ကမ္မ ကံကောင်းမှု
Vol. 47 Ch. 658
“တော်လောက်ပြီ...”
ခွန်ရီမင်၏ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွား၏။ ခုတ်ပိုင်းခြင်းဓားနှင့် တိမ်ပြာတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မကျေနပ်ကြသေးသည့်တိုင် အသက်ကို ခပ်ပြင်းပြင်း ရှူကာ ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ကြသည်။ သူမက မျက်မှောင်ကြုတ်ကာ တိမ်ပြာဘက်သို့ လှည့်လိုက်၏။
“တာရာ လျှို့ဝှက် မိုင်းတွင်းကို ကျွန်မတို့ နှစ်ယောက်တည်း တူးဖော်မယ် ဆိုရင် အရမ်းကို ကြာလိမ့်မယ်... အဲ့တာ ဆိုရင် ရင်းမြစ်ပြည်ထောင်စု ကြယ်တာရာ နယ်မြေက အခြား အင်အားစုတွေ ကျွန်မတို့ ပျောက်နေတာကို သတိထားမိသွားလိမ့်မယ်... အဲဒီ အခါမှ ပြဿနာတွေက ပိုပြီး ရှုပ်ထွေးကုန်မှာ အသေအချာပဲ... ရှင်ကိုယ်တိုင်လည်း ဒီအကြောင်းတွေ သိတာပဲ... မိုက်ရူးရဲ မဆန်စမ်းနဲ့”
“ရိတ်သိမ်းခြင်းဓား အစည်းအရုံးက ဟင်းလင်းပြင် မုဆိုးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အင်အားစုကြီး တစ်ခုပဲ... သူတို့ဆီမှာ ဘယ်သူမှ သတိမထားမိအောင် မိုင်းတွင်း တူးဖော်နိုင်တဲ့ ကျွမ်းကျင် အဖွဲ့တွေ အများကြီး ရှိတယ်... သူတို့ရဲ့ အကူအညီနဲ့ဆို ကျွန်မတို့ရဲ့ တူးဖော်မှုက သုံးဆ လေးဆ အထိကို ပိုမြန်လာလိမ့်မယ်... ဒီတာရာ လျှို့ဝှက် သတ္တုတွေကို ရာစုနှစ် နှစ်ခု၊ သုံးခုလောက် အတွင်းမှာပင် ရိတ်သိမ်းဖို့ ဖြစ်နိုင်လိမ့်မယ်... ကျွန်မ မှားလား ရှင်ပြောပါဦး”
“ ... “
တိမ်ပြာ၏ ဒေါသမီးတောက်များက ဖြည်းညင်းစွာပင် အရှိန်သေသွားသည်။ ခွန်ရီမင်၏ ရှင်းလင်းချက်က ယုတ္တိရှိကြောင်း သူ သိပေသည်။ အကယ်၍ အခြားလူများမှာ တာရာ လျှို့ဝှက် မိုင်းတွင်း အကြောင်း သိရှိသွားပါက သွေးစွန်းသော တိုက်ပွဲ တစ်ခု ဖြစ်လာလိမ့်မှာ သေချာသည်။
မည်သို့ပင် ဆိုစေ တာရာ လျှို့ဝှက် သတ္တုများမှာ လျှို့ဝှက် အဆင့် လက်နက်များ၊ အစီအရင်များ၊ အဆောင်များ ပြုလုပ်ရာတွင် အရေးပါသော ရတနာများ ဖြစ်သည်။ ရွှေရောင် အသက်နန်းတော်ပင်လျှင် ရွှေလေလံပွဲ၌ ကျွေ့ကျားဂြိုဟ်ကို လျှို့ဝှက် ကျောက်တုံး ၁၃၂၀ အထိ တန်ဖိုး သတ်မှတ်ပေးခဲ့သည်။
သို့တိုင်အောင် ကျွေ့ကျားဂြိုဟ်မှာ အသေးဆုံး အရွယ်အစား ရှိသည့် ဂြိုဟ်တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ဤဂြိုဟ်ကတော့ အသေးစား အရွယ်ရှိသည့် ဂြိုဟ်တစ်ခု ဖြစ်သည်။
အသေးဆုံးနှင့် အသေးစား ဟူသော စကားလုံး နှစ်ခုက ဆင်တူသယောင် ရှိသည့်တိုင် တကယ်တမ်းတွင်တော့ များစွာ ကွာခြားပေသည်။ အကြမ်းဖျဥ်းအားဖြင့် အသေးစား ဂြိုဟ် တစ်ခုမှာ အသေးဆုံးဂြိုဟ် တစ်ခုထက် ဆယ်ဆခန့် ပိုမို ကြီးမားပေသည်။
အကယ်၍ ထိုဂြိုဟ်ထက်ရှိ မိုင်းတွင်းသာ ကျွေ့ကျားဂြိုဟ်နှင့် နှိုင်းယှဥ်နိုင်အောင် တာရာ လျှို့ဝှက် သတ္တုများ ပေါကြွယ်ဝပါက ကြယ်တာရာ နယ်မြေများ အကြားတွင် သွေးချောင်းစီး စစ်မက်များပင် ဖြစ်ပေါ်လာနိုင်စွမ်း ရှိသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတို့ပင် ပါဝင်ကောင်း ပါဝင်လာနိုင်ပေသည်။
တစ်ချိန်တည်း၌ ခုတ်ပိုင်းခြင်းဓားမှာလည်း ပြန်လည် တည်ငြိမ်သွား၏။ သူက လောဘ အငွေ့အသက်များဖြင့် အောက်ရှိ ဂြိုဟ်ကို ငုံ့ကြည့်လိုက်သည်။
“မိုင်းတွင်းကို ရွှေ့ပြောင်းလို့ မရတာ ဆိုးတာပဲ... မဟုတ်ရင်...”
သူက စုပ်တသပ်သပ်ဖြင့် ရေရွတ်လိုက်၏။ တာရာ လျှို့ဝှက် သတ္တုမှာ သာမန် သတ္တုမျိုး မဟုတ်ချေ။ ၎င်း၏ သေးငယ်သော အပိုင်းအစလေး တစ်ခုကိုပင် ဟင်းလင်းပြင် လက်စွပ်ထဲ ရွှေ့ပြောင်းရန် အလွန် ခက်ခဲလှသည်။ ထိုကဲ့သို့ ပြုလုပ်ရန် အတွက် ရှန့်ထို အဆင့် ကျင့်ကြံသူ ဒါဇင်ချီ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပေသည်။
“သောက်ရူးက သောက်ပေါလို တွေးနေတာပဲ”
တိမ်ပြာက မကြားဝံ့ မနာသာ တီးတိုး ပြောလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ခွန်ရီမင်က တိမ်ပြာ၏ ကလေးဆန်သည့် အပြုအမူကို လျစ်လျူထား၏။
“ရှင် အကဲဖြတ် ပြီးပြီလား... ခန့်မှန်းတန်ဖိုး ဘယ်လောက် ရှိလဲ”
သူမက အောက်ရှိဂြိုဟ်ကိုသာ ငုံ့ကြည့်ရင်း မေးလိုက်သည်။ တိမ်ပြာမှာ ချက်ချင်းပင် စိတ်ပြောင်းသွားကာ မျက်လုံးထဲ၌ စိတ်လှုပ်ရှားသည့် အငွေ့အသက်များ ဖြစ်ပေါ်လာသည်။
“ဂြိုဟ်ရဲ့ သုံးဆယ် ရာခိုင်နှုန်းလောက်ကို ငါ ကြည့်ပြီးပြီ... အကြမ်းဖျဥ်း လျှို့ဝှက်ကျောက်တုံး တစ်ထောင့် ခြောက်ရာလောက် တန်ဖိုးရှိတဲ့ သတ္တုတွေ အဲဒီနေရာမှာ ရှိနေတယ်လို့ ခန့်မှန်းရတယ်... ဒါတောင် မိုင်းတွင်းရဲ့ ဗဟို အမြုတေကို ခုထိ ရှာမတွေ့သေးဘူး... ဂြိုဟ်တစ်ခုလုံး ပေါင်းလိုက်ရင် လျှို့ဝှက် ကျောက်တုံး လေးထောင် လောက်တော့ တန်မှာပဲ... အဲဒီထက်တောင် ပိုနိုင်သေးတယ်”
ဘေးနားရှိ လက်အောက် ငယ်သားများနှင့် တပည့်များ အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်၏ မျက်လုံးများက တောက်ပသွား၏။
ထိုအထဲမှ ဆယ်ပုံတစ်ပုံခန့်ကို ပိုင်ဆိုင်နိုင်လျှင်ပင် သူတို့မှာ သက်ဆိုင်ရာ ကြယ်တာရာ နယ်မြေများတွင် သောက်ရမ်း ချမ်းသာသူများ ဖြစ်သွားကြလိမ့်မည် ဖြစ်သည်။ ရွှေရောင် အသက်နန်းတော်မှာ ရောင်းချသူများ၏ အချက်အလက်များကို မပေါက်ကြားအောင် ထိန်းသိမ်းပေးရာ သူတို့ကို မည်သူမှ သတိထားမိလိမ့်မည် မဟုတ်ချေ။
လျှို့ဝှက်အဆင့် ထုတ်ကုန်လား... လျှို့ဝှက် အဆင့် ရင်းမြစ်လား... လျှို့ဝှက် အဆင့် လက်နက်များလား... သို့တည်းမဟုတ် အဆင့်မြင့် အကာအကွယ် အစီအရင်လား...
အရာအားလုံးကို သူတို့ ရရှိလာနိုင်လိမ့်မည် ဖြစ်သည်။ လောကကြီးက သာယာလွန်းလှပေသည်။ ထိုကဲ့သို့ အဖွဲ့သုံးဖွဲ့ စိတ်ကူးနှင့် ရစ်မူးနေကြချိန်တွင်ပင်... မိုင်ပေါင်း တစ်သိန်းကျော်ခန့် အကွာအဝေး၌ ဟင်းလင်းပြင် ဝင်ပေါက် တစ်ခု ပေါ်လာကာ လူသား တစ်ယောက်နှင့် သားရဲတစ်ကောင်တို့ ထွက်ပေါ် လာခဲ့တော့၏။
...
“ဒါက ဘယ်နေရာလဲ...”
ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ဝင်ပေါက်မှ တစ်ဆင့် ပိုင်လင်နှင့် အတူ ထွက်လာခဲ့၏။ သူတို့က ပျံသန်းမှုကို ရပ်တန့်ကာ နည်းလမ်း အမျိုးမျိုးဖြင့် ပတ်ဝန်းကျင်ကို ကိုယ်စီ စစ်ဆေးလိုက်ကြတော့သည်။ ထို့နောက်... သူတို့ နှစ်ယောက်စလုံးမှာ နတ္ထိ ဟင်းလင်းပြင် တစ်ခုထဲကို ရောက်ရှိနေကြောင်း သဘောပေါက် သွား၏။ ထိုနေရာ၌ နေကြယ်တစ်စင်းမှပင် မရှိချေ။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့ နှစ်ယောက်စလုံး၏ မျက်လုံးများမှာ အရှေ့ရှိ လောကကြီးကို ကြည့်ကာ တဖျပ်ဖျပ် တောက်ပသွား၏။
“ပိုင်လင်... မင်းရဲ့ မီးတောက်တွေကို သိမ်းထားလိုက်ဦး...”
ဝေ့ဝူယင်က ပြောလိုက်၏။ ပိုင်လင်၏ နိဗာန မီးတောက်များမှာ အဆုံးမဲ့ မှောင်မိုက်လှသော ဤနေရာမျိုးတွင် နေကြယ်တစ်စင်းလိုပင် ထင်ရှား လွန်းလှရာ ရန်သူများကို ဖိတ်ခေါ်နေသလို သူခံစားရသည်။
ပိုင်လင်က ခေါင်းတစ်ချက် ညိတ်ကာ လျှင်မြန်စွာပင် မီးတောက်များကို ငြိမ်းသတ်၍ အလင်း ရင်းမြစ်ကို ဖယ်ရှားလိုက်သည်။ ကံကောင်းထောက်မစွာပင် သူတို့ ရောက်ရှိပြီး မီးတောက် ငြိမ်းသတ်လိုက်သည့် အချိန်က တိုတောင်းလွန်းလှရာ မိုင်ပေါင်း တစ်သိန်းကျော် အကွာအဝေးရှိ လူများမှာ သတိထားလိုက်မိခြင်း မရှိပါချေ။
ပိုင်လင်က တွန်သံ မပြုချေ။ တိတ်ဆိတ်ငြိမ်သက်နေ၏။ သူမ၏ အသံက အလွန်ပင် စူးရှ၍ ဟင်းလင်းပြင်ကိုပင် လှုပ်ခါနိုင်စွမ်း ရှိရာ အခြားသူများကို အချက်ပေးလိုက်သလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်က ဝိညာဥ်အလင်း ထုတ်လွှတ်မှုကို တားဆီး၍ ပတ်ဝန်းကျင်ကို ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့်သာ လေ့လာလိုက်၏။ ကောင်းကင်တာအိုမှာ သူ၏ ဦးတည်ချက်ကို လွှမ်းမိုး၍ ဤနေရာသို့ ပို့လွှတ်လိုက်ရာ ဂြိုဟ်တစ်ခု၊ သို့မဟုတ် လတစ်ခုထက်သို့ ကျဆင်းလိမ့်မည်ဟု မျှော်လင့် ထားခဲ့ခြင်း ဖြစ်သည်။ အသက်လက္ခဏာ တစ်ခုမှ မရှိသည့် နတ္ထိ ဟင်းလင်းပြင် တစ်ခု ဖြစ်လိမ့်မည်ဟု ဝေ့ဝူယင် ထင်မှတ် မထားခဲ့ချေ။
ဤနေရာတွင် မည်ကဲ့သို့သော ကမ္မ ကံကောင်းမှု ရှိနေသနည်း။
သို့သော်လည်း... မိုင်ပေါင်း ထောင်ဂဏန်းခန့်ကို စစ်ဆေးပြီးသည့်တိုင် မည်သည့် တည်ရှိမှု တစ်ခုကိုမှ မတွေ့ရပါချေ။
“ကောင်းကင်တာအိုက ဘာအကြောင်းပြချက်မှ မရှိပဲ ငါ့ကို ဒီနေရာ မပို့ပါဘူး... ဟုတ်တယ်မလား”
ကမ္မတန်ဖိုး ၂၁၀.၁ တန်သော ကမ္မ ကံကောင်းမှု...
ထိုအရာကို လက်လွှတ်လိုသည့် ဆန္ဒ သူ့တွင် မရှိချေ။ မူလ ဦးတည်သည့် နေရာလား... လုံလောက်စွာ အနားယူပြီးသည်နှင့် ဟင်းလင်းပြင် ခုန်ကူးခြင်းကို သူ နောက်တစ်ဖန် ပြန်သုံး၍ ရပေသည်။
“မျက်လုံးတွေကို ရှင်ရှင်ထား...”
ဝေ့ဝူယင်က ပိုင်လင်ကို သတိပေးလိုက်၏။ သူ ကိုယ်တိုင်လည်း ကောင်းကင်ဘုံ နတ်မျက်လုံးကို အဆုံးထိ တင်လိုက်သည်။ ဘယ်ဆီဘယ်ဝယ်မှန်း မသိပဲ စတင် ပျံသန်းရန် သူ့တွင် ရည်ရွယ်ချက် မရှိချေ။
အမှောင် ဟင်းလင်းပြင်ထဲ၌ သူ၏ အမြင်အာရုံက ပြိုင်စံ မရှားချေ။ မိုင်ပေါင်း သောင်းဂဏန်းခန့် ဧရိယာကို လေ့လာနိုင်ရုံလောက်သာ ဖြစ်သည်။ သူ မြင်တွေ့ရသမျှက ကျောက်တုံး အပိုင်းအစများ၊ အစက်များသာ ဖြစ်သည်။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို မဖြန့်ကျက်ရဲချေ။ နတ္ထိ ဟင်းလင်းပြင် အတွင်းတွင် အန္တရာယ်များမှာ အဘက်ဘက်မှ အမျိုးအစား စုံလင်လှရာ သူ ကိုယ့်ကိုယ်ကို ထုတ်ဖော်ရန် ဆန္ဒ မရှိချေ။
မိနစ်ပေါင်းများစွာ လေ့လာပြီးနောက် သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ထူးဆန်းသည့် အော်ရာဖြင့် လွင့်မြောနေသည့် ကျောက်တုံးတစ်ခုကို သတိထားမိသွား၏။ ၎င်းက ဂြိုဟ်၏ အပိုင်းအစ တစ်ခု ဖြစ်ဟန် ရကာ တိုက်ခိုက်မှု တစ်ခုကြောင့် ကျိုးပဲ့လာဟန် ရသည်။ ထိုကျောက်တုံး အတွင်း၌ မီးအော်ရာ အရိပ်အမွက် အချို့ ကိန်းအောင်းနေသည်ကို သူ ခံစားရ၏။
“အဲဒီကိုသွားကြမယ်... မင်းရဲ့ မီးတောက်တွေ ထွက်မလာအောင် သတိထားဦး”
ဝေ့ဝူယင်၏ အမူအရာ မည်မျှ လေးနက်နေသည်ကို ကြည့်ကာ ပိုင်လင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူမက အတောင်ပံများကို အင်အား အနည်းငယ်ဖြင့် ခတ်လိုက်ရင်း ကျောက်တုံးဆီသို့ ဖြည်းညင်းစွာ စတင် ရွေ့လျားလိုက်၏။ ထန်ဂူကို တွေ့ရှိပြီး ကတည်း၌ အမှောင် ဟင်းလင်းပြင်ထဲတွင် ထူးဆန်းသော ဖြစ်တည်မှုကြီးများ မြောက်များစွာ ရှိကြောင်း သူမ သိပေသည်။
မိနစ် နှစ်ဆယ်ခန့် ပျံသန်းပြီး နောက်တွင် သူတို့မှာ မိုင်အနည်းငယ်ခန့် ကွာဝေးသည့် ကျောက်တုံးနားသို့ ရောက်ရှိလာခဲ့၏။ ဝေ့ဝူယင်က အနီးသို့ ကပ်ကာ ကျောက်တုံးကို သေချာ စစ်ဆေးလိုက်သည်။ မကြာခင်မှာပင်... ကျောက်တုံးအတွင်း ရှိနေသည့် မီးဓာတ်မှာ ကြယ်တာရာ အမြုတေ အဆင့်ရှစ် လောကီမျက်လုံး အဆင့် ကျင့်ကြံသူ တစ်ယောက် ပိုင်ဆိုင်ခဲ့သည့် အရာ ဖြစ်ကြောင်း မှတ်ချက်ချလိုက်မိ၏။ ထို့အပြင်... မီးဓာတ်က အတော်လေး လတ်ဆတ်နေသေးရာ လွန်ခဲ့သည့် လအနည်းငယ်ခန့်က ဖြစ်နိုင်ပေသည်။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်နှင့် ပိုင်လင်တို့ နှစ်ယောက်စလုံး ကျောက်တုံးပေါ်သို့ ဆင်းသက်လိုက်ကြ၏။ ပိုင်လင်က လက်သည်းများနှင့် ကျောက်တုံးကို ကုတ်ခြစ်ကာ ဝေ့ဝူယင် ကိုယ်တိုင် ထိတွေ့နိုင်ရန် ကိုယ်ကို ဝပ်ပေးလိုက်သည်။ ကျောက်တုံးကို ကိုင်ကြည့်ပြီးနောက် ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။
“ဒီကျောက်တုံးထဲမှာ တစ်ခုခု ရှိနေတယ်... နောက်ပြီး ဒီစွမ်းအားက ရင်းနှီးနေသလိုပဲ... ငါ အရင်က အာရုံခံဖူးလို့လား”
ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို နက်ရှိုင်းသွား၏။ ထိုအရာက မီးဓာတ် ကြယ်တာရာ အင်အားနှင့် ဆင်တူကာ သဘာဝ သတ္တုတစ်မျိုးလိုပင် ဖြစ်သည်။
ပိုင်လင်က ကျောက်တုံးကို ဆိတ်ကာ အပိုင်းအစ တစ်ခုကို နှုတ်သီးဖြင့် ကောက်၍ အရသာ ခံလိုက်၏။ ဝေ့ဝူယင်က တားဆီးရန် ဟန်ပြင်လိုက်စဥ်မှာပင် သူမ၏ မျက်လုံးများက လင်းလက်လာကာ ထိုအပိုင်းအစ တစ်ခုလုံးကို မြိုချပစ်လိုက်သည်။
"..."
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက အခြား အပိုင်းအစ တစ်ခုကို ထပ်မံ ကောက်ယူကာ စားသောက် လိုက်ပြန်၏။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်တော့ သူမက ချင်ချင်းပင် ထိုအရာကို ထွေးထုတ် ပစ်လိုက်သည်။
“ဘာလဲ... ဟင်းက မကျက်သေးလို့လား...”
ဝေ့ဝူယင်က ရယ်မောရင်း စနောက်လိုက်၏။
“ဒီတစ်ခုက မတူဘူး... ရိုးရိုး ကျောက်တုံးကြီး... ပထမ တစ်ခုက အရသာ ရှိတယ်”
ပိုင်လင်က ဒေါသ အရိပ်အငွေ့ အချို့ဖြင့် ပြောလိုက်သည်။ ထို့နောက် သူမက လက်သည်း လက်သီးများဖြင့် ကျောက်တုံးကို တူးဆွရင်း ထပ်မံ၍ ရှာဖွေ နေတော့သည်။
“ ... “
ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ မတူဘူးလား.. သူက ကျောက်တုံးများကို စစ်ဆေးကြည့်လိုက်ရာ ရင်းနှီးနေသည့် ခံစားချက်တစ်ခုက နေရာယူ လာပြန်သည်။ ထိုအရာက မည်ကဲ့သို့ ထူးဆန်းနေသနည်း။
“နေဦး..”
ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများမှာ ထူးဆန်းသော အလင်းများဖြင့် ပြည့်နှက်သွား၏။ သူက လျှင်မြန်စွာပင် ကျောက်တုံး အပိုင်းအစတစ်ခုနားသို့ သွားကာ နှံ့နှံ့စပ်စပ် စစ်ဆေးလိုက်သည်။
“မျက်နှာဖုံးတွေ...”
သူ တစ်စုံတစ်ရာကို မှတ်မိသွား၏။ ဟုတ်သည်။ မျက်နှာဖုံးများ... အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ပြပမှ လာသည့် ကျင့်ကြံသူ မိန်းကလေးများမှာ သူတို့၏ အသွင်အပြင်ကို ဖုံးကွယ်ရန် မျက်နှာဖုံးများ ဝတ်ဆင်လေ့ ရှိသည်။
ရတနာ... လျှို့ဝှက် အဆင့် ရတနာ...
“ဒီကျောက်တုံးတွေထဲမှာ လျှို့ဝှက် အဆင့် သတ္တု အပိုင်းအစတွေ ပါနေတယ်... ဒါက ငါ့ကံကြမ္မာလား... ကောင်းကင်တာအို ဟူး...”
ဝေ့ဝူယင် စိတ်ထဲမှ ရယ်မောလိုက်မိ၏။ ကမ္မတန်ဖိုး ၂၁၀.၁ ကို ထောက်ချင့်ရပါက ဤကျောက်တုံးက ထန်ကုန် မဟုတ်လောက်ချေ။ အနီးအနား၌ ကြီးကြီးမားမား မိုင်းတွင်းကြီး တစ်ခု ရှိနေနိုင်သည်။
မိုင်းတွင်းက အရိုင်း ဖြစ်နိုင်သလို တူးလက်စလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ တူးလက်စ ဖြစ်လျှင် မိုင်းတွင်း အလုပ်သမားများ ရှိနိုင်သည်။ ထိုအထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့်များလည်း ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။
သို့သော်လည်း... ထိုမျှ တန်ဖိုးကြီးသည့် ကံကောင်းမှုမျိုးကို လက်လွှတ်ရန် ဝေ့ဝူယင်တွင် ဆန္ဒ မရှိပါချေ။ လောဘတရားက စဥ်းစားဉာဏ်ကို နိမ့်ပါးစေသည့်တိုင် ရည်မှန်းချက်ကတော့ ခြားနားပေသည်။ သူ့အနေဖြင့် အစီအစဥ် အချို့ ပြုလုပ်လိုက်ရုံသာ ဖြစ်သည်။
အတွေးနှင့် နည်းလမ်းများကို တွက်ချက်စီစဥ်ပြီးနောက်တွင် ဝေ့ဝူယင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တဖျပ်ဖျပ် တောက်ပလာခဲ့တော့၏။
“ပိုင်လင်... ငါတို့ မိုင်းတွင်းကို ရှာလိုက်ကြရအောင်...”
***