← Chapters

ကြယ်ခန်းမအင်အား တိုးတက်လာခြင်း

Vol. 29 Ch. 395

ကြယ်ခန်းမအင်အား တိုးတက်လာခြင်း

Vol. 29 Ch. 395

ယဲ့ချန်က ကောင်းကင်ချီများကိုလည်ပတ်၍ ဝိညာဥ်စွမ်းအက်များကို ပတ်ဝန်းကျင်လေးငါးမိုင်အတွင်း ထုတ်လွှတ်လိုက်သည်။ ကြယ်ခန်းမ၏တပည့်များက တင်ပျဥ်ထွေထိုင်၍ ကျင့်ကြံနေရင်း စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ သူတို့သည် ကောင်းကင်ချီကိုလည်ပတ်၍ လေထဲမှ ဝိညာဥ်စွမ်းအင်များကို စုပ်ယူလိုက်သောအခါ အံ့သြဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ သူတို့၏ဝိညာဥ်များသည် ဖြည်းဖြည်းချင်းသန်မာလာပြီး ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် ဖြည်းဖြည်းချင်းပေါင်းစပ်လာကြသည်။

ဤကား ကြယ်ခန်းမ၏တပည့်များနှင့် ယဲ့ချန် အတူတကွကျင့်ကြံနိုင်သော အထူးနည်းလမ်းတစ်ခုဖြစ်သည်။ ယဲ့ချန်သည် များပြားလှသော ဝိညာဥ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သော်လည်း ဓားပျံက ဆက်တိုက်ထောက်ပံ့ပေးနေသောကြောင့် မောပန်းခြင်းကို မခံစားရပေ။ ထို့အပြင် ကြယ်ခန်းမတပည့်များ၏ ဝိညာဥ်များကြောင့် ဝိညာဥ်စစ်သည်တော်က ကြီးမားစွာတိုးတက်လာသည်။

အဝေးမှကြည့်လျှင် တောတောင်များအပေါ်တွင် ဝိညာဥ်များတောက်ပနေသည်ကို ကောင်းကင်မှ ကြယ်များပမာ ထင်မှတ်ရသည်။ ဝိညာဥ်အလင်းများ၏တောက်ပမှုက ကွဲပြားနေပြီး တစ်ခုချင်းစီသည် ခွန်အားအနည်းအများကို ကိုယ်စားပြုသည်။ ရှောင်ရိ၊ နေလင်းယုန်နှင့် နန်ရှင်း၏ဝိညာဥ်အလင်းများက အတောက်ပဆုံးဖြစ်ပြီး မီးလုံးများကဲ့သို့ ထင်မှတ်ရသည်။ နင်ချင်းယွင်၊ ရှဲ့တောက်၊ ရှဲ့ကျန်း၊ နေမီးတောက်ငှက်တို့က အနည်းငယ်နိမ့်ကျပြီး မီးအိမ်တစ်ခုပမာ တောက်ပနေသည်။ ထို့နောက် ယဲ့မျိုးနွယ်ဝင်များ၏ ယဲ့တောင်ကြားအတွင်းရှိ ဝိညာဥ်အလင်းများက အသိပ်သည်းဆုံးဖြစ်၏။ ကြယ်ခန်းမတပည့်များ၏ ဝိညာဥ်များသည် နေရာတိုင်းပြန့်ကြဲနေသော မီးပွားများပမာ ထင်မှတ်ရသည်။

"ဘန်း"

ယဲ့တောင်ကြားအတွင်းမှ ဝိညာဥ်အလင်းတစ်ခုက ကြယ်တစ်လုံးကဲ့သို့ ကောင်းကင်သို့ တောက်ပစွာထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ပြန်လည်မှိန်ကျသွားကာ တောက်ပမှုသည် ရှဲ့တောက်၊ရှဲ့ကျန်းနှင့်အခြားလူများကို ယှဥ်နိုင်နေသည်။

"ဘယ်သူ အဆင့်တက်သွားတာလဲ"

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်နှင့် ထောက်လှမ်းလိုက်သောအခါ အဆင့်တက်သွားသူက ဝမ်အာဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏မျိုးဆက်သွေးကြောင့် မီးတောက်ကျင့်စဥ်ကို ကျင့်ကြံလိုက်သောအခါ ကျင့်ကြံဆင့်က လျင်မြန်စွာတိုးတက်လာသည်။ သူမက မြေအဆင့်သာဖြစ်သော်လည်း သူမ၏ဝိညာဥ်ခွန်အားသည် နင်ချင်းယွင်နှင့်အခြားလူများထက် များစွာပို၍သန်မာနေသည်။ ဝိညာဥ်၏ခွန်အားက ကျင့်ကြံဆင့်နှင့်မသက်ဆိုင်ဘဲ ပါရမီကိုသာ ကိုယ်စားပြုသည်။

ယဲ့ချန်၏ဝိညာဥ်စွမ်းအားများကြောင့် အမှောင်ထဲတွင် ဝိညာဥ်အလင်းများ တောက်ပလာသည်။ အလင်းတစ်ခုချင်းစီက စွမ်းအားကိုဖော်ပြနေပြီး တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်လာကြသည်။ ယဲ့တောင်ကြားက အတောက်ပဆုံးဖြစ်ပြီး အလင်းတန်းများက တစ်ခုပြီးတစ်ခု ပိုမိုလင်းလက်လာကြ၏။ မိုးကြိုးဧကရာဇ်ကျင့်စဥ်ကိုကျင့်ကြံနေသော ယဲ့မျိုးနွယ်ဝင်များသည် ကျင့်ကြံရေးအရင်းအမြစ်အများဆုံးရသောအခါ ကျင့်ကြံခြင်းက အမြန်ဆုံးဖြစ်နေခဲ့သည်။

တစ်လအကြာတွင် ယဲ့မျိုးနွယ်နှင့်ကြယ်ခန်းမတွင် ဆန်းကျယ်အဆင့် ကျင့်ကြံသူများစွာ ထွက်ပေါ်လာကြသည်။ နေလင်းယုန်သည် နတ်ဘုရင်အလယ်အဆင့်သို့ ရောက်သွားပြီး ပိုမိုပါရမီရှိသော ရှောင်ရိက နတ်ဘုရင်ထိပ်ဆုံးအဆင့်သို့ ချိုးဖျက်နိုင်လုနီးပါး ဖြစ်လာခဲ့သည်။ နင်ချင်းယွင်၊ ရှဲ့တောက်၊ ရှဲ့ကျန်းနှင့် နေမီးတောက်ငှက်တို့သည်လည်း ဆန်းကျယ်ထိပ်ဆုံးအဆင့်သို့ရောက်သွားကြကာ သူတို့၏လက်အောက်တွင် ဆန်းကျယ်အဆင့် ကျင့်ကြံသူခြောက်ဆယ်ကျော် ထွက်ပေါ်လာသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် အာကာသကျောက်များ၏ အကျိုးအာနိသင်က သိသာလှပေသည်။

တောင်ထိပ်တစ်ခုပေါ်ရှိ မြေပြန့်တွင် နန်ရှင်းတစ်က သိုင်းပညာကို အားကြိုးမာန်တက်လေ့ကျင့်နေသည်။ သူ၏လက်သီးတစ်ချက်တွင် မုန်တိုင်းတစ်ခုဖြစ်ပေါ်လာကာ ကောင်းကင်ပင်အရောင်ပြောင်းသွားခဲ့၍ လက်သီးတစ်ချက်ချင်းစီက အထွတ်အထိပ်ခွန်အားကို ထုတ်ဖော်ပြသထားသည်။ သူသည် နတ်ဘုရင်ထိပ်ဆုံးအဆင့်တွင် နှစ်တစ်ရာခန့်ပိတ်ဆို့နေပြီး ရိုးအသောစိတ်ထားရှိသော်လည်း သိုင်းပညာပါရမီက မဆိုးလှပေ။

"ဘန်း ဘန်း ဘန်း"

သူ၏ကိုယ်တွင်းမှ သွေးကြောဆုံချက်များတွင် စွမ်းအင်များထွက်ပေါ်လာကာ သွေးကြောများမှ စွမ်းအင်လှိုင်းကြီးများ ပြန့်ထွက်လာသည်။ ခန္ဓာကိုယ်ထက်တွင် သံမဏိဖြင့်ပြုလုပ်ထားသကဲ့သို့ ကြွက်သားကြီးများဖုထစ်နေကာ ခြေတစ်လှမ်းစီတွင် မြေပြင်က တုန်ခါသွား၏။

"ဆရာနန်ရှင်းရဲ့ခွန်အားက တိုးလာပြန်ပြီထင်တယ်"

"ဆရာနန်ရှင်းက အဆင့်ထပ်တက်တော့မယ်"

ကြယ်ခန်းမ၏တပည့်များက တောင်ထိပ်ကိုမော့ကြည့်ပြီး ပြင်းထန်သောလေ့ကျင့်မှုကို ချီးကျူးလိုက်ကြသည်။

ဝိညာဥ်သစ်ပင်အောက်တွင် ထိုင်၍ကျင့်ကြံနေသော ယဲ့ချန်က ဤမြင်ကွင်းကို ဝိညာဥ်အသိစိတ်နှင့်မြင်နေရပြီး တစ်ချက်ပြုံးလိုက်သည်။ သူသည် နန်ရှင်းတစ်၏ကိုယ်တွင်းမှ ပြောင်းလဲမှုများကိုခံစားနေရပြီး နန်ရှင်းတစ်မှာ အဆုံးမဲ့ကျင့်ကြံသူအဆင့်သို့ တက်ရောက်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ယဲ့ချန်က အတွေးနက်နေစဥ် နန်ရှင်းတစ်၏စွမ်းအင်က ရုတ်တရက်မြင့်တက်လာကာ ဘုန်းခနဲမြည်သံနှင့်အတူ တောင်ထိပ်မှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ တောင်ထိပ်တစ်ခုလုံး ပြိုကျလုမတတ် ဖြစ်သွားသည်။

"ဟား ဟား ဟား ငါ နောက်ဆုံးတော့ အဆင့်တက်ပြီကွ"

နန်ရှင်းတစ်သည် အလွန်အမင်းပျော်ရွှင်သွားကာ ဧရာမဝက်ဝံကြီးတစ်ကောင်အဖြစ် မူလအသွင်ပြောင်းလဲကာ သစ်တောအတွင်း တရကြမ်းပြေးဝင်သွားခဲ့သည်။ သူ၏ခြေလှမ်းအောက်တွင် သစ်ပင်နှင့်ကျောက်တုံးများက တဘုန်းဘုန်းပေါက်ကွဲ၍ အမှုန့်ဖြစ်သွားကြသည်။ လွန်ခဲ့သောအတိတ်တွင် သူက အဆုံးမဲ့ကျင့်ကြံသူကုန်းယွမ်၏ လက်ဝါးကြောင့် လွင့်ထွက်သွားခဲ့ရဖူးသည်။ သို့သော်လည်း လက်ရှိတွင် သူက အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ကို နောက်ထပ်ကြောက်စရာမလိုတော့ပေ။

"သခင် ကျုပ် အဆင့်တက်ပြီ"

"အေး ငါ သိတယ်"

နန်ရှင်းတစ်က ယဲ့ချန်ကိုဆက်သွယ်၍ သတင်းပို့လိုက်၏။ သူက အဆုံးမဲ့ကျင့်ကြံသူဖြစ်လာသည့်အပြင် ခြင်္သေ့ကြီးထံမှ လျှို့ဝှက်ကျင့်စဥ်များကိုလည်း သင်ယူထားသည်။ ထို့ကြောင့် သူက သာမန်အဆုံးမဲ့အဆင့်တစ်နှင့် အဆင့်နှစ်ကျင့်ကြံသူများကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိလာ၏။ သူ အဆင့်တက်သွားသောအခါ ယဲ့ချန်၏ဝိညာဥ်အသိစိတ်တွင် ဖိအားတစ်ခု ခံစားလာရသည်။ နတ်ဘုရင်အလယ်အဆင့်နှင့် အဆုံးမဲ့အဆင့်ကြားတွင် ကွာခြားချက်ကကြီးမားလွန်းသော်လည်း သူ၏ဝိညာဥ်အသိစိတ်က ကိုင်တွယ်နိုင်စွမ်းရှိနေခဲ့သည်။

ကောင်းကင်သားရဲများသည် အဆင့်တူမှော်သားရဲများကိုသာ ထိန်းချုပ်နိုင်ပြီး ကျင့်ကြံဆင့်က နိမ့်ကျနေလျှင် မှော်သားရဲများက လွတ်မြောက်သွားပေလိမ့်မည်။ သို့သော်လည်း ယဲ့ချန်က ကွဲပြားသည်။ သူ၏ဝိညာဥ်အသိစိတ်သည် နတ်ဘုရင်အလယ်အဆင့်တွင် ရပ်တန့်နေပြီး ထိပ်ဆုံးအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုသည်။ ကျင့်ကြံဆင့်မြင့်တက်လာပြီးနောက် ၎င်းသည် အတားအဆီးတစ်ခုကို ကျော်ဖြတ်သွားဟန်ဖြင့် ခေါင်းအတွင်း ဘုန်းခနဲပေါက်ကွဲသွားကာ ကြီးမားကျယ်ပြန့်လာခဲ့သည်။

"ငါ အဆင့်ထပ်တက်သွားတာလား။ နတ်ဘုရင်ထိပ်ဆုံးအဆင့်ကို ရောက်ပြီ"

မကြာသေးခင်က အဆင့်တက်ထားသော ယဲ့ချန်က အနည်းငယ်တွေဝေသွားသည်။ သို့သော်လည်း သူ၏ကျင့်ကြံဆင့်က အခြေတည်သောကြောင့် ဝိညာဥ်အသိစိတ်သည် နတ်ဘုရင်ထိပ်ဆုံးအဆင့်သို့ အောင်မြင်စွာရောက်သွားခဲ့သည်။ နန်ရှင်းတစ်အဆင့်တက်သွားခြင်းက သူ့အပေါ်တွင် အကျိုးသက်ရောက်စေခဲ့သောကြောင့် ကောင်းကင်သားရဲနှင့် မှော်သားရဲများကြားမှဆက်သွယ်မှုကို နားလည်စပြုလာသည်။ ယဲ့ချန်၏ကျင့်ကြံဆင့် မြင့်တက်လာသောအခါ ရှောင်ရိနှင့်နေလင်းယုန်သည်လည်း အင်အားများတိုးပွားလာ၏။ သူ၏လက်အောက်တွင်ရှိသော အားအနည်းဆုံးမှော်သားရဲများသည်ပင် ဆန်းကျယ်အဆင့်သို့ ရုတ်တရက်မြင့်တက်သွားကြသည်။ ကောင်းကင်သားရဲများနှင့် မှော်သားရဲများက အချင်းချင်းအကျိုးပြုနိုင်သော အကြောင်းအရင်းကို ယဲ့ချန်က နားမလည်ပေ။ ဤအချက်က သူ့အတွက် သဘောပေါက်နားလည်ရန် ခက်ခဲနက်နဲလွန်းနေသည်။

ဝိညာဥ်အသိစိတ်၏ကျင့်ကြံဆင့် မြင့်တက်လာသောအခါ ဝိညာဥ်စစ်သည်တော်၏ခွန်အားက ငါးဆခန့်တိုးတက်လာသည်။ ကောင်းကင်ချီကျင့်ကြံဆင့်ကလည်း နတ်ဘုရင်အဆင့်သို့ရောက်ရန် နီးကပ်လာကာ အဆင့်တက်ရန်အတွက် အချိန်အနည်းငယ်သာလိုအပ်မည်ဟု ခံစားနေရသည်။ ကောင်းကင်ချီကျင့်ကြံခြင်းက ဝိညာဥ်ကျင့်ကြံခြင်းထက် ပို၍ခက်ခဲသည်။ ကောင်းကင်ချီများကို ဖြည်းဖြည်းချင်းသာကျင့်ကြံနိုင်သော်လည်း ဝိညာဉ်၏အစွမ်းက ကြီးမားစွာခုန်ပေါက်တိုးတက်နိုင်သည်။

ဧကရာဇ်မင်၏ခါးပတ်က သက်တန့်ရောင်များတောက်ပလာကာ သားရဲတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ အင်မော်တယ်အမှောင်ဖီးနစ်သည် ကောင်းကင်သို့ထိုးတက်လာ၍ လှည့်ပတ်ပျံသန်းနေသည်။ ၎င်းက အနက်ရောင်မီးတောက်များလွှမ်းခြုံနေပြီး ပိုမိုကြီးမားလာခဲ့သည်။ ပတ်ဝန်းကျင်ရှိအရာအားလုံးကို ပြာချပစ်လိုဟန်ဖြင့် အပူလှိုင်းများကို ထုတ်ဖော်နေသည်။ ၎င်းက နတ်ဘုရင်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ယဲ့ချန်၏ဝိညာဥ် အဆင့်တက်လာသောအခါ အင်မော်တယ်အမှောင်ဖီးနစ်သည်လည်း အဆင့်တူဖြစ်သည်အထိ မြင့်တက်လာခဲ့သည်။

ဖီးနစ်သည် ကောင်းကင်တွင် အနက်ရောင်ကြာတစ်ပွင့်ကဲ့သို့ ပျံသန်းလွင့်မျောနေသည်။ ၎င်း၏အရှိန်အဝါက အံ့သြဖွယ်ကောင်း၍ ကြီးကျယ်ခမ်းနားနေသည်။ ထိုအချိန်တွင် ယဲ့မျိုးနွယ်တောင်ကြားအတွင်းရှိနေသော ဝမ်အာ၏မျက်နှာထက်တွင် ဝမ်းနည်းရိပ်များသန်းနေသည်။ သူမနှင့်အမှောင်ဖီးနစ်က မျိုးနွယ်တူချင်းဖြစ်၍ အရှိန်အဝါချင်းကတူညီနေသည်။ ၎င်းကအစွမ်းထက်သော်လည်း ငှက်မွေးတစ်ချောင်းမှ ဖြစ်တည်လာသောကြောင့် အသက်အားကို လုံးဝမခံစားရပေ။ အစစ်အမှန်အမှောင်ဖီးနစ်များက ရှည်လျားလှသောသမိုင်းကြောင်းအတွင်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ဝမ်အာသည် သူမဝမ်းနည်းနေသော အကြောင်းအရင်းကို နားမလည်သော်လည်း သွေးမျိုးဆက်ချင်းတူညီသဖြင့် ဝမ်းနည်းနေမိသည်။

ကြယ်ခန်းမ၏တပည့်များက ကောင်းကင်သို့မော့ကြည့်၍ ဧရာမဖီးနစ်ကြီးကိုမြင်သောအခါ အစွမ်းထက်သားရဲတစ်ကောင်၏ အရှိန်အဝါကို ခံစားလိုက်ရသည်။

"ဒီအနက်ရောင်ဖီးနစ်ကြီးကို ခန်းမသခင် ဆင့်ခေါ်လိုက်တာလား"

"ဖီးနစ်တွေက ဒဏ္ဍာရီထဲမှာပဲရှိတာ မဟုတ်ဘူးလား"

သူတို့အားလုံးက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပေ။ ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာကာ အဖြူရောင်အလင်းတစ်ခု ကောင်းကင်သို့ ထိုးတက်လာသည်။ ထိုအလင်းကြားတွင် ဧရာမအဖြူရောင်ကြံ့ကြီးတစ်ကောင်ရှိနေကာ ၎င်း၏အစွမ်းသည် အင်မော်တယ်အမှောင်ဖီးနစ်အောက် မနိမ့်ကျပေ။ ၎င်းက ခြေလေးချောင်းကို အဆက်မပြတ်လှုပ်ရှား၍ ကဆုန်ပေါက်နေခဲ့သည်။ နဖူးထိပ်တွင်ရှိနေသော ဂျိုကြီးကလည်း ကြောက်မက်ဖွယ်ဖျက်ဆီးရေးစွမ်းအားကို ထုတ်ဖော်ထားသည်။ ကြံ့ကြီးသည်လည်း နတ်ဘုရင်ထိပ်ဆုံးအဆင့် ခွန်အားကို ပိုင်ဆိုင်ထား၏။

"ဒါက ကောင်းကင်ချီလင်ကြံ့ကြီးပါလား။ ဒီကောင်ကြီးက ဂျိုတစ်ချောင်းကနေဖြစ်တည်လာပေမယ့် အစွမ်းထက်နေတုန်းပဲ။ သူကလည်း သူ့ခေတ်မှာ ထိပ်တန်းဖြစ်တည်မှုတစ်ခုဖြစ်တယ်။ ဧကရာဇ်မင်ရဲ့ခါးပတ်က အမှန်တကယ်ကို အစွမ်းထက်လွန်းတယ်"

ခြင်္သေ့ကြီးသည်ပင် ဧကရာဇ်မင်၏ခါးပတ်ကို ချီးကျူးလိုက်မိသည်။

ကောင်းကင်ချီလင်ကြံ့နှင့် အင်မော်တယ်အမှောင်ဖီးနစ်သည် အချင်းချင်းမရင်းနှီးကြပေ။ အဖြူရောင်နှင့်အနက်ရောင်အလင်းများက ကောင်းကင်တွင် ရန်လိုစွာဖြင့် အားပြိုင်နေကြသည်။ ယဲ့ချန်၏ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ၎င်းတို့က တိုက်ခိုက်ခြင်းမရှိသော်လည်း တစ်ကောင်နှင့်တစ်ကောင် ရန်စောင်နေကြသည်။ လက်ရှိတွင် ကြယ်ခန်းမ၌ နတ်ဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူငါးယောက်နှင့် အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်လာခဲ့သည်။ ကြယ်ခန်းမတပည့်များသည် အစွမ်းထက်နတ်သားရဲကြီးနှစ်ကောင်ကိုကြည့်၍ သွေးများပွက်ပွက်ဆူနေကြသည်။

နင်ချင်းယွင်၊ ရှဲ့တောက်၊ ရှဲ့ကျန်းစသူတို့က ပို၍မတည်မငြိမ်ဖြစ်နေကြသည်။ သူတို့က ယဲ့ချန်နောက်သို့ ယုံကြည်စွာလိုက်ခဲ့ကြသော်လည်း ကြယ်ခန်းမက ခဏအတွင်း ဤမျှအစွမ်းထက်လာမည်ဟု မျှော်လင့်မထားကြပေ။ အချိန်ကြာလာသည်နှင့်အမျှ ကြယ်ခန်းမတပည့်များသည်လည်း လျင်မြန်စွာတိုးတက်နေကြပြီး သူတို့အားလုံး ဖိအားများ ခံစားလာရသည်။ အကယ်၍ သူတို့၏ခွန်အားများသာ တိုးတက်လာခြင်းမရှိလျှင် လက်ထောက်ခန်းမသခင်ရာထူးများအတွက် ထိုက်တန်တော့မည်မဟုတ်ပေ။

ယဲ့ချန်သည် ကောင်းကင်ရှိ နတ်သားရဲကြီးနှစ်ကောင်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့သည် ရန်သူများကို တိုက်ခိုက်ရာတွင် အစွမ်းထက်ဝှက်ဖဲများ ဖြစ်ကြလေသည်။

All Chapters