← Chapters

ထွက်ခွာခြင်း

Vol. 47 Ch. 656

ထွက်ခွာခြင်း

Vol. 47 Ch. 656

“ကျွန်တော်တို့ ထွက်ကြတော့မလား...”

ပိုင်လင်၏ ဣတ္ထိယ အသံက ဝေ့ဝူယင်ကို အတွေး အာရုံမှ ပြန်လည် နိုးထလာစေခဲ့၏။ သူမ၏ အသံက နုပျို လတ်ဆတ်နေ၍ ကတ္တီပါစလို ချောမွေ့နေကာ အခြားတစ်ဖက်၌ အရိုင်းဆန်သည့် အငွေ့အသက် အချို့ ပါဝင်နေသည်။ ထိုအသံက ပိုင်လင်နှင့် လုံးဝ လိုက်ဖက်သည်ဟု ဝေ့ဝူယင်ကတော့ ခံစားရသည်။

“အင်း...”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ဖြစ်သည့် ကြယ်တာရာ ဝါးမြိုသူ ထန်ဂူကြီးကို လှမ်းကြည့်လိုက်သည်။

ပိုင်လင်ကလည်း ထန်ဂူကို လှမ်းကြည့်လိုက်ကာ မျက်လုံးထဲတွင် စိတ်မကောင်းသည့် အငွေ့အသက် အချို့ ဖြတ်ပြေးသွားသည်။ လွန်ခဲ့သည့် သုံးနှစ်လုံးလုံး သူမ ထန်ဂူကို နှိုးရန် ကြိုးစားခဲ့ခြင်းတွင် အခြား အကြောင်းရင်း တစ်ရပ် ရှိခဲ့ပေသည်။ ထိုအရာက ဝေ့ဝူယင် မလုပ်နိုင်သည့် သူမ၏ ပြိုင်စံရှား ဆက်သွယ်မှု နည်းလမ်းကို သုံးကာ ထန်ဂူနှင့် ဆက်သွယ်နိုင်ရန် ဖြစ်ပေသည်။

ထန်ဂူမှာ အထူအညီတောင်းရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ကြောင်း ဝေ့ဝူယင်က သူမကို ပြောပြခဲ့သည်။ ထို့နောက် အကျိုးဆက် အနေဖြင့် ထာဝရ ကြယ်တာရာ နယ်မြေကို ဖျက်ဆီးခဲ့မိသည်။ ဆာလောင်သော ဗီဇ... ၎င်းက ကြယ်ဝါးမျိုသူတို့၏ သဘာဝ တရား တစ်ရပ်ပင် ဖြစ်သည်။ ပိုင်လင် ဆာလောင်မှုကို သိသည်။ တစ်ကိုယ်တော် နေ့ရက်များ၌ စားသောက်ရန် ရုန်းကန်ခဲ့ရသော အဖြစ်အပျက်များမှာ ယခုထက်ထိတိုင် သူမ၏ အာရုံများထဲတွင် လတ်ဆတ်နေဆဲ ဖြစ်ပေသည်။

ပိုင်လင် ဝေ့ဝူယင်ကို ငုံ့ကြည့်လိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးများက နွေးထွေး၊ သိမ်မွေ့သော ခံစားချက်များဖြင့် ပြည့်နှက်လာသည်။

“ငါတို့ ဒီနေ့ ထွက်ကြမယ်...”

ဝေ့ဝူယင်က ထန်ဂူထံမှ အကြည့်ကို ခွာရင်း ပြောလိုက်၏။ ပိုင်လင်သာလျှင် မက... သူ ကိုယ်တိုင်လည်း ထန်ဂူကို နှိုးရန် ခြောက်နှစ်လုံးလုံး ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အဂ္ဂိရတ်၊ ဝိညာဥ်၊ စိတ်၊ ရုပ်... မည်သည့် စွမ်းအင်နှင့် ကြိုးစားစေကာမူ ထန်ဂူမှာ အိမ်မောကျနေသည့် အခြေအနေတွင် ဆက်လက် ရှိနေသေးဆဲ ဖြစ်သည်။

ထန်ဂူက အဘယ်ကြောင့် သူ့ကို လာရှာခဲ့သနည်း။ ထိုအကြောင်းရင်းက သူ ပိုင်ဆိုင်ထားသည့် အပြစ်သား သွေးမျိုးဆက်၊ ကောင်းကင်ဘုံ နတ်မျက်လုံး၊ အစစ်အမှန် နဂါးသွေးမျိုးဆက် သို့မဟုတ်... ဧဒင်၏ မူလ အစတို့နှင့် သက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပေသည်။ လောကကြီးထဲတွင် ဖြည်းညင်းစွာ အဖြေရှာရန် မေးခွန်းများစွာ ကျန်ရှိနေသေးဆဲ ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။

ပိုင်လင်က ညင်သာစွာပင် ရွေ့လျားလာကာ ဝေ့ဝူယင် အလိုက်သင့် တက်လို့ရအောင် ကိုယ်ကို ကိုင်းညွှတ် ပေးလိုက်၏။ ဝေ့ဝူယင်က ကြိုးကြာလေးကို ကြည့်ရင်း အသာအယာပင် ပြုံးလိုက်သည်။ သူ့အတွက်တော့ ပိုင်လင်က သားရဲတစ်ကောင်ထက် ပိုပေသည်။

ဝေ့ဝူယင် ကျောထက်သို့ လှမ်းတက်လိုက်သော အခိုက်၌ ပိုင်လင်က ရွှင်မြူးစွာပင် အော်ဟစ်လိုက်၏။ အမှတ်တရလှိုင်းများက နွယ်ပင်များ သဖွယ် ရစ်ပတ် တက်လာရာ သူတို့ နှစ်ယောက်စလုံး လွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။

တစ်ခါတုန်းက လူတစ်ယောက်နှင့် ကြိုးကြာ တစ်ကောင်မှာ အနန္တ ကုန်းမြေတိုက်ကြီးထက်တွင် ပျံသန်းကာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ကြသည်။ ယခု၌ သူတို့ နှစ်ယောက်မှာ နောက်တစ်ဖန် ပြန်လည် အတူရှိခဲ့ကြပြီ ဖြစ်သည်။

ဂီး...

ပိုင်လင်ထံမှ ရွှေသွေးရောင် မီးတောက်များမှာ ပေါက်ကွဲ ထွက်ပေါ်လာ၏။ အပူချိန်က နွေးထွေးလာကာ သိမ်မွေ့သော အော်ရာ တစ်ခု ပေါက်ဖွားလာသည်။ ပေါကြွယ်ဝလှသည့် အသက်စွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ ဖြည်းညင်းစွာ လောင်ကြွမ်းနေသည့် သက်တမ်းကို တိုးမြှင့်ပေးနေသလိုပင် ဝေ့ဝူယင် ခံစားလိုက်ရ၏။ အကြမ်းဖျဥ်းအားဖြင့် အသက်စွမ်းအင် တစ်စက္ကန့် ကုန်ဆုံးသွားတိုင်း၌ မီးတောက်များမှာ တစ်စက္ကန့်၏ ဆယ်ပုံ တစ်ပုံခန့် ပြန်လည် ဖြည့်တင်းပေးနေပေသည်။

ဟူး...

ပိုင်လင်က အဖြူရောင်နှင့် ရွှေရောင် ရောနှောထားသည့် အတောင်ပံများကို ဖြန့်ကျက်ရင်း ဝေဟင်သို့ စတင် ပျံတက်လိုက်၏။ ရွှေမှုန်ရွှေမွှားများ၏ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ထွန်းလင်းလာကာ အမှောင်ဟင်းလင်းပြင်ထဲတွင် ပိုးစုန်းကြူးများလို တောက်ပနေသည်။ ထိုမြင်ကွင်းက အသက်ရှူ မှားလောက်အောင် လှပလှသည့်တိုင် ကံဆိုးစွာပင် ထိုနေရာတွင် ရှုမြင်နိုင်သည့် ပုဂ္ဂိုလ် မရှိပါချေ။

အရှိန်ယူပြီး မကြာခင်မှာပင် ပိုင်လင်မှာ အံ့မခန်း အမြန်နှုန်းဖြင့် စတင် ပျံသန်းတော့၏။ သူ၏ အမြန်နှုန်းက ဟင်းလင်းပြင် သင်္ဘော၏ အမြင့်ဆုံး အမြန်နှုန်းထက်ပင် ပိုမို သာလွန်ပေသည်။ လက်ရှိ၌ သူမမှာ ကြယ်တာရာ သခင်များထက်ပင် ပိုမို မြန်ဆန်နေခဲ့ပြီ ဖြစ်သည်။ ကမ္ဘာဦး သားရဲ အဖြစ် သူမ၏ နိဗာန အသွင်ကူးပြောင်းခဲ့မှုက အလကား မဟုတ်ပါချေ။

ထို့အပြင်... လွန်ခဲ့သည့် သုံးနှစ် အတွင်းတွင် ဝေ့ဝူယင်မှာ သမူကို သွေးမျိုးဆက် မြှင့်တင်ခြင်း ဆေး ကဲ့သို့ အဂ္ဂိရတ် ထုတ်ကုန်များစွာကို သူမအတွက် ပံ့ပိုးပေးခဲ့သည်။ ပိုင်လင်မှာ ပြန်လာခဲ့ချိန်မှ စ၍ သားရဲတစ်ကောင် အတွက် အကောင်းဆုံးသော ပြုစုပျိုးထောင်မှုများကို ရရှိခဲ့ပေသည်။

နိဗာန အသွင်ကူးပြောင်းခြင်း မတိုင်မီက ပိုင်လင်မှာ အများကြီး သန်မာခြင်း မရှိချေ။ ကြယ်တာရာ အမြုတေ အဆင့်နိမ့်များကို ယှဥ်တိုက်နိုင်ရုံလောက်သာ ရှိခဲ့သည်။

ယခုတွင်တော့ သူမမှာ ယခင်ကထက် အများကြီး ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။ အတိအကျ မည်သည့် အဆင့်မှန်းတော့ ဝေ့ဝူယင်လည်း မသိချေ။ သေချာတာ တစ်ခုက... ဧရာမ ဂြိုဟ်အပိုင်းအစကြီးများကိုပင် ပြာချပစ်နိုင်သည့် သူမ၏ ဖျက်ဆီးခြင်း မီးတောက်များကို သူ ကိုယ်တိုင်ပင် ရင်မဆိုင်ရဲခြင်း ဖြစ်သည်။

ဟူး... ဟူး...

မိနစ် အနည်းငယ် အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ မိုင်သောင်းပေါင်းများစွာကို ဖြတ်သန်း ပျံသန်းခဲ့ပြီး ဖြစ်သည်။ သူမ၏ အမြန်နှုန်းက အမှန်တကယ် အံ့အားသင့်စရာ ကောင်းလွန်းလှကာ အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ၏ အစပ်သို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်၏ တွက်ချက်မှု အရ ဆိုလျှင်... ဤအမြန်နှုန်းဖြင့်ပင် သူ့လက်စွပ်များ အမှတ်အသား လုပ်ထားသည့် နေရာသို့ ရောက်ရှိရန် အတွက် နှစ်အနည်းငယ် အချိန်ယူရလိမ့်မည် ဖြစ်သည်။

အမှောင်ဟင်းလင်းပြင်ကို ဖြတ်သန်း ခရီးနှင်ရခြင်းက မရိုးရှင်းပေ။ ပြဿနာက ကြယ်တာရာ နယ်မြေများ၏ အကျယ်အဝန်း မဟုတ်ပဲ ၎င်းတို့ ကြားရှိ အကွာအဝေး ဖြစ်သည်။ ထိုနေရာများမှာ အကြွင်းမဲ့ နတ္ထိဖြစ်ကာ အသက်၊ အလင်း မည်သည့် စွမ်းအင်မှ မရှိချေ။

ကံကောင်းထောက်မစွာပင် သူ့တွင် အခြားနည်းလမ်း တစ်ခု ရှိနေပေသည်။ ဝေ့ဝူယင်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။

“ပိုင်လင်... ငါ ဟင်းလင်းပြင် ဝင်ပေါက်ကို ဖွင့်တော့မယ်... မင်း အဆင်သင့် ပြင်ထား...”

“ဂီး...”

ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် တွန်သံပေးလိုက်၏။ ဝေ့ဝူယင်က ဟင်းလင်းပြင် ဖြတ်ကျော်ခြင်းအား သုံးမည့် အပေါ် သူမ စိတ်မရှိပါချေ။

ဖျောင်း... ဖျောင်း...

ဝေ့ဝူယင်က လက်ခုပ်တီးလိုက်ရာ ဟင်းလင်းပြင် လှိုင်းများမှာ ပြင်းထန်လာကာ သူ့နံဘေး တစ်ဝိုက်တွင် စုစည်း လာ၏။ ဝေ့ဝူယင် မျက်လုံးများကို မှိတ်ရင်း သူ့သိုလှောင် လက်စွပ် ရှိနေသည့် အရပ်မျက်နှာ၊ အကွာအဝေးနှင့် တည်နေရာတို့ကို အာရုံခံလိုက်သည်။ သူ၏ ဦးတည်ချက်က ယင် ထံသို့ ဖြစ်ပေသည်။

ဟူး... ဟူး...

လေမုန်တိုင်း တိုက်ခိုက်သံများနှင့် အတူ ဝေ့ဝူယင်၏ အရှေ့ မိုင်တစ်ရာခန့် အကွာတွင် ဟင်းလင်းပြင် ဝင်ပေါက်တစ်ခု ပေါ်လာခဲ့၏။ ထို့နောက်... သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်လှိုင်းများမှာ ဝင်ပေါက် ရှိရာသို့ အံ့မခန်း အရှိန်နှုန်းဖြင့် ပျံသန်းသွားခဲ့ကြတော့သည်။

ဖန်တီးမှု တစ်ခုလုံး ပြီးပြည့်စုံခါနီးတွင်ပင် ရုတ်တရက်... ရင်းနှီးနေပြီးသား ဖြစ်သည့် နာကျင်မှု တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က အလိုအလျောက်ပင် တုန့်ပြန်ကာ ငွေရောင် မျက်လုံးများမှာ လက်ရှိ အပြစ်သား တက်တူးကို ငုံ့ကြည့် လိုက်လေသည်။

ကမ္မတန်ဖိုး... ၁၅၃၄၈.၂ → ၁၅၁၃၈.၁

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယ ကပ်ဘေး တားဆီးခြင်း... ၄၃ နှစ်

“ကမ္မတန်ဖိုး ၂၁၀.၁ တောင်မှ ဖြတ်တောက် ခံလိုက်ရတာလား...”

ဝေ့ဝူယင်မှာ အံ့သြသွား၏။ သူက ချက်ချင်းပင် အမှန်တရား မျက်လုံးကို အသက်သွင်းကာ လောက၏ အပြောင်းအလဲလှိုင်းများကို လေ့လာလိုက်သည်။

ဟင်းလင်းပြင် ဝင်ပေါက်ထက်တွင် ကောင်းကင် တာအို အငွေ့အသက်များ ရစ်ဝဲ နေသည်ကို သတိထား လိုက်မိသော အခိုက်၌ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ကျဥ်းမြောင်းသွား၏။ ကောင်းကင်တာအိုက သူ၏ ဗီဇ အတိုင်း ကံကြမ္မာကို ပြောင်းလဲကာ သူ ဦးတည်နေသည့် နေရာကို ရွှေ့ပြောင်းပစ်တော့မည်လော။

သို့သော်လည်း အရာရာမှာ နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။ ပိုင်လင်မှာ အံ့မခန့် အရှိန်နှုန်းဖြင့် စတင် ပျံသန်းကာ ဟင်းလင်းပြင် ဝင်ပေါက် အတွင်း တိုးဝင်နေပြီ ဖြစ်လေသည်။

ဝှစ်... ဝှစ်...

ထို့နောက်... တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံခန့် အတွင်းမှာပင် သူတို့ နှစ်ယောက်စလုံးမှာ ဝင်ပေါက် အတွင်း ဝင်ရောက်ကာ အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေမှ လုံးဝ ပျောက်ကွယ်သွားခဲ့တော့၏။

အဆုံးမဲ့ အပျက်အစီးများ ပြည့်နှက်နေသည့် နယ်မြေကျယ်ကြီးနှင့် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ထန်ဂူ တို့သာလျှင် ထိုနေရာ၌ ကျန်ရှိခဲ့ပေတော့သည်။

***

All Chapters