးကို တစ်ခါမှ မစားဖူးပါဘူး။ အသီးကို တစ်ကိုက် ကိုက်လိုက်တာနဲ့ တစ်ပြိုင်နက် အသီးရဲ့ အရသာဟာ လျှာကနေ တစ်ဆင့် အာရုံကြောတွေထဲကို ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို ရှိန်းတိန်းတိန်း ဖြစ်သွားစေတဲ့ အပြင် ကြက်သီးလေးတွေကိုပါ ထလာစေပါတယ်။ ဒါကတော့ ကျေနပ် နှစ်သိမ့်သွားတဲ့ အခါမှာ ခန္ဓာကိုယ်ကနေ အလိုအလျောက် တုံ့ပြန်လာတဲ့ ဇီဝကမ္မ ဖြစ်စဉ် တစ်ခုပါပဲ။ ဖြစ်နိုင်မယ်ဆိုရင် လီဖူချန်းက သည်အသီးတွေကို တစ်ရက် နှစ်လုံးလောက် စားချင်နေပါပြီ။
ဆရာသခင် မအိုသော ကလေးငယ်ကတော့ ရုပ်လုံး ထွက်ပြခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း ဒါက နားလည်ပေးလို့ ရပါတယ်။ သူ့လို ပြန်လည်ဝင်စားခြင်း နယ်ပယ်က ဆရာသခင် တစ်ယောက်ဟာ လူငယ်မျိုးဆက်တွေနဲ့ အတူတူထိုင်ပြီး စကားစမြည် ပြောဖို့ဆိုတာက လုံးဝ မဖြစ်နိုင် သလောက်ပါပဲ။ သူက သည်လက်ဖက်ရည် ပွဲတော်ကို နောက်ကွယ် တစ်နေရာက နေပြီးသာ စောင့်ကြည့်နေမှာပါ။
လီဖူချန်းတို့ အုပ်စု ရောက်လာပြီး အချိန်အနည်းငယ် အကြာမှာတော့ နောက်ထပ် လူငယ်အုပ်စု တစ်စု ရောက်လာခဲ့ပြန်ပါပြီ။
သူတို့အားလုံးဟာ အစိမ်းရင့်ရောင် ကျောင်းဝတ်စုံတွေကို ဝတ်ဆင်ထားပြီး ဘယ်ဘက် ရင်အုံမှာတော့ အစိမ်းရောင်နွယ်ပင်ဟု ယူဆရတဲ့ ရင်ထိုးတွေကို ချိတ်ထားကြပါတယ်။
" သူတို့တွေက အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ကပဲ "
ရန်ယွီက လေးနက် တည်ကြည်စွာဖြင့် ပြောလိုက်ပါတယ်။
အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ် ဆိုတာက သိုင်းတက္ကသိုလ်၂၄ခုရဲ့ အဆင့်၅မှာ ရပ်တည်နေတဲ့ သိုင်းတက္ကသိုလ် တစ်ခုပါ။ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ဟာ သမိုင်းကြောင်း အခိုင်အမာရှိတဲ့ သိုင်းတက္ကသိုလ် ဖြစ်ပြီး သူတို့ရဲ့ ပထမဦးဆုံး ကျောင်းအုပ်ဟာဆိုရင် ဘုရင်အဖြစ် သမုတ်ခံရဖို့ အတွက် ခြေလှမ်း တစ်ဝက်လောက်သာ လိုတော့တယ်ဟု ကောလာဟလတွေတောင် ထွက်နေပါသေးတယ်။
( note - မူလပင်လယ် နယ်ပယ်ကို ရောက်သွားတဲ့ ပညာရှင်တိုင်းဟာ သူတို့ကိုသူတို့ ဘုရင်တွေဆိုပြီး သမုတ်လေ့ ရှိကြပါတယ်။ "
ရှည်လျားခိုင်မာလှတဲ့ တက္ကသိုလ်ရဲ့ သမိုင်းကြောင်းနဲ့ များပြလှတဲ့ အစွမ်းထက် သင်ကြားရေး ဆရာတွေဟာ ယနေ့ နာမည် ကျော်ကြားနေတဲ့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ကို ဖြစ်တည် လာစေတာပါပဲ။ အနယ်နယ်အရပ်ရပ်က အရည်အသွေးမြင့် လူငယ်တွေကလည်း သည်အမြဲစိမ်း တောအုပ် သိုင်းတက္ကသိုလ်ကို ဝင်ရောက်ခွင့် ရဖို့အတွက် အမြဲတစေ စိတ်ကူးယဉ်နေလေ့ ရှိကြပါတယ်။
သိုင်းတက္ကသိုလ် ၂၄ခုမှာ အမြဲစိမ်း တောအုပ်ရဲ့ အဆင့်သတ်မှတ်ချက်က ဘယ်တော့မှ ကျဆင်းသွားလေ့ မရှိတာကြောင့်လည်း ပါကောင်း ပါပါလိမ့်မယ်။ အဲသည်အတွက် အမြဲစိမ်း တောအုပ် သိုင်းတက္ကသိုလ်ကို အင်အားကြီး သိုင်းတက္ကသိုလ် တစ်ခုအဖြစ် သတ်မှတ်မယ် ဆိုရင်လည်း လွန်ရာ မကျလောက်ပါဘူး။
ယနေ့ ဆရာသခင် မအိုသော ကလေးငယ်ရဲ့ ထာဝရနုပျိုခြင်း ဥယျာဉ်ကို လာတဲ့ သိုင်းတက္ကသိုလ် ၇ခု ထဲမှာဆိုရင် အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်က အဆင့်သတ်မှတ်ချက် အမြင့်ဆုံးပါပဲ။
" အင်း ... သည်လူက အတော်လေး အစွမ်းထက်မယ့်ပုံပဲ "
လီဖူချန်းရဲ့ မျက်လုံးတွေက ရောက်လာတဲ့ လူငယ်အုပ်စုထဲက ခေါင်းဆောင် ဖြစ်ဟန်တူတဲ့ လူငယ်ဆီကို ရောက်သွားခဲ့ပါတယ်။
လူတစ်ယောက်ရဲ့ အစွမ်းကို ဆုံးဖြတ်တဲ့ နေရာမှာ သူ့ရဲ့ ချီအရှိန်ဝါ တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုလည်း ထည့်သွင်း ဆုံးဖြတ် ရပါသေးတယ်။ စိတ်ဓာတ်ကြံ့ခိုင်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှု အပြည့်ရှိတဲ့ပုံ ပေါက်နေတဲ့ သူတွေဆိုရင် သူတို့ရဲ့ အစွမ်းက လုံးဝသေချာပေါက် ထိပ်တန်းအဆင့်မှာ ရှိနေမှာ အသေအချာပါပဲ။ အစွမ်းမထက်တဲ့ သူတွေကတော့ ယုံကြည်စိတ်ချမှု အပြည့် ရှိနေတဲ့ပုံမျိုး ပေါ်နေမှာ မဟုတ်ပါဘူး။
အသိစိတ်အာရုံ အလွန် အားကောင်းနေတဲ့ လီဖူချန်းက တစ်ချက် ကြည့်လိုက်ရုံနဲ့တင် လူတစ်ယောက်ဟာ အစွမ်းထက်လား၊ မထက်ဘူးလား ဆိုတာကို တန်းသိပါတယ်။ဥပမာအားဖြင့် အခုရောက်လာတဲ့ လူငယ်အုပ်စုထဲက အသားညိုညို ရုပ်ချောချောနဲ့ လူငယ်ပေါ့။ အဲသည်လူငယ်က အားကောင်းလှတဲ့ ချီအရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံ ပေါက်နေ ပေမယ့်လည်း တကယ်တမ်းမှာတော့ အားနည်း လွန်းလှပါတယ်။ သူက အပြင်ပိုင်းမှာ လှပနေပြီး အတွင်းပိုင်းမှာ ပုတ်နေတဲ့ ကျီးအာသီးလိုပါပဲ။
လီဖူချန်းက လန်ဖန်ကို စိုက်ကြည့်လိုက်တဲ့ အချိန်မှာပဲ လန်ဖန်းရဲ့ အကြည့်တွေကလည်း ပွဲကြည့်စင်ရဲ့ တတိယထပ်ကို ရောက်လာခဲ့ပါတယ်။ သူကလည်း လီဖူချန်းကို စိုက်ကြည့်နေခဲ့ မိပါပြီ။
" ဟင် ... သည်ကောင် "
လန်ဖန်းက အတော်လေး အံ့အားသင့်မိ သွားခဲ့ပါတယ်။
လီဖူချန်းရဲ့ ချီအရှိန်အဝါတွေက ပူပြင်း တောက်ပ နေပေမယ့်လည်း အရမ်းကြီး အားကောင်းနေဟန် မပေါ်ပါဘူး။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင် သာမန် ပညာရှင် တစ်ယောက်လို့သာ ထင်မှတ်ချင်စရာ ပါပဲ။ အဲသည်အချက်ကပဲ သူ့ကို အံ့အားသင့်သွား စေတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူက လီဖူချန်းရဲ့ ချီအရှိန်အဝါကို မနက်ခင်းမှာ ထွက်လာတဲ့ နေနဲ့ တူနေတယ်လို့ ခံစားနေမိလို့ပါပဲ။ မနက်ခင်းမှာ ထွက်နေတဲ့ နေဟာ အဲသည်နေရာမှာပဲ ရပ်တန့်နေမှာ မဟုတ်ပါဘူး။ တဖြည်းဖြည်း မြင့်တက် လာပြီး မွန်းတည့်နေ အဖြစ် ပြောင်းလဲ သွားဦးမှာပါ။
" အိုး ... မထင်မှတ်ဘဲ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ ပုန်းအောင်းနေတဲ့ နဂါးတစ်ကောင် ရှိနေပါလား "
လန်ဖန်းရဲ့ မျက်လုံးတွေက တိုက်ပွဲကို ဆာလောင် မွတ်သိပ်မှုကြောင့် အရောင်တွေ တောက်ပ လာခဲ့ပါပြီ။
သူက နန်လင်းမြို့ကို ဟိုးအဝေးကြီးကနေ လာခဲ့ရတာပါ။ သူက သည်နေရာမှာ ထိုင်ပြီး လက်ဖက်ရည် ပွဲတော် ပြီးတဲ့အထိ စောင့်နေရမယ့် အဖြစ်မျိုးကို မကြိုက်ပါဘူး။ အဲဒါက အင်မတန် ပျင်းစရာ ကောင်းလွန်းပါတယ်။ အခုတော့ သူနဲ့ သိုင်းကွက် အနည်းငယ် ဖလှယ်နိုင်မယ့် လူတစ်ယောက်ကို အာရုံ ရလိုက်ပါပြီ။ စိတ်ကျေနပ်စရာပါပဲ။
" ကျေးဇူးပြုပြီး ငါ့ရဲ့ သိုင်းကွက်၂၀လောက်ကိုတော့ တောင့်ခံပေးပါကွာ "
လန်ဖန်းက စိတ်ထဲကနေ ပြောလိုက်ပါတယ်။
အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ လက်ရွေးစင် အပြင်စည်း ကျောင်းသားတွေ ပွဲကြည့်စဉ် တစ်ခုကို ရွေးပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် လူငယ်အုပ်စု တစ်စု ရောက်လာ ပြန်ပါတယ်။ သည်လူငယ်တွေကတော့ ထာဝရ နုပျိုခြင်း ဥယျာဉ်ကို ရောက်လာတဲ့ တတိယမြောက် အုပ်စုပါပဲ။
သည်လူငယ်တွေကတော့ လက်မောင်းမှာ ကျားခေါင်း ပုံသဏ္ဌာန် ရေးထိုးထားတဲ့ ကြက်သွေးရောင် ကျောင်းဝတ်စုံတွေကို ဝတ်ဆင် ထားကြပါတယ်။
" အိုး ... အဲသည်ကောင်တွေက ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်က ကောင်တွေဟ "
သည်စကားကို ပြောလိုက်သူကတော့ ကျန်းယုဖေးပါပဲ။
ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ဟာ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်၁၁မှာ ရပ်တည်နေတဲ့ သိုင်းတက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။ သူတို့က ရှေးဟောင်း သိုင်းတက္ကသိုလ် တစ်ခု ဆိုရင်လည်း မမှားပါဘူး။ သည်သိုင်းတက္ကသိုလ်ဟာ ဆိုရင်လည်း အရည်အသွေးမြင့် ပါရမီရှင် လူငယ်တွေ တက်ရောက်ရာ သိုင်းတက္ကသိုလ် တစ်ခုပါပဲ။
" ချီအတွင်းအား ကျင့်ကြံမှုကော ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကိုပါ လေ့ကျင့်ထားတဲ့ သူ "
လီဖူချန်းရဲ့ မျက်လုံးတွေက လူငယ်အုပ်စုရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ဗလတောင့်တောင့် လူငယ်ဆီကို ရောက်သွားခဲ့ပါပြီ ။ သူက တခြားလူတွေကိုတောင်မှ ဂရု မစိုက်တော့ပါဘူး။
လီဖူချန်းက ဗလတောင်တောင့် လူငယ်ဆီကနေ အားကောင်းလွန်းတဲ့ ချီအပြင်အား တစ်ခုကို ခံစားနေရပါတယ်။ သည်လူငယ်ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက သေချာပေါက် ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ ပါပဲ။
ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ဟာ လွယ်ကူတဲ့ လမ်းစဉ်တစ်ခု မဟုတ်ပါဘူး။ သည်လမ်းစဉ်ကို လျှောက်လှမ်းတဲ့ သူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်သလို ခန္ဓာကိုယ် ကလည်း အလွန်အမင်း နာကျင်မှုတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။ ပြောရမယ်ဆိုရင် ဒါက မလျော့သော ဇွဲလုံ့လနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု အလွန်အမင်း အားကောင်းနေဖို့ လိုအပ်တဲ့ လမ်းစဉ် တစ်ခုပါပဲ။ လီဖူချန်းတောင်မှ သူ့ရဲ့ အားကောင်း လွန်းလှတဲ့ စိတ်ဝိညာဉ်ကြောင့် အခုလို အဆင့်အထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းတဲ့ လူတွေရဲ့ ကျင့်ကြံမှုဟာ အသိစိတ် အာရုံနဲ့လည်း တစ်နည်းတစ်ဖုံ သက်ဆိုင် နေပါသေးတယ်။ ခန္ဓာကိုယ် အတွင်းအပြင်မှာ ဖြစ်ပျက် နေသမျှ အားလုံးကို အားကောင်းတဲ့ အသိစိတ် အာရုံနဲ့မှသာ ရှုမြင်သုံးသပ် နိုင်မှာပါ။ တကယ်လို့သာ အသိစိတ်အာရုံက လုံလောက်တဲ့ အထိ အားကောင်းခြင်း မရှိဘူးဆိုရင် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ ချီအတွင်းအား ကျင့်ကြံမှုကို သာလွန်နိုင်မှာ မဟုတ်ပါဘူး။
အဲသည်အတွက် သည်ဗလတောင့်တောင့် လူငယ်ရဲ့ စိတ်စွမ်းအင်နဲ့ အသိစိတ်အာရုံဟာ သေချာပေါက် အားကောင်း နေမှာပါပဲ။ မဟုတ်လို့ကတော့ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၁ကို ရောက်နေစရာ အကြောင်း မရှိပါဘူး။
" အဟက် ... ဒါက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးပဲလေ။ အဲသည်အတွက် များပြားလှတဲ့ ပါရမီရှင်တွေနဲ့ ထွဋ်ခေါင် ပါရမီရှင်တွေ ရှိနေတာက အံ့သြစရာတော့ မဟုတ်ဘူး။
လီဖူချန်းက မခိုးမခန့် ပြုံးရင်းနဲ့ စိတ်ထဲကနေ ပြောနေမိပါတယ်။
သူ့ရဲ့ စိတ်ထဲမှာလည်း ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးရဲ့ ပါရမီရှင်တွေ အကုန်လုံးကို နင်းကျော်ပြီး ထိပ်ဆုံးတစ်နေရာ အထိ သွားချင်စိတ်တွေ ထိန်းမရနိုင်အောင် ဖြစ်ပေါ်လာခဲ့ပြီ။ သူက ဘယ်သူ့ကိုမှ ဗိုလ်မထားချင်တော့ပါဘူး။
" အရင်ဆုံး သည်နေ့ လက်ဖက်ရည် ပွဲတော်ကို လာတဲ့ သိုင်းတက္ကသိုလ်က ပါရမီရှင်တွေကို အနိုင်ယူပြီး ငါ့ရဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်မယ် "
လီဖူချန်းက တိတ်တဆိတ် ကြုံးဝါးလိုက်ပါတယ်။
လောလောဆယ်မှာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားနဲ့ ဆင်နဂါးစွမ်းအားတွေဟာ ချိပ်ပိတ် ခံထား ရပေမယ့်လည်း သူ့ရဲ့ လက်ရှိ စွမ်းအား အခြေအနေက သည်ကျောင်းသားတွေကို အနိုင်ယူဖို့အတွက် စကားထဲတောင် ထည့်ပြောဖို့ မလိုပါဘူး။
***