လက်ဖက်ရည်ပွဲတော် စတင်ပြီ
Vol. 29 Ch. 391
သိပ်မကြာခင်မှာတော့ ကျန်နေသေးတဲ့ သိုင်းတက္ကသိုလ်တွေက လက်ရွေးစင် ကျောင်းသားတွေ ဟာလည်း လက်ဖက်ရည်ပွဲတော် ကျင်းပရာနေရာကို ရောက်ရှိလာခဲ့ပါပြီ။
သည်လက်ဖက်ရည် ပွဲတော်ကို ရောက်လာတဲ့ သိုင်းတက္ကသိုလ်တွေကို အဆင့် သတ်မှတ်ချက် အရ စီလိုက်ရင်တော့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်၊ ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ် ၊ အပြုံးလှိုင်းလုံး သိုင်းတက္ကသိုလ်၊ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်၊ ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်၊ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်နဲ့ သဲဝါမြေ သိုင်းတက္ကသိုလ်ဆိုပြီး ရလာမှာပါ။
အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်က အဆင့်သတ်မှတ်ချက် ၅၊ ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်က အဆင့်သတ်မှတ်ချက် ၁၁၊ အပြုံးလှိုင်းလုံး သိုင်းတက္ကသိုလ်က အဆင့် သတ်မှတ်ချက် ၁၃၊ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က အဆင့်သတ်မှတ်ချက် ၁၅၊ ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်က အဆင့်သတ်မှတ်ချက် ၁၆၊ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်က အဆင့် သတ်မှတ်ချက် ၁၈ နဲ့ သဲဝါမြေ သိုင်းတက္ကသိုလ်က အဆင့်သတ်မှတ်ချတ် ၂၁ ဆိုပြီး အသီးသီး ကိုယ်ပိုင် အဆင့် သတ်မှတ်ချက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။
လီဖူချန်းကတော့ သိုင်းတက္ကသိုလ် တစ်ခုချင်းစီမှာ အစွမ်းထက်တဲ့ ကျောင်းသား တစ်ယောက်စီ ပါလာတာကို သတိပြုမိ နေပါပြီ။တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ ဆိုရင် မျက်နှာထား တင်းတင်း လူငယ်၊ ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်မှာ ဆိုရင် ဗလ တောင့်တောင့်လူငယ် ၊ အပြုံးလှိုင်းလုံး သိုင်းတက္ကသိုလ်မှာ ဆံရှည်လူငယ်၊ ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်မှာ ဆိုရင် အရပ်ပုပု လူငယ်၊ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်မှာဆိုရင် တစ်ဖက်လူကို လွှမ်းမိုးချင်စိတ်တွေ ပြည့်နှငးက်နေတဲ့ လူငယ်နဲ့ သဲဝါမြေ သိုင်းတက္ကသိုလ်မှာ ဆိုရင် အဝါရောင် ဝတ်စုံဝတ် မိန်းမငယ်လေး။ သူတို့တွေအားလုံးဟာ သူ့ဟာနဲ့သူတော့ အစွမ်းထက်ကြမယ့် ပုံပါပဲ။
သိုင်းတက္ကသိုလ် ၇ခု စလုံးက လက်ရွေးစင် လူငယ်တွေဟာ ကိုယ်ကြိုက်တဲ့ ပွဲကြည့်စင်တွေကို ကိုယ့်ဘာသာကိုယ် ရွေးပြီး ထိုင်နေကြပါပြီ။ သူတို့အားလုံးဟာ သိုင်းတက္ကသိုလ် တစ်ခုနဲ့တစ်ခု စကားစမြည် ပြောဆိုခြင်းတော့ မပြုလုပ်ကြပါဘူး။
အဲသည်အချိန်မှာပဲ ရန်ယွီက ထရပ်လိုက်ပြီး
" အခုလို နန်လင်းမြို့ကို လာရောက် ပေးကြတဲ့ အတွက် ရန်ယွီက ဂုဏ်ယူမိပါတယ်။ သည်လက်ဖက်ရည် ပွဲတော်ကတော့ လူငယ်အချင်းချင်း ရင်းနှီးလာဖို့ နဲ့ သိုင်းပညာ ဖလှယ်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတဲ့ ပွဲတော် တစ်ခုပါပဲ။ အဲသည်အတွက် သိုင်းပညာ ဖလှယ်တဲ့နေရာမှာ ရန်ငြိုးတွေကို ဘေးဖယ်ထားဖို့ တောင်းဆိုပါရစေ။ ပြီးတော့ ဆရာသခင် မအိုသော ကလေးငယ်ရဲ့ မျက်နှာကို ထောက်ပြီး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာတဲ့ အထိ မလုပ်ကြပါနဲ့။ အားလုံးကို ကျေးဇူးတင်ပါတယ်။ လက်ဖက်ရည်ပွဲတော်မှာ ပျော်ရွှင်ကြပါစေ "
ကြည့်ရတာတော့ ရန်ယွီက သည်လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် ကမကထလုပ်ပြီး ဦးဆောင် ကျင်းပခွင့် ရထားပုံပါပဲ။ ဒါကလည်း သိပ်တော့ မထူးဆန်းလှပါဘူး။ သူက လူတွေအားလုံး လေးစားရတဲ့ နန်လင်းနယ်စား စံအိမ်ရဲ့ တတိယ သခင်မလေးပင် မဟုတ်ပါလား။
" ညီမရန်ယွီ ပြောတာမှန်တယ်။ ဒါက သိုင်းပညာချင်း ဖလှယ်ပြီး လက်ရည်စမ်းတဲ့ လက်ဖက်ရည်ပွဲတော် တစ်ခုပဲ။စိတ်မပူပါနဲ့ ရန်ယွီ။ သည်ကို ရောက်နေတဲ့ လူတွေ အားလုံးက အဆင့်အတန်း တစ်ခုမှာ ရှိနေတဲ့ လူတွေချည်းပါပဲ။ သတ်ဖြတ်မှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး "
ရန်ယွီကို ကတိပေးလိုက်တဲ့ သူကတော့ အပြုံးလှိုင်း သိုင်းတက္ကသိုလ်ရဲ့ လက်ရွေးစင် ကျောင်းသားတွေရှိရာ ပွဲကြည့်စင်ဘက်က လူငယ်တစ်ယောက် ဖြစ်ပါတယ်။ အဲသည်လူငယ်က ယင်တောင် နယ်စားစံအိမ်ရဲ့ သခင်လေး တစ်ယောက်ပါ။ ယင်တောင်နယ်စားဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်က ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
( ယင်တောင် = အပြုံးလှိုင်း )
" စိတ်မပူပါနဲ့။ ငါတို့က သည်လို နိမ့်ကျတဲ့ အပြုအမူတွေကို မလုပ်ပါဘူး။ လက်ဖက်ရည် ပွဲတော်ကို စလိုက်ရအောင် "
အရပ်ပုပုနဲ့ လူငယ်ကလည်း စိတ်မရှည်တဲ့ ပုံမျိုးနဲ့ ပြောလိုက်ပါတယ်။
ရန်ယွီက ပြုံးလိုက်ပြီး
" အိုး ... ကြည့်ရတာ အစ်ကိုကျင်းက အရမ်း ဆန္ဒ စောနေတဲ့ပုံပဲ။ ဟုတ်ပြီလေ ... ။ လက်ဖက်ရည် ပွဲတော်ကို စလိုက်ကြတာပေါ့ "
ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်က သိုင်းတက္ကသိုလ် ၂၄ခုမှာ အဆင့်သတ်မှတ်ချက် အဆင့်၁၆ ဖြစ်ရင် ဖြစ်နေပါမယ်။ ဒါပေမဲ့ သည်လူငယ်ကတော့ ပေါ့သေးသေး မဟုတ်ပါဘူး။ သူ့ရဲ့ အဖေက ခရမ်းပန်း နိုင်ငံတော် ဆရာသခင်စာရင်းရဲ့ ထိပ်တန်းဆရာသခင် ၁၀ယောက်ထဲမှာ ပါဝင်တဲ့ ဆရာသခင် ပုဆိန် ဖြစ်ပါတယ်။
ရန်ယွီက လက်ဖက်ပွဲတော်ကို စတင်လိုက်ကြောင်း ကြေညာလိုက်တာနဲ့ တစ်ပြိုင်နက် သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ အပြင်စည်း ကျောင်းသား တစ်ယောက်ဟာ ဘယ်သူမှ မရှိတဲ့ သိုင်းစင်မြင့်ကို ခုန်တက် လာခဲ့ပါပြီ။ သူက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပြုလိုက်ပြီး
" ကျွန်တော်က သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၉ ထိပ်တန်းကျောင်းသား ဂေါင်ဟိုင်ဖန်းပါ။ ကျွန်တော်နဲ့ သိုင်းပညာ ဖလှယ်ချင်တဲ့သူရှိပါသလား "
ဂေါင်ဟိုင်ဖန်းက သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ ယခုနှစ် နံပါတ်၉ ထိပ်တန်းကျောင်းသား တစ်ယောက်ပါ။ သူက သဲဝါမြေ သိုင်းတက္ကသိုလ်ဟာ သည်လက်ဖက်ရည် ပွဲတော်မှာ အနိုင်ရစရာ အကြောင်းမရှိဘူး ဆိုတာကို သိထားပြီးသားပါပဲ။ ဒါပေမဲ့လည်း သူက အခြားသိုင်း တက္ကသိုလ်တွေရဲ့ ကျောင်းသားတွေ အစွမ်းကို သိချင်သေးတဲ့ အတွက် သိုင်းစင်မြင့်ပေါ်ကို တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ပွဲ ဒါမှမဟုတ် နှစ်ပွဲလောက် နိုင်ရင်တော့လည်း အမြတ်ပေါ့။
သူ့ရဲ့ အဆင့်သတ်မှတ်ချက်ကို ပြောလိုက် ရတာကလည်း အခြားသိုင်းတက္ကသိုလ်ရဲ့ အဆင့်မြင့် ထိပ်တန်း ကျောင်းသားတွေ သူ့ကိုလာပြီး တိုက်ခိုက်ခြင်း မရှိစေဖို့အတွက် ကြိုတင် ကာကွယ်ထားခြင်း ဖြစ်ပါတယ်။ သူထင်ထားခဲ့ သလိုပါပဲ။ အခြားသိုင်း တက္ကသိုလ်တွေရဲ့ အဆင့်မြင့် ထိပ်တန်း ကျောင်းသားတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကြောင့် သိုင်းစင်မြင့်ပေါ်ကို ဆင်းလာခြင်း မရှိပါဘူး။
" ငါက ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၈ ထိပ်တန်းကျောင်းသား ဟောင်ပြောင်းပဲ "
ရွှီး ...
ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ ပွဲကြည့်စင်ပေါ်က လူငယ် တစ်ယောက်ဟာ သိုင်းစင်မြင့် ပေါ်ကို ခုန်ဆင်း လာခဲ့ပါပြီ။
" ကျေးဇူးပြုပြီး "
လူငယ်နှစ်ယောက်က လက်နှစ်ဖက်ကို ဆုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အရိုအသေ ပေးလိုက် ကြပါတယ်။ ထို့နောက်မှာတော့ သူတို့ရဲ့ မျက်လုံးတွေဟာ စူးရှ တောက်ပလာပြီး တိုက်ပွဲကို စတင်လိုက်ကြပါပြီ။
ဟူး ... ဟူး ... ဟူး ...
ဝုန်း ... ဝုန်း ... ...
ဒါက ပထမဦးဆုံး တိုက်ပွဲ ဖြစ်တဲ့အတွက် လူငယ် နှစ်ယောက်စလုံးဟာ မရှုံးချင်ကြပါဘူး။ ပြီးတော့ ဒါဟာ သူတို့ရဲ့ သိုင်းတက္ကသိုလ် ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင် နေပါသေးတယ်။ နိုင်သွားရင်တော့ ချီကျူးခံရမှာ မဟုတ်ပေမယ့် ရှုံးနိမ့်သွားခဲ့ရင်တော့ လှောင်ပြောင်ခံရမှာ အသေအချာပါပဲ။ အဲသည်အတွက် လူငယ်နှစ်ယောက်စလုံးဟာ ပညာတွေကို လျှိူထားခြင်း မရှိဘဲ အကုန်အစင် ထုတ်သုံးကာ တိုက်ခိုက်နေကြပါတယ်။
" သတိထား "
ဟောင်ပြောင်းက သူ့ရဲ့ လက်ကို ကွေးလိုက်ပြီး လက်သည်း ကုတ်ချက် တစ်ချက်ကို ထုတ်သုံးလိုက်ပါပြီ။
ဂေါင်ဟိုင်ဖန်းကလည်း နှေးကွေးနေခြင်း အလျဉ်းမရှိပါဘူး။ သူက ဆေဘာကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး ဟောင်ပြောင်းရဲ့ လက်သည်း ကုတ်ချက်ကို ခုခံလိုက်ပါတယ်။
သည်လူငယ် နှစ်ယောက်ရဲ့ အစွမ်းဟာ အတော်လေး မျှနေတဲ့အတွက် ဘယ်သူ နိုင်မလည်း ဆိုတာကို ခန့်မှန်းလို့ မရသေးပါဘူး။ သူတို့နှစ်ယောက်ရဲ့ ချီအတွင်းအားတွေကလည်း ပတ်ဝန်းကျင် တစ်ခုလုံး အနှံ့ပါပဲ။
နောက်ဆုံးမှာတော့ ဂေါင်ဟိုင်ဖန်းက ဟောင်ပြောင်းကို အနည်းငယ် အသာစီး ရယူနိုင်သွားပြီး ပထမဦးဆုံး တိုက်ပွဲကို အနိုင်ယူလိုက် နိုင်ပါတယ်။
တိုက်ပွဲရဲ့ ရလဒ် ထွက်လာတဲ့ အခါမှာတော့ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေဟာ သိပ်ပြီးတော့ မျက်နှာ မကောင်းတော့ပါဘူး။ ဟောင်ပြောင်းရဲ့ မျက်နှာကလည်း သွေးမရှိတော့တဲ့ အလား ဖြူဖွေးလျော့ နေခဲ့ပါပြီ။ သူက ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၈ ထိပ်တန်းကျောင်းသား ဖြစ်ပေမယ့်လည်း သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၉ ထိပ်တန်း ကျောင်းသားကို ရှုံးခဲ့ရတာ မဟုတ်ပါလား။ ဒါက ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ် အတွက် တကယ်ကို အရှက် ရစရာပါပဲ။
ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ အပြင်စည်း ကျောင်းသားတွေကတော့ သည်ကိစ္စကို ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။
" ငါ ရှုတောင်းက မင်းနဲ့ လက်ရည်စမ်းကြမယ်။ အိုး ... ဟုတ်သား။ မိတ်ဆက်ဖို့ မေ့သွားတယ်။ ငါကတော့ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၇ ထိပ်တန်းကျောင်းသားပဲ "
သိုင်းစင်မြင့်ပေါ်မှာတော့ အရပ်ရှည်ရှည် လူငယ်တစ်ယောက် ရောက်လာခဲ့ပါပြီ။
" ကျေးဇူးပြုပြီး "
ပထမပွဲကို နိုင်ပြီးသွားပြီဖြစ်တဲ့ ဂေါင်ဟိုင်ဖန်းကတော့ အေးအေးဆေးဆေးပါပဲ။ သူ့အနေနဲ့ သည်တစ်ပွဲ ရှုံးသွားရင်လည်း ကိစ္စ မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ သူက နံပါတ်၉ ထိပ်တန်း ကျောင်းသားပင် မဟုတ်ပါလား။
ရှုတောင်းကိုတော့ ဂေါင်ဟိုင်ဖန်းဟာ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ သူက သိုင်းကွက် အနည်းငယ် အတွင်းမှာပဲ ရှုတောင်းကို အရှုံးပေးလိုက် ရပါတယ်။
သဲဝါမြေ သိုင်းတက္ကသိုလ်ကတော့ နောက်ထပ် ကျောင်းသား တစ်ယောက်ကို စေလွှတ်ခြင်း မရှိခဲ့ပါဘူး။ သူတို့က ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်နဲ့ ရန်စ မရှိချင်တဲ့ ပုံပါပဲ။
လက်ဖက်ရည်ပွဲတော် စနေပြီ ဖြစ်တဲ့အတွက် သိုင်းတက္ကသိုလ် ၇ခုက ကျောင်းသားတွေဟာ တစ်ယောက်ပြီး တစ်ယောက် သိုင်းစင်မြင့်ပေါ်ကို တက်လာပြီး သိုင်းပညာ ဖလှယ်ဖို့ ဖိတ်ခေါ် ကြပါတော့တယ်။ ဒါပေမဲ့လည်း အဆင့်သတ်မှတ်ချက် မြင့်တဲ့ ကျောင်းသားတွေထဲကတော့ တစ်ယောက်မှ သိုင်းစင်မြင့်ပေါ်သို့ ဆင်းလာခြင်း မရှိသေးပါဘူး။
အဆင့်သတ်မှတ်ချက် မြင့်တဲ့ ကျောင်းသားတွေ မပါသေးတာတောင်မှ လက်ရည်စမ်း သိုင်းပညာ ဖလှယ်ပွဲက အတော်လေး အရှိန်အဟုန် ကောင်းနေပါပြီ။ အချို့ သိုင်းတက္ကသိုလ်တွေ ဆိုရင် ကျောင်းသားတွေကို နှစ်ယောက်၊ သုံးယောက် ဆက်တိုက်နီးပါး စေလွှတ်နေကြပါတယ်။
သိုင်းစင်မြင့်ပေါ်မှာ ထွက်ပေါ်နေတဲ့ ချီအရှိန်အဝါ တွေကလည်း တကယ့်ကို ကြောက်စရာပါပဲ။ သည်ချီ အရှိန်အဝါတွေကို ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့် ပညာရှင်တွေတောင်မှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကလည်း နံပါတ်၁၀ ထိပ်တန်းကျောင်းသား လင်းချောင်နဲ့ နံပါတ်၈ ထိပ်တန်းကျောင်းသား စွန်းယန်တို့ကို စေလွှတ်ခဲ့ပြီးပါပြီ။
စိတ်မကောင်းစရာပါပဲ။ သူတို့နှစ်ယောက်က လုံလောက်တဲ့ အဆင့်တစ်ခု အထိ အစွမ်းထက်ခြင်း မရှိခဲ့တဲ့ အတွက် တစ်ဖက် ပြိုင်ဘက်တွေကို အလွယ်တကူပဲ အရှုံးပေး လိုက်ရပါတယ်။
" မင်းတို့ တောင်ပိုင်း တက္ကသိုလ်က အဆင့်သတ်မှတ်ချက် ၁၅တောင် ရထားတဲ့ သိုင်းတက္ကသိုလ်ဆို ... ။ လာစမ်းပါ ... ။ မင်းတို့ တက္ကသိုလ်မှာ လူမရှိတော့ဘူးလား ... ။ ငါ့ကို ယှဉ်နိုင်မယ့် တစ်ယောက်လောက် ထွက်လာခဲ့စမ်းပါ "
ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၅ ထိပ်တန်း ကျောင်းသားဖြစ်သူ ကျန်းလုံကတော့ သိုင်းစင်မြင့်ပေါ်ကနေ မောက်မာ ဝံ့ကြွားစွာဖြင့် စိမ်ခေါ်နေပါတယ်။
ဝူကျိကတော့ သိုင်းစင်မြင့်ပေါ်မှာ ဆောင့်ကြွားဆောင့်ကြွား လုပ်နေတဲ့ ကျန်းလုံကို လုံးဝ သည်းမခံနိုင် တော့ပါဘူး။
" တောက် ... သည်ခွေးမသားက အရမ်း အာချောင်လွန်းနေပြီ။ ငါ သွားပြီး ဆုံးမလိုက်မယ်"
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဝူကျိဟာ သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ချပြီး သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်း သွားခဲ့ပါပြီ။
" ဝူကျိ။ နံပါတ်၅ ထိပ်တန်းကျောင်းသား "
ဝူကျိက သူ့ရဲ့ ဆေဘာကို ဆွဲထုတ်လိုက်ပြီး အေးစက်စက် လေသံဖြင့် သူ့ကိုယ်သူ မိတ်ဆက် လိုက်ပါတယ်။
" အေး. ... ။ အဆင်သင့်ဖြစ်ရင် စလိုက်တော့ "
ကျန်းလုံရဲ့ လက်နက်ကတော့ မြွေခေါင်းတပ်ထားတဲ့ လှံရှည်ကြီး တစ်လက်ပါပဲ။ ဒါက အတော်လေးကို လေးလံတဲ့ လက်နက် တစ်မျိုးဆိုရင်လည်း မမှားပါဘူး။
" ဟိတ် "
ဝူကျိက အသံခပ်အုပ်အုပ် အော်လိုက်ပြီး သူ့ရဲ့ ဓားကွက်ကို ထုတ်လိုက်ပါပြီ။
" လာစမ်းပါ "
ကျန်းလုံးကလည်း သူ့ရဲ့ လှံရှည်ကြီးကို မြှောက်ပြီး ပြန်လည် ခုခံလိုက်ပါတယ်။
ထင် ... ထင် ... ထင် ...
ထန် ... ထန် ... ...
သူတို့ နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ အကြိတ်အနယ်ပါပဲ။ သိုင်းကွက်ပေါင်း သုံးဆယ်လောက် တိုက်ခိုက်ပြီးတဲ့အထိ တိုက်ပွဲရဲ့ အဖြေက မထွက်လာသေးပါဘူး။ ဒါပေမဲ့ တိုက်ပွဲကို အသေးစိတ် ဝေဖန် သုံးသပ်နိုင်စွမ်း ရှိတဲ့ သူတွေကတော့ အဖြေကို ရေးတေးတေးလေး ရိပ်မိနေပါပြီ။ ဘာဖြစ်လို့လည်း ဆိုတော့ နောက်ဆုံး သိုင်းကွက် ဆယ်ကွက်မှာ ဝူကျိရဲ့ တိုက်ခိုက်ပုံတွေက မသိမသာလေး ကစဉ့်ကလျား ဖြစ်လာလို့ပါပဲ။
" မကောင်းတော့ဘူး "
လီဖူချန်းက ဝူကျိဟာ ကျန်းလုံရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို ရိပ်မိသွားခဲ့ပါပြီ။
ဝူကျိနဲ့ ကျန်းလုံဟာ စွမ်းရည်ပိုင်းမှာ သိသိသာသာကြီး ကွာခြားနေခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း ကျန်းလုံးက လေးလံတဲ့ လက်နက် အမျိုးအစား ဖြစ်တဲ့ လှံရှည် ကိုင်ဆောင်ထားတဲ့ အတွက် ထိပ်တိုက် တွေ့ဆုံမှုပိုင်းမှာ အသာစီးရနေပါတယ်။
သူဆိုရင်တော့ လေးလံတဲ့ လက်နက်ပိုင်ရှင်မျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ထိပ်တိုက်ရင်ဆိုင်ဖို့ မစဉ်းစားဘဲနဲ့ ပါးပါးနပ်နပ် ရှောင်တိမ်းပြီး တန်ပြန် တိုက်စစ် ဆင်ဖို့ အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်နေမှာပါ။ ဒါပေမဲ့ ဝူကျိကတော့ အဲသည်လို မလုပ်ဘဲ ထိပ်တိုက် ရင်ဆိုင်ဖို့ကိုသာ အားသန် နေပါတယ်။ ဒါကြောင့်လည်း လီဖူချန်းက ဝူကျိ ရှုံးတော့မယ် ဆိုတာကို ရိပ်မိလိုက်တာပါ။
သိုင်းကွက် ၉၉ကွက်မြောက်ကို အရောက်မှာတော့ ...
" အရှုံးပေးစမ်း "
ကျန်းလုံက သူ့ရဲ့ လှံရှည်ကို ဝါးလုံးထိုး ထိုးသွင်းလိုက်ပြီး ဝူကျိရဲ့ ဆေဘာကို လွင့်ထွက် သွားစေခဲ့ပါပြီ။
" ငါ ... ငါ ... ဘယ်လိုဖြစ်ပြီး ရှုံးသွားရတာလဲ "
ဝူကျိကတော့ မျက်လုံး အကြောင်သားနဲ့ စင်မြင့်ပေါ်မှာ ရပ်နေဆဲပါပဲ။ သူရှုံးသွားတယ် ဆိုတာကို ဝူကျိဟာ ဘယ်လိုမှ လက်မခံနိုင်သေးပါဘူး။
ကျန်းလုံက နှာခေါင်းရှုံ့ပြီး လှောင်ပြောင်လိုက်ပါတယ်။
" ကောင်းကောင်းပြန်ပြီး ၂နှစ်လောက်လောက် လေ့ကျင့်လိုက်ဦး "
" တောက် ... သည်မျိုးမစစ် "
ကျန်းယုဖေးကတော့ လုံးဝ သည်းမခံနိုင်တော့တဲ့ အတွက် သိုင်းစင်မြင်မြင့်ကို ခုန်ဆင်းဖို့ ဟန်ပြင် လိုက်ပါတယ်။ ဒါပေမဲ့ လီဖူချန်းက သူ့ကို ခွင့်မပြုပါဘူး။
" ကျန်းယုဖေး ... ။ မင်း မသွားနဲ့ဦး။ ငါတို့ တောင်ပိုင်း တက္ကသိုလ်မှာ မင်းနဲ့ငါပဲ ကျန်တော့တာ။ အခုချိန် မင်းဆင်းသွားရင် သိပ်မကြာခင်မှာ ငါ့အလှည့် ရောက်လာလိမ့်မယ်။ အဲဒါဆိုရင် တခြားကျောင်းက ကျောင်းသားတွေရဲ့ အစွမ်းကို အကဲခတ်လို့ ရတော့မှာ မဟုတ်ဘူး "
သိုင်းတက္ကသိုလ် အကုန်လုံးက ကျောင်းသား တစ်ဝက်လောက်ဟာ သိုင်းစင်မြင့်ပေါ်ကို ဆင်းသွား ခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း အဆင့်သတ်မှတ်ချက် အမြင့်ပိုင်းက ကျောင်းသားတွေကတော့ အခုထိ ပွဲကြည့်စင်တွေ ပေါ်မှာ ရှိနေဆဲပါပဲ ။ အဲသည်အတွက် လီဖူချန်းက ကျန်းယုဖေးကို တားလိုက်ရခြင်း ဖြစ်ပါတယ်။
အဲသည်ထက် အရေးကြီးတာကတော့ လီဖူချန်းဟာ သိုင်းစင်မြင့်ပေါ်ကို အစောကြီး မသွားချင်တာပါပဲ။ ရှင်းရှင်း ပြောရမယ်ဆိုရင်တော့ သူဟာ အားနည်းတဲ့ ပြိုင်ဘက်တွေနဲ့ သိုင်းကွက်ချင်း ဖလှယ်ဖို့ကို လုံးဝ စိတ်မပါပါဘူး။
ခေါင်ထိ အကုန်စား ဆိုသလို့ပေါ့။ သူက အခြားသိုင်း တက္ကသိုလ်တွေရဲ့ နံပါတ်၁ ထိပ်တန်း ကျောင်းသားတွေကိုပဲ အနိုင်ယူဖို့ စိတ်ဝင်စားပါတယ်။
သူ အဲသည်လို အနိုင်ယူလိုက်မှသာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို ဘယ်သူမှ အထင် မသေးရဲတော့မှာပါ။
" ကျန်းလုံ ... ။ မင်းက မင်းကိုယ်မင်း အရမ်း သွေးနားထင် ရောက်နေတာပဲ။ အဲသည်အတွက် ငါ စုဟီက မင်းနဲ့ ကစားပေးမယ် "
အပြုံးလှိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၅ ထိပ်တန်း ကျောင်းသားဖြစ်သူ စုဟီက သိုင်းစင်မြင့်ပေါ်ကို ပြုံးပြီး ခုန်ဆင်းလာခဲ့ပါပြီ။
" စုဟီ ... ဘယ်အချိန်တုန်းကတည်းက တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်က မင်းတို့ အပြုံးလှိုင်း သိုင်းတက္ကသိုလ်ရဲ့ အကူအညီကို လိုသွားတာလဲ "
ကျန်းလုံက မေးလိုက်ပါတယ်။
" အပိုတွေ ပြောမနေနဲ့။ မင်းရဲ့ သိုင်းကွက်ကို ထုတ်လိုက်
စုဟီက တောင်ပိုင်းတောအုပ် ဘက်က ရပ်တည်ပေးလိုတဲ့ အတွက်ကြောင့် သိုင်းစင်မြင့်ပေါ်ကို ဆင်းလာတာ မဟုတ်ပါဘူး။ သူက ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ် မင်းမူနေတာကို လုံးဝ ကြည့်မနေနိုင်တော့လို့ ဆင်းလာခဲ့တာပါ။
သည်ကျန်းလုံက ကျောင်းသားအချို့ကို အနိုင်ယူခဲ့ ပြီးပါပြီ။ အဲသည်အတွက် သူက ကျန်းလုံကို အနိုင်ယူလိုက်နိုင်ရင် အပြုံးလှိုင်း သိုင်းတက္ကသိုလ်ရဲ့ အစွမ်းထက်ပုံကို တစ်နည်းတစ်ဖုံ ဖော်ပြလိုက်တာနဲ့ အတူတူ ဖြစ်သွားမှာ အသေအချာပါပဲ။
" မင်းက သည်လောက်အထိ ယုံကြည်မှု ရှိနေမှတော့ ငါက မင်းကို အနိုင်ယူပြမှ ဖြစ်တော့မယ် "
ကျန်းလုံက သူ့ရဲ့ လှံရှည်ကြီးကို ဝှေ့ယမ်းကာ စတင် တိုက်ခိုက် လိုက်ပါပြီ။
" ဟမ့် ... ဒါမျိုးနဲ့ ငါကို စမ်းလို့ ရမလား "
စုဟီက သူ့ရဲ့ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ကျန်းလုံရဲ့ လှံရှည်ကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။
ထင်း ... ထင် ... ထင် ...
ထန် ... ထန် ...
သူတို့ နှစ်ယောက်စလုံးဟာရဲ့ သိုင်းကွက်တိုင်းကို အရှိန်အဟုန် ပြင်းစွာနဲ့ ထုတ်သုံး နေကြပါတယ်။ ဒါက သိုင်းပညာ ဖလှယ်နေတာနဲ့တောင် မတူတော့ သလိုပါပဲ။ ပြီးတော့ သိုင်းကွက်ပေါင်း တစ်ရာကျော်တဲ့အထိ အနိုင်မရှုံးကို သဲသဲကွဲကွဲ မသိရသေးပါဘူး။
" မြွေနဲ့ နဂါး မာန်ဟုန် "
ကျန်းလုံးက စိတ်မရှည်တော့တဲ့ အတွက် သူ့ရဲ့ ပွဲသိမ်း သိုင်းကွက်ကို ထုတ်သုံး လိုက်ပါတော့တယ်။
သူ့ရဲ့ သိုင်းကွက် ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် လေထုထဲမှာ နဂါးတစ်ကောင်နဲ့ မြွေတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါပြီ။ ထို့နောက်မှာတော့ နဂါးနဲ့မြွေဟာ အချင်းချင်း ရစ်ပတ် သွားပြီး စုဟီဆီကို တိုးဝင် သွားပါတော့တယ်။
" အရုဏ်ဦး ဓားချက် "
စုဟီရဲ့ ဓားသိုင်းကလည်း တကယ်ကို ချီးကျူးလောက်စရာပါပဲ။ သူရဲ့ ဓားချက်တွေကနေ ထွက်ပေါ်လာတဲ့ ဓားအလင်းတန်းတွေဟာ အရုဏ်ဦးမှာ ဖြစ်ပေါ်စ ပြုနေတဲ့ နေ့အလင်းရောင် တွေနဲ့တောင် ဆင်တူ နေပါသေးတယ်။ ပြီးတော့ အဲသည် ဓားအလင်းတန်းတွေက လုံးဝကို လျင်မြန် လွန်းလှပါတယ်။
ရွှမ်း ...
နဂါးနဲ့ မြွေရဲ့ အရိပ်တွေဟာ ပျောက်ကွယ် သွားခဲ့သလို ကျန်းလုံရဲ့ ရင်ဘတ်ပေါ်မှာလည်း သွေးအနည်းငယ် စို့နေတဲ့ ဓားဒဏ်ရာတစ်ချက် ဖြစ်တည်လာခဲ့ပါပြီ။
" ကျောင်းမင် ... ။ သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၃ ထိပ်တန်းကျောင်းသား "
သိုင်းပညာ ဖလှယ်ပွဲက တစ်စထက်တစ်စ အရှိန်ပိုမြင့်လာပြီ ဖြစ်တဲ့ပတွက် သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေကလည်း စိတ်မထိန်းနိုင်တော့တဲ့ ပုံပါပဲ။
သဲဝါမြေ သိုင်းတက္ကသိုလ်ဟာ သည်လက်ဖက်ရည် ပွဲတော်ကို ရောက်ရှိနေတဲ့ သိုင်းတက္ကသိုလ် ၇ခုထဲမှာ အဆင့်သတ်မှတ်ချက် အညံ့ဆုံးပါပဲ။ သူတို့ရဲ့ ပွဲဦးထွက် တိုက်ပွဲက အခြေအနေ ကောင်းခဲ့ပေမယ့်လည်း နောက်ပိုင်း ပွဲတွေမှာတော့ အခြေအနေ မကောင်းခဲ့ပါဘူး။
တိုက်ပွဲ စတာနဲ့ တစ်ပြိုင်နက် ကျောင်းမင်ဟာ စုဟီကို တရစပ် တိုက်ခိုက် ပါတော့တယ်။ ကျောင်းမင်ရဲ့ လက်ဝါးသိုင်းကွက်တွေက အကွက်စ့လွန်းလှပြီး ပြင်းထန်မှု အပိုင်းမှာလည်း လုံးဝ အားလျော့နေခြင်း မရှိပါဘူး။ စုဟီကတော့ ကျောင်းမင်ရဲ့ လက်ဝါး သိုင်းကွက်တွေ အောက်ကနေ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ဘဲ အနောက်ကိုသာ အဆက်မပြတ် ဆုတ်နေရပါတယ်။
ဘန်း ...
သိုင်းကွက် ၂၀မြောက်မှာတော့ ကျောင်းမင်က စုဟီကို လွင့်ထွက် သွားစေခဲ့ပါပြီ။
" တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က ငါ့နဲ့ သိုင်းပညာ ဖလှယ်ချင်တဲ့သူ ရှိလား။ ရှိရင် ဆင်းလာလိုက် "
ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ပါပဲ။ သဲဝါမြေ သိုင်းတက္ကသိုလ်ကလည်း တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ကိုသာ ပစ်မှတ်ထားနေပါတယ်။
ဒါက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ ပါလာတဲ့ ကျောင်းသား အရေအတွက် နဲ့လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်မှာက တိုက်ခိုက်နိုင်တဲ့သူ ၅ယောက်သာ ရှိနေလို့ပါပဲ။ ရန်ယွီကတော့ သိုင်းစင်မြင့် ပေါ်ကို ဆင်းလာဖို့အတွက် အရည်အချင်း မပြည့်မီသေးပါဘူး။
အဲသည်အတွက် ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ကော သဲဝါမြေ သိုင်းတက္ကသိုလ်ကပါ ပြိုင်ဘက် သိုင်းတက္ကသိုလ် တစ်ခု လျော့သွားလည်း နည်းလားဆိုပြီး ပစ်မှတ်ထား တိုက်ခိုက်နေပုံ ရပါတယ်။
" လီဖူချန်း ... ။ ငါ့ကို မတားနဲ့တော့။ ငါသွားမှ ဖြစ်တော့မယ် "
ကျန်းယုဖေးကတော့ သိုင်းစင်မြင့် ပေါ်ကို ခုန်ဆင်း သွားခဲ့ပါပြီ။ လီဖူချန်းက သည်တစ်ခါမှာတော့ ကျန်းယုဖေးကို မတားတော့ပါဘူး။
ဘာဖြစ်လို့လည်း ဆိုတော့ သူက အခြေအနေကို သဘောပေါက်လို့ပါပဲ။ သည်တစ်ခေါက် စိမ်ခေါ်တာကို ပြန်လည် တုံ့ပြန်ခြင်း မလုပ်လို့ကတော့ အခြားသိုင်း တက္ကသိုလ်တွေက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို ဟားကြတော့မှာပါ။
" ကျန်းယုဖေး ... ။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၃ ထိပ်တန်းကျောင်းသား။ ကျေးဇူးပြုပြီး သင်ပြပေးပါဦး "
ကျန်းယုဖေးက သူ့ကိုယ်သူ မိတ်ဆက် လိုက်ပါတယ်။
ကျောင်းမင်က တခစ်ခစ် ရယ်လိုက်ပြီး
" ငါတို့နှစ်ယောက်စလုံး နံပါတ်၃ ထိပ်တန်းကျောင်းသွားတွေပဲ။ ရှုံးရင် ဆင်ခြေတော့ မပေးနဲ့"
" ပွဲပြီးမှ ဆက်ပြောရအောင် "
ကျန်းယုဖေးက ချိထိုင်ကွမ်း အတွင်းအား ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။ သူ့ရဲ့ ဆေဘာကတော့ ဓားစက်ဝိုင်း အလင်းတန်းတွေကို ဖြစ်တည် စေခဲ့ပါပြီ။
တစ်ချိန်တည်း လိုလိုမှာပဲ မမြင်ရတဲ့ ဖိအားတစ်ခုက ကျောင်းမင်းကို စတင် ဖိနှိပ် လာခဲ့ပါတယ်။
ဒါက ချိထိုင်ကွမ်း အတွင်းအားကျင့်စဉ်ရဲ့ အစကနဦး အဆင့် အတွင်းအား စက်ကွင်းပါပဲ။ တကယ်လို့သာ ကျန်ယုဖေးက သည်ကျင့်စဉ်ရဲ့ အဆင့်၂၂အထိ လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အတွင်းအား စက်ကွင်းက ပိုပြီး အားကောင်းလာဦးမှာ ဖြစ်ပါတယ်။
ကျန်းယုဖေးမှာ အတွင်းအားစက်ကွင်း ရှိသလို ကျောင်းမင်မှာလည်း အတွင်းအား စက်ကွင်း ရှိနေတာပါပဲ။ ကျောင်းမင်ကလည်း သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၃ ထိပ်တန်းကျောင်းသား ဖြစ်တဲ့ အလျောက် သူ့ရဲ့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ်ကို အဆင့်၂၁အထိ လေ့ကျင့် ထားပြီးပါပြီ။
အတွင်းအား စက်ကွင်းနှစ်ခု ထိပ်တိုက် တွေ့ဆုံကြတဲ့ အခါမှာတော့ သိုင်းစင်ရဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ လေထုတစ်ခုလုံးဟာ အဆက်မပြတ် တုန်ခါလာကြပါတယ်။
" အစ်ကိုဖူချန်း ... ကျန်ယုဖေးက ကျောင်းမင်ကို နိုင်ပါ့မလား "
ရန်ယွီကတော့ ကျန်းယုဖေး ရှုံးမှာကို အတော်လေး စိတ်ပူနေပါပြီ။ ဒါက တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတာ မဟုတ်ပါလား။
လီဖူချန်းက လေသံ ခပ်အေးအေးဖြင့်
" တကယ်လို့ သူနိုင်ချင်ရင်တော့ သူ့ရဲ့ အနီးကပ် တိုက်ခိုက်ရေး ကျွမ်းကျင်မှုကို အားကိုးမှ ရမယ် "
သည်နှစ်ယောက်စလုံးရဲ့ စွမ်းရည်တွေက အတော်လေး ညီမျှနေပါတယ်။ နှစ်ယောက်စလုံးရဲ့ မြေကမ္ဘာ အဆင့်နိမ့် အတွင်းအား ကျင့်စဉ်တွေကလည်း ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ။ အဲသည်အတွက် သိုင်းကွက်ပေါင်း ရာချီ မတိုက်ခိုက် သေးဘဲနဲ့တော့ သည်တိုက်ပွဲရဲ့ အရှုံးအနိုင်ဟာ ပေါ်လာမှာ မဟုတ်ပါဘူး။
***