← Chapters

လေနတ်ဆိုးဆေဘာ

Vol. 29 Ch. 396

လေနတ်ဆိုးဆေဘာ

Vol. 29 Ch. 396

တစ်လကြာပြီးနောက် ကြယ်ခန်းမ၏မြို့ငါးမြို့က ပြီးစီးသွားခဲ့ကာ ကြီးကျယ်ခမ်းနားသော မြို့များတွင် လူဦးရေသန်းနှစ်ဆယ်ကျော် နေထိုင်နိုင်သည်။ သံမဏိနက်ဖြင့်ပြုလုပ်ထားသော မြို့ရိုးများက မီတာငါးဆယ်ကျော်မြင့်မားပြီး အနက်ရောင်တောက်ပနေသည်။ ထိုမြို့များကိုကြည့်၍ ယဲ့ချန်က ကျေနပ်စွာ ပြုံးလိုက်သည်။ သူ၏အတိတ်ဘဝမှ ကမ္ဘာတွင် ဤမြို့တစ်မြို့ကို တည်ဆောက်နိုင်ရန်အတွက် စက်ယန္တရားများကိုအသုံးပြုလျှင်ပင် သုံးနှစ်မှငါးနှစ်အထိ ကြာမြင့်ပေလိမ့်မည်။ ဤကမ္ဘာတွင် ကောင်းကင်ချီများကြောင့် လူတိုင်းကသန်မာနေပြီး အဆင့်ငါးနှင့်ခြောက်ကျင့်ကြံသူများသည်ပင် ကီလိုဂရမ်ရာချီလေးသော ကျောက်တုံးကြီးများကို သယ်ဆောင်နိုင်သဖြင့် ဆောက်လုပ်ရေးက အလွန်မြန်ဆန်လေသည်။

ကြယ်ခန်းမတပည့်များ၏ ဦးဆောင်မှုဖြင့် တုန်းလင်ပြည်နယ်မှ သာမန်ပြည်သူများသည် မြို့ကြီးများအတွင်း ပြောင်းရွှေ့လာကြသည်။ အနာဂတ်တွင် ဤမြို့များက ကြယ်ခန်းမ၏ အခြေခံအုတ်မြစ်ဖြစ်လာပေလိမ့်မည်။

လက်ရှိတွင် မြို့များ၏အပြင်ပတ်ဝန်းကျင်တွင် ဝိညာဥ်သားရဲများစွာ ထွက်ပေါ်လာသောကြောင့် အလွန်အန္တရာယ်များနေသည်။မြေအဆင့်အောက်မှ ဝိညာဥ်သားရဲများက ရံဖန်ရံခါထွက်ပေါ်လာ၍ မြို့ရွာများကို တိုက်ခိုက်တတ်ကြသည်။ ၎င်းတို့က သားရဲများနှင့်လူသားများကို နေရာတိုင်းတွင် ဝါးမျိုနေကြပြီး ကျိုင်းကောင်အုပ်ကြီးကဲ့သို့ မြင်မြင်သမျှကို စားသောက်သွားခဲ့ကြသည်။ ဝိညာဥ်သားရဲလှိုင်းက သာမန်အင်ပါယာများနှင့် အင်အားစုများအတွက် ကပ်ဘေးတစ်ခုဖြစ်ကာ ၎င်းတို့၏လမ်းတလျှောက်တွင် မြို့ရွာများ ဖျက်ဆီးခံလိုက်ရသည်။ ဤကပ်ဘေးက မဟာအရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့နေသောကြောင့် လူသားများက ဧရာမမြို့ကြီးများအတွင်း ပြောင်းရွှေ့နေထိုင်ကာ သားရဲများက လျှို့ဝှက်တောင်ကြားများအတွင်း ပုန်းအောင်းနေကြရသည်။ လက်ရှိ၌ ကောင်းကင်အဆင့်အထက် ဝိညာဥ်သားရဲများ ထွက်ပေါ်လာခြင်းမရှိသောကြောင့် နတ်ဘုရင်တစ်ယောက်၏လက်အောက်တွင် နေထိုင်သူများက လုံခြုံလျက်ရှိသည်။

မြို့ငါးမြို့၏အပြင်ဘက်တွင် ဝိညာဥ်သားရဲများ စုဝေးနေကြသော်လည်း မြို့ရိုးများကို မထိုးဖောက်နိုင်ကြပေ။ ၎င်းတို့က လေးငါးကြိမ်မကတိုက်ခိုက်ခဲ့သော်လည်း မြို့ရိုးများကိုချိုးဖျက်ရာတွင် ကျရှုံးခဲ့သည်။ ၎င်းတို့က အလွန်လျင်မြန်စွာတိုးပွားလာမည်ဟု ယဲ့ချန်က မမျှော်လင့်ထားပေ။ သူ၏ခွန်အားဖြင့်ဆိုလျှင် အရေအတွက်အလွန်များပြားသော ဝိညာဥ်သားရဲများကို တစ်ကိုယ်တော်တားမြစ်ရန် မဖြစ်နိုင်ပေ။ သူက မြို့ရိုးပေါ်တွင်မတ်တပ်ရပ်၍ စစ်ဆေးလိုက်သောအခါ တောတောင်ရေမြေများတွင် ဝိညာဥ်သားရဲများပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့က မြင်မြင်သမျှအရာအားလုံးကို စားသောက်ရုံသာမက မျိုးတူချင်းပင် ပြန်လည်ဝါးမျိုနေကြသည်။

"လော့အာ အဆင်ပြေပါ့မလား"

သူ၏မျက်လုံးတွင် စိုးရိမ်စိတ်များ ထင်ဟပ်နေသည်။ သူက အလယ်အင်ပါယာသို့ပြန်သွားချင်သော်လည်း ကြယ်ခန်းမကို ပစ်ထားခဲ့၍ မဖြစ်ချေ။ ဝိညာဥ်သားရဲများက ပြဿနာတစ်ခုမဟုတ်ဘဲ နတ်ဘုရင်များ၏ စောင့်ကြပ်မှုအောက်တွင် ရှေ့တိုးနိုင်မည်မဟုတ်ပေ။ သူစိုးရိမ်နေသည်မှာ မုန်တိုင်းမျိုးနွယ်ဖြစ်ပြီး ထိုရန်သူများ ရောက်လာချိန်တွင် သူရှိမနေပါက ကြယ်ခန်းမသည် သေချာပေါက်ချေမှုန်းခံရပေလိမ့်မည်။

"ဆရာနဲ့အစ်ကိုလီရော အဆင်ပြေရဲ့လား။ ငါ့ကတိအတိုင်း နှစ်လနေရင် အလယ်အင်ပါယာကို ခရီးထွက်ရမယ်။ သူတို့ကိုရော မြို့တော်မှာ လုံလုံခြုံခြုံပြန်တွေ့နိုင်ပါ့မလား"

ယဲ့ချန်က စိုးရိမ်စွာ ရေရွတ်လိုက်သည်။

ဝံပုလွေတိုင်းပြည်တွင် ဘုရင်သုံးယောက်သည် ဝိညာဥ်သားရဲများကြောင့် ခေါင်းကိုက်နေကြရသည်။ ၎င်းတို့ ပထမဆုံးပေါ်လာချိန်တွင် သူတို့က ကြယ်ခန်းမကဲ့သို့ ကာကွယ်ရေးအတွက် မြို့ရိုးများမတည်ဆောက်ခဲ့ကြပေ။ ဝိညာဥ်သားရဲများ အဆမတန်များပြားလာသောအခါတွင်မှ လက်အောက်ခံများကိုစုစည်း၍ တွန်းလှန်တိုက်ခိုက်ခဲ့ရသည်။ သို့သော် ၎င်းတို့က မရေမတွက်နိုင်လောက်အောင် များပြားသောကြောင့် ဝံပုလွေတိုင်းပြည်၏ ပိုက်နက်နေရာတိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သန်းချီသောသားရဲများက ဝိညာဥ်သားရဲများကို တိုက်ခိုက်ခဲ့သော်လည်း ကြီးစွာသေကြေပျက်စီးခဲ့သည်။ သုံးဆယ်ရာခိုင်နှုန်းသော သားရဲကျင့်ကြံသူများ သေဆုံးသွားကာ သာမန်သားရဲခြောက်ဆယ်ရာခိုင်နှုန်းကျော် ပျက်စီးသွားခဲ့သည်။ ဝံပုလွေတိုင်းပြည်သည် သူတို့၏တောင်ကြားတွင် ခိုင်မာသောခံစစ်တစ်ခုကို တည်ဆောက်ခဲ့သော်လည်း ကြယ်ခန်းမ၏မြို့ရိုးများနှင့် မယှဥ်နိုင်ပေ။ အကယ်၍ နတ်ဘုရင်ငါးယောက်သာ တိုက်ပွဲအတွင်း ဝင်မပါခဲ့လျှင် ဝံပုလွေတိုင်းပြည်၏အင်အားများက အလုံးစုံ သုတ်သင်ခံရနိုင်ချေရှိသည်။

တောင်ထိပ်တစ်ခုပေါ်တွင် ဘုရင်သုံးယောက်က ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်နှင့် ထောက်လှမ်းလိုက်ကြသည်။ နေရာတိုင်းတွင် သူတို့က ဝိညာဥ်သားရဲများကို မြင်နေရသည်။

"အစ်ကိုကြီး ဝိညာဥ်သားရဲတွေပေါ်လာတာ ထူးဆန်းလွန်းတယ်။ နောက်ကွယ်မှာ တစ်ခုခု သေချာပေါက်ရှိရမယ်"

မီးဘုရင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒါက တကယ်ထူးဆန်းတယ်။ အတိတ်တုန်းက ဝိညာဥ်သားရဲတွေဟာ ဝိညာဥ်မျှော်စင်နဲ့ ကောင်းကင်မျှော်စင်လိုနေရာမျိုးတွေမှာသာ ထွက်ပေါ်လာဖူးတယ်။ အရင်က ဒီကောင်တွေဟာ နေရောင်ကိုကြောက်လန့်ပြီး အရေအတွက်အလွန်နည်းပါးတယ်။ ဒီတစ်ခေါက် ဝိညာဥ်သားရဲတွေက နေရာတိုင်းကို ရောက်နေကြပြီ"

သွေးဘုရင်သည်ပင် ဤဖြစ်ရပ်ကြောင့် ကြောက်လန့်စပြုလာသည်။ ဤဖြစ်ရပ်က လုံးဝမရိုးရှင်းနိုင်သောကြောင့် နတ်ဘုရင်အဆင့်နှင့် မဟာသာလွန်အဆင့် ဝိညာဥ်သားရဲများထွက်ပေါ်လာမစေရန် မျှော်လင့်ရုံသာတတ်နိုင်သည်။ သို့မဟုတ်လျှင် မဟာအရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး ပျက်စီးကိန်းဆိုက်သွားပေလိမ့်မည်။

"အစွမ်းထက်ဝိညာဥ်သားရဲတွေ ထွက်မလာလောက်ပါဘူး"

သွေးဘုရင်ကိုယ်တိုင်ပင် သူ၏အတွေးကို မယုံဝံ့ပေ။ ဝိညာဥ်မျှော်စင်အတွင်း အစွမ်းထက်ဝိညာဥ်သားရဲများစွာကို သူက မြင်ခဲ့ရသည်။ သာမန်ဝိညာဥ်သားရဲများပင် အပြင်သို့ထွက်လာကြသောအခါ နတ်ဘုရင်အဆင့်နှင့် မဟာသာလွန်အဆင့်များလည်း ဝိညာဥ်မျှော်စင်အတွင်းမှ ထွက်ခွာလာနိုင်သည်။

ကြယ်ခန်းမကမူ ဤအဖြစ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး ကာကွယ်ရေးအတွက် မြို့ရိုးများကို သံမဏိနက်ဖြင့် တည်ဆောက်ခဲ့သည်။ ထို့ကြောင့် ဝိညာဥ်သားရဲများ တိုက်ခိုက်လာသောအခါ သူတို့က ဆုံးရှုံးမှုမရှိချေ။

"ဒီကောင်တွေက ဝံပုလွေတိုင်းပြည်အတွက် အမြဲဆူးတစ်ချောင်းလို ဖြစ်နေတယ်"

ငွေဘုရင်က မကျေမနပ်ရေရွတ်လိုက်သည်။ ဝံပုလွေတိုင်းပြည်သည် ကြီးမားစွာထိခိုက်ခဲ့သော်လည်း ကျန်တစ်ဖက်တွင် ကြယ်ခန်းမက အကောင်းအတိုင်းရှိနေသောအခါ သူက အလွန်ဒေါသထွက်နေခဲ့သည်။

"ဝိညာဥ်သားရဲတွေ ရောက်မလာခင် ကြိုတင်ပြင်ဆင်ထားရမယ်။ ငါတို့ကပေါ့ဆမိလို့ ထိခိုက်ခဲ့ရတယ်။ ဒီအချိန်မှ မြို့ရိုးတည်ဆောက်ဖို့ သံမဏိနက်တွေလိုက်ရှာရင် နောက်ကျနေလောက်ပြီ"

မီးဘုရင်က အခြေအနေကို သုံးသပ်လိုက်သည်။

"ငါတို့က ဒီလိုကပ်ဘေးမျိုးကို ထိပ်တိုက်ရင်ဆိုင်လို့မဖြစ်ဘူး။ မြို့ရိုးတစ်ခုနဲ့သာ ကာကွယ်မထားရင် ဒီဝိညာဥ်သားရဲတွေကြောင့် ငါတို့အင်အားက အများကြီးထိခိုက်သွားနိုင်တယ်။ မြို့တစ်မြို့ကိုတည်ဆောက်ဖို့ အချိန်မမီတော့ရင် ကြယ်ခန်းမဆီကနေ လုယူကြမယ်"

သွေးဘုရင်က ခေါင်းညိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ယဲ့ချန်နောက်ကွယ်မှ ကျင့်ကြံသူကို စိုးရိမ်ကြောက်လန့်သော်လည်း လက်ရှိတွင် ရွေးစရာမရှိချေ။ ဝံပုလွေတိုင်းပြည်သည် သေရေးရှင်ရေးအခြေအနေသို့ ကျရောက်နေခဲ့သည်။

အလယ်အင်ပါယာတွင်လည်း ဝိညာဥ်သားရဲများ ထွက်ပေါ်လာသောကြောင့် အဓိကဂိုဏ်းကြီးများမှာလည်း သေကြေပျက်စီးမှုများ ရှိလာခဲ့သည်။ များပြားသောကျင့်ကြံသူများက ဝိညာဥ်သားရဲများကို တော်ဝင်မျိုးနွယ်နှင့်အတူ တွန်းလှန်ရန်အတွက် အလယ်အင်ပါယာ၏မြို့တော်တွင် စုစည်းသွားကြသည်။ ကံကောင်းစွာဖြင့် မြို့တော်၏မြို့ရိုးများက ခိုင်မာသောကြောင့် ဝိညာဥ်သားရဲလှိုင်းလုံးကို ခုခံနိုင်နေခဲ့သည်။

လွန်ခဲ့သောရက်နှစ်ဆယ်တွင် မုန်တိုင်းအိမ်တော်သည် ကြယ်ခန်းမ၏သတင်းကို ပြန်လည်ရရှိခဲ့သောကြောင့် များစွာသောကျင့်ကြံသူများကို လင်းယွန်တောင်တန်းထံစေလွှတ်ရန် စီစဥ်ထားခဲ့သည်။ သို့သော် ဝိညာဥ်သားရဲများက အဆမတန်များပြားသောကြောင့် မုန်တိုင်းမျိုးနွယ်သို့ပင် ရိုက်ခတ်လာခဲ့သည်။ သာမန်တပည့်များစွာ ဒဏ်ရာရသွားကြပြီး ခရီးထွက်လာသော ကျင့်ကြံသူများက မုန်တိုင်းအိမ်တော်ကိုကာကွယ်ရန် လမ်းမှပင် လှည့်ပြန်ခဲ့ရသည်။

မုန်တိုင်းမျိုးနွယ်၏ဌာနချုပ်သည် ရေကန်၏အလယ်ရှိ ကျွန်းများပေါ်တွင် တည်ရှိသော်လည်း ဝိညာဥ်သားရဲများတွင်လည်း ရေအမျိုးအစားသားရဲများ ပါဝင်နေကြသည်။ ၎င်းတို့သည် ရေကန်အတွင်းမှ သားရဲများကိုသတ်ဖြတ်ပြီး ကျွန်းများထံ ချဥ်းကပ်လာနိုင်ခဲ့သည်။ မုန်တိုင်းမျိုးနွယ်၏ရှေးဘိုးဘေးများက ကျွန်းများပေါ်တွင် ကာကွယ်ရေးအစီအရင်များ တည်ဆောက်ထားခဲ့သောကြောင့်သာ ဝိညာဥ်သားရဲများသည် ကျွန်းများကို မတိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် မုန်တိုင်းမျိုးနွယ်သည် ကြယ်ခန်းမကိုဖျက်ဆီးမည့်အကြံအား ယာယီဆိုင်းငံ့ထားလိုက်ရသည်။ သို့သော် ကြယ်ခန်းမ၏အခြေအနေကို ဆက်လက်စုံစမ်းရန်အတွက် ကျင့်ကြံသူအချို့ စေလွှတ်ထားဆဲပင်ဖြစ်သည်။

လက်ရှိတွင် အစွမ်းထက်အင်အားစုကြီးများက လုံခြုံနေသော်လည်း ဝိညာဥ်သားရဲများကြောင့် စိတ်များ လေးလံနေကြသည်။ ဝိညာဥ်သားရဲများကိုခုခံနေရင်း ၎င်းတို့ထွက်ပေါ်လာသော ဇစ်မြစ်ကို စုံစမ်းခဲ့ကြသည်။ သမာဓိကောင်စီ၊ မိုးကြိုးမျိုးနွယ်၊ စစ်နတ်ဘုရားကျောင်းတော်နှင့် အခြားအင်အားစုများအားလုံး တပြိုင်နက်လှုပ်ရှားလာကြသည်။

ယဲ့တောင်ကြားကို မြို့ငါးမြို့နှင့် ဓားထောင်ချီအစီအရင်က ကာကွယ်ထားသောကြောင့် တိုက်ခိုက်လာသမျှ ဝိညာဥ်သားရဲလှိုင်းများ မထိုးဖောက်နိုင်ခဲ့ပေ။ အစီအရင်ကို နတ်ဘုရင်များက ထိန်းချုပ်နေသောကြောင့် ၎င်းတို့က လက်ရှိတွင် ကျူးကျော်နိုင်စွမ်းမရှိချေ။

"ခေါင်းဆောင် အစ်ကိုယဲ့မုန်က ဧည့်သည်တစ်ယောက်နဲ့အတူ ပြန်ရောက်လာပါတယ်"

ယဲ့မျိုးနွယ်ဝင်တစ်ယောက်က ယဲ့ချန်ထံ လာရောက်သတင်းပိုခဲ့သည်။ သူက ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးလိုက်သောအခါ ဧည့်ခန်းတွင် တိရှုံးကို မြင်လိုက်ရသည်။ တိရှုံးနေထိုင်သော တောင်ပေါ်ရွာကလေးက ဝိညာဥ်သားရဲများကြောင့် ပျက်စီးသွားပုံပေါ်သည်။ ထို့ကြောင့် သူက တိရှုံးကို ကြယ်ခန်းမအတွင်းဝင်ရောက်ရန်အတွက် ကြံစည်လိုက်သည်။ ဤနည်းဖြင့် သူက နတ်ဝိဇ္ဇာတစ်ယောက်ကို အင်အားအဖြစ်ရလိုက်ရုံသာမက မဟာပန်းပဲဆရာသခင်တစ်ယောက်ကိုပါ အဆစ်ရလိုက်မည်ဖြစ်သည်။ ယဲ့ချန်က သတင်းပို့လာသူကို ခေါင်းညိတ်ပြ၍ ဧည့်ခန်းထံ ထွက်လာခဲ့သည်။

သူက ဧည့်ခန်းအတွင်းရောက်သောအခါ ရိုးရှင်းစွာဝတ်ဆင်ထားသော တိရှုံးမှာ ကုလားထိုင်တစ်ခုတွင်ထိုင်၍ လက်ဖက်ရည်ကြမ်းသောက်နေကြောင်း မြင်လိုက်ရသည်။ သူက ယဲ့ချန်ကိုမြင်သောအခါ မျက်လုံးထဲတွင် အနည်းငယ်အံ့သြသွားခဲ့သည်။ ဝိညာဥ်အသိစိတ်ဖြင့် စကားပြောချိန်တွင် ယဲ့ချန်က အလွန်ငယ်ရွယ်သည်ဟု ခန့်မှန်းနိုင်ခဲ့သော်လည်း လူချင်းတွေ့လိုက်ရသောအခါ ပိုမိုအံ့သြသွားခဲ့သည်။ ကြယ်ခန်းမ၏သခင်ဖြစ်သော ယဲ့ချန်က ကြီးစိုးမှုရှိသော်လည်း အသက်ဆယ့်ရှစ်ခန့်သာရှိမည်ဟု သူက ထင်မထားမပေ။

"ဆရာတိ"

ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ ရိုသေလေးစားစွာ ပြောလိုက်သည်။

"နောက်ဆုံးတော့ငါတို့လူချင်းဆုံရပြီ။မင်းတောင်းဆိုထားတဲ့လက်နက်ကိုငါသွန်းလုပ်လာခဲ့တယ်။တစ်ချက်လောက်ကြည့်လိုက်ဦး"

တိရှုံးက ပြောပြောဆိုဆိုနှင့် သိုလှောင်အိတ်အတွင်းမှ အနက်ရောင်ပြောင်လက်နေသည့် ဆေဘာတစ်လက်ကို ထုတ်ယူလိုက်သည်။ ၎င်းက တစ်မီတာခွဲကျော်ရှည်လျားပြီး ဓားရွက်က လက်တစ်ဝါးစာရှိသည်။ အနည်းဆုံး ပေါင်တစ်ထောင်လေးသောကြောင့် ရိုးရှင်းကာလေးလံသော်လည်း သတ်ဖြတ်ရာတွင် အလွန်အသုံးဝင်သည်။

"ကောင်းလိုက်တဲ့ဆေဘာ"

ယဲ့ချန်က ဆေဘာကို မြင်လိုက်ရသောအခါ မချီးကျုးဘဲ မနေနိုင်ခဲ့ပေ။

"ဒါက လူသားအဆင့် လက်နက်တစ်ခုဖြစ်တယ်။ မင်းရဲ့ငွေနက်သတ္တုအပြင် ရှားပါးကုန်ကြမ်းတွေ အများကြီးပေါင်းစပ်ထားလို့ မြေအဆင့်ကိုရောက်ဖို့ နည်းနည်းသာလိုအပ်တယ်။ အခြားမြေအဆင့်လက်နက်တွေအောက် လုံးဝမနိမ့်ဘူး"

တိရှုံးက တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာတိ။ ခင်ဗျား အကူအညီလိုအပ်ရင် ကျုပ်က အချိန်မရွေးအသင့်ပါပဲ"

ယဲ့ချန်က ကျေးဇူးတင်လိုက်သည်။ နန်ရှင်းတစ်က အဆုံးမဲ့အဆင့် ကျင့်ကြံသူဖြစ်လာသောကြောင့် ဤဆေဘာဖြင့်ဆိုလျှင် သူ၏တိုက်ခိုက်နိုင်စွမ်းက အဆင့်သစ်တစ်ခုသို့ ရောက်သွားပေလိမ့်မည်။

ထိုအချိန်၌ နန်ရှင်းတစ်သည် ရှောင်ရိနှင့်အတူ ဧည့်ခန်းအတွင်း ဝင်ရောက်လာသည်။ သူက ဆေဘာကိုမြင်သောအခါ ၎င်း၏အစွမ်းကိုခံစားမိသဖြင့် အကြည့်မလွှဲနိုင်တော့ပေ။ ၎င်း၏အရွယ်အစားနှင့် အလေးချိန်က သူ့အတွက် ကွက်တိဖြစ်နေခဲ့သည်။

"ဒီဆေဘာကို လေနတ်ဆိုးလို့ အမည်ပေးထားတယ်။ နည်းနည်းလေးပေမယ့် လေအစီအရင်ရုန်းနဲ့ပေါင်းစပ်ထားလို့ လျှပ်ပြက်သလို မြန်ဆန်တယ်"

တိရှုံးက လက်ဖက်ရည်ကြမ်းတစ်ငုံသောက်ပြီး ဆေဘာနှင့် မိတ်ဆက်ပေးလိုက်လေသည်။

All Chapters