ကြေးခွံနက်မြွေမျိုးနွယ် ကျူးကျော်လာခြင်း
Vol. 29 Ch. 397
လေနတ်ဆိုးက လေးလံသော်လည်း နှေးကွေးခြင်းမရှိပေ။
"နန်ရှင်း ဒီဆေဘာကို မင်းအတွက် သီးသန့်မှာပေးထားတာ"
ယဲ့ချန်သည် တစ်ချက်ပြုံး၍ နန်ရှင်းတစ်ကိုကြည့်ကာ လေနတ်ဆိုးဆေဘာအား ပစ်ပေးလိုက်သည်။ နန်ရှင်းတစ်က ၎င်းကိုဖမ်းယူလိုက်ရုံဖြင့် လေများထန်လာပြီး ဧည့်ခန်းတစ်ခုလုံး တုန်ခါသွားခဲ့သည်။
"ကောင်းလိုက်တဲ့ ဆေဘာ"
နန်ရှင်းတစ်က အပျော်လွန်သွားပြီး ဆေဘာ၏ အစွမ်းထက်လက်နက်ဝိညာဥ်ကို အာရုံခံလိုက်သည်။
"ဒါက သာမန်မြေအဆင့်လက်နက်အောက် မနိမ့်တဲ့ လူသားအဆင့်လက်နက်ဖြစ်တယ်။ မင်းရဲ့ဓားကို ဒီနေရာမှာ မစမ်းနဲ့ဦး။ ဧည့်ခန်းကြီး ပြိုကျသွားလိမ့်မယ်"
ယဲ့ချန်က သတိပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်"
နန်ရှင်းတစ်သည် သူ၏ဆေဘာကို ချစ်သူတစ်ယောက်ပမာ မြတ်မြတ်နိုးနိုးပွတ်သပ်လိုက်၏။ အတိတ်တွင် သူက နတ်ဘုရင်တစ်ယောက်ဖြစ်သော်လည်း တောတောင်အတွင်း၌သာ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် ကျူကုန်းကုန်းထံမှလုယူထားသော ဝိညာဥ်ကျောက်စိမ်းဆွဲကြိုးမှလွဲလျှင် အခြားရတနာများကို မမြင်ဖူးပေ။ လက်ရှိတွင် သူ လက်ဆောင်ရလိုက်သော လေနတ်ဆိုးဆေဘာက လူသားအဆင့်ဖြစ်နေသည့်အပြင် သူ့အတွက် အံကိုက်ဖြစ်နေခဲ့သည်။
တိရှုံးသည် နန်ရှင်းတစ်ကို တစ်ချက်ကြည့်လိုက်သောအခါ မင်သက်သွားခဲ့သည်။ သူက လက်ရှိတွင် နတ်ဝိဇ္ဇာတစ်ယောက်သာဖြစ်သော်လည်း နန်ရှင်းတစ်သည် အဆုံးမဲ့ကျင့်ကြံသူဖြစ်ကြောင်း အကြည့်တစ်ချက်နှင့်ပြောနိုင်သည်။ ယဲ့ချန်က နတ်ဘုရင်အဆင့်သာဖြစ်သောကြောင့် အဆုံးမဲ့ကျင့်ကြံသူက သူ၏နောက်လိုက်ဖြစ်နေရသော အကြောင်းအရင်းကို မတွေးနိုင်ခဲ့ပေ။
"ကျုပ်ကို အကူအညီတစ်ခုလောက် ပေးစေချင်ပါတယ်"
တိရှုံးက ယဲ့ချန်ထံ တောင်းဆိုလိုက်သည်။
"ဆရာတိ ကျေးဇူးပြုပြီးပြောပါ"
ယဲ့ချန်က တိရှုံးကို ကြယ်ခန်းမတွင်နေထိုင်စေလိုသောကြောင့် ခေါင်းညိတ်လိုက်သည်။
"ငါက တောင်ပေါ်ရွာလေးမှာ လက်ကျန်ဘဝကို ကုန်ဆုံးဖို့အတွက် ရည်ရွယ်ထားလို့ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တယ်။ ဝိညာဥ်သားရဲတွေက ရွာကို ရုတ်တရက်တိုက်ခိုက်လာခဲ့အခါ ရွာသူရွာသားတွေကို ငါနဲ့အတူခေါ်လာခဲ့ရတယ်။ သူတို့အတွက် ခန်းမသခင်ကို အလုပ်ရှုပ်စေမိပြီ။ မြို့ထဲမှာ နေစရာတစ်ခုနဲ့စားစရာလေး စီစဥ်ပေးနိုင်ရင် အဆင်ပြေပါတယ်"
တိရှုံးက ရွာသားများနှင့် နှစ်ပေါင်းများစွာ အတူတကွနေထိုင်လာသောကြောင့် သူတို့ကို မသေစေလိုပေ။
"ဒီကိစ္စနဲ့ပတ်သက်လို့ ဆရာတိ စိတ်မပူပါနဲ့။ ကြယ်ခန်းမရှိနေသရွေ့ ရွာသားတွေ လုံလုံခြုံခြုံနေရပါစေမယ်။ အနာဂတ်မှာ ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ"
ကြီးမားသော ကြယ်ခန်းမအတွက် ရွာသားများကို နေရာထိုင်ခင်းစီစဥ်ပေးရန်က ကြီးမားသောကိစ္စတစ်ခု မဟုတ်သောကြောင့် ယဲ့ချန်က ချက်ချင်းသဘောတူလိုက်၏။
"ငါအပြင်ထွက်ပြီး ဝိညာဥ်သားရဲတွေပေါ်လာရတဲ့ အကြောင်းအရင်းကို လိုက်ရှာမလို့"
တိရှုံးက စိုးရိမ်စွာဖြင့် ဖြေလိုက်သည်။
"ကျုပ်အထင်ပြောရရင် ဝိညာဥ်သားရဲတွေပေါ်လာတာက ထူးဆန်းလွန်းနေလို့ အကြောင်းအရင်းကိုရှာဖို့ လွယ်ကူမှာမဟုတ်ဘူး။ ဆရာတိအနေနဲ့ ကြယ်ခန်းမမှာဆက်နေတာ ကောင်းလိမ့်မယ်။ ကျုပ်တို့က အများကြီးအစွမ်းမထက်ပေမယ့် တပည့်တွေအများကြီးရှိလို့ နေရာတိုင်းကသတင်းတွေကို ရယူနိုင်ပါတယ်။ ပြီးတော့ အခုပေါ်လာတဲ့ ဝိညာဥ်သားရဲတွေက အားနည်းပေမယ့် နတ်အဆင့်နဲ့ မဟာသာလွန်အဆင့်တွေလည်းရှိနေတယ်လို့ ကျုပ် ခန့်မှန်းထားတယ်။ သူတို့ပေါ်လာရင် ခင်ဗျား တစ်ကိုယ်တော် တိုက်ခိုက်လို့မဖြစ်နိုင်ဘူး။ ဒီကောင်တွေ ပေါ်လာတဲ့အကြောင်းအရင်းကို ရှာချင်ရင် ဒီမှာဆက်နေတာ ကောင်းပါလိမ့်မယ်။ ကျေးဇူးပြုပြီး သေချာစဥ်းစားပါ"
ယဲ့ချန်က တိရှုံးကိုစိုက်ကြည့်၍ လေးလေးနက်နက်ပြောလိုက်သည်။
"ဆရာ ထွက်မသွားပါနဲ့"
"ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့နဲ့ အတူနေပါ"
ယဲ့မုန့်တို့လူစုသည် တိရှုံးကိုဖြောင်းဖျရန် ကြိုးစားလိုက်ကြသည်။ သူတို့က အချိန်များစွာအတူကုန်ဆုံးပြီးနောက် တိရှုံး၏ပညာနှင့်အတွေ့အကြုံအပေါ် အလွန်လေးစားလာကြသည်။ ကျန်တစ်ဖက်တွင်လည်း သူတို့နှင့်တိရှုံးကြားတွင် ဆရာတပည့်ဆက်ဆံရေးက ခိုင်မာစွာဖြစ်တည်နေသည်။
"နတ်ဘုရင်အဆင့်နဲ့ မဟာသာလွန်အဆင့် ဝိညာဥ်သားရဲတွေ တကယ်ရှိတာလား"
တိရှုံးက ယဲ့ချန်၏စကားကြောင့် တအံ့တသြရေရွတ်လိုက်မိသည်။
"ကျုပ် မလိမ်ရဲပါဘူး"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။
တိရှုံးသည် စဥ်းစားနေဟန်ဖြင့် တိတ်ဆိတ်သွားခဲ့သည်။ အကယ်၍ အစွမ်းထက်ဝိညာဥ်သားရဲများပေါ်လာလျှင် သူက ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ သူက နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် တိုက်ခိုက်ရန်မသင့်တော်ပေ။ အကယ်၍ ယဲ့ချန်ကသာ ဝိညာဥ်သားရဲလှိုင်း၏ဇစ်မြစ်ကို စုံစမ်းပေးမည်ဆိုလျှင် သူက ကြယ်ခန်းမအတွင်း နေထိုင်၍ ကူညီပေးနိုင်သည်။
"ကျုပ်သိသလောက်ပြောရရင် ဒီဝိညာဥ်သားရဲတွေက မဟာအရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးမှာ ပေါ်လာနိုင်တယ်။ ဆရာတိက ဦးတည်ရာမဲ့သွားလာနေမယ်ဆိုရင် ဘာမှရှာမတွေ့နိုင်ဘူး။ ဒီကိစ္စကို ဂရုတစိုက်စဥ်းစားပါ"
ယဲ့ချန်က ထပ်ပြောလိုက်သည်။
"ကောင်းပြီ။ ဒါဆိုရင် ငါ ကြယ်ခန်းမမှာ နေထိုင်မယ်"
တိရှုံးက ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူသာ ကြယ်ခန်းမ၌နေထိုင်မည်ဆိုလျှင် အကျိုးကျေးဇူးများစွာရမည်ဖြစ်သောကြောင့် ယဲ့ချန်က အပျော်လွန်သွားခဲ့သည်။ တိရှုံးမှာ နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်သည့်အပြင် ပန်းပဲဆရာတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် တိရှုံးတစ်ယောက်တည်းက ကြယ်ခန်းမ၏အင်အားကို များစွာတိုးတက်စေနိုင်သည်။ ကြယ်ခန်းမ၏ လက်ရှိကပ်ဘေးကို ဖြေရှင်းပြီးလျှင် ယဲ့ချန်ကိုယ်တိုင်လည်း ဝိညာဥ်သားရဲများ ထွက်ပေါ်လာသော အကြောင်းအရင်းကို သေချာပေါက်စုံစမ်းမည်ဖြစ်သည်။
"ငါဒီမှာနေတာကို အပြင်လူတွေ သိလို့မဖြစ်ဘူး။ ငါ့ကြောင့် ကြယ်ခန်းဒုက္ခရောက်မှာကို စိုးရိမ်မိတယ်။ ငါ့အတွက် လျှို့ဝှက်နေရာတစ်ခု စီစဥ်ပေးနိုင်မလား"
တိရှုံးက ခဏတာစဥ်းစားပြီးနောက် တောင်းဆိုလိုက်သည်။
"ကျုပ် ဆရာတိရဲ့ဆန္ဒအတိုင်း လုပ်ပေးပါမယ်"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ တိရှုံးကိုယ်တိုင် ထိတ်လန့်နေရသော ရန်သူများက အစွမ်းထက်နိုင်သော်လည်း သူက မကြောက်ပေ။ တိရှုံးသာနေမည်ဆိုလျှင် ကြယ်ခန်းမသည် သူ၏ရန်သူများကိုပါ ရင်ဆိုင်ပေးရပေလိမ့်မည်။ ထို့အပြင် ဝိညာဥ်သားရဲလှိုင်းများ နေရာတိုင်းတွင် ထွက်ပေါ်နေသောကြောင့် တိရှုံး၏ရန်သူများက အာရုံစိုက်နိုင်မည်မဟုတ်ပေ။ ထို့နောက် ယဲ့ချန်သည် တိရှုံးနေထိုင်ရန်အတွက် သေချာစီစဥ်ပေးလိုက်ပြီး ရွာသားများကို မြို့တစ်မြို့တွင် နေရာထိုင်ခင်းစီစဥ်ပေးလိုက်သည်။
ယဲ့မုန့်တို့လူစုကို သင်ကြားပေးသည့်အပြင် တိရှုံးသည် ယဲ့ချန်ထံမှ လက်နက်ကုန်ကြမ်းများနှင့် နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲတစ်ကောင်၏ဝိညာဥ်အရိုးကို တောင်းဆိုခဲ့သည်။ သူက ကြယ်ခန်းမအတွက် အဆင့်မြင့်ဝိညာဥ်လက်နက်များ သွန်းလုပ်ပေးရန် စီစဥ်နေခြင်းဖြစ်သည်။
ကြယ်ခန်းမ၏မြို့တော်ငါးခုတွင် သာမန်ပြည်သူသန်းချီကြား၌ အပြာရောင်ဆင်တူဝတ်ဆင်ထားသော ကြယ်ခန်းမ၏တပည့်များ ဥဒဟိုသွားလာနေကြသည်။ ယဲ့ချန်သည် ကြယ်ခန်းမ၏စည်းကမ်းများကို တင်းကြပ်စွာချမှတ်ထားပြီး သာမန်လူများကိုတိုက်ခိုက်လျှင် ချက်ချင်းသေဒဏ်ပေးမည်ဟု အမိန့်ထုတ်ထားသည်။ ထို့ကြောင့် ကြယ်ခန်းမတပည့်များက သာမန်လူများကို အနိုင်ကျင့်သော ဖြစ်ရပ်မျိုး ရှိမလာခဲ့ပေ။
ဝိညာဥ်သားရဲလှိုင်းများကို ကြံ့ကြံ့ခံနိုင်ပြီးနောက် မြို့ကြီးများက တည်ငြိမ်လာကြသည်။ ကြယ်ခန်းမသည် လူတိုင်း၏လုံခြုံရေးကို အာမခံပေးနိုင်သောကြောင့် စီးပွားရေးလုပ်ငန်းပေါင်းစုံ ပြန်လည်စတင်လာခဲ့သည်။ မြို့များတွင် စားနပ်ရိက္ခာများသိုလှောင်ထားသော်လည်း များပြားလှသော လူဦးရေအတွက် ရေရှည်အဆင်မပြေပေ။ ထို့ကြောင့် အချိန်ကြာလာသောအခါ သိုင်းပညာရှင်များက အုပ်စုကိုယ်စီဖွဲ့ပြီး ဝိညာဥ်သားရဲများကို အမဲလိုက်ခဲ့ကြသည်။ ၎င်းတို့၏အလောင်းက အကောင်းဆုံးအစားအစာဖြစ်သည်။ ၎င်းတို့က ဝမ်းကိုဖြည့်ပေးနိုင်သည့်အပြင် ကောင်းကင်ချီများကိုလည်း ကြီးမားစွာအထောက်အကူပြုသည်။ ကျင့်ကြံခြင်းမလုပ်နိုင်သော သာမန်လူများပင် ၎င်းတို့ကိုစားသုံးပြီးနောက် ကောင်းကင်ချီများကို အာရုံခံနိုင်လာကြသည်။
ဝိညာဥ်သားရဲများထံမှရရှိသော ထျန်းယွမ်ငွေပြားများကို သာမန်ကျင့်ကြံသူများက အသုံးမချတတ်သောကြောင့် ကြယ်ခန်းမက ဆေးလုံးများ၊ ဝိညာဥ်လက်နက်များ၊ ဆေးပင်များနှင့် အလဲအလှယ်ပြုလုပ်ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မြို့ကြီးများတွင် ကျင့်ကြံသူအုပ်စုငယ်များစွာ ထွက်ပေါ်လာခဲ့သည်။ သို့သော် ဝိညာဥ်သားရဲအမဲလိုက်ခြင်းက အလွန်အန္တရာယ်များသောကြောင့် များစွာသော ကျင့်ကြံသူများက ပြန်မလာနိုင်ခဲ့ကြပေ။
လင်းယွန်တောင်တန်း၏ တစ်နေရာတွင် လူအသွင်ပြောင်းထားသော ကြေးခွံနက်မြွေငါးကောင်ရှိနေသည်။ သူတို့၏ရုပ်သွင်က အတိအကျတူညီနေပြီး အရပ်အနိမ့်အမြင့်သာ မဆိုစလောက်ကွာခြားသောကြောင့် အမွှာငါးယောက်နှင့် ဆင်တူပေသည်။ သူတို့က ယဲ့ချန်နှင့်တွေ့ဆုံဖူးသော ကောင်းကင်သားရဲနတ်ဘုရင်များဖြစ်ကြပြီး ဝိညာဥ်သားရဲလှိုင်းကို ခုခံနိုင်နေသော မြို့ကြီးငါးမြို့ကို စိုက်ကြည့်နေကြသည်။
"ဒီနေရာက ကြယ်ခန်းမဖြစ်ရမယ်"
ညီအစ်ကိုငါးယောက်တွင် နံပတ်သုံးဖြစ်သော ကတုံးပြောင်နှင့် နက်မှောင်သော အသားအရေပိုင်ရှင်က ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ တြိဂံသဏ္ဍာန် မျက်လုံးများက ခပ်ဖျော့ဖျော့တောက်ပနေသည်။
"ဝိညာဥ်သားရဲတွေကြောင့် ငါတို့မျိုးနွယ်က ကြီးကြီးမားမားထိခိုက်ခဲ့ရတယ်။ ကြယ်ခန်းမတစ်ခုတည်း ဒီကပ်ဘေးကနေ လွတ်မြောက်နေတယ်။ ငါတို့သာ ဒီမြို့တွေကိုသိမ်းပိုက်လိုက်ရင် နောက်လာမယ့်ဝိညာဥ်သားရဲတွေကို စိုးရိမ်စရာမလိုတော့ဘူး"
ငါးယောက်တွင် ခေါင်းဆောင်ဖြစ်သော အရပ်အရှည်ဆုံးလူက ဆုံးဖြတ်ချက်ချလိုက်သည်။
"ကြယ်ခန်းမမှာ နတ်ဘုရင်တစ်ယောက်တည်း ရှိတာမလား"
နံပတ်နှစ်က မေးလိုက်သည်။
"ကြယ်ခန်းမတစ်ခုလုံးမှာ ကောင်းကင်သားရဲနတ်ဘုရင် တစ်ယောက်တည်းရှိတယ်။ ငါတို့ငါးယောက် ခွန်အားနဲ့ဆိုရင် သူ့ကို အလွယ်လေးသတ်နိုင်တယ်"
အငယ်ဆုံးက ဆိုးယုတ်စွာပြုံး၍ ရေရွတ်လိုက်သည်။ သူက ကြယ်ခန်းမအပေါ် မကျေမနပ်ဖြစ်နေခဲ့သည်။
ကြေးခွံနက်မြွေမျိုးနွယ်သည် ရှီဝူအင်ပါယာတွင် နှစ်ပေါင်းများစွာ သီးသန့်နေထိုင်ခဲ့သည်။ သူတို့၏မျိုးနွယ်တွင် ပါရမီရှင်များစွာရှိသောကြောင့် အလွန်ဂုဏ်မောက်သည်။ ဝံပုလွေတိုင်းပြည်နှင့် ခြင်္သေ့ဘုရင်နန်းတော်ကလည်း သူတို့ကို မထိရဲသောကြောင့် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိသော ကြယ်ခန်းမအပေါ် အလေးအနက်မထားကြပေ။
ထိုအချိန်တွင် ကျင့်ကြံသူဆယ်ယောက်ပါဝင်သော အုပ်စုတစ်ခုက လွင်ပြင်တွင် ဝိညာဥ်သားရဲများကို အမဲလိုက်နေကြသည်။ သူတို့၏ရှေ့တွင် ဧရာမမြွေကြီးတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာကာ ကြေးနီရောင်မျက်လုံးကြီးများနှင့် စိုက်ကြည့်လာခဲ့သည်။ သူတို့က ချက်ချင်းထိတ်လန့်သွားပြီး အသက်ရှင်ရေးအတွက် မြို့ရိုးထံ ဦးတည်ထွက်ပြေးလိုက်ကြသည်။
"ပြေးကြ"
"လူတိုင်း မြန်မြန်ပြေး"
သို့သော်လည်း လေကဲ့လျင်မြန်သော မြွေကြီးက အနီရောင်လျှာဖြင့် လူနှစ်ယောက်ကိုဖမ်းဆီး၍ ချက်ချင်းစားသောက်ပစ်လိုက်သည်။
"လူသားလတ်လတ်ဆတ်ဆတ်ကို မစားရတာ အတော်ကြာပြီ။ ဝိညာဥ်သားရဲအသားက ကျင့်ကြံခြင်းကို ကူညီပေးနိုင်ပေမယ့် လူသားက အရသာအကောင်းဆုံးပဲ"
မြွေကြီးက အရသာခံနေဟန်ဖြင့် ပါးစပ်ကို လျှာဖြင့်သပ်လိုက်သည်။ ထို့နောက် သူက လေပေါ်သို့ပျံတက်သွားကာ မြို့ရိုးကြီးများထံ ဦးတည်လိုက်သည်။
"ညီငါးကတော့ အမြဲတမ်း စိတ်မရှည်ဖြစ်နေတာပဲ"
ကျန်လေးယောက်က လူအသွင်ဖြင့်ပင် နောက်မှလိုက်ပါသွားကြသည်။
နံပတ်ငါးမြွေက ထွက်ပြေးနေသူတစ်ယောက်ထံ လိုက်မီသွားသည်။ ဖြည်းဖြည်းချင်းကြီးမားလာသော ခန္ဓာကိုယ်ကြီးက ကောင်းကင်ကိုပင် ဖုံးအုပ်သွားသဖြင့် ထွက်ပြေးနေသူများမှာ ပုရွက်ဆိတ်များသဖွယ် ကူကယ်ရာမဲ့နေခဲ့သည်။ သူက လူသားကိုခြောက်လှန့်ရခြင်းအပေါ် အကြိုက်တွေ့နေခဲ့သည်။
"ကြောက်စရာကောင်းလိုက်တဲ့ မြွေကြီး"
"ခန်းမသခင်ကို မြန်မြန်သတင်းပို့ကြစမ်း။ ရန်သူတွေ တိုက်ခိုက်လာတယ်"
နင်ချင်းယွင်က ကြယ်ခန်းမတပည့်များကို အမိန့်ပေးလိုက်သည်။ မြွေကြီးထံမှထွက်ပေါ်နေသော နတ်ဘုရင်အရှိန်အဝါကြောင့် သူ၏ခြေထောက်များ ပျော့ခွေလာသည်။ သို့သော်လည်း ကြယ်ခန်းမတွင် နတ်ဘုရင်များရှိကြောင်း ချက်ချင်းတွေးမိလိုက်သောကြောင့် သူက တည်ငြိမ်စွာဖြင့် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အသက်သွင်းစေသည်။
မြို့နေလူထုက ကြောက်လန့်နေကြပြီး ကလေးငယ်များက အော်ဟစ်ငိုယိုနေကြသည်။ ကောင်းကင်ကိုဖုံးအုပ်ထားသော ဧရာမမြွေကြီးကြောင့် သာမန်လူများက စိုးရိမ်ထိတ်လန့်နေကြလေသည်။