နတ္ထိ ဟင်းလင်းပြင်
Vol. 47 Ch. 657
အမှောင် ဟင်းလင်းပြင်...
အမှောင် ဟင်းလင်းပြင်မှာ ထူးဆန်းသည့် ဖြစ်ရပ်များ၊ ကြယ်တာရာ ဖြစ်စဥ် ရုပ်ကြွင်းများ၊ ဆယ်စုနှစ်များစွာ ဖြတ်သန်း၍ သဘာဝ အလျောက် ဖွဲ့စည်းလာသည့် ရတနာများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းတွင် ထိုကဲ့သို့ နေကြယ် လွှမ်းမိုးမှု ကင်းမဲ့သော ဧရိယာများကို နတ္ထိ ဟင်းလင်းပြင်များဟု ခေါ်သည်။ နတ္ထိ ဟင်းလင်းပြင်များမှာ အမြဲတမ်း မှောင်မိုက်နေကာ အသက်ဓာတ် ကင်းမဲ့၍ အန္တရာယ် အတိပြီးသည့် ဖြစ်စဥ်များနှင့် ပြည့်နှက်နေပေသည်။
နတ္ထိ ဟင်းလင်းပြင်များထဲမှ အများစုမှာ ကြယ်တာရာ နယ်မြေတစ်ခုနှင့် တစ်ခုကြားရှိ နေကြယ် မသက်ရောက်နိုင်သည့် နေရာများ ဖြစ်သည်။ သို့သော်လည်း နတ္ထိဆိုသည့် နာမည်နှင့် ကွာခြားစွာပင် မည်သည့် ဖြစ်တည်မှုမှ မရှိသည်တော့ မဟုတ်ချေ။ မကြာခဏ ဆိုသလို ထိုနေရာများမှာ ကြယ်တာရာ ဝါးမြိုသူ ကဲ့သို့ သက်ရှိများ၏ ဖျက်ဆီးခြင်း ခံထားရသော အကြွင်းအကျန် နေရာများ ဖြစ်နေတတ်သည်။ တစ်နေ့၌ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေမှာလည်း ထိုကဲ့သို့ နတ္ထိ ဟင်းလင်းပြင် နေရာများထဲမှ တစ်ခု ဖြစ်သွားလိမ့်ဦးမည် ဖြစ်သည်။
ထိုကဲ့သို့ နတ္ထိ ဟင်းလင်းပြင်များထဲတွင် အလွန် ထူးခြားသော ကောင်းကင်ခန္ဓာများ ရှိပေသည်။ နေကြယ် ပျက်စီးခြင်း ကဲ့သို့ သဘာဝ ဖြစ်စဥ်များတွင် ပျက်စီးသွားခြင်း မရှိသည့် ဂြိုဟ်များ၊ လများမှာ ၎င်းတို့၏ သဘာဝ နည်းလမ်း အတိုင်း အမြုတေကို ဆက်လက် ထိန်းသိမ်း၍ ရည်ရွယ်ချက် မရှိ ဦးတည်ရာမဲ့စွာဖြင့် လွင့်မြောနေတတ်သည်။ သို့သော်လည်း... အလင်းနှင့် စွမ်းအင်ကို ထောက်ပံ့ပေးနိုင်သည့် နေကြယ် ကင်းမဲ့ခြင်းကြောင့် ထိုကောင်းကင် ခန္ဓာများမှာ သက်ရှိများကို ဆက်လက် ထိန်းသိမ်း ပေးနိုင်သည့် စွမ်းရည် ချို့တဲ့ကြသည်။
ထိုဂြိုဟ်များ၊ လများကို လေလွင့်ကောင်းကင်များဟု နာမည် ပေးထားသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် လေလွင့်ကောင်းကင်များကို အန္တရာယ် နယ်မြေများ အဖြစ် အများက သတ်မှတ်ကာ ရှောင်တိမ်း ကြသည့်တိုင်... ဆန်းကြယ်သော သဘာဝ ဖြစ်စဥ်များနှင့် အတူ ထွက်ပေါ်လာသည့် ရတနာများအား လာရောက် ရှာဖွေသူများလည်း ရှိနေကြဆဲ ဖြစ်သည်။ သူတို့ကို ကျင့်ကြံသူများက “ဟင်းလင်းပြင် မုဆိုးများ” အဖြစ် ရည်ညွှန်းကြလေ့ ရှိသည်။
...
မဟာစက်ဝန်း ကြယ်ကွင်းပြင်၊ ကြယ်တာရာ နယ်မြေများ အကြားရှိ... နတ္ထိ ဟင်းလင်းပြင် တစ်ခုတွင် ဖြည်းညင်းစွာ လွင့်မြောနေသည့် လေလွင့်ကောင်းကင် တစ်ခု ရှိသည်။
၎င်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း သိန်းချီ ကာလက ကြယ်တာရာ နယ်မြေ တစ်ခုတွင် စည်ပင်ရှင်သန်ခဲ့သော ဂြိုဟ်တစ်စင်းပင် ဖြစ်သည်။ ဂြိုဟ်မှာ အနီရင့်ရောင် ဓာတ်ငွေ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားကာ အတွင်းပိုင်းရှိ အမြုတေမှာ တစ်ခါတစ်ရံ အသက်ရှူသလို အလင်းငွေ့ အချို့ ဖြာထွက် လာနေခဲ့၏။
ထိုဂြိုဟ်ငယ်၏ မျက်နှာပြင်ထက်တွင်တော့ အသက်ဓာတ် အချို့ ဖြာထွက်နေခဲ့၏။ ၎င်းတို့က တက်ကြွစွာပင် လှုပ်ရှားနေကြကာ သေချာစွာ လေ့ကျင့်ထားသလို ရွေ့လျားမှုမျိုးဖြင့် လှုပ်ရှားနေကြသည်။ ဂြိုဟ်၏ လေထုအလွှာ အပြင်ဘက်တွင်တော့ အလွန် ကြီးမားသည့် ဟင်းလင်းပြင် သင်္ဘောကြီး သုံးစင်းမှာ နီးကပ်စွာ ချည်နှောင်ထားသည့် ပုံစံများဖြင့် ရပ်နေခဲ့ကြ၏။ ၎င်းတို့မှာ အလွန် နိမ့်ပါးသော စွမ်းအားဖြင့် လည်ပတ်နေကြကာ အစွမ်းထက် ဝင်္ကပါများကို သုံး၍ တည်ရှိမှု လက္ခဏာများကို ဖုံးကွယ် ထားကြ၏။
အကယ်၍ ကျင့်ကြံသူ တစ်ယောက်မှာ ထိုနေရာကို တိုက်ရိုက် ကြည့်ရှုမည် ဆိုပါက သူတို့၏ ဝိညာဥ်အာရုံများမှာ ဘာကိုမှ ရှာတွေ့လိမ့်မည် မဟုတ်ပဲ တစ်စုံတစ်ရာ ထူးခြားပုံ မရသည့် လေလွင့်ကောင်းကင် ကိုသာ တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သေမျိုးအဆင့်ထက် ကျော်လွန်သော ကျင့်ကြံသူများ ဆိုလျှင်တော့ ပိုမို လေးနက်စွာ ဆန်းစစ် နိုင်လိမ့်မည် ဖြစ်သည်။
မတူကွဲပြားသည့် သင်္ကေတများ အရ... သင်္ဘောများကို ခြားနားသည့် အင်အားစု သုံးခုက ပိုင်ဆိုင်ထားကြောင်း သိရှိနိုင်လိမ့်မည် ဖြစ်သည်။
ပထမ သင်္ဘောကို သမုဒ္ဒရာနှင့် ကောင်းကင် အပြာရောင် နှစ်မျိုးဖြင့် ခြယ်သထားကာ ကိုယ်ထည်တွင် ရွှေရောင် တိမ်တိုက် သဏ္ဌာန် သင်္ကေတများ ရှိသည်။
ဒုတိယ သင်္ဘောကတော့ မီးခိုးရင့်ရောင် အဆင်း ရှိ၏။ ၎င်း၏ ဘေးဘက် နံရံ တစ်ဖက် တစ်ချက်တွင်တော့ တောက်ပသော ရွှေဝါရောင်ကွင်း တစ်ခု ရှိကာ အတွင်းတွင် “ခွန်” ဟူသော စကားလုံးကို အဖြူရောင်ဖြင့် ရေးထိုးထားသည်။
တတိယ သင်္ဘောကတော့ ပိန်းပိတ်သည့် အနက်ရောင် ရှိသည်။ ၎င်းတွင် ကိုယ်ထည်တွင်ရော နံရံတွင်မှာပါ မည်သည့် သင်္ကေတမှ မရှိချေ။ ထို့အစား.. ရွက်တိုင် သုံးတိုင်၏ အမြင့်ဆုံး နေရာတွင်သာ ပုံရိပ်တစ်ခုကို ထွင်းထု ဖော်ပြထားသည်။ ထိုပုံရိပ်မှာ ငွေရောင် ဓားတစ်ချောင်း အဇူရာရောင် ဂြိုဟ်တစ်ခုထဲသို့ တိုးဝင်သွားသည့် ပုံပင် ဖြစ်သည်။ အနီးစပ်ဆုံး ဥပမာ ပေးရလျှင်... ၎င်းက ကလေးကလား ဆန်ဆန် အသည်းပုံထဲ မြှားစိုက်သလို သင်္ကေတနှင့် ဆင်တူသည်။
ထိုသင်္ဘောများကို တိမ်တိုက်ကျယ် နန်းတော်၊ ခွန်ကလန်နှင့် ရိတ်သိမ်းခြင်းဓား အဖွဲ့တို့က ပိုင်ဆိုင်ပေသည်။ ၎င်းတို့ အားလုံးက မတူညီသည့် အင်အားစုများ ဖြစ်ကြကာ နန်းတော်တစ်ခု၊ ကလန်တစ်နှင့် လွတ်လပ်သော ကျင့်ကြံသူများ၏ အဖွဲ့တစ်ခုတို့ ပါဝင်နေပေသည်။
ထိုကဲ့သို့ အင်အားစု သုံးခု နတ္ထိ ဟင်းလင်းပြင်ထဲတွင် အတူတကွ စုစည်းနေကြခြင်းကို ကြည့်ပါက ထိုကိစ္စက မရိုးရှင်းကြောင်း သိနိုင်လိမ့်မည် ဖြစ်သည်။
ဟင်းလင်းပြင် သင်္ဘော သုံးခု၏ အထက်တွင်တော့ ပုံရိပ် သုံးခု ရှိကာ သူတို့မှာ လက်အောက်ငယ်သားများ၊ တပည့်များနှင့် အတူတကွပင် စုစည်းနေကြ၏။ သူတို့က အရေအတွက် ဆယ်ဂဏန်းထက် မပိုသော်လည်း ပုံရိပ်သုံးခုကတော့ ခြွင်းချက် ဖြစ်သည်။ သူတို့က အမှောင် ဟင်းလင်းပြင်ထဲတွင် ရပ်တန့်ရန် အတွက် မည်သည့် စွမ်းအင် အကူအညီမှ လိုအပ်ခြင်း မရှိပါချေ။
ပုံရိပ်သုံးခု၏ နောက်ရှိ လူများကတော့ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်ကို ခုခံရန် အတွက် အင်အားများကို အသုံးပြုနေရသည်။ သို့သော်လည်း ထိုအရာက သူတို့ အတွက် သိပ်ခက်ခဲဟန် မရသည်ကို ထောက်ချင့်ခြင်းအားဖြင့် သေမျိုး အကန့်အသတ်ကို ရောက်ရှိနေကြသူများ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ အရှေ့ရှိ ပုံရိပ်သုံးခုကတော့... ထုတ်လွှတ်နေသည့် အော်ရာများ အရ သေမျိုးတာအို အကန့်အသတ်ကို ကျော်လွန်ပြီးသူများ ဖြစ်ကြောင်း ထင်ရှားပေသည်။
သူတို့က ယောက်ျား နှစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့ပင် ဖြစ်သည်။ ယောက်ျား နှစ်ယောက်မှာ အသက်လတ် အရွယ်တွင် ရှိကာ မျက်နှာထက်တွင် အရေးအကြောင်းများ စတင် နေရာယူနေပြီ ဖြစ်သည်။ သို့သော်လည်း အနက်ရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည့် မိန်းမကတော့ ငယ်ရွယ်နုပျိုကာ အသက် နှစ်ဆယ် နှောင်းပိုင်းလောက် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သူမက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် အလှပဂေး တစ်ယောက် မဟုတ်သည့်တိုင် ကိုယ်ပိုင် ပြိုင်စံရှားသည့် အလှတရားကို တည်ဆောက်ကာ ဆွဲဆောင်မှု ရှိသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
ယောက်ျား နှစ်ယောက်ထဲမှ တစ်ယောက်မှာ သမုဒ္ဒနှင့် ကောင်းကင် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ နက်မှောင် ရန်လိုသည့် အမူအရာဖြင့် အခြား ယောက်ျား တစ်ယောက်ကို စိုက်ကြည့်နေခဲ့သည်။
ထိုအခြား ယောက်ျားမှာ အတော်လေး ချောမော ခန့်ညားကာ နှုတ်ခမ်းထက်၌ အပြုံးစ တစ်ခုကို ဆင်မြန်းထား၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ မသိသာသည့်တိုင် မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အငွေ့အသက် အချို့ တည်ရှိနေသည်။
သူက ခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း အောက်ရှိ အနီရင့်ရောင်ဂြိုဟ်ကို ကြည့်လိုက်၏။ ထိုအခါ သူ့ မျက်လုံးများထဲရှိ စိတ်လှုပ်ရှားမှု အငွေ့အသက်က ပိုမို၍ ထင်ရှားလာသည်။
“ခွန်ရီမင်... ဒါက ဘာအဓိပ္ပာယ်လဲ...”
အပြာရောင် ဝတ်ဆင်ထားသည့် လူကြီးက မေးလိုက်၏။ သူ၏ မျက်လုံးများက အနက်ရောင်ဝတ် ပုဂ္ဂိုလ်ကို စူးစိုက် ကြည့်နေဆဲ ဖြစ်သည်။
“မင်းက ငါ့ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာလား... ငါ့ကို လှည့်စားဖို့ အဲဒီလောက် လွယ်မယ်လို့ မင်းက ထင်နေတာလား”
ခွန်ရီမင် ဟု ခေါ်သူက အနက်ရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ် မဟုတ်ချေ။ မီးခိုးရောင်နှင့် အဝါရောင် ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမလှလေးပင် ဖြစ်သည်။ သူမက အပြာရောင်ဝတ် ပုဂ္ဂိုလ်ကို ကြည့်ကာ လှပစွာဖြင့် ပြုံးလိုက်၏။
“အရှင် တိမ်ပြာ... စိတ်လျှော့ပါဦး... အရှင် ခုတ်ပိုင်းခြင်းဓား ကျွန်မတို့ကို ပိုပြီး မြန်မြန် တူးဖော်နိုင်အောင် ကူညီဖို့ သက်သက် ဒီကို ရောက်လာတာ”
တိမ်ပြာဟု ခေါ်သည့် ကျင့်ကြံသူ၏ အမူအရာက ပြောင်းလဲသွားကာ နှာခေါင်း တစ်ချက် ရှုံ့လိုက်၏။
“ပိုပြီး မြန်မြန် တူးဖော်နိုင်အောင် ဟုတ်လား... မင်းရဲ့ လုပ်ရပ်တွေက ငါတို့ရဲ့ ကနဦး သဘောတူညီချက်ကို ချိုးဖော်ကနေတယ် ဆိုတာရော သိလား”
ခွန်ရီမင်က ခေါင်းခါလိုက်သည်။
“ကနဦး သဘောတူညီမှု ဆိုတာ မရှိဘူး... အဲဒါက ရှင့်ရဲ့ အကြုံပြုချက် တစ်ခုသာသာပဲ”
မိန်းကလေး၏ လှပသော မျက်လုံးများထဲတွင်တော့ လှောင်ပြောင်မှု အရိပ်အငွေ့ အချို့ ရှိနေခဲ့သည်။
‘အခြားလူ တစ်ယောက်ကို ယုံလွယ်တာက ရှင့်အပြစ်ပဲ... အဲဒီလို ပုံစံနဲ့ ဒီနေရာမှာ ဘယ်လို ရှင်သန်မလဲ’
ခုတ်ပိုင်းခြင်းဓားကလည်း တိမ်ပြာဘက်သို့ ပြန်လှည့်လာကာ မထီမဲ့မြင် ပြုံးလိုက်ည်။
“ဝိညာဥ်ကျိန်ဆိုမှု မရှိဘူး... ဒီတော့ ဘာသဘောတူညီချက်မှ မရှိဘူး... အသက်ကြီး လာလို့ ခင်ဗျား ဦးနှောက်တွေက အလုပ်မလုပ်တော့ဘူး ထင်တယ်... အဘိုးကြီး”
အရှင် တိမ်ပြာ၏ မျက်လုံးများမှာ ရုတ်ချည်းပင် ဒေါသများဖြင့် ပေါက်ကွဲသွား၏။
“မင်း ဘာစကားပြောလိုက်တာလဲ သောက်ကလေး... မင်း အဖွားကို ဘယ်လို မှုတ်ရတယ် ဆိုတာ သင်မပေးခင်တည်းက ငါဆိုတဲ့ကောင်က ဂုဏ်သိက္ခာနဲ့ သဘောတူညီချက်တွေ လုပ်လာတာ”
ရုတ်ရင်း ကြမ်းတမ်းသော စကားလုံးများ အရ သူတို့ နှစ်ယောက် အကြားတွင် ရှုပ်ထွေးသော သမိုင်းကြောင်းများ ရှိသည်မှာ ထင်ရှားလှသည်။ ထို့အပြင်... ၎င်းသမိုင်းကြောင်းက အလွန် နက်ရှိုင်းပေလိမ့်မည်။
ခုတ်ပိုင်းခြင်းဓား၏ နှုတ်ခမ်းထက်ရှိ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွား၏။ ထို့အစား သတ်ဖြတ်လိုသည့် အငွေ့အသက်များက ပြောင်းလဲ နေရာယူလာသည်။ လူအိုကြီး၏ အသုံးအနှုန်းများက အလွန်ပင် စော်ကားလွန်းကာ အထူးသဖြင့် လက်အောက်ငယ်သားများရှေ့တွင် သူ့ကို အရှက်ရစေသည်။
ဘုန်း... ဘုန်း...
သူ၏ အော်ရာက ကြမ်းတမ်း ခက်ထန်စွာဖြင့် ထွက်ပေါ်လာကာ ဟင်းလင်းပြင် လက်စွပ်ကို ထိတွေ့လိုက်၏။ တစ်ချိန်တည်း၌ တိမ်ပြာကလည်း အလျှော့မပေးပဲ ကိုယ်ပိုင် အော်ရာကို ထုတ်ဖော်လိုက်သည်။
လူသူ မနီးသည့် အဆုံးမဲ့ နတ္ထိ ဟင်းလင်းပြင် တစ်နေရာတွင် လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်မှာ တိုက်ခိုက်ရန် တာဆူနေခဲ့ပြီ ဖြစ်လေတော့သည်။
***